သတိရအောက်မေ့ပွဲ (သခင့်ညစာစားပွဲ)
အဓိပ္ပာယ်သတ်မှတ်ချက်– ယေရှုခရစ်၏သေခြင်းကိုအောက်မေ့သောစားပွဲ။ ထိုကြောင့် အခြားမည်သည့်ပုဂ္ဂိုလ်၏သေခြင်းထက်မဆို အကျိုးထက်မြက်သည့် ကိုယ်တော့်သေခြင်းကိုအောက်မေ့ခြင်းဖြစ်သည်။ တပည့်တော်တို့အား ကျင်းပရန် သခင်ယေရှုခရစ်မိန့်မှာသော တစ်ခုတည်းသော အောက်မေ့ပွဲဖြစ်သည်။ သခင့်ညစာစားပွဲ ဟူ၍လည်းတွင်သည်။—၁ ကော. ၁၁:၂၀။
သတိရအောက်မေ့ပွဲ၏အနက်ဆောင်ချက်ကား အဘယ်နည်း
သစ္စာရှိတမန်တော်များအား ယေရှုက “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူ၍ မိန့်မှာ၏။ (လု. ၂၂:၁၉) တစ်ဖန် တမန်တော်ပေါလုက ဝိညာဉ်တော်ဖွား ခရစ်ယာန်အသင်းတော်သားများထံ စာရေးစဉ် “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင် ပြကြ၏”ဟူ၍ဆို၏။ (၁ ကော. ၁၁:၂၆) ထို့ကြောင့် သတိရအောက်မေ့ပွဲက ယေဟောဝါ၏ရည်ရွယ်ချက်ဖြစ်မြောက်ရေးတွင် ယေရှုခရစ်၏သေခြင်းသည် အရေးပါအရာရောက်ကြောင်း အထူးဂရုပြုစေသည်။ ၎င်းသည် ပဋိညာဉ်သစ်နှင့်လည်းကောင်း၊ ယေရှု၏ကောင်းကင်နိုင်ငံတော်အမွေခံဖက်ဖြစ်လာမည့်သူများအပေါ် ယေရှု၏သေခြင်း အကျိုးသက်ရောက်ပုံနှင့်လည်းကောင်း၊ အထူးဆက်စပ်လျက် ယေရှု၏ယဇ်ဆိုင်ရာသေခြင်းအဓိပ္ပာယ်ကို ပေါ်လွင်စေသည်။—ယော. ၁၄:၂၊ ၃; ဟေဗြဲ ၉:၁၅။
ယေရှု၏သေခြင်းသည်လည်းကောင်း၊ ကမ္ဘာဦး ၃:၁၅ မှအစ နောက်ပိုင်းကျမ်းချက်များပါဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ ယေရှုအသေခံတော်မူပုံသည်လည်းကောင်း၊ ယေဟောဝါ၏နာမကို သင်္ကာရှင်းစေကြောင်းကိုလည်း သတိရအောက်မေ့ပွဲက သတိရစေသည်။ လူကိုဖန်ဆင်းရာ၌ အနာအဆာပါသဖြင့် အာဒံအပြစ်ပြုရခြင်းဖြစ်သည် ဟူသောအချက်မှာ မမှန်ကြောင်း၊ ပြင်းထန်သောဖိစီးမှုအောက်မှာပင် လူသည် ဘုရားသခင်ပေါ် ခြောက်ပြစ်ကင်းစွာ ဆည်းကပ်နိုင်ကြောင်း ယေရှုက သေသည်တိုင် ယေဟောဝါအပေါ် သစ္စာစောင့်ခြင်းဖြင့် သက်သေထူနိုင်ရကား ယေဟောဝါကို စကြဝဠာအချုပ်အခြာအာဏာပိုင် ဖန်ဆင်းရှင်အဖြစ် သင်္ကာရှင်းစေတော်မူသည်။ ထို့ပြင်၊ အာဒံမျိုးနွယ်ကိုရွေးနုတ်ရန်လိုအပ်သော စုံလင်သည့်လူသားယဇ်ကို ယေရှု၏သေခြင်းအားဖြင့် စီစဉ်ဖို့လည်း ရည်ရွယ်တော်မူ၏။ ဤနည်းဖြင့်၊ ယုံကြည်သူတို့သည် ယေဟောဝါ၏မူလရည်ရွယ်ချက်နှင့်အညီ လူသားတို့အပေါ်ထားတော်မူသောမဟာမေတ္တာတော်ကြောင့် မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်နေထိုင်နိုင်မည်။—ယော. ၃:၁၆; က. ၁:၂၈။
ယေရှုသည် ကမ္ဘာပေါ်တွင် လူသားအဖြစ် အသက်ရှင်သောနောက်ဆုံးည၌ လေးလံလှသောဝန်ကိုရွက်ခဲ့ရသည်တကား။ မိမိအဖို့ ခမည်းတော် အဘယ်ရည်ရွယ်ချက်ရှိသည်ကို ယေရှုသိ၏။ စုံစမ်းမှုအောက် သစ္စာတည်ရမည်ကိုလည်းသိ၏။ မိမိသစ္စာမတည်လျှင် ခမည်းတော်ကိုအိုးမဲသုတ်ရုံမက လူသားများအဖို့ မဟာဆုံးရှုံးခြင်းလည်းဖြစ်မည်တကား။ မိမိ၏သေခြင်းသည် ဤအရာအလုံးစုံတို့ကိုဖြစ်မြောက်စေမည်ဖြစ်သဖြင့် ၎င်းကိုအောက်မေ့ရန်မိန့်မှာခဲ့ခြင်းမှာ လျောက်ပတ်လှပေသည်။
သတိရအောက်မေ့ပွဲသုံး မုန့်နှင့်စပျစ်ရည်တို့သည် အဘယ်အဓိပ္ပာယ်ဆောင်သနည်း
သတိရအောက်မေ့ပွဲထူထောင်စဉ် တမန်တော်တို့အား ယေရှုကမ်းတော်မူသော တဆေးမဲ့မုန့်နှင့်ပတ်သက်၍ ကိုယ်တော်က “ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏”ဟု မိန့်တော်မူသည်။ (မာ. ၁၄:၂၂) မုန့်သည် ကိုယ်တော့်အပြစ်မဲ့သွေးသားခန္ဓာကိုယ်ကိုပုံဆောင်သည်။ လူသားတို့အနာဂတ်အသက်မျှော်လင့်ချက်အတွက် ၎င်းကိုယ်ကို စွန့်တော်မူမည်ဖြစ်၏။ မိမိနှင့်အတူ ကောင်းကင်နိုင်ငံ၌ ပါဝင်ရန်ရွေးချယ်ခံရသူများသည် မိမိစွန့်တော်မူသောခန္ဓာတော်ကြောင့် အသက်မျှော်လင့်ချက်ရကြမည်ဖြစ်ကြောင်း ထိုပွဲတော်ထူထောင်စဉ် အထူးအရေးပေး မိန့်ဆိုခဲ့သည်။
သစ္စာရှိတမန်တော်များအား ယေရှု စပျစ်ရည်ကမ်းတော်မူစဉ် “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများအဖို့အလိုငှာ သွန်းသောငါ၏အသွေးဖြစ်၏” ဟူ၍မိန့်တော်မူသည်။ (မာ. ၁၄:၂၄) ထိုစပျစ်ရည်သည် ကိုယ်တော့်အသက်သွေးကိုပုံဆောင်သည်။ သွန်းတော်မူသောအသွေးအားဖြင့် ၎င်းပေါ်ယုံကြည်သူများသည် အပြစ်လွတ်ခြင်းချမ်းသာကိုခံစားနိုင်၏။ ထိုသမယ၌ ယေရှုက မိမိအသွေးတော်ကြောင့် မိမိ၏အနာဂတ်အမွေခံဖက်များ အပြစ်ဆေးကြောခြင်းခံစားနိုင်မည့်အကြောင်း ထင်ရှားအောင်မိန့်ဆို၏။ အသွေးတော်ကြောင့် ယေဟောဝါဘုရားသခင်နှင့် ဝိညာဉ်တော်-ဘိသိက်ခံခရစ်ယာန်အသင်းတော်စပ်ကြားရှိပဋိညာဉ်သစ်သည် တရားဝင်ဖြစ်လာမည်ကိုလည်း ကိုယ်တော်၏စကားက တင်ပြတော်မူသည်။
စာမျက်နှာ ၂၁၇-၂၁၉ ပါ “မစ္ဆား” ဟူသောခေါင်းစဉ်ကိုလည်းကြည့်ပါ။
မည်သူများ မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ရန်ဖြစ်သနည်း
ယေရှု အသေခံတော်မမူမီကလေးတွင် သခင့်ညစာစားပွဲကိုထူထောင်စဉ် မည်သူများ မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ခဲ့ကြသနည်း။ သစ္စာရှိနောက်တော်လိုက်ဆယ့်တစ်ဦးတည်း။ သူတို့အား ယေရှုက “ငါ့ခမည်းတော်သည် နိုင်ငံတော်တစ်ခုအတွက် ငါနှင့်ပဋိညာဉ်တစ်ရပ် ဖွဲ့သည်နည်းတူ ငါလည်း သင်တို့နှင့် ပဋိညာဉ်တစ်ရပ်ဖွဲ့၏”ဟု မိန့်ဆိုသည်။ (လု. ၂၂:၂၉၊ ကဘ) သူတို့အားလုံး ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံတွင်ပါဝင်ရန် ခေါ်တော်မူခြင်းခံရကြသူများဖြစ်ကြသည်။ (ယော. ၁၄:၂၊ ၃) ယနေ့ မုန့်နှင့်စပျစ်ရည်သုံးဆောင်သူအားလုံးလည်း ထို‘နိုင်ငံတော်ပဋိညာဉ်’ထဲသို့ ဆောင်သွင်းခံရသူများဖြစ်သင့်သည်။
သုံးဆောင်သူများ မည်မျှရှိသနည်း။ ယေရှုက “သိုးစုငယ်” သာ ကောင်းကင်နိုင်ငံကို ဆုအဖြစ် ရကြမည်ဟုမိန့်ဆို၏။ (လု. ၁၂:၃၂) အရေအတွက်အပြည့်အစုံမှာ ၁၄၄,၀၀၀ ဖြစ်၏။ (ဗျာ. ၁၄:၁-၃) ထိုအုပ်စုကို စီ.အီး. ၃၃ မှစ၍ရွေးကောက်တော်မူ၏။ ထို့ကြောင့် မုန့်နှင့်စပျစ်ရည်သုံးဆောင်သူတို့သည် အနည်းငယ်သာရှိပေမည်။
ယောဟန် ၆:၅၃၊ ၅၄ က သုံးဆောင်သူများသာ ထာဝရအသက်ရမည်ဟုပြသလော
ယော. ၆:၅၃၊ ၅၄– “ယေရှုကလည်း ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။ ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်းသောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။”
ပုံဆောင်သည့်သဘောဖြင့်စားသောက်ခြင်းဖြစ်ရပေမည်။ သို့မှမဟုတ်လျှင် စားသောက်သူသည် ဘုရားသခင့်ပညတ်ကိုချိုးဖောက်ရာရောက်မည်။ (က. ၉:၄; တ. ၁၅:၂၈၊ ၂၉) သို့ရာတွင် ယောဟန် ၆:၅၃၊ ၅၄ ပါ စကားကို သခင့်ညစာစားပွဲထူထောင်ခြင်းနှင့်ဆက်စပ်၍ ယေရှုမိန့်ဆိုခဲ့ခြင်းမဟုတ်ကြောင်း မှတ်သားသင့်၏။ မုန့်နှင့်စပျစ်ရည်ကို အသားတော်နှင့်အသွေးတော်ပုံဆောင်ချက်အဖြစ်သုံးလျက် ပွဲတစ်ရပ်ကျင်းပတော်မူမည်ဟူ၍ ကြားနာသူတစ်ဦးမျှ မစဉ်းစားမိချေ။ နောက်တစ်နှစ်ခန့်ကြာတော့မှ ထိုအစီအစဉ်ကိုပြုတော်မူသည်။ တမန်တော်ယောဟန်လည်း မိမိ၏နာမည်တပ်ထားသည့်ခရစ်ဝင်ကျမ်း၌ နောက်ထပ်အခန်းကြီးခုနစ်ခုမက ကျော်လွန်ပြီးမှသာ သခင့်ညစာစားပွဲအကြောင်းကို (အခန်းကြီး ၁၄ ၌) တင်ပြ၏။
သတိရအောက်မေ့ပွဲ၌ မုန့်နှင့်စပျစ်ရည်ကို သုံးဆောင်ခြင်းဖြင့်မဟုတ်လျှင် ပုံဆောင်သည့်အနေနှင့် မည်သည့်နည်းဖြင့် ‘အသားတော်ကိုစား၍ အသွေးတော်ကိုသောက်’ နိုင်မည်နည်း။ ထိုသို့စားသောက်သူတို့သည် “ထာဝရအသက်” ရကြမည်ဟု ယေရှုမိန့်ဆိုကြောင်း သတိပြုပါ။ စောစောပိုင်း အခန်းငယ် ၄၀ ၌ ထာဝရအသက်ရရန် ဘာပြုရမည်ကိုရှင်းပြရာတွင် ခမည်းတော်အလိုတော် အဘယ်အရာဖြစ်ကြောင်း မိန့်တော်မူသနည်း။ “သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ရစေ” ရန်တည်း။ သို့ဖြစ်၍ ယဇ်အဖြစ် ယေရှုစွန့်တော်မူသော အသားတော်နှင့်အသွေးတော်၏ကယ်တင်ခြင်းတန်ခိုးကို ယုံကြည်ခြင်း အားဖြင့် ‘အသားတော်ကိုစား၍၊ အသွေးတော်ကိုသောက်’ ခြင်းဖြစ်ရပေမည်။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူစံမြန်း၍ဖြစ်စေ၊ မြေကြီးပရဒိသုပေါ်ဖြစ်စေ အသက်အပြည့်အဝရမည့်သူတို့သည် ယုံကြည်ခြင်းရှိရန်လိုပေသည်။
သတိရအောက်မေ့ပွဲကို တစ်နှစ်ဘယ်နှစ်ကြိမ်ကျင်းပ၍ အဘယ်အခါကျင်းပရန်နည်း
ဘယ်နှစ်ကြိမ်ဟူ၍ ယေရှုအတိအကျမဆို။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုသာ မိန့်ဆို၏။ (လု. ၂၂:၁၉) ပေါလုက “သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရားအသေခံတော်မူခြင်းကို ကြွလာတော်မမူမီတိုင်အောင်ပြကြ၏” ဟု ဆို၏။ (၁ ကော. ၁၁:၂၆) “အခါခါ” ဟူသောစကားကို တစ်နှစ်လျှင်အကြိမ်များစွာဟူ၍ ကောက်ရန်မလိုပါ။ တစ်နှစ်တစ်ကြိမ် အနှစ်များစွာအတွင်း အခါခါဟူ၍လည်းဖြစ်နိုင်သည်။ နှစ်ပတ်လည်ထိမ်းမြားမင်္ဂလာနေ့စသော ပွဲနေ့များကိုကျင်းပလျှင်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံက အရေးပါသောသမိုင်းအဖြစ်အပျက်တစ်ရပ်ကို အောက်မေ့လျှင်ဖြစ်စေ တစ်နှစ်ဘယ်နှစ်ကြိမ်ပြုလုပ်သနည်း။ တစ်နှစ်လျှင်တစ်ကြိမ် ထိုနေ့စွဲကျရာနေ့၌ ကျင်းပကြပေသည်။ ၎င်းသည် နှစ်စဉ်ကျင်းပသောဂျူးပသခါပွဲနေ့၌ သခင့်ညစာစားပွဲကိုထူထောင်ခြင်းနှင့်လည်း ညီညွတ်၏။ (ခရစ်ယာန်ဖြစ်လာသူ ဂျူးများ ပသခါပွဲ ကျင်းပရန်မလိုတော့။)
ယေဟောဝါသက်သေများသည် ပထမရာစုအများသုံးဂျူးပြက္ခဒိန်အတွက်အချက်အတိုင်း နိသန်လ ၁၄ ရက်၊ နေဝင်ပြီးနောက် သတိရအောက်မေ့ပွဲကိုကျင်းပကြသည်။ ဂျူးတို့၏နေ့ရက်သည် နေဝင်မှ နောက်တစ်နေ့ နေဝင်အထိဖြစ်သည်။ ထို့ကြောင့် ယေရှုသည် သတိရအောက်မေ့ပွဲထူထောင်သည့် ဂျူးပြက္ခဒိန်နေ့အတွင်း အသေခံတော်မူသည်။ နိသန်လ၏အစကား နွေဦးပေါက်နေ့ညညီချိန်နှင့်အနီးဆုံးသောဆန်းစလ ယေရုရှလင်မြို့၌ ပေါ်လာသည့်နောက်ပိုင်းမှ နေဝင်သောအချိန်ဖြစ်သည်။ ၎င်းနောက် ၁၄ ရက်အကြာတွင် သတိရအောက်မေ့ပွဲနေ့ ကျရောက်၏။ (ထို့ကြောင့် သတိရအောက်မေ့ပွဲနေ့စွဲသည် ယခုခေတ်ဂျူးများကျင်းပသောပသခါနေ့နှင့် တိုက်ဆိုင်ချင်မှတိုက်ဆိုင်မည်။ အဘယ်ကြောင့်နည်း။ ယခုခေတ်ဂျူးတို့၏ပြက္ခဒိန်လများသည် နက္ခတ္တဗေဒဆန်းစလနှင့်ကိုက်အောင်ချိန်ထား၍ဖြစ်သည်။ ၁၈ နာရီမှ နာရီပေါင်း ၃၀ အထိ နောက်ကျ၍ ယေရုရှလင်မြို့အပေါ်မှာပေါ်ထွန်းသောဆန်းစလနှင့် ချိန်ကိုက်ထားသည်မဟုတ်။ ထို့ပြင် ယနေ့ဂျူးအများထုသည် ပသခါပွဲကို မောရှေပညတ်အတိုင်း ယေရှုနည်းတူ ၁၄ ရက်နေ့၌ ကျင်းပသည်မဟုတ်၊ ၁၅ ရက်နေ့၌ ပြုလုပ်ကြသည်။)