ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၀၉ စာ. ၄-၆
  • စိတ်ကျဝေဒနာကို ကုသနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ကျဝေဒနာကို ကုသနိုင်ပုံ
  • နိုးလော့!—၂၀၀၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထောက်အကူပြုသော ရွေးချယ်မှုတချို့
  • ဖြစ်တတ်သော အကြောင်းရင်းများ
  • ဆယ်ကျော်သက် စိတ်ကျဝေဒနာ—ဘာကြောင့် ဖြစ်ရသလဲ၊ ဘာက ကူညီပေးနိုင်သလဲ
    နိုးလော့!—၂၀၁၇
  • မီးတွင်း စိတ်ကျဝေဒနာကို—နားလည်သဘောပေါက်ခြင်း
    နိုးလော့!—၂၀၀၄
  • စိတ်ဝေဒနာကို ခါးစည်းခံခြင်း
    နိုးလော့!—၂၀၀၄
  • ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၉
န ၇/၀၉ စာ. ၄-၆

စိတ်ကျဝေဒနာကို ကုသနိုင်ပုံ

“ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ရောဂါကုသနည်းကို ရှာဖွေခဲ့ကြပြီး ဘဝပုံစံကိုလည်း ပြောင်းလဲလိုက်ကြတယ်၊ ပြီးတော့ ကျွန်မ နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်တဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုကို ကြိုးစားပြီး လုပ်ဆောင်ခဲ့တယ်။ ထိရောက်တဲ့ ရောဂါကုသနည်းတစ်ခုကို ကျွန်မတို့ ရှာတွေ့ခဲ့သလိုပဲ၊ ကျွန်မ ပိုနေလို့ကောင်းလာတယ်။ ဒါပေမဲ့ တခြားဘာမှ အကျိုးထူးပုံမရတဲ့အခါမျိုးမှာ ကျွန်မခင်ပွန်းနဲ့ မိတ်ဆွေတွေရဲ့ တည်မြဲတဲ့မေတ္တာက ကျွန်မကို လက်မလျှော့ဖို့ ကူညီပေးခဲ့တယ်” ဟု စိတ်ကျဝေဒနာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ရုသ်က ဆိုသည်။

ရုသ်၏တွေ့ ကြုံမှုက ဖော်ပြသည့်အတိုင်း ပြင်းထန်သော စိတ်ကျဝေဒနာကို ခံစားရသူတို့သည် သူတို့ရနိုင်သမျှ ကူညီထောက်မမှုနှင့် ကျန်းမာရေးပညာရှင်များထံမှ သင့်လျော်သော မည်သည့် ကုသမှုမျိုးကိုမဆို လိုအပ်ကြသည်။ စိတ်ကျဝေဒနာကို လျစ်လျူရှုထားခြင်းက အန္တရာယ်ရှိနိုင်သည်၊ အကြောင်းမှာ အခြေအနေတချို့တွင် မကုသဘဲထားလိုက်ပါက အသက်အန္တရာယ် ကျရောက်စေနိုင်၍ ဖြစ်၏။ လွန်ခဲ့သော အနှစ်နှစ်ထောင်ခန့်က ‘ဖျားနာသူတို့သည် သမားတော် လိုအပ်ကြ၏’ ဟု ယေရှုခရစ် မိန့်ဆိုခဲ့စဉ် ဆေးဘက်ဆိုင်ရာ အတွေ့အကြုံရှိသူတို့သည် လိုအပ်သော အကူအညီကို ပေးစွမ်းနိုင်ကြောင်း ကိုယ်တော် အသိအမှတ်ပြုခဲ့သည်။ (မာကု ၂:၁၇) အမှန်မှာ သမားတော်များသည် စိတ်ကျနေသူများစွာ၏ ဝေဒနာကို သက်သာလျော့ပါးစေနိုင်ကြ၍ ဖြစ်သည်။a

အထောက်အကူပြုသော ရွေးချယ်မှုတချို့

ရောဂါလက္ခဏာများနှင့် ပြင်းထန်မှုအပေါ်မူတည်၍ စိတ်ကျဝေဒနာအတွက် ကုသနည်း အတော်များများ ရှိပါသည်။ (“မည်သို့သော စိတ်ကျဝေဒနာမျိုးနည်း” လေးထောင့်ကွက်ကိုရှု) များစွာသောသူတို့သည် မိသားစုဆရာဝန်၏ အကူအညီကို ရယူနိုင်ကြသော်လည်း တချို့မှာ အထူးဂရုစိုက်ကုသမှု ပို၍လိုအပ်ကြသည်။ ဆရာဝန်သည် စိတ်ကျဝေဒနာ ထိန်းဆေးကို ညွှန်းမည် သို့မဟုတ် အခြားသော အကူအညီတစ်မျိုးမျိုးကို ထောက်ခံပေမည်။ အချို့သောသူတို့သည် ဘယဆေးများ သုံးစွဲခြင်း၊ အစားအသောက်ပုံစံ ပြောင်းလဲခြင်း သို့မဟုတ် ဆရာဝန်ညွှန်းသည့် ကာယလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ကြသည်။

ဖြစ်တတ်သော အကြောင်းရင်းများ

၁။ ဆေးပညာအကြောင်း အနည်းငယ်နားလည်သော သို့မဟုတ် လုံးဝနားမလည်သည့် စိတ်ရင်းကောင်းသော မိတ်ဆွေများက သင့်အား မည်သည့် ကုသနည်းကိုမူ လက်ခံပါ၊ မည်သည့် ကုသနည်းကိုမူ လက်မခံပါနှင့်ဟူ၍ ဆိုကောင်းဆိုကြပေမည်။ ထို့ ပြင် ဘယဆေး၊ ဆရာဝန်ညွှန်းသည့်ဆေးကို သင်သုံးစွဲသင့်မသင့် သို့မဟုတ် မည်သည့်ဆေးဝါးကိုမျှ မသုံးစွဲနှင့်ဟူသည့် ကိစ္စနှင့်ပတ်သက်၍ သူတို့သည် အခိုင်အမာ ထင်မြင်ချက် ပေးပေမည်။

ဆင်ခြင်သုံးသပ်ပါ– သင်လက်ခံရရှိသည့် မည်သည့် အကြံပေးချက်မဆိုသည် ယုံကြည်စိတ်ချရသော ရင်းမြစ်မှလာကြောင်း သေချာစေပါ။ အဆုံးတွင် အသိပညာနှင့်ယှဉ်၍ ရွေးချယ်ရမည့်သူမှာ သင်သာလျှင် ဖြစ်၏။

၂။ လူနာများသည် စိတ်ပျက်အားလျော့လာကာ ဆေးဆက်မကုတော့ဘဲ ရပ်ဆိုင်းလိုက်ပေမည်၊ အကြောင်းမှာ မိမိတို့သည် ပြန်ကောင်းလာသည်ဟု ထင်ပုံမရသောကြောင့် သို့မဟုတ် မနှစ်မြို့ဖွယ် ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်သည်။

ဆင်ခြင်သုံးသပ်ပါ– “တိုင်ပင်ခြင်းမရှိလျှင် အကြံပျက်တတ်၏။ တိုင်ပင်သောသူများလျှင်မူကား အကြံတည်တတ်၏။” (သု. ၁၅:၂၂) ဆရာဝန်နှင့်လူနာ ဆက်သွယ်ရေးကောင်း ရှိပါက ဆေးကုသနည်း အစီအစဉ်တစ်ခုသည် အောင်မြင်ဖို့အလားအလာ ပိုများသည်။ သင်၏ဆရာဝန်အား သင့်စိုးရိမ်ပူပန်မှုများကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါ သို့မဟုတ် သင့်ရောဂါလက္ခဏာများကို ပြောပြပါ၊ ယင်းနောက် ဆေးကုသနည်းကို ပြောင်းလဲဖို့ လိုမလို သို့မဟုတ် အကျိုးကျေးဇူးများကို သင်စတင်မခံစားရမီ ဆက်လက်ကုသဖို့ လိုမလို မေးမြန်းပါ။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်းက လူနာများအား ကျန်းမာလာသည်ဟု ခံစားရစေသဖြင့် သီတင်းပတ်အနည်းငယ် ကြာပြီးနောက် ဆေးဝါးကုသမှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်နိုင်ပါသည်။ ဆေးဝါးမမှီဝဲမီ မိမိတို့၏ရောဂါလက္ခဏာများသည် မည်မျှအားအင်ချည့်နဲ့စေခဲ့သည်ကို လူနာများ မေ့လျော့ကြပေမည်။

ဆင်ခြင်သုံးသပ်ပါ– ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးဝါးကုသမှုကို ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းက ဆိုးရွားသော အကျိုးဆက်များ ရရှိစေနိုင်ပြီး အသက်အန္တရာယ်ပင် ရှိစေနိုင်၏။

သမ္မာကျမ်းစာသည် ဆေးလမ်းညွှန်စာအုပ် မဟုတ်သော်လည်း ယင်း၏အာဘော်ရှင် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ဖြစ်တော်မူသည်။ စိတ်ကျဝေဒနာ ခံစားနေရသူများနှင့် ၎င်းတို့ကို ကြည့်ရှုပြုစုပေးနေသူများအတွက် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် နှစ်သိမ့်မှုနှင့် လမ်းညွှန်ချက်ကို နောက်ဆောင်းပါးတွင် ဆန်းစစ်ပါလိမ့်မည်။

a နိုးလော့!သည် မည်သည့်ကုသနည်း တစ်မျိုးမျိုးကိုမျှ မထောက်ခံပါ။ လူတစ်ဦးစီသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချမီ မိမိ၏စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်များကို အသေအချာ အကဲဖြတ်သင့်သည်။

မည်သို့သော စိတ်ကျဝေဒနာမျိုးနည်း

မည်သည့်ဆေးဝါးကုသမှုမဆို၏ ထိရောက်မှုသည် လူနာတွင်ရှိနေသော စိတ်ကျဝေဒနာ အမျိုးအစားပေါ် မူတည်ပါသည်။

  • ပြင်းထန်သော စိတ်ကျဝေဒနာတွင် ခြောက်လ သို့မဟုတ် ယင်းထက်ကြာရှည်စွာ ပြင်းထန်သည့် ရောဂါလက္ခဏာများရှိပြီး ယင်းကို မကုသပါက ဝေဒနာခံစားနေရသူ၏ ဘဝကဏ္ဍအများစုအပေါ် အကျိုးသက်ရောက်သည်။

  • စိတ်ကြွစိတ်ကျရောဂါ ခံစားနေရသူများသည် အချိန်အတော်ကြာ ဖြစ်ပေါ်တတ်သော စိတ်ကြွလွန်းခြင်းနှင့် စိတ်ကျလွန်းခြင်းစပ်ကြား အကြီးအကျယ် ပြောင်းလဲသွားစေသည့် စိတ်လှုပ်ရှားမှုပိုင်း အစွန်းရောက်မှုများကို ခံစားရပေမည်။—ဤမဂ္ဂဇင်း၏ ၂၀၀၄၊ ဩဂုတ် ၈ ရက်ထုတ် “စိတ်ဝေဒနာကို ခါးစည်းခံခြင်း” ဆောင်းပါးကို ကြည့်ပါ။

  • နာတာရှည် စိတ်ကျရောဂါသည် ပြင်းထန်သော စိတ်ကျဝေဒနာလောက် မချို့တဲ့သော်လည်း ဝေဒနာသည်အား ပုံမှန်လှုပ်ရှားဆောင်ရွက်ရန် ခက်ခဲစေသည့် စိတ်ကျလက္ခဏာများ ရှိသည်။ ဝေဒနာသည် တချို့သည် ပြင်းထန်သော စိတ်ကျဝေဒနာကိုလည်း ကြိုကြားကြိုကြား ခံစားရပေမည်။

  • မီးတွင်းစိတ်ကျဝေဒနာသည် အားယုတ်စေသော စိတ်လှုပ်ရှားမှုအခြေအနေတစ်ခုဖြစ်ပြီး မိခင်များစွာသည် မီးဖွားပြီးနောက် ယင်းသို့ ခံစားကြရ၏။—ဤမဂ္ဂဇင်း၏ ၂၀၀၄၊ မတ်လ ၈ ရက်ထုတ်ရှိ “မီးတွင်းစိတ်ကျဝေဒနာကို နားလည်သဘောပေါက်ခြင်း” ဆောင်းပါးကို ကြည့်ပါ။

  • ရာသီအလိုက်ဖြစ်တတ်သော စိတ်ကျရောဂါသည် ဆောင်းဦးနှင့် ဆောင်းရာသီအတွင်း နေရောင်ခြည်မရသည့်အတွက် ဖြစ်ဟန်တူ၏။ အများအားဖြင့် ယင်းသည် နွေဦးနှင့်နွေရာသီတွင် ပျောက်သွားတတ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ