ဝမ်းနည်းပူဆွေး နေသူတို့အတွက် အကူအညီ
‘ယေဟောဝါဘုရားသခင်သည် ကျိုးပဲ့သောစိတ်ရှိသောသူတို့၊ နှလုံးကြေကွဲသောသူတို့နှင့် နီးတော်မူ၏။’—ဆာလံ ၃၄:၁၈။
ချစ်ရသူတစ်ဦးကို ဆုံးရှုံးသွားတဲ့နောက် တုန်လှုပ်ခြောက်ခြားတာ၊ ခံစားချက်မဲ့တာ၊ ဝမ်းနည်းတာတို့လို မခံရပ်နိုင်လောက်တဲ့ခံစားချက်များစွာကို ကြုံရနိုင်တယ်။ အပြစ်ရှိတယ်လို့ခံစားရတာ၊ ဒေါသထွက်တာတွေတောင် ဖြစ်နိုင်တယ်။ ရှေ့ဆောင်းပါးမှာဖော်ပြခဲ့သလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းပုံချင်းမတူကြဘူး။ ဒါကြောင့် အဲဒီခံစားချက်အားလုံးကို သင်ခံစားရချင်မှခံစားရမှာဖြစ်ပြီး သင့်ဝမ်းနည်းပုံက တခြားသူတွေနဲ့တူချင်မှလည်းတူလိမ့်မယ်။ ဒါပေမဲ့ လိုအပ်လာရင် ဝမ်းနည်းမှုကိုဖော်ပြတာက မမှားပါ။
“ဝမ်းနည်းမှုကို မျိုသိပ်မထားပါနဲ့”
ရှေ့ဆောင်းပါးမှာဖော်ပြထားတဲ့ ဆရာဝန် ဟီလူးစီယာက သူ့မိခင်သေဆုံးသွားပြီးနောက် သူ့ခံစားချက်ကို မျိုသိပ်ထားဖို့ ကြိုးစားခဲ့တယ်။ သူဒီလိုပြောတယ် “ပထမတော့ ကျွန်မ ငိုခဲ့ပေမဲ့ နောက်တော့ လူနာတွေဆုံးတဲ့အခါလုပ်နေကျအတိုင်း ကျွန်မခံစားချက်ကို မျိုသိပ်ထားလိုက်တယ်။ အဲလိုမျိုသိပ်ထားလို့ထင်တယ်၊ ကျွန်မရဲ့ကျန်းမာရေး တော်တော်လေး ထိခိုက်လာတယ်။ ချစ်ရတဲ့သူကို ဆုံးရှုံးသွားသူတွေအတွက် ကျွန်မအကြံပေးချင်တာက– ဝမ်းနည်းမှုကို မျိုသိပ်မထားပါနဲ့။ ဖွင့်ထုတ်ပစ်လိုက်ပါ။ သက်သာလာပါလိမ့်မယ်။”
ဒါပေမဲ့ နေ့တွေလတွေကြာလာတာနဲ့အမျှ စီစီးလျာလို သင်လည်းခံစားမိပါလိမ့်မယ်။ ခင်ပွန်းသည် ကင်ဆာရောဂါကြောင့်ဆုံးသွားပြီးနောက် စီစီးလျာ ဒီလိုပြောတယ်– “အခုလောက်ဆို ပုံမှန်ပြန်ဖြစ်သင့်ပြီလို့ တချို့မျှော်လင့်သလို ကျွန်မဘက်က ပြန်ဖြစ်ပုံမရသေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိတယ်။”
သင်လည်း အဲဒီလိုခံစားမိမယ်ဆိုရင် “နည်းမှန်လမ်းကျ” ဝမ်းနည်းပုံရယ်လို့ မရှိဘူးဆိုတာအမှတ်ရပါ။ တချို့တွေက ဆွေမျိုးတွေရဲ့အကူအညီနဲ့ လွယ်လွယ်ကူကူ ရှေ့ဆက်နိုင်ကြတယ်။ တချို့တွေကျတော့ အဲဒီလိုမလုပ်နိုင်ဘူး။ အဲဒီအခါမျိုးမှာ ခံစားချက်ကို မြန်မြန်ဆန်ဆန်ကုစားလို့မရတဲ့အတွက် ပုံမှန်ပြန်ဖြစ်လာရမယ့် “သတ်မှတ်ရက်” မျိုးမထားပါနဲ့။a
သင့်ဝမ်းနည်းပူဆွေးမှုက အတောမသတ်နိုင်ပုံရပြီး ပင်ပန်းနွမ်းလျလာတယ် ဆိုရင်ကော။ သင့်အခြေအနေက ဖြောင့်မတ်သူယာကုပ်နဲ့ တူကောင်းတူပါလိမ့်မယ်။ သူ့သားယောသပ်သေဆုံးသွားပြီလို့ သိလိုက်ရချိန်မှာ “သူသည် နှစ်သိမ့်စေသောစကားကို နားမထောင်” ခဲ့ပါ။ (ကမ္ဘာဦး ၃၇:၃၅) သင့်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာရှိနေရင် ဝမ်းနည်းပူဆွေးမှုက လွှမ်းမိုးမသွားအောင် လက်တွေ့ကျတဲ့ဘယ်အချက်တွေကို လုပ်ဆောင်နိုင်မလဲ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ “ကျွန်မ အရမ်းမောပန်းနေလေ့ရှိပြီး ခံနိုင်တာထက် ပိုနေပြီဆိုတာ ကျွန်မသိတယ်” လို့ စီစီးလျာကပြောတယ်။ သူပြောတဲ့အတိုင်း ဝမ်းနည်းမှုက စိတ်ပိုင်းရော ကာယပိုင်းမှာပါ ပြင်းထန်စွာထိခိုက်နာကျင်စေနိုင်တယ်။ ဒါကြောင့် သင့်ကာယကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့လိုတယ်။ လုံလောက်စွာအနားယူပြီး အာဟာရရှိတဲ့အစာတွေကို စားပါ။
စားချင်စိတ် သိပ်ရှိမှာမဟုတ်ဘူးဆိုတာ အမှန်ပဲ။ စျေးဝယ်ဖို့၊ ချက်ပြုတ်ဖို့ဆိုရင် ပိုလို့တောင် လုပ်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ အာဟာရရှိတဲ့အစာမစားဘူးဆိုရင် ရောဂါကူးစက်ခံရနိုင်ပြီး ဖျားနာလွယ်ကာ သင့်ဝမ်းနည်းပူဆွေးမှုကို ပိုဆိုးစေရုံသာရှိမယ်။ ဆက်ပြီး ကျန်းမာရေးကောင်းနေဖို့ နည်းနည်းလေးဖြစ်ဖြစ် စားပေးပါ။b
ဖြစ်နိုင်မယ်ဆိုရင် လမ်းလျှောက်တာလေးပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ အိမ်တွင်းအောင်းနေမယ့်အစား အိမ်အပြင်ထွက်ပြီးတစ်ခုခုလုပ်ပါ။ ဒါ့အပြင် သင့်တော်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ထဲက ဓာတုပစ္စည်းတစ်ခုဖြစ်တဲ့ အင်ဒေါဖင်းထွက်လာစေပြီး ဒါက သင့်ကို နေသာထိုင်သာရှိစေနိုင်တယ်။
အခြားသူများထံမှအကူအညီကို လက်ခံပါ။ ဒီလိုအကူအညီက အိမ်ထောင်ဖက်တစ်ဦးဆုံးပါးသွားတဲ့အခါ အထူးသဖြင့် အရေးကြီးတယ်။ ဆုံးပါးသွားတဲ့ အိမ်ထောင်ဖက်လုပ်ခဲ့တဲ့အလုပ်တွေအများကြီးရှိနိုင်ပြီး အခုတော့ ဒါတွေကို လုပ်မယ့်သူမရှိတော့ဘူး။ ဥပမာ၊ သင့်အိမ်ထောင်ဖက်က ငွေကြေး (သို့) အိမ်မှုကိစ္စတွေလုပ်ဆောင်ခဲ့တယ်ဆိုရင် သူ့နေရာကို သင်ဝင်လုပ်တဲ့အခါ ပထမတော့ ခက်နိုင်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ လိမ္မာပါးနပ်မှုရှိတဲ့ မိတ်ဆွေတွေရဲ့အကြံဉာဏ်က သင့်အတွက် အကူအညီများစွာဖြစ်စေနိုင်တယ်။—သု. ၂၅:၁၁။
မိတ်ဆွေစစ်တစ်ဦးက “ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ” ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (သု. ၁၇:၁၇) ဒါကြောင့် တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူးဆိုတဲ့အတွေးမျိုးနဲ့ တစ်ယောက်တည်းနေတာမျိုး မဖြစ်ပါစေနဲ့။ ဝမ်းနည်းပူဆွေးရာကနေ အဖြစ်မှန်ကိုလက်ခံနားလည်လာခြင်းနှစ်ခုကို ပေါင်းကူးပေးတဲ့တံတားက တခြားသူတွေနဲ့ပေါင်းသင်းခြင်းဖြစ်တယ်။ အမေသေဆုံးသွားပြီးနောက် တခြားသူတွေနဲ့ပေါင်းသင်းခြင်းက အရမ်းအားရှိစေကြောင်း မိန်းမငယ်တစ်ဦးဖြစ်သူ စဲလီ တွေ့ရှိခဲ့တယ်။ သူဒီလိုပြောတယ်– “ကျွန်မသူငယ်ချင်းအများစုက လူမှုရေးပေါင်းသင်းမှုတွေမှာ ကျွန်မကိုပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါက ကျွန်မခံစားနေရတဲ့ အသည်းခိုက်လောက်အောင်အထီးကျန်ဖြစ်နေမှုကို ကျော်လွှားဖို့ တကယ်ပဲ အကူအညီဖြစ်စေတယ်။ လူတွေက ‘အမေမရှိတော့တဲ့နောက် နေရထိုင်ရတာ အဆင်ပြေရဲ့လား’ ဆိုပြီး ရိုးရိုးလေးမေးလာတာကို ကျွန်မအရမ်းကျေးဇူးတင်တယ်။ အမေ့အကြောင်းပြောရတာ ကျွန်မအတွက် သက်သက်မှုရစေတယ်။”
ပြန်တွေးကြည့်ပါ။ ဓာတ်ပုံကြည့်ပြီးပဲဖြစ်ဖြစ် သင်ချစ်ရသူနဲ့ အတူရှိခဲ့တဲ့ ပျော်ရွှင်ဖွယ် ရှေးဟောင်းနှောင်းဖြစ်လေးတွေကို ပြန်တွေးပါ။ မှန်ပါတယ်၊ ဒါတွေကို ပြန်တွေးခြင်းက ပထမတော့ စိတ်ထိခိုက်စရာဖြစ်နိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ အဲဒီအမှတ်ရစရာလေးတွေက သင့်ကို နာကျင်စေမယ့်အစား ကုစားပေးနိုင်တယ်။
နေ့စဉ်မှတ်တမ်းတွေရေးဖို့တောင် သင်ကြိုးစားနိုင်တယ်။ ကြည်နူးဖွယ်အမှတ်ရစရာအချိန်လေးတွေအကြောင်း၊ သူသာရှိသေးရင် သင်ပြောလိုတဲ့အကြောင်းတွေကိုလည်း ရေးထားနိုင်တယ်။ သင်ချရေးထားတာတွေကို ပြန်ဖတ်ရချိန်မှာ သင့်ခံစားချက်ကို သင် ပိုပြီးနားလည်လာနိုင်တယ်။ ချရေးခြင်းက သင့်ခံစားချက်တွေကို ထွက်ပေါက်ပေးတဲ့နည်းလမ်းကောင်းလည်းဖြစ်တယ်။
အမှတ်တရပစ္စည်းတွေသိမ်းထားရင် ကောင်းမလား။ တစ်ဦးနဲ့တစ်ဦး ဝမ်းနည်းပုံချင်းမတူတဲ့အတွက် ဒီကိစ္စမှာလည်း ရှုမြင်ပုံချင်းကွဲပြားတာက သဘာဝပဲ။ တချို့တွေအတွက် အမှတ်တရပစ္စည်းတွေကို သိမ်းထားတာက ပုံမှန်ပြန်ဖြစ်စေရာမှာ အဟန့်အတားဖြစ်တယ်လို့ ခံစားရတယ်။ တချို့တွေကျတော့ အကူအညီဖြစ်စေကြောင်း တွေ့ခဲ့ကြတယ်။ “ကျွန်မအမေပိုင်တဲ့ပစ္စည်းတွေအများကြီးကို သိမ်းထားတယ်။ ဒါက ပူဆွေးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်စေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တယ်” လို့ ရှေ့ပိုင်းမှာ ဖော်ပြခဲ့တဲ့ စဲလီက ဆိုတယ်။c
“နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ကို အားကိုးပါ။ ‘ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားလော့။ သင့်ကိုမစတော်မူမည်’ လို့ကျမ်းစာကပြောတယ်။ (ဆာလံ ၅၅:၂၂) ဘုရားသခင်ထံဆုတောင်းခြင်းက သက်သာလာစေတဲ့ နည်းလမ်းတစ်ခုလောက်ပဲမဟုတ်ပါ။ ဆုတောင်းတယ်ဆိုတာ ဘယ်ဆင်းရဲဒုက္ခမျိုးမဆိုမှာ ကျွန်တော်တို့ကို နှစ်သိမ့်ပေးတဲ့ နှစ်သိမ့်ခြင်းရှိသမျှတို့ရဲ့ဘုရားသခင်နဲ့ အမှန်တကယ်ဆက်သွယ်ပြောဆိုခြင်းဖြစ်ပြီး အရေးကြီးတဲ့အရာဖြစ်တယ်။—၂ ကောရိန္သု ၁:၃၊ ၄။
ဘုရားသခင့်တရားစကားတော်ကျမ်းစာက နှစ်သိမ့်ပေးတဲ့နေရာမှာ အကောင်းဆုံးဖြစ်တယ်။ ခရစ်ယာန်တမန်တော်ပေါလုက ဒီလိုပြောခဲ့တယ်– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟူ၍ . . . ကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” (တမန်တော် ၂၄:၁၅) ကျမ်းစာအခြေပြု ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို စဉ်းစားခြင်းက ချစ်ရသူတစ်ဦးဆုံးရှုံးသွားလို့ ဝမ်းနည်းပူဆွေးနေချိန်မှာ အကောင်းဆုံးနှစ်သိမ့်မှုဖြစ်စေနိုင်တယ်။d မတော်တဆတစ်ခုမှာ ဆယ်ကျော်သက်အရွယ်မောင်လေးကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတစ်ဦးဖြစ်သူ လော်ရန်ရဲ့အဖြစ်မှာ ဒီအချက်မှန်ကန်ပါတယ်။ “ဘယ်လောက်ပဲနာကျင်ခံစားရပါစေ ကျမ်းစာကိုကောက်ကိုင်ပြီး အခန်းငယ်တစ်ချက်ပဲဖြစ်ဖြစ် ဖတ်လိုက်တယ်။ ကျွန်မကို အထူးအားပေးမှုဖြစ်စေတဲ့ အခန်းငယ်တွေကို အခေါက်ခေါက်အခါခါပြန်ဖတ်တယ်။ ဥပမာအနေနဲ့၊ လာဇရုသေပြီးနောက် ယေရှုက မာသကိုပြောတဲ့ ‘သင်၏မောင်သည် ထမြောက်လိမ့်မည်’ ဆိုတဲ့စကားကနေ နှစ်သိမ့်မှုရတယ်” လို့သူပြောတယ်။—ယောဟန် ၁၁:၂၃။
“ဝမ်းနည်းပူဆွေးမှုရဲ့ လွှမ်းမိုးချုပ်ကိုင်မှု မခံပါနဲ့”
ဝမ်းနည်းမှုကို ကုစားတဲ့အချိန်မှာ အခက်အခဲရှိနိုင်ပေမဲ့ ဒါက သင့်ဘဝရှေ့ဆက်ရာမှာ ထောက်ကူပေးပါလိမ့်မယ်။ ဒီလိုရှေ့ဆက်တာက ကိုယ့်ချစ်ရသူကိုသစ္စာဖောက်တာ၊ သူ့ကိုမေ့ပစ်လိုက်တာဖြစ်တယ်လို့ ယူမှတ်ပြီး အပြစ်ရှိတယ်လို့ မခံစားရပါနဲ့။ တကယ်တော့ သင့်ချစ်ရသူကို သင် ဘယ်တော့မှ မေ့သွားမှာမဟုတ်ပါဘူး။ အမှတ်ရစရာလေးတွေက ပြန်ပေါ်လာမှာပါ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဝမ်းနည်းပူဆွေးတဲ့လက္ခဏာတွေ လျော့နည်းသွားပါလိမ့်မယ်။
ကြည်နူးဖွယ်၊ ဝမ်းနည်းဖွယ်ရောနေတဲ့ ရှေးဟောင်းနှောင်းဖြစ်လေးတွေကိုလည်း အမြတ်တနိုးပြန်တွေးကြည့်နိုင်တယ်။ ဥပမာ၊ ရှေ့ဆောင်းပါးမှာဖော်ပြခဲ့တဲ့ အက်ရှ်လေက ဒီလိုပြောတယ်– “ကျွန်မအမေ မဆုံးခင်တစ်ရက်ကို သတိရမိတယ်။ အမေ နည်းနည်းနေပြန်ကောင်းလာပုံပဲ၊ အိပ်ရာထဲ အတော်ကြာလဲနေရာကနေ ဦးဆုံးအကြိမ်အဖြစ်ပြန်ထလာတယ်။ အစ်မက အမေ့ကိုခေါင်းဖြီးပေးနေချိန်မှာ ကျွန်မတို့သုံးယောက်သား ရယ်လိုက်ကျသေးတယ်၊ အဲဒီအချိန်မှာ မမြင်ရတာကြာပြီဖြစ်တဲ့ အမေ့ရဲ့အပြုံးကို တွေ့လိုက်ရတယ်။ သူ့သမီးတွေနဲ့ အတူရှိနေရတာလေးကို အမေသိပ်ကျေနပ်နေတဲ့ပုံပဲ။”
သင်ချစ်ရသူနဲ့အတူရှိနေချိန်မှာ ရခဲ့တဲ့တန်ဖိုးရှိသင်ခန်းစာတွေကိုလည်း ပြန်ပြောင်းစဉ်းစားကြည့်နိုင်တယ်။ ဥပမာ၊ စဲလီ ဒီလိုပြောတယ်– “အမေက တကယ့်ကိုအံ့သြဖို့ကောင်းတဲ့ ဆရာတစ်ယောက်ပဲ။ အတင်းအကျပ်လက်ခံခိုင်းတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ အရမ်းကောင်းတဲ့အကြံဉာဏ်တွေပေးခဲ့တယ်။ အဖေ၊ အမေပြောလို့မဟုတ်ဘဲ ကျွန်မကိုယ်တိုင် မှန်ကန်တဲ့ဆုံးဖြတ်ချက် ဘယ်လိုချနိုင်သလဲဆိုတာ သင်ပေးခဲ့တယ်။”
သင်ချစ်ရသူနဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေက ဘဝခရီးလမ်းမှာ ရှေ့ဆက်ဖို့ လိုအပ်တဲ့အထောက်အကူဖြစ်နိုင်တယ်။ အဲဒီအချက်မှန်ကန်ကြောင်း လူငယ်တစ်ဦးဖြစ်သူ အဲလက်စ်တွေ့ရှိခဲ့တယ်။ သူဒီလိုပြောတယ်– “ဘဝမှာပျော်ပျော်နေဖို့ ဘယ်တော့မှမမေ့ပါနဲ့လို့ အဖေသင်ပေးခဲ့တယ်။ အဖေဆုံးပြီးတဲ့နောက်မှာ သူသင်ပေးတဲ့အတိုင်းနေထိုင်သွားဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်။ မိဘတစ်ဦးဆုံးရှုံးသွားသူတွေကို ကျွန်တော်ဒီလိုပြောချင်ပါတယ်– သင့်မိဘရဲ့သေဆုံးခြင်းကို ပြီးပြီးပျောက်ပျောက် မေ့ပစ်လိုက်နိုင်မှာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဝမ်းနည်းပူဆွေးမှုရဲ့ လွှမ်းမိုးချုပ်ကိုင်မှု မခံပါနဲ့။ ကြေကွဲပြီး ဝမ်းနည်းပူဆွေးရတဲ့အခါတွေ ရှိမှာအမှန်ပါပဲ၊ ဒါပေမဲ့ သင့် ရှေ့လျှောက်ဘဝခရီးလမ်းမှာ ရှင်သန်ရပ်တည်နေရဦးမယ်ဆိုတာ မမေ့လိုက်ပါနဲ့။”
[အောက်ခြေမှတ်ချက်များ]
a ဒီလိုအခြေအနေမျိုးမှာ အိမ်ပြောင်းခြင်း၊ နောက်အိမ်ထောင်ပြုခြင်းလို ကိစ္စတွေကို အလျင်စလို မဆုံးဖြတ်သင့်ပါ။ အခြေအနေသစ်မှာ နေသားကျဖို့ အချိန်အလုံအလောက်ရပြီးမှသာ ဒီလိုပြောင်းလဲမှုတွေလုပ်သင့်တယ်။
b အရက်ယမကာက ဝမ်းနည်းပူဆွေးမှုကို သက်သာစေနိုင်ပေမဲ့ ခဏပါပဲ။ ကြာရှည်မှာတော့ ဝမ်းနည်းမှုကို မသက်သာစေတဲ့အပြင် အရက်စွဲသွားနိုင်တယ်။
c ဝမ်းနည်းပူဆွေးပုံချင်း မတူကြတဲ့အတွက် အမှတ်တရပစ္စည်းသိမ်းထားခြင်းနဲ့ပတ်သက်ပြီး မိတ်ဆွေတွေ၊ ဆွေမျိုးတွေအနေနဲ့ သူတို့ရဲ့အမြင်ကို ဝမ်းနည်းပူဆွေးနေသူလက်ခံလာအောင် အတင်းအကျပ် မလုပ်သင့်ပါ။—ဂလာတိ ၆:၂၊ ၅။
d သေလွန်သူတွေရဲ့အခြေအနေ၊ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဘုရားသခင့်ကတိတော်နဲ့ပတ်သက်ပြီး ယေဟောဝါသက်သေများထုတ်ဝေတဲ့ သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၆ နဲ့ ၇ ကိုကြည့်ပါ။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
“ဘယ်လောက်ပဲနာကျင်ခံစားရပါစေ ကျမ်းစာကိုကောက်ကိုင်ပြီး အခန်းငယ် တစ်ချက်ပဲဖြစ်ဖြစ် ဖတ်လိုက်တယ်”—လော်ရန်
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းခြင်း
သင့်ပေါ့ဆမှုတချို့ကြောင့် ချစ်ရသူသေဆုံးရတယ်လို့ သင်ယူဆကောင်းယူဆမယ်။ တကယ်မှန်တာပဲဖြစ်ဖြစ်၊ စိတ်အထင်ပဲဖြစ်ဖြစ် အပြစ်ရှိတယ်လို့ခံစားရခြင်းက သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပူဆွေးဝမ်းနည်းခြင်းတစ်မျိုးဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ထားမယ်ဆိုရင် များစွာထောက်ကူပါလိမ့်မယ်။ အဲဒီလိုခံစားချက်တွေကို စိတ်ထဲမှာမျိုသိပ်ထားစရာမလိုပါ။ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ဖွင့်ပြောလိုက်ခြင်းက များစွာစိတ်သက်သာရာရစေမယ်။
လူတစ်ဦးကို ကျွန်တော်တို့ ဘယ်လောက်ပဲချစ်ပါစေ သူ့အသက်တာကို ကျွန်တော်တို့မထိန်းချုပ်နိုင်သလို ချစ်ခင်မြတ်နိုးရသူတွေအပေါ် “အချိန်နဲ့ ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” မဖြစ်အောင်လည်း ကျွန်တော်တို့ မတားဆီးနိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ဖို့လိုတယ်။ (ဒေ. ၉:၁၁၊ ကဘ) ဒီပြင်၊ သင့်မှာ မကောင်းတဲ့စိတ်ထားမရှိဘူးဆိုတာ သံသယရှိစရာမလိုပါ။ ဥပမာ၊ သင်ချစ်ခင်မြတ်နိုးရသူကို ဆရာဝန်ထံပြသဖို့ စောစောခေါ်မသွားမိတာက သူ့ကိုဖျားနာပြီးသေစေလိုတဲ့ ရည်ရွယ်ချက်ကြောင့်လား။ လုံးဝမဟုတ်ပါ။ ဒါဆိုရင် သူသေဆုံးရခြင်းအတွက် သင့်မှာတကယ်အပြစ်ရှိပါသလား။ မရှိပါ။
မိခင်တစ်ဦးဟာ ယာဉ်တိုက်မှုနဲ့ သမီးဖြစ်သူသေဆုံးပြီးနောက် အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းတတ်လာတယ်။ သူ ဒီလိုရှင်းပြတယ်– “သမီးကိုအပြင်သွားခိုင်းမိတဲ့အတွက် ကျွန်မကိုယ်ကျွန်မ အပြစ်မကင်းဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ အဲဒီလိုခံစားတာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်မသဘောပေါက်လာတယ်။ သမီးကိုသူ့အဖေနဲ့ အလုပ်ခိုင်းလိုက်တာဟာ ဘာမှအပြစ်မရှိပါဘူး။ ကြောက်စရာကောင်းတဲ့ မတော်တဆ ထိခိုက်မှုသာဖြစ်ပါတယ်။”
‘ဒါပေမဲ့ ငါ ဒီလိုပြောခဲ့ရင်၊ ဒီလိုလုပ်ခဲ့ရင် ကောင်းသား’ ဆိုပြီး သင်ပြောကောင်းပြောပါလိမ့်မယ်။ မှန်ပါတယ်၊ ကိုယ်ဟာ ခြောက်ပစ်ကင်းတဲ့ ဖခင်၊ မိခင် ဒါမှမဟုတ် သားသမီးဖြစ်တယ်လို့ ကျွန်တော်တို့ထဲက ဘယ်သူပြောနိုင်သလဲ။ သမ္မာကျမ်းစာက ဒီလိုသတိပေးထားတယ်– ‘ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိလျှင် ထိုသူသည် စုံလင်သောသူဖြစ်၏။’ (ယာကုပ် ၃:၂; ရောမ ၅:၁၂) ဒါကြောင့် ကိုယ်ဟာ စုံလင်သူမဟုတ်ဆိုတဲ့ အမှန်တရားကိုလက်ခံပါ။ တကယ်တမ်းဆိုရလျှင် “အကယ်၍သာ ဒီလိုလုပ်ခဲ့ရင်၊ ဟိုလိုလုပ်ခဲ့ရင်” ဆိုပြီး တစ်တွေးတည်းတွေးနေခြင်းဖြင့် အခြေအနေကိုပြောင်းလဲစေနိုင်မှာမဟုတ်တဲ့အပြင် ပြန်လည်နာလန်ထူရာမှာလည်း အဟန့်အတားတောင်ဖြစ်စေနိုင်တယ်။e
[အောက်ခြေမှတ်ချက်]
e ဒီလေးထောင့်ကွက်ထဲကစကားတွေဟာ ယေဟောဝါသက်သေများ ထုတ်ဝေတဲ့ သင်ချစ်မြတ်နိုးရသူတစ်ဦး သေလွန်သောအခါ ဆိုတဲ့ ဘရိုရှာမှ ဖြစ်ပါတယ်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဝမ်းနည်းပူဆွေးနေတဲ့မိဘက ပူဆွေးကျန်ရစ်တဲ့အရွယ်ရောက်သားသမီးကို နှစ်သိမ့်ပေးရမယ့်အခါတွေရှိ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နေ့စဉ်မှတ်တမ်းထားတာ၊ ဓာတ်ပုံကြည့်တာ၊ အကူအညီကို လက်ခံတာက ချစ်ရသူတစ်ဦးဆုံးရှုံးတာကို ရင်ဆိုင်ဖြေရှင်း နိုင်တဲ့နည်းများဖြစ်