ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၂ စာ. ၁၁-၁၈
  • ယောက်ျားပီသတယ်ဆိုတာ ဘာကိုပြောတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောက်ျားပီသတယ်ဆိုတာ ဘာကိုပြောတာလဲ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သင်၏တိုးပွားမှုကိုထင်ရှားစေခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီး နေနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သူငယ်ချင်းလား၊ သူငယ်ချင်းထက် ပိုနေလား အပိုင်း ၂
    နိုးလော့!—၂၀၁၂
  • ငါ့ရဲ့ယုံကြည်ချက်အကြောင်း ပြောဖို့ ငါ ဘာကြောင့် ကြောက်နေတာလဲ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၂/၁၂ စာ. ၁၁-၁၈

လူငယ်များအမေး

ယောက်ျားပီသတယ်ဆိုတာ ဘာကိုပြောတာလဲ

“ကျွန်တော် သုံးနှစ်အရွယ်မှာ အဖေဆုံးသွားတယ်။ အဖေနဲ့နေရတဲ့ ကလေးတွေကို တစ်ခါတလေ ကျွန်တော် မနာလိုဖြစ်မိတယ်။ သူတို့ကိုကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှု အပြည့်ရှိနေသလိုပဲ။”—အဲလက်စ်။a

“အဖေက ရှိတယ်ဆိုရုံလေးပဲ။ ယောက်ျားပီသဖို့ ကိုယ့်ဘာသာကိုယ် သင်ယူရတယ်။”—ဂျော်နသန်။

သင်ကော သူတို့လို ခံစားဖူးသလား။ အခြေအနေတစ်ခုခုကြောင့် ယောက်ျားပီသတယ်ဆိုတာ ဘာမှန်းမသိလိုက်မှာကို သင် စိုးရိမ်နေပါသလား။ စိတ်ဓာတ်မကျပါနဲ့။

အများကြုံနေကျ ပြဿနာနှစ်ခုကို ဘယ်လိုကျော်လွှားနိုင်သလဲဆိုတာ သုံးသပ်ကြည့်ပါ။

ပြဿနာ ၁– ယောက်ျားပီသခြင်းနဲ့ပတ်သက်တဲ့ အယူအဆအလွဲများ

လူတချို့ပြောဆိုရာ–

  • ယောက်ျားပီသရင် စိတ်မာကြောရမယ်၊ ဘယ်တော့မှ မျက်ရည်မကျရဘူး။

  • ယောက်ျားပီသရင် ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး။

  • ယောက်ျားတွေက မိန်းမထက် ပိုသာတယ်။

နောက်တစ်နည်း ကြည့်ရအောင်– ယောက်ျားပီသတယ်၊ မပီသဘူးဆိုတာကို မိန်းမနဲ့နှိုင်းယှဉ်ဖို့မဟုတ်ဘဲ ကလေးဘဝနဲ့ နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်တယ်။ သင်ဟာ ကလေးတစ်ယောက်ရဲ့ အမူအကျင့်တွေကို စွန့်လွှတ်လာတာနဲ့အမျှ ယောက်ျားပီသလာတယ်။ ကျမ်းရေးသူ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “ငါသည် သူငယ်ဖြစ်စဉ်အခါ သူငယ်ကဲ့သို့ ပြောဆိုတတ်၏။ သူငယ်ကဲ့သို့ တွေးတောတတ်၏။ သူငယ်ကဲ့သို့ စဉ်းစားဆင်ခြင်တတ်၏။ ယခု လူလားမြောက်သောအခါ၌မူကား သူငယ်၏စရိုက်များကို ငါဖျောက်ပစ်၏။” (၁ ကောရိန္သု ၁၃:၁၁) တခြားတစ်နည်းပြောရရင် ကလေးဆန်တဲ့ အတွေးတွေ၊ စကားတွေ၊ အမူအကျင့်တွေကို ရင့်ကျက်တဲ့ အတွေးတွေ၊ စကားတွေ၊ အမူအကျင့်တွေနဲ့ ပိုအစားထိုးလာတဲ့အခါ သင်ဟာ ပိုပြီးယောက်ျားပီသ လာမှာဖြစ်တယ်။b

ဒီလိုလုပ်ကြည့်ပါ– စာရွက်တစ်ရွက်မှာ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို ချရေးပါ–

  1. သူငယ်ရဲ့ ဘယ် “စရိုက်” တွေကို ငါဖျောက်ပစ်ခဲ့ပြီလဲ။

  2. ဘယ်ကဏ္ဍတွေမှာ တိုးတက်ဖို့လိုနေသေးသလဲ။

အကြံပြုချက်– လုကာ ၇:၃၆-၅၀ ကိုဖတ်ပါ။ ယေရှုက (၁) အမှန်တရားဘက် ရပ်တည်ခြင်း၊ (၂) အမျိုးသမီးတွေအပါအဝင် တခြားသူတွေကို လေးလေးစားစား ဆက်ဆံခြင်းအားဖြင့် ယောက်ျားပီသကြောင်း ပြခဲ့ပုံကိုကြည့်ပါ။

“ကျွန်တော့်သူငယ်ချင်း ကဲန် ကို အားကျတယ်။ သူက ကာယပိုင်း၊ စိတ်ပိုင်း ကြံ့ခိုင်တယ်၊ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးလည်းရှိတယ်။ အဲဒီအပြင် ကြင်နာတတ်သူလည်းဖြစ်တယ်။ ယောက်ျားပီသသူဟာ သူများကိုနှိမ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်တာမျိုး မလုပ်ဘူးဆိုတာ သူ့ဆီကနေ သိခဲ့ရတယ်။”—ဂျော်နသန်။

ပြဿနာ ၂– အတုယူထိုက်တဲ့ ဖခင်ကောင်းမရှိခြင်း

လူတချို့ပြောဆိုရာ–

  • အဖေနဲ့ တရင်းတနှီးမရှိရင် ယောက်ျားပီသခြင်းဆိုတဲ့အဓိပ္ပာယ်ကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။

  • သင့်ဖခင်ရဲ့ ပုံနမူနာက မကောင်းဘူးဆိုရင် သင်လည်း အဲဒီပုံပဲထွက်မှာပဲ။

နောက်တစ်နည်း ကြည့်ရအောင်– ကလေးဘဝက အကြောင်းမလှတာနဲ့ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ မဟုတ်ပါဘူး။ အဲဒီအခြေအနေကနေ လွတ်မြောက်နိုင်ပါတယ်။ (၂ ကောရိန္သု ၁၀:၄) “အားယူလော့။ ယောက်ျား၏ဂုဏ်သတ္တိရှိလော့” ဆိုတဲ့ ဘုရင်ဒါဝိဒ်ရဲ့ လမ်းညွှန်ချက်ကို သင်လိုက်နာနိုင်ပါတယ်။—၃ ရာ. ၂:၂။

အဖေမရှိဘဲ ဒါမှမဟုတ် အဖေရဲ့ ဂရုစိုက်မှုမခံရဘဲ ကြီးလာရတဲ့ဘဝက မလွယ်ဘူးဆိုတာ မှန်ပါတယ်။ “အဖေမရှိတာက ဘဝမှာ ကြီးမားတဲ့နစ်နာဆုံးရှုံးမှုကြီးပဲ” လို့ အရှေ့မှာ ကိုးကားထားတဲ့ အဲလက်စ်ကပြောတယ်။ “အခု ကျွန်တော့်အသက် ၂၅ နှစ်ရှိပြီ။ ဆယ်ကျော်သက်မှာ သိသင့်သိထိုက်တဲ့အရာတွေကို အခုထိ သင်ယူနေရတုန်းပဲ။” သင်လည်း အဲလက်စ်လို ခံစားနေရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

ဒီလိုလုပ်ကြည့်ပါ– သင့်ကို ထောက်ကူပေးနိုင်သူ၊ ယောက်ျားပီသခြင်းမှာ အတုယူထိုက်သူတစ်ယောက်ကို ရှာပါ။c ဘယ်အရည်အသွေးတွေက ယောက်ျားပီသဖို့ အရေးအကြီးဆုံးလဲဆိုတာ သူ့ကိုမေးကြည့်ပါ။ အဲဒီအရည်အသွေးတွေကို သင်ဘယ်လို မွေးယူနိုင်သလဲဆိုတာကိုလည်း မေးကြည့်ပါ။—သု. ၁:၅။

အကြံပြုချက်– သုတ္တံ အခန်းကြီး ၁-၉ ကိုဖတ်ပါ။ လူငယ်တစ်ယောက်ကို ဉာဏ်ပညာရှိပြီး ဘုရားသခင်နဲ့ရင်းနှီးသူတစ်ယောက် ဖြစ်လာစေတဲ့ ဖခင်တစ်ယောက်လို အကြံပေးထားချက်တွေကို သတိပြုကြည့်ပါ။

“ကျွန်တော့်ဘဝကို ကျေနပ်ပါတယ်။ အဖေသာ ကျွန်တော့်ကို ဒီထက်ပိုကူညီပေးနိုင်ခဲ့ရင် ကောင်းမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် စိတ်ဓာတ်မကျပါဘူး။ ကျွန်တော် အောင်မြင်မယ်လို့ ယုံကြည်တယ်။”—ဂျော်နသန်။

၂၀၁၃ ဇန်နဝါရီလကစပြီး နိုးလော့! မှာပါတဲ့ “လူငယ်များအမေး” ဆောင်းပါးကို

a ဒီဆောင်းပါးမှာ နာမည်တချို့ကို ပြောင်းထားပါတယ်။

b “ကလေးနဲ့ ယောက်ျားပီသသူရဲ့ ကွာခြားချက်” လေးထောင့်ကွက်ကို ကြည့်ပါ။

c အသင်းတော်က အကြီးအကဲတွေဟာ အတုယူထိုက်တဲ့သူတွေ ဖြစ်နိုင်တယ်။

အီယန်—ယောက်ျားပီသတယ်ဆိုတာ ရုပ်ဖြောင့် ဗလတောင့်ရုံလောက်ပဲ မဟုတ်ဘူး။ အလုပ်ကြိုးစားချင်စိတ် ရှိရမယ်၊ ခံစားချက်ကို ထိန်းနိုင်ရမယ်၊ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူတတ်ရမယ်။

ကလေးနဲ့ ယောက်ျားပီသသူရဲ့ ကွာခြားချက်

ကလေးပြုမူတတ်တဲ့ အမူအကျင့် . . .

  • ရိုင်းပျ။

  • ကိုယ့်အတွက်ပဲကြည့်။

  • ပျော်ဖို့ပဲကြည့်။

  • စိတ်ထဲရှိတဲ့အတိုင်းလုပ်။

ယောက်ျားပီသသူရဲ့ အမူအကျင့် . . .

  • လေးစားမှုရှိ။—ရောမ ၁၂:၁၀။

  • ကိုယ်ကျိုးစွန့်။—၁ ကောရိန္သု ၁၀:၂၄။

  • တာဝန်ယူတတ်။—ဂလာတိ ၆:၅။

  • ခံစားချက်ကို ချုပ်တည်းနိုင်။—သု. ၁၆:၃၂။

သင့်မိဘတွေကို မေးကြည့်ပါ

ယောက်ျားပီသတယ်ဆိုတာ ဘာကိုပြောတာလဲ။ ယောက်ျားပီသဖို့ ကျွန်တော် ဘာလုပ်ရမလဲ။

မိဘများ သတိပြုစရာ

ဖခင်တို့—

ယောက်ျားပီသမှုကို သင့်သား အဓိပ္ပာယ်သတ်မှတ်ပုံက သင့်အပေါ် အများကြီး မူတည်နေပါတယ်။ သင်က ဇနီးသည်ကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် အမျိုးသမီးတွေကို လေးစားဖို့ သင့်သားကို သင်ပေးတာဖြစ်တယ်။ နိမ့်ကျတဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ်ဖြစ်ရင်တောင် သင့်မိသားစုကိုထောက်ပံ့ဖို့ သင်ကြိုးစားလုပ်ဆောင်နေတယ်ဆိုရင် အလုပ်ကြိုးစားဖို့၊ တာဝန်ယူတတ်ဖို့ သင့်သားကို သင်ပေးရာရောက်တယ်။—၁ တိမောသေ ၅:၈။

သင်နဲ့သင့်အဖေရဲ့ ဆက်ဆံရေး မကောင်းခဲ့ဘူးဆိုရင်ကော။ သင့်အဖေနဲ့ သင့်အဘိုးရဲ့ဆက်ဆံရေးလည်း ကောင်းချင်မှကောင်းခဲ့မယ်။ ဒါပေမဲ့ သတိရပါ– ဒီသံသရာကြီးကို သင်ဖြတ်ပစ်နိုင်ပါတယ်။ အခွင့်အရေးကို လက်လွတ်မခံပါနဲ့။ သင့် သားနဲ့ ရင်းရင်းနှီးနှီးနေပါ။d သူ့ကို ပုံသက်သေပြပါ။ ဒီလိုဆိုရင် သင့်သားဟာ ယောက်ျားပီသသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ သင်လည်း သူ့အတွက် ဂုဏ်ယူရပါလိမ့်မယ်။—သု. ၂၃:၂၄။

မိခင်တို့—

သင့်သား ယောက်ျားပီသလာအောင် သင်ဘယ်လို ကူညီနိုင်သလဲ။ မသင့်တော်တဲ့အချက်တွေမှာ သင့်ခင်ပွန်းနဲ့ ခိုင်းနှိုင်းတာမျိုး မလုပ်ပါနဲ့။ ဥပမာ၊ သင့်သားရဲ့ အပြုအမူဆိုးတစ်ခုက သင့်ခင်ပွန်းကို သတိရစေတဲ့အခါ “နင့်အဖေအတိုင်းပဲ” လို့ ပြောချင်စိတ် ပေါ်လာနိုင်တယ်။ သင့်သားကို သင်ဆုံးမနိုင်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သင့်ခင်ပွန်းလုပ်သမျှက မှားနေတဲ့ပုံစံမျိုး သင့်အပြောအဆို အပြုအမူနဲ့ပြမယ်ဆိုရင် သင့်သား ယောက်ျားပီသလာမှာကို ဟန့်တားရာ ရောက်သွားမယ်ဆိုတာ သတိရပါ။

သင့်ခင်ပွန်းနဲ့ သင့်သား ရင်းနှီးမှုရှိအောင် ကူညီပေးပါ။ အချိန်အတူတကွအသုံးပြုဖို့ သူတို့ကို အားပေးပါ။ သင့်ခင်ပွန်းရဲ့ အရည်အသွေးကောင်းတွေ၊ အားသာချက်တွေကို ဖော်ပြဖို့ အခွင့်အရေးရှာပါ။ ဥပမာ၊ မိသားစုကိုထောက်ပံ့ဖို့ သူ အလုပ်ကြိုးစားတယ်မဟုတ်လား။ ကလေးတွေအတွက် သူ အချိန်ပေးသလား။ တခြားသူတွေကို သူ လေးလေးစားစား ဆက်ဆံသလား။ ဒါတွေကို သင်ဘယ်လောက် လေးမြတ်သလဲဆိုတာ သင့်သား သိပါစေ။ ဒီလိုလုပ်မယ်ဆိုရင် သင့်သားက အဖေရဲ့ ပုံသက်သေကောင်းကနေ အကျိုးခံစားရပါလိမ့်မယ်။

d ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ နိုဝင်ဘာ ၁၊ ၂၀၁၁ ကင်းမျှော်စင်၊ “ဖခင်များ၊ သားတွေနဲ့ ဘယ်လို ရင်းရင်းနှီးနှီးနေနိုင်သလဲ” ဆောင်းပါးကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ