ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၄၀၆-စာ. ၄၁၀
  • အသက် (ဘဝ)

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသက် (ဘဝ)
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ထာဝရအသက်အမှန်တကယ်ဖြစ်နိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သေလွန်ပြီးနောက် အသက် ပြန်ရှင်လာနိုင်
    နိုးလော့!—၂၀၀၈
  • ကျွန်ုပ်တို့ ကမ္ဘာပေါ် ရောက်လာရခြင်းအကြောင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၄၀၆-စာ. ၄၁၀

အသက် (ဘဝ)

အဓိပ္ပာယ်သတ်မှတ်ချက်– အပင်၊ တိရစ္ဆာန်၊ လူနှင့် ဝိညာဉ်သတ္တဝါများကို သက်မဲ့အရာများနှင့် ခြားနားစေသော လှုပ်ရှားတက်ကြွသည့်အခြေအနေတစ်မျိုးဖြစ်သည်။ ရူပသက်ရှိများသည် ယေဘုယျအားဖြင့် ကြီးထွားခြင်း၊ ဇီဝတွင်းဖြစ်ပျက်ခြင်း၊ ပြင်ပလှုံ့ဆော်မှုကိုတုံ့ပြန်ခြင်း၊ မျိုးပွားခြင်းအစွမ်းရှိကြသည်။ အပင်သည် တက်ကြွလှုပ်ရှားသောအသက်ရှိသော်လည်း အာရုံခံစားနိုင်သောစိုးလ်မဟုတ်။ မြေကြီးဆိုင်ရာစိုးလ်များဖြစ်သော တိရစ္ဆာန်နှင့်လူတို့၌ အသက်ရှင်စေသော တက်ကြွသည့် အသက်-စွမ်းအားနှင့် ၎င်းကိုတာရှည်စေသော အသက်ရှူရှိုက်ခြင်းရှိသည်။

အသိဉာဏ်ရှိပုဂ္ဂိုလ်များအဖို့ အဓိပ္ပာယ်အပြည့်ဝဆုံးဘဝမှာ ၎င်းဘဝပိုင်ဆိုင်ခွင့်နှင့်တကွ၊ ပြည့်ဝစုံလင်စွာအသက်ရှင်ခြင်းဖြစ်သည်။ လူ့စိုးလ်သည် မသေနိုင်သောအရာမဟုတ်။ သို့သော် ဘုရားသခင့် သစ္စာရှိကျွန်များသည် စုံလင်သောထာဝရအသက်မျှော်လင့်ချက်ရှိသည်။​—အများထုသည် မြေကြီးပေါ်တွင်နေထိုင်၍ “သိုးစုငယ်” မူ ဘုရားသခင့်နိုင်ငံတော်အမွေခံများအဖြစ် ကောင်းကင်တွင် အသက်ရှင်ရန်ဖြစ်သည်။ နိုင်ငံတော်အတန်းအစားဝင်များသည် ဝိညာဉ်ဘဝသို့ထမြောက်ကြသောအခါ မသေနိုင်သောအသက်ကိုရကြသည်။ ဖန်ဆင်းရာတစ်စုံတစ်ခုကိုမျှ မှီဝဲရန်မလိုသောအသက်မျိုးပင်ဖြစ်သည်။

လူ့ဘဝရည်ရွယ်ချက်ကား အဘယ်နည်း

ဘဝရည်ရွယ်ချက်ရှိရန်အခြေခံမှာ အသက်ပင်ရင်းကိုသိမှတ်ခြင်းပင်။ အသက်သည် ဉာဏ်မဲ့တိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည်မှန်လျှင် ကျွန်ုပ်တို့၏တည်ရှိခြင်းသည် ရည်ရွယ်ချက်ရှိမည်မဟုတ်။ စိတ်ချနိုင်သောအနာဂတ်အတွက်လည်း ကြံရွယ်နိုင်မည်မဟုတ်။ သို့သော် တမန်တော် ၁၇:၂၄၊ ၂၅၊ ၂၈ (သက) က ဤသို့ဆို၏– “ကမ္ဘာလောကကြီးနှင့်တကွ ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသည် . . . လူခပ်သိမ်းတို့အား အသက်နှင့်တကွ အခြားလိုအပ်သည့်အရာရှိသမျှကို ပေးသနားတော်မူ၏။ ငါတို့သည် ကိုယ်တော်အားဖြင့် သက်ရှင်လှုပ်ရှားရပ်တည်လျက်ရှိကြ၏။” ဘုရားသခင်ထံလျှောက်တင်ချက်ဖြစ်သော ဗျာဒိတ် ၄:၁၁ က ဤသို့ဖြည့်စွက်၏– “အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။” (“ဘုရားသခင်” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၁၉၅-၂၀၂ ကိုရှု။)

ပျော်ရွှင်မှုဆိုင်ရာ ဖန်ဆင်းရှင့်သတ်မှတ်ချက်နှင့်လမ်းညွှန်ကိုဖီဆန်သောအသက်တာသည် ရှုံးနိမ့်ရ၏။ ဂလာတိ ၆:၇၊ ၈ က ဤသို့သတိပေး၏– “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။”​—ဂလာတိ ၅:၁၉-၂၁ ကိုလည်းကြည့်ပါ။ (အဓိကခေါင်းစဉ် “လွတ်လပ်ခြင်း” ကိုရှု။)

အာဒံမှရသောအပြစ်အမွေကြောင့် ယခုအချိန်၌ လူသည် ဘုရားသခင် ကနဦးရည်ရွယ်သည့်အတိုင်း ဘဝကို အပြည့်အဝ မမွေ့လျော်နိုင်ကြချေ။ ရောမ ၈:၂၀၊ (သမ) က အာဒံ့အပြစ်အတွက် ဘုရားသခင်စီရင်ချက်ချခဲ့သဖြင့် “ဖန်ဆင်းတော်မူရာ [လူသား] များသည် အနတ္တအောက် . . . နေရ” ကြ၏။ တမန်တော်ပေါလုက အပြစ်သားတစ်ဦးအနေနှင့် မိမိ၏အခြေအနေအကြောင်း ဤသို့ရေး၏– “ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်သို့ ရောင်းချခြင်းကိုခံရသောသူဖြစ်၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သောအကျင့်ကောင်းကိုမကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကို ကျင့်၏။ ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကို နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသောတရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင်တိုက်လှန်သဖြင့် ငါ့ကိုယ်အင်္ဂါများ၌ရှိသောအပြစ်တရားလက်သို့ ငါ့ကိုဖမ်းသွားအပ်နှံကြောင်း ငါမြင်၏။ ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။”​—ရော. ၇:၁၄၊ ၁၉၊ ၂၂-၂၄၊ သမ္မာ။

ကျွန်ုပ်တို့သည် ကျမ်းမူများကိုကျင့်သုံးပြီး ဘုရားသခင့်အလိုတော်ကို ရှေ့ ဦးထားဆောင်ရွက်သောအခါ ယခုပင် အကြီးမားဆုံးသုခ ခံစားရပြီး ဘဝသည်လည်း အဓိပ္ပာယ်ပြည့်ဝလာသည်။ ဘုရားသခင်ကိုကျွန်ုပ်တို့ဝတ်ပြုသဖြင့် ကိုယ်တော်ကြွယ်ဝမလာပါ။ ကိုယ်တော်သာ ‘ကျွန်ုပ်တို့အကျိုးအတွက်’ ကျွန်ုပ်တို့ကို သွန်သင်တော်မူ၏။ (ဟေရှာ. ၄၈:၁၇) ကျမ်းစာဤသို့သြဝါဒပေး၏– “သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ခြင်းသည် ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမြင်ကာ အမှုတော်ကို အစဉ်အမြဲ ဆောင်ရွက်ကြလော့။” —၁ ကော. ၁၅:၅၈၊ သက။

ယေဟောဝါ၏အသက်စီမံချက်ကို ယုံကြည်ပြီး နည်းလမ်းတော်အတိုင်းသွားလျှင် စုံလင်သောထာဝရအသက်ရမည် ဟု ကျမ်းစာက မျှော်လင့်ချက်ပေး၏။ ထိုမျှော်လင့်ချက်သည် အခြေအမြစ်ခိုင်မာ၏။ လူကိုစိတ်ပျက်စေမည်မဟုတ်။ ထိုမျှော်လင့်ချက်နှင့်အညီ လုပ်ကိုင်လျှင် ယခုပင် ဘဝအဓိပ္ပာယ် တကယ်ပြည့်ဝနိုင်သည်။​—ယော. ၃:၁၆; တိ. ၁:၁; ၁ ပေ. ၂:၆။

လူကို နှစ်အနည်းငယ်သာအသက်ရှင်ပြီးနောက် သေဖို့ ဖန်ဆင်းတော်မူခဲ့သလော

က. ၂:၁၅-၁၇– “ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏။ ထာဝရအရှင်ဘုရားသခင်ကလည်း ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။” (ဤနေရာ၌ ဘုရားသခင်က သေခြင်းသည် မလွှဲမရှောင်နိုင်သောအခြေအနေဖြစ်သည်ဟုမပြော၊ အပြစ်၏ရလဒ်အဖြစ်သာ ဆိုနေခြင်းဖြစ်သည်။ ၎င်းကိုရှောင်ရန် အာဒံအား တိုက်တွန်းနေခြင်းဖြစ်၏။ ရောမ ၆:၂၃ နှိုင်းယှဉ်။)

က. ၂:၈၊ ၉– “ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။ ထိုမြေထဲကအဆင်းလှ၍ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကိုသိကျွမ်းရာအပင်လည်းရှိ၏။” (ကမ္ဘာဦး ၃:၂၂၊ ၂၃ အရ၊ အာဒံပြစ်မှားပြီးနောက် ဘုရားသခင်က သူတို့လင်မယား အသက်ပင်အသီး မစားရလေအောင် သူတို့ကို ဧဒင်မှနှင်ထုတ်တော်မူသည်။ ထို့ကြောင့် အာဒံသာ ဖန်ဆင်းရှင်ပေါ်သစ္စာစောင့်ခဲ့လျှင် ဘုရားသခင်လည်း အာဒံထာဝစဉ်အသက်ရှင်ထိုက်ကြောင်း သက်သေထူခဲ့ပြီဟူသည့်အထိမ်းအမှတ်အနေနှင့် အချိန်တန်လျှင် သူ့အား ထိုအပင်၏အသီးကို စားခွင့်ပြုမည့်ဟန်ရှိပေသည်။ ဧဒင်၌ အသက်ပင်ရှိသည့်အချက်က ထိုအလားအလာရှိကြောင်း ပြပေသည်။)

ဆာ. ၃၇:၂၉– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဤကတိတော်က ကမ္ဘာနှင့်လူသားဆိုင်ရာ ဘုရားသခင့်အခြေခံရည်ရွယ်ချက် မပြောင်းလဲသေးကြောင်း သိသာစေသည်။)

“သေခြင်း” ဟူသောခေါင်းစဉ်အောက် စာမျက်နှာ ၃၂၉ ပါ ရှု။

ယနေ့ကျွန်ုပ်တို့မှာမူ ဝေဒနာနှင့်အတူ အသက်တိုတိုနေဖို့သာလော

ရော. ၅:၁၂– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ဘုရားသခင်ရည်ရွယ်သောကြောင့်မဟုတ်၊ အာဒံ့အပြစ်ကြောင့် ကျွန်ုပ်တို့ သေခြင်းကိုအမွေရကြခြင်းဖြစ်၏။) (“ကံကြမ္မာ” ဟူသောအဓိကခေါင်းစဉ်ကိုလည်းရှု။)

ယောဘ ၁၄:၁၊ သမ္မာ– “မိန်းမမှဖွားသောလူသည် အသက်တာတို၍ ဒုက္ခနှင့်ပြည့်ဝပါ၏။” (မစုံလင်သောဤစနစ်၌ ဘဝသည် ကြီးမားသောအတိုင်းအတာအထိ ထိုသို့ပင်ဖြစ်၏။)

သို့ရာတွင် ဤအခြေအနေမျိုးအောက်မှာပင် ကျွန်ုပ်တို့၏ဘဝသည် အကျိုးဖြစ်ထွန်းပြီး အဓိပ္ပာယ်နှင့်ပြည့်ဝနိုင်သည်။ စာမျက်နှာ ၄၀၆၊ ၄၀၇ ပါ လူ့ဘဝရည်ရွယ်ချက် အကြောင်းကိုကြည့်ပါ။

ကောင်းကင်သို့မည်သူသွားထိုက်ကြောင်း အစမ်းသပ်ခံဖို့အတွက်သာ ကမ္ဘာပေါ်အသက်ရှင်ရခြင်းလော

“ကောင်းကင်” ဟူသောအဓိကခေါင်းစဉ်အောက် စာမျက်နှာ ၃၈-၄၅ ကိုရှု။

အသွေးအသားခန္ဓာသေပြီးနောက် ဆက်၍အသက်ရှင်သောမသေနိုင်သည့်စိုးလ် ကျွန်ုပ်တို့၌ရှိသလော

“စိုးလ်” ဟူသောအဓိကခေါင်းစဉ်အောက်၊ စာမျက်နှာ ၈၇-၉၁ ကိုရှု။

လက်ရှိတိုတောင်းသောအသက်ထက် ပို၍တာရှည်သည့်အသက်ရဖို့ ဘာအခြေအမြစ်ရှိသနည်း

မ. ၂၀:၂၇၊ ၂၈– “လူသား [ယေရှု] သည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်။”

ယော. ၃:၁၆– “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”

ဟေဗြဲ ၅:၉– “[ယေရှုခရစ်သည်] ထိုသို့စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နားထောင်သော သူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကိုပြုသောသူ ဖြစ်တော်မူ၏။” (ယော. ၃:၃၆ ကိုပါရှု။)

အနာဂတ်အသက်မျှော်လင့်ချက်ကို မည်သို့အကောင်အထည်ဖော်နိုင်မည်နည်း

တ. ၂၄:၁၅– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။” (ယခင်က ဘုရားသခင်ကို သစ္စာရှိရှိဝတ်ပြုခဲ့သူများထမြောက်မည်။ ထို့ပြင် ဘုရားသခင်အကြောင်း ကောင်းစွာမသိသဖြင့် ဘုရားသခင့်နည်းလမ်းတော်ကို လက်ခံသင့်မသင့် မဆုံးဖြတ်နိုင်သေးသောသူ များစွာရှိရာ သူတို့လည်း ထမြောက်လာကြမည်။)

ယော. ၁၁:၂၅၊ ၂၆– “ယေရှုကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ ငါ့စကားကိုယုံသလော။” (လူတစ်ယောက်၏အစ်မအား ယေရှုမိန့်တော်မူခြင်းဖြစ်သည်။ နောက်၌ ထိုသူကို အသက်ပြန်ရှင်စေတော်မူ၏။) (ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အပြင် လက်ရှိစနစ်ဆိုးဆုံးခန်းတိုင်စဉ် အသက်ရှင်နေသူများအား အခြားမျှော်လင့်ချက်ကိုလည်း ယေရှုကမ်းလှမ်းနေခြင်းဖြစ်၏။ ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးပြည်သားများဖြစ်ဖို့ မျှော်လင့်သူတို့သည် ကပ်ကျော်၍ ဘယ်တော့မျှမသေဘဲနေရမည့်အလားအလာရှိပေသည်။)

လူ့ခန္ဓာကို ထာဝစဉ်အသက်ရှင်ဖို့ဖန်တီးထားကြောင်း ခန္ဓာတည်ဆောက်ပုံ၌ သာဓကတစ်စုံတစ်ခု ရှိသလော

လူ့ဦးနှောက်၏ပင်ကိုအစွမ်းအစသည် အနှစ် ၇၀ ဖြစ်စေ၊ ၁၀၀ ဖြစ်စေ လက်ရှိသက်တမ်း အတွင်း ကျွန်ုပ်တို့သုံးသော အတိုင်းအတာထက် အဆပေါင်းများစွာကြီးမားကြောင်း အများတကာ သိမှတ်ကြပေသည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်း က လူ့ဦးနှောက်သည် “လူ့တစ်သက်အတွင်း သုံးနိုင်သည်ထက် ပို၍များသောပိုတင်ရှယ်ရှိသည်” ဟု ဆို၏။ (၁၉၇၆၊ အတွဲ ၁၂၊ စ. ၉၉၈) သိပ္ပံပညာရှင် ကားလ်စေးဂန်က လူ့ဦးနှောက်သည် “ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များမှ စာအုပ်အရေအတွက်နှင့်ညီမျှသော စာအုပ်အတွဲပေါင်း သန်း ၂၀ ခန့် ပြည့်လောက်သည့်” အချက်အလက်များကို သိုမှီးနိုင်သည်ဆို၏။ (စနစ်ကျစကြဝဠာ၊ ၁၉၈၀၊ စ. ၂၇၈) လူ့ဦးနှောက် “ဖိုင်တွဲစနစ်” ၏သိုမှီးနိုင်စွမ်းနှင့်ပတ်သက်၍ ဇီဝဓာတုဗေဒပညာရှင် အိုင်းဇက်အက်စီမော့ဗ်က ဦးနှောက်သည် “သူ့အပေါ် လူတင်သမျှ သင်ကြားမှတ်သားခြင်းဆိုင်ရာဝန်ကို အကြွင်းမဲ့ကိုင်တွယ်နိုင်ကြောင်း၊ ထို့ထက်အဆပေါင်း ကုဋေတစ်ရာ နိုင်နင်းကြောင်း” ရေးသားလိုက်သည်။​—နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်း၊ ၁၉၆၆၊ အောက်တိုဘာ ၉၊ စ. ၁၄၆။ (အသုံးပြုဖို့မရည်ရွယ်လျှင် အဘယ်ကြောင့် ဦးနှောက်ကို ဤမျှကြီးမားသောအစွမ်းအစ ပေးတော်မူသနည်း။ လူသည် အကန့်အသတ်မရှိ ပညာဆည်းပူးနိုင်ရကား၊ ထာဝစဉ်အသက်ရှင်ဖို့ ဖန်ဆင်းခြင်းခံရသည်ဟုဆိုလျှင် မဆီလျော်ပေလော။)

အခြားဂြိုဟ်များ၌ သက်ရှိများရှိသလော

နယူးယောက်တိုင်းမ်စ် က ဤသို့ဆို၏– “စကြဝဠာ၏အခြားနေရာ၌ အသိဉာဏ်ရှိသက်ရှိများရှာဖွေခြင်းအလုပ်ကို . . . လွန်ခဲ့သော ၂၅ နှစ်က စတင်ခဲ့သည်။ . . . ဘီလီယံရာနှင့်ချီ၍များပြားသောကြယ်များကိုစူးစမ်းခြင်း တည်းဟူသော ခေါင်းနပန်းကြီးဖွယ် ဤလုပ်ငန်းသည် ကမ္ဘာ့အပြင်ဘက်၌ သက်ရှိများရှိကြောင်း ပြတ်သားသောသာဓက ယခုတိုင် မဖော်ထုတ်နိုင်သေးချေ။”​—၁၉၈၄၊ ဇူလိုင် ၂၊ စ. A ၁။

အမေရိကန်စွယ်စုံကျမ်း က ဤသို့ဆို၏– “[ကျွန်ုပ်တို့၏နေအဖွဲ့အစည်းအပြင်ဘက်မှ] အခြားအဘယ်ဂြိုဟ်ပေါ်၌မျှ တပ်အပ်မတွေ့ရသေး။ သို့သော် နေအဖွဲ့အစည်းအပြင်ဘက်၌ ရှိကောင်းရှိမည်ဖြစ်သော ဂြိုဟ်တစ်လုံးစီပေါ်တွင် သက်ရှိပေါ်ပေါက်ပြီး တိုးတက်သောယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်လာရန် အကြောင်းရှိ၏။” (၁၉၇၇၊ အတွဲ ၂၂၊ စ. ၁၇၆) (ဤအဆိုကိုကြည့်လျှင်၊ အလွန်အမင်း ငွေကုန်ကြေးကျခံပြီး အပြင်ဟင်းလင်းပြင်၌ သက်ရှိများကိုစူးစမ်းရှာဖွေလိုကြခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ဆင့်ကဲဖြစ်စဉ်သီအိုရီအတွက် သက်သေရှာရန်၊ လူကိုဘုရားသခင်မဖန်ဆင်းသဖြင့် လူသည် ဘုရားသခင်ပေါ် တာဝန်မရှိကြောင်းသက်သေထူရန် မဖြစ်နိုင်ပေလော။)

ကျမ်းစာက ကမ္ဘာပေါ်၌သာ သက်ရှိရှိသည်မဟုတ်ဟု ဖော်ပြ၏။ ဝိညာဉ်ပုဂ္ဂိုလ်များ​—ဘုရားသခင်နှင့်ကောင်းကင်တမန်များ​—ရှိ၍ သူတို့သည် ဉာဏ်နှင့်စွမ်းအားဘက်တွင် လူ့ထက်အဆပေါင်းများစွာသာလွန်သည်။ သူတို့သည် လူသားတို့နှင့်ဆက်သွယ်ပြီး၊ သက်ရှိ၏မူလအစကိုလည်းကောင်း၊ ကမ္ဘာရင်ဆိုင်နေရသော တုန်လှုပ်ဖွယ်ပြဿနာများ၏ ဖြေရှင်းနည်းကိုလည်းကောင်း ရှင်းပြခဲ့လေပြီ။ (“သမ္မာကျမ်းစာ” နှင့် “ဘုရားသခင်” ဟူသော အဓိကခေါင်းစဉ်များကိုရှု။)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ