ခရစ်ယာန်များနှင့် နာမတော်
တစ်ယူသန်ဂျူးများ ဘုရားသခင်၏နာမတော်ကို အသံမထွက်တော့ဘဲ ဘုရားနှင့်အချုပ်အခြာအာဏာရှင်ဟူသော ဟေဗြဲစကားလုံးများကို အဘယ်အချိန်ကစ၍အစားထိုးခဲ့ကြောင်း အဘယ်သူမျှအတိအကျမပြောဆိုနိုင်ပါ။ အချို့ကယေရှုမလာမီ စောစောကတည်းက ဘုရားသခင်၏နာမတော်ကို နေ့စဉ်အသုံးပြုလေ့မရှိတော့ချေဟူ၍ယူဆကြသည်။ သို့သော် စီအီး ၇၀ တွင်ဗိမာန်တော်ပျက်စီးသည့်အချိန်အထိ ဗိမာန်တော်ဝတ်ပြုရေးကိစ္စများတွင်၊ အထူးသဖြင့်အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် နာမတော်ကိုခေါ်ဝေါ်သမုတ်ခဲ့သည်ကို ခိုင်လုံစွာသက်သေပြနိုင်ပါသည်။ ထိုကြောင့်ယေရှုမြေကြီးပေါ်ရှိစဉ်က နာမတော်၏အသံထွက်ကို အများသုံးလေ့မရှိကြသော်လည်းသိကျွမ်းကြသည်။
ဂျူးများအဘယ်ကြောင့်ဘုရားသခင်နာမတော်ကို မသုံးကြတော့သနည်း။ တတိယပညတ်တစ်ချက်ဖြစ်သော “သင်၏ဘုရားသခင်ယေဟောဝါ၏နာမတော်ကို မုသာနှင့်ဆိုင်၍မမြွက်မဆိုရ” ဟူသောစကားများကို လွဲမှားစွာအဓိပ္ပာယ်ကောက်ယူခဲ့သောကြောင့်ဖြစ်ပါသည်။ (ထွက်မြောက်ရာ ၂၀:၇) ဤပညတ်ချက်ကဘုရားသခင်၏နာမတော်ကိုမသုံးစွဲရဟူ၍ မတားမြစ်ပါ။ ဒါဝိဒ်မှစ၍ ဘုရားသခင်၏ကျေးကျွန်များသည် နာမတော်ကိုအသုံးပြုခဲ့လျက်ပင် အဘယ်ကြောင့်ယေဟောဝါ၏ကောင်းချီးများကို ခံစားခဲ့ရကြသနည်း။ ထို့ပြင်ဘုရားသခင်သည် မောရှေအားနာမတော်ကို အသံထွက်ပြ၍ သူ့အားစေလွှတ်သူကား မည်သူဖြစ်သည်ကို ဣသရေလလူမျိုးအားဖေါ်ပြဖို့ အဘယ်ကြောင့် မိန့်တော်မူပါသနည်း။—ဆာလံ ၁၈:၁-၃၊ ၆၊ ၁၃။ ထွက်မြောက်ရာ ၆:၂-၈။
ယေရှုခေတ်တိုင်သော် ဘုရားတောင်းဆိုချက်များကို တလွဲအဓိပ္ပာယ်ကောက်သည့် သဘောပြင်းထန်နေကြသည်။ ဥပမာ၊ ပညတ်တော်ဆယ်ပါးမှစတုတ္ထပညတ်အရ ဂျူးများသည်တစ်ပတ်လျှင် သတ္တမမြောက်နေ့ကို အနားယူရန်ဥပုသ်နေ့အဖြစ် ကျင်းပရမည်ဟူ၍မိန့်တော်မူ၏။ (ထွက်မြောက်ရာ ၂၀:၈-၁၁) တစ်ယူသန်ဂျူးများက ထိုပညတ်ကိုအကျယ်ချဲ့ကာ ဥပုသ်နေ့တွင်ပြုနိုင်မပြုနိုင်သော အသေးမွှားဆုံးကိစ္စတို့ကိုပင် စည်းမျဉ်းဥပဒေများစွာထုတ်ခဲ့၏။ ထပ်တူသဘောထားမျိုဖြင့်သာ ဘုရားသခင်၏နာမကိုမရိုမသေမပြုရဟူသော ယုတ္တိတန်သောပညတ်ကို အလွန်အကျွံအဓိပ္ပာယ်ဖွင့်ယူကာ နာမတော်အသံပင်မထွက်သင့်ဟူ၍ ဆိုကြသည်။a
ယေရှုနှင့်နာမတော်
ကျမ်းစာနှင့်မညီညွတ်သောဤထုံးစံကို ယေရှုလိုက်လျှောက်ခဲ့မည်မဟုတ်။ လူ့စည်းမျဉ်းကိုချိုးဖောက်ရာကျ၍ အသက်အန္တရာယ်ရှိသော၊ ဥပုသ်နေ့တွင် ရောဂါကုသပေးခြင်းကိုပင်ကိုယ်တော်မရှောင်ခဲ့ပါ။ (မဿဲ ၁၂:၉-၁၄) အမှန်မှာ ဖာရိရှဲတို့၏ထုံးစံများသည် ဘုရားသခင်မှုတ်သွင်းခံနှုတ်ကပါဌ်တော်နှင့်ဆန့်ကျင်သဖြင့် သူတို့ကိုကြောင်သူတော်များအဖြစ် ယေရှုရှုတ်ချခဲ့သည်။ (မဿဲ ၁၅:၁-၉) သို့ဖြစ်၍ အထူးသဖြင့် ကိုယ်တော်တိုင်၏နာမယေရှုဟူသောအဓိပ္ပာယ်မှာ “ယေဟောဝါသည်ကယ်တင်ရှင်” ဖြစ်သောကြောင့် ဘုရားသခင်၏နာမကိုယေရှုမသုံးဘဲ နေလိမ့်မည်မဟုတ်ပါ။
နောင်တစ်ကြိမ်တွင် တရားဇရပ်၌ထ၍ ဟေရှာယကျမ်းလိပ်ကို ယေရှုဖတ်ပြခဲ့သည်။ တစ်ကြိမ်ထက်မက ဘုရားသခင်၏နာမတော်ပါသော ဟေရှာယ ၆၁:၁၊ ၂ ကိုသူဖတ်ပြခဲ့၏။ (လုကာ ၄:၁၆-၂၁) ထိုအခါ ဘုရားသခင်၏နာမတော်ကိုအသုံးမပြုဘဲ “သခင်” သို့မဟုတ် “ဘုရား” ဟူ၍အစားထိုး၍ပြောဆိုခဲ့မည်လော။ ထိုသို့ပြုမည်မဟုတ်ပါ။ သို့ပြုမည်ဆိုလျှင် ဂျူးဘာသာရေးခေါင်းဆောင်များ၏ ကျမ်းစာနှင့်မညီညွတ်သော မိရိုးဖလာထုံးစံကို လိုက်နေရာကျမည်။ ၄င်းအစား ဤသို့ဖတ်ရသည်။ “ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။”—မဿဲ ၇:၂၉။
အမှန်အားဖြင့် အထက်ကကျွန်ုပ်တို့သိရှိခဲ့သည်အတိုင်းပင် “နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟူ၍ဘုရားသခင်ထံဆုတောင်းဖို့ တပည့်တော်များအားယေရှုသွန်သင်ပေးခဲ့သည်။ (မဿဲ ၆:၉) အသတ်မခံရမီတစ်ညအလိုတွင် ဆုတောင်းချက်၌ ခမည်းတော်အား ဤသို့ဆိုခဲ့သည်။ “ဤလောကထဲမှယူ၍ အကျွန်ုပ်၌အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုပြပါပြီ။ . . . သန့်ရှင်းတော်မူသောအဖ ကိုယ်တော် . . . အကျွန်ုပ်အားပေးတော်မူသော ဤသူတို့ . . . ကိုကိုယ်တော်၏နာမ၌တည်စေတော်မူပါ။”—ယောဟန် ၁၇:၆၊ ၁၁။
ဘုရားသခင်၏နာမတော်နှင့်ပတ်သက်၍ ယေရှုဤကိုးကားချက်များအကြောင်း Der Name Gottes (ဘုရားနာမတော်) ဟူသောစာအုပ်၊ စာမျက်နှာ ၇၆ ကဤသို့ရှင်းပြသည်။ “ထုံးတမ်းစဉ်လာအတိုင်းရရှိသော ဓမ္မဟောင်းကျမ်းတွင် နာမတော်ကို ဘုရားသခင်ဖွင့်ပြ၍ ၄င်း၌သာ ထိုသို့ပြုသည်သာမက ဓမ္မသစ်ကျမ်း၌လည်း နာမတော်ကိုဆက်၍ဖေါ်ပြထားရာ ဥပမာယောဟန် ၁၇:၆ ၌ “ကိုယ်တော်၏နာမတော်ကိုပြပါပြီ” ဟူ၍ ကျွန်ုပ်တို့ဖတ်ရသည်အတိုင်း ဓမ္မသစ်ကျမ်းအဆုံးအထိ နာမတော်ကိုထင်ရှားစေသည့်အချက်ကို တန်ဖိုးထားသဘောပေါက်သင့်သည်။”
မှန်ပါ၏။ ဘုရားသခင့်နာမတော်ကိုသုံးရန်၊ အထူးသဖြင့် နာမတော်ပါသော ဟေဗြဲကျမ်းစာစောင်အပိုင်းများကို ကိုးကားရာတွင် ယေရှုတွန့်ဆုတ်ခဲ့သည်ဟုထင်မှတ်ခြင်းသည် လုံးဝယုတ္တိမတန်ပါ။
ရှေးခရစ်ယာန်များ
ပထမရာစုရှိ ယေရှု၏နောက်လိုက်များသည် ဘုရားသခင့်နာမတော်ကိုအသုံးပြုခဲ့သလော။ လူမျိုးအပေါင်းမှလူတို့ကို တပည့်ဖြစ်စေရမည်ဟူ၍ ယေရှု၏မိန့်မှာချက်ကို သူတို့ရရှိထားသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေဟောဝါအမည်ဖြင့် ဂျူးလူမျိုးအား မိမိကိုယ်ကိုဖေါ်ပြခဲ့သောဘုရားအကြောင်း လုံးဝမသိမကျွမ်းသူတို့အား ဟောပြောရမည်ဖြစ်သည်။ ယင်းကြောင့် ခရစ်ယာန်များသည် မှန်သောဘုရားသခင်ကို သူတို့အား မည်သို့ပေးသိနိုင်မည်နည်း။ ဘုရား သို့မဟုတ် သခင်အရှင်ဟူ၍ခေါ်ရုံဖြင့် လုံလောက်မည်လော။ မလုံလောက်ပေ။ လူမျိုးတကာ၌ ကိုယ်ပိုင်ဘုရားများ၊ သခင်များရှိနှင့်ပြီးသားဖြစ်သည်။ (၁ ကောရိန္သု ၈:၅) မှန်သောဘုရားနှင့် အတုအယောင်တို့ကို ခရစ်ယာန်များသည် မည်သို့သိသိသာသာခွဲခြားပြနိုင်ပါမည်နည်း။ မှန်သောဘုရားသခင်၏နာမတော်ကို အသုံးပြုခြင်းအားဖြင့်သာလျှင်ဖြစ်သည်။
သို့ဖြစ်၍ ယေရုရှလင်မြို့၌ အသက်ကြီးသူများအစည်းအဝေးတစ်ခုတွင် တပည့်တော်ယာကုပ်ဤသို့ဆိုသည်။ “ဘုရားသခင်သည် မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကိုနှုတ်ယူခြင်းငှာ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည့်အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။ ထိုအကြောင်းအရာသည်လည်း ပရောဖက်တို့၏စကားနှင့်ညီ၏။” (တမန်တော် ၁၅:၁၄၊ ၁၅) ပင်တေကုတ္တေပွဲတွင် သူ၏နာမည်ကျော်ဟောပြောချက်၌ တမန်တော်ပေတရုသည် ပရောဖက်ယောလ၏စကားကိုကိုးကားရာတွင် ခရစ်ယာန်သတင်းတရား၏အရေးကြီးသောလုပ်ငန်းတစ်ရပ်ကို တင်ပြခဲ့သည်။ “ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတံ့။”—ယောလ ၂:၃၂။ တမန်တော် ၂:၂၁။
ဘုရားသခင်၏နာမတော်သည် မိမိအဖို့အရေးကြီးကြောင်း တမန်တော်ပေါလုအတိအလင်းဖေါ်ပြထားသည်။ ရောမမြို့သားတို့အားရေးသည့်စာတွင် ပရောဖက်ယောလ၏ ထိုထပ်တူစကားများကိုကိုးကား၍ ခရစ်ယာန်ချင်းတို့ ၄င်းစကားကိုယုံကြည်ကြောင်း အခြားသူတို့ ကယ်တင်ခြင်းရခြင်းငှာ ဘုရားသခင်၏နာမတော်ကိုဟောပြောကြခြင်းဖြင့်တင်ပြရန် အားပေးပါသည်။ (ရောမ ၁၀:၁၃-၁၅) နောင်တွင် တိမောသေအား ဤသို့စာရေးခဲ့သည်။ “ယေဟောဝါ၏နာမတော်ကိုဝန်ခံသောသူမည်သည်ကား မတရားသောအမှုကိုရှောင်ရမည်။” (၂ တိမောသေ ၂:၁၉) ပထမရာစုအကုန်တွင် တမန်တော်ယောဟန်သည် မိမိစာစောင်များတွင် ဘုရားသခင်၏နာမတော်ကိုအသုံးပြုသည်။ ဗျာဒိတ်ကျမ်း၌ “ဂျားကိုချီးမွမ်းပါ” အဓိပ္ပာယ်ရှိသည့် “ဟာလေလုယ” ဟူသောအသုံးအနှုန်းကို အကြိမ်ကြိမ်သုံးထားသည်။—ဗျာဒိတ် ၁၉:၁၊ ၃၊ ၄၊ ၆။
သို့ရာတွင် ခရစ်ယာန်အသင်းတော်၌ ယုံကြည်ခြင်းဖောက်ပြန်လိမ့်မည့်အကြောင်း ယေရှုနှင့်တပည့်တော်များ ကြိုတင်ဟောခဲ့ပါသည်။ “မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်” ဟူ၍တမန်တော်ပေတရုရေးသားခဲ့၏။ (၂ ပေတရု ၂:၁။ မဿဲ ၁၃:၃၆-၄၃။ တမန်တော် ၂၀:၂၉၊ ၃၀။ ၂ သက်သာလောနိတ် ၂:၃။ ၁ ယောဟန် ၂:၁၈၊ ၁၉ တို့ကိုလည်းရှု) ဤသို့သတိပေးခဲ့သည်အတိုင်းဖြစ်ခဲ့ပါသည်။ ရလဒ်တစ်ခုအနေနှင့် ဘုရားသခင်၏နာမတော်ကို ကွယ်ရာသို့ဖယ်ထားခြင်းဖြစ်သည်။ ကျမ်းစာစောင်များနှင့် ဘာသာပြန်ကျမ်းများမှပင် နာမတော်ကိုထုတ်နှုတ်လိုက်ကြသည်။ မည်သို့ဖြစ်ခဲ့သည်ကိုကြည့်ကြစို့လေ။
[အောက်ခြေမှတ်ချက်များ]
a အချို့ကဤသို့ဆိုသည်။ ဂျူးများသည် ဂရိယုံကြည်ချက်ဩဇာအောက်ရှိနေမည်။ ဥပမာ အလက်ဇန္ဒြီးယားမှဂျူးပညာရှိ ဖီလို (ယေရှုနှင့်တစ်ခေတ်တည်းသားဖြစ်နိုင်) သည်ဂရိပညာရှိပလေတိုကို ဘုရားတန်ခိုးရသူဟူ၍အထင်ကြီးပြီး သူ့သြဇာလွှမ်းမိုးခံခဲ့သည်။ Lexikon des Judentums (ယုဒဘာသာတရားအဘိဓာန်) ၌ “ဖီလို” စာလုံးအောက်၌ ဖီလိုသည် “ဂရိပညာရှိ (ပလေတို) ၏စကားနှင့်အယူအဆများကို ဂျူးယုံကြည်ချက်နှင့်ရောနှောခဲ့ရာ သူသည် ခရစ်ယာန်ချာ့ချ်ခေါင်းဆောင်တို့ကို ဩဇာညောင်းခဲ့ပါသည်။” ဘုရားသခင်ကိုမဖေါ်ပြနိုင်သဖြင့် နာမတော်လည်းမရှိနိုင်ဟူ၍ ဖီလိုသွန်သင်ခဲ့သည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
“သန့်ရှင်းခြင်းသည် ယေဟောဝါ၏ပိုင်ဆိုင်ရာဖြစ်သည်” ဟူသောအဓိပ္ပာယ်ရှိ ခေါင်းပေါင်းပေါ်ဟေဗြဲစာတန်းပါ ဂျူးယဇ်ပုရောဟိတ်မင်းပုံကို ဗက်တီကင်တွင်တွေ့ရ၏။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဤ ၁၈၀၅ ခုနှစ်၊ ဂျာမန်ဘာသာပြန်ကျမ်းဖေါ်ပြသည်အတိုင်း တရားဇရပ်တွင် ယေရှုထ၍ ဟေရှာယကျမ်းလိပ်ကိုဖတ်ခဲ့စဉ်က ဘုရားသခင်၏နာမတော်ကို အသံကျယ်လောင်စွာမြွက်ဆိုခဲ့၏။—လုကာ ၄:၁၈၊ ၁၉။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယောလပရောဖက်ပြုကျမ်းမှကိုးကားခဲ့သောအခါ ပေတရုနှင့်ပေါလုတို့သည် ဘုရားသခင်၏နာမတော်ကိုအသုံးပြုခဲ့သည်။—တမန်တော် ၂:၂၁။ ရောမ ၁၀:၁၃