မျက်နှာဖုံးအကြောင်းအရာ | ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ
၁ အခြေအနေတွေ ပြောင်းလဲသွားနိုင်တဲ့အတွက်
“ငါတို့သည် အဘက်ဘက်မှ ဖိနှိပ်ခံရသော်လည်း မလှုပ်ရှားနိုင်သည့်အထိ ကျဉ်းကျပ်မနေပါ။ ငါတို့သည် ကြံရာမရဖြစ်ကြသော်လည်း ထွက်ပေါက် လုံးဝမရှိဘဲ မနေပါ။”—၂ ကောရိန္သု ၄:၈။
ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတာက “ခေါင်းကိုက်တာပျောက်ချင်လို့ ခေါင်းကိုဖြတ်လိုက်တာနဲ့တူတယ်။” ယုံရခက်မှာဖြစ်ပေမဲ့လည်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သင်ထင်နေတဲ့ ပြဿနာ၊ စိတ်ပျက်စရာအခြေအနေတစ်ခုဟာ မမျှော်လင့်ဘဲ ပိုကောင်းတဲ့အခြေအနေ ဖြစ်သွားနိုင်ပါတယ်။—“သူတို့ရဲ့အခြေအနေတွေ ပြောင်းလဲသွား” လေးထောင့်ကွက်ကို ကြည့်ပါ။
အခြေအနေမပြောင်းလဲဘူးဆိုရင်တောင် ပြဿနာတွေကို တစ်နေ့စာတစ်နေ့ ဖြေရှင်းသွားတာက အကောင်းဆုံးဖြစ်တယ်။ “နက်ဖြန်နေ့အဖို့ ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိစိုးရိမ်စရာနှင့်မိမိ ရှိလိမ့်မည်။ ယနေ့ရှိသော မကောင်းမသင့်သောအရာတို့သည် ယနေ့အဖို့ လောက်ပေ၏” လို့ ယေရှုပြောခဲ့တယ်။—မဿဲ ၆:၃၄။
ကိုယ့်အခြေအနေက ပြောင်းကိုပြောင်းလဲမှာ မဟုတ်ဘူးဆိုရင်ကော။ ဥပမာ၊ နာတာရှည်ရောဂါရှိနေတာ ဒါမှမဟုတ် အိမ်ထောင်ပြိုကွဲသွားတာ၊ ချစ်ရတဲ့သူ သေဆုံးသွားတာ စတာတွေ ဖြစ်နိုင်တယ်။
အဲဒီလိုဖြစ်နေတယ်ဆိုရင်တောင် ပြောင်းလဲနိုင်တဲ့အရာ ရှိပါတယ်– အခြေအနေအပေါ် ကိုယ့်ရှုမြင်ပုံကို ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲလို့မရတဲ့ အခြေအနေကို အရှိကိုအရှိအတိုင်း မြင်တတ်အောင် ကြိုးစားမယ်ဆိုရင် အခြေအနေကို အကောင်းဘက်ကနေ ရှုမြင်တတ်လာပါလိမ့်မယ်။ (သုတ္တံ ၁၅:၁၅) သေသွားတာ အကောင်းဆုံးပဲလို့ မမြင်တော့ဘဲ ပြဿနာကို ခံနိုင်ရည်ရှိရှိ ကိုင်တွယ်ဖြေရှင်းတတ်လာပါလိမ့်မယ်။ အကျိုးကျေးဇူးအနေနဲ့ အခြေအနေကိုတော့ ထိန်းချုပ်လို့မရနိုင်ပေမဲ့ ပြဿနာပေါ် ကိုယ့်ရဲ့ရှုမြင်ပုံကိုတော့ ထိန်းချုပ်နိုင်လာပြီ ဖြစ်တယ်။—ယောဘ ၂:၁၀။
ဒီအချက်ကို သတိရပါ– ခြေတစ်လှမ်း တည်းနဲ့တော့ တောင်ပေါ်မရောက်နိုင်ပေမဲ့ တစ်လှမ်းပြီးတစ်လှမ်းတက်သွားရင်တော့ တောင်ပေါ်ရောက်သွားမှာပါ။ ကိုယ့်ရဲ့ပြဿနာက တောင်ကြီးလောက် ကြီးနေပါစေ အလားတူ ရင်ဆိုင်ဖြေရှင်းသွားနိုင်ပါတယ်။
ဒီနေ့လုပ်နိုင်တဲ့အရာ– မိတ်ဆွေ၊ မိသားစုဝင် တစ်ယောက်ယောက်ကို ကိုယ့်အခြေအနေကို ပြောပြပါ။ သူက ကိုယ်ကြုံနေရတဲ့အခြေအနေကို ပိုလက်တွေ့ကျကျရှုမြင်ဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။—သုတ္တံ ၁၁:၁၄။