ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fl အခန်း ၁၁ စာ. ၁၄၆-၁၆၀
  • ဆက်သွယ်ရေးလမ်းကြောင်းအစဉ်ဖွင့်ထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆက်သွယ်ရေးလမ်းကြောင်းအစဉ်ဖွင့်ထားပါ
  • မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရေရှည် မျှော်တွေးလျက်
  • မျိုသိပ်မထား၊ ဖွင့်ဟပြောဆိုရန် သင့်ကလေးကို အားပေးခြင်း
  • စပ်ကူးမပ်ကူးနှစ်များ
  • မြီးကောင်ပေါက် လိုအပ်ရာများကို နားလည်ထားခြင်း
  • ဆုံးမပဲ့ပြင်မှုဖြင့် ဆက်သွယ်ခြင်း
  • မိမိတန်ဖိုးရှိပါသည်ဟူသော အသိစိတ်
  • သမ္မာကျမ်းစာ စာရိတ္တဥပဒေပေးသော ကာကွယ်မှု
  • မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆို ဆက်သွယ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မိဘတို့—သင်တို့၏သားသမီးကိုမေတ္တာဖြင့် လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • သင့်ကလေးကို နို့စို့အရွယ်မှစ၍ လေ့ကျင့်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
မိသားစုဘဝကို ရွှင်လန်းစေခြင်း
fl အခန်း ၁၁ စာ. ၁၄၆-၁၆၀

အခန်း ၁၁

ဆက်သွယ်ရေးလမ်းကြောင်းအစဉ်ဖွင့်ထားပါ

၁၊ ၂။ ဆက်သွယ်ရေးလမ်းကြောင်းဟူသည် အဘယ်နည်း။ ၎င်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

ဆက်သွယ်ခြင်းဟူသည် စကားပြောခြင်းမျှသာမဟုတ်။ တမန်တော်ပေါလုဆိုသည့်အတိုင်း သင်ပြောလိုသည့်စကားကို ကြား၍ နားမလည်လျှင် “လေထဲသို့ပြောသောသူကဲ့သို့ ဖြစ်လိမ့်မည်။” (၁ ကောရိန္သု ၁၄:၉၊ သမ္မ) သင်ပြောလိုက်သောစကားကို သင့်ကလေးများ နားရှင်းသလော။ သူတို့ သင့်အားပြောသောစကားကိုလည်း အသင်တကယ်ပင် သဘောပေါက်၏လော။

၂ တကယ့်ဆက်သွယ်ရေးဖြစ်နိုင်ရန် ဦးနှောက်တစ်ခုမှ တစ်ခုသို့ အကြံအစည် အယူအဆနှင့် ခံစားချက်များ ကူးလူးသွားလာရန် လိုသည်။ မေတ္တာကို သာယာသောအိမ်ထောင်ရေး၏ နှလုံးဟု ခေါ်လျှင် ဆက်သွယ်ရေးကို ၎င်း၏ အသက်သွေးကြောဟု သမုတ်ရလိမ့်မည်။ အိမ်ထောင်ဖက်နှစ်ဦးကြား ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်လျှင် ပြဿနာကိုဖြစ်ပေါ်စေသည်; မိဘနှင့်သားသမီးများကြား ဖြစ်ပေါ်ပါက ထို့ထက်မဆိုးလျှင်ပင် ၎င်းလောက်ကား ဆိုး၏။

ရေရှည် မျှော်တွေးလျက်

၃။ ကလေး အဘယ်အသက်အရွယ်ရောက်သောအခါ မိဘများအနေနှင့် ဆက်သွယ်ရေးလမ်းကြောင်းဆိုင်ရာပြဿနာများ ပေါ်လာမည်ကို မျှော်လင့်သင့်သနည်း။

၃ မိဘနှင့်သားသမီးများစပ်ကြား ဆက်သွယ်ရေးလမ်းကြောင်း အဆိုးဆုံးအချိန်မှာ ကလေးငယ်စဉ်သာမဟုတ်—“မြီးကောင်ပေါက်အရွယ်” အပျို လူပျိုဘော်ဝင်ချိန်မှာ ဖြစ်သည်။ ထိုသို့ဖြစ်လာမည်ကို မိဘများ သိမှတ်ထားသင့်သည်။ ကလေးများ ငယ်စဉ်ဘဝတွင် ဒုက္ခကင်းသလောက်ရှိသည်ဖြစ်၍နောက်ပိုင်း ကြီးလာသောအခါမှာလည်း ပြဿနာကင်းမည်ဟု မျှော်လင့်နေလျှင် အဖြစ်မှန်အတိုင်း မတွေးခေါ်ရာရောက်မည်။ ပြဿနာ ဧကန်မုချလာမည်။ ထိရောက်သောဆက်သွယ်ရေးကလည်း ၎င်းတို့ကို ဖြေရှင်းပေါ့လျော့စေရာ၌ အဓိကသော့ချက်ဖြစ်သည်မှာ အထင်းသား။ ယင်းအချက်ကို နားလည်လျက် မိဘများအနေနှင့် ရှေ့သို့မျှော်ကြည့်၊ ကြို၍ တွေးတောထားရန် လိုသည်။ အကြောင်းမှာ “အမှု၏အဆုံးသည် အစထက်သာ၍ ကောင်း၏။”—ဒေသနာ ၇:၈။

၄။ မိသားစုဆက်သွယ်ရေးမှန်သမျှ စကားပြောခြင်းချည်း ဖြစ်ရမည်လော။ ရှင်းပြပါ။

၄ အိမ်အတွင်း မိသားစုဆက်သွယ်ရေးလမ်းကြောင်း ခင်းကျင်းတည်ဆောက် ထိန်းသိမ်းရာ၌ အရာများစွာ အကြုံးဝင်သည်။ နှစ်များတစ်လျှောက်အတွင်း ယောက်ျားတစ်ဦးနှင့် မိမိဇနီးစပ်ကြား ယုံကြည်အားထားမှု၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှု တိုးပွားလာသဖြင့် စကားပြောရန်ပင်မလို။—အကြည့်ကလေး တစ်ကြည့်၊ အပြုံးကလေး တစ်ချက်၊ အတွေ့ထိကလေး တစ်ခုဖြင့် အဆက်အသွယ်ပြုနိုင်သည်။ စကားလုံးပေါင်းတစ်သောင်း ပြောလိုက်သည်နှင့် မခြားပေ။ မိမိတို့နှင့် မိမိတို့သားသမီးများစပ်ကြား ဆက်သွယ်ရေးလမ်းကြောင်းအတွက် အလားတူခိုင်မြဲသောအခြေအမြစ်ကို ထားပေးသင့်သည်။ ကလေးတစ်ယောက် စကားနားမလည်မီ မိဘတို့သည် သူ့အား လုံခြုံမှုနှင့် မေတ္တာဓာတ်ကို တွေ့ထိခံစားစေနိုင်သည်။ ကလေးများကြီးပြင်းနေစဉ် မိသားစုက စုစုစည်းစည်း အလုပ်လုပ်၊ ကစား၊ ထို့ထက်ကား အတူတူဝတ်ပြုကြလျှင် ဆက်သွယ်ရေးလမ်းကြောင်း ခိုင်မြဲလာသည်။ သို့ရာတွင် ၎င်းလမ်းကြောင်း ပွင့်နေအောင် ထိန်းသိမ်းရာ၌ တော်ရုံလုံ့လနှင့် ပညာဖြင့် မပြီးချေ။

မျိုသိပ်မထား၊ ဖွင့်ဟပြောဆိုရန် သင့်ကလေးကို အားပေးခြင်း

၅-၇။ (က) ကလေးတစ်ယောက် စကားမပြောရန် တားမြစ်ခြင်းနှင့်ပတ်သက်၍ မိဘများ သတိထားလျှင် အဘယ်ကြောင့်ကောင်းမည်နည်း။ (ခ) ကလေးများအား ယဉ်ကျေးသိမ်မွေ့ရန် မိဘများ မည်သို့ပြသသွန်သင်နိုင်သနည်း။

၅ ရှေးရိုးစကားတစ်ခွန်းက “ကလေးကို အနားမှာရှိစေ၊ စကားမပြောစေနှင့်” ဟူ၍ဆိုထားသည်။ အချို့အခါများမှာ—မှန်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ဆိုသည့်အတိုင်း “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်း ရှိ၏” ဟူသည့်အချက်ကို ကလေးတို့သိရန်လိုသည်။ (ဒေသနာ ၃:၇) သို့သော် ကလေးတို့မည်သည် အရေးပေးမှ ကြိုက်၏။ သို့ဖြစ်၍ မိဘတို့သည် ကလေးတို့ လွတ်လပ်စွာပြောဆိုသည်ကို မလိုအပ်ဘဲနှင့် မချုပ်ချယ်ရန် သတိပြုဖို့လိုသည်။ ကလေးတို့သည် လူကြီးများကဲ့သို့ အဖြစ်အပျက်များတုံ့ပြန်ရာ၌ တူရမည်ဟု မမျှော်လင့်ပါနှင့်။ လူကြီးတစ်ဦးက အဖြစ်အပျက်တစ်ရပ်ကို ဘဝ၏မြင်ကွင်းကျယ်တစ်ခုအနေနှင့်သာ ရှုမှတ်လေ့ရှိသည်။ သို့သော် ကလေးလေးမူ လတ်တလောအရေးတစ်ခုခုကို အကြီးအကျယ်ထင်မှတ်၍ ၎င်း၌ အာရုံစုံးစုံးမြုပ်ကာ ကျန်အရာအားလုံးဆိုမလောက် မေ့ပျောက်လေသည်။ ကလေးငယ်သည် အခန်းထဲသို့ အပြေးအလွှားပေါက်လာပြီး မိခင် ဖခင်အား ဖြစ်အင်ကို စိတ်လှုပ်ရှားစွာ ပြောပြပေမည်။ မိဘက စိတ်ဆိုးဆိုးနှင့် “တိတ်စမ်း” ဟုငေါက်လိုက်လျှင်ဖြစ်စေ၊ ဒေါမာန်နှင့် တစ်ခုခုပြောမိ လုပ်မိသည်ဖြစ်စေ ကလေး၏စိတ်အားထက်သန်မှု ကြေမွသွားနိုင်သည်။ ကလေး၏ တောက်တိုမယ်ရစကားသည် အထွေအထူးမရှိသော်လည်း ကလေးများအား ပင်ကိုယ်ရှိသည့်အတိုင်း ဖွင့်ဟပြောဆိုရန် အားပေးခြင်းအားဖြင့် နောင်ကြီးလာသောအခါ အသင် သိလိုသောအရာများ၊ သိရန်လိုအပ်သောအရာများကို သူတို့ မျိုသိပ်၍ ရေငုံနေတော့မည်မဟုတ်။

၆ ယဉ်ကျေးသိမ်မွေ့ခြင်းသည် ဆက်သွယ်ရေးလမ်းကြောင်းကို ဖြောင့်ဖြူးစေသည်။ ကလေးတို့သည် ယဉ်ကျေးတတ်ရန်လိုသည်။ မိဘများအနေနှင့် ကလေးများနှင့်ဆက်သွယ်စဉ်တွင်လည်းကောင်း၊ အခြားနေရာများတွင်လည်းကောင်း ပုံစံကောင်းပြရမည်။ ဆုံးမခြင်း လိုလာလိမ့်မည်။ လိုအပ်လာသောအခါ ဆုံးမရမည်။ ကြပ်တည်းစွာပင် ပြုတန်ပြုရမည်။ (သု. ၃:၁၁၊ ၁၂; ၁၅:၃၁၊ ၃၂; တိတု ၁:၁၃) သို့ရာတွင် ကလေးများအား အစဉ် အဆက်အသွယ်ဖြတ်တောက်ထားမည်၊ တစ်ချိန်လုံး ပဲ့ပြင်နေမည်၊ ထို့ထက်ဆိုးသည်ကား သူတို့စကားပြောတိုင်း မိဘတစ်ဦးဦးက သရော်ကဲ့ရဲ့မည်ဆိုလျှင် ကလေးတို့သည် နောက်တွန့်သွားဖို့များ၏—သို့မဟုတ်လျှင် မိမိတို့စကားပြောချင်တိုင်း အခြားတစ်ယောက်စီသို့ သွား၍ပြောမည်။ သား သို့မဟုတ် သမီး ကြီးလာလေလေ၊ ယင်းသို့ဖြစ်ရန် အကြောင်းများလေလေ။—တစ်နေကုန်သောအခါ မိမိသားသမီးနှင့် မိမိစကားပြောခဲ့သည့်အဖြစ်ကို ပြန်ဆန်းစစ်ပြီး ကျေးဇူးတင်စကား၊ အားပေးစကား၊ ချီးမွမ်းစကား ငါဘယ်နှစ်ခွန်းပြောခဲ့သလဲဟူ၍ သင့်ကိုသင်မေးပါ။ အထက်ပါသဘောနှင့်ဆန့်ကျင်သောစကား၊ ‘သူ့ကိုနှိမ်’ သည့်စကား၊ မကျေမချမ်းဖြစ်သည့်စကား၊ စိတ်တိုစိတ်ဆိုးသည့်စကား ဘယ်နှစ်ခွန်းများ ပြောခဲ့သလဲဟု မေးပါ။ သင့်အဖြေ သင့်ကို အံ့အားသင့်စေကောင်းသင့်စေမည်။—သု. ၁၂:၁၈။

၇ မိဘများ စိတ်ရှည်မှုနှင့် စိတ်ချုပ်တည်းမှု မကြာခဏ လိုအပ်သည်။ လူငယ်တို့သည် ဂမူးရှူးထိုးနိုင်သည်။ မိမိတို့စိတ်ထဲရှိ အရာများကို လွှတ်ခနဲပြောမိ ဆိုမိတတ်သည်။ လူကြီးစကားဝိုင်းဝင်ဖျက်၍ ဝင်ဖျက်မိမှန်းမသိ ပြောမိကောင်း ပြောမိမည်။ မိဘတစ်ဦးက ထိုသို့ပြုသောလူငယ်ကို ဘွင်းဘွင်းကြီး ဆုံးမချင် ဆုံးမနိုင်သည်။ သို့သော် တစ်ခါတစ်ရံ ကိုယ်တိုင်ယဉ်ကျေးစွာ နားထောင်ခြင်းအားဖြင့် ချုပ်တည်းခြင်းစံနမူနာကိုပြ၍ တိုတိုတုတ်တုတ် ဖြေဆိုပြီးနောက် ယဉ်ကျေးထောက်ထားမှုရှိရန်လိုကြောင်း ကလေးကို သတိပေးဆုံးမနိုင်သည်။ ဤတွင်တစ်ဖန် “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဟူသောသြဝါဒ လာ၍သက်ဆိုင်ပြန်သည်။—ယာကုပ် ၁:၁၉။

၈။ မိဘများသည် ကလေးများ မိမိတို့ထံလာ၍ လမ်းညွှန်မှုတောင်းခံစေရန် မည်သို့အားပေးနိုင်သနည်း။

၈ ကလေးများ ပြဿနာရှိသောအခါ သင့်လမ်းညွှန်မှုကို လာ၍ခံယူချင်သောစိတ် သင့်ကလေးများ၌ရှိစေလိုပေမည်။ အသင်ကိုယ်တိုင် ဘဝတွင် လမ်းညွှန်မှုကို ရှာကြံကြောင်း၊ သင်ကိုယ်တိုင် တစ်ဦးတစ်ယောက်ထံ နာခံလျက် မြော်ကိုးကြောင်း ပြသခြင်းဖြင့် သင့်ထံ သင့်ကလေးများ အကြံတောင်းလိုသောစိတ်ကို အားပေးနိုင်သည်။ ဖခင်တစ်ဦးက မိမိသားသမီးများ ငယ်သေးစဉ် သူတို့နှင့် မိမိဆက်သွယ်ရေးလမ်းကြောင်း မည်သို့တည်ဆောက်ခဲ့ကြောင်း အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့သည်:

“ညတိုင်းဆိုရမလောက် အိပ်ရာမဝင်ခင် ကလေးတွေနဲ့ ကျွန်တော် ဆုတောင်းတယ်။ အများအားဖြင့် သူတို့က ခုတင်ပေါ်မှာ။ ကျွန်တော်ကတော့ ခုတင်ဘေးနား ဒူးထောက်ပြီး သူတို့ကို ရင်ခွင်ထဲသွင်းထားတယ်။ ကျွန်တော်ဆုတောင်းတယ်။ ပြီးတော့ သူတို့က နောက်ပိုင်းတစ်ခါ ဆုတောင်းကြတယ်။ ကျွန်တော်.သားသမီးတွေ ကျွန်တော့်ကို ဖက်နမ်းပြီး ‘ဖေဖေ့ကိုချစ်တယ်’ ဆိုပြီး ပြောကြတာ အဆန်းမဟုတ်ပါဘူး။ ပြီးတော့ သူတို့နှလုံးထဲ ခံစားရတဲ့ဟာလေးတွေ ထုတ်ပြီးပြောပြတတ်တယ်။ အိပ်ရာထဲမှာဆိုတော့ နွေးနွေးကလေး။ ပြီးတော့ သူတို့ဖေဖေရဲ့အပွေ့အပိုက်ကြောင့် သူတို့အကူအညီလိုနေတဲ့ပြဿနာလေးတွေ တင်ပြလာကြတယ်။ ဒါမှမဟုတ်ယင်လည်း သူတို့ရဲ့ ကြင်နာတွယ်တာတဲ့စကားလေးတွေ ကြားရတယ်။”

ထမင်းစားချိန်နှင့် အခြားအချိန်များတွင် သင်ဆုတောင်းသောအခါ လုပ်ရိုးလုပ်စဉ်သဘောမျိုးမဟုတ်ဘဲ—နှလုံးကိုသွန်၍ ရင်ကိုဖွင့်ကာ သင့်ကောင်းကင်ဘုံရှင် ဖန်ဆင်းသခင် ခမည်းတော်နှင့် သင်တကယ်ပင်ရင်းနှီးသောသဘောကို တင်ပြပါက သင့်သားသမီးများနှင့် သင့်ဆက်ဆံမှု ကောင်းမွန်ရေးကို အတိုင်းအဆမဲ့ အထောက်အကူပြုနိုင်သည်။—၁ ယောဟန် ၃:၂၁; ၄:၁၇၊ ၁၈။

စပ်ကူးမပ်ကူးနှစ်များ

၉။ မြီးကောင်ပေါက်တို့၏ပြဿနာနှင့် လိုအပ်ရာများကို သူတို့ထက်ငယ်ရွယ်သောကလေးတို့၏ပြဿနာနှင့် လိုအပ်ရာများတို့နှင့် နှိုင်းယှဉ်လျက် မည်သို့ဆိုနိုင်မည်နည်း။

၉ အပျို၊ လူပျိုဘော်ဝင်ချိန်မှာ စပ်ကူးမပ်ကူး သမယဖြစ်သည်။ သင့်သား သို့မဟုတ် သမီး၊ ကလေး လုံးဝမဟုတ်တော့။ လူကြီးလည်း မဖြစ်သေးသည့်အရွယ်ဖြစ်သည်။ မြီးကောင်ပေါက်ကလေးတို့၏ ကိုယ်ခန္ဓာသည် ပြောင်းလဲလျက်ရှိသည့်အတိုင်း စိတ်လှုပ်ရှားမှုကိုပါ ဂယက်ရိုက်လာ၏။ မြီးကောင်ပေါက်တို့၏ ပြဿနာနှင့် လိုအပ်ရာတို့သည် ၎င်းအရွယ်မတိုင်မီက ပြဿနာ၊ လိုအပ်ရာတို့နှင့် မတူ။ ယင်းကြောင့် မိဘတို့သည် ၎င်းပြဿနာလိုအပ်ရာများကို ကိုင်တွယ်စဉ် အလိုက်အထိုက် ပြောင်းလဲကိုင်တွယ်ရမည်။ မြီးကောင်ပေါက်အရွယ်မတိုင်မီအရွယ်တွင် အလုပ်ဖြစ်သလို မြီးကောင်ပေါက်တို့နှင့် အဆင်ပြေချင်မှပြေမည်။ အကြောင်းပြချက်များ ပို၍လိုလာသည်။ ဤအတွက် အဆက်အသွယ်လျှော့ရန်မဟုတ်ဘဲ တိုးရန်လိုအပ်လာသည်။

၁၀။ (က) အရွယ်ရောက်စတို့အား လိင်နှင့်ပတ်သက်ပြီး ရိုးရိုးကလေးရှင်းပြရုံနှင့် အဘယ်ကြောင့်လုံလောက်မည်မဟုတ်သနည်း။ (ခ) မိဘများ မိမိတို့ကလေးနှင့် လိင်အကြောင်း ဆွေးနွေးခန်း မည်သို့အစချီနိုင်သနည်း။

၁၀ လိင်နှင့်ပတ်သက်၍ သင့်ကလေးငယ်အားရှင်းပြခဲ့သည့် ရှင်းပြချက်ရိုးရိုးကလေးသည် မြီးကောင်ပေါက်အတွက် မလုံလောက်တော့။ သူတို့သည် လိင်စိတ်၏ လှုံ့ဆော်ခြင်းကိုခံရပြီ။ သို့သော် ရှက်သောကြောင့် မိခင်ဖခင်တို့ထံ မမေးရဲ မမြန်းရဲ။ သို့ဖြစ်၍ မိဘတို့သည် ကလေးတို့ကိုချဉ်းကပ်ရမည်။ အထူးသဖြင့် အလုပ်နှင့်ကစားမှုတို့တွင် ကလေးများနှင့်ခင်မင် ‘ရင်းနှီးမှု’ ရယူခြင်းအားဖြင့် ဆက်သွယ်ရေးလမ်းကြောင်းပွင့်လျက်၊ တည်လျက် မရှိလျှင် ထိုသို့ချဉ်းကပ်ရန် မလွယ်။ ကြိုကြိုတင်တင် ရှင်းပြထားလျှင် ယောက်ျားကလေးတစ်ယောက် ပထမအချီ သုတ်ထွက်သောအခါဖြစ်စေ၊ မိန်းကလေးတစ်ဦး ပထမတစ်ကြိမ် ရာသီလာသောအခါဖြစ်စေ၊ စိတ်အနှောင့်အယှက်ဖြစ်ချင်သလို ဖြစ်တော့မည်မဟုတ်။ (ဝတ်ပြုရာ ၁၅:၁၆၊ ၁၇; ၁၈:၁၉) ဖခင်အနေနှင့် သားနှင့်လမ်းသွားနေစဉ်ဆိုကြပါစို့။ တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်ကိစ္စကို ထုတ်ဖော်ဆွေးနွေးနိုင်သည်။ ယောက်ျားပျို တော်တော်များများ ထိုအကျင့်ရှိကြကြောင်း၊ ‘သားအနေနဲ့ကော ဘယ်လိုလဲ’ ဟူ၍ဖြစ်စေ၊ ‘သားအတွက်ကော ဒါဟာ ပြဿနာတစ်ခုလား’ ဟူ၍ဖြစ်စေ မေးမြန်းတီးခေါက်နိုင်သည်။ မိသားစုဆွေးနွေးခန်းတွင်လည်း အပျိုလူပျိုဘော်ဝင်ပြဿနာများနှင့်စပ်လျဉ်း၍ ပြောဆိုနိုင်ပေသည်။ ဖခင်ကော၊ မိခင်ပါ သက်သောင့်သက်သာအနေအထားဖြင့် ပွင့်လင်းစွာ သွန်သင်ဆုံးမနိုင်သည်။

မြီးကောင်ပေါက် လိုအပ်ရာများကို နားလည်ထားခြင်း

၁၁။ လူလားမြောက်စတို့သည် လူကြီးတို့နှင့် မည်သို့ခြားနားသနည်း။

၁၁ “ပညာကိုဆည်းပူးလော့။ ဆည်းပူးသမျှသောဥစ္စတို့ထက် ဉာဏ် [နားလည်ခြင်း၊ ကဘ] ကိုဆည်းပူးလော့။” (သု. ၄:၇) မိဘများအနေနှင့် လူငယ်တို့အလေ့အထကို သိတတ်ပါ။ သူတို့ခံစားချက်များ၏နောက်ခံကို မြင်တတ်ပါ။ သင့်ငယ်ဖြစ်ကို မမေ့နှင့်။ လူကြီးသည် တစ်ချိန်က ငယ်ဖူးသော်လည်း လူငယ်သည် တစ်ခါမျှ မကြီးဖူးခဲ့ဟူသည့်အချက်ကိုလည်း သတိရပါ။ ကြီးကောင်ဝင်တို့သည် ကလေးကဲ့သို့ ဆက်ဆံသည်ကို မကြိုက်တော့။ သို့သော် သူသည် လူကြီးလည်းမဟုတ်သေး။ လူကြီး စိတ်ဝင်စားရာ တော်တော်များများကို သူစိတ်မဝင်စားသေး။ ကစားချင်စိတ် တော်တော်ပင်ရှိသေးသည်။ ကစားဖို့ အချိန်လိုသေးသည်။

၁၂။ အရွယ်ရောက်စတို့သည် မိဘတို့၏ မည်သို့သောဆက်ဆံမှုကို ခံယူလိုကြသနည်း။

၁၂ ဤအရွယ်တွင် လူငယ်များ မိဘတို့ထံမှ အထူးလိုချင်သည့်အရာတစ်ခုရှိသည်။ မိမိတို့ကို နားလည်တတ်ခြင်းတည်း။ အရင်နှင့်မတူ။ မိမိတို့အား လူတစ်ယောက်အနေနှင့်ထားပြီး ဆက်ဆံသည်ကို လိုလား၏။ တသမတ်ဖြစ်သောလမ်းညွှန်မှုမျိုးကိုမှ လိုချင်၏။ မိမိတို့သည် လူကြီးဘဝသို့ချဉ်းကပ်နေပြီဟူသည့်အချက်ကိုပါ ထည့်သွင်းစဉ်းစား၍ပေးသော လမ်းညွှန်မှုလည်း ဖြစ်ရမည်။ သူတို့သည် တန်ဖိုးထားခြင်း၊ လေးမြတ်ခြင်းကို ခံချင်ကြသည့်အရွယ် ဖြစ်သည်။

၁၃။ မြီးကောင်ပေါက်တို့သည် မိဘများချုပ်ချက်ကန့်သတ်မှုကို မည်သို့တုံ့ပြန်ကောင်း တုံ့ပြန်မည်နည်း။ အဘယ်ကြောင့်နည်း။

၁၃ မိမိတို့ချုပ်ချယ်ကန့်သတ်ချက်ကို ကလေးတို့ တွန်းလှန်စပြုလာမည်။ မိဘများ မအံ့သြသင့်။ လူငယ်လေးသည် နောက်ဆုံးတွင် လွတ်လပ်ရေးရယူလိုသည့်သဘော၊ ကျယ်ပြောသည့်လှုပ်ရှားမှုနယ်ပယ်နှင့် ရွေးချယ်ပိုင်ခွင့် ပိုင်ဆိုင်ချင်သည့်သမားရိုးကျဆန္ဒ တစ်စစဖြစ်ပေါ်နေသောကြောင့်ဖြစ်ပါသည်။ လူမမယ် နို့စို့ကလေးသည် မိဘ၏ အစဉ်စောင့်ရှောက်ပြုစုမှုကိုလိုသည်။ ကလေးငယ်သည် ဂရုစိုက်မှုနှင့် ကာကွယ်မှု လိုသည်။ သို့သော် ၎င်းတို့ ကြီးပြင်းလာသောအခါ သူတို့၏လှုပ်ရှားမှုနယ်ပယ် ကျယ်ဝန်းလာသည်။ အိမ်ပြင်လူတို့နှင့် အဆက်အသွယ်များလာသည်။ ခိုင်မြဲလာသည်။ လွတ်လပ်မှုရရန် စမ်းတဝါးဝါးနှင့် သွားနေသောကြောင့် သား သို့မဟုတ် သမီးဖြစ်သူသည် မိဘအဖို့ အပြောခက်ပြီး ဖြစ်ချင်ဖြစ်နေမည်။ မိဘများအနေနှင့် မိမိတို့အာဏာကို ပစ်ထား၍မရ သို့မဟုတ် ကလေးအား မဖောက်ဖျက်စေအပ်—ကလေးတို့ ကောင်းကျိုးအတွက် ဖြစ်သည်။ သို့သော် ဉာဏ်အမြော်အမြင်သုံးကာ ပြေလည်စေနိုင်သည်။ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားနိုင်သည်။ ကလေးများ အဘယ်ကြောင့် ယင်းသို့စိတ်အနှောင့်အယှက်ဖြစ်ဖွယ်အပြုအမူများ ပြုမူနေသည်ကို နားလည်ထားဖို့သာလိုသည်။

၁၄။ ကလေးစိတ်ထဲ၌ ကိုယ့်ခြေပေါ်ကိုယ်ရပ်လိုသောသဘော ဖြစ်ပေါ်လာသောအခါ မိဘများအနေနှင့် မည်သို့အောင်မြင်စွာ ကိုင်တွယ်နိုင်သနည်း။

၁၄ သား သို့မဟုတ် သမီးက လွတ်လပ်မှုရယူလိုသောသဘောပြသောအခါ မိဘများ အဘယ်သို့ပြုအပ်သနည်း။ ၎င်းစေ့ဆော်သည့်သဘောသည် လက်ဖြင့်ဖိထားသော စပရင်နှင့်တူသည်။ ၎င်းကို ရုတ်ခြည်းလွှတ်လိုက်လျှင် ရောက်တတ်ရာရာ ပျံလွှားလွင့်စင်သွားမည်။ ၎င်းကို ကြာရှည်စွာဖိထားပြန်က သင် အားကုန်မည်။ ၎င်းလည်း အားပျော့သွားမည်။ သို့သော် ၎င်းကိုထိန်းပြီး တဖြည်းဖြည်းခြင်း လွှတ်သော် ၎င်းရှိသင့်ရှိထိုက်သည့်နေရာတွင်ရှိလျက် ထောင်တက်လာမည်။

၁၅။ ယေရှု၏ လူလားမြောက်ခြင်းကို သူ့မိဘများ လမ်းညွှန်ခဲ့သည်ဟု အဘယ်အချက်ကိုကြည့်ပြီး ဆိုနိုင်သနည်း။

၁၅ လွတ်လပ်လိုသောသဘောကို မိဘများ ချုပ်ထိန်းပြီး တဖြည်းဖြည်း လွှတ်ပေးသည့်စံနမူနာကို သူငယ်ယေရှုအဖြစ်တွင် တွေ့နိုင်သည်။ ကိုယ်တော်၏ လူပျိုဘော်ဝင် အကြိုအရွယ်နှင့်ပတ်သက်၍ သမိုင်းက လုကာ ၂:၄၀ တွင်ဤသို့ဆို၏။ “သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။” ကိုယ်တော်၏ကြီးပွားခြင်းကို ကိုယ်တော့်မိဘများ အရေးတယူ ပျိုးထောင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ကိုယ်တော်သည် စုံလင်သော်လည်း ဉာဏ်ပညာအလိုအလျောက်ရခဲ့မည်မဟုတ်။ သမိုင်းမှတ်တမ်း ဆက်လက်တင်ပြသွားသည့်အတိုင်း ကိုယ်တော်.မိဘတို့သည် ကိုယ်တော်အား လေ့ကျင့်သွန်သင်ရေးအတွက် ဝိညာဉ်ရေးပြည့်ဝသည့်အခြေအနေကို မှန်မှန်ဖန်တီးပေးခဲ့ကြပေသည်။ ယေရှု သက်တော် ၁၂ နှစ်အရွယ်၊ မိသားစုတစ်ခုလုံး ပသခါပွဲတော်အတွက် ယေရုရှလင်မြို့သို့ရောက်နေကြစဉ် ဗိမာန်တော်သို့သွား၍ ဘာသာရေးဆရာသမားများနှင့် စကားပြောခဲ့သည်။ မိဘတို့သည် ၁၂ နှစ်သားအား ထိုမျှ လွတ်လပ်ခွင့်ကို ပေးခဲ့၍ဖြစ်ပေမည်။ မိဘတို့သည် ယေရှုနေရစ်ခဲ့မှန်းမသိဘဲ ယေရုရှလင်မြို့မှ ထွက်ခွာသွားကြလေသည်။ ယေရှုသည် အိမ်ပြန်လာမည့် သူငယ်ချင်းဆွေမျိုးများနှင့်အတူရှိပါလိမ့်မည်ဟူသောအထင်နှင့် ထွက်သွားခဲ့ကြခြင်းဖြစ်ပေမည်။ သုံးရက်လွန်သော် ယေရှုကို ဗိမာန်တော်ထဲ၌ တွေ့ရလေသည်။ သူသည် အကြီးအကဲများအား သွန်သင်နေသည်မဟုတ်။ “ဆရာတော်တို့ထံ နာခံလျက်၊ မေးမြန်းလျက်” နေသည်။ (သမ္မ) မိခင်က မိမိတို့ မည်မျှတိုင် စိတ်ပူခဲ့ရကြောင်း ပြောပြသောအခါ ယေရှုက မရိုမသေပြန်မပြော။ မိဘတို့ထွက်ခွာရန် အဆင်သင့်ရှိသောအခါ မိမိအား အဘယ်မှာလာ၍ခေါ်ရမည်ကို မိဘများသိကြမည်ဟု မိမိထင်ကြောင်း ပြန်ပြောခဲ့သည်။ ယေရှုသည် အတော်ပင်လွတ်လပ်မှုယူသော်လည်း ၎င်းနောက်ပိုင်း၌ မိဘတို့ “စကားကိုနားထောင်လျက်နေ” ကြောင်း၊ မိမိလူပျိုဘော်ဝင်သည်နှင့်အမျှ မိဘတို့လမ်းညွှန်မှု၊ ကန့်သတ်မှုအောက်တွင် ပြုပြင်၍နေကြောင်း “အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ” ကြောင်း ရေးသားတင်ပြထားသည်။—လုကာ ၂:၄၁-၅၂။

၁၆။ လူလားမြောက်စကလေးနှင့် မိဘပြဿနာဖြစ်လျှင် အဘယ်အချက်ကို စွဲမှတ်အပ်သနည်း။

၁၆ ထို့နည်းတူ မိဘများလည်း ကြီးကောင်ဝင်သားသမီးများအား အတော်အတန် လွတ်လပ်မှုပေးသင့်သည်။ လူကြီးပိုင်းသို့ရောက်လာသည်နှင့်အမျှ တစ်စစ လွတ်လပ်မှုကို တိုးပေးရမည်။ မိမိတို့ လမ်းညွှန်ကွပ်ကဲမှုအောက်တွင် သူတို့ဘာသာသူတို့ ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်များ ချပိုင်ခွင့်ကို တိုး၍ပေးသွားသင့်သည်။ အဆင်မချောသည့်အခါ ဘာကြောင့် ဟူသည့်အချက်ကို နားလည်ထားလျှင် မိဘတို့သည် အသေးအဖွဲကို ပြဿနာကြီး လုပ်ကြတော့မည်မဟုတ်။ မြီးကောင်ပေါက်တို့သည် မိဘတို့ကို တမင်ပုန်ကန်ချင်၍မဟုတ်၊ စမ်းတဝါးဝါးနှင့်လွတ်လပ်မှုကိုရှာနေသည့် အခါများစွာရှိ၏။ သို့ဖြစ်၍ မိဘတို့က မဟုတ်သည့်ကိစ္စကို ပြဿနာလုပ်မိလျှင် မှားလိမ့်မည်။ ကိစ္စက အရေးမကြီးလှလျှင် အသာ ထားလိုက်ပါ။ သို့သော် ကြီးလေးသည့်ကိစ္စဖြစ်လျှင် မာပါ။ “တောခြင်ကို ရေစစ်နှင့် မစစ်နှင့်” “ကုလားအုတ်ကိုလည်း မမျိုနှင့်။”—မဿဲ ၂၃:၂၄။

၁၇။ အပျိုလူပျိုဘော်ဝင် ကလေးပေါ် ကန့်သတ်ချက်များထားရာ၌ အဘယ်အချက်အလက်တို့ကို မိဘများ ထည့်သွင်းစဉ်းစားအပ်သနည်း။

၁၇ သားသမီးများအပေါ် တော်သင့်မျှတသောကန့်သတ်မှုများ ထားခြင်းအားဖြင့် မိဘများအနေနှင့် မိမိတို့၏အပျိုလူပျိုပေါက် သားသမီးများနှင့် ကောင်းသောဆက်ဆံရေး ဆက်လက်ထိန်းသိမ်းသွားနိုင်သည်။ “အထက်မှသက်ရောက်သောပညာမူကား ရှေ့ဦးစွာ စင်ကြယ်” ရုံမက “အကျိုးသင့် အကြောင်းသင့်ရှိ” ၍ “ကရုဏာနှင့် . . . ပြည့်စုံကြောင်း” “ဟန်ဆောင်ခြင်းမဲ့” (သမ္မ) ကြောင်း သတိရပါလေ။ (ယာကုပ် ၃:၁၇) ခိုးမှု၊ မတရားမေထုန်၊ ရုပ်တုကိုးကွယ်ခြင်းမှစ၍ အခြားကြီးလေးသောအပြစ်များ၊ လုံးဝလက်မခံနိုင်သောအပြစ်များရှိကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ (၁ ကောရိန္သု ၆:၉၊ ၁၀) အမှားအမှန်ဆိုရာ၌ အခြားအရာများစွာကဲ့သို့ပင် အမှုတစ်ခု အဘယ်အတိုင်းအတာအထိ သွားခဲ့သည်ဟူသည့်အချက်ပေါ်မူတည်၏။ အစာသည် ကောင်း၏။ သို့သော် စားကြူးလျှင် စားကြူးသူဖြစ်လာမည်။ အကအခုန်၊ ပြေးခုန်ကစား၊ ပါတီလုပ်ခြင်း စသော အပန်းဖြေမှုတို့လည်း ထိုနည်းတူဖြစ်သည်။ များသောအားဖြင့် ဘာကိုလုပ်ခဲ့သည်ဆိုသည့်အချက်က အရေးမကြီး၊ ၎င်းကို ဘယ်လိုလုပ်ခဲ့သည်၊ အဘယ်အပေါင်းအသင်းနှင့် ပေါင်း၍လုပ်ခဲ့သည်ဟူသည့်အချက်ကသာ ပို၍အရေးပါသည်။ သို့ဖြစ်၍ အစားမကြူးရဟုဆိုချင်သောအခါ စားသောက်ခြင်းကို ကျွန်ုပ်တို့အား လွန်မင်းသည့်အတိုင်းအတာအထိ မလုပ်ရန် တားမြစ်လို၍ဖြစ်စေ၊ မသိမသာ ဝင်လာနိုင်သော မလိုလားအပ်သည့်အခြေအနေများကို ပိတ်ပင်လို၍ဖြစ်စေ၊ ကန့်ကွက်စကားပြောသောအခါ လူငယ်တို့ လှုပ်ရှားသွားလာမှုကို အကုန်ခြုံ၍ မိဘများ ရှုတ်ချလိုမည်မဟုတ်။—ကောလောသဲ ၂:၂၃ နှိုင်းယှဉ်။

၁၈။ အပေါင်းအသင်းနှင့်ပတ်သက်ပြီး ကလေးများ သတိထားရန် မိဘများ မည်သို့သတိပေးနိုင်သနည်း။

၁၈ လူငယ်မှန်သမျှ မိတ်ဆွေထားရန်လိုသည်ဟု ခံစားမိသည်ချည်း။ တချို့တလေလောက်သာ “အကောင်းဆုံး” ဟုအသင်သတ်မှတ်ချင် သတ်မှတ်မည်။ သို့သော် သင့်ကလေးများကိုယ်နှိုက် အားနည်းချက် ရှိသည်မဟုတ်လော။ သူတို့ပေါင်းသင်းသူများထဲမှအချို့ကို အသင်က သင့်ကလေးအတွက် နောင်အန္တရာယ်ဖြစ်စေနိုင်သူများဟု သဘောထားကာ ၎င်းတို့နှင့် မသွားလာရန် သင့်ကလေးကို ပိတ်ပင်ကောင်းပိတ်ပင်မည်။ (သု. ၁၃:၂၀; ၂ သက်သာလောနိတ် ၃:၁၃၊ ၁၄; ၂ တိမောသေ ၂:၂၀၊ ၂၁) အချို့ကိုကျပြန်လျှင် ကောင်းသည့်အချက်တွေ့သလို၊ သင်မနှစ်သက်သည့်အရာများကိုလည်း တွေ့ချင်တွေ့မည်။ တစ်စုံတစ်ရာချွတ်ယွင်းနေသည့်အတွက် ထိုသူကို လုံးဝပယ်လိုက်မည့်အစား ၎င်းသူငယ်ချင်း၌ အရည်အချင်းကောင်းရှိလျှင် ရှိသလို သင့်ကလေးရှေ့ ချီးမွမ်းပြီး တစ်ကြိမ်တည်းတွင် ၎င်းသူငယ်ချင်း၏အားနည်းသောအပိုင်းကို သတိပြုရန် သင့်ကလေးကို သတိပေးထားနိုင်သည်။ ထိုသို့အပိုင်းများတွင် ထိုသူငယ်ချင်းအပေါ် ကောင်းသောသြဇာတစ်ခုဖြစ်ခြင်းအားဖြင့် ထိုသူငယ်ချင်း၏ ထာဝရကောင်းကျိုးကိုဖြစ်ထွန်းစေပါဟု သင့်သားသမီးများကို တိုက်တွန်းအားပေးပါ။

၁၉။ လုကာ ၁၂:၄၈ ပါမူနှင့်အညီ လွတ်လပ်မှုကို အမှန်အတိုင်းမြင်ရန် ကလေးတို့အား မည်သို့ကူညီနိုင်မည်နည်း။

၁၉ တိုးများလာသောလွတ်လပ်ခွင့်အပေါ် အမြင်မှန်ထားရှိအောင် သင့်သားသမီးတို့အား လမ်းပြထောက်မရာ၌ ပြုနိုင်သောတစ်နည်းမှာ လွတ်လပ်မှုတိုးများလာသည်နှင့်အမျှ တာဝန်လည်းကြီးမားလာသည်ဟူသောအချက်ကို သိမြင်အောင် သင်ကြားပေးခြင်းပင်ဖြစ်သည်။ “အကြင်သူ၌ များစွာအပ်နှင်း၏။ ထိုသူထံမှ သာ၍များစွာ တောင်းလိမ့်မည်။” (လုကာ ၁၂:၄၈) ကလေးများ တာဝန်သိတတ်စိတ် တိုး၍ပြသလာလေလေ၊ သူတို့အား မိဘများ ယုံကြည်အားထားမှု ပို၍ပေးနိုင်လေလေဖြစ်သည်။—ဂလာတိ ၅:၁၃; ၁ ပေတရု ၂:၁၆။

ဆုံးမပဲ့ပြင်မှုဖြင့် ဆက်သွယ်ခြင်း

၂၀။ ဆက်သွယ်ရေးလမ်းကြောင်း မပျက်ပြားစေလိုလျှင် မိဘအခွင့်အာဏာအပြင် အဘယ်အရာ လိုအပ်သေးသနည်း။

၂၀ လူတစ်ယောက်က သင့်အခြေအနေနားမလည်ဘဲ သင့်ကိုလာ၍ ဆုံးမလျှင် သူ့ဆုံးမချက်ကို အရင်းအမြစ်မရှိဟု အသင်ယူမှတ်မည်။ သူတောင်းဆိုသည့်အတိုင်းလုပ်ရန် သင့်အပေါ် အာဏာနှင့်ဖိလာလျှင် မတရားဘူးဟူ၍ဆိုကာ ဒေါသဖြစ်လိမ့်မည်။ “ဉာဏ်ကောင်းသောသူ၏စိတ်နှလုံး [နားလည်တတ်သောနှလုံး၊ ကဘ] သည် ပညာအတတ် [အသိ၊ ကဘ] ကိုရှာတတ်” ကြောင်းကိုလည်းကောင်း၊ “အသိပညာရှင်သည် အာဏာကို သက်ရောက်စေ” ကြောင်းကိုလည်းကောင်း မိဘများ စိတ်စွဲအပ်သည်။ (သု. ၁၅:၁၄; ၂၄:၅၊ ကဘ) သင့်ကလေးအပေါ် အသင်အာဏာရှိချင်ရှိမည်။ သို့သော် အသိ၊ နားလည်မှုတို့နှင့်ယှဉ်၍ အာဏာကိုသုံးလျှင် သူတို့နှင့်ဆက်သွယ်ရာ၌ ပို၍ထိရောက်လိမ့်မည်။ လူငယ်များကို ပဲ့ပြင်စဉ် နားလည်မှုမသုံးလျှင် “လူမျိုးဆက် ကွာဟမှု” ဖြစ်ပေါ်လာပြီး ဆက်သွယ်ရေးလမ်းကြောင်း ပျက်ပြားသွားနိုင်သည်။

၂၁။ ကြီးလေးသည့်အပြစ်များပြုမိခဲ့သည့်ကလေးကို မိဘများ မည်သို့ပြုအပ်သနည်း။

၂၁ သင့်ကလေး ပြဿနာဖြစ်၊ အမှားအကြီးအကျယ်လုပ်မိ၊ သင်အံ့အားသင့်လောက်အောင် မလုပ်သင့်ရာကို လုပ်မိခဲ့လျှင် သင် မည်သို့ပြုမည်နည်း။ အမှားကို ဘယ်တော့မျှ လျစ်လျူရှုမထားအပ်။ (ဟေရှာယ ၅:၂၀; မာလခိ ၂:၁၇) သင့်သား သို့မဟုတ် သမီးသည် ယခုအချိန်တွင် နားလည်မှုနှင့် ကျွမ်းကျင်သောလမ်းညွှန်မှု အလိုအပ်ဆုံးအချိန်ဖြစ်သည်ကို သဘောပေါက်ထားပါ။ ယေဟောဝါဘုရားသခင်ပြုတော်မူသကဲ့သို့ အသင်လည်း ‘လာ၊ ဖေဖေတို့ ပြဿနာရှင်းရအောင်၊ အခြေအနေက သိပ်မကောင်းလှဘူး။ ဒါပေမဲ့ မပြုပြင်နိုင်လောက်အောင်တော့ မဟုတ်သေးဘူး’ ဟုဆိုနိုင်ပေသည်။ (ဟေရှာယ ၁:၁၈) ဒေါသအိုးပေါက်ကွဲပြီး အော်ကြီးဟစ်ကျယ် ကြိမ်းမောင်းပြစ်တင်လျှင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့သွားနိုင်သည်။ အမှားလုပ်မိသောလူငယ် ဒုနှင့်ဒေး ဤသို့ဆိုကြသည်: ‘ကျွန်တော့်မိဘတွေနဲ့ ကျွန်တော် သွားပြောလို့မဖြစ်ဘူး။—ကျွန်တော့်ကို အကြီးအကျယ် ဒေါကန်လိမ့်မယ်။’ ဧဖက် ၄:၂၆ က “သင်ဒေါသဖြစ်လျှင် ၎င်းဒေါသကြောင့် အပြစ်မဖြစ်နှင့်” ဟုဆိုထားသည်။ (New English Bible) သင့်သား သို့မဟုတ် သမီး ပြောစရာရှိသည်ကို ပြောနေစဉ် သင့်စိတ်ကို ချုပ်ထိန်းပါ။ သို့ပြုလျှင် သူပြောစရာကို သင်တရားနည်းလမ်းကျကျ နားထောင်ခဲ့သည့်အတွက် သင့်ပဲ့ပြင်မှုကို သူနာခံရန် လွယ်ပါလိမ့်မည်။

၂၂။ မိမိတို့ကလေးများပေါ် မိမိတို့လက်မြှောက်လိုက်ပြီဟူသည့်သဘောမျိုးကို အဘယ်ကြောင့် မပြအပ်သနည်း။

၂၂ တစ်ခါတစ်ရံ မှားခြင်းမျိုးမဟုတ်ဘဲ အချိန်အတန်ကြာလုပ်သောပြဿနာဖြစ်၍ မလိုလားအပ်သော စရိုက်တစ်ခုခုကိုပြနေခြင်းမျိုးဖြစ်လျှင်လည်း ဖြစ်နေမည်။ ဆုံးမရန် အလွန်အရေးကြီးသော်လည်း စကားဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ၊ သူ့ကို လက်မြှောက်လိုက်ပြီဟူသည့်သဘောမျိုးကို မိဘများ ဘယ်တော့မျှ မပြသင့်။ သင့်စိတ်ရှည်ခြင်းက သင့်မေတ္တာနက်ရှိုင်းပုံကို တိုင်းတာပြပါလိမ့်မည်။ (၁ ကောရိန္သု ၁၃:၄) အဆိုးကို အဆိုးဖြင့်မတုံ့နှင့်။ အကောင်းဖြင့် အနိုင်ယူပါ။ (ရောမ ၁၂:၂၁) ကလေးကို အခြားသူများရှေ့ “လူပျင်း၊” “နားကောက်၊” “ဆန်ကုန်မြေလေး၊” “အဖတ်မရ၊ အရည်မရတဲ့ကောင်” ဟုသမုတ်၍ ရှုတ်ချပြီးဆိုက ထိခိုက်နစ်နာမှုဖြစ်လာမည်။ မေတ္တာသည် စိတ်မကုန်၊ ဆက်၍သာ မျှော်လင့်တတ်သည်။ (၁ ကောရိန္သု ၁၃:၇) လူငယ်တစ်ယောက် အကျင့်ယိုယွင်းပြီး အိမ်ကို စွန့်သွားသည့်အထိ ဆိုးသွားနိုင်သည်။ မိဘတို့အနေနှင့် နှစ်သက်သည့်သဘောကို မပြသော်လည်း ကလေးပြန်လမ်းကို ဖွင့်ထားပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။ သူ့ကိုငြင်းပယ်သည်မဟုတ်။ သူ့လုပ်ရပ်ကို မလိုလားခြင်းသာဖြစ်ကြောင်း ပြခြင်းအားဖြင့်ဖြစ်သည်။ သား၌ အရည်အသွေးကောင်းများရှိသည်ကို မိမိအနေနှင့် ယုံကြည်ကြောင်း၊ ၎င်းအရည်အချင်းများ အနိုင်ရသွားမည်ဟု မိမိတို့မျှော်လင့်ကြောင်း ကလေးအားဆက်လက်၍ သိစေနိုင်သည်။ မိဘတို့မျှော်လင့်သည့်အတိုင်း ဖြစ်လာလျှင် ကလေးသည် ယေရှု၏ဥပမာထဲမှ သားဖြုန်းတီးကဲ့သို့ မိမိနောင်တရ၍ အိမ်ပြန်လာသည်ကို ကြမ်းတမ်းစွာ သို့မဟုတ် အေးစက်စွာ ဆက်ဆံမည်မဟုတ်ဟူသော ယုံကြည်စိတ်ချမှုနှင့်အတူ အိမ်သို့ဦးလှည့်လာနိုင်ပါလိမ့်မည်။—လုကာ ၁၅:၁၁-၃၂။

မိမိတန်ဖိုးရှိပါသည်ဟူသော အသိစိတ်

၂၃။ မိမိတို့သည် အိမ်ထောင်တွင် အဖိုးတန်သောအိမ်သားများ ဖြစ်ပါပေသည် ဟူသောခံစားချက်များ မြီးကောင်ပေါက်တို့စိတ်ထဲ၌ဖြစ်ပေါ်လာအောင် အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။

၂၃ လူသတ္တဝါမှန်သမျှ သူတစ်ပါး၏သိမှတ်ခြင်း၊ လက်ခံခြင်း၊ နှစ်သက်ခြင်းကို ခံလိုကြသည်။ မိမိလည်း သက်ဆိုင်သည်ဟူသည့်အသိစိတ်ဓာတ်မျိုး ရှိလိုကြသည်။ လက်ခံခြင်း၊ နှစ်သက်ခြင်း ခံယူနိုင်ရန် လူတစ်ဦးသည် ကိုယ့်မင်းကိုယ့်ချင်း နေလွန်း၍မဖြစ်။ မိမိသက်ဆိုင်သောအုပ်စု၊ အတည်ပြုထားသောဘောင်အတွင်း နေမှဖြစ်မည်။ လူငယ်တို့သည် မြီးကောင်ပေါက်အရွယ်တွင် မိသားစုအတွင်း မိမိပါဝင်သက်ဆိုင်သည်ဟူသောအသိစိတ်ကို ခံစားလိုကြသည်။ သူတို့သည် မိသားစုအသိုင်းအဝိုင်းတွင် အဖိုးတန်သောအိမ်သားများဖြစ်ကြောင်း၊ မိသားစု ကောင်းစားရေးကို ထောက်ကူကြသောပုဂ္ဂိုလ်များဖြစ်ကြောင်း၊ မိသားစုစီမံကိန်းနှင့် ဆုံးဖြတ်ချက်များ၌ ပါဝင်ခွင့်ရသူများဖြစ်ကြကြောင်း ကလေးတို့အား သိရှိခံစားစေပါ။

၂၄။ ကလေးချင်း ငြူစူသည့်သဘောမရှိအောင် မိဘများ အဘယ်ရာကို ရှောင်သင့်သနည်း။

၂၄ “တစ်ယောက်ကိုတစ်ယောက် အမျက်ထွက်ခြင်း၊ ငြူစူခြင်းများကိုရှောင်လျက်၊ ဝါကြွားခြင်းကင်းလျက် နေကြကုန်အံ့” ဟုတမန်တော်ဆို၏။ (ဂလာတိ ၅:၂၆၊ သမ္မ) သား သို့မဟုတ် သမီးတစ်ယောက် အကောင်းလုပ်သည်ကို မိဘက ချီးမွမ်းလိုက်လျှင် ထိုသို့သောစိတ်ဓာတ်ဖြစ်မလာအောင် တားဆီးလိုက်မည်။ သို့ရာတွင် လူငယ်တစ်ယောက်ကို အခြားတစ်ယောက်နှင့်နှိုင်းပြီး နှိမ်မည်၊ အခြားတစ်ယောက်ကို အမြဲ တော်သည်၊ တတ်သည်၊ သာသည်ဟု ပြောမည်ဆိုလျှင် ငြူစူသည့်စိတ် ခံပြင်းစိတ်ဖြစ်ပေါ်လာဖို့သာရှိသည်။ တမန်တော်က “အသီးသီးသည် ကိုယ့်အလုပ်ကို စံချစေ။ သို့မှ အခြားသူနှင့်စပ်၍ မဟုတ်ဘဲ ကိုယ့်အကြောင်းနှင့်စပ်၍ ဂုဏ်တင်ခွင့်ရလိမ့်မည်” ဟုဆိုခဲ့သည်။ (ဂလာတိ ၆:၄၊ သမ) လူငယ်သည် မိမိအဘယ်အရာ၊ အဘယ်သူ၊ အဘယ်အရာကိုပြု ဆိုသည့်အချက်ကိုမူတည်ပြီး မိမိအား လက်ခံသည်ကိုလည်းကောင်း၊ ထိုအရာများအတွက် မိဘများ၏ ချစ်ခြင်းကိုလည်းကောင်း ရလိုကြသည်။

၂၅။ မိမိသည် လူပိုတစ်ယောက်မဟုတ်ဟူသောခံစားချက် ဖြစ်ပေါ်လာအောင် ကလေးတို့အား မိဘများ မည်သို့ကူညီနိုင်သနည်း။

၂၅ အရာရာတွင် ဘဝတာဝန်များယူတတ်ရန် လေ့ကျင့်ပေးခြင်းအားဖြင့် သား သို့မဟုတ် သမီးအား မိမိတန်ဖိုးရှိသည်ဟူသော အသိစိတ်ကို မွေးမြူရန် ကူညီနိုင်သည်။ မိဘတို့သည် ကလေးများအား ငယ်စဉ်ကတည်းက ရိုးသားမှု၊ သစ္စာရှိမှုနှင့် သူတစ်ပါးအပေါ် မှန်ကန်စွာဆက်ဆံမှုတို့ကို သင်ကြားပေးလာခဲ့ပြီ။ ၎င်းအရည်အချင်းများ လူ့ဘောင်အတွင်း မည်သို့အသုံးချရမည်ကို ပြသခြင်းအားဖြင့် ငယ်စဉ်ကတည်းက အုတ်မြစ်ချပေးခဲ့ပြီ။ အလုပ်တစ်ခုကို မည်သို့တာဝန်ယူအပ်သည်၊ ၎င်းအတွက် အားထားနိုင်သူ မည်သို့ဖြစ်အပ်သည် ဆိုသည့်အချက်လည်း ပါဝင်သည်။ ယေရှု ‘ဉာဏ်ပညာဘက်တိုးပွား’ သည်ဆိုရာ၌ မွေးစားဖခင် ယောသပ်လက်မှ အသက်မွေးမှုပညာတစ်ခုခု ဧကန် တတ်မြောက်လာခဲ့သည်မှာ ထင်ရှားသည်။ အကြောင်းမှာ သက်တော် ၃၀ ရောက်၍ လူထုနှင့်ဆိုင်သော နိုင်ငံတော်လုပ်ငန်း လုပ်ဆောင်စပြုသည့်အခါမှာပင် လူတို့က ကိုယ်တော်ကို ‘လက်သမား’ ဟူ၍ညွှန်ပြောနေဆဲဖြစ်၏။ (မာကု ၆:၃) အထူးသဖြင့် ယောက်ျားကလေးတို့သည် လူပျိုပေါက်ဖြစ်လာသောအခါ အလုပ်လုပ်ခြင်း၊ အလုပ်ရှင် သို့မဟုတ် ဖောက်သည်များ စိတ်နှင့်တွေ့အောင် လုပ်ခြင်း စသည်တို့မှာ ဘာကိုဆိုလိုသည်ကို သိရှိလာရန်လိုသည်။ ဆေးပေးမီးယူသဘောလောက်သာရှိသောအလုပ်ရိုးရိုးကလေးပင် ဖြစ်ချင်ဖြစ်မည်။ လုံ့လရှိ၍ တာဝန်သိတတ်၊ အားထားနိုင်ဖွယ်အလုပ်လုပ်သူတစ်ဦး ဖြစ်ခြင်းအားဖြင့် မိမိကိုယ်ကို မိမိလေးစားနိုင်သည့်ပြင် အခြားသူများ၏လေးစားမြတ်နိုး တန်ဖိုးထားခြင်းကိုပါ ရယူနိုင်ကြောင်း သူတို့အားပြသနိုင်သည်။ ထိုသို့ပြုလျှင် မိဘနှင့်မိသားစုအတွက် ဂုဏ်ယူစရာဖြစ်ရုံမက မိမိတို့သည် “အရာရာ၌ ကယ်တင်ရှင် ဘုရားသခင့်သြဝါဒကို တန်ဆာဆင်” ရာလည်းရောက်ကြောင်း သူတို့အား သိရှိစေနိုင်သည်။—တိတု ၂:၆-၁၀။

၂၆။ အဘယ်ရှေးရိုးထုံးတမ်းက သမီးသည် မိသားစုအတွက် အဖိုးတန်သူတစ်ဦးဖြစ်ကြောင်း ဝန်ခံသနည်း။

၂၆ သမီးများ အိမ်မှုထိန်းသိမ်းရေး၊ အိမ်အပြင်အဆင်ဘက်တွင် သင်ယူခြင်းဖြင့် အိမ်တွင်းအိမ်ပြင် အချီးအမွမ်းကို ရယူနိုင်သည်။ ကျမ်းစာခေတ်တွင် သမီးစေ့စပ်ကြောင်းလမ်းခံရသောအခါ မိဘဘက်မှ ကွမ်းဖိုးတောင်းသည်ကို ကြည့်ခြင်းအားဖြင့် သမီးသည် အိမ်အတွက် မည်မျှအဖိုးတန်သည်ကို သိနိုင်သည်။ ၎င်းကွမ်းဖိုးမှာ မိသားစုလက်လွှတ်ရတော့မည့် သမီး၏ အကျိုးဆောင်မှုအတွက် လျော်ကြေးပေးသည့်သဘော ဖြစ်ရပါလိမ့်မည်။—ကမ္ဘာဦး ၃၄:၁၁၊ ၁၂; ထွက်မြောက်ရာ ၂၂:၁၆။

၂၇။ ပညာပေးအခွင့်အရေးကို အဘယ်ကြောင့် အကျိုးထူးစွာ သုံးအပ်သနည်း။

၂၇ ပညာပေးနိုင်သမျှ အခွင့်အရေးကို အသုံးပြု၍ လူငယ်တို့အား လက်ရှိအစီအစဉ်တွင် ကြုံရမည့်ဘဝအခက်အခဲများ ရင်ဆိုင်နိုင်ရန် ပြည့်ပြည့်စုံစုံ ပြင်ဆင်ပေးရမည်။ “ငါတို့လူများသည်လည်း အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာရှိရမည်အကြောင်း ကောင်းသောအကျင့် [ရိုးသားသည့် အလုပ်အကိုင်] တို့ကို အမြဲကျင့်အံ့သောငှာ သင်ကြစေ” ဟူသော တမန်တော်၏တိုက်တွန်းချက်၌ ဤလူငယ်များလည်း ပါဝင်သည်။—တိတု ၃:၁၄။

သမ္မာကျမ်းစာ စာရိတ္တဥပဒေပေးသော ကာကွယ်မှု

၂၈၊ ၂၉။ (က) အပေါင်းအသင်းနှင့်ပတ်သက်ပြီး ကျမ်းစာက မည်သည့်သြဝါဒပေးသနည်း။ (ခ) ယင်းသြဝါဒလိုက်နာအောင် ကလေးတို့အား မိဘတို့ မည်သို့ကူညီနိုင်သနည်း။

၂၈ အခြေအနေ၊ ဥပမာ၊ မိမိတို့အိမ်နီးပတ်ဝန်းကျင် သို့မဟုတ် ကလေးတို့တက်သောကျောင်းကြောင့် ကလေးတို့သည် စာရိတ္တယိုယွင်း၍ ပျက်စီးသောအချို့လူငယ်များနှင့် ပေါင်းရသည့်အဖြစ်နှင့်ရင်ဆိုင်ရသောအခါ မိဘများအနေနှင့် မစိုးရိမ်ဘဲနေမည်မဟုတ်။ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသောသမ္မာကျမ်းစာအဆို မှန်ကန်ကြောင်း မိဘများ သိမြင်ကြပါလိမ့်မည်။ ယင်းကြောင့် ‘လူတိုင်းလုပ်တယ်။ ကျွန်တော်ကတော့ ဘာဖြစ်လို့မလုပ်ရတာလဲ’ ဟူသော ကလေး၏ပူဆာမှုကို မိဘများလက်မခံလိုကြခြင်းဖြစ်သည်။ သူတို့ပြောသလို လူတိုင်း ဟုတ်ချင်မှလည်း ဟုတ်မည်။ ဟုတ်သည်ပဲထား၊ မှားသော၊ မသင့်သောအလုပ်မျိုးဖြစ်လျှင် လူတိုင်းလုပ်သည့်အတွက်နှင့် ကိုယ်ပါလုပ်နိုင်ပြီဆို၍မရ။ “ဆိုးသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့်ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။ သူတို့စိတ်သည် လုယက်ခြင်းငှာ ကြံစည်တတ်၏။ နှုတ်ခမ်းများလည်း ဘေးပြုမည့်စကားကို ပြောတတ်ကြ၏။ ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ဉာဏ်အားဖြင့် တည်မြဲစေရ၏။”—၁ ကောရိန္သု ၁၅:၃၃; သု. ၂၄:၁-၃။

၂၉ သင့်ကလေး ကျောင်းသွားစဉ် သင်နောက်မှ တစ်ကောက်ကောက်လိုက်၍မဖြစ်။ သူ့ဘဝလမ်းကြောင်းတစ်လျှောက် သူ့နောက်သို့ ထပ်ချပ်မကွာလိုက်၍လည်း မဖြစ်။ သို့တစေ၊ သင့်အိမ်ကို ပညာဖြင့်ဆောက်တည်ခြင်းအားဖြင့် သူတို့နှင့်တစ်ပါတည်း လမ်းပြစရာ စာရိတ္တဥပဒေကောင်းနှင့် မှန်ကန်သောမူများ ပို့ပေးနိုင်သည်။ “ပညာရှိတို့စကားများသည် ချွန်းကဲ့သို့” ဖြစ်၏။ (ဒေသနာ ၁၂:၁၁) ရှေးက ထိုသို့သောချွန်းတို့သည် အဖျားချွန်ထက်၍ ရှည်လျားသောတုတ်များဖြစ်သည်။ တိရစ္ဆာန်များကို လမ်းမှန်အတိုင်း သွားနေရန် ၎င်းဖြင့်ထိုးသည်။ ဘုရားသခင့်ပညာပြည့်ဝသောစကားတော်လည်း ကျွန်ုပ်တို့အား လမ်းမှန်၌ ဆက်သွားစေ၏။ လမ်းလွဲပါလျှင်လည်း ကျွန်ုပ်တို့သြတ္တပ္ပစိတ်ဖြင့် ကျွန်ုပ်တို့ကို နာကျင်စေပြီး လမ်းကြောင်းပြောင်းစေနိုင်သည်။ သင့်သားသမီး တစ်သက်လုံးကောင်းစားစေနိုင်ရန် သူတို့နှင့် တစ်ပါတည်း ပညာကိုပေးအပ်ထားပါ။ အပြောရော ပုံသက်သေဖြင့်ပါ သူ့ထံသို့ရောက်အောင် ပို့ဆောင်ပါ။ အမှန်တန်ဖိုးရှိသောအရာများကို နားလည်စေပါ။ ကလေးတို့လည်း မိမိတို့ရင်းနှီးစွာပေါင်းသင်းမည့်သူတို့ကို ရွေးချယ်ရာ၌ ယင်းအချက်များ ရှိမရှိကို ကြည့်ပါလိမ့်မည်။—ဆာလံ ၁၁၉:၉၊ ၆၃။

၃၀။ မိဘများ ကလေးတို့အား ဘုရားပေးစာရိတ္တဥပဒေတစ်ဆူကို မည်သို့အမွေပေးနိုင်သနည်း။

၃၀ ဤအချက်အားလုံးအနက် စွဲမှတ်အပ်သည်ကား အိမ်ထောင်သည် အဆိုပါမူများကို လေးစားမြတ်နိုး လိုက်နာသောအိမ်ထောင်ဖြစ်လျှင် ထိုသို့သောစာရိတ္တဆိုင်ရာ အဖိုးတန်အရာတို့ကို သံမှိုနှက်သလို စွဲစေရန် လွယ်ကူမည်။ သင့်ကလေး၌ သင်ရှိစေလိုသည့်သဘောမျိုး သင်ကိုယ်တိုင် မွေးမြူပါ။ သင့်အိမ်အတွင်း၊ သင့်မိသားစု အသိုင်းအဝိုင်းတွင် လူကြီးတို့၏နားလည်မှု၊ မေတ္တာ၊ ခွင့်လွှတ်မှု၊ လုံခြုံမှုရှိသည့် လွတ်လပ်မှုအတိုင်းအတာ၊ ကိုယ့်ကိုယ်ကို အားထားနိုင်ခွင့်အပြင်၊ တော်တည့်မှန်ကန်မှု၊ တရားသဖြင့်ပြုမှုတို့ရှိရန် အမှန်တကယ်လိုအပ်ပေသည်။ မိမိတို့ပါဝင်သက်ဆိုင်သည်ဟူသောခံစားချက်များ ရှိမရှိ ဂရုစိုက်ပါ။ ဤနည်းများဖြင့် သူတို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ကာ သူတို့ မိသားစုအသိုင်းအဝိုင်းမှ ထွက်သွားသည့်အခါမှာပင် ပါသွားနိုင်မည့် ဘုရားပေးစာရိတ္တဥပဒေများ သူတို့နှင့် တစ်ပါတည်း ထည့်ပေးပါ။ ထို့ထက်ကောင်းသောအမွေ၊ အသင် သူတို့အား ပေးနိုင်မည်မဟုတ်။—သု. ၂၀:၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ