ဒုတိယမွေးခြင်း
အဓိပ္ပာယ်သတ်မှတ်ချက်– ဒုတိယမွေးခြင်းဆိုရာ၌ ရေတွင်နှစ်ခြင်းခံခြင်း (‘ရေ၌မွေးခြင်း’)၊ ဘုရားသခင့်ဝိညာဉ်တော်ဖြင့်မွေးခြင်း (‘ဝိညာဉ်တော်မှမွေးခြင်း’) အားဖြင့် ဘုရားသခင့်နိုင်ငံတော်၌ ပါဝင်စိုးစံရသောမျှော်လင့်ချက်နှင့်အတူ ဘုရားသခင့်သားတစ်ပါးဖြစ်လာခြင်းကိုဆိုလိုသည်။ (ယော. ၃:၃-၅) ယေရှုသည်ထိုအဆင့်များကိုဖြတ်သန်းခဲ့သည်။ ကိုယ်တော်၏ကောင်းကင်နိုင်ငံအမွေခံဖက် ၁၄၄,၀၀၀ တို့သည်လည်းထို့အတူဖြစ်သည်။
အချို့ခရစ်ယာန်များ အဘယ်ကြောင့် “ဒုတိယမွေး” ရန်လိုအပ်သနည်း
အရေအတွက်အကန့်အသတ်ရှိသော သစ္စာစောင့်လူသားအချို့အား ကောင်းကင်နိုင်ငံတွင်ယေရှုခရစ်နှင့်ပူးပေါင်းစေရန် ဘုရားသခင်ရည်ရွယ်တော်မူ၏
လု. ၁၂:၃၂– “သိုးစုငယ် သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာအလိုရှိတော်မူ၏။”
ဗျာ. ၁၄:၁-၃– “ငါကြည့်လျှင် သိုးသငယ်သည်ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ . . . တစ်သိန်းလေးသောင်းလေးထောင်လည်းသူနှင့်အတူရှိကြ၏။ မြေကြီးမှရွေးနုတ်သော [သူများဖြစ်ကြ၏။]” (စာမျက်နှာ ၄၃၊ ၄၄ ပါ “ကောင်းကင်” အကြောင်းကိုကြည့်ပါ။)
လူသည်အသွေးအသားကိုယ်ခန္ဓာဖြင့်ကောင်းကင်သို့မသွားနိုင်
၁ ကော. ၁၅:၅၀– “ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံနိုင်။ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအရာကိုအမွေမခံနိုင်။”
ယော. ၃:၆၊ သက– “အသွေးအသားအားဖြင့်မွေးဖွားသူသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့်မွေးဖွားသူသည် ဝိညာဉ်ဖြစ်၏။”
“ဒုတိယမွေး” ၍ဘုရားသခင့်သားများဖြစ်လာသူများသာ ကောင်းကင်နိုင်ငံတွင်ပါဝင်နိုင်သည်
ယော. ၁:၁၂၊ ၁၃၊ သမ– “[ယေရှုခရစ်၏] နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား ဘုရားသခင်၏သားဖြစ်ထိုက်သောအခွင့်ကို သနားတော်မူ၏။ ထိုသားတို့သည် အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။” (“လက်ခံသူဟူသမျှ” ဟုဆိုရာ၌ ခရစ်တော်ကိုယုံကြည်သူလူသားအားလုံးကို မဆိုလို။ အခန်းငယ် ၁၁ ပြသည့်အတိုင်း မည်သူများကိုဆိုလိုကြောင်းသတိပြုပါ။ [“ကိုယ့်လူမျိုးတော်” ဂျူးများကိုရည်ညွှန်းသည်။] အခြားလူသားများအားလည်း အလားတူအခွင့်အရေးကမ်းလှမ်းတော်မူ၏။ သို့သော် “သိုးစုငယ်” အားသာဖြစ်သည်။
ရော. ၈:၁၆၊ ၁၇–“ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။”
၁ ပေ. ၁:၃-၅– “အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းငှာ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည်ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကိုသေခြင်းမှထမြောက်စေတော်မူသောအားဖြင့် ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကိုတစ်ဖန်ဖြစ်ဖွားစေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊ . . . သင်တို့အဖို့ကောင်းကင်ဘုံ၌သိုထားလျက်ရှိသောအမွေတည်း။”
သူတို့သည် ကောင်းကင်တွင် ဘာပြုကြမည်နည်း
ဗျာ. ၂၀:၆– “ဘုရားသခင်၏ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တစ်ထောင်ပတ်လုံးခရစ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။”
၁ ကော. ၆:၂– “သန့်ရှင်းသူတို့သည် လောကီနိုင်ငံကိုတရားစီရင်မည်ဟု မသိကြသလော။”
“ဒုတိယမွေးခြင်း” မခံသူသည် ကယ်တင်ခြင်းရနိုင်မည်လော
ဗျာ. ၇:၉၊ ၁၀၊ ၁၇– “ထိုနောက်မှ [“ဒုတိယမွေးခြင်း” ခံ၍ ဝိညာဏဣသရေလလူမျိုးဝင်ဖြစ်လာပြီး ခရစ်တော်နှင့်အတူ ကောင်းကင်၌စံမြန်းကြမည့်သူများ၏အရေအတွက်ကို တမန်တော်ယောဟန်ကြားရသည့်နောက်၌၊ ရောမ ၂:၂၈၊ ၂၉၊ ဂလာတိ ၃:၂၆-၂၉ တို့နှင့်နှိုင်းယှဉ်။] ငါကြည့်လျှင် အသီးအသီးဘာသာစကားကိုပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည် ဖြူသောဝတ်လုံကိုဝတ်ဆင်လျက် စွန်ပလွံခက်ကိုကိုင်လျက် ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့်ကြွေးကြော်ကြ၏။ . . . ပလ္လင်တော်အတွင်း၌ရှိသောသိုးသငယ် [ယေရှုခရစ်] သည် သူတို့ကိုလုပ်ကျွေး၍ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။”
ဟေဗြဲ ၁၁:၃၉၊ ၄၀ က ခရစ်ယာန်ခေတ်ကြို ယုံကြည်သူများအမည်ကို တသီတတန်းကြီးဖော်ပြပြီးသည့်နောက် ဤသို့ဆက်၍ဆို၏– “ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့်ချီးမွမ်းခြင်းသို့ရောက်သော်လည်း ကတိတော်အတိုင်းအကျိုးကျေးဇူးကိုမခံရကြ။ အဘယ်ကြောင့်နည်းဟူမူကား ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့မရောက်ရမည်အကြောင်း ဘုရားသခင်သည် ငါတို့အဖို့အလိုငှာ သာ၍မြတ်သောကျေးဇူးကိုကြံစည်တော်မူ၏။” (ဤတွင်ဆိုသော “ငါတို့” မှာ အဘယ်သူများကိုဆိုလိုသနည်း။ ဟေဗြဲ ၃:၁ က “ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကိုခံရသောသူ” များဖြစ်ကြောင်းပြ၏။ သို့ဖြစ်၍ ခရစ်ယာန်ခေတ်မတိုင်မီက ယုံကြည်သူတို့သည် ကောင်းကင်မှလွဲ၍ အခြားနေရာတစ်နေရာ၌ စုံလင်သောအသက်ကိုရဖို့မျှော်လင့်ခြင်းရှိခဲ့ကြမည်ဖြစ်သည်။)
ဆာ. ၃၇:၂၉– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”
ဗျာ. ၂၁:၃၊ ၄– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည်ရွေ့သွားကြပြီ။”
လူသည် “ဒုတိယမွေးခြင်း” မခံဘဲ ဘုရားသခင့်ဝိညာဉ်တော်ရနိုင်သလော
နှစ်ခြင်းဆရာယောဟန်နှင့်ပတ်သက်၍ ယေဟောဝါ၏ကောင်းကင်တမန်ဤသို့ဆို၏– “ထိုသားသည် . . . အမိဝမ်းထဲကပင် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။” (လု. ၁:၁၅) နောက်ပိုင်း၌ ယေရှုက ဤသို့မိန့်တော်မူ၏– “မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက်ကြီးမြတ်သောသူ တစ်ယောက်မျှမပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင်အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏။ [အဘယ်ကြောင့်နည်း။ ယောဟန်သည် ကောင်းကင်သို့သွားမည်မဟုတ်၍ဖြစ်သည်။ သို့ဖြစ်၍ သူသည် “ဒုတိယမွေးခြင်း” ခံရန်မလို။] ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခု [ယေရှုထိုစကားမိန့်ကြားချိန်] တိုင်အောင် ကောင်းကင်နိုင်ငံတော် [“သည် လူတို့အားသွန်ခွန်စိုက်တက်လှမ်းသောပန်းတိုင်ဖြစ်ပေသည်။” ကဘ]—မ. ၁၁:၁၁၊ ၁၂။
ယေဟောဝါ၏ဝိညာဉ်တော်သည် ဒါဝိဒ်ပေါ် “သက်ရောက်” ၍သူ့အားဖြင့် “မိန့်တော်မူ၏။” (၁ ရာ. ၁၆:၁၃; ၂ ရာ. ၂၃:၂) သို့သော် ကျမ်းစာမည်သည့်နေရာ၌မျှ ဒါဝိဒ် “ဒုတိယမွေးခြင်း” ခံရသည်ဟုမဆို။ သူ “ဒုတိယမွေးခြင်း” ခံရန်လည်းမလို။ အကြောင်းမှာ တမန်တော် ၂:၃၄ (သမ္မာ) ဆိုသည့်အတိုင်း “ဒါဝိဒ်သည် ကောင်းကင်သို့တက်ရသည်မဟုတ်။”
ယနေ့ ဘုရားသခင့်ဝိညာဉ်တော်ရရှိသောသူများအား မည်သို့ခွဲခြားသိမြင်နိုင်သနည်း
“ဝိညာဉ်” ဟူသောအဓိကခေါင်းစဉ်အောက်၊ စာမျက်နှာ ၃၁၃၊ ၃၁၄ ကိုရှု။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ကျွန်တော်ဒုတိယမွေးခြင်းခံပြီးပြီ’
ဤသို့ပြန်ပြောနိုင်သည်– ‘ဒီတော့ မိတ်ဆွေဟာ တစ်နေ့ခရစ်တော်နဲ့အတူ ကောင်းကင်မှာစံပျော်ရမယ်လို့ဆိုလိုတယ်မဟုတ်လား။ . . . ကောင်းကင်ကိုသွားတဲ့လူတွေကောင်းကင်မှာ ဘာလုပ်ရမယ်ဆိုတာစဉ်းစားဖူးသလား။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘သူတို့ဟာ ဘုရင်နဲ့ယဇ်ပုရောဟိတ်ဖြစ်လာပြီး ခရစ်တော်နဲ့အတူစိုးစံရကြလိမ့်မယ်။ (ဗျာ. ၂၀:၆; ၅:၉၊ ၁၀) ယေရှုက သူတို့ဟာ “သိုးစုငယ်” လောက်သာဖြစ်မယ်လို့ဆိုတယ်။ (လု. ၁၂:၃၂)’ (၂) ‘သူတို့ဟာ ဘုရင်ဖြစ်ကြတယ်ဆိုရင် သူတို့ရဲ့အုပ်စိုးမှုကိုခံရမဲ့ လက်အောက်ခံတွေရှိရမှာပဲ။ ဘယ်သူတွေဖြစ်မလဲ။ . . . ဒါနဲ့ပတ်သက်တဲ့ကျမ်းချက်တချို့ကိုပြချင်ပါတယ်။ တခြားလူ ကျွန်တော့်ကို ဒီကျမ်းချက်တွေထောက်ပြတဲ့အခါ ကျွန်တော်အင်မတန်စိတ်ဝင်စားမိပါတယ်။ (ဆာ. ၃၇:၁၁၊ ၂၉; သု. ၂:၂၁၊ ၂၂)’
‘ခင်ဗျား ဒုတိယမွေးခြင်းခံခဲ့ပြီလား’
ဤသို့ပြန်ပြောနိုင်သည်– ‘လူတွေ ဒုတိယမွေးခြင်းလို့ဆိုကြတဲ့အခါ အဓိပ္ပာယ်အမျိုးမျိုးနဲ့ပြောကြတာကို ကျွန်တော်တွေ့ရပါတယ်။ မိတ်ဆွေဆိုလိုတဲ့အဓိပ္ပာယ်ကိုသိပါရစေလား။’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ယေရှုကို ကယ်တင်ရှင်အနေနဲ့လက်ခံပြီး သန့်ရှင်းသောဝိညာဉ်တော်ရပြီလားဆိုပြီး ကျွန်တော့်ကိုမေးတာလား။ မှန်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်မိတ်ဆွေဆီလာပြီး ယေရှုအကြောင်းကိုပြောနေမှာမဟုတ်ဘူး။ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ကိုရတဲ့အကြောင်း ကျွန်တော်စဉ်းစားတဲ့အခါ ခရစ်ယာန်ရယ်လို့အမည်ခံကြတဲ့လူတွေပေါ်မှာ ဝိညာဉ်တော်ကိန်းဝပ်တဲ့လက္ခဏာ ကင်းမဲ့နေတာကို ဝမ်းနည်းစွာတွေ့ရပါတယ်။ (ဂလ. ၅:၂၂၊ ၂၃)’ (၃) ‘လူတိုင်း ဒီလိုဘုရားရေးရာအရည်အသွေးပြည့်ဝလို့ရှိရင် မိတ်ဆွေအနေနဲ့ ကမ္ဘာပေါ်မှာနေပျော်လိမ့်မယ်လို့ထင်သလား။ (ဆာ. ၃၇:၁၀၊ ၁၁)’
အဖြေနောက်တစ်မျိုး– ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံပြီးပြီလားဆိုတဲ့သဘောနဲ့မေးလို့ရှိရင် လက်ခံပြီးပါပြီလို့ ကျွန်တော်ဖြေဆိုပါ့မယ်။ ယေဟောဝါသက်သေခံအားလုံးဒီလိုပါပဲ။ ဒါပေမဲ့ ဒုတိယမွေးခြင်းဟာ ကျွန်တော်တို့အတွက် ဒီလောက်သာအဓိပ္ပာယ်ရှိတာမဟုတ်ပါဘူး။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယေရှုက ဒုတိယမွေးခြင်းအကြောင်းကို ပြောတဲ့အခါမှာ ဒုတိယမွေးခြင်းဟာ ဘုရားသခင်ရဲ့နိုင်ငံတော်ထဲဝင်ဖို့၊ ဘုရားသခင်ရဲ့နိုင်ငံတော်ကောင်းကင်အစိုးရထဲပါဝင်ဖို့ လိုအပ်တဲ့အချက်ဖြစ်တယ်လို့ဆိုပါတယ်။’ (ယော. ၃:၅)’ (၂) ‘သမ္မာကျမ်းစာက ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ကြတဲ့ လူပေါင်းများစွာဟာ ဒီကမ္ဘာပေါ်မှာ နိုင်ငံတော်အစိုးရရဲ့ပျော်ရွှင်တဲ့လက်အောက်ခံသားများအဖြစ် နေထိုင်ကြမယ်ဆိုပြီးတော့လည်း ပြောပါတယ်။ (မ. ၆:၁၀; ဆာ. ၃၇:၂၉)’
နောက်ထပ်အကြံပေးချက်– ကောင်းကင်အတန်းအစားဖြစ်သူအနေနှင့် ဤသို့ဖြေကြားနိုင်၏– မှန်ပါတယ်။ ကျွန်တော် ဒုတိယမွေးခြင်းခံခဲ့ပါပြီ။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်တော်တို့ကိုယ်ကိုကျွန်တော်တို့ ထင်သင့်သည်ထက်အထင်မကြီးဖို့သတိပေးပါတယ်’။ ကိုယ်ဟာ ဘုရားသခင်နဲ့ခရစ်တော်တောင်းဆိုတာကို တကယ်ဆောင်ရွက်နေမနေမပြတ်စိစစ်ကြည့်ဖို့လိုပါတယ်။ (၁ ကော. ၁၀:၁၂)’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘ယေရှုဟာ သူ့တပည့်စစ်များကို ဘာတာဝန်းအပ်နှင်းခဲ့သလဲ။ (မ. ၂၈:၁၉၊ ၂၀; ၁ ကော. ၉:၁၆)’