အခန်း၂
သမ္မာကျမ်းစာ၏ရှင်သန်ရေးတိုက်ပွဲ
သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ကြောင်း သက်သေထူသည့်သာဓကကြိုးလွန်းများစွာရှိသည်။ ကြိုးလွန်းတိုင်းသည် ခိုင်ခံ့သဖြင့် ယင်းတို့အားလုံးကို စုပေါင်းကျစ်လိုက်လျှင် မပြတ်နိုင်တော့ပေ။ ဤအခန်းနှင့် နောက်အခန်းတွင် သာဓကကြိုးလွန်းတစ်ခုမျှသာဖြစ်သော စာအုပ်တစ်အုပ်အနေနှင့် သမ္မာကျမ်းစာ၏သမိုင်းကြောင်းကို ဆွေးနွေးကြမည်။ တစ်မူထူးခြားသည့်ဤစာအုပ် ယနေ့အထိ တည်တံ့လာခဲ့သည်မှာ အမှန်ပင် အံ့ဖွယ်တစ်ပါးဟုဆိုလောက်ပေသည်။ ဤအချက်များကို သင်ကိုယ်တိုင် သုံးသပ်ကြည့်ပါလေ။
၁။ သမ္မာကျမ်းစာနှင့်ပတ်သက်သည့် အသေးစိတ်အချက်အချို့ကား အဘယ်နည်း။
သမ္မာကျမ်းစာသည် စာအုပ်တစ်အုပ်မျှသာမဟုတ်ပေ။ ပညတ်တရား၊ ပရောဖက်ပြုချက်၊ သမိုင်း၊ ကဗျာလင်္ကာ၊ အကြံဉာဏ်နှင့် အခြားအခြားသောအကြောင်းအရာများပါရှိသော ကျမ်းအတိုအရှည် ၆၆ ကျမ်းပါဝင်သည့် အဖိုးတန်စာကြည့်တိုက်တစ်ခုဖြစ်သည်။ ဤကျမ်းများအနက်မှ ပထမ ၃၉ ကျမ်းကို ယေရှုမဖွားမြင်မီ ရာစုနှစ်များတွင် ရေးသားခဲ့သည်။ အများစုကို သစ္စာရှိဂျူးများ (ဝါ) ဣသရေလလူမျိုးတို့က ဟေဗြဲဘာသာစကားဖြင့်ရေးသားခဲ့သည်။ ဤအပိုင်းကို များသောအားဖြင့် ဓမ္မဟောင်းကျမ်းဟုခေါ်သည်။ နောက်ပိုင်း ၂၇ ကျမ်းကို ခရစ်ယာန်များက ဂရိဘာသာဖြင့်ရေးသားခဲ့ပြီး ဓမ္မသစ်ကျမ်းအဖြစ် လူသိများသည်။ ကျမ်းတွင်းရှိသာဓကနှင့် ရှေးအကျဆုံးအစဉ်အလာများအရ ဤ ၆၆ ကျမ်းကို နှစ်ပေါင်း ၁,၆၀၀ ခန့်ကြာညောင်းသည့်ကာလအတွင်း ရေးသားခဲ့သည်။ အီဂျစ် ဘုန်းတန်ခိုးလျှမ်းလျှမ်းတောက်ချိန်မှ အစပြုပြီး ရောမ ကမ္ဘာ့သခင်မ ဖြစ်သည့်အချိန်တွင် ပြီးဆုံးသည်။
ကျမ်းစာတစ်ခုတည်းသာ တည်တံ့
၂။ (က) သမ္မာကျမ်းစာကို စတင်ရေးသားချိန်တွင် ဣသရေလလူမျိုး၏အခြေအနေမည်သို့ရှိခဲ့သနည်း။ (ခ) တစ်ခေတ်တည်းတွင် စီရင်ရေးသားခဲ့သည့် အခြားစာပေလက်ရာအချို့ကား အဘယ်နည်း။
၂ သမ္မာကျမ်းစာကိုစတင်ရေးသားသည့် လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်ကာလက ဣသရေလလူမျိုးသည် အရှေ့အလယ်ပိုင်းရှိ လူမျိုးများစွာအနက်မှ လူမျိုးငယ်လေးတစ်မျိုးသာဖြစ်သည်။ ပတ်ပတ်လည်ရှိလူမျိုးများသည် ရှုပ်ထွေးသော နတ်ဘုရားနှင့် ဘုရားမအမျိုးမျိုးကို ကိုးကွယ်နေကြစဉ် သူတို့၏ဘုရားသခင်မှာ ယေဟောဝါဖြစ်သည်။ ထိုကာလအတွင်း ဣသရေလလူမျိုးတစ်မျိုးတည်းကသာ ဘာသာရေးစာပေများကို ထုတ်လုပ်ခဲ့သည်မဟုတ်။ အခြားလူမျိုးများလည်း ၎င်းတို့၏ဘာသာတရားနှင့် နိုင်ငံစံနှုန်းများကို ထင်ဟပ်သည့် စာပေလက်ရာများကို ပြုစုရေးသားခဲ့ကြသည်။ ဥပမာ၊ မက်ဆိုပိုတေးမီးယားဒေသမှ ဂီးလ်ဂမက်ရှ်နှင့်စပ်လျဉ်းသည့် အကာဒီးယန်းဒဏ္ဍာရီနှင့် ယူဂရက်တစ်ဘာသာ (ယခု မြောက်ပိုင်းဆီးရီးယားတွင်သုံးစွဲနေသည့် ဘာသာစကား) ဖြင့်ရေးသားထားသော ရားစ်ရှမ်ရာ ကဗျာမော်ကွန်းတို့သည် အလွန်လူကြိုက်များခဲ့မည်မှာ သံသယဖြစ်ဖွယ်မရှိ။ ထိုခေတ်က များပြားလှသောစာပေများတွင် အီဂျစ်ဘာသာစကားဖြင့်ရေးသားထားသည့် အိုင်ပူ-ဝါး၏အဆုံးအမများနှင့် နီဖာ-ရိုဟူ၏ပရောဖက်ပြုချက်၊ ဆူမေးရီးယန်းဘာသာဖြင့်ရေးသားထားသော နတ်ဘုရားအသီးသီးအတွက် ဂုဏ်ပြုတေးများနှင့် အကာဒီးယန်းဘာသာဖြင့်ရေးသားထားသော ပရောဖက်ပြုစာစုများကဲ့သို့သော စာပေလက်ရာများလည်း ပါဝင်သည်။၁
၃။ သမ္မာကျမ်းစာသည် တစ်ခေတ်တည်းတွင် အရှေ့အလယ်ပိုင်းဒေသ၌ စီရင်ရေးသားခဲ့သည့် အခြားဘာသာရေးစာပေများနှင့် ကွာခြားကြောင်း အဘယ်အချက်က မှတ်သားဖော်ပြသနည်း။
၃ သို့သော် ဤအရှေ့အလယ်ပိုင်း စာပေလက်ရာအားလုံးသည် တူညီသောကြမ္မာနှင့် ရင်ဆိုင်ခဲ့ကြသည်။ ယင်းတို့သည် မေ့ပျောက်ခံရကြသည်သာမက ယင်းတို့ကိုရေးသားထားသည့် ဘာသာစကားများပင် တိမ်ကောပျောက်ကွယ်သွားလေသည်။ မကြာသေးမီနှစ်များကမှ ရှေးဟောင်းသုတေသနပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များက ယင်းတို့တည်ရှိခဲ့ကြောင်းသိရှိပြီး ဖတ်ပုံဖတ်နည်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ တစ်ဖက်တွင်မူ ဟေဗြဲသမ္မာကျမ်းစာ၏ ဦးဆုံးရေးသားခဲ့သည့်ကျမ်းများသည် ကျွန်ုပ်တို့ခေတ်အထိ တည်တံ့နေပြီး ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနေကြဆဲဖြစ်သည်။ တစ်ခါတစ်ရံ ကျမ်းပညာရှင်များက သမ္မာကျမ်းစာမှ ဟေဗြဲကျမ်းများသည် ရှေးဟောင်းစာပေလက်ရာများမှ တစ်နည်းနည်းဖြင့် ဆင်းသက်လာသည်ဟု ဆိုကြသည်။ သို့သော် ဤမျှများပြားလှသည့်ရှေးစာပေများ မေ့ပျောက်ခံရကြသော်လည်း ဟေဗြဲသမ္မာကျမ်းစာမှာမူ ဆက်လက်တည်တံ့လျက်ရှိသည့်အချက်က သမ္မာကျမ်းစာသည် ထိုစာပေများနှင့် သိသိသာသာကွဲပြားခြားနားကြောင်းအထင်အရှားပြသသည်။
နှုတ်မြွက်စကားတော်ကို စောင့်ထိန်းသူများ
၄။ ဣသရေလလူမျိုးတို့၏ အဘယ်ကြီးမားသောပြဿနာများက သမ္မာကျမ်းစာတည်တံ့ရေးကို မရေမရာဖြစ်စေခဲ့သနည်း။
၄ အလွဲမယူပါနှင့်၊ လူ့ရှုထောင့်မှကြည့်လျှင် သမ္မာကျမ်းစာဆက်၍တည်တံ့ရေးမှာ မရေရာပေ။ သမ္မာကျမ်းစာကို စီရင်ရေးသားခဲ့သည့် လူမျိုးစုသည် ခက်ခဲသောစုံစမ်းမှုအမျိုးမျိုး၊ ပြင်းထန်သောဖိနှိပ်မှုအဖုံဖုံ ခံခဲ့ရသောကြောင့် ကျွန်ုပ်တို့ခေတ်အထိ သမ္မာကျမ်းစာဆက်လက်တည်တံ့နေခြင်းမှာ အမှန်ပင်ထူးခြားလှပေသည်။ ခရစ်တော်မတိုင်မီနှစ်များတွင် ဟေဗြဲကျမ်း (“ဓမ္မဟောင်းကျမ်း”) ကို စီရင်ရေးသားခဲ့သည့် ဂျူးလူမျိုးသည် အတော်အတန်ငယ်သော လူမျိုးတစ်မျိုးဖြစ်သည်။ သူတို့သည် တန်ခိုးအာဏာလွှမ်းမိုးရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည့် အင်အားကြီးနိုင်ငံများကြားတွင် အသက်လုနေခဲ့ရသည်။ ဣသရေလလူမျိုးသည် ရှင်သန်တည်တံ့ရေးအတွက် ပါလက်စတိုင်း၊ မောဘ၊ အမ္မုန်နှင့် ဧဒုံကဲ့သို့သော နိုင်ငံတစ်ခုပြီးတစ်ခုနှင့်လည်းဆက်တိုက် တိုက်ခိုက်ခဲ့ရသည်။ ဟေဗြဲလူမျိုး နှစ်နိုင်ငံအဖြစ် ပြိုကွဲသွားသည့်ကာလအတွင်း ရက်စက်ကြမ်းကြုတ်သော အဆီးရီးယားအင်ပိုင်ယာက မြောက်ပိုင်းနိုင်ငံကို ချေမှုန်းပြီး ဘေဘီလိုးနီးယန်းတို့ကလည်း တောင်ပိုင်းနိုင်ငံကို ဖျက်ဆီးကာ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်၊ နောင်အနှစ် ၇၀ ကြာမှ အကျန်အကြွင်းလောက်သာ ပြည်တော်ပြန်ခဲ့ကြသည်။
၅၊ ၆။ သီးခြားလူမျိုးတစ်မျိုးအဖြစ် ဟေဗြဲလူမျိုး၏တည်ရှိခြင်းကို အန္တရာယ်ပြုခြိမ်းခြောက်သည့် အဘယ်အားထုတ်မှုများ ပြုခဲ့ကြသနည်း။
၅ ဣသရေလလူမျိုးများအား လူမျိုးဖြုတ်သတ်ဖြတ်ရန်ကြိုးစားခဲ့သည့် မှတ်တမ်းများပင်ရှိသည်။ မောရှေခေတ်တွင် ဖာရိုဘုရင်သည် ဣသရေလမွေးကင်းစ သားယောက်ျားမှန်သမျှကို သတ်ပစ်ရန် အမိန့်ထုတ်ခဲ့သည်။ သူ၏အမိန့်အတိုင်းသာ လိုက်နာခဲ့မည်ဆိုလျှင် ဟေဗြဲလူမျိုးများ ပျောက်ကွယ်ခဲ့မည်သာ။ (ထွက်မြောက်ရာ ၁:၁၅-၂၂) နှစ်ပေါင်းများစွာကြာပြီးနောက် ဂျူးလူမျိုးတို့ ပါးရှားအုပ်ချုပ်မှုအောက်ရောက်နေချိန်တွင် သူတို့ကို အမျိုးဖြုတ်ပစ်ရန်ရည်ရွယ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းရန် ရန်သူများက ပူးပေါင်းကြံစည်ခဲ့ကြသည်။ (ဧသတာ ၃:၁-၁၅) ဤအကြံအစည် ပျက်သွားခြင်းကိုအစွဲပြုသည့် ပုရဂျူးပွဲတော်ကို ယနေ့ထက်တိုင် ကျင်းပနေကြသည်။
၆ ၎င်းနောက်ပိုင်း ဂျူးလူမျိုး ဆီးရီးယားလက်အောက်ရောက်ချိန်တွင် ဂျူးလူမျိုးကို ဂရိဇာတ်သွင်းရန် အပြင်းအထန်ကြိုးစားသော ဆီးရီးယားဘုရင် စတုတ္ထမြောက် အန္တီအုပ်ကပ်စ်က သူတို့အား ဂရိဓလေ့ထုံးစံများကိုလိုက်ရန်နှင့် ဂရိနတ်ဘုရားများကို ကိုးကွယ်ရန် အတင်းအကျပ်ပြုလေသည်။ သူလည်း မအောင်မြင်ခဲ့ချေ။ လူမျိုးအုပ်စုအများမှာ ကမ္ဘာ့မြင်ကွင်းမှ တစ်မျိုးပြီးတစ်မျိုး ပျောက်ကွယ်သွားသော်လည်း ဂျူးလူမျိုးမှာမူ ပျောက်ကွယ်ခြင်း၊ သွေးနှောခြင်းဖြစ်မည့်အစား ဆက်၍တည်တံ့ခဲ့သည်။ သူတို့နှင့်အတူ သမ္မာကျမ်းစာမှ ဟေဗြဲကျမ်းစောင်များလည်း ဆက်၍တည်တံ့ခဲ့လေသည်။
၇၊ ၈။ ခရစ်ယာန်များကြုံတွေ့ရသည့်ဆင်းရဲဒုက္ခများသည် သမ္မာကျမ်းစာတည်တံ့ရေးကို မည်သို့ ခြိမ်းခြောက်မှုဖြစ်စေခဲ့သနည်း။
၇ သမ္မာကျမ်းစာ၏ဒုတိယပိုင်း (“ဓမ္မသစ်ကျမ်း”) ကို စီရင်ရေးသားခဲ့သည့် ခရစ်ယာန်တို့သည်လည်း အဖိနှိပ်ခံရသည့်အုပ်စုဖြစ်သည်။ သူတို့၏ခေါင်းဆောင် ယေရှုသည် သာမန်ရာဇဝတ်သားပမာ ကွပ်မျက်ခံခဲ့ရသည်။ ကိုယ်တော်သေဆုံးပြီးနောက် အစောပိုင်းအချိန်တွင် ပါလက်စတိုင်းရှိ ဂျူးအာဏာပိုင်များက သူတို့ကို နှိမ်နင်းပစ်ဖို့ကြိုးပမ်းခဲ့ကြသည်။ ခရစ်ယာန်ဘာသာ အခြားတိုင်းပြည်များသို့ ပြန့်ပွားသွားသည့်အခါ ဂျူးများက သူတို့နောက် တကောက်ကောက်လိုက်ကာ သူတို့၏သာသနာပြုလုပ်ငန်းကို ဟန့်တားဖို့ ကြိုးစားခဲ့ကြသည်။—တမန်တော် ၅:၂၇၊ ၂၈; ၇:၅၈-၆၀; ၁၁:၁၉-၂၁; ၁၃:၄၅; ၁၄:၁၉; ၁၈:၅၊ ၆။
၈ နီရိုလက်ထက်တွင် အစပိုင်း၌ သည်းခံစိတ်ရှည်သည့် ရောမအာဏာပိုင်တို့၏သဘောထားမှာ ပြောင်းသွားသည်။ ခရစ်ယာန်များအပေါ် ထိုကြမ်းကြုတ်သောဧကရာဇ်၏ “ပြောင်မြောက်သောညှဉ်းဆဲမှု” နှင့်ပတ်သက်ပြီး တက္ကစီတပ်စ်က ချီးမွမ်းခန်းဖွင့်ခဲ့သည်၊ ထိုဧကရာဇ်လက်ထက်မှစ၍ ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းသည် သေဒဏ်ပေးလောက်သောပြစ်မှုဖြစ်သည်။၂ စီ.အီး. ၃၀၃ ခုနှစ်တွင် ဧကရာဇ်ဒိုင်အိုကလက်ရှန်သည် သမ္မာကျမ်းစာကို တိုက်ရိုက်ဆန့်ကျင်မှုပြုခဲ့သည်။a ခရစ်ယာန်ဘာသာကို နင်းချေပစ်ရန် ကြိုးစားမှုတစ်ရပ်အနေဖြင့် ခရစ်ယာန်သမ္မာကျမ်းစာအားလုံးကို မီးရှို့ပစ်ရမည်ဟု အမိန့်ထုတ်ခဲ့သည်။၃
၉။ ဂျူးလူမျိုးနှင့် ခရစ်ယာန်တို့ကို အမျိုးဖြုတ်သုတ်သင်ရေးစီမံချက် အောင်မြင်ခဲ့သည်ရှိသော် အဘယ်အရာဖြစ်သွားမည်နည်း။
၉ ဤဖိနှိပ်မှုနှင့် လူမျိုးဖြုတ်သတ်ဖြတ်မှုအစီအစဉ်များသည် သမ္မာကျမ်းစာတည်တံ့ရေးကို အမှန်ပင်ခြိမ်းခြောက်ခဲ့သည်။ ဂျူးများသာ ပါလက်စတိုင်းလူမျိုးနှင့် မောဘလူမျိုးတို့ကဲ့သို့ပျောက်ကွယ်ခဲ့လျှင် သို့မဟုတ် ပထမတွင် ဂျူးအာဏာပိုင်များနှင့် နောက်ပိုင်းတွင် ရောမအာဏာပိုင်တို့က ခရစ်ယာန်ဘာသာကို နင်းချေပစ်ရန်ကြိုးစားမှု အောင်မြင်ခဲ့လျှင် မည်သူက သမ္မာကျမ်းစာကို ရေးသားပြီး မပျောက်မပျက်အောင် ထိန်းသိမ်းပေးမည်နည်း။ ဝမ်းသာစရာမှာ သမ္မာကျမ်းစာကိုစောင့်ထိန်းသူများ—ပထမတွင် ဂျူးများနှင့် နောက်ပိုင်းတွင် ခရစ်ယာန်များ—သည် သုတ်သင်ခြင်းမခံရသဖြင့် သမ္မာကျမ်းစာမှာ ဆက်၍တည်တံ့ခဲ့ပါသည်။ သို့သော် ယုတ်စွအဆုံး သမ္မာကျမ်းစာတည်တံ့ရေးအတွက် မဟုတ်လျှင်ပင် ယင်း၏မှန်ကန်ပြည့်စုံမှုအတွက် အခြားကြီးမားသော ခြိမ်းခြောက်မှုတစ်ခုရှိပါသေးသည်။
အမှားမကင်းသော မိတ္တူများ
၁၀။ မူလကကျမ်းကို မည်သို့မပျောက်ပျက်အောင် ထိန်းသိမ်းထားခဲ့သနည်း။
၁၀ နှောင်းလူတို့ မေ့လျော့သွားကြသည့် ဖော်ပြပါ ရှေးစာပေလက်ရာများစွာကို ကျောက်ထက်အက္ခရာတင်ခဲ့ကြသည် သို့မဟုတ် ကြာရှည်ခံသောအုတ်ခွက်များပေါ်တွင် ကမ္ပည်းတင်ခဲ့ကြသည်။ သမ္မာကျမ်းစာမူ ထိုသို့မဟုတ်ပေ။ ယင်းကို မူလက သာ၍ပျက်စီးလွယ်သည့်ပစ္စည်းများဖြစ်သော ကျူစက္ကူပုရပိုက် သို့မဟုတ် သားရေပုရပိုက်များပေါ်တွင် ရေးသားထားခဲ့သည်။ ထို့ကြောင့် မူလရေးသားသူများပြုစုသော မူရင်းစာမူများမှာ ကြာမြင့်စွာကတည်းကပျောက်ပျက်သွားပေပြီ။ သို့ဆိုလျှင် သမ္မာကျမ်းစာသည် မပျောက်မပျက်အောင် မည်သို့ထိန်းသိမ်းခံခဲ့ရသနည်း။ ထောင်သောင်းမရေမတွက်နိုင်သော မိတ္တူများကို လက်ရေးဖြင့် ပင်ပင်ပန်းပန်းရေးကူးခဲ့ကြသည်။ ယင်းသည် ပုံနှိပ်ခြင်းအတတ်မထွန်းကားမီက စာအုပ်တစ်အုပ်ပြန်လည်ထုတ်လုပ်သည့် သမားရိုးကျနည်းဖြစ်သည်။
၁၁။ လက်ရေးစာမူများကို လက်ဖြင့်မိတ္တူကူးယူသည့်အခါ အဘယ်အရာ မလွဲမသွေ ဖြစ်ပျက်တတ်သနည်း။
၁၁ သို့သော် လက်ဖြင့်ကူးရေးခြင်းတွင် အန္တရာယ်တစ်ခုရှိသည်။ နာမည်ကျော် ရှေးဟောင်းသုတေသနပညာရှင်လည်းဖြစ်၊ ဗြိတိသျှပြတိုက်၏ စာကြည့်တိုက်မှူးလည်းဖြစ်သူ ဆာဖရက်ဒရစ်ကင်ညွန်က ဤသို့ရှင်းပြသည်– “ရှည်လျားသောစာပေလက်ရာတစ်ခုကို အမှားလုံးဝမပါဘဲ ကူးပေးနိုင်သည့် လူ့လက်နှင့်ဦးနှောက် ဖန်ဆင်းမခံရသေးပါ . . . အမှားပါမည်မှာမလွဲပေ။”၄ လက်ရေးစာမူထဲတွင် အမှားတစ်ခုဝင်လာသောအခါ ထိုလက်ရေးစာမူကို အနာဂတ်မိတ္တူများအတွက် အခြေခံအဖြစ်ထားလာသည်နှင့် ထိုအမှားအထပ်ထပ်ပါလေသည်။ ရှည်လျားသောနှစ်ကာလတစ်လျှောက် မိတ္တူများစွာကို ကူးရေးကြသောအခါ များစွာသောလူ့အမှားများ ဝင်ခဲ့လေသည်။
၁၂၊ ၁၃။ ဟေဗြဲကျမ်းစောင်များ၏စာသားများ မပျောက်မပျက်ထိန်းသိမ်းရေးကို မည်သူတို့က တာဝန်ယူခဲ့ကြသနည်း။
၁၂ ပြုလုပ်ထားသည့် သမ္မာကျမ်းစာမိတ္တူ အထောင်အသောင်းရှိသည်ကိုထောက်ရှုလျှင် အဆိုပါပြန်ထုတ်လုပ်ရေးနည်းစဉ်သည် သမ္မာကျမ်းစာကို လုံးဝမမှတ်မိနိုင်သည့်အခြေအနေအထိ မပြောင်းလဲခဲ့ကြောင်း ကျွန်ုပ်တို့ မည်သို့သိရသနည်း။ ကောင်းပြီ၊ ဟေဗြဲသမ္မာကျမ်းစာဖြစ်သော “ဓမ္မဟောင်းကျမ်း” ကို သာဓကအဖြစ်ကြည့်ကြစို့။ ဂျူးလူမျိုး ဗာဗုလုန်နယ်နှင်ခံဘဝမှ ပြန်လာကြသည့် ဘီ.စီ.အီး. ဆဋ္ဌမရာစု၏ ဒုတိယပိုင်းတွင် ဆိုဖရင် “ကျမ်းတတ်များ” ဟုလူသိများသော ဟေဗြဲကျမ်းပညာရှင် အုပ်စုတစ်စုသည် ဟေဗြဲသမ္မာကျမ်းစာကို စောင့်ထိန်းသူများဖြစ်လာပြီး အများပြည်သူနှင့် သီးသန့်ဝတ်ပြုမှုတို့တွင် အသုံးပြုဖို့အတွက် အဆိုပါကျမ်းစောင်များကို ကူးပေးရေးမှာ သူတို့၏တာဝန်ဖြစ်ခဲ့သည်။ သူတို့သည် ရည်ရွယ်ချက်မြင့်မား၍ အတတ်ပညာနှင့်ပြည့်စုံသူ အမျိုးသားများဖြစ်ရာ သူတို့၏စာပေလက်ရာများသည် အရည်အသွေးအမြင့်ဆုံးဖြစ်ခဲ့သည်။
၁၃ ခေတ်သက္ကရာဇ် သတ္တမရာစုမှ ဒသမရာစုအထိ ဆိုဖရင်တို့အား အမွေဆက်ခံသူများမှာ မက်စရိများဖြစ်သည်။ သူတို့၏အမည်သည် “ရိုးရာထုံးတမ်း” ဟူ၍အဓိပ္ပာယ်ရှိသည့် ဟေဗြဲစကားလုံးမှ ဆင်းသက်လာရာဖြစ်ပြီး အမှန်ဆိုရလျှင် ရိုးရာထုံးတမ်းလာ ဟေဗြဲကျမ်းကို မပျောက်မပျက်ထိန်းသိမ်းရေးတာဝန်ရထားသည့် ကျမ်းတတ်များဖြစ်ကြသည်။ မက်စရိများသည် အလွန်စေ့စပ်သူများဖြစ်သည်။ ဥပမာ၊ ကျမ်းတတ်ဖြစ်သူသည် သေသေချာချာစစ်ဆေးထားသောမိတ္တူတစ်စောင်ကို သူ၏မူရင်းစာစောင်အဖြစ် အသုံးပြုရသည့်အပြင် အလွတ်ရေးချခွင့်မရှိပါ။ မရေးချမီ အက္ခရာတစ်လုံးစီကို စစ်ဆေးရသည်။၅ ပါမောက္ခ နော်မန် ကေ. ဂေါ့ဝဲလ်ဒ်က ဤသို့မှတ်တမ်းပြုသည်– “သူတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အထူးဂရုစိုက်ကြောင်းကို ရဗ္ဗိတောင်းဆိုချက်တွင် တွေ့ရှိနိုင်သည်၊ ထိုတွင်တောင်းဆိုထားသည်မှာ လက်ရေးမိတ္တူအသစ်အားလုံးကို စိစစ်ဖတ်ရှု၍ ချွတ်ယွင်းချက်ပါသော မိတ္တူများကို ချက်ချင်းစွန့်ပစ်ရမည်ဟူ၍ဖြစ်သည်။”၆
၁၄။ အဘယ်ရှာဖွေတွေ့ရှိမှုကြောင့် ဆိုဖရင်များနှင့်မက်စရိများ ဆင့်ပွားကူးရေးသည့်သမ္မာကျမ်းစာသားများသည် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သနည်း။
၁၄ ဆိုဖရင်နှင့် မက်စရိတို့ဆင့်ပွားထုတ်လုပ်လိုက်သည့် ကျမ်းတို့သည် မည်မျှတိကျပါသနည်း။ ၁၉၄၇ ခုနှစ်အထိ ထိုမေးခွန်းကို ဖြေဖို့ အခက်တွေ့ခဲ့သည်၊ အကြောင်းမှာ လက်ရှိရှေးအကျဆုံးသော ဟေဗြဲလက်ရေးစာမူအပြည့်အစုံသည် ခေတ်သက္ကရာဇ် တစ်ဆယ်ရာစုနှစ်မှဖြစ်သောကြောင့်တည်း။ သို့သော် ၁၉၄၇ ခုနှစ်တွင် အလွန်ရှေးကျသော လက်ရေးစာမူအပိုင်းအစတချို့ကို ပင်လယ်သေတစ်ဝိုက်ရှိ ဂူများထဲတွင် တွေ့ရှိသည်၊ ၎င်းတို့တွင် ဟေဗြဲသမ္မာကျမ်းစာမှ ကျမ်းစောင်အချို့အဝက်ပါဝင်သည်။ အပိုင်းအစအတော်များများသည် ခရစ်တော်မတိုင်မီအချိန်ကဖြစ်ကြသည်။ ကျမ်းပညာရှင်များသည် ဆင့်ပွားကျမ်းများ၏တိကျမှန်ကန်မှုကို အတည်ပြုရန် ယင်းအပိုင်းအစတို့ကို လက်ရှိဟေဗြဲလက်ရေးစာမူများနှင့် နှိုင်းယှဉ်ကြည့်ကြသည်။ နှိုင်းယှဉ်ချက်၏ရလဒ်ကား အဘယ်နည်း။
၁၅။ (က) ဟေရှာယ ပင်လယ်သေကျမ်းလိပ် လက်ရေးစာမူနှင့် မက်စရိကျမ်းတို့အား နှိုင်းယှဉ်ကြည့်ရာ အဘယ်ရလဒ်ပေါ်ထွက်ခဲ့သနည်း။ (ခ) ပင်လယ်သေတွင် တွေ့ရှိသည့် လက်ရေးစာမူအချို့တွင် စာသားကွဲလွဲချက်အတော်အတန်တွေ့ရသည့်အချက်မှ ကျွန်ုပ်တို့အဘယ်ကောက်ချက်ချနိုင်သနည်း။ (အောက်ခြေမှတ်ချက်ရှု။)
၁၅ ရှာဖွေတွေ့ရှိသော ရှေးအကျဆုံးစာပေလက်ရာတစ်ခုမှာ ဟေရှာယကျမ်းအပြည့်အစုံဖြစ်သည်၊ ယနေ့ကျွန်ုပ်တို့လက်ဝယ်ရှိ မက်စရိကျမ်းနှင့် ယင်းကျမ်း၏စာသားတို့၏နီးစပ်မှုသည် အံ့ဩစရာကောင်းလှသည်။ ပါမောက္ခ မေလာဘာရိုးက ဤသို့ရေးသားသည်– “[မကြာသေးမီက ရှာဖွေတွေ့ရှိသော] စိန့်မာကု၏ ဟေရှာယကျမ်းလိပ်နှင့် မက်စရိကျမ်းတို့၏ ကွာခြားချက်များစွာမှာ မှားကူးခြင်းမျှဖြစ်ကြောင်း ရှင်းပြနိုင်သည်။ ယင်းတို့မှအပ တစ်ကျမ်းလုံးသည် အလယ်ခေတ်လက်ရေးစာမူများတွင် တွေ့ရသည့်စာသားနှင့် ထူးထူးခြားခြားညီညွတ်နေသည်။ သက်တမ်းအရ ဤမျှရှေးကျသော လက်ရေးစာမူတစ်ခုတွင် ဤကဲ့သို့ညီညွတ်မှုတွေ့ရခြင်းက အစဉ်အလာလက်ဆင့်ကမ်းလာသောကျမ်း၏ ယေဘုယျတိကျမှန်ကန်မှုအတွက် စိတ်ချရသောအထောက်အထားဖြစ်ပေသည်။”၇ ဘာရိုးက ဤသို့ထပ်ဆင့်သည်– “အနှစ်တစ်ထောင်လောက် ကျော်ဖြတ်လာခဲ့သော်လည်း စာသားသိပ်အပြောင်းအလဲမရှိခြင်းမှာ အံ့သြလောက်ပေသည်။”b
၁၆၊ ၁၇။ (က) ခရစ်ယာန်ဂရိကျမ်းစောင်များ၏ စာသားများသည် ခိုင်လုံကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ချနိုင်သနည်း။ (ခ) ဆာဖရက်ဒရစ် ကင်ညွန်က ဂရိကျမ်းစောင်များ၏စာသားနှင့်ပတ်သက်ပြီး မည်သို့သက်သေပြုခဲ့သနည်း။
၁၆ ခရစ်ယာန်များက ဂရိဘာသာဖြင့်ရေးသားခဲ့သော ဓမ္မသစ်ကျမ်းဟုခေါ်သည့် သမ္မာကျမ်းစာအပိုင်းမူ မိတ္တူကူးရေးသူတို့သည် အဆင့်မြင့်မြင့်လေ့ကျင့်မှုရထားသော ကျွမ်းကျင်သည့် ဆိုဖရင်များနှင့်သိပ်မတူလှဘဲ ပင်ကိုစွမ်းရည်ရှိသော အပျော်တမ်းဝါသနာရှင်များနှင့်ပို၍တူသည်။ အာဏာပိုင်များ၏ အပြစ်ဒဏ်ပေးခံရမည့် အခြေအနေအောက်တွင် လုပ်ကိုင်သောကြောင့် မိမိတို့၏အလုပ်ကို အလေးအနက်လုပ်ဆောင်ခဲ့ကြသည်။ အချက်နှစ်ချက်က ယနေ့ကျွန်ုပ်တို့တွင် အနှစ်သာရအားဖြင့် မူလကျမ်းရေးသားသူများ ရေးခဲ့သည်နှင့်တူညီသောစာသားများကို ရရှိထားကြောင်း စိတ်ချသေချာစေသည်။ ပထမတစ်ချက်မှာ သမ္မာကျမ်းစာ၏ ဟေဗြဲကျမ်းပိုင်းနှင့်စာလျှင် မူရင်းရေးသားချိန်နှင့်သိပ်မကွာလှသည့် လက်ရေးစာမူများ ကျွန်ုပ်တို့တွင်ရှိသည်။ အမှန်ပင်၊ ယောဟန်ခရစ်ဝင်ကျမ်း၏အပိုင်းအစတစ်ခုသည် ဒုတိယရာစုနှစ်၏ ပထမပိုင်းရာစုဝက်ကဖြစ်ရာ ခရစ်ဝင်ကျမ်းကို ယောဟန်ရေးသားခဲ့ဖွယ်ရှိသည့် နေ့စွဲမှ အနှစ် ၅၀ ပင်မကွာပေ။ ဒုတိယအချက်မှာ တည်တံ့လျက်ရှိသည့် လက်ရေးများ၏ များပြားလှသောအရေအတွက်ကိုယ်နှိုက်က သမ္မာကျမ်းစာသား၏တိကျခိုင်လုံမှုအတွက် အလွန်ခိုင်မာသောသက်သေပြချက်ဖြစ်သည်။
၁၇ ဤအချက်နှင့်စပ်လျဉ်း၍ ဆာဖရက်ဒရစ် ကင်ညွန်က ဤသို့သက်သေပြုသည်– “သမ္မာကျမ်းစာ၏စာသားသည် အနှစ်သာရအားဖြင့် တိကျမှန်ကန်သည်ဟုပြတ်ပြတ်သားသားပြောနိုင်ပါသည်။ အထူးသဖြင့် ဓမ္မသစ်ကျမ်းနှင့်ပတ်သက်၍ဖြစ်သည်။ ဓမ္မသစ်ကျမ်း၏လက်ရေးစာမူအရေအတွက်၊ အစောပိုင်းဘာသာပြန်ကျမ်းအရေအတွက်နှင့် ချာ့ချ်၏ရှေးအကျဆုံး စာရေးဆရာများ၏ ကျမ်းကိုးကားချက်အရေအတွက်တို့မှာ အလွန်များသည်ဖြစ်ရာ သံသယဖြစ်ဖွယ်စာပိုဒ်တိုင်း၏ အဓိပ္ပာယ်မှန်ကိုအားထားလောက်သည့် ဤရှေးကျမ်းများ တစ်ခုမဟုတ်တစ်ခုတွင် မပျောက်မပျက် ထိန်းသိမ်းပါရှိမည်ဖြစ်ကြောင်း တပ်အပ်ပြောနိုင်ပါသည်။ ကမ္ဘာတွင် အခြားမည်သည့်ရှေးစာအုပ်ကိုမျှ ဤသို့မပြောနိုင်ပါ။”၁၀
လူတို့နှင့် သူတို့၏ဘာသာစကားများ
၁၈၊ ၁၉။ သမ္မာကျမ်းစာကို မူလရေးသားခဲ့သည့်ဘာသာစကားများဖြင့် အဘယ်ကြောင့်ဘောင်ခတ်ကန့်သတ်မထားသနည်း။
၁၈ သမ္မာကျမ်းစာကို ရေးသားခဲ့သည့် မူရင်းဘာသာစကားများသည်လည်း ရေရှည်တွင် သမ္မာကျမ်းစာတည်တံ့ရေးအတွက် အတားအဆီးဖြစ်ခဲ့သည်။ ပထမ ၃၉ ကျမ်းကို အဓိကအားဖြင့် ဣသရေလလူမျိုး၏ ဘာသာစကားဖြစ်သော ဟေဗြဲဘာသာဖြင့်ရေးသားခဲ့သည်။ သို့သော် ဟေဗြဲဘာသာသည် လူသိများသောဘာသာမဟုတ်ချေ။ သမ္မာကျမ်းစာသာ ထိုဘာသာစကားနှင့်ပင် ဆက်၍ရှိနေခဲ့လျှင် ဂျူးလူမျိုးနှင့် ယင်းဘာသာစကားတတ်သော တိုင်းတစ်ပါးသားအနည်းငယ်မှအပ အခြားသူများအပေါ် မည်သည့်သြဇာမျှ လွှမ်းမိုးနိုင်မည်မဟုတ်ပေ။ သို့သော် ဘီ.စီ.အီး. တတိယရာစုတွင် အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့နေ ဟေဗြဲလူမျိုးများ၏အကျိုးအတွက် သမ္မာကျမ်းစာ၏ ဟေဗြဲကျမ်းပိုင်းကို ဂရိဘာသာသို့ စတင်ပြန်ဆိုခဲ့ကြသည်။ ဂရိဘာသာစကားသည် ထိုအချိန်က ကမ္ဘာ့သုံးဘာသာစကားတစ်ခုဖြစ်သည်။ သို့နှင့် ဟေဗြဲသမ္မာကျမ်းစာသည် ဂျူးမဟုတ်သူများအလွယ်တကူ ဖတ်ရှုနိုင်ခဲ့သည်။
၁၉ သမ္မာကျမ်းစာ၏ဒုတိယအပိုင်းကို ရေးသားချိန်တွင် ဂရိဘာသာစကားသည် လူသုံးများဆဲဖြစ်ရာ သမ္မာကျမ်းစာ၏နောက်ဆုံး ၂၇ ကျမ်းကို ထိုဘာသာစကားဖြင့်ပင် ရေးသားခဲ့သည်။ သို့သော် ဂရိဘာသာစကားကို လူတိုင်းနားမလည်ပေ။ သို့နှင့် မကြာမီတွင် သမ္မာကျမ်းစာ၏ ဟေဗြဲကျမ်းနှင့်ဂရိကျမ်း အပိုင်းနှစ်ပိုင်းစလုံးကို ရှုရိဘာသာ၊ အီဂျစ်ဘာသာ၊ အာမေးနီးယန်းဘာသာ၊ ဂျော်ဂျီယန်ဘာသာ၊ ဂေါ့ဘာသာနှင့် အီသီယိုးပီးယားဘာသာ အစရှိသော ထိုအစောပိုင်းရာစုနှစ်များမှ နေ့စဉ်သုံးဘာသာစကားဖြင့် ဘာသာပြန်ဆိုခြင်း စတင်ပေါ်ပေါက်လာသည်။ ရောမအင်ပိုင်ယာ၏ ရုံးသုံးဘာသာစကားမှာ လက်တင်ဖြစ်ပြီး လက်တင်ဘာသာပြန်ကျမ်းအမြောက်အမြားထွက်ပေါ်လာသဖြင့် “အမိန့်ရဘာသာပြန်ကျမ်း” ကိုပြန်ဆိုရန် တာဝန်ပေးလိုက်သည့်အထိပင်ဖြစ်ခဲ့သည်။ ယင်းကျမ်းကို စီ.အီး. ၄၀၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဗားလ်ဂိတ် (“လူကြိုက်များသော” သို့မဟုတ် “အများနှင့်ဆိုင်သော” အဓိပ္ပာယ်ရှိ) ကျမ်းအဖြစ် လူသိများလာသည်။
၂၀၊ ၂၁။ သမ္မာကျမ်းစာတည်တံ့ရေးအတွက် အဟန့်အတားပြုသည့်အတားအဆီးများကား အဘယ်နည်း။ အဘယ်ကြောင့် ယင်းတို့ကို ကျော်လွှားနိုင်ခဲ့သနည်း။
၂၀ ဤသို့ဖြင့် သမ္မာကျမ်းစာသည် အဟန့်အတားအမျိုးမျိုးကြားမှ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ အစောပိုင်းရာစုနှစ်များအထိ တည်တံ့လာခဲ့သည်။ သမ္မာကျမ်းစာကို စီရင်ရေးသားသူများသည် ရန်လိုသည့်လောကတွင် ဘဝကို ခက်ခက်ခဲခဲရပ်တည်ကာ အထင်အမြင်သေးခံရ၊ နှိပ်စက်ညှဉ်းဆဲခံရသော လူနည်းစုလေးများဖြစ်ကြသည်။ သမ္မာကျမ်းစာကို ဆင့်ပွားကူးရေးရာတွင် အလွယ်တကူ ကြီးကြီးကျယ်ကျယ် မှားယွင်းသွားနိုင်သော်လည်း ထိုသို့မဖြစ်ခဲ့ချေ။ ထို့အပြင် ဘာသာစကားအချို့ပြောသောလူများသာ ရယူဖတ်ရှုနိုင်သည့်အန္တရာယ်မှလည်း လွတ်မြောက်ခဲ့သည်။
၂၁ သမ္မာကျမ်းစာရှင်သန်တည်တံ့ရေးသည် အဘယ်ကြောင့် ဤမျှခက်ခဲရပါသနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က ဤသို့ဆိုသည်– “လောကီသားအပေါင်းတို့သည် [စာတန်]၏လက်၌ရှိကြသည်။” (၁ ယောဟန် ၅:၁၉) ဤအချက်ကိုထောက်ရှုလျှင် ဤလောကသည် အမှန်တရားထုတ်ဝေဖြန့်ချိသည်ကို ရန်လုပ်မည်ဖြစ်ကြောင်း မျှော်လင့်ရသည်၊ မျှော်လင့်သည့်အတိုင်းလည်း ဖြစ်ပျက်လာခဲ့သည်။ သို့သော် ထပ်တူအခက်အခဲမျိုး ရင်ဆိုင်ခဲ့ရခြင်းမရှိသော အခြားစာပေများစွာသည် မေ့ပျောက်ခြင်းခံရကြသော်လည်း သမ္မာကျမ်းစာမူကား အဘယ်ကြောင့်တည်တံ့ခဲ့သနည်း။ ဤမေးခွန်းကိုလည်း သမ္မာကျမ်းစာကပင် အဖြေပေးထားသည်။ ဤသို့ဆိုသည်– “ထာဝရဘုရား၏နှုတ်[မြွက်]တရားမူကား၊ ကာလအစဉ်အမြဲတည်၏။” (၁ ပေတရု ၁:၂၅) သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်ရိုးမှန်လျှင် မည်သည့်လူ့စွမ်းအားမျှ ဖျက်ဆီးနိုင်မည်မဟုတ်။ ဤ ၂၀ ရာစုနှစ်အထိ ဤအတိုင်းပင်ဖြစ်ခဲ့ပြီ။
၂၂။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် စတုတ္ထရာစုအစောပိုင်းတွင် အဘယ်အပြောင်းအလဲဖြစ်ခဲ့သနည်း။
၂၂ သို့သော် ကျွန်ုပ်တို့ခေတ်သက္ကရာဇ် စတုတ္ထရာစု၌ နောက်ဆုံးတွင် သမ္မာကျမ်းစာကို အသစ်သောတိုက်ခိုက်မှုများဖြစ်ပေါ်စေပြီး ဥရောပသမိုင်းကြောင်းကို အကြီးအကျယ်ထိခိုက်စေခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်။ သမ္မာကျမ်းစာအားလုံးကို ဖျက်ဆီးပစ်ရန် ဒိုင်အိုကလက်ရှန်ကြိုးပမ်းပြီးနောက် ဆယ်နှစ်မျှအကြာတွင် အင်ပါယာ၏ပေါ်လစီပြောင်းလဲသွားပြီး “ခရစ်ယာန်ဘာသာ” ကို တရားဝင်အသိအမှတ်ပြုခဲ့သည်။ ဆယ့်နှစ်နှစ်အကြာ စီ.အီး. ၃၂၅ ခုနှစ်တွင် ရောမဧရာဇ်တစ်ပါးသည် နိုင်စီအာ “ခရစ်ယာန်” ကောင်စီတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ မျက်နှာသာပေးခံရပုံပေါက်သည့် ဤဖြစ်ပေါ်တိုးတက်မှုသည် သမ္မာကျမ်းစာအတွက် အဘယ်ကြောင့် အန္တရာယ်ဖြစ်ခဲ့ရသနည်း။ နောက်အခန်းတွင် ဤအဖြေကိုတွေ့ရပါမည်။
[အောက်ခြေမှတ်ချက်များ]
a ဤစာအုပ်တွင် အစဉ်အလာဖြစ်သော “အေ.ဒီ.” နှင့် “ဘီ.စီ.” အစား ပို၍တိကျသော “စီ.အီး.” (ခေတ်သက္ကရာဇ်) နှင့် “ဘီ.စီ.အီး.” (ခေတ်သက္ကရာဇ်မတိုင်မီ) တို့ကို အသုံးပြုထားသည်။
b ပင်လယ်သေတွင် တွေ့ရှိခဲ့သည့် လက်ရေးစာမူရှိသမျှသည် လက်ရှိသမ္မာကျမ်းစာနှင့် ဤမျှအတိအကျညီညွတ်မှုမရှိပေ။ အချို့လက်ရေးစာမူများ၌ စာသားကွဲလွဲမှုအလွန်များကြောင်း တွေ့ရသည်။ သို့သော် ထိုကွဲလွဲမှုများက ကျမ်း၏အခြေခံအဓိပ္ပာယ် ပြောင်းလဲသွားပြီဟု မဆိုလိုပေ။ အမေရိက ကာသိုလိပ်တက္ကသိုလ်မှ ပက်ထရစ် ဒဗလျူ. စကီးဟန်၏အဆိုအရ အများစုမှာ “ပြည့်စုံသောကျိုးကြောင်းညီညွတ်မှုပေါ် အခြေပြုကာ [သမ္မာကျမ်းစာသားများကို] ပြန်လည်ပြုစုထားခြင်းသာဖြစ်သည်၊ ထို့ကြောင့် ဖွဲ့စည်းပုံအားဖြင့် ကျယ်ပြန့်လာသော်လည်း ဆိုလိုရင်းအာဘော်မှာ နဂိုမူလအတိုင်းပင်ဖြစ်သည် . . . အခြေခံသဘောထားမှာ သန့်ရှင်းမြင့်မြတ်သည်ဟုယူမှတ်ထားသော ကျမ်းတစ်ဆူကို အထူးအလေးအမြတ်ထားသည့်သဘောထား၊ သမ္မာကျမ်းစာကို ဆင့်ပွားကူးယူရေးတွင် (ကျွန်ုပ်တို့ပြောလေ့ရှိသည့်အတိုင်း) သမ္မာကျမ်းစာကို သမ္မာကျမ်းစာဖြင့်ပင် ရှင်းပြသည့်သဘောထားဖြစ်သည်။”၈
ကျမ်းအဖွင့်ဆရာနောက်တစ်ဦးက ဤသို့ဖြည့်စွက်သည်– “မသေချာမရေရာမှုအများအပြားရှိသော်ငြားလည်း အဓိကအချက်မှာ လက်ရှိကျွန်ုပ်တို့တွင်ရှိသော သမ္မာကျမ်းစာသားသည် အချို့ဆိုလျှင် လွန်ခဲ့သည့်အနှစ်သုံးထောင်နီးပါးက အသက်ရှင်ခဲ့သောကျမ်းရေးသူများ ရေးသားခဲ့သည့် မူရင်းစကားများအတိုင်း အဓိကအပိုင်းများမှာ ရှိနေသည်ဆိုသည့်အချက်ပင်။ ဓမ္မဟောင်းကျမ်းက ကျွန်ုပ်တို့အား ဖော်ပြပေးသည့် သတင်းတရား၏ ခိုင်လုံခြေမြစ်မှုနှင့်ပတ်သက်ပြီး မူရင်းစာသားများ ပြုပြင်ပြောင်းလဲခံရသည်ဟု အကြီးအကျယ် သံသယပွားစရာမလိုပါ။”၉
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာ၏ခြေမြစ်ခိုင်မာသော ကျမ်းစာသား
ကျမ်းစာသားများ အခြေအမြစ်မည်မျှအခိုင်အမာရှိသည်ကို ကောင်းစွာနားလည်လိုသော် ကျွန်ုပ်တို့တွင်ရှိသည့် ရှေးခေတ်ဟောင်းမှစာပေနောက်တစ်စုဖြစ်သော ဂရိနှင့်ရောမတို့၏ ဂန္ထဝင်မြောက်စာပေများနှင့် နှိုင်းယှဉ်ကြည့်ရန်သာလိုသည်။ အမှန်ဆိုရလျှင် အဆိုပါစာပေအများစုကို ဟေဗြဲကျမ်းရေးသားပြီးစီးပြီးနောက်ပိုင်းကျမှ ရေးသားခဲ့ခြင်းဖြစ်သည်။ ဂရိနှင့်ရောမလူမျိုးတို့ကို အမျိုးဖြုတ်သတ်ဖြတ်ရန် ကြိုးစားခဲ့သည့်မှတ်တမ်းများမရှိခဲ့ဘဲ ၎င်းတို့၏စာပေများကိုလည်း နှိပ်စက်ညှဉ်းပန်းမှုကြားမှ မပျောက်မပျက်အောင် ထိန်းသိမ်းခဲ့ရခြင်းမျိုးမရှိခဲ့ပေ။ သို့တိုင် ပါမောက္ခ အက်ဖ်.အက်ဖ်. ဘရူးစ်၏ မှတ်ချက်များကို သတိပြုပါ–
“ဆီဇာ၏ ဂါးလစ်စစ်ပွဲ (ဘီ.စီ. ၅၈ နှင့် ၅၀ ပြည့်နှစ်ကြားတွင်ပြုစုသည့်) အကြောင်းပါသည့် တည်ရှိဆဲလက်ရေးစာမူများစွာရှိသော်လည်း ကိုးခု ဆယ်ခုသာ အကောင်းရှိပြီး ရှေးအကျဆုံးစာမူမှာ ဆီဇာခေတ်နောက်ပိုင်း အနှစ် ၉၀၀ ခန့်ကဖြစ်သည်။
“လီဗီ ရေးသားသည့် (ဘီ.စီ. ၅၉-အေ.ဒီ. ၁၇) ရောမသမိုင်း စာအုပ်ပေါင်း ၁၄၂ အုပ်အနက် ၃၅ အုပ်သာကျန်ရှိတော့သည်; ယင်းတို့၏အရေးပါသောအကြောင်းကို လက်ရေးစာမူ နှစ်ဆယ်ခန့်မှ ကျွန်ုပ်တို့သိရှိရသည်၊ ယင်းတို့ထဲမှ တတိယ-ဆဋ္ဌမတွဲမှ အပိုင်းအစများပါသည့်လက်ရေးစာမူတစ်ခုတည်းသာ စတုတ္ထရာစုကဖြစ်သည်။
“တက္ကစီတပ်စ် (အေ.ဒီ. ၁၀၀ ခန့်) ၏ သမိုင်းများ စာအုပ် တစ်ဆယ့်လေးအုပ်အနက် လေးအုပ်ခွဲသာ ကျန်ရှိတော့သည်; သူရေးသားသော နှစ်ချုပ်မှတ်တမ်း ၁၆ အုပ်အနက် အစုံအစေ့ ဆယ်အုပ်ကျန်ပြီး နှစ်အုပ်မှာ တစ်ပိုင်းတစ်စသာရှိသည်။ လက်ရှိ သူ၏ကြီးကျယ်သောသမိုင်းဝင်လက်ရာနှစ်ခု၏ စာသားများသည် လက်ရေးစာမူနှစ်ခုပေါ်တွင် လုံးလုံးတည်မှီသည်။ တစ်ခုမှာ နဝမရာစုမှဖြစ်ပြီး ကျန်တစ်ခုမှာ ဧကဒသမရာစုမှဖြစ်သည်။ . . .။
“သူဆီးဒီးဒဲစ် (ဘီ.စီ. ၄၆၀-၄၀၀ ခန့်) ၏သမိုင်းကို အစောဆုံး အေ.ဒီ. ၉၀၀ ခန့်က လက်ရေးစာမူ ရှစ်ခုနှင့် ခရစ်ယာန်ခေတ်အစပိုင်းလောက်က ကျူစက္ကူအပိုင်းအစတို့မှ ကျွန်ုပ်တို့အနည်းငယ်သိရှိရသည်။
“ဟီရိုဒိုးတပ်စ် (ဘီ.စီ. ၄၈၈-၄၂၈ ခန့်က) ၏သမိုင်းသည်လည်း အလားတူပင်ဖြစ်သည်။ သို့တိုင် ဟီရိုဒိုးတပ်စ်နှင့် သူဆီးဒီးဒဲစ်တို့၏စာပေလက်ရာများမှ ကျွန်ုပ်တို့အဖို့အသုံးဝင်သော ရှေးအကျဆုံးလက်ရေးစာမူများမှာ မူရင်းရေးသားချိန်နောက်ပိုင်းနှစ်ပေါင်း ၁,၃၀၀ ကျော်မှဖြစ်သောကြောင့် သူတို့ရေးသားသည့် ကျမ်းနှင့်ပတ်သက်၍ သံသယဖြစ်စရာဖြစ်နေသည်ဟူသည့် ငြင်းခုံဆွေးနွေးချက်ကို မည်သည့်ဂန္ထဝင်ကျမ်းဂန်ပညာရှင်ကမျှ နားထောင်မည်မဟုတ်ပေ။”—စာအုပ်များနှင့် သားရေစက္ကူများ၊ စာမျက်နှာ ၁၈၀။
ယင်းကို ကျမ်းစာ၏ လက်ရေးစာမူအစိတ်အပိုင်း အထောင်အသောင်းတည်ရှိနေခြင်းနှင့် နှိုင်းယှဉ်ကြည့်ပါ။ ခရစ်ယာန်ဂရိကျမ်း၏ လက်ရေးစာမူများသည် မူရင်းကျမ်းများရေးသားချိန်နှင့် အနှစ်တစ်ရာအတွင်းသာ ကွာလှမ်းသည်။
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဟေဗြဲလူမျိုးတို့သည် အင်အားကြီးမားသောလူမျိုးများ၏ ခြိမ်းခြောက်မှုကို မပြတ်ခံခဲ့ရသည့် သေးငယ်သောလူမျိုးဖြစ်သည်။ ဤရှေးသစ်ထွင်းပန်းပုရုပ်ပုံက ဟေဗြဲလူမျိုးတချို့ကို အဆီးရီးယားတို့က သုံ့ပန်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပုံကို သရုပ်ဖော်ထားသည်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ပုံနှိပ်အတတ်မထွန်းကားမီ ကျမ်းစာကို လက်ဖြင့်ကူးရေးခဲ့ကြ
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
နီရိုက ခရစ်ယာန်တစ်ဦးဖြစ်လျှင် သေဒဏ်ခံရမည်ဟု ဥပဒေပြဋ္ဌာန်းခဲ့သည်
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ဟေရှာယ ပင်လယ်သေကျမ်းလိပ်ကို လေ့လာကြည့်ရာ ယင်းကျမ်းသည် နှစ်ပေါင်း ၁,၀၀၀ ကျော်ကာလအတွင်း အပြောင်းအလဲ လုံးဝမရှိသလောက်ဖြစ်ကြောင်း သက်သေထူသည်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဧကရာဇ် ဒိုင်အိုကလက်ရှန်သည် ကျမ်းကိုဖျက်ဆီးပစ်ရန် အားထုတ်ရာတွင် မအောင်မြင်ခဲ့ချေ