“နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” —အဘယ်နာမတော်ကိုနည်း
သင်သည် ဘာသာကိုင်းရှိုင်းသူလော။ ဖြစ်လျှင် အနန္တတန်ခိုးရှင်တစ်ပါးကို ယုံကြည်လိမ့်မည်။ ယေရှုသွန်သင်ပေးခဲ့သည့် သခင့်ဆုတောင်းချက်ကို သင်တန်ဖိုးထားလေးစားလိမ့်မည်။ ထိုဆုတောင်းချက် ဤသို့စသည်။ “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။”—မဿဲ ၆:၉။
ဤဆုတောင်းချက်၌ နာမတော်အား ‘ရိုသေလေးမြတ်မှု’ ကို ယေရှုအဘယ်ကြောင့်ဦးစားပေးရကြောင်း သင်စဉ်းစားဖူးသလော။ ထိုနောက် ဘုရားသခင့်နိုင်ငံတော်လာဖို့၊ မြေကြီးပေါ် ဘုရားရှင်အလိုတော်ပြည့်စုံဖို့နှင့် ကျွန်ုပ်တို့အပြစ်များကိုခွင့်လွှတ်ဖို့ အစရှိသည့်ကိစ္စများကို ကိုယ်တော်ဖော်ပြပါသည်။ သို့ဖြစ်စေကာမူ ယေရှုကဘုရားသခင့်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိဖို့ ဦးဆုံးဆုတောင်းခိုင်းပါသည်။
ဆုတောင်းချက်များ၌ ဘုရားသခင့်နာမတော်ကိုဦးစားပေးဖို့ တပည့်တော်များအား ယေရှုသွန်သင်ပေးခြင်းသည် မတော်တဆမဟုတ်။ ကိုယ်တော်တိုင်ဆုတောင်းသည့်အခါ နာမတော်ကိုအကြိမ်ကြိမ်ထည့်ပြောခဲ့ရာ ကိုယ်တော်အဖို့ အလွန်အရေးကြီးကြောင်း ထင်ရှားပါသည်။ တစ်ကြိမ်တွင် ဘုရားသခင်ထံဆုတောင်းစဉ် “အိုအဖ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါ” ဟူ၍ ပြောခဲ့သည်ကို ကြားခဲ့ကြသည်။ ဘုရားသခင်က “ငါချီးမြှောက်ခဲ့ပြီ။ တစ်ဖန်ချီးမြှောက်ဦးမည်” ဟုဖြေဆိုတော်မူခဲ့သည်။—ယောဟန် ၁၂:၂၈။
ယေရှုမသေမီညတွင် တပည့်တော်များကြားလောက်သည့်နေရာ၌ ဆုတောင်းစဉ် ဘုရားသခင့်နာမတော်အရေးကြီးကြောင်း ကြားရပြန်သည်။ ကိုယ်တော်က “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ” ဟုဆိုသည်။ နောင်တွင် ဤသို့ထပ်မံပြောသည်။ “ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီဖြစ်၍ အစဉ်ပြညွှန်ပါမည်။—ယောဟန် ၁၇:၆၊ ၂၆။
ဘုရားသခင့်နာမတော်သည် ယေရှုအဖို့ အဘယ်ကြောင့်ဤမျှတိုင် အရေးကြီးရသနည်း။ ကျွန်ုပ်တို့ အတွက်လည်းအရေးကြီးကြောင်း ယေရှုအဘယ်ကြောင့်သွန်သင်ပေးခဲ့ရသနည်း။ ဤအချက်ကိုနားလည်နိုင်ဖို့ ကျမ်းစာခေတ်ကအမည်နာမများကို မည်သို့သဘောထားကြကြောင်း ကျွန်ုပ်တို့သဘောပေါက်ဖို့လိုသည်။
ကျမ်းစာခေတ်ကနာမများ
အမည်ပေးချင်စိတ် လူ၌ယေဟောဝါဘုရားသခင်ထည့်သွင်းတော်မူကြောင်းထင်ရှားပါသည်။ ပထမလူသား၌ အာဒံဟူသောအမည်ရှိပါသည်။ ဖန်ဆင်းခြင်းအကြောင်းတွင် အာဒံဦးစွာပြုလုပ်သည့်အလုပ်များအနက် တစ်ခုကား တိရစ္ဆာန်များကိုအမည်ပေးခြင်းဖြစ်ကြောင်းဖတ်ရသည်။ ဘုရားသခင်သည် အာဒံအား ဇနီးသည်ပေးသည့်အခါ သူမအား “လူမိန်းမ” (ဟေဗြဲဖြင့် အစ်ရှ်ရှာ) ဟု အာဒံချက်ချင်းခေါ်ခဲ့သည်။ နောင်တွင် “သူမသည် အသက်ရှင်သောသူအပေါင်း၏အမိဖြစ်” လာရသဖြင့် “အသက်ရှင်သူ” အဓိပ္ပာယ်ရှိသည့် ဧဝအမည်ဖြင့်မှည့်လေသည်။ (ကမ္ဘာဦး ၂:၁၉၊ ၂၃။ ၃:၂၀) ယခုအချိန်၌လည်း လူတို့သည် နာမည်မှည့်သည့်ထုံးစံကိုလိုက်ကြတုန်းပင်။ အမည်နာမများမရှိလျှင် မဖြစ်နိုင်ပါ။
ဣသရေလခေတ်တွင်မူ နာမည်သည် အမှတ်တံဆိပ်မျှသာမဟုတ်။ အဓိပ္ပာယ်တစ်မျိုးတစ်မည်ကိုပေါ်လွင်စေသည်။ ဥပမာ၊ “ရယ်မောခြင်း” ဟူသောဣဇာက်၏အမည်သည် သားဖွားမည်ဟူ၍ဦးဆုံးကြားခဲ့သောအခါ မိအိုဖအိုများ၏ရယ်မောခြင်းကို ပြန်သတိရစေပါသည်။ (ကမ္ဘာဦး ၁၇:၁၇၊ ၁၉။ ၁၈:၁၂) “အမွေးထူခြင်း” ဟူသောအဓိပ္ပာယ်ရှိသည့် ဧသောအမည်ကား သူ၏ထူးခြားသောရုပ်သဏ္ဌာန်ကိုဖေါ်ပြပါသည်။ သူ၏အခြားအမည် “အနီ” အဓိပ္ပာယ်ရသော ဧဒုံမူကား သားဦးအရာကို နီသောစားစရာအတွက်လဲလှယ်စားခဲ့သည့်အကြောင်း သတိရစေသည်။ (ကမ္ဘာဦး ၂၅:၂၅၊ ၃၀-၃၄။ ၂၇:၁၁။ ၃၆:၁) အမြွှာညီအစ်ကို ဧသောထက် အနည်းငယ်သာငယ်သော ယာကုပ်သည် သားဦးအရာကို ဧသောထံမှဝယ်ယူခဲ့ရာ ဖခင်ထံမှ သားဦးနှင့်ဆိုင်သောကောင်းချီးကိုရရှိခဲ့သည်။ မွေးကတည်းကပင် ယာကုပ်အမည်၏အဓိပ္ပာယ်မှာ “ဖနောင့်ကိုကိုင်လျက်” သို့မဟုတ် “အစားထိုးနေရာယူခြင်း” ဖြစ်သည်။ (ကမ္ဘာဦး ၂၇:၃၆) ထိုနည်းတူစွာ ရှောလမုန်အဓိပ္ပာယ်မှာ “ငြိမ်းချမ်းသော” ဖြစ်၍ သူနန်းစံချိန်တွင် ဣသရေလပြည်သည် ငြိမ်းချမ်းသာယာလုံခြုံခဲ့ပါသည်။—၁ ရာဇဝင်ချုပ် ၂၂:၉။
သို့ဖြစ်၍ The Illustrated Bible Dictionary (အတွဲ ၁၊ စာမျက်နှာ ၅၇၂) ကအောက်ပါအတိုင်းဆိုသည်။ “ဓမ္မဟောင်းကျမ်းတွင် ‘နာမ’ ဟူသောစကားလုံးကိုလေ့လာသည့်အခါ ဟေဗြဲဘာသာစကား၌ ၄င်းသည် မည်မျှအဓိပ္ပာယ်ရှိသည်ကိုသိရှိရ၏။ အမည်တစ်ခုသည် ဘွဲ့တံဆိပ်မျှသာမဟုတ်၊ နာမည်ပိုင်ရှင်၏ ဥပဓိရုပ်အစစ်ကို ထင်ရှားစေပါသည်။”
အမည်နာမများ အရေးကြီးသည်ဟု ဘုရားသခင်မှတ်ယူကြောင်း ကောင်းကင်တမန်တစ်ပါးအားဖြင့် နှစ်ခြင်းဆရာယောဟန်နှင့်ယေရှု၏မိခင်များကို သူတို့သားများအား အဘယ်အမည်မှည့်ရမည်ဟု မှာကြားစေခဲ့ခြင်းက ထင်ရှားပါသည်။ (လုကာ ၁:၁၃၊ ၃၁) တစ်ခါတစ်ရံ နာမည်ပြောင်းစေတော်မူသည်၊ ထပ်ဆင့်အမည်များပေးတော်မူသည်။ သို့ပြု၍ ကိုယ်တော်၏ရည်ရွယ်တော်မူချက်၌ ထိုသူများ အဘယ်သို့လုပ်ဆောင်ဖို့လိုသည်ကိုထင်ရှားစေသည်။ ဥပမာ၊ ကိုယ်တော်၏ကျေးကျွန်အာဗြံ (“ချီးမြှောက်ခြင်း၏ဖခင်”) သည် လူမျိုးများစွာ၏ဖခင်ဖြစ်လာမည်အကြောင်း ဘုရားသခင်ကြိုတင်ဟောတော်မူသောအခါ သူ့အမည်ကို အာဗြဟံ (“လူအုပ်ကြီး၏ဖခင်”) ဟူ၍ပြောင်းစေခဲ့သည်။ အာဗြဟံ၏ဇနီးစာရဲ (“အငြင်းပွားလိုသော”) သည်အာဗြဟံမျိုးစေ့၏မိခင်ဖြစ်လိမ့်မည်ဖြစ်သောကြောင့် စာရာ (“မင်းသမီး”) ဟူ၍ပြောင်းပေးခဲ့သည်။—ကမ္ဘာဦး ၁၇:၅၊ ၁၅၊ ၁၆။ ကမ္ဘာဦး ၃၂:၂၈။ ၂ ဓမ္မရာဇဝင် ၁၂:၂၄၊ ၂၅ တို့ကိုနှိုင်းယှဉ်။
နာမည်များအရေးကြီးသည်ကို ယေရှုလည်း အသိအမှတ်ပြုခဲ့သည်။ အမှုဆောင်အခွင့်အရေးတစ်ခုကို ပေတရုအားပေးချိန်တွင် သူ၏နာမည်ကို ကိုယ်တော်ညွှန်းခဲ့သည်။ (မဿဲ ၁၆:၁၆-၁၉) နာမ်ဝိညာဉ်သားများ၌ပင် နာမည်များရှိသည်။ ကျမ်းစာပါအမည်နှစ်ခုမှာ ဂါဗြေလနှင့်မိက္ခေလတို့ဖြစ်သည်။ (လုကာ ၁:၂၆။ ယုဒ ၉) လူသားအနေနှင့်သက်မဲ့အရာများဖြစ်သည့် ကြယ်၊ ဂြိုဟ်၊ မြို့များ၊ တောင်များနှင့်မြစ်များကို အမည်မှည့်သည့်အခါ သူ၏ဖန်ဆင်းရှင်ကို အတုယူခြင်းမျှသာဖြစ်သည်။ ဥပမာ၊ ကျမ်းစာက ဘုရားသခင်သည် ကြယ်အားလုံးတို့ကို နာမည်ဖြင့်ခေါ်သည်ဟူ၍ဆိုထားသည်။—ဟေရှာယ ၄၀:၂၆။
အမည်မှည့်ခြင်းအားဖြင့် လူများ၊ အရာဝတ္တုများကို ခွဲခြားသိမှတ်နိုင်လိုစိတ်ကို ထည့်သွင်းတော်မူခဲ့သည်။ သို့ဖြစ်၍ ကောင်းကင်တမန်များ၊ လူများ၊ တိရစ္ဆာန်များအပြင် ကြယ်များနှင့်အခြားသက်မဲ့အရာများသည် နာမည်ရှိကြသည်။ ဤအရာခပ်သိမ်းကို ဖန်ဆင်းသောအရှင်သည် မိမိကိုယ်ကိုမူကား နာမတော်တစ်ခုမပေးဘဲနေတော်မူမည်လော။ “ခပ်သိမ်းသောလူတို့သည် သန့်ရှင်းသော [ဘုရားသခင့်] နာမတော်ကို ကမ္ဘာအဆက်ဆက်ကောင်းချီးပေးကြစေ” ဟူသော ဆာလံဆရာ၏စကားများကိုထောက်သော် ထိုသို့ပြုလိမ့်မည်မဟုတ်ကြောင်း အထူးပေါ်လွင်သည်။—ဆာလံ ၁၄၅:၂၁။
The New International Dictionary of New Testament Theology (အတွဲ ၂၊ စာမျက်နှာ ၆၄၉) ကဤသို့ဆိုသည်။ “ကျမ်းဆိုင်ရာဖေါ်ပြချက်များ၏ အခြေခံအကျဆုံး၊ အလိုအပ်ဆုံးသောလက္ခဏာတစ်ခုမှာ ဘုရားသခင်၌ နာမတော်မရှိဘဲမနေဟူသောအဖြစ်မှန်ဖြစ်သည်။ ကိုယ်တော်၌ကိုယ်ပိုင်နာမတော်ရှိသည်။ ၄င်းကိုအသုံးပြု၍ ကိုယ်တော်ကိုကိုးကွယ်ဝတ်ပြုရမည်ဖြစ်သည်။” “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော် အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟူ၍ တပည့်တော်များအားသွန်သင်ပေးခဲ့သည့်အခါ ယေရှုသည် ထိုနာမတော်ကို အမှန်စဉ်းစားခဲ့ပေမည်။—မဿဲ ၆:၉။
ယင်းကြောင့် နာမတော်ကို သိရှိရန်အရေးကြီးကြောင်းထင်ရှားသည်။ ဘုရားသခင်၏ကိုယ်ပိုင်နာမတော်ကို သင် သိပါသလော။
ဘုရားသခင်၏နာမတော်ကား အဘယ်နည်း
ခရစ်ယာန်ဘောင်ချာ့ချ်များ၏ သန်းပေါင်းများစွာသောအသင်းသားအများစုသည် ထိုမေးခွန်းကိုမဖြေဆိုနိုင်ကြပါ။ အချို့က ဘုရားသခင်၏နာမတော်သည် ယေရှုခရစ်ဖြစ်သည်ဟူ၍ဆိုမည်။ သို့သော်လည်း “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော် ၏နာမကိုပြပါပြီ” ဟူ၍ပြောသောအခါ ယေရှုသည် အခြားသူတစ်ဦးကိုဆုတောင်းနေခြင်းဖြစ်သည်။ (ယောဟန် ၁၇:၆) ဖခင်ကို သားတစ်ယောက်စကားပြောသကဲ့သို့ ကောင်းကင်ဘုံရှိ ခမည်းတော်အား ဆုတောင်းနေခြင်းပင်။ (ယောဟန် ၁၇:၁) ကိုယ်တော့်ကောင်းကင်ခမည်းတော်၏နာမတော်ကို “ရိုသေလေးမြတ်” ဖို့ဖြစ်သည်။
သို့သော်လည်း ယခုခေတ်ဘာသာပြန်ကျမ်းစာအများတွင် နာမတော်မပါချေ။ ချာ့ချ်များ၌လည်း အသုံးမပြုသလောက်ဖြစ်နေပါသည်။ ယင်းကြောင့် “ရိုသေလေးမြတ်” ဖို့နေနေသာသာ ကျမ်းစာဖတ်ရှုသူ သန်းပေါင်းများစွာတို့သည် ဘုရားသခင်၏နာမတော်ကို လုံးဝမသိကြတော့ပေ။ ကျမ်းစာဘာသာပြန်သူများ ဘုရားသခင်၏နာမတော်ကို မည်သို့ပြုလုပ်ခဲ့သည်ကို ဥပမာအနေနှင့် ဆာလံ ၈၃:၁၈ ကိုသာကြည့်စို့။ ကျမ်းစာလေးအုပ်တွင် ဤကဲ့သို့အသီးသီးဘာသာပြန်ထားပါသည်။
“သခင်အရှင် ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူသည်ကို သူတို့သိကြပါစေသော။” (၁၉၅၂ ခုနှစ်ထုတ် Revised Standard Version)
“အိုထာဝရအရှင်၊ ကိုယ်တော်သည် ကမ္ဘာတစ်ဝန်းအမြင့်ဆုံးဘုရားဖြစ်တော်မူ၏။” (၁၉၂၂ ခုနှစ်ထုတ် A New Translation of the Bible by James Moffatt)
“ဤအရာကို သူတို့သိပါလေစေ။ ကမ္ဘာတစ်ဝန်း အမြင့်ဆုံးသောအရှင်၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် ယာဝေး အမည်ရှိ၏။” (၁၉၆၆ ခုနှစ်၊ ကက်သလစ် Jerusalem Bible )
“ယေဟောဝါ ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော။” (၁၆၁၁ ခုနှစ်ထုတ် Authorized, or King James Version)
အဘယ်ကြောင့်ဤမျှတိုင် ခြားနားရသနည်း။ ကိုယ်တော်၏နာမတော်သည် အရှင်သခင် သို့မဟုတ် ထာဝရအရှင်၊ သို့မဟုတ် ယာဝေး သို့မဟုတ် ယေဟောဝါဖြစ်သလော။ ဤနာမတော်အားလုံးကို ဘုရားသခင်၏နာမတော်ဟူ၍ လက်ခံထားနိုင်မည်လော။
ဤမေးခွန်းကိုဖြေဆိုရန် ကျမ်းစာကိုအစကနဦးက အင်္ဂလိပ်ဘာသာဖြင့်မရေးခဲ့ကြောင်းသတိရဖို့လိုသည်။ ကျမ်းစာရေးသူများသည် ဟေဗြဲလူမျိုးများဖြစ်ကြသည်။ သူတို့ခေတ်သုံးဟေဗြဲနှင့်ဂရိစကားဖြင့် ကျမ်းစာကိုရေးသားခဲ့ကြသည်။ ကျွန်ုပ်တို့အများစုမှာ ၄င်းရှေးဟောင်းဘာသာစကားများကို မတတ်ကြပါ။ သို့သော် ခေတ်သုံးဘာသာစကားအသီးသီးဖြင့် ပြန်ဆိုထားပြီဖြစ်၍ ကျမ်းစာကို ကျွန်ုပ်တို့ဖတ်လိုပါက ဤဘာသာပြန်ကျမ်းများကိုအသုံးပြုနိုင်ပါသည်။
ခရစ်ယာန်များသည် ကျမ်းစာကိုအလွန်တန်ဖိုးထားကြပါသည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်သည်” ကိုလည်း မှန်ကန်စွာလက်ခံယုံကြည်ကြ၏။ (၂ တိမောသေ ၃:၁၆) သို့ဖြစ်၍ ကျမ်းစာကို ဘာသာပြန်ဆိုခြင်းသည် အလွန်ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်၏။ ကျမ်းစာကိုပြုပြင်ပြောင်းလဲခြင်း၊ အချို့အပိုင်းကို ချန်လှပ်ထားမည်ဆိုလျှင် နှုတ်ကပါဌ်တော်ကို ပြုပြင်ရေးသားခြင်းတည်း။ ကျမ်းစာသတိပေးချက်သည် ဤသို့ပြုလုပ်သူနှင့်သက်ဆိုင်ပါသည်။ “အကြင်သူသည် ဤအရာတို့၌ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏အနာဂတ္တိစကားအချို့ကို နှုတ်ပယ်၏၊ ဤစာစောင်၌ရေးထားသောအသက်ပင်နှင့် . . . ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ်ပယ်တော်မူမည်။”—ဗျာဒိတ် ၂၂:၁၈၊ ၁၉။ တရားဟောရာ ၄:၂ ကိုလည်းရှု။
ကျမ်းစာဘာသာပြန်သူအများသည် ကျမ်းစာကိုရိုသေလေးမြတ်ကြပြီး ဖတ်ရှုသူများကို သဘောပေါက်နားလည်စေလိုသည်မှာအမှန်။ သို့သော် ဘာသာပြန်သူများသည် မှုတ်သွင်းခံရသူများမဟုတ်။ အများမှာ ယုံကြည်ချက်ပြင်းထန်သူများဖြစ်၍ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ကြိုက်နှစ်သက်ရာ၏ ဩဇာလွှမ်းမိုးမှုကိုခံရကြသည်။ ဆုံးဖြတ်ချက်များချရာ၌လည်း လူသားများပီပီ အမှားအယွင်းများရှိတတ်ပါသည်။
ထိုကြောင့် အရေးကြီးသောမေးခွန်းအချို့မေးသင့်သည်။ ဘုရားသခင်၏နာမတော်အစစ်အမှန်ကားအဘယ်နည်း။ ဘာသာပြန်ကျမ်းအသီးသီးတို့သည် ဘုရားသခင်၏နာမတော်အဖြစ် အမည်နာမတစ်မျိုးစီ အဘယ်ကြောင့်အသုံးပြုရသနည်း။ ဤမေးခွန်းတို့၏အဖြေကိုရရှိပြီဆိုလျှင် မူရင်းမေးခွန်းဖြစ်သည့် ဘုရားသခင်၏နာမတော်ကို ရိုသေလေးမြတ်ဖို့ အဘယ်ကြောင့်အရေးကြီးကြောင်းကို တစ်ဖန်ပြန်အဖြေရှာနိုင်ပါပြီ။ ဘုရားသခင့်နာမတော်ကို ရိုသေလေးမြတ်ရန် အဘယ်ကြောင့်ဤမျှအရေးကြီးရသနည်း။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ကောင်းကင်တမန်များ၊ လူများ၊ တိရစ္ဆာန်များ၊ ကြယ်များနှင့် သက်မဲ့အစရှိသည့်အရာများပင် အမည်နာမရှိသည်။ ဤအရာခပ်သိမ်းကို ဖန်ဆင်းရှင်၌မူကား နာမတော်မရှိဘဲ နေပါမည်လော
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
ဆုတောင်းရာ၌ ဘုရားသခင့်နာမတော်ကို ယေရှုအကြိမ်ကြိမ်သုံးခြင်းအားဖြင့် ၄င်းသည် ကိုယ်တော်အတွက် အလွန်အရေးကြီးကြောင်းထင်ရှား