သုံးပါးပေါင်းတစ်ဆူကို မည်သို့အနက်ဖွင့်ဆိုရှင်းပြထားသနည်း
“သုံးပါးပေါင်းတစ်ဆူဟူသောစကားလုံးသည် ခရစ်ယာန်ဘာသာ၏ အဓိကအယူဝါဒကို ဖော်ပြသောစကားလုံးဖြစ်သည်။ . . . အာသန်နေစီယန်အယူဝါဒအရ ‘ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၏။ သို့တိုင် ၎င်းတို့သည် ဘုရားသုံးပါးမဟုတ်ဘဲ တစ်ပါးတည်းဖြစ်၏။’ သုံးပါးပေါင်းတစ်ဆူတွင် . . . ထိုပုဂ္ဂိုလ်အားလုံးသည် ထာဝစဉ်အတူတကွရှိ၍ တန်းတူရည်တူဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဖန်ဆင်းခြင်းမခံရဘဲ အနန္တတန်ခိုးနှင့်ပြည့်စုံသည်” ဟုရိုမန်ကက်သလစ်ချာ့ချ်က ဆို၏။—ကက်သလစ်စွယ်စုံကျမ်း။
ခရစ်ယာန်ဘောင်ချာ့ချ်အားလုံးနီးပါး ယင်းကို လက်ခံကြသည်။ ဥပမာ၊ ဂရိသြသဒေါက်စ်ချာ့ချ်ကလည်း သုံးပါးပေါင်းတစ်ဆူကို “ခရစ်ယာန်ဘာသာ၏ အခြေခံကျသောအယူဝါဒ” ဟုခေါ်ပြီး “ခရစ်ယာန်တို့မည်သည် ခရစ်တော်ကို ဘုရားသခင်အဖြစ်လက်ခံကြသည်” ဟုပင်ဆိုခဲ့၏။ ကျွန်ုပ်တို့၏ ဩသဒေါက်စ် ခရစ်ယာန်ယုံကြည်ချက်စာအုပ်တွင် ဩသဒေါက်စ်ချာ့ချ်က ဤသို့ဖော်ပြ၏– “ဘုရားသခင်သည် သုံးပါးပေါင်းတစ်ဆူဖြစ်၏။ . . . ခမည်းတော်သည် ဘုရားသခင်ဖြစ်၏။ သားတော်သည် ဘုရားသခင်ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘုရားသခင်ဖြစ်၏။”
ထို့ကြောင့် သုံးပါးပေါင်းတစ်ဆူဟူသည် “ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ” ဟုယူဆကြ၏။ ၎င်းတို့တစ်ပါးစီသည် မူလအစမရှိ၊ ထာဝရတည်ရှိသည်၊ တစ်ပါးစီသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး တစ်ပါးထက်တစ်ပါး ပို၍ကြီးခြင်းငယ်ခြင်းမရှိ၊ တန်းတူရည်တူဖြစ်သည်ဟုဆိုကြ၏။
ထိုအယူအဆကိုလက်ခံရန် ခက်ခဲသလော။ ယင်းသည် စိတ်ရင်းမှန်သူများစွာအတွက် စိတ်ရှုပ်စရာ၊ ဆင်ခြင်တုံတရားနှင့်ဆန့်ကျင်သည့်အရာ၊ ဘဝတွင် တစ်ခါမျှမတွေ့ကြုံဖူးသော ထူးဆန်းသည့်အရာဖြစ်နေ၏။ ထို့ကြောင့် ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘုရားသခင်ဖြစ်လျှင် ဘုရားသုံးဆူမဟုတ်ဘဲ တစ်ဆူတည်း မည်သို့ဖြစ်နိုင်သနည်းဟု သူတို့မေးကြသည်။
“လူ့ဉာဏ်မမီနိုင်ရာ”
ဤစိတ်ရှုပ်ထွေးစရာကို နေရာအနှံ့တွေ့ကြုံနေရသည်။ သုံးပါးပေါင်းတစ်ဆူအယူဝါဒကို “လူ့ဉာဏ်မမီနိုင်ရာ” အဖြစ်ယူဆထားကြောင်း အမေရိကားနားစွယ်စုံကျမ်းတွင်ဖော်ပြ၏။
လူများစွာက သုံးပါးပေါင်းတစ်ဆူကို ထိုသို့ပင်ရှုမြင်ကြသည်။ ဘုန်းတော်ကြီး ယူဂျင်းကလာ့ခ်က ဤသို့ဆို၏– “ဘုရားသခင်သည် တစ်ဆူတည်းဖြစ်၏။ ဘုရားသခင်သည် ဘုရားသုံးပါးဖြစ်၏။ ဖန်ဆင်းရာများတွင် ထိုအဖြစ်မျိုးနှင့်တူသည့်အရာ ဘာမျှမရှိသောကြောင့် ယင်းကို ကျွန်ုပ်တို့နားမလည်နိုင်၊ လက်ခံရုံသာရှိသည်။” ဘုန်းတော်ကြီး ဂျွန်အိုကွန်နာကလည်း “ယင်းသည် နားမလည်နိုင်လောက်အောင် အလွန်လျှို့ဝှက်နက်နဲ၏” ဟုဆိုခဲ့သည်။ ထို့ပြင် ပုပ်ရဟန်းမင်းဒုတိယမြောက် ဂျွန်ပေါလ်က “သုံးပါးပေါင်းတစ်ဆူဘုရား၏ လူ့ဉာဏ်မမီနိုင်သော လျှို့ဝှက်နက်နဲမှု” အကြောင်း ပြောဆိုခဲ့သည်။
“ထိုအယူဝါဒအတိအကျ သို့မဟုတ် ယင်းကို မည်သို့အတိအကျရှင်းပြနိုင်ပုံနှင့်ပတ်သက်၍ သုံးပါးပေါင်းတစ်ဆူဝါဒီအချင်းချင်းပင် အမြီးအမောက်မတည့်ကြပေ” ဟု ဘာသာရေးဗဟုသုတအဘိဓာန်တွင် ဖော်ပြသည်။
“ရိုမန်ကက်သလစ်ကျမ်းစာကျောင်းများတွင် သုံးပါးပေါင်းတစ်ဆူပညာရပ်ကို သင်ကြားသောဆရာများသည် ‘သုံးပါးပေါင်းတစ်ဆူအကြောင်း ဘယ်လိုဟောပြောရမလဲ’ ဟုအမေးခံရသောကြောင့် ဦးနှောက်ခြောက်ခဲ့ရသည်။ ထိုမေးခွန်းသည် သင်တန်းသားများအတွက် စိတ်ရှုပ်စရာဖြစ်စေပါက ပါမောက္ခများကိုလည်း အလားတူစိတ်ရှုပ်စရာဖြစ်စေပေမည်” ဟူ၍ကက်သလစ်စွယ်စုံကျမ်းသစ်က ဖော်ပြခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။
စာကြည့်တိုက်သို့သွားကာ သုံးပါးပေါင်းတစ်ဆူကိုထောက်ခံသော စာအုပ်များလေ့လာခြင်းဖြင့် အထက်ပါဖော်ပြချက်မှန်ကန်ကြောင်း သက်သေထူနိုင်ပါသည်။ ထိုအယူဝါဒကို မရေမတွက်နိုင်သောစာအုပ်စာပေများဖြင့် ရှင်းပြထားသည်။ သို့တိုင် ရှုပ်ထွေးပွေလီလှသော ဓမ္မဝေါဟာရများ၊ ရှင်းပြချက်များကို ဖတ်ရှုဆန်းစစ်ပြီးသူများပင် စိတ်ကျေနပ်မှုမရခဲ့ပေ။
ယင်းနှင့်ပတ်သက်၍ ဂျက်စူအစ်ဂျိုးဇက်ဘရပ်ကဲန်က သုံးပါးပေါင်းတစ်ဆူအကြောင်း သူတို့အဘယ်အရာပြောဆိုကြသနည်းစာအုပ်တွင် ဤသို့ရေးသား၏– “ဓမ္မပညာသင်ကြားစဉ်နှစ်များအတွင်း သုံးပါးပေါင်းတစ်ဆူအကြောင်း အတော်အတန်သင်ယူသိရှိခဲ့သော ခရစ်ယာန်ဘုန်းကြီးများသည် သုံးပါးတစ်ဆူတနင်္ဂနွေနေ့ [Trinity Sunday] တွင်ပင် တရားဟောစင်မှနေ၍ ယင်းအကြောင်း ဟောပြောသွန်သင်ရန် ဝန်လေးလေ့ရှိ၏။ . . . လူတို့ မည်သို့မျှ ကောင်းစွာနားမလည်နိုင်မည့်အကြောင်းကို ဟောပြောခြင်းဖြင့် သူတို့ကို အဘယ်ကြောင့်ငြီးငွေ့စေမည်နည်း။ သုံးပါးပေါင်းတစ်ဆူသည် တရားသေယုံကြည်ချက်တစ်ခုဖြစ်သော်လည်း ခရစ်ယာန်များ၏နေ့စဉ်အသက်တာနှင့် ဝတ်ပြုရေးတွင် [အကျိုး]မပြုလှပေ။” သို့တိုင် ယင်းသည် ချာ့ချ်များ၏ “အဓိကအယူဝါဒ” ဖြစ်နေသည်။
ခရစ်ယာန်မဟုတ်သူများကြားတွင် ချာ့ချ်များ၏လုပ်ဆောင်မှု မတိုးတက်သော အကြောင်းရင်းတစ်ခုမှာ သုံးပါးပေါင်းတစ်ဆူအယူဝါဒကြောင့်ဖြစ်သည်ဟု ကက်သလစ်ဓမ္မပညာရှင် ဟန်စ်ခွန်ဂ်က ခရစ်ယာန်ဘာသာနှင့်ကမ္ဘာ့ဘာသာတရားများစာအုပ်တွင် ရေးသားခဲ့၏။ ထို့ပြင် “ဗဟုသုတကြွယ်သော မွတ်စလင်ဘာသာဝင်များပင် သုံးပါးပေါင်းတစ်ဆူအယူဝါဒကို လက်မခံနိုင်ကြ။ ဂျူးများလည်း ထိုနည်းတူပင်ဖြစ်သည်။ . . . သုံးပါးပေါင်းတစ်ဆူအယူဝါဒမှ ဘုရားတစ်ဆူနှင့် ပုဂ္ဂိုလ်မြတ်သုံးပါးစပ်ကြား ကွာဟချက်များကို မွတ်စလင်ဘာသာဝင်များ လက်မခံနိုင်ကြပေ။ ဆီးရီးယား၊ ဂရိ၊ လက်တင်ဘာသာစကားတို့မှ ဆင်းသက်လာသော ဓမ္မဝေါဟာရများကြောင့် ရှင်းလင်းစွာ နားလည်လာမည့်အစား စိတ်ရှုပ်သွားကြသည်။ ယင်းတို့ကို ပဟေဠိစကားလုံးအဖြစ် သဘောထားကြသည်။ . . . ဘုရားသခင်သည် တစ်ပါးတည်း၊ တစ်ဆူတည်းဖြစ်သည်ဟူသော အယူအဆကို ယုတ်လျော့စေနိုင်သော သို့မဟုတ် ပျက်ပြယ်စေနိုင်သောအရာတစ်ခုခုကို အဘယ်ကြောင့် ထည့်သွင်းလိုသနည်း” ဟုသူဆက်ဖော်ပြခဲ့သည်။
“ရှုပ်ထွေးသော ဘုရားမဟုတ်”
ထိုစိတ်ရှုပ်စရာအယူဝါဒသည် အဘယ်နေရာမှ အရင်းခံပေါ်ပေါက်ခဲ့သနည်း။ “အလွန်လျှို့ဝှက်နက်နဲသော တရားသေအယူဝါဒတစ်ခုကို ဘုရားသခင်ထံမှဖွင့်ပြချက်ဖြစ်သည်ဟု ကြိုတင်ကောက်ချက်ချရမည်” ဟုကက်သလစ်စွယ်စုံကျမ်းက အခိုင်အမာဆိုသည်။ ကက်သလစ်ကျမ်းပညာရှင်များဖြစ်သော ကားလ်ရာနားနှင့် ဟာဘတ်ဗော်ဂရဲမ်လာတို့က ဘာသာရေးဆိုင်ရာအဘိဓာန်တွင် ဤသို့ရေးသားခဲ့၏– “သုံးပါးပေါင်းတစ်ဆူသည် လျှို့ဝှက်နက်နဲပြီး . . . ဘုရားသခင်၏ဖွင့်ပြချက်မပါဘဲ နားမလည်နိုင်ပေ။ . . . ဘုရားသခင်ဖွင့်ပြပြီးနောက်တွင်ပင် အကုန်အစင်နားမလည်နိုင်ပါ။”
သို့သော် သုံးပါးပေါင်းတစ်ဆူသည် ဤမျှရှုပ်ထွေးနက်နဲလှသောကြောင့် ဘုရားသခင်ထံမှဖြစ်ရမည်ဟု အခိုင်အမာဆိုခြင်းက အခြားပြဿနာကြီးတစ်ရပ်ကို ပေါ်ပေါက်စေသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏ဖွင့်ပြချက်ကိုယ်နှိုက်က ဤသို့ဆိုထားသောကြောင့်ဖြစ်၏– “ဘုရားသခင်သည် ရှုပ်ထွေးသောဘုရားမဟုတ်ချေ။”—၁ ကောရိန္သု ၁၄: ၃၃၊ ပြင်ဆင်တည်းဖြတ်ထားသောစံကျမ်းစာ။
ထိုကျမ်းချက်အရ ဟေဗြဲ၊ ဂရိ၊ လက်တင် ကျမ်းပညာရှင်များပင် အမှန်တကယ်ရှင်းမပြနိုင်လောက်အောင် ရှုပ်ထွေးလှသော အယူဝါဒတစ်ခုအတွက် ဘုရားသခင်တွင် တာဝန်ရှိပါမည်လော။
ထို့ပြင် လူတို့သည် ‘မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်တော်မူသောယေရှုခရစ်ကို သိကျွမ်း’ နိုင်ရန် ဓမ္မပညာရှင်များ ဖြစ်ရမည်လော။ (ယောဟန် ၁၇:၃) သို့ဆိုလျှင် ပညာတတ် ဂျူးဘာသာရေးခေါင်းဆောင်အနည်းစုသာ အဘယ်ကြောင့် ယေရှုကို မေရှိယအဖြစ် အသိအမှတ်ပြုကြသနည်း။ ကိုယ်တော်၏သစ္စာရှိတပည့်တော်များမှာ နိမ့်ကျသော လယ်သမားများ၊ တံငါသည်များ၊ အခွန်ခံများ၊ အိမ်ရှင်မများဖြစ်ကြသည်။ ထိုသာမန်လူတန်းစားများသည် ဘုရားသခင်နှင့်ပတ်သက်သော ယေရှု၏သွန်သင်ချက်များကို အလွန်ယုံကြည်စိတ်ချသည့်အတွက် သူတစ်ပါးကို ပြန်လည်သွန်သင်ပေးနိုင်ပြီး မိမိတို့၏ယုံကြည်ချက်အတွက် အသက်ကိုပင် တလိုတလားပေးဆက်ကြသည်။—မဿဲ ၁၅:၁-၉; ၂၁:၂၃-၃၂၊ ၄၃; ၂၃:၁၃-၃၆; ယောဟန် ၇:၄၅-၄၉; တမန်တော် ၄:၁၃။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ယေရှု၏တပည့်တော်များသည် ဘာသာရေးခေါင်းဆောင်များမဟုတ်ကြဘဲ နိမ့်ကျသော သာမန်လူတန်းစားများဖြစ်ကြ