မွေးနေ့
အဓိပ္ပာယ်သတ်မှတ်ချက်– မွေးသောနေ့ သို့မဟုတ် နှစ်ပတ်လည်မွေးနေ့။ အချို့ဒေသများ၌ လူတစ်ယောက်၏မွေးနေ့၊ အထူးသဖြင့်ကလေးတစ်ယောက်၏မွေးနေ့ကို ပါတီလုပ်၊ လက်ဆောင်ပေးခြင်းဖြင့်ကျင်းပလေ့ရှိကြသည်။ ကျမ်းစာနှင့်ညီညွတ်သောဓလေ့မဟုတ်။
သမ္မာကျမ်းစာက မွေးနေ့အကြောင်းပြောသောအခါ နှစ်သက်သည့်လေသံမျိုးဖြင့်လော။ မွေးနေ့အကြောင်း ကျမ်းစာ၌နှစ်ကြိမ်သာဆိုထားသည်
က. ၄၀:၂၀-၂၂– “သုံးရက်လွန်သောအခါ ဖာရောမင်းဖွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ . . . ဖလားတော်ဝန်ကိုအထက်အရာ၌ တစ်ဖန်ခန့်ထားတော်မူ [၍] . . . စားတော်ဝန်ကိုမူကား ဆွဲထားတော်မူ၏။”
မ. ၁၄:၆-၁၀– “ဟေရုဒ်ကိုဖွားသောနေ့ရက်၌နှစ်စဉ်ပွဲခံစဉ်တွင် ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ကသဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင် ငါသည်သင်တောင်းသမျှကိုပေးမည်ဟု ကျိန်ဆိုလေ၏။ ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို ဤလင်ပန်း၌ပေးတော်မူပါဟု တောင်းလျှောက်၏။ မင်းကြီးသည် . . . လူကိုစေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာဖြတ်စေ၏။”
ကျမ်းစာ၌ရေးသမျှသည် အကြောင်းရှိ၏။ (၂ တိ. ၃:၁၆၊ ၁၇) အထက်ပါမွေးနေ့ပွဲများနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ပါဌ်တော်က မနှစ်မြို့သည့်လေသံဖြင့် တင်ပြထားသည်ကို ယေဟောဝါသက်သေများ သတိပြုမိကြသည်နှင့် ၎င်းကိုရှောင်ကြဉ်ကြ၏။
ရှေးခရစ်ယာန်များနှင့် ကျမ်းစာခေတ်ကဂျူးများ မွေးနေ့ကျင်းပခြင်းကို မည်သို့ ရှုမှတ်ကြသနည်း
“မွေးနေ့ပွဲဟူသောအကြောင်းသည် ယေဘုယျအားဖြင့် ဤခေတ်ရှိခရစ်ယာန်များ၏အတွေးနှင့် ဝေလာဝေး။”—ကနဦး ရာစုနှစ်သုံးခုအတွင်းမှ ခရစ်ယာန်ဘာသာနှင့် သာသနာအသင်း၏သမိုင်း (နယူးယောက်၊ ၁၈၄၈)၊ ဩဂတ်စတပ်စ်နီယန်းဒါး (ဟင်နရီဂျွန်ရို့စ်ပြန်ဆိုသည်) စ. ၁၉၀။
“နောက်ပိုင်းဟေဗြဲလူတို့သည် မွေးနေ့ကျင်းပမှုကို ရုပ်တုကိုးကွယ်ခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်လာကြ၏။ ထိုခေတ်တွင် သူတို့တွေ့မြင်ရသော သူငါအများမွေးနေ့ကျင်းပပုံက သူတို့အမြင်ကို များစွာထောက်ခံမည်ဖြစ်သည်။”—တော်ဝင်သမ္မာကျမ်းစာအဘိဓာန် (လန်ဒန်၊ ၁၈၇၄)၊ ပက်ထရစ် ဖဲဘဲန်း တည်းဖြတ်သည်၊ အတွဲ ၁၊ စ. ၂၂၅။
မွေးနေ့ကျင်းပခြင်းနှင့်စပ်လျဉ်းသော လူအများကြိုက်ထုံးစံများ၏ဇာစ်မြစ်ကားအဘယ်နည်း
“ယနေ့လူတို့မွေးနေ့ကျင်းပရာ၌စောင့်စည်းသောဓလေ့ထုံးစံအမျိုးမျိုးသည် ရှည်လျားသည့်ရာဇဝင်ရှိ၏။ ၎င်းတို့သည် မှော်နှင့်ဘာသာရေးလောကတွင် အမြစ်တည်၏။ ရှေးအချိန်၌ ချီးကျူးဂုဏ်ပြုခြင်း၊ လက်ဆောင်ပေးခြင်း၊ ဖယောင်းတိုင်မီးထွန်း၍ပွဲကိုအဆုံးသတ်ခြင်းတည်းဟူသော ထုံးစံများသည် မွေးနေ့ကျင်းပသူအား မကောင်းဆိုးဝါးများရန်မှကာကွယ်ရန်၊ လာမည့်နှစ်တွင် ရန်မျိုးငါးပါးနှင့်ကင်းဝေးရန် ရည်စူးသည်။ . . . စတုတ္ထရာစုတိုင်အောင် ခရစ်ယာန်ဘာသာသည် မွေးနေ့ကျင်းပခြင်းကိုဒိဋ္ဌိထုံးစံအဖြစ်ပယ်ခဲ့သည်။”—Schwäbische Zeitung (Zeit und Welt နောက်ဆက်တွဲ) ၁၉၈၁၊ ဧပြီ ၃/၄၊ စ. ၄။
“ဂရိလူတို့သည် လူတိုင်း၌ ကိုယ်စောင့်နတ်တစ်ပါးရှိပြီး ၎င်းနတ်သည် လူမွေးဖွားစဉ် လာရောက်ပြုစုပြီး ဘဝတစ်လျှောက်လုံး လူကိုစောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။ ၎င်းနတ်သည် ထိုလူနှင့်မွေးနေ့ချင်းတူသောနတ်ဘုရားနှင့် လျှို့ဝှက်ဆန်းကြယ်သောဆက်ဆံရေးရှိသည်ဟူ၏။ ရောမလူတို့လည်း အလားတူအယူစွဲရှိကြသည်။ . . . ဤအယူသည် လူသားတို့ယုံကြည်ချက်အဖြစ်ဆင်းသက်လာပြီး ကိုယ်စောင့်ကောင်းကင်တမန်၊ ဒဏ္ဍာရီထဲမှခေါင်းကိုင်အမေနှင့် ကိုယ်စောင့်နတ် စသောအယူအဆများအဖြစ် ထင်ဟပ်လျက်ရှိသည်။ . . . ကိတ်မုန့်ပေါ် ဖယောင်းတိုင်မီးထွန်းညှိသည့်ထုံးစံကို ဂရိလူတို့အစပြုခဲ့သည်။ . . . လဝန်းလိုဝိုင်းသောပျားရည်ကိတ်ကို ထွန်းညှိထားသော အထူးသေးသွယ်သည့် ဖယောင်းရှူးများနှင့်အတူ [အာတေမိနတ်သမီး] ၏ဗိမာန် ယဇ်ပလ္လင်ပေါ်၌ ပသပူဇော်ခဲ့ကြသည်။ . . . ရိုးရာအယူအရ၊ မွေးနေ့ဖယောင်းတိုင်များ၌ ဆုတောင်းပြည့်စေနိုင်သောတန်ခိုးထူးရှိသည်ဟူ၏။ . . . လူသည် မိမိပူဇော်သောဖယောင်းရှူးမီးနှင့်မီးလျှံ၌ လျှို့ဝှက်ဆန်းကြယ်သောအဓိပ္ပာယ်ရှိကြောင်း၊ မိမိဘုရားများအတွက် ပထမအကြိမ်ယဇ်ပလ္လင်တည်သည့်အချိန်ကစ၍ ယနေ့တိုင် ယူဆလာသည်။ ထို့ကြောင့် မွေးနေ့ဖယောင်းတိုင်သည် မွေးနေ့ကလေးအဖို့ ဂုဏ်ပြုချီးမွမ်းမှုတစ်ရပ်ဖြစ်၍ လာဘ်ရွှင်စေသည်ဟူသတတ်။ . . . မွေးနေ့နှုတ်ခွန်းနှင့်ရွှင်လန်းချမ်းမြေ့စေကြောင်းဆန္ဒပြုခြင်းတို့သည် ဤပွဲနေ့၏အနှစ်သာရဖြစ်သည်။ . . . ၎င်းအယူသည် မူလက မှော်လောကမှ မြစ်ဖျားခံခဲ့သည်။ . . . မွေးနေ့နှုတ်ခွန်းများသည် အကောင်းအဆိုးဖန်တီးနိုင်သည်။ အကြောင်းမှာ ထိုနေ့၌ လူသည် ဝိညာဉ်လောကနှင့် ပို၍နီးစပ်သည်ဟူ၏။”—မွေးနေ့ဆိုင်ရာရှေးရိုးဓလေ့ (နယူးယောက်၊ ၁၉၅၂)၊ ရာလ်ဖ်နှင့်အက်ဒလင်းလင်တန်၊ စစ. ၈၊ ၁၈-၂၀။
အခြားအချိန်၌ မိသားစုနှင့်မိတ်ဆွေများစုစည်း၍ ကောင်းမွန်စွာပျော်ပွဲစားလျှင် ကန့်ကွက်စရာမဟုတ်
ဒေ. ၃:၁၂၊ ၁၃၊ သမ္မာ– “လူသည်အသက်ရှင်စဉ်တွင်ရွှင်လန်းခြင်း၊ ပျော်မွေ့ခြင်းထက်၊ မိမိအဖို့သာ၍ကောင်းသောအမှုအရာမရှိကြောင်းကိုငါသိမြင်၏။ လူတိုင်းစားသောက်ခြင်း၊ မိမိပင်ပန်းစွာလုပ်ကိုင်သမျှသောအမှု၌ပျော်မွေ့ခြင်းများသည် မုချအားဖြင့်ဘုရားသခင်၏ဆုကျေးဇူးတော်ဖြစ်၏။”
၁ ကောရိန္သု ၁၀:၃၁ ကိုလည်းရှု။