မျက်နှာဖုံးအကြောင်းအရာ | သမ္မာကျမ်းစာဟာ ဒီနေ့ခေတ်မှာ လက်တွေ့ကျသေးရဲ့လား
ခေတ်ကုန်သွားခြင်းမရှိဘဲ အမြဲလက်တွေ့ကျနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ—ချစ်ခြင်းမေတ္တာ
ကျမ်းစာလမ်းညွှန်ချက်– “ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသော နှောင်ကြိုးဖြစ်၏။”—ကောလောသဲ ၃:၁၄။
အကျိုးကျေးဇူး– သမ္မာကျမ်းစာထဲမှာ အဓိကအသုံးပြုထားတဲ့ ချစ်ခြင်းမေတ္တာဟာ စိတ်ကူးယဉ်ဆန်တဲ့ အရူးအမူးမေတ္တာကို ပြောတာမဟုတ်ဘူး။ ကရုဏာ၊ ခွင့်လွှတ်မှု၊ နှိမ့်ချမှု၊ သစ္စာရှိမှု၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှုနဲ့ စိတ်ရှည်သည်းခံမှုလိုမျိုး အရည်အသွေးတွေကိုတင်ပြစေတဲ့ မေတ္တာမျိုးကို ပြောတာဖြစ်တယ်။ (မိက္ခာ ၆:၈; ကောလောသဲ ၃:၁၂၊ ၁၃) အရူးအမူးစွဲလမ်းတဲ့ စိတ်ကူးယဉ်ဆန်တဲ့အချစ်ဟာ ပျောက်ကွယ်သွားတတ်ပေမဲ့ မေတ္တာစစ် မေတ္တာမှန်ကတော့ ကြာလေ ပိုတိုးများလာလေပဲ။
ဘရဲန်ဒါက အိမ်ထောင်ကျတာ အနှစ် ၃၀ ရှိပြီ။ သူ ဒီလိုပြောပြတယ်– “ကြင်စဦးဇနီးမောင်နှံတွေရဲ့အချစ်ဟာ မေတ္တာနှောင်ကြိုးခိုင်မြဲနေပြီဖြစ်တဲ့ အိမ်ထောင် သက်တမ်းကြာ ဇနီးမောင်နှံတွေရဲ့အချစ်နဲ့ မယှဉ်နိုင်ဘူး။”
ဆမ်ရဲ့အိမ်ထောင်သက်တမ်းက ၁၂ နှစ် ကျော်ပြီ။ သူ ဒီလိုပြောပြတယ်– “ကျမ်းစာဆုံးမစကားတွေရဲ့ ရိုးရှင်းပြီး ထိရောက်ပုံက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးကို အံ့သြလို့ မဆုံးဖြစ်စေတယ်ဗျာ။ အဲဒီအတိုင်းသာကျင့်သုံးရင် အားလုံး အဆင်ပြေတယ်။ အမြဲကျင့်သုံးတယ်လို့ ပြောချင်ပေမယ့် ကျွန်တော် အကဲဆတ်လွန်းတဲ့အခါ၊ တစ်ကိုယ်ကောင်းဆန်တဲ့အခါ၊ မောနေတဲ့အခါလိုမျိုးမှာ မကျင့်မိတဲ့အခါတွေ ရှိတယ်။ အဲဒီလိုအခါမျိုးမှာ အပျက်သဘောတွေဝင်မလာအောင် ယေဟောဝါဘုရားဆီမှာ အကူအညီတောင်းရတယ်။ အဲဒီနောက် ဇနီးသည်နဲ့ ပြန်ပြေလည်အောင်လုပ်လိုက်ပြီးတဲ့နောက်မှာ ဘာပြဿနာမှ မရှိခဲ့သလိုပဲ။”
“ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏”
ယေရှုခရစ်က “ဉာဏ်ပညာသည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ရပ်များဖြင့် သက်သေထူ၏” လို့ ပြောခဲ့တယ်။ (မဿဲ ၁၁:၁၉) ကျမ်းစာမှာ ဖော်ပြထားတဲ့စကားတွေဟာ ပညာရှိစကားတွေချည်းပါပဲ။ ကျမ်းစာသွန်သင်ချက်တွေ၊ ကိုယ်ကျင့်တရားစံနှုန်းတွေက အချိန်အခါမရွေး အကျိုးရှိစေတယ်။ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှုမဆိုအတွက်လည်း အသုံးတည့်တယ်။ ကျမ်းစာသွန်သင်ချက်တွေဟာ ယေဟောဝါဘုရားသခင် ဖန်ဆင်းထားတဲ့ လူရဲ့ သဘောသဘာဝကို ပိုပြီး သိနားလည်စေတယ်။ ဒါပေမဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကိုတော့ လက်တွေ့ကျင့်သုံးဖို့ လိုတယ်။ ဒါကြောင့် သမ္မာကျမ်းစာက ‘ယေဟောဝါကောင်းမြတ်တယ်ဆိုတာကို မြည်းစမ်းကြည့်’ ပါလို့ ပြောထားတယ်။ (ဆာလံ ၃၄:၈၊ ကဘ) သင်ကော မြည်းစမ်းကြည့်ရင် မကောင်းဘူးလား။