ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fl အခန်း ၃ စာ. ၂၆-၃၉
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
  • မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင် ပြောင်းသာလွှဲသာ ရှိသလော
  • လိင်ကို အမြင်မှန်ရှိခြင်း
  • ကလန်ကဆန်မလုပ်ဘဲနှင့် ဆန့်ကျင်လော့
  • အဆက်အသွယ်လုပ်ကြ
  • “သင်၏အစာကို ရေပေါ်မှာ ပစ်ချလော့”
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
မိသားစုဘဝကို ရွှင်လန်းစေခြင်း
fl အခန်း ၃ စာ. ၂၆-၃၉

အခန်း ၃

မင်္ဂလာဆောင်ပြီး နောက်ပိုင်း

၁။ ဒေသနာ ၄:၉၊ ၁၀ တွင်ဖော်ပြထားသော ပူးပေါင်းဆောင်ရွက်မှုမျိုးသည် အိမ်ထောင်တစ်ခုကို မည်သို့အကျိုးပြုနိုင်သနည်း။

သင်တို့မင်္ဂလာဆောင်ပြီးခဲ့ပါပြီ။ သင်တို့နှစ်ယောက် ယခု အိုးသစ်အိမ်သစ်အဖြစ် အခြေချနေပေပြီ။ သင်တို့ ပျော်ရွှင်မှု ပြီးပြည့်စုံလင်သွားပြီလော။ သင် ယခု တစ်ဦးတည်းမဟုတ်တော့၊ အေးအတူ ပူအမျှနှင့် တိုင်ပင်ရမည့်လူတစ်ယောက်ရှိနေပြီ။ ဒေသနာ ၄:၉၊ ၁၀ သည် သင်တို့၌မှန်ကြောင်းတွေ့ရသလော။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။” ဤသို့သောပူးပေါင်းမှုဖြင့် သင်တို့အိမ်ထောင် ဝေဝေဆာဆာရှိနေသလော။ အများအားဖြင့် ဘဝနှစ်ခုကို ဤသို့ပျော်ပျော်ပါးပါး ရောစပ်ခြင်းတွင် အချိန်နှင့်လုံ့လ လိုပေသည်။ သို့သော် အိမ်ထောင်များစွာတွင် ပျော်မလာခြင်းသည် ဝမ်းနည်းစရာပင်။

၂၊ ၃။ (က) မင်္ဂလာဆောင်ပြီးနောက် အဘယ်ဘဝအမှန်တရားများကို ရင်ဆိုင်ရမည်နည်း။ (ခ) မင်္ဂလာဆောင်ပြီးလျှင် ညှိစရာများရှိလိမ့်မည်ဟု တွက်ထားခြင်းသည် အဘယ်ကြောင့် သင့်လျော်သနည်း။

၂ စိတ်ကူးယဉ် ဇာတ်လမ်းများတွင် ဇာတ်ပေါင်းခန်း မတိုင်မီ အခက်အခဲပြဿနာစုံသည်။ ထို့နောက် ရာသက်ပန်လုံးပျော်ရွှင်စွာနေကြသတည်း။ တကယ့်ဘဝတွင်မူ တစ်ရက်ပြီးတစ်ရက် ပျော်ရွှင်စွာ အမြဲနေသွားရေးသည် တကယ့်စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ မင်္ဂလာဆောင်သည့်နေ့က ပျော်ရွှင်မှုပြီးသွားသည့် နောက်နေ့နံနက်စောစောထ၊ အလုပ်သွား၊ ဝယ်ခြမ်း၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ အိမ်သန့်ရှင်းရေးလုပ် စသည်ဖြင့် နေ့စဉ်အသက်တာဘဝစတော့သည်။

၃ လင်မယားဆက်ဆံရေးသည် ညှိနှိုင်းမှုရှိရသည်။ သင်တို့နှစ်ဦးစလုံး တကယ်တန်းလက်တွေ့မကျသည့်မျှော်မှန်းချက်၊ စိတ်ကူးအချို့နှင့် မင်္ဂလာဆောင်ခဲ့မည် သေချာသည်။ ယင်းတို့ အကောင်အထည်မပေါ်လာသောအခါ ရက်သတ္တပတ်အနည်းငယ်တွင် ယူကျုံးမရ ဖြစ်တတ်သည်။ သို့သော် သင့်ဘဝတွင် ကြီးမားသောအပြောင်းအလဲကြီး ပြုလုပ်ခဲ့သည်ကို မမေ့ပါနှင့်။ သင်တစ်ဦးတည်း၊ သို့မဟုတ် သင်တစ်သက်လုံးနေခဲ့သည့် မိသားစုနှင့် ယခုနေသည်မဟုတ်တော့။ သင်ယခု သူစိမ်းတစ်ယောက်နှင့်နေနေသည်။ သူ့ကို ယခင်က သင်သိခဲ့သည်ဟု ထင်သလောက်မသိကြောင်း တွေ့ရကောင်း တွေ့ရမည်။ သင့်အချိန်ဇယားသည် အသစ်၊ သင့်အလုပ်လည်း အသစ်ဖြစ်ချင်ဖြစ်မည်။ သင့် ငွေအင်အားလည်း မတူတော့။ မိတ်ဆွေသစ်များ၊ ဆွေမျိုးသစ်များကလည်း ရှိနေပြီ။ သင့်အိမ်ထောင်အောင်မြင်ရေးနှင့် ပျော်ရွှင်ရေးသည် ပြောင်းလဲရန် သင့်ဆန္ဒမည်မျှရှိသည်အပေါ် မူတည်သည်။

သင် ပြောင်းသာလွှဲသာ ရှိသလော

၄။ ညှိစရာများ ညှိနိုင်ရအောင် အဘယ်ကျမ်းစာစည်းမျဉ်းများသည် အိမ်ထောင်သည်များကို ကူညီနိုင်သနည်း။ (၁ ကောရိန္သု ၁၀:၂၄; ဖိလိပ္ပိ ၄:၅)

၄ မာနကြောင့် အချို့ ပြောင်းသာလွှဲသာဖြစ်ရန် ခက်တတ်သည်။ သို့သော် ကျမ်းစာဆိုသည့်အတိုင်း “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောသဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏။” (သု. ၁၆:၁၈) “သင့် . . . အင်္ကျီကိုယူလို . . . သူအား သင့်ဝတ်လုံကို” လည်းပေးလော့။ သင့်ကို . . . ခရီးတစ်တိုင်သွားစေလို . . . သူနှင့်တကွ နှစ်တိုင်သွားဦးလော့” ဟုယေရှုပြောခဲ့ရာတွင် အလျော့ပေးလိုက်လျောမှုကို အဆိုပြုနေခြင်းဖြစ်သည်။ နီးစပ်သူတစ်ဦးနှင့် ငြင်းခုံနေမည့်အစား “ကိုယ်သာ အမှားအဘယ်ကြောင့် အဖြစ်မခံကြသနည်း” ဟုတမန်တော်ပေါလုမေးခဲ့သည်။ (မဿဲ ၅:၄၀၊ ၄၁; ၁ ကောရိန္သု ၆:၇၊ ကဘ) ခရစ်ယာန်တို့သည် သင့်တင့်ရေးအတွက် ဤမျှ အလျော့ပေးနိုင်လျှင် လက်ထပ်ထားသည့် ချစ်မြတ်နိုးပါသည် ဆိုသူနှစ်ဦးတို့သည် မိမိတို့၏ မိတ်သဟာယအသစ် အောင်မြင်ရေးအတွက် အမှန်ပင်အပြောင်းအလဲများ လုပ်နိုင်ပါသည်။

၅။ မိမိအိမ်ထောင်ဖက်ကို အကောင်းဘက်၊ သို့မဟုတ် အဆိုးဘက်မှ မည်သို့မြင်တတ်သနည်း။

၅ ပျော်စရာနှင့် မပျော်စရာအခွင့်အလမ်းများသည် နေရာတကာ၌ရှိသည်။ အဘယ်အခွင့်အလမ်းကို သင်အမိဖမ်းမည်နည်း။ အပြုသဘောကို သင်အာရုံစိုက်မည်လော။ အဖျက်သဘော၌သာ ကျင်လည်နေမည်လော။ ‘ချစ်ရည်လူးတာတွေ ဘယ်ရောက်ကုန်ပြီလဲ။ စိတ်ဝင်စားစရာနေရာတွေ ခေါ်သွား၊ ကျွန်မနဲ့ အချိန်ဖြုန်းခဲ့တာတွေ ဘယ်ရောက်ကုန်ပြီလဲ။ သူ့မှာ လုပ်ရိုးလုပ်စဉ်တွေပဲ လုပ်နေတော့တာပဲ။ သူ ကျွန်မကို အခွင့်အရေးယူလွန်းတယ်။ အရင်က ကျွန်မသိထားတဲ့သူဟာ ဒီလိုလူစားမဟုတ်ပါဘူး’ ဟူ၍ဇနီးဖြစ်သူတစ်ဦးက ဆိုမည်။ ယင်းအစား ယခုအိမ်ထောင်ဖူလုံရေးအတွက် သူ့ခမျာ အလုပ်ပိုကြိုးစားနေရသည်ကို နားလည်ပြီး ကျေးဇူးတင်သလော။ တစ်ဖန်တုံ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည် ချက်ပြုတ်၊ သန့်ရှင်းနေရသောကြောင့် စွဲမက်စရာဖြစ်ရန် မိမိကိုယ်ကို လှပအောင် ပြင်ဆင်ချိန် သိပ်မပေးနိုင်သည်ကို နားလည်သလော။ သို့မဟုတ် ‘ငါလက်ထပ်ခဲ့တဲ့ မိန်းမချောကလေး ဘာဖြစ်သွားလဲ။ အခု ယောက်ျားရပြီဆိုတော့ အကြီးအကျယ်ပြောင်းလဲသွားပြီပေါ့’ ဟု တစ်ကိုယ်တည်းဝေဖန်သလော။

၆။ လင်မယားတို့ အိမ်ထောင်အောင်မြင်ဖို့ တကယ်တမ်းကြိုးစားကြပါက တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးမည်သို့ရှိမည်နည်း။

၆ မင်္ဂလာမဆောင်မီက လုပ်ခဲ့သမျှအားလုံး ယခုလုပ်ရန် နှစ်ဦးစလုံး အချိန်နှင့်ခွန်အား မတတ်နိုင်တော့ကြောင်း နားလည်သည်အထိ နှစ်ဦးစလုံး ရင့်ကျက်ဖို့ကောင်းသည်။ ယခုအချိန်သည် ပြောင်းသာလွှဲသာ ရှိရမည့်အချိန်၊ အိမ်ထောင်အောင်မြင်ဖို့ ကျေနပ်မှုပေးသောတာဝန်များ ပြီးမြောက်အောင် လုပ်ကိုင်နေရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်ပျက်အောင် တစ်ယောက်တည်းလုပ်၍ရသော်လည်း အိမ်ထောင်အောင်မြင်ဖို့ နှစ်ဦးပေါင်း၍ လုပ်ကိုင်ရသည်။ အိမ်ထောင်သာယာအောင် လုပ်ကိုင်ခြင်းသည် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ အောင်မြင်ခြင်းဟူသည် အခက်အခဲကြားမှ တစ်ခုခုကို အကောင်အထည် ဖော်ပြခြင်းဖြစ်သည်။ သင်တို့နှစ်ဦး လက်တွဲ၍ လုပ်ကိုင်ကြပါက မောင်တစ်ထမ်းမယ်တစ်ရွက်နှင့် အောင်မြင်သွားမည်။ ဤသို့လက်တွဲ၍ နှစ်ဦးအကျိုးသယ်ပိုးခြင်းသည် သင်တို့ကို ပေါင်းစည်းသည့်အရာဖြစ်သည်။ သင်တို့ကိုရင်းနှီးစေသည်၊ နှစ်ဦးကို တစ်ဦးတည်းဖြစ်စေသည်။ ယင်းကတစ်ဖန် အိမ်ထောင်ပြုရန် ရည်မှန်းခဲ့စဉ်က ခံစားခဲ့ရသည်များကို ကျော်လွှားစေသည့် မေတ္တာနှောင်ကြိုးကို ဖြစ်ထွန်းစေသည်။ ဤသို့ ပျော်မဆုံးမော်မဆုံး စည်းလုံးနေရာဝယ်၊ တစ်ယောက်နှင့်တစ်ယောက် မတူမညီသည်များကို ညှိနှိုင်းရသည်မှာ ဝမ်းသာစရာပင်ဖြစ်တော့သည်။

၇။ ဆုံးဖြတ်စရာများရှိလျှင် အဘယ်အခါများ၌ အလျှော့ပေးသင့်သနည်း။

၇ မေတ္တာဓာတ် တိုးလာသည်နှင့်အမျှ မာနစိတ် မှေးမှိန်လာမည်။ ထိုအခါ ပေးကမ်းခြင်းသာမက၊ စည်းမျဉ်းနှင့်မပတ်သက် ကိုယ့်အကြိုက် သူ့အကြိုက်နှင့် ပတ်သက်လာလျှင် အလျော့ပေး၊ လိုက်လျောရာ၌ တူတူညီညီ ရယ်ရယ်ပြုံးပြုံးဖြစ်လာ၏။ အိမ်အသုံးအဆောင် ဝယ်ခြမ်းရေး၊ ခွင့်ရက် သုံးပုံသုံးနည်း စသည့်ကိစ္စတို့ပင် ဖြစ်လာမည်။ တစ်ဖက်သား၏ ပျော်ရွှင်မှုကို ထည့်တွက်ကြောင်း ပေါ်လွင်လာလျှင် ယင်းဇနီးမောင်နှံသည် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ကြသည်ဟူသည့် တမန်တော်ပေါလု၏စကားများနှင့် ကိုက်ညီသောမောင်နှံစုံဖြစ်မည်။—ဖိလိပ္ပိ ၂:၄။

လိင်ကို အမြင်မှန်ရှိခြင်း

၈၊ ၉။ လင်မယားပေါင်းဖက်ခြင်းနှင့်ပတ်သက်၍ ကျမ်းစာအမြင်ကား အဘယ်နည်း။

၈ သံဝါသပြုသည့်ကိစ္စနှင့်ပတ်သက်၍ ကျမ်းစာသည် မပြောရဲမရေးရဲဘဲနှင့် ရှက်နေသည့်စာအုပ် မဟုတ်ပါ။ သံဝါသသည် ဇနီးမောင်နှံတို့ ပီတိသောမနဿ ဝေဖြာနေရန်အတွက်ဖြစ်ကြောင်း လင်္ကာအရေးအသားများဖြင့် ဖော်ပြသည်။ လိင်ကို ဇနီးမောင်နှံနှစ်ဦးတည်းအတွက် သီးသန့်ဖြစ်စေရမည်အကြောင်းကိုလည်း အထူးပြုသည်။—သု. ၅:၁၅-၂၁ ၌ ဤသို့တွေ့ရသည်:

“ကိုယ်ဆိုင်သောရေအိုးကိုသုံး၍ ကိုယ့်ရေတွင်းထဲကထွက်သော စမ်းရေကို သောက်လော့။ သင်၏စမ်းရေများပြား၍ လမ်းများအနားမှာစီးသော မြစ်များဖြစ်စေလော့။ တစ်ပါးအမျိုးသားနှင့်ပေါင်းဖက်၍ မဆိုင်စေဘဲ၊ ကိုယ်တစ်ပါးတည်းသာ ဆိုင်စေလော့။ သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မကဲ့သို့ဖြစ်၍ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့်အစဉ်ယစ်မူးလျက်နေလော့။ ငါ့သား သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့်ယစ်မူးသနည်း။ ပြည့်တန်ဆာမ၏ရင်ဘတ်ကို အဘယ်ကြောင့်ဖက်ယမ်းသနည်း။ လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မျက်မှောက်တော်၌ရှိကြ၍ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။”

၉ အသို့ဆိုစေ လိင်ကို ရေးကြီးခွင့်ကျယ်လုပ်လွန်းလျှင် မှားပါလိမ့်မည်။ အိမ်ထောင်အောင်မြင်ရေးသည် လင်မယားတို့၏ လိင်ပေါ်တွင်သာမူတည်ကြောင်း၊ လင်မယားအဖြစ် ဆက်ဆံရေးတွင် ကြီးမားသောအားနည်းချက်များရှိက ယင်းတို့ပင် ကျေအေးစေနိုင်ကြောင်း အမြင်ရှိခြင်းသည် မမှန်ပါ။ စာအုပ်၊ ရုပ်ရှင်၊ စီးပွားရေးလောကမှ လိင်အကြောင်းအရာ အသုံးအဆောင် ဒီလုံးကြီးသည် ကာမစိတ် ကြွစေအောင် လုပ်ထားပြီး လိင်ကို ယင်းတိုင် အရေးကြီးသယောင်ဖြစ်စေသည်။ သို့သော်ငြားလည်း ဘုရားသခင်နှုတ်ကပါဌ်တော်သည် ယင်းနှင့်သဘောမတူပါ။ ဘဝကဏ္ဍတိုင်းတွင် စိတ်ချုပ်တည်းမှုရှိရမည်ဆိုသည်။ ထိမ်းမြားခြင်း၌လည်း ထင်ရာစိုင်းနေလျှင် လင်မယားဆက်ဆံရေးကို အပေါစားဖြစ်စေအောင် လုပ်မိကြမည်။—ဂလာတိ ၅:၂၂၊ ၂၃; ဟေဗြဲ ၁၃:၄။

၁၀။ ဇနီးမောင်နှံလိင်ကိစ္စတွင် ညှိစရာများညှိရာ၌ အကူအညီဖြစ်စေသည့် သုံးသပ်စရာအချက်အချို့ကားအဘယ်နည်း။

၁၀ လိင်ကိစ္စတွင် အပေးအယူမျှသွားရန် အများအားဖြင့် ခက်ခဲမှုတွေ့ရတတ်ပြီး မင်္ဂလာဆောင်ပြီး အချိန်အတော်အတန်လည်း ကြာတတ်သည်။ အကြောင်းမှာ အသိပညာနည်းပြီး ကိုယ့်ကြင်ဖော်၏လိုအပ်ချက်များကို မသိခြင်းကြောင့်ပင်ဖြစ်တတ်သည်။ ကြည်ညိုလေးစားဖွယ် မိတ်ဆွေလင်မယားကို ကြိုတင်မေးထားလျှင် ကောင်းသည်။ ယောက်ျားနှင့်မိန်းမသည် သဏ္ဌာန်ချင်းမတူရုံသာမက ခံစားချက်ချင်းလည်း မတူကြပေ။ မိန်းမသားများ ယုယခံလိုခြင်းကို ထောက်စာရန်လည်း အရေးကြီး၏။ သို့သော်လည်း မူယာမာယာလုပ်ခြင်း၊ ရွံ့ဆုတ်ခြင်း၊ လိင်ကိုရှက်ကြောက်ခြင်း စသည်ဖြင့် မကောင်းသည့်ဘက်မှ မြင်ရန်လည်း မဟုတ်ပါ။ တချို့ယောက်ျားများယူဆကြသလို အောင်မြင်ခြင်းအထိမ်းအမှတ်လည်း မဖြစ်သင့်ပါ။ “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့” ဟူ၍ ကျမ်းစာ၌ရှိသည်။ သို့ပြုရာ၌လည်း ဤကျမ်းစာမူသည် သင့်လျော်သည်။ “ကိုယ်အကျိုးကို အဘယ်သူမျှ မရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။” တစ်ဖက်သားကို ပျော်စေချင်သည့်မေတ္တာနှင့် ဆန္ဒသာရှိပါက ပြေပြစ်စွာညှိနှိုင်းပေးနိုင်မည်။—၁ ကောရိန္သု ၇:၃; ၁၀:၂၄။

ကလန်ကဆန်မလုပ်ဘဲနှင့် ဆန့်ကျင်လော့

၁၁-၁၃။ အငြင်းပွားစရာများရှိလာသောအခါ ယင်းတို့သည် အိမ်ထောင်ကွဲမှုမဖြစ်သွားရစေရန် အဘယ်အရာများကို ကျွန်ုပ်တို့သတိပြုရမည်နည်း။

၁၁ ကမ္ဘာပေါ်တွင် အဘယ်လူနှစ်ဦးမျှ တစ်ထေရာတည်းဟူ၍ မရှိပါ။ တစ်သီးပုဂ္ဂလစီသာ၊ ဤသည်က အဘယ်လူနှစ်ဦးမျှ အရာရာ၌သဘောတူညီမည်မဟုတ်ဟုလည်း အဓိပ္ပာယ်ရသည်။ စိတ်သဘောမတိုက်ဆိုင်မှုများကြောင့် တစ်ဆိတ်ရှိ အော်ကြဟစ်ကြ၊ ဆွဲလားလွှဲလားနှင့် ရိုက်ပုတ်၊ ပစ္စည်းဥစ္စာများ ပေါက်ခွဲလွှင့်ပစ်။ တစ်ရက်နှစ်ရက်၊ တစ်ပတ်နှစ်ပတ် အိမ်ကဆင်းသွား၊ စကားမပြာဘဲနေကြနှင့် လုပ်တတ်ကြသည်။ ဤသို့မလုပ်ဘဲနှင့်လည်း သဘောမတိုက်ဆိုင် ဖြစ်နိုင်ပါသည်။ အဘယ်သို့နည်း။ သက်ဆိုင်ရာအခြေခံအမှန်တရားကို ရင်ဆိုင်ခြင်း ဖြင့်ပင်။

၁၂ ကျွန်ုပ်တို့အားလုံး မစုံလင်ပါ။ ချွတ်ယွင်းချက်အားလုံးရှိကြပြီး စေတနာအပြည့်ထားသည့်ကြားမှ အားနည်းချက်များ ပေါ်ပေါက်တတ်သည်။ မိမိအရေးတွင် ဤအချက်မှန်ကြောင်း ပေါလုတွေ့ခဲ့သည်။ “ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ကိုကျင့်လျှင် ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။” (ရောမ ၇:၁၉) ကနဦးမိဘထံမှ ကျွန်ုပ်တို့အပြစ်ကိုအမွေရခဲ့သည်။ စုံလင်မှုဟူသည် ကျွန်ုပ်တို့အစွမ်းနှင့် လက်လှမ်းမမီနိုင်သည့်အရာ။ ထို့ကြောင့် “ငါသည် စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။”—သု. ၂၀:၉; ဆာလံ ၅၁:၅; ရောမ ၅:၁၂။

၁၃ ကျွန်ုပ်တို့ ကိုယ့်အမှားများကို လက်ခံခွင့်လွှတ်ကြသည်။ ကိုယ့်ကြင်ဖော်၏အမှားများကိုမူ လက်ခံခွင့်မလွှတ်နိုင်ပြီလော။ ကျွန်ုပ်တို့အပြစ်သားများဖြစ်ကြောင်း အသာတကြည်ပင် အသိအမှတ်ပြုမည်သေချာသော်လည်း တစ်စုံတစ်ခုသောအပြစ်ကိုမူ ဝန်ခံရန် ခက်ခဲတွန့်ဆုတ်နေသလော။ ဝန်ခံရန်ဇွတ်ငြင်းဆိုတတ်ခြင်းသည် ကျွန်ုပ်တို့၏အိမ်ထောင်ဖက်များ အပါအဝင် လူတို့၏သဘာဝပင်ဖြစ်ကြောင်း နားလည်ထားကာ ခွင့်ပြုတန်လျှင် ခွင့်ပြုတတ်သလော။ “သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဟုမှုတ်သွင်းခံ အဆိုတစ်ရပ်ရှိသည်။ သင်လည်း သူသူငါငါကဲ့သို့ “ရွှေပညတ်” ကိုဆွဲကိုင်မည်မှာ ယုံမှားဖွယ်မရှိ။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟု ကျော်ကြားသောတောင်ပေါ်ဒေသနာတွင် ယေရှုမိန့်ဆိုခဲ့၏။ ဤသို့ လူတိုင်းပြောတတ်ကြသော်လည်း ကျင့်သူကား ရှာမှရှား။ ယင်းကိုသာ သဘောရိုးဖြင့် ကျင့်ပါက လင်မယားပြဿနာအပါအဝင် လူမှုဆက်ဆံရေးအခက်အခဲအားလုံး ပြေလည်သွားမည်သာ။—သု. ၁၉:၁၁; မဿဲ ၇:၁၂။

၁၄၊ ၁၅။ (က) မိမိအိမ်ထောင်ဖက်ကို အခြားသူတစ်ဦးနှင့် ချိုးချိုးနှိမ်နှိမ် နှိုင်းယှဉ်ပါက ဘာဖြစ်တတ်သနည်း။ (ခ) အဘယ်ကိစ္စများတွင် ထိုသို့သောနှိုင်းယှဉ်မှုများကို မိုက်မဲစွာ လုပ်တတ်ကြသနည်း။

၁၄ ပုဂ္ဂိုလ်တစ်ဦးအနေနှင့် သဘောထားကာ ဆက်ဆံခံရခြင်းကို ကျွန်ုပ်တို့အားလုံး ကြိုက်နှစ်သက်ကြသည်။ လူတစ်ယောက် ကျွန်ုပ်တို့ကို ချိုးချိုးနှိမ်နှိမ် အခြားလူတစ်ဦးနှင့် နှိုင်းယှဉ်လျှင် ကျွန်ုပ်တို့၏အရည်အချင်းနှင့် အစွမ်းအစတို့ကို ညံ့ဖျင်းသည်ဟု သဘောထားလျှင် ကျွန်ုပ်တို့ အဘယ်သို့တုံ့ပြန်သနည်း။ အများအားဖြင့် ခံရခက်သည်၊ ဒေါသဖြစ်သည်။ ‘ငါက ငါပဲ၊ သူမှ မဟုတ်တာ’ ဟုပြောတတ်ကြသည်။ ကျွန်ုပ်တို့ကိုနားလည်မှုရှိရှိ ဆက်ဆံစေချင်သောကြောင့် ဤသို့နှိုင်းယှဉ်သည့်နည်းသည် အများအားဖြင့် လှုံ့ဆော်မှုမရှိပါ။

၁၅ ဥပမာပုံ၊ အသင်ခင်ပွန်းတို့၊ ဇနီးသည် ချက်သည့် ဟင်းထမင်းအတွက် ကျေးဇူးတင်သလော၊ သို့မဟုတ် သင့်အမေချက်သလောက် မကောင်းဟုညည်းသလော။ သင့်အမေအိမ်ထောင်ကျစက ဘယ်လောက်ချက်တတ်သည်ကို သင်သိသလော။ သင့်ဇနီးသည် သင့်အမေချက်ခဲ့သည်ထက်ပင် ကောင်းလျှင် ကောင်းနေမည်။ လုပ်ငန်းဆောင်တာအသစ်များနှင့် အသားကျကျင်လည်သွားစေရန် သင့်ဇနီးကို အခွင့်အလမ်းပေးပါ။ အသင်ဇနီးလည်း သင့်အဖေလောက် သင့်ခင်ပွန်း လခမရဟု ညည်းသလော။ အိမ်ထောင်ကျစက သင့်အဖေ ဝင်ငွေမည်မျှရှိသနည်း။ ဘယ်လောက်ပင်ရရ အကြောင်းမဟုတ်ပါ။ အရေးကြီးသည်ကား သင့်ခင်ပွန်းကို သင်ပေးသည့်အကူအညီပင်ဖြစ်သည်။ သူ့လုပ်အားကို သင်တန်ဖိုးထားသည်ဟု သူခံစားမိစေရန် သူ့အတွက် အလုပ်ချိန်မီ စောစောထပြီး မနက်စာချက်ပေးသလော။ မိဘဆွေမျိုးများ၊ မိတ်ဆွေများနှင့် ပတ်သက်၍လည်းကောင်း၊ အပန်းဖြေမှုနှင့်ပတ်သက်၍လည်းကောင်း တဖျစ်တောက်တောက်နှင့် သင်တို့စကားများတတ်သလော။ ယင်းတို့နှင့် အခြားအငြင်းပွားမှုများ ပေါ်ပေါက်နိုင်သည်။ မည်သို့ဖြေရှင်းမည်နည်း။

၁၆။ အော်ကြီးဟစ်ကျယ် စကားများခြင်းသည် မတူညီမှုများကို ဖြေရှင်းပေး၏ဟူသောသီအိုရီသည် အဘယ်ကြောင့်မှားသနည်း။

၁၆ အငြင်းပွားစကားများမှုများသည် အခက်အခဲများကို အောင်မြင်အောင်ကြိုးစားရာတွင် အသုံးကျသည်ဟု ခေတ်ဒဿနိကပညာရှင်များ အခိုင်အမာပြောဆိုကြသည်။ သူတို့၏ သီအိုရီကား မကျေနပ်စရာများ ပုံလာသည်၊ မခံချင်စိတ်ပွားစေပြီး နောက်ဆုံး အော်ကြီးဟစ်ကျယ် စကားများတော့သည်။ ဤသို့ အော်ကြဟစ်ကြရာတွင် ကြာမြင့်စွာကချုပ်ခဲ့သည့် ဒေါသတို့သည် ပေါက်ကွဲထွက်လာသည်၊ ပွင့်အံလျှံထွက်လာသည်စသည်ဖြင့်ဖြစ်သည်။ ဤအခြေမတိုင်မချင်း မကျေနပ်မှုများကို နှူးထားနှပ်ထားပြီးမှ ဆူပွက်သွားစေခြင်းဖြစ်သည်။ သို့သော် အန္တရာယ်ကား သင်မရည်ရွယ်သည်များကို ပြောမိမည်၊ မကုစားနိုင်တော့သည့်အထိ အနာတရဖြစ်စေနိုင်သည်။ သင်မည်သည့်အထိ ပြောမိနိုင်သနည်းဆိုလျှင် နောက်ပိုင်းတွင် သင်ဖျက်၍ မနိုင်တော့သော ဆက်ဆံရေးအဟန့်အတားကြီး ဖြစ်လာပေလိမ့်မည်။ သု. ၁၈:၁၉ က “အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ဖြစ်၏” ဟူ၍ သတိပေးသကဲ့သို့ဖြစ်ပေလိမ့်မည်။ ကျမ်းစာတွင်တွေ့ရသော ဒုတိယသြဝါဒမှာ ဤသို့ဖြစ်သည်။ “ရန်မတွေ့မီ ခုခံ ငြင်းခုံခြင်းကို စွန့်လော့” ဟုဆိုသည်။ —သု. ၁၇:၁၄၊ သမ္မ။

အဆက်အသွယ်လုပ်ကြ

၁၇။ မပြေလည်မှုများ စုပြီးပေါက်ကွဲသွားခြင်းကို ကာကွယ်ရန် ဘာလုပ်မည်နည်း။

၁၇ ပေါက်ကွဲရသည့်အခြေအနေရောက်သည်အထိ မပြေလည်မှုများကို စုထားမည့်အစားယင်းတို့ပေါ်ပေါက်လျှင် ပေါ်ပေါက်ချင်း ဆွေးနွေးလိုက်လျှင် ကောင်းသည်။ နည်းလမ်းမကျမှုတစ်ခုကို ငေးမှိုင်စဉ်းစားနေခြင်းသည် အမှန်တကယ်ဆိုးသည်ထက် ပိုဆိုးသည်ဟု အမြဲလိုလိုထင်ရတတ်သည်။ ဖြေရှင်းချင်ရှင်း၊ မဟုတ်လျှင် မေ့ပစ်လိုက်။ အမှတ်မထင်ဖြစ်သည့်ကိစ္စလော။ သို့ဖြစ်က အမှတ်မထားပါနှင့်။ ဖြေရှင်းဖို့ လိုသလော။ သင့်အိမ်ထောင်ဖက် သင့်ကို ဝမ်းနည်းအောင် တစ်ခုခုလုပ်မိသလော။ ပစ်ပစ်ခါခါ မပြောလိုက်ပါနှင့်။ မေးခွန်းသဘောမျိုးနှင့် အချက်အလက်များကို ဖော်ထုတ်ကြည့်ပါ။ သို့မဟုတ် ဆွေးနွေးစရာဖြစ်စေမည့် အကြံပေးချက်များပေးပါ။ ဥပမာ၊ ‘အချစ်ရေ၊ ကိုယ်နားမလည်တာ တချို့ရှိတယ်။ ကိုယ့်ကိုရှင်းပြပါလား’ ဟု ပြောဆိုနိုင်သည်။ ထို့နောက် နားထောင်ပါ။ တစ်ဖက်သား၏ အမြင်ကို နားလည်အောင် ကြိုးစားပါ။ “အကျိုးအကြောင်းကို မစစ်မီ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏” ဟု သု. ၁၈:၁၃ ပါ သတိပေးစကားကို လိုက်နာပါ။ ရေးကြီးသုတ်ပြာနှင့် ကျွန်ုပ်တို့ကို တလွဲယူဆလိုက်သည်ကို ကျွန်ုပ်တို့တစ်ယောက်မျှ မကြိုက်ကြပါ။ ထို့ကြောင့် အလျင်စလို တုံ့ပြန်မည့်အစား ယင်းလုပ်ရပ်၏ နောက်ကွယ်သဘောထားနှင့် ရည်ရွယ်ချက်တို့ကို သိနားလည်အောင် ကြိုးစားပါ။ သု. ၂၀:၅ အကြံပေးသည့်အတိုင်း ပြုလုပ်ပါ။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။”

၁၈။ သုန်မှုန်နေခြင်းများကို ဖြေဖျောက်ရန် ဘာကကျွန်ုပ်တို့အား ကူညီနိုင်သနည်း။

၁၈ သင် စိတ်လိုက်မာန်ပါ လုပ်တတ်သလော။ စိတ်ထား မတည်ငြိမ်သူနှင့် ပေါင်းရခက်ပါသည်။ စိတ်အထာဟူသည် ကျွန်ုပ်တို့မထိန်းနိုင်၊ ဦးနှောက်တွင်းရှိ ဒြပ်စင်များပေါ်မူတည်သည်ဟု အချို့ အခိုင်အမာဆိုကြသည်။ ယင်းအဆိုမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ခံစားချက်သည် ကူးစက်တတ်သည်။ အသိုင်းအဝိုင်းကြောင့် တက်ကြွသည်၊ သို့မဟုတ် စိတ်ဓာတ်ကျသည်။ တေးသံတို့လည်း စိတ်အထာအမျိုးမျိုးကို ဖြစ်စေနိုင်သည်။ ဝတ္ထုတို့လည်း ထို့အတူပင်။ ကျွန်ုပ်တို့စိတ်တွင် သိုမှီးသည့်အတွေးတို့သည် ခံစားမှုအပေါ် အာနိသင်ရှိသည်။ အပျက်အကြောင်းများကိုသာ တွေးမှိုင်နေလျှင် သင်ဝမ်းနည်းရမည်။ သန္နိဌာန်တစ်ခု ချမှတ်လိုက်ရုံနှင့် အပြုသဘောများ တည်ဆောက်စရာများကိုသာစဉ်းစားရန် ကြပ်မတ်နိုင်သည်။ အကောင်းကိုပဲ တွေးပါ။ (ဖိလိပ္ပိ ၄:၈) ဤသို့လုပ်ရန် ခက်နေပါက အလုပ်ကြမ်းတစ်ခု ထလုပ်ပါ။ မြက်ပေါက်၊ ကြမ်းတိုက်၊ ခတ်သုတ်သုတ် လမ်းထွက်လျှောက်ပါ။ သို့မဟုတ် ခင်တန်းတစ်လျှောက် လမ်းလျှောက်ပါ။ သူတစ်ပါးအကျိုးပြု အလုပ်တစ်ခုလုပ်ကိုင်မည်ဆိုလျှင် သာ၍ပင်ကောင်းပါသည်။ သင့်အာရုံနှင့် မာန်ကို တခြားသို့လွှဲလိုက်ပါ။ သုန်သုန်မှုန်မှုန်ဖြစ်အောင် လုပ်နေသည်ထက် လန်းဆန်းပေါ့ပါးနေအောင် လုပ်နေခြင်းက ပိုကောင်းသည်။ သင့်အတွက် ပျော်မြူးဖွယ်ဖြစ်သလို သင့်ကြင်ဖော်အတွက်လည်း ဖြစ်သည်။

၁၉။ မိမိအိမ်ထောင်ဖက်၏ စိတ်အထာများကို မည်သို့နားလည်မှုရှိနိုင်သနည်း။

၁၉ မည်သို့ပင်ဆိုစေ သင်အလွန်ဝမ်းနည်းရမည့်ကိစ္စများ ဖြစ်တတ်ပါသည်။ သို့မဟုတ် အသည်းအသန် ဖျားနာမှုများလည်း ကြုံရမည်။ သို့မဟုတ် သင့်ဇနီးဆိုလျှင် အာရုံနှင့် စိတ်လှုပ်ရှားမှုတို့ကို ထိခိုက်စေသော ဟော်မုန်းဓာတ်ပြုမူကို အကြီးအကျယ် ပြောင်းလဲစေသည့် လစဉ် ရာသီလာခြင်းအချိန်နှင့် ကိုယ်ဝန်ဆောင်ခြင်းတို့ကို ကြုံရမည်။ အမျိုးသမီးများ ရာသီမလာမီပင် စိတ်တင်းကျပ်မှုကို သတိမထားမိလိုက်ဘဲ ခံစားလိုက်ရမည်။ အမျက်ခြောင်းခြောင်းမထွက်ဘဲ အခြေအနေကိုနားလည်ကြောင်း ပြလိုက်ရန် ခင်ပွန်းအတွက် အရေးကြီးသည့်အရာတစ်ခုဖြစ်သည်။ ဤသို့အခါထူးများတွင် စိတ်ထားအပြောင်းအလဲများ၏ တရားခံကို လင်ရောမယားပါ သိထားကာ အပြုသဘောနှင့် တုံ့ပြန်ရန်လိုပေသည်။ “ပညာရှိသောသူ၏နှလုံးသည် သူ၏နှုတ်ကို သွန်သင်၍ သူ၏နှုတ်ခမ်းတို့၌ ပညာအတတ်ကို ထပ်လောင်းတတ်၏။” ထို့ပြင် “အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏။”—သု. ၁၆:၂၃; ၁၇:၁၇။

၂၀-၂၂။ (က) မရှိသင့်သော မနာလိုမှု အဘယ်ကြောင့် ရှောင်ရမည်နည်း။ (ခ) မိမိအိမ်ထောင်ဖက် စိတ်ချရအောင် ဘာလုပ်ပေးနိုင်သနည်း။

၂၀ သင့်အိမ်ထောင်ဖက်သည် သဝန်ကြောင်တတ်သလော။ မိမိနာမည်ကောင်းရဖို့နှင့် အိမ်ထောင်အတွက် သဝန်ကြောင်ခြင်းသည် နည်းလမ်းကျပါသည်။ အတ်ဒရင်နလင်ဆေးသည် နှလုံးကို ပြန်ခုန်အောင်လုပ်နိုင်သကဲ့သို့ မြတ်နိုးသည့်အရာတစ်ခုကို ကာကွယ်ရန် သဝန်ကြောင်မှုသည် စိုးလ်ကို နှိုးဆော်ပေးပေသည်။ သဝန်ကြောင်မှု၏ ဆန့်ကျင်ဘက်သည် ဥပေက္ခာပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မိမိအိမ်ထောင်ဖက်ကို ဥပေက္ခာမပြုသင့်ပါ။

၂၁ သို့သော် သဝန်ကြောင်မှုနောက်တစ်မျိုး ရှိသေးသည်။ စိတ်မချမှုမှ ပေါက်ဖွားလာပြီး စိတ်ထင်ပေါ် မူတည်ပြီး ကြီးထွားလာသည့် မနာလိုမှုဖြစ်သည်။ ဤသို့အတွေးခေါင်ပြီး တစ်ဖက်စောင်းနင်း မနာလိုမှုသည် အိမ်ထောင်ကို အကျဉ်းထောင်ဖြစ်စေ၍ အယုံအကြည်မရှိ၊ မေတ္တာစစ်လည်း တိမ်မြုပ်စေသည်။ ဤအနေနှင့် “မေတ္တာသည် မနာလိုခြင်းမရှိ။ ဤသို့သောဖိစီးသည့် မနာလိုမှုသည် အရိုးဆွေးမြည့်ခြင်း” အကြောင်းဖြစ်၏။—၁ ကောရိန္သု ၁၃:၄၊ ကဘ; သု. ၁၄:၃၀။

၂၂ သင့်ကြင်ဖော်သည် သင့်ကိုစိတ်မချနိုင်ဘဲ သဝန်ကြောင်စရာ အကြောင်းမှန်ရှိနေလျှင် ထိုအကြောင်းကိစ္စကို ချက်ချင်းရပ်ဆိုင်းလိုက်ပါ။ အကြောင်းမရှိဘဲနှင့် သဝန်ကြောင်နေပါက သူ့ကို သင်အတတ်နိုင်ဆုံးစကားနှင့်လည်းကောင်း၊ သာ၍အရေးကြီးသည်ကား၊ အလုပ်ဖြင့်လည်းကောင်း သင့်ကို စိတ်ချလာရန် ဆောက်တည်ပေးပါ။ သူ့အသည်းနှလုံးကို ထိမိအောင် ကြိုးစားပါ။

၂၃။ လင်မယားပြဿနာများဖြေရှင်းရန် အပြင်လူများကို အကူအညီတောင်းလိုပါက အဘယ်အချက်များ ထည့်တွက်လျှင် အကျိုးရှိမည်နည်း။

၂၃ လင်မယားချင်း မပြေလည်မှုများကို ရှင်းရာတွင် အပြင်လူတို့ အကူအညီဖြစ်နိုင်သလော။ ဖြစ်နိုင်စရာရှိသည်။ သို့သော် လင်မယားနှစ်ဦးစလုံး သဘောတူမှဖြစ်သည်။ ပထမ “အပေါင်းအဖော်နှင့် ထိုအမှုအရာကို ဆွေးနွေးလော့။ သူနှင့်ဆိုင်ရာ လျှို့ဝှက်အပ်သောအရာကို သူတစ်ပါးအား ထုတ်၍မပြနှင့်။” (သု. ၂၅:၉) မိဘမောင်ဖွားများကို ဖျန်ဖြေစေရာတွင် အထူးအရဲစွန့်ရသည်။ သူတို့ဘက်လိုက်မည်မှာ အမှန်။ ကျမ်းစာက ပညာရှိစွာ ဤသို့ဆိုသည်။ “ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၄) ဇနီးသည်အဖို့လည်း မိဘနှင့်ဆက်ဆံရေး၊ ခင်ပွန်းနှင့်ဆက်ဆံရေးသည် ဤအတိုင်း ဖြစ်ရမည်။ မိဘမောင်ဖွားများကို မိမိဘက်ပါပြီး ဖျန်ဖြေစေမည့်အစား လင်မယားသည် တစ်ပေါင်းတည်းရှိသင့်သည်။ မိမိပြဿနာကို လက်တွဲပြီးဖြေရှင်းရမည့်ကိစ္စအဖြစ် မြင်သင့်သည်။ အိမ်ထောင်ဖက်၏ခွင့်ပြုချက်မရှိဘဲ အခြားသူကို အကူအညီတောင်းခြင်းသည် သူတစ်ပါးရှေ့၌ အောက်ကျသည်။ သင်တို့ပွင့်ပွင့်လင်းလင်း၊ ချစ်ချစ်ခင်ခင်သာ စကားပြောဆိုကြပါက သင်တို့ဘာသာ ပြဿနာမရှင်းနိုင်စရာအကြောင်းမရှိပါ။ အခြားဝါရင့်သူများ အကြံဉာဏ်ကို တောင်းဆိုနိုင်ပါသည်။ သို့သော် နောက်ဆုံးတွင် ကိုယ်ကိုယ်တိုင်နှင့် ကိုယ့်ဇနီး ဆုံးဖြတ်စရာဖြစ်သည်။

၂၄၊ ၂၅။ အိမ်ထောင်ရေးပြဿနာများ ဖြေရှင်းရာ၌ ဝင့်ဝါစိတ် ဝင်ရှုပ်နေလျှင် ဘာလုပ်နိုင်သနည်း။

၂၄ “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်” ကြနှင့်ဟု တမန်တော်ပေါလုအကြံပေးသည်။ (ရောမ ၁၂:၃) “သူတစ်ပါးကို ကိုယ့်ထက်ချီးမြှောက်ကြလော့” ဟု ဆက်ပြောသည်။ (ရောမ ၁၂:၁၀) တစ်ခါတစ်ရံ ကျွန်ုပ်တို့ မာန်ကျိုးသွားလျှင် ကိုယ့်ကိုယ်ကို ထင်ခဲ့သလောက် မဟုတ်ပါလားဟု အမြင်မှန်ရတတ်သည်။ ကျွန်ုပ်တို့သည် စင်စစ် ဤကမ္ဘာဂြိုဟ်လောက် မထည်ဝါပါ။ ကမ္ဘာဂြိုဟ်သည်လည်း ကြယ်မှိန်စုတွင် သေးသေးသောသောကလေး။ ကြယ်မှိန်စုကတစ်ဖန် စကြဝဠာတွင် ဘာမျှမဟုတ်။ ယေဟောဝါ၏မျက်စိထဲတွင် “ခပ်သိမ်းသောလူအမျိုးမျိုးတို့သည် အဘယ်မျှမဟုတ်သကဲ့သို့ ရှေ့တော်၌ဖြစ်ကြ၏။ အဘယ်မျှမဟုတ်သောအရာထက် သာ၍ငယ်သကဲ့သို့လည်းကောင်း၊ အနတ္တကဲ့သို့လည်းကောင်း မှတ်တော်မူ၏။” (ဟေရှာယ ၄၀:၁၇) ဤသို့သောအတွေးများက အမြင်မှားကင်းစေသည်။ နောက်ဆုံးသော် မပြေလည်မှုများသည် ထင်သလောက်မကြီးကျယ်ကြောင်း တွေ့ရစေသည်။

၂၅ တစ်ခါတစ်ရံ ဟာသနှောတတ်သည့်သဘောဖြင့် ကိုယ့်ကိုယ်ကို ဟားတိုက်ရယ်နိုင်ခြင်းသည် ရင့်ကျက်သည်ဟူသည့် အမှတ်အသားပင်။ ဘဝတစ်ကွေ့တွင် ကြုံရသည့် ကြမ်းတမ်းမှုများကိုလည်း ပြေပျောက်စေနိုင်သည်။

“သင်၏အစာကို ရေပေါ်မှာ ပစ်ချလော့”

၂၆၊ ၂၇။ အေးချမ်းစွာဖြင့် အိမ်ထောင်ရေးပြဿနာများရှင်းရန် တစ်ယောက်က ကြိုးစားသည်ကို တစ်ယောက်က ဂရုမစိုက်လျှင် အဘယ်ကျမ်းစာစည်းမျဉ်းများကို အသုံးပြုမည်နည်း။ အဘယ်ကြောင့်နည်း။

၂၆ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် သင့်အားထုတ်မှုကို အိမ်ထောင်ဖက်အရေးမလုပ်လျှင် အဘယ်သို့နည်း။ “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်” ဟု ကျမ်းစာတိုက်တွန်းသည်။ “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့သူ” ယေရှုသည် ကျွန်ုပ်တို့၏စံပြပင်။ လူတို့သည် သူကြင်မှ ကိုယ်ကြင်ကြသည်။ သို့သော် ဤမူကိုသာ သင်ကျင့်ပါက သင့်ကို အခြားသူတို့ ပုံသွင်းစေခြင်းဖြစ်သည်။ အမှန်မှာ သူတို့ပုံ သင့်ကိုသွင်းခြင်းသာ။ ဤသို့ပုံသွင်းခံပါက မိမိရပ်တည်မှု၊ မိမိနှစ်သက်ရာစည်းမျဉ်းများနှင့် မိမိကိုယ်ကို ပထားလိုက်ရာရောက်မည်။ ယင်းအစား ယေရှုကိုတုပပါ။ ကိုယ်တော်သည် မိမိအပါးတော်မှ လူတို့၏ အားနည်းချက်များကြောင့် ပြောင်းလဲခြင်းမရှိဘဲ မိမိရှိရင်းစွဲအတိုင်းသာ နေတော်မူသည်။ “ငါတို့သည် သစ္စာမတည်သော်လည်း ကိုယ်တော်သည် သစ္စာတည်တော်မူ၏။ အကြောင်းမူကား၊ ကိုယ်ကိုငြင်းပယ်တော်မမူနိုင်။”—ရောမ ၁၂:၁၇; ၁ ပေတရု ၂:၂၃; ၂ တိမောသေ ၂:၁၃၊ သမ္မ။

၂၇ မကောင်းမှုသံသရာကို ရပ်လိုက်နိုင်သည့်အထိ သင်ခိုင်မာလျှင် ကောင်းမှုသံသရာကို အစပျိုးလိုက်နိုင်မည်။ “ဖြည်းညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။” (သု. ၁၅:၁) ဖြည်ညင်းသောစကားသည် ပျော့ညံ့ခြင်းကြောင့်ဖြစ်သည်မဟုတ်။ ခိုင်မာခြင်း၏ အသီးအပွင့်ပင်။ သင့်ကြင်ဖော်သည် ဤသည်ကို ရိပ်မိလိမ့်မည်။ လူအများတို့သည် တန်ပြန်တတ်သည်ဖြစ်ရကား သင့်ထိုးဖောက်မှုသည် မကောင်းမှု သူတစ်ပြန် ကိုယ်တစ်ပြန် ပြုနေသည့်အဖြစ်မှ၊ ကောင်းမှု သူတစ်ပြန် ကိုယ်တစ်ပြန် ပြုသည့်အဖြစ်သို့ ပြောင်းနိုင်ပေမည်။ ကျမ်းချက်အချို့က ဤအကြောင်းကိုဖော်ပြသည်။ “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကိုရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။” “အကြင်ချိန်တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။” “သင်၏အစာကို ရေပေါ်မှာ ပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်တွေ့လေဦးမည်။” (သု. ၁၁:၂၅; လုကာ ၆:၃၈; ဒေသနာ ၁၁:၁) သင်ပြုသည့်ကောင်းမှုသည် သင့်ကြင်ဖော်ထံမှ ကောင်းရာများကို ပြန်လည်ခံစားရန် အချိန်အတော်အတန်ကြာချင်ကြာမည်။ ယနေ့ ပျိုးကြဲပြီး မနက်ဖြန် သင် ကောက်မသိမ်းပါ။ “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ . . . အားမလျှော့ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”—ဂလာတိ ၆:၇-၉။

၂၈။ အိမ်ထောင်သာယာရေးအတွက် နယပုံပြင် (Proverbs) ကျမ်းတွင်ပါသောစည်းမျဉ်းကောင်းအချို့ကား အဘယ်နည်း။ မည်သို့ကောင်းသနည်း။

၂၈ အိမ်ထောင်သည်များသုံးသပ်ရန် ကျမ်းချက်များနှင့် မေးခွန်းအချို့ကို ပေးထားပါသည်:

သု. ၁၄:၂၉: “စိတ်ရှည်သောသူသည် ပညာကြီးမား၏။ စိတ်တိုသောသူမူကား အထူးသဖြင့် မိုက်ပေ၏။” အချိန်ယူပြီး စဉ်းစားပါက အများအားဖြင့် စိတ်ဆိုးစရာအကြောင်း မရှိသည်ကို တွေ့ရတတ်သလော။

သု. ၁၇:၂၇: “သိပ္ပံအတတ်နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသူသည်လည်း ဧသောစိတ်ရှိတတ်၏။” စိတ်ငြိမ်ငြိမ်ထားပြီး သင့်ကြင်ဖော်အား ဒေါသထွက်စေမည့်စကားများကို ပြန်မပြောဘဲနေသလော။

သု. ၂၅:၁၁: “လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီခြယ်သောရွှေရှောက်ချိုသီးနှင့် တူ၏။” တစ်ချိန်အတွက် သင့်တော်သည့်စကားသည် နောက်တစ်ချိန်အတွက် သင့်တော်ချင်မှ သင့်တော်မည်။ အချိန်မှန်၊ စကားမှန်ဖြစ်အောင် သင်ဝေခွဲတတ်သလော။

သု. ၁၂:၁၈: “သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ်သောလူတချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုပင် ပျောက်စေတတ်၏။” တစ်ခုခုမပြောမီ ပြောမည့်စကားသည် ကြင်ဖော်အား မည်သို့ထိခိုက်မည်ကို သင်စဉ်းစားသလော။

သု. ၁၀:၁၉: “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏။” တစ်ခါတစ်ရံ ကျွန်ုပ်တို့စိတ်တိုသည့်အခါ မပြောသင့်သည်များကို ပြောပြီးနောက်မှ စိတ်မကောင်းဖြစ်တတ်သည်။ ဤသို့မဖြစ်ရန် သင်ကြိုးစားသလော။

သု. ၂၀:၃: “ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ်အသရေရှိ၏။ မိုက်သောသူမူကား အမှုနှင့်ရောနှောတတ်၏။” လူနှစ်ယောက်ရှိမှ စကားများနိုင်၏။ စကားမများဘဲ နှုတ်ပိတ်နိုင်သည်အထိ ရင့်ကျက်သလော။

သု. ၁၀:၁၂: “မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။” အငြင်းပွားခဲ့သည်များကို ပြန်ပြန်ပြောတတ်သလော။ သို့မဟုတ် ယင်းတို့ကို ပြီးပြီးပျောက်ပျောက် ထားနိုင်သည့်အထိ ကြင်ဖော်ကို ချစ်သလော။

သု. ၁၄:၉၊ “အင်္ဂလိပ်ကျမ်းစာသစ်”: “လူမိုက်သည် မာနထောင်လွှားသဖြင့် သူတစ်ပါး စိတ်ကျေနပ်အောင် မပြုလုပ်။ ဖြောင့်မတ်သောသူတို့မူကား ပြန်၍သင့်တင့်အောင် ကြိုးစားသည်။” အိမ်ထောင်တွင် သင့်တင့်မှုရှိအောင် အလျော့မပေးနိုင်သည့်အထိ သင်မာနကြီးသလော။

သု. ၂၆:၂၀: “ထင်းမရှိလျှင် မီးသေတတ်” ၏။ အငြင်းပွားခြင်းကို သင်ရပ်လိုက်နိုင်သလော။ သို့မဟုတ် အနိုင်သာ ပြောချင်သလော။

ဧဖက် ၄:၂၆: “အမျက်မပြေဘဲ နေမဝင်စေနှင့်။” မပြေလည်မှုများကိုသာတွေးပြီး နှစ်ဦးစလုံးအတွက် စိတ်ဒုက္ခကို မွေးထားသလော။

၂၉။ အိမ်ထောင်ရေးကို ထိန်းသိမ်းရန် ကြိုးစားရာ၌ မှတ်ထားရမည့်အခြေခံအချက်အချို့ကား အဘယ်နည်း။

၂၉ ပညာပါသောသြဝါဒတို့သည် လက်တွေ့ကျင့်မှ တန်ဖိုးရှိသည်။ စမ်းကြည့်ပါ။ ထိုနည်းတူ သင့်ကြင်ဖော်ပေးသောအကြံဉာဏ်များကိုလည်း စမ်းကြည့်ပါ။ အောင်မြင်သလော ကြည့်ပါ။ မအောင်မြင်ပါက မည်သူ့အပြစ်နည်း။ ယင်းက အရေးမကြီးပါ။ နည်းမှန်လမ်းမှန်ကျဖို့သာ အရေးကြီးသည်။ ပြောင်းသာလွှဲသာရှိပါ။ မပြေလည်သည်များကို ထုတ်ပြောပြီး ရှင်းလိုက်ပါ။ ကိုယ့်ကိုယ်ကိုလည်း ရေးကြီးခွင့်ကျယ် သိပ်မလုပ်ပါနှင့်။ ပြောပြောဆိုဆိုရှိပါ။ ‘သင့်ကိုယ်သင် ချစ်သလို သင့်ကြင်ဖော်ကိုချစ်’ လျှင် လင်မယားဆက်ဆံရေး၌ ညှိနှိုင်းရ ခက်လွန်းမည်မဟုတ်ဘဲ သာယာသောအိမ်ထောင် ဖြစ်လာပေမည်။—မဿဲ ၁၉:၁၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ