သင်ခန်းစာ ၁
သမ္မာတရားနှင့်ဆိုင်သော နှစ်သက်ဖွယ်ရာ စကားများကို ပြောခြင်း
၁–၃။ လူ့ဘာသာစကားသည် မည်သို့ အစပေါ်လာသနည်း။ မည်သို့တိုးပွားလာသနည်း။
၁ စကားပြောဆိုခြင်းကို ယေဟောဝါ ဖန်ဆင်းခဲ့၏။ ထို့ကြောင့် အသိဉာဏ်ရှိသည့် သတ္တဝါအပေါင်းတို့သည် အချင်းချင်းနှင့် ဆက်ဆံမှုရှိနိုင်ခြင်းအကြောင်းကို ကိုယ်တော်အား ကျေးဇူးတင်ရမည်။ ကိုယ်တော်ပြုသမျှအရာများသည် ကောင်းမြတ်သောကြောင့်လည်း စကားပြောဆိုခြင်း ဆုကျေးဇူးသည် အစအဦးတွင် ယာကုပ် ၁:၁၇ ၌တင်ပြထားသည့် ‘စုံလင်သောဆုများ’ အနက် တစ်ခုအဝင်ဖြစ်၏။ လူ့စကားပြောဆိုခြင်းနှင့်ပတ်သက်၍ စကားလုံးများဆိုင်ရာပါရဂူ လပ်ဒဝစ်ဂ် ကိုအဲလာက ဤသို့ရေးသားခဲ့သည်– “ပြောဆိုသည့်စကားတစ်ခွန်းဖြစ်ပေါ်လာရန်၊ သိမြင်နိုင်စွမ်းက စိတ်သဘောထားကို မည်သို့နှိုးဆွသည်၊ စကားပြောဆိုခြင်း အမှန်အတိုင်းမည်သို့ဖြစ်လာသည်ကို . . . မသိနိုင်ပါ။ လူ့ဘာသာစကားသည် နက်နဲရာဖြစ်၏။ ဘုရားသခင်ထံမှရရှိသောဆုဖြစ်၏။ အံ့သြဖွယ်ရာဖြစ်၏။”
၂ ထို့ကြောင့် အာဒံသည် ဖန်ဆင်းခံရချိန်တွင် ဝေါဟာရများကို ရရှိထားသည်။ စကားလုံးအသစ်များကိုလည်း တီထွင်နိုင်စွမ်းရှိသည်။ မိမိပြောလိုသောအကြောင်းကို ထိရောက်စွာ၊ ကောင်းမွန်စွာ ဖော်ပြပြောဆိုနိုင်ရုံမက ပြောဆိုသောစကားကိုလည်း နားလည်နိုင်စွမ်းရှိသည်။ ဘုရားသခင်သည် အာဒံအား သွန်သင်ချက်များပေးခဲ့ခြင်းက ယင်းကိုသိနားလည်စေသည်။ တစ်ဖန် အာဒံသည် ဧဝနှင့် စကားပြောဆိုဆက်သွယ်နိုင်ခဲ့သည်။—က. ၁:၂၇-၃၀; ၂:၁၆-၂၀။
၃ သို့ရာတွင် မြေကြီးပေါ်၌ မိုက်မဲမှု အလွန်များပြားခဲ့သောအချိန်၊ ဗာဗုလုန်ရဲတိုက်တွင် လူ၏ဘာသာစကားကို ဘုရားသခင် ရောထွေးစေခဲ့၏။ (က. ၁၁:၄-၉) ယင်းကြောင့် ယနေ့ ဘာသာစကားအမျိုးမျိုး၊ ယင်းတို့အနက် အများမှာ ဒေသအလိုက်ပြောနည်းအမျိုးမျိုး ရှိသည်။ ဤဘာသာစကားအချို့ကို လူအနည်းငယ်သာရှိသော လူမျိုးစုများပြောဆိုကြ၍ အခြားဘာသာစကားကိုမူကား သန်းပေါင်းများစွာသောသူတို့ ပြောဆိုကြ၏။ လူ့ဘာသာစကားသည် လူသားကဲ့သို့ပင် စုံလင်ခြင်းအဖြစ်မှ အလွန်ဝေးကွာလှ၏။ မုသာကို ပျံ့နှံ့ရန်၊ လူတို့အား ဘုရားသခင်ထံမှ သွေဖည်ရန် ဘာသာစကားပြောဆိုခြင်းကို များသောအားဖြင့် အသုံးပြုကြသည်။
၄။ စကားပြောဆိုနိုင်စွမ်းကို ကျွန်ုပ်တို့မည်သို့ အသုံးပြုသင့်သနည်း။
၄ သို့သော် ယေဟောဝါသက်သေများအနေနှင့် စကားပြောခြင်းအစွမ်းကို လျော်ကန်စွာ အသုံးပြုလိုကြ၏။ ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်အကြောင်းနှင့် ဖြောင့်မတ်သော ကမ္ဘာသစ်တွင်ရမည့် ထာဝရအသက်အကြောင်းကို သူတစ်ပါးအား ပြောဆိုခွင့်ရရှိထား၏။ ယင်းကို ထိရောက်စွာ ပြောဆိုနိုင်ရန် ဤသီအိုကရက်တစ်ဓမ္မအမှုကျောင်းလမ်းညွှန်စာအုပ်ကိုပြင်ဆင်ထားသည်။
၅၊ ၆။ မုသာမပါ အမှန်ကိုသာပြောဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။
၅ သမ္မာတရားစကားများ ပြောဆိုခြင်း။ စကားပြောနိုင်စွမ်းကို သင့်လျော်စွာ အသုံးပြုဖို့ရန် ဘုရားနှုတ်ကပါဌ်တော်နှင့် လုံးဝညီလျော်စွာ မှန်ကန်သောစကားကိုသာ ကျွန်ုပ်တို့အမြဲပြောဆိုရန်လိုသည်။ မုသာသည် နားထောင်သူများအဖို့ ဝိညာဏကျန်းမာမှု ရှိစေနိုင်မည်မဟုတ်။ ထို့ကြောင့် တမန်တော်ပေါလုက ပညာရှိစွာ ဤသို့သြဝါဒပေးသည်– “ငါ့ထံ၌ကြားရပြီးသော စင်ကြယ်သောတရားစကား အချုပ်အခြာကို ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။” အဘယ်ကြောင့်နည်း။ အကြောင်းမူကား “စင်ကြယ်သောတရားစကားအချုပ်အခြာ” ကိုဘုရားရှင်ထံမှရ၏။ (၂ တိ. ၁:၁၃) အချို့သူတို့သည် “သမ္မာတရားကို နားမထောင်ဘဲ . . . လွဲသွား” ကြမည်ဟု ပေါလုသတိပေးခဲ့သည်။ သို့သော် ကျွန်ုပ်တို့ပြုလုပ်သင့်သည်ကား ဘုရားသခင်၏ “နှုတ်ကပါဌ်တရားတော်ကိုဟောပြော” ရန်ဖြစ်သည်။ ယင်းကြောင့် သမ္မာတရားဖြစ်သော ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို မှီငြမ်းပြီး ကျွန်ုပ်တို့ဟောပြောသွန်သင်သင့်သည်။—၂ တိ. ၄:၁-၅။
၆ သင့်လျော်သောစကားကို သင့်လျော်သောအချိန်တွင် ပြောဆိုပါက လူတစ်ဦးအား ထာဝရအသက်သို့ပို့ဆောင်ရာလမ်းပေါ်၌ လျှောက်သွားစပြုနိုင်ကြောင်း သို့မဟုတ် အသက်လမ်းခရီးစဉ်ပေါ် တည်ရှိစေနိုင်ကြောင်း ကျွန်ုပ်တို့သိ၏။ (သု. ၁၈:၂၁; ယာ. ၅:၁၉၊ ၂၀) ထို့ကြောင့် သင့်လျော်သောစကားကို အသုံးပြုပြောဆိုခြင်းသည် ဓမ္မအမှုဆောင်သူ ကျွန်ုပ်တို့အသီးသီးအတွက် အလွန်အရေးကြီးပါသည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကလည်း ယင်းကိုအလေးအနက်ထားရန် ကြိုးစားနေသည်။
၇–၉။ အများအားဖြင့် မည်ကဲ့သို့သောစကားလုံးများသည် အထိရောက်ဆုံးဖြစ်သနည်း။
၇ စကားလုံးများကို ရွေးချယ်ပြောဆိုခြင်း။ ပြောဆိုသူ၏ စိတ်ထဲ၌ အဘယ်သဘောရှိကြောင်းကို ကြားနာသူများ သိစေခြင်းငှာ စကားလုံးများက ဖော်ပြ၏။ ထို့ကြောင့် ပြောဆိုသူသည် ထိရောက်စွာ နားလည်စေလိုလျှင် နားထောင်သူများ နားလည်နိုင်သည့်စကားလုံးများကို ရွေးချယ်ပြောဖို့လို၏။ အစတွင် စကားလုံးများကို ထိရောက်စွာ ရွေးချယ်ပြောဖို့မလွယ်ပါ။ ဣသရေလလူမျိုးကို စုဝေးသူ ပညာရှိရှောလမုန်မင်းကြီးပင်လျှင် “လုံ့လဝီရိယပြုလျက် များစွာသောသုတ္တံစကားတို့ကို ရှာဖွေ၍ စီရင်၏။ ဓမ္မဒေသနာဆရာသည် နားထောင်ဖွယ်သောစကားကိုရှာ၍ ရေးထားချက်စကားသည် ဖြောင့်မတ်သောစကား၊ သမ္မာစကားဖြစ်၏။” (ဒေ. ၁၂:၉၊ ၁၀) ယင်းကြောင့် နှစ်သက်ဖွယ်ရာစကားများကို အသုံးပြုဖို့ ကြိုးစားရှာဖွေ စဉ်းစားဝေဖန်မှုလိုသည်။ ကောင်းစွာရွေးချယ်ပြောဆိုသော စကားလုံးများသည် ထိရောက်မှုရှိကြောင်းကို ယင်းအခန်းကြီး၏ အခန်းငယ်ဆယ့်တစ်တွင် ဖော်ပြထားသည်။ “ပညာရှိသောသူ၏စကားသည်” အသက်လမ်းပေါ်သို့ ပို့ဆောင်ရန် အားပေးသည့် “သံချွန်” နှင့်တူသည်ဟု ဆိုထားသည်။
၈ ကျွန်ုပ်တို့ဦးဆုံးသင်ယူရမည်ကား ရိုးရှင်းသောစကားလုံးများကို ပြောဆိုတတ်ရန်ဖြစ်သည်။ ထိရောက်စွာ စကားပြောဆိုနိုင်ဖို့ နားလည်ရခက်သောစကားကြီးများ အသုံးပြုစရာမလိုပါ။ အမှန်မှာ ရိုးရှင်းစွာပြောဆိုခြင်းသည် နားလည်လွယ်စေ၍ သတိရမှတ်မိစေ၏။ ကျမ်းစာ၌ စစဦးဆုံးဖတ်ရသော “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း၏” ဟူသောစကားများထက် နားလည်ရလွယ်ကူ၍ တစ်ချိန်တည်းတွင်ပင် အလွန်အသရေရှိသောစကားများ ရှိသေးသလော။ ၎င်းစကားများကို မမေ့နိုင်ပါ။ ထိုနည်းတူ ဒေသနာဆရာကြီး၏ နိဂုံးချုပ်စကားများလည်းဖြစ်၏– “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကိုကြောက်ရွံ့ ၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”—ဒေ. ၁၂:၁၃။
၉ သမ္မာတရားကို ကွယ်ဝှက်မည့် စကားလုံးများကို အသုံးမပြုလျှင် ကောင်းမည်။ ‘ပညာမရှိဘဲ စကားပြောကာမျှနှင့် အကြံကိုမိုက်စေ’ လိုသည်မဟုတ်ပါ။ (ယောဘ ၃၈:၂) အကြောင်းမှာ ‘တံပိုးသည် မပီပြင်လျှင်’ အဘယ်သူ ကြား၍နားလည်နိုင်မည်နည်း။—၁ ကော. ၁၄:၈။
၁၀၊ ၁၁။ စကားပြောဆိုရာတွင် ယေရှုသည် အဘယ်ပုံသက်သေ ပြခဲ့သနည်း။
၁၀ ခရစ်တော်၏ပုံသက်သေကို အတုယူနိုင်သည်။ ရိုးရိုးကလေးစကားပြောဆို၍ နေ့စဉ်တွေ့ မြင်နေရသော အဖြစ်အပျက်များကို ဥပမာပေး ပြောဆိုခဲ့သဖြင့် နားထောင်သူများအဖို့ အလွန်အကျိုးထိရောက်ခဲ့သည်။ မဿဲခရစ်ဝင်ကျမ်း၊ အခန်းငါးမှခုနစ်အထိပါ ကပေရနောင်အနီး ကိုယ်တော်၏တောင်ပေါ်ဒေသနာကို ဖတ်ကြည့်ပါ။ စကားကြီးများ၊ မသဲကွဲသောစကားများ လုံးဝမပါပါ။ လူတို့နှလုံးသားကို လှုံ့ဆော်စေဖို့ ယေရှုစိတ်ဝင်စားနေပါသည်။ ကိုယ်တော်၌ ခမည်းတော်ယေဟောဝါ၏စိတ်တော် ရှိသည်။ ယေဟောဝါ၏ ဓမ္မအမှုထမ်းများအားလုံး အတုယူဖို့ အကောင်းဆုံးစကားပြောနည်းကို ကိုယ်တော်တင်ပြခဲ့ပြီ။
၁၁ သေချာရွေးချယ်ထားသည့် ရိုးရှင်းသောစကားလုံးများ၏ ထိရောက်မှုကို အထင်မသေးပါနှင့်။ ယင်းသည် နှစ်သက်ဖွယ်ဖြစ်ပြီး လှုံ့ဆော်တိုက်တွန်းပေးနိုင်သည်။ ယေရှုပြောဆိုသောစကားကို ကြားနာသူအပေါင်းတို့သည် “ကိုယ်တော်ကိုဝန်ခံ၍ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့သြချီးမွမ်း” ကြောင်း လုကာ ၄:၂၂ တွင်ဖော်ပြထားသည်။ ကိုယ်တော့်တမန်တော်များ၏ စကားကိုလည်း နားထောင်လိုသူများစွာ ရှိခဲ့သည်။ ထိုတမန်တော်များသည် “လူတတ်မဟုတ်၊ လူသာမညသာ” ဖြစ်ကြောင်းကို ထိုစဉ်ကအဓိကရဂျူးများ တွေ့ရှိ၏။ (တ. ၄:၁၃) သို့ဖြစ်ရခြင်းကား အဘယ်ကြောင့်နည်း။ သူတို့၏ဆရာ ခရစ်တော်၏နည်းကို အတုယူခဲ့သောကြောင့်ဖြစ်သည်။ ယနေ့ ဘုရားသခင့်ဓမ္မအမှုဆောင်၊ လူကြီးလူငယ်များအတွက် အားရှိစရာမဟုတ်ပေလော။
၁၂။ သားသမီးများအနေနှင့် ကိုယ့်စိတ်သဘောထားကို ကောင်းစွာ တင်ပြပြောဆိုတတ်ဖို့ မိဘများ မည်သို့ကူညီပေးနိုင်သနည်း။
၁၂ သားသမီးများ စကားပြောတော်ဖို့ မိဘတို့ များစွာကူညီပေးနိုင်သည်။ အိမ်ထဲတွင် ပုံသက်သေနှင့် သွန်သင်မှုအားဖြင့် နေ့စဉ်ကောင်းမွန်စွာ စကားပြောဆိုဖို့ သွန်သင်ပေးနိုင်သည်။ စကားပြောဆိုပုံကို ညွှန်ကြားသင့်သည့် ကျမ်းစာမူတို့ကို လူငယ်များအား နှလုံးသွင်းစေနိုင်သည်။ (တရား. ၆:၆-၉) မိသားစုများစွာတို့သည် နေ့စဉ် မိနစ်အနည်းငယ်အချိန်ယူကာ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည့်ရှုခြင်းတွင်ဖော်ပြထားသည့်အတိုင်း ကျမ်းချက်ကို ဆွေးနွေးကြသည်။ အခြားအချိန်များတွင် ကင်းမျှော်စင် နှင့် နိုးလော့! ကိုအတူတကွဖတ်ရှုကြသည်။ သို့ပြုခြင်းက မိသားစုအဖို့ လေ့ကျင့်မှုကောင်းတစ်ရပ်ဖြစ်သည်။ ဝေါဟာရကြွယ်လာစေမည်။ စကားလုံးသစ်များကို ထိရောက်စွာ စကားပြောရာ၌ မည်သို့အသုံးပြုနိုင်သည်ကို နားလည်စေမည်။ ထို့ပြင် မိသားစုသည် ယေဟောဝါတွေးခေါ်သကဲ့သို့ တွေးခေါ်တတ်လာပြီး သူတို့စကားပြောဆိုပုံကလည်း ယင်းကို ထင်ရှားစေမည်။
၁၃–၁၆။ သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးအပြည့်အဝခံစားရဖို့ ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။
၁၃ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပါဝင်ခြင်းအားဖြင့် တိုးတက်ခြင်း။ ဤကျောင်းညွှန်းစာအုပ်တွင် အကြမ်းဖျင်းဖော်ပြထားသည့် သင်ရိုးညွှန်းတမ်းအကူအညီဖြင့် စိတ်ရင်းမှန်နှင့် ဓမ္မအမှုတွင် တိုးတက်လိုသူအားလုံးသည် ‘နှစ်သက်ဖွယ်သောစကားများ . . . ဖြောင့်မတ်သောသမ္မာစကားများ’ ကိုပြောတတ်ရန် အကူအညီရပါလိမ့်မည်။ အသက်အရွယ်၊ ပညာအရည်အချင်း မည်သို့ရှိစေကာမူ ယေဟောဝါ၏ လမ်းညွှန်မှုနှင့် ဝိညာဉ်တော်ကို အားကိုးပါက ခရစ်ယာန်ဓမ္မအမှု၌ တိုးတက်ပွားများမည်အမှန်။ သို့သော် လိုအပ်သလို ကြိုးစားရမည်ဖြစ်သည်။ “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့” ဟုသင့်ကိုတိုက်တွန်းပါသည်။—၁ တိ. ၄:၁၅။
၁၄ အသီးသီး ကြိုးစားရာတွင်အသင်းတော်စည်းဝေးအားလုံးကို မှန်မှန်တက်ပြီး ကြားသည့်အတိုင်း ကျင့်သုံးခြင်းကိစ္စ ပါဝင်သည်။ အထူးသဖြင့် ပတ်စဉ်ကျင်းပသော သီအိုကရက်တစ်ဓမ္မအမှုကျောင်းအားဖြင့် တမန်တော်ပေါလု၏ ဤအကြံပေးချက်ကို လက်တွေ့ကျင့်သုံးနိုင်မည်– “သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့ ၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှာ ကြိုးစားအားထုတ်ကြလော့။”—၂ တိ. ၂:၁၅။
၁၅ အသင်းတော်စည်းဝေးများကို တက်သူ ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ် အဘယ်သူမဆို နာမည်စာရင်းသွင်းပြီး ဤကျောင်းမှ သွန်သင်မှုခံယူနိုင်ပါသည်။ နှစ်ခြင်းခံပြီး၊ မပြီး စာရင်းသွင်းနိုင်သည်။ လောကီပညာရှိအများ၊ ထင်ရှားသောလူကြီးအများ၊ မင်းအမျိုးအနွယ်ဖြစ်သောသူ အများသည် နိုင်ငံတော်သတင်းကို လက်ခံကြလိမ့်မည်မဟုတ်ကြောင်း ဘုရားသခင်ကြိုတင်သိသည်ကို ကျောင်းပညာ များများမရှိသူတို့ သိထားသင့်သည်။ (၁ ကော. ၁:၂၆-၂၉) လောကီအမြင်အရ အထင်သေးခံရသောသူအများမူကား သတင်းကိုလက်ခံ၍ သမ္မာတရား ငတ်မွတ်သောအခြားသူများအား စေတနာနှင့် ဟောပြောလိမ့်မည်ဟု သိထားပါသည်။ ဤကျောင်းတွင် နာမည်စာရင်းသွင်းခြင်း၊ ၎င်း၏သွန်သင်ချက်များကို သစ္စာရှိရှိလိုက်နာခြင်းအားဖြင့် စိတ်နှလုံးရိုးသားသူများအား နှစ်သက်ဖွယ်စကားများကို တတ်ကျွမ်းစွာ ပြောဆိုစေမည့်ပညာကို ရယူစေမည်။ ဤသို့ဖြင့် ကိုယ်ကိုလည်းကောင်း၊ နားထောင်သူတို့ကိုလည်းကောင်း စိတ်သစ်လန်းစေမည်။
၁၆ ထိုထက်ကား ဤသင်တန်းတွင် ဝီရိယရှိရှိကြိုးစားသောသင်သားတစ်ဦးဖြစ်ခြင်းအားဖြင့် နှုတ်နှင့်အပြုအမူဖြင့် ဣသရေလဘုရင် ဒါဝိဒ်မင်းကြီး ဆုတောင်းသည်အတိုင်း ဖြစ်လာပေမည်– “အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား၊ အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ရွေးနုတ်တော်မူသောဘုရား။” (ဆာ. ၁၉:၁၄) ခရစ်ယာန်တိုင်း အချိန်အခါမရွေး စကားကောင်းစွာပြောတတ်ဖို့၊ ဖန်ဆင်းရှင်နှစ်သက်တော်မူမည့် စကားလုံးများကို အသုံးပြုတတ်ဖို့ ကြိုးစားလိုစိတ်ရှိသင့်သည်။ ဤပန်းတိုင်သို့ရောက်သည်အထိ သီအိုကရက်တစ်ဓမ္မအမှုကျောင်းက တန်ဖိုးဖြတ်မရသော အကူအညီပေးပါလိမ့်မည်။