မျက်နှာဖုံးအကြောင်းအရာ | နတ်ဆိုးနဲ့ဆိုင်တဲ့ ဖျော်ဖြေမှုတွေ အန္တရာယ်ကင်းသလား
သဘာဝလွန်စွမ်းအားများ ညှို့ယူဖမ်းစားထား
“သွေးစုပ်ဖုတ်ကောင်၊ ဝံပုလွေလူသားနဲ့ ဖုတ်ကောင်တွေအစား သရဲစီးတာ၊ မကောင်းဆိုးဝါး နှင်ထုတ်တာတွေ နေရာယူထားလိုက်ပြီ။” —ဝေါစထရိဂျာနယ်။
မှော်ဆရာ ကြီးကြီးငယ်ငယ်၊ ညှို့အားပြင်း စုန်းကဝေမ၊ ခပ်ချောချော သွေးစုပ်ဖုတ်ကောင်တွေဟာ စာအုပ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရေပန်းစားလာတဲ့ သဘာဝလွန်စွမ်းအားရှင် ဇာတ်ကောင်တချို့သာ ဖြစ်တယ်။ အဲဒါတွေကို ဘာကြောင့် လူကြိုက်များကြတာလဲ။a
“လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း သရဲတစ္ဆေတွေကိုယုံတဲ့ အမေရိကန်လူမျိုး ဆယ်ယောက်မှာ တစ်ယောက်နှုန်းရှိရာကနေ သုံးယောက်မှာ တစ်ယောက်နှုန်းအထိ မြင့်တက်လာတယ်။ အကြားအမြင်ရသူတွေနဲ့ ဆွေးနွေးသူ၊ သရဲတစ္ဆေကို ယုံတဲ့သူ၊ တစ္ဆေခြောက်တဲ့အိမ်တွေကို ယုံတဲ့သူ အမေရိကန်လူငယ်အရေအတွက်ဟာ လူကြီးတွေထက် နှစ်ဆလောက် ပိုများတယ်” လို့ လူမှုဗေဒပါမောက္ခ ကလော့ ဖစ်ရှာ ရေးတယ်။
လူတွေကို မကောင်းဆိုးဝါး ဝင်ပူးတဲ့အကြောင်း ပုံပြင်တွေဟာ ကြောက်စရာကောင်းလောက်အောင် တစ်ကျော့ပြန် ခေတ်ထလာတာ အံ့သြစရာ မဟုတ်ပါဘူး။ “လူကြိုက်များတဲ့ ယဉ်ကျေးမှုမှာ သရဲစီးတာတွေ တစ်ကျော့ပြန် အောင်မြင်မှုရလာတာဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း တစ်ဟုန်ထိုးခေတ်ထလာတဲ့ ဖုတ်ကောင်၊ ဝံပုလွေလူသား၊ သွေးစုပ်ဖုတ်ကောင်တွေကြောင့် ဖြစ်တယ်” လို့ ဝေါစထရိဂျာနယ်မှာ မိုက်ကယ် ကယ်လီယာ ရေးတယ်။
“ကမ္ဘာ့ဒေသအသီးသီးမှာ လူ ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းဟာ သရဲတစ္ဆေတွေ၊ ယဉ်ကျေးမှုအများစုရဲ့ စာပေတွေမှာ အသားပေးဖော်ပြထားတဲ့ သရဲတစ္ဆေတွေကို ယုံကြည်ကြတယ်” လို့ သတင်းတစ်ပုဒ်က ဆိုတယ်။ အမေရိကန်ပြည်ထောင်စုမှာ လူမှုဗေဒပါမောက္ခတွေဖြစ်တဲ့ ခရစ္စတိုဖာ ဘာဒါနဲ့ ကာဆန် မင်ကန်တို့ရဲ့ လေ့လာချက်အရ “အမေရိကန်လူမျိုး ၇၀ ကနေ ၈၀ ရာခိုင်နှုန်းဟာ သဘာဝလွန်လုပ်ဆောင်မှု တစ်မျိုးမျိုးကို အခိုင်အမာယုံကြည်ကြောင်း သိရတယ်။”
နတ်ဆိုးပညာလိုက်စားတာ၊ သဘာဝလွန်စွမ်းအားတွေနဲ့ ပတ်သက်တာဟာ ပျော်စရာသက်သက် ဖြစ်သလား။
a သဘာဝလွန်စွမ်းအား– “သိပ္ပံပညာ ဒါမှမဟုတ် သဘာဝနိယာမတရားအရ ရှင်းပြလို့မရနိုင်တဲ့အရာ။”—Merriam-Webster’s Learner အဘိဓာန်။