ယင်းကိုသင့်အားပြောပြဖို့သူတို့အသုံးပြုသည့်နည်းများ
ခရစ်ယာန်တို့သည် “လူမျိုးအပေါင်းကိုတပည့်ဖြစ်စေဖို့” အမိန့်ရထားကြသည်။ သို့သော်ဤသို့ပြုရန်သူတစ်ပါးကို အတင်းအဓမ္မဘာသာဆွယ်ရမည်မဟုတ်။ ယေရှုပေးသည့်တာဝန်မှာ “စိတ်နှိမ့်ချသူတို့အား သတင်းကောင်းကိုပြောရန်”၊ “နှလုံးကြေကွဲသူတို့၏အနာကိုစည်းရန်”၊ “ပူဆွေးနေသူတို့ကိုနှစ်သိမ့်ရန်” ဖြစ်သည်။ (မဿဲ ၂၈:၁၉။ ဟေရှာယ ၆၁:၁၊ ၂။ လုကာ ၄:၁၈၊ ၁၉) ဤသို့ပြုနိုင်ရန် ယေဟောဝါသက်သေတို့သည် ကျမ်းစာမှသတင်းကောင်းကိုကြေညာကြသည်။ ပရောဖက်ယေဇကျေလနည်းတူ ယနေ့ယေဟောဝါသက်သေတို့သည်လည်း “စက်ဆုပ်ရွံရှာဖွယ်အမှုကြောင့် ညည်းတွားငိုကြွေးသောသူ” တို့ကိုလိုက်လံရှာဖွေကြသည်။—ယေဇကျေလ ၉:၄။
မျက်မှောက်ခေတ်အခြေအနေကြောင့် စိတ်ဒုက္ခရောက်နေသူတို့ကိုရှာဖွေရန် သူတို့အသုံးပြုသည့် အထင်ပေါ်ဆုံးနည်းတစ်နည်းမှာ တစ်အိမ်မှတစ်အိမ်သို့သွားခြင်းဖြစ်သည်။ ဤနည်းဖြင့်လူတို့နှင့် ထိထိရောက်ရောက်တွေ့ဆုံခွင့်ရကြသည်။ ယေရှုသည် “မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သည့်ဧဝံဂေလိတရားကို ဟောတော်မူ” သကဲ့သို့ပင်ဖြစ်သည်။ (လုကာ ၈:၁၊ ၉:၁-၆၊ ၁၀:၁-၉) ယနေ့ဖြစ်နိုင်သည့်နေရာများတွင် ယေဟောဝါသက်သေတို့သည် တစ်နှစ်လျှင်နှစ်ကြိမ်၊ သုံးကြိမ်အိမ်တိုင်းသွားပြီး အိမ်ရှင်စိတ်ဝင်စားသည့်ဒေသဆိုင်ရာ သို့မဟုတ် ကမ္ဘာ့ရေးရာအကြောင်းတစ်ခုခုကိုအခြေပြု၍ မိနစ်အနည်းငယ်စကားစမြည်ပြောဖို့ကြိုးစားကြသည်။ စဉ်းစားစရာကျမ်းချက်တစ်ချက်နှစ်ချက်ကိုတင်ပြပြီး အိမ်ရှင်စိတ်ဝင်စားမှုပြလျှင် နောက်ထပ်အကြောင်းအရာတို့ကို ဆွေးနွေးနိုင်ရန် အဆင်ပြေသည့်အချိန်တစ်ခုခု၌ ပြန်လည်ပတ်ဖို့စီစဉ်ကြသည်။ ကျမ်းစာနှင့်ကျမ်းစာကိုရှင်းပြသည့်စာပေတို့ကိုဝေငှခဲ့ပြီး အိမ်ရှင်စိတ်ဆန္ဒရှိပါက အခမဲ့အိမ်တွင်းကျမ်းစာသင်တန်းကျင်းပပေးသည်။ ၁၉၉၀ ခုနှစ်တွက်ကမ္ဘာတစ်ခွင်လုံး ယင်းကဲ့သို့ပင်အိမ်တွင်းကျမ်းစာသင်အံမှု ပျမ်းမျှအရေအတွက် ၃,၆၂၄,၀၉၁ ခန့်ကိုမှန်မှန်ကျင်းပခဲ့သည်။
“နိုင်ငံတော်သတင်းကောင်း” ကိုအခြားသူတို့အားကြားနာစေသည့် နောက်တစ်နည်းကားဒေသဆိုင်ရာခန်းမများတွင် ကျင်းပသည့်အစည်းအဝေးများအားဖြင့်ဖြစ်သည်။ ထိုတွင်သက်သေခံတို့သည် အစည်းအဝေးကိုပတ်စဉ်မှန်မှန်ကျင်းပကြသည်။ အစည်းအဝေးတစ်ခုမှာ လတ်တလောစိတ်ဝင်စားစရာအကြောင်းတစ်ခုပေါ်အခြေခံ၍ လူထုကိုဟောပြောခြင်းဖြစ်သည်။ ယင်းနှင့်တစ်ဆက်တည်း ကင်းမျှော်စင် မဂ္ဂဇင်းကိုအသုံးပြု၍ ကျမ်းစာအကြောင်းအရာတစ်ခု သို့မဟုတ် ပရောဖက်ပြုချက်တစ်ခုခုကိုလေ့လာသည့် အစည်းအဝေးဖြစ်သည်။ နောက်အစည်းအဝေးတစ်ခုမှာ သတင်းကောင်းကိုထိရောက်စွာဟောပြောနိုင်ရန် သက်သေခံများကို လေ့ကျင့်ပေးသည့်ကျောင်းအစီအစဉ်ဖြစ်ပြီး၊ ယင်းနှင့်ဆက်၍ ဒေသဆိုင်ရာရပ်ကွက်၌ သက်သေခံခြင်းလုပ်ငန်းကိုဆွေးနွေးသည့်အစည်းအဝေးလိုက်ပါလာသည်။ ထို့ပြင် သက်သေခံတို့သည် ကိုယ်ပိုင်အိမ်တစ်ခုခုတွင် ပတ်စဉ်စုဝေးပြီး အုပ်စုငယ်ကလေးများဖြင့်ကျမ်းစာလေ့လာကြသည်။
ဤအစည်းအဝေးအားလုံးကို လူတိုင်းလွတ်လပ်စွာတက်ရောက်နိုင်သည်။ မည်သည့်အခါမျှ အလှူငွေမကောက်ခံပါ။ ယင်းအစည်းအဝေးအားလုံးသည် လူတိုင်းကိုအကျိုးဖြစ်စေသည်။ ကျမ်းစာက “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့သည် ထုံးစံရှိသည့်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကိုမရှောင်မလွဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့” ဟုပြောသည်။ ကိုယ်ပိုင်လေ့လာမှုနှင့် စူးစမ်းရှာဖွေခြင်းပြုရန်လိုအပ်သည်။ သို့သော်အခြားသူတို့နှင့်စည်းဝေးခြင်းသည် အားပေးလှုံ့ဆော်မှုကိုဖြစ်စေသည်။ “သံကိုသံဖြင့်ထက်စေသကဲ့သို့ လူသည်အဆွေခင်ပွန်း၏မျက်နှာကိုထက်စေတတ်၏။”—ဟေဗြဲ ၁၀:၂၄၊ ၂၅။ သု. ၂၇:၁၇။
နေ့စဉ်အသက်တာတွင် ဆုံတွေ့သူတို့ကိုသတင်းကောင်းဟောပြောရန် သက်သေခံတို့သည် အခွင့်အရေးရှာယူတတ်ကြသည်။ အိမ်နီးနားချင်း သို့မဟုတ် ကား၊ လေယာဉ်ပျံခရီးအတူသွားသူတို့နှင့် စကားတစ်ခွန်းနှစ်ခွန်းပြောဆိုခွင့်၊ မိတ်ဆွေ သို့မဟုတ် ဆွေမျိုးဉာတိတစ်ဦးနှင့် အတန်ကြာစကားပြောရသောအခွင့် သို့မဟုတ် နေ့လည်စာစားချိန်တွင် မိမိ၏လုပ်ဖော်ဆောင်ဖက်တစ်ဦးနှင့် ဆွေးနွေးရခြင်းတို့ဖြစ်နိုင်သည်။ ယေရှုမြေကြီးပေါ်သက်တော်ထင်ရှားရှိခဲ့စဉ်က အများအားဖြင့်သက်သေခံသည့်ပုံစံမှာ ဤသို့ပင်—ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရင်း၊ တောင်ကုန်းပေါ်တွင်ထိုင်နေရင်း၊ တစ်ဦးဦး၏အိမ်တွင်ညနေစာစားရင်း၊ မင်္ဂလာဆောင်ပွဲတက်ရောက်ရင်း၊ သို့မဟုတ် ဂါလိလဲအိုင်တွင် တံငါလှေဖြင့်ခရီးသွားရင်း ဟောပြောခဲ့သည်။ ယေရုရှလင်ရှိတရားဇရပ်များနှင့်ဗိမာန်တော်တွင်ကိုယ်တော်သွန်သင်ဆုံးမခဲ့သည်။ ကိုယ်တော်ရောက်ရှိသည့်နေရာတိုင်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောဖို့အခွင့်အရေးရှာခဲ့သည်။ ယေဟောဝါသက်သေတို့သည် ဤကိစ္စတွင် ကိုယ်တော်၏ခြေတော်ရာကိုလိုက်လျှောက်ဖို့ရန် ကြိုးစားကြသည်။—၁ ပေတရု ၂:၂၁။
ပုံသက်သေအားဖြင့်ဟောပြောခြင်း
သင့်အားသတင်းကောင်းဟောပြောသူသည် ဟောပြောသည့်အတိုင်း မိမိကိုယ်တိုင်လက်တွေ့မကျင့်သုံးလျှင် မည်သည့်နည်းဖြင့်ဟောဟော၊ သင့်အတွက်အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ အပြောနှင့်အလုပ်မညီခြင်းသည် အရေခြုံမှုဖြစ်သည်။ ဘာသာရေးအရေခြုံတို့သည် လူသန်းပေါင်းများစွာအား သမ္မာကျမ်းစာကို ကျောခိုင်းအောင်ပြုခဲ့ပြီ။ အမှန်တွင် ကျမ်းစာကိုလုံးဝအပြစ်မတင်နိုင်ပါ။ ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် ဟေဗြဲကျမ်းစာစောင်ကိုပိုင်ဆိုင်ထားကြသော်လည်း သူတို့သည်အရေခြုံသမားများဖြစ်သည်ဟု ယေရှုအပြစ်တင်ခဲ့သည်။ မောရှေပညတ်ကို သူတို့ဖတ်ရှုကြောင်း ကိုယ်တော်ပြောပြီးနောက် တပည့်တော်တို့ကိုဆက်၍ပြောသည်မှာ “သူတို့စီရင်ထုံးဖွဲ့သမျှတို့ကိုစောင့်ရှောက်၍ပြုစုကြလော့။ သူတို့၏အကျင့်အတိုင်းမကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည်စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။” (မဿဲ ၂၃:၃) ခရစ်ယာန်တစ်ဦး မှန်ကန်စွာအသက်ရှင်နေထိုင်ခြင်းအားဖြင့်တင်ပြသောပုံသက်သေသည် နာရီပေါင်းများစွာဟောပြောခြင်းထက် ပို၍တာသွားသည်။ မယုံကြည်သူလင်သားများရှိသော ခရစ်ယာန်ဇနီးသည်တို့အား ဤအချက်ကိုညွှန်ပြခဲ့သည်။ “ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ခြင်းနှင့်စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့်သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။”—၁ ပေတရု ၃:၁၊ ၂။
ထို့ကြောင့် ယေဟောဝါသက်သေတို့သည် ဤနည်းဖြင့်သတင်းကောင်းကိုသူတစ်ပါးလက်ခံအောင်ကြိုးစားကြသည်။ သူတစ်ပါးကိုဟောပြောသည့်အတိုင်း ခရစ်ယာန်ပြုမူကျင့်ကြံပုံအားဖြင့် ပုံသက်သေကောင်းတင်ပြကြသည်။ သူတို့သည် “မိမိကိုသူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါးကိုပြု” ရန်ကြိုးစားကြသည်။ (မဿဲ ၇:၁၂) သက်သေခံချင်း၊ မိတ်ဆွေ၊ အိမ်နီးချင်းနှင့်ဆွေမျိုးများနှင့်သာမဟုတ်ဘဲ လူအားလုံးနှင့် ဤနည်းအတိုင်းပြုမူဆက်ဆံကြသည်။ မစုံလင်ကြသောကြောင့် သူတို့အမြဲရာနှုန်းပြည့်မအောင်မြင်ကြပါ။ သို့သော်ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းအားဖြင့်သာမဟုတ်ဘဲ ဖြစ်နိုင်သည့်အခါတိုင်းအကူအညီပေးရန် လူအားလုံးအပေါ်ကောင်းကျိုးပြုလိုသည့်ဆန္ဒ သူတို့မှာရှိကြပါသည်။—ယာကုပ် ၂:၁၄-၁၇။
[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]
စကားတစ်ခွန်းမျှမပြောဘဲအနိုင်ရ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
နိုင်ငံတော်ခန်းမများ၊ လက်တွေ့ကျသောပုံစံ၊ ကျမ်းစာဆွေးနွေးရန်နေရာများ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သူတို့၏မိသားစုဘဝ ၊ အခြားသူများနှင့်ဆက်ဆံရာတွင်အပါအဝင် သက်သေခံတို့သည် အခြားသူများအား တိုက်တွန်းသည့်အတိုင်းလုပ်ဆောင်ရန် ကြိုးစားကြသည်