မိသားစုတွေအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း
ကလေးကို အလိုမလိုက်ခြင်း
အခက်အခဲ
ကလေးတွေက သူတို့လိုချင်တာကို မရမက ပူဆာတတ်တယ်။ မိဘက အလိုမလိုက်လို့ ကလေးက သောင်းကျန်းလာပြီဆိုရင် မိဘတွေ စိတ်အနှောင့်အယှက် ဖြစ်လာတတ်တယ်။a ဘာပြောပြော၊ ဘာလုပ်လုပ် ကလေးက ဆက်ပြီးဝုန်းဒိုင်းကြဲနေမယ်ဆိုရင် နောက်ဆုံးတော့ မိဘက ကလေးပူဆာတာကို လိုက်လျောပေးလိုက်ရတယ်။ အလိုမလိုက်တော့ပါဘူးလို့ စိတ်ဆုံးဖြတ်ထားပေမဲ့ နောက်ဆုံးကျတော့လည်း ကလေးလိုချင်တာကို ပေးလိုက်ရတာပဲ။
ဒီလို ဖြစ်နေတာမျိုးကို ရပ်တန့်ပစ်နိုင်ပါတယ်။ ဦးဆုံး၊ အလိုမလိုက်သင့်တဲ့ အကြောင်းရင်းတွေကို သုံးသပ်ကြည့်ကြစို့။
သိသင့်သိထိုက်ရာ
အလိုမလိုက်တာက ရက်စက်နေတာ မဟုတ်ပါဘူး။ ဒါကို မိဘတချို့တော့ လက်ခံမှာ မဟုတ်ဘူး။ ကလေးဆိုတာ ငယ်သေးတယ်၊ သူတို့ကို ချော့ရမှာပေါ့၊ သူတို့အလိုကို လိုက်ပေးရမယ်၊ အဲဒီလို အလိုမလိုက်ရင် ကလေးက မိဘကို စိတ်ကောက်သွားနိုင်တယ်လို့ တချို့မိဘတွေ ပြောတတ်ကြတယ်။
ကလေးလိုချင်တာကို မပေးတဲ့အခါ သူ ဝမ်းနည်းသွားမှာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာက ဘဝမှာ လူတွေက လိုချင်တိုင်းမရဘူးဆိုတဲ့ သင်ခန်းစာကို သင်ပေးနေတာဖြစ်တယ်။ မိဘက အလျှော့ပေးလိုက်လျောရင် မိဘကို ကလေး မကြောက်တော့တဲ့အပြင် ငါ လိုချင်တာကို ဇွတ်ပူဆာလိုက်ရင် ငါ့မိဘက ပေးမှာပဲ ဆိုတဲ့အသိ ဝင်သွားစေတယ်။ ဒီလိုမျိုး ဖြစ်တာများလာတဲ့အခါ ကလေးက အလျှော့ပေးလိုက်လျောတတ်တဲ့ မိဘကို လေးစားမှုလျော့သွားမှာ ဖြစ်တယ်။
အလိုမလိုက်တာက ကလေးကို ဆယ်ကျော်သက်အရွယ်အတွက်၊ လူကြီးဘဝအတွက် ပြင်ဆင်ပေးနေတာ ဖြစ်တယ်။ အလိုမလိုက်ဘူးဆိုရင် ခြိုးခြံတာဟာ အကျိုးရှိတယ်လို့ ကလေးကို သင်ပေးနေတာနဲ့ တူတယ်။ ဒါမှ အဲဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ မူးယစ်ဆေးသုံးဖို့၊ လက်မထပ်ဘဲ လိင်ဆက်ဆံဖို့ ဖိအားပေးခံရတဲ့အခါ လွယ်လွယ်နဲ့လက်ခံမှာ မဟုတ်တော့ဘူး။
ကလေးကို အလိုမလိုက်တာက သူ့ကို လူကြီးဘဝအတွက် လေ့ကျင့်ပေးနေတာ ဖြစ်တယ်။ ဒေါက်တာ ဒေးဗစ် ဝေါ့ရှ်က ဒီလိုဆိုတယ်– “တကယ်တော့ လူကြီးတွေလည်း လိုတမရပါဘူး။ ကလေးလိုချင်တာကို အမြဲတမ်းပေးနေမယ်ဆိုရင် သူတို့လေးတွေ ဘယ်တော့မှ ရင့်ကျက်လာတော့မှာ မဟုတ်ဘူး။”b
လုပ်ဆောင်နိုင်ရာ
အလိုမလိုက်မိအောင် ကြိုးစားပါ။ ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးကို အရည်အချင်းရှိပြီး ရင့်ကျက်တဲ့ လူတော်လူကောင်း ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ သူတောင်းသမျှအားလုံးကို ပေးမယ်ဆိုရင်တော့ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– ‘ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင်ကျွေးမွေး . . . လျှင် နောက်ဆုံး၌’ ကျေးဇူးကန်းလိမ့်မည်။ (သုတ္တံ ၂၉:၂၁) ဒီအတွက်ကြောင့် အလိုမလိုက်တာဟာ ကလေးကို ထိထိရောက်ရောက် ဆုံးမပေးတာ ဖြစ်တယ်။ ဒီလိုမျိုး လေ့ကျင့်ပေးနေတာက ရက်စက်တာ မဟုတ်ဘဲ ကလေးကို ချစ်လို့ပါ။—ကျမ်းစာအကြုံပြုချက်– သုတ္တံ ၁၉:၁၈။
ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ။ ကိုယ့်ရဲ့ကလေးက ကိုယ်နဲ့ တန်းတူမဟုတ်ဘူး။ ဒါကြောင့် ကလေးနဲ့ သူတစ်ခွန်းကိုယ်တစ်ခွန်း ပြောနေစရာ မလိုဘူး။ ကလေးတွေ ကြီးလာရင် “အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထားသော ရင့်ကျက်သူ” တွေ ဖြစ်လာဖို့ လိုတယ်။ (ဟေဗြဲ ၅:၁၄) ဒါကြောင့် ကလေးတွေကို ချော့ပြောတာတော့ မမှားပါဘူး။ ဒါပေမဲ့ ဘာကြောင့် အလိုမလိုက်ရတယ်ဆိုတာ ကလေးကို ရှည်ရှည်ဝေးဝေး ရှင်းပြနေစရာ မလိုဘူး။ ကလေးနဲ့ အငြင်းအခုံလုပ်နေရင် ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်နိုင်တော့မှာ မဟုတ်ဘူး။—ကျမ်းစာအကြုံပြုချက်– ဧဖက် ၆:၁။
ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ပါ။ ကလေးနားပူနားဆာလုပ်တာက ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဖို့ ခက်သွားနိုင်တယ်။ ဒီလိုဆိုရင် ဘာလုပ်တာ ကောင်းမလဲ။ “ကလေးနားပူနားဆာလုပ်တာကို ဂရုမစိုက်ပါနဲ့။ ‘မင်း ငိုချင်ရင်ငို၊ မင်းဘယ်လောက်ပဲ ငိုငို ငါကတော့ လိုက်လျောမှာ မဟုတ်ဘူး’ လို့ပြောပါ” ဆိုပြီး စာအုပ်တစ်အုပ် (Loving Without Spoiling) မှာ ဖော်ပြထားတယ်။ အစပိုင်းမှာတော့ မိဘဖြစ်သူက ဒီလို လုပ်ဖို့ မလွယ်လှဘူး။ ကလေးကလည်း ကြိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မိဘဖြစ်သူက “ဒါဆိုရင်ဒါပဲ” ဆိုပြီး ပြတ်ပြတ်သားသားလုပ်မယ်ဆိုရင် ကလေးက အခုရော၊ နောင်ပါ ဂျစ်ကန်ကန်လုပ်ရဲတော့မှာ မဟုတ်ဘူး။—ကျမ်းစာအကြံပြုချက်– ယာကုပ် ၅:၁၂။
မိဘအာဏာကိုပြဖို့ အလိုမလိုက်တာမျိုး မဖြစ်စေပါနဲ့
အကျိုးသင့်အကြောင်းသင့် သဘောထားရှိပါ။ မိဘအာဏာကို ပြဖို့ အလိုမလိုက်တာမျိုး မဖြစ်စေပါနဲ့။ အဲဒီအစား “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅) ကလေးကို အလိုလိုက်ရမယ့်အချိန်အခါတွေ ရှိပါတယ်။ သူတောင်းဆိုတာက သင့်တော်တယ်ဆိုရင် လုပ်ပေးလိုက်ပါ။ ဒါပေမဲ့ နားပူနားဆာလုပ်လို့ လုပ်ပေးလိုက်တာမျိုးတော့ မဖြစ်စေပါနဲ့။—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၃:၂၁။
a ဒီဆောင်းပါးက ကလေးငယ်အားလုံးအတွက် ဖြစ်ပါတယ်။
b No: Why Kids—of All Ages—Need to Hear It and Ways Parents Can Say It စာအုပ်မှ ကောက်နုတ်ထား။