အခန်း ၁၁
ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုခဲ့သနည်း
၁။ (က) ယနေ့ ကမ္ဘာ့အခြေအနေ မည်သို့ရှိသနည်း။ (ခ) အချို့သူများ မည်သို့ ညည်းကြသနည်း။
ကမ္ဘာပေါ်တွင် မည်သည့်နေရာကို ကြည့်လိုက်စေကာမူ ရာဇဝတ်မှု၊ မုန်းတီးမှုနှင့် အတိဒုက္ခတို့ကို တွေ့ရသည်။ များသောအားဖြင့် အပြစ်မဲ့သူများခံရ၏။ အချို့က ဘုရားသခင်ကို အပြစ်တင်ကြသည်။ ‘ဘုရားသခင်တစ်ပါးရှိယင် ဒီလောက်ဆိုးတဲ့အရာတွေကို ဘာဖြစ်လို့ ခွင့်ပြုရတာလဲ’ ဟုမေးကြပေမည်။
၂။ (က) ဆိုးသွမ်းမှုကို ပြုနေကြသူများမှာ မည်သူများနည်း။ (ခ) မည်သို့ ပြုခဲ့လျှင် ကမ္ဘာ့ဒုက္ခ တော်တော်များများနှင့် ကင်းဝေးနိုင်ဖို့ အကြောင်းရှိမည်နည်း။
၂ သို့တစေ အခြားသူများပေါ် ဤဆိုးယုတ်သောအမှုများကို မည်သူတို့က ပြုနေကြသနည်း။ လူတို့ပင်ဖြစ်သည်။ ဘုရားသခင် မဟုတ်။ ဘုရားသခင်သည် ဆိုးယုတ်သောအကျင့်များကို ရှုတ်ချတော်မူ၏။ လူတို့သာ ဘုရားသခင့်ပညတ်များ လိုက်နာခဲ့ကြလျှင် ကမ္ဘာ့ဆင်းရဲဒုက္ခများစွာကို တားဆီးနိုင်ခဲ့ပေမည်။ ဘုရားသခင်သည် မေတ္တာထားကြရန် ကျွန်ုပ်တို့အား ပညတ်တော်မူ၏။ လူသတ်မှု၊ ခိုးမှု၊ မတရားမေထုန်၊ လောဘ၊ သောက်ကြူးခြင်းမှစ၍ လူတို့ကို ဒုက္ခပေးသော အခြားဒုစရိုက်များကို ပိတ်ပင် တားမြစ်တော်မူ၏။ (ရောမ ၁၃:၉; ဧဖက် ၅:၃၊ ၁၈) အာဒံနှင့် ဧဝတို့ကို ဖန်ဆင်းရာ၌ အံ့ချီးဖွယ်ဦးနှောက်နှင့် ကိုယ်ခန္ဓာအပြင် ဘဝကို အပြည့်အဝ မွေ့လျော်နိုင်စွမ်းကိုပါ ထည့်သွင်းပေးတော်မူခဲ့သည်။ သူတို့ကိုဖြစ်စေ၊ သူတို့ကလေးများကိုဖြစ်စေ၊ ဆင်းရဲဒုက္ခရောက်စေလိုသောဆန္ဒ ကိုယ်တော်၌ ဘယ်တော့မျှမရှိ။
၃။ (က) ဆိုးသွမ်းမှု၏ တရားခံမှာ မည်သူနည်း။ (ခ) အာဒံနှင့် ဧဝတို့သည် စာတန်၏ သွေးဆောင်မှုများကို တွန်းလှန်နိုင်ခဲ့မည်ဖြစ်ကြောင်း ဘာကပြသနည်း။
၃ ကမ္ဘာပေါ် ဆိုးယုတ်မှုကို အစပြုခဲ့သူမှာ စာတန်မာရ်နတ်သာဖြစ်သည်။ သို့သော် အာဒံနှင့် ဧဝတို့လည်း အပြစ်မကင်းပါ။ မာရ်နတ် သူတို့ကို သွေးဆောင်သောအခါ သူတို့သည် မခုခံ မတွန်းလှန်နိုင်လောက်အောင် အားနည်းသူများမဟုတ်။ စုံလင်သောလူ ယေရှုဆိုခဲ့သကဲ့သို့ သူတို့လည်း “ငါ့နောက်သို့ဆုတ်လော့” ဟုစာတန်ကို မောင်းထုတ်နိုင်သည်။ (မဿဲ ၄:၁၀) သို့သော် ထိုသို့မမောင်းခဲ့။ သို့နှင့် သူတို့သည် မစုံမလင်ဖြစ်လာလေသည်။ ကျွန်ုပ်တို့အပါအဝင် သူတို့၏ ကလေးအားလုံး ထိုမစုံလင်မှုကို အမွေရ၍ ၎င်းနှင့်အတူ ဖျားနာမှု၊ ဝမ်းနည်းမှုနှင့် သေခြင်း လိုက်ပါလာသည်။ (ရောမ ၅:၁၂) သို့သော် ဘုရားသခင်အနေဖြင့် ဆင်းရဲဒုက္ခကို အဘယ်ကြောင့် ဆက်၍ စခန်းသွားစေသနည်း။
၄။ မေတ္တာရှင်ဘုရားသခင်အနေဖြင့် ဆိုးသွမ်းမှုကို ခေတ္တခဏ ခွင့်ပြုမည်ဖြစ်ကြောင်း နားလည်နိုင်ရန် အဘယ်အဖြစ်က ထောက်ကူသနည်း။
၄ ရာစုနှစ်ပေါင်းများစွာတစ်လျှောက် ခံစားလာခဲ့သော လူ့ဒုက္ခများအားလုံးကို ခွင့်ပြုရအောင် ဘုရားသခင်၌ ကြီးမားခိုင်လုံသော အကြောင်းပြချက်မရှိဟု အစပိုင်းတွင် ထင်မှတ်စရာဖြစ်သည်။ သို့တစေ ထိုသို့သဘောပိုက်သင့်သလော။ မိမိတို့ကလေးများကို တကယ်ချစ်သော မိဘတို့သည် ရောဂါပျောက်ကင်းရေးအတွက် ကလေးများအား နာကျင်သော ခွဲစိတ်ကုသမှုကို ခံစေရန် ခွင့်မပြုကြပေလော။ မှန်သည်၊ ခေတ္တခဏ နာကျင်စေသည့်အတွက် ကလေးတို့သည် နောက်နောင်တွင် ကျန်းမာရေး ပို၍ ကောင်းမွန်လာသည်။ ဆိုးယုတ်မှုကို ဘုရားသခင်ခွင့်ပြုခဲ့၍ အဘယ်ကောင်းကျိုးများ ဖြစ်ထွန်းခဲ့ပြီနည်း။
ဖြေရှင်းရမည့် အရေးကြီးသော ပြဿနာတစ်ရပ်
၅။ (က) စာတန်သည် ဘုရားသခင့်အဆိုကို ဆန့်ကျင်၍ မည်သို့ဆိုသနည်း။ (ခ) စာတန်သည် ဧဝအား အဘယ်ကတိပေးသနည်း။
၅ ဧဒင်ဥယျာဉ်အတွင်း ဘုရားသခင်ကို ပုန်ကန်ခဲ့သည့်အဖြစ်ကြောင့် အရေးကြီးသောပြဿနာ သို့မဟုတ် ဖြေရှင်းရန်အချက်တစ်ရပ် ပေါ်လာသည်။ ၎င်းကိုဆန်းစစ်ကြည့်မှသာ ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုလာခဲ့ကြောင်း နားလည်နိုင်မည်။ ယေဟောဝါက ဥယျာဉ်အတွင်းရှိ အပင်တစ်ပင်၏အသီးကို မစားရဟု အာဒံအား မိန့်မှာထားသည်။ အာဒံစားလျှင် ဘာဖြစ်မည်နည်း။ “ဧကန်အမှန်သေရမည်” ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၂:၁၇) သို့ရာတွင် စာတန်က ၎င်းနှင့် လားလားကြီးဆန့်ကျင်၍ တားမြစ်ထားသောအသီးကို စားသာစားဟူ၍ အာဒံ၏ဇနီး ဧဝကို ပြော၏။ “သင်တို့သည် ဧကန်အမှန် သေရမည်မဟုတ်” ဟု စာတန်ဆို၏။ တကယ်ဆိုလျှင် ဧဝအား ဤသို့ပင် ဆက်၍ဆိုခဲ့သေးသည်– “အကြောင်းမူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်း မကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်။”—ကမ္ဘာဦး ၃:၁-၅။
၆။ (က) ဧဝသည် ဘုရားသခင်ကို အဘယ်ကြောင့် လွန်ဆန်ခဲ့သနည်း။ (ခ) တားမြစ်ထားသောအပင်မှအသီးကို စားခြင်းသည် အဘယ်သဘော သက်ရောက်သနည်း။
၆ ဧဝသည် ဘုရားသခင့်စကားကို လွန်ဆန်လျက် စားလေ၏။ အဘယ်ကြောင့်နည်း။ စာတန်ကို ယုံ၍ဖြစ်သည်။ ဘုရားသခင်ကို မနာခံလျှင် အကျိုးရမည်ဟု တစ်ကိုယ်ကောင်းစိတ်ဖြင့် တွေးဆ၏။ မိမိသည်လည်းကောင်း၊ အာဒံသည်လည်းကောင်း ဘုရားသခင်ထံ အစီရင်ခံစရာ မလိုတော့ဟု သူဆင်ခြင်၏။ ကိုယ်တော့်ပညတ်များကို နာခံရန်လည်း မလိုတော့ဟု ထင်မှတ်၏။ မိမိတို့ဘာသာ မိမိတို့အဖို့ “အကောင်း” နှင့် “အဆိုး” ကို ပိုင်းဖြတ်နိုင်ပြီဟု ယူမှတ်၏။ အာဒံလည်း ဧဝဘက်ပါလျက် စားလေသည်။ ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သော လူ၏ မူလအပြစ်နှင့်ပတ်သက်၍ ယေရုရှလင်ကျမ်းစာ အောက်ခြေမှတ်ချက်က ဤသို့ဆို၏– “၎င်းကား အကောင်းနှင့်အဆိုးကို ကိုယ့်ဘာသာကိုယ် ခွဲခြားခြင်း၊ ထိုအတိုင်းပြုမူခြင်းဆိုင်ရာ တန်ခိုးအာဏာဖြစ်ပြီး အမှားနှင့်အမှန်ကို မိမိတို့ဘာသာ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်သည်ဟု ဆိုခြင်းဖြစ်သည်။ . . . ပထမအပြစ်သည် ဘုရားသခင့် အချုပ်အခြာအာဏာကို တိုက်ခိုက်ခြင်းပင်ဖြစ်သည်။” အဓိပ္ပာယ်မှာ ဘုရားသခင်၏ အကြွင်းမဲ့၊ သို့မဟုတ် အထွတ်အမြတ်အာဏာနှင့် စိုးပိုင်ခွင့်တို့ကို တိုက်ခိုက်ခြင်းဖြစ်သည်။
၇။ (က) လူ၏ မနာခံမှုက အဘယ်ပြဿနာ ဖြစ်ပေါ်စေခဲ့သနည်း။ (ခ) ၎င်းပြဿနာနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ဖြေဆိုရန် လိုသနည်း။
၇ ထို့ကြောင့် တားမြစ်ထားသောအသီးကို စားခြင်းဖြင့် အာဒံနှင့် ဧဝတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင့်အုပ်စိုးမှုအောက်မှ ခွဲထွက်ခဲ့သည်။ မိမိတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း “အကောင်း” “အဆိုး” ကိုလုပ်ကာ မိမိတို့သဘောနှင့်မိမိတို့ ထွက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ပေါ်ပေါက်လာသော အရေးကြီးသည့်ပြဿနာ၊ သို့မဟုတ် ဖြေရှင်းရန်အချက်မှာ ဘုရားသခင်သည် လူသားတို့ကို အကြွင်းမဲ့အစိုးရသော အခွင့်အာဏာရရှိထိုက်သလောဟူ၍ပင်တည်း။ တစ်နည်းအားဖြင့် လူသားအတွက် အကောင်းနှင့်အဆိုးကို ဆုံးဖြတ်ပေးပိုင်သူမှာ ယေဟောဝါဟုတ်သလော။ မည်သို့ပြုလျှင် တော်မှန်သောအကျင့်၊ မည်သို့ပြုလျှင် မတော်မှန်ဟု ဆိုရမည့်သူမှာ ကိုယ်တော်လော။ သို့မဟုတ် လူသည် မိမိကိုယ်ကို အုပ်ချုပ်လျှင် ပို၍ကောင်းမည်လော။ မည်သူ့အုပ်ချုပ်ပုံသည် အကောင်းဆုံးဖြစ်သနည်း။ လူသားတို့သည် ယေဟောဝါ၏ ညွှန်ကြားချက်မပါဘဲ စာတန့် ညွှန်ကြားချက်အောက် အောင်မြင်စွာ အုပ်စိုးနိုင်မည်လော။ သို့မဟုတ် ကမ္ဘာပေါ် အစဉ်တည်မြဲသော ငြိမ်းချမ်းရေးကို ဖြစ်စေမည့် ဖြောင့်မတ်သော အစိုးရတစ်ဖွဲ့ တည်ထောင်နိုင်ရန် ဘုရားသခင့် လမ်းညွှန်မှု လိုအပ်သလော။ ဘုရားသခင့်အချုပ်အခြာအာဏာတော်ကိုလည်းကောင်း၊ လူသားတို့ပေါ် အကြွင်းမဲ့အုပ်စိုးပိုင်သည့် တစ်ခုတည်းသော အခွင့်အာဏာတော်ကိုလည်းကောင်း တိုက်ခိုက်လာသောအခါ အထက်ပါဖြေရှင်းစရာမေးခွန်းများ ပေါ်ထွက်လာခဲ့လေသည်။
၈။ သူပုန်များကို ဘုရားသခင် အဘယ်ကြောင့် ချက်ချင်း ဖျက်ဆီးတော်မမူခဲ့သနည်း။
၈ ထိုသူပုန်သုံးဦး ပုန်ကန်သည်နှင့်တစ်ပြိုင်နက် သူတို့ကို ယေဟောဝါ ချက်ချင်း ဖျက်ဆီးချင်လျှင် ဖျက်ဆီးနိုင်သည်။ စာတန်၊ သို့မဟုတ် အာဒံနှင့်ဧဝတို့ထက် ကိုယ်တော် သာ၍ ခွန်အားကြီးသည်မှာ အထူးဆိုစရာမလို။ သို့သော် သူတို့ကိုဖျက်ဆီးလိုက်လျှင် ပြဿနာများကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းရာရောက်မည်မဟုတ်။ ဥပမာ၊ ဘုရားသခင့်အကူအညီမပါဘဲ လူတို့သည် မိမိတို့ကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်နိုင်မည်လောဟူသော မေးခွန်းကို ဖြေရှင်းနိုင်ခဲ့မည်မဟုတ်။ သို့နှင့် ပေါ်လာသောအရေးကြီးသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ယေဟောဝါ အချိန်ပေးတော်မူခဲ့သည်။
ပြဿနာကို ဖြေရှင်းခြင်း
၉၊ ၁၀။ ဘုရားသခင့် လမ်းညွှန်မပါဘဲ မိမိတို့ကိုယ်ကို မိမိတို့အုပ်ချုပ်ရန် လူသားများ အားထုတ်လာခဲ့သည့်အတိုင်း အဘယ်အကျိုးရလဒ်များ ဖြစ်ပေါ်လာခဲ့ပြီနည်း။
၉ အချိန်ကုန်လွန်ခဲ့ပြီဖြစ်၍ အဘယ်ရလဒ်များ ဖြစ်ပေါ်ခဲ့ပြီနည်း။ သင် မည်သို့ပြောမည်နည်း။ လွန်ခဲ့သော အနှစ် ၆,၀၀၀ သမိုင်းက လူသည် ဘုရားသခင့်လမ်းညွှန်မှုမပါဘဲ မိမိတို့ကိုယ်ကို အောင်မြင်စွာ အုပ်ချုပ်နိုင်ခဲ့သည်ဟု ပြသ သလော။ လူသားတို့သည် လူအားလုံး၏ ကောင်းကျိုးချမ်းသာနှင့် ပျော်ရွှင်မှုအတွက် အစိုးရကောင်းတစ်ခု ပြုလုပ်ပေးခဲ့ပြီလော။ သို့မဟုတ် သမိုင်းမှတ်တမ်းက “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဟူသော ပရောဖက်ယေရမိ၏စကားများ မှန်ကြောင်း ပြသခဲ့ပြီလော။—ယေရမိ ၁၀:၂၃။
၁၀ သမိုင်းတစ်လျှောက် အစိုးရအမျိုးမျိုးကို စမ်းသပ်ထူထောင်ခဲ့ကြပြီ။ သို့သော် အဘယ်အစိုးရမျှ မိမိတို့လက်အောက်ခံ လူသားအားလုံးအတွက် လုံခြုံမှုနှင့် စစ်မှန်သော ပျော်ရွှင်မှုကို မပေးနိုင်ခဲ့။ အချို့ပုဂ္ဂိုလ်များက တိုးတက်သောလက္ခဏာများကို ထောက်ပြချင် ထောက်ပြမည်။ သို့သော် လေးနှင့်မြားကို အနုမြူဗုံးဖြင့် အစားထိုးလာပြီး ကမ္ဘာကြီးသည် နောက်ကမ္ဘာစစ်ကြီးတစ်ခုကို အကြီးအကျယ် ကြောက်လန့်နေရသည်မှာ တိုးတက်မှုအစစ်ဟု ဆိုနိုင်မည်လော။ လူသားသည် လပေါ်လမ်းလျှောက်နိုင်သော်လည်း ကမ္ဘာပေါ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍ မနေထိုင်နိုင်လျှင် မည်သို့သောတိုးတက်မှုဟု ဆိုရမည်နည်း။ လူတို့သည် ခေတ်မီဇိမ်ခံပစ္စည်း အမျိုးမျိုးဖြင့် အိမ်ရာတိုက်တာများ တည်ဆောက်နိုင်သော်လည်း ထိုအိမ်ထဲ၌ နေထိုင်သော မိသားစုများမှာ ပြဿနာအဖုံဖုံကြောင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလျက်ရှိနေသည်ဖြစ်ရာ အဘယ်မှာ ကောင်းသနည်း။ လမ်းပေါ် ဆူပူအုံကြွမှု၊ အသက်နှင့် စည်းစိမ်ဖျက်ဆီးမှု၊ ပျံ့နှံ့နေသော မတရားမှုများသည် ဂုဏ်ယူစရာများလော။ လုံးဝမဟုတ်! သို့သော် ၎င်းတို့မှာ ဘုရားသခင်နှင့် ကင်းကွာပြီး မိမိတို့ကိုယ်ကို အုပ်ချုပ်ရန် လူတို့အားထုတ်ခဲ့ရာမှ ပေါ်ပေါက်လာသောအကျိုးရလဒ်တည်း။—သု. ၁၉:၃။
၁၁။ ထို့ကြောင့် လူသားများ ဘာကိုလိုအပ်နေကြောင်း ထင်ရှားသနည်း။
၁၁ သာဓကရပ်ကို လူအားလုံး ရှင်းရှင်းမြင်ဖို့ကောင်းပြီ။ ဘုရားသခင်ကိုဖယ်ပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရန် လူတို့အားထုတ်ခဲ့ခြင်းသည် အရှုံးကြီးရှုံးခဲ့ရပြီ။ လူ့ဆင်းရဲဒုက္ခဖြစ်အောင် အကြီးအကျယ် ဖန်တီးခဲ့ပြီ။ ကျမ်းစာက လူသည် “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ခဲ့ပြီဟု ရှင်းပြ၏။ (ဒေသနာ ၈:၉) ရှင်းပါ၏၊ လူသည် မိမိတို့ရေးရာများကို ကွပ်ကဲစီမံရာ၌ ဘုရားသခင့်လမ်းညွှန်မှု လိုနေ၏။ ဘုရားသခင်သည် လူကို အစာစား၊ ရေသောက်ဖို့ လိုအောင် ဖန်ဆင်းထားသည့်နည်းတူ ဘုရားသခင့်ပညတ်နာခံဖို့ လိုအောင်လည်း ဖန်ဆင်းထားတော်မူသည်။ လူသည် ဘုရားသခင့်ပညတ်ကို ပစ်ပယ်လျှင် အခက်တွေ့လိမ့်မည်။ ကိုယ်ခန္ဓာလိုအပ်သော အစာနှင့်ရေကို ပစ်ပယ်ထားလျှင် ဒုက္ခရောက်ရသကဲ့သို့ ဖြစ်၏။—သု. ၃:၅၊ ၆။
အဘယ်ကြောင့် ဤမျှကြာရသနည်း
၁၂။ ၎င်းပြဿနာကို ဖြေရှင်းရန် ဤမျှကြာညောင်းသောအချိန်ကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုခဲ့ရသနည်း။
၁၂ သို့ရာတွင် တစ်ယောက်ယောက်ကမေးမည်။ ‘အဲဒီပြဿနာကို ဖြေရှင်းဖို့ ဘုရားသခင်ဟာ ဘာကြောင့် ဒီလောက်အကြာကြီး၊ အနှစ် ၆,၀၀၀ ကျော် ခွင့်ပြုလာခဲ့ရတာလဲ၊ ဟိုတုန်းကတည်းက ကျေနပ်လောက်တဲ့နည်းနဲ့ ဖြေရှင်းလို့ မရနိုင်ခဲ့ဘူးလား။’ ဖြေရှင်းနိုင်ခဲ့မည်မဟုတ်။ ရှေးကတည်းက ဘုရားသခင် ဝင်၍ ကိုင်တွယ်ခဲ့လျှင် စမ်းသပ်ဖို့ လူတို့အား အချိန်လုံလောက်စွာ ပေးတော်မမူဟု စွပ်စွဲနိုင်စရာရှိ၏။ ယခုသော် လူသားတို့သည် တိုင်းသူပြည်သားအားလုံး၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးနိုင်သော အစိုးရတစ်ဖွဲ့ကို တည်ထောင်နိုင်ရန် လူအားလုံး ကြီးပွားချမ်းသာရေးကို ထောက်ကူမည့် သိပ္ပံသုတေသန ဖော်ထုတ်မှုများ ပြုလုပ်ရန် အချိန်လုံလုံလောက်လောက် ရရှိခဲ့ကြပြီ။ ရာစုနှစ်များတစ်လျှောက် လူသားတို့သည် အစိုးရအမျိုးမျိုးကို ကုန်မလောက် စမ်းသပ်ဖွဲ့စည်းခဲ့ပြီ။ သိပ္ပံနယ်ပယ်ဘက်တွင်လည်း တိုးတက်မှု ထူးချွန်ပြောင်မြောက်လှပြီ။ အနုမြူ စွမ်းအင်ကို ထိန်းချုပ်၍ လိုသလို သုံးစွဲလာနိုင်သည့်ပြင် လကမ္ဘာသို့လည်း ခရီးဆန့်နိုင်ခဲ့ပြီ။ သို့ရာတွင် အဘယ်အကျိုးရလဒ် ရခဲ့ပြီနည်း။ လူသားတို့ ကောင်းကျိုးအတွက် ထူးမြတ်သော စနစ်သစ်တစ်ခုကို ဖန်တီးပေးခဲ့ပြီလော။
၁၃။ (က) လူ့သိပ္ပံပညာ တိုးတက်မှုရှိလျက်နှင့် ယနေ့အခြေအနေ မည်သို့ရှိသနည်း။ (ခ) ၎င်းက အဘယ်အရာကို ထင်ရှားစွာ သက်သေပြသနည်း။
၁၃ ဝေးစွ! ကမ္ဘာပေါ်တွင် ယခင့်ယခင်ထက် စိတ်မချမ်းသာစရာနှင့် ဒုက္ခများ တိုးများလာသည်။ စင်စစ်ဆိုလျှင် ရာဇဝတ်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စစ်၊ အိမ်ထောင်ပြိုကွဲမှုနှင့် အခြားအခြား ပြဿနာများသည် စိုးရိမ်မှတ်သို့ ရောက်ရှိပြီဖြစ်ရကား သိပ္ပံပညာရှင်များက လူသားအမျိုး အစတုံးသွားမည်ဟု ယုံကြည်ကြ၏။ မှန်သည်၊ လူသည် မိမိကိုယ်ကို နှစ်ပေါင်း ၆,၀၀၀ ခန့် အုပ်ချုပ်ခဲ့ပြီး သိပ္ပံ “တိုးတက်မှု” တွင် အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ကိုယ့်သေတွင်းကိုယ် တူးသည့်အဖြစ်နှင့် ကြုံနေရပြီ! လူသည် ဘုရားသခင်နှင့် ကင်းကွာပြီး မိမိကိုယ်ကို အောင်မြင်စွာ မအုပ်ချုပ်နိုင်သည်မှာ ထင်ရှားလိုက်လေခြင်း! ၎င်းပြဿနာကို ဖြေရှင်းရန် လုံလောက်သောအချိန် ဘုရားသခင် မပေးခဲ့ဟု မည်သူမျှ အပြစ်တင်၍လည်း မရတော့ပါ။
၁၄။ စာတန်ဖြစ်ပေါ်စေခဲ့သည့် အရေးကြီးသောပြဿနာ နောက်တစ်ရပ်ကို သုံးသပ်လိုသောစိတ် အဘယ်ကြောင့် ဖြစ်ပေါ်သင့်သနည်း။
၁၄ စာတန့်အုပ်စိုးမှုအောက် ဤမျှတာရှည်ခဲ့သော ဆိုးသွမ်းမှုကို လူတို့ ဖန်တီးသည်ကို ဘုရားသခင်ခွင့်ပြုခဲ့ရသည်မှာ တကယ်ပင် ခိုင်လုံသော အကြောင်းရင်းရှိပေသည်။ စာတန်သည် ပုန်ကန်ခြင်းအားဖြင့် အချိန်ယူ ဖြေရှင်းရမည့် အခြားပြဿနာတစ်ရပ်ကိုလည်း ပေါ်ပေါက်စေခဲ့၏။ ၎င်းပြဿနာကို စစ်ကြည့်လိုက်လျှင် ဆိုးသွမ်းမှုကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုလာခဲ့ရကြောင်း ပို၍ နားလည်ရန် ထပ်ဆင့်အထောက်အကူရမည်။ အသင်ကိုယ်တိုင် ၎င်းပြဿနာနှင့်ပတ်သက်နေသည့်အတွက် ၎င်းကို သင် အထူးစိတ်ဝင်စားသင့်ပေသည်။
[စာမျက်နှာ ၁၀၀ ပါ ရုပ်ပုံ]
မိဘတစ်ဦးသည် အကြောင်းရှိ၍သာ မိမိချစ်ရသော ကလေးငယ်အား နာကျင်သော ခွဲစိတ်ကုသမှုကို ခံရန် အခွင့်ပေးမည်။ ဘုရားသခင်လည်း အကြောင်းရှိ၍ လူသားများအား တစ်ခဏမျှ ဒုက္ခခံရန် ခွင့်ပေးတော်မူ၏။
[စာမျက်နှာ ၁၀၁ ပါ ရုပ်ပုံ]
အာဒံနှင့် ဧဝတို့သည် တားမြစ်ရာအသီးကို စားခြင်းဖြင့် ဘုရားသခင့်အုပ်စိုးမှုကို စွန့်ကြ၏။ သူတို့သည် အကောင်းအဆိုးကို မိမိတို့သဘောဖြင့် ခွဲခြား ပိုင်းဖြတ်လာကြသည်
[စာမျက်နှာ ၁၀၃ ပါ ရုပ်ပုံ]
လူသည် အစာစားဖို့၊ ရေသောက်ဖို့ လိုအပ်အောင် ဖန်ဆင်းထားခြင်း ခံရသကဲ့သို့၊ ဘုရားသခင့် လမ်းပြမှုကို လိုအပ်အောင်လည်း ဖန်ဆင်းထားခြင်း ခံရသည်