ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp အခန်း ၂၉ စာ. ၂၂၅-၂၃၅
  • ငါဟာ ချိန်းတွေ့ဖို့အသင့် ရှိပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါဟာ ချိန်းတွေ့ဖို့အသင့် ရှိပြီလား
  • လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချိန်းတွေ့ရန်ဖိအားပေးမှု
  • ချိန်းတွေ့မှု၏အမှောင်ခြမ်း
  • စိတ်လွန်ဆွဲပွဲ
  • ငါအသင့်ဖြစ်ပြီလား
  • ငါ ဘယ်အချိန်မှာ စချိန်းတွေ့လို့ရမလဲ
    နိုးလော့!—၂၀၀၇
  • ငယ်ငယ်ရွယ်ရွယ် ချိန်းတွေ့ခြင်း—မည်သည့်အန္တရာယ်ရှိသနည်း
    နိုးလော့!—၂၀၀၂
  • ကျွန်ုပ်ချိန်းတွေ့ရန် ငယ်လွန်းသည်ဟု မိဘများ ထင်ကြပါက အသို့နည်း
    နိုးလော့!—၂၀၀၂
  • ယေဟောဝါသက်သေတွေမှာ ချိန်းတွေ့ခြင်းနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းထုတ်ထားတာ ရှိသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး . . .တာသွားသည့်အဖြေ
yp အခန်း ၂၉ စာ. ၂၂၅-၂၃၅

အခန်း ၂၉

ငါဟာ ချိန်းတွေ့ဖို့အသင့် ရှိပြီလား

နိုင်ငံများစွာ၌ ချိန်းတွေ့မှုကို အချစ်အပန်းဖြေ၊ အပျော်အဖြစ်သဘောထားကြသည်။ သို့ဖြစ်၍ ပုံစံအမျိုးမျိုးဖြင့် ချိန်းတွေ့မှုပြုကြသည်။ အချို့သူတို့အဖို့၊ ချိန်းတွေ့ခြင်းသည် အကျအန စီစဉ်ထားသည့် ကိစ္စတစ်ရပ်ဖြစ်၍—ပန်းလက်ဆောင်၊ ချိုမြိန်သောညစာနှင့် ဂွတ်နိုက်အနမ်းများ မပါလျှင်မပြီးချေ။ အချို့သူများအဖို့မူ၊ ကိုယ်နှစ်သက်သော လိင်ခြားသူတစ်ဦးနှင့်အတူ အချိန်သုံးစွဲခြင်းသာဖြစ်သည်။ တစ်ပူးပူး တစ်တွဲတွဲ နေကြပါလျက်နှင့်၊ ‘တို့က သူငယ်ချင်းလိုနေတာပါ’ ဟု ဆိုသောသူများလည်းရှိပါသေးသည်။ ချိန်းတွေ့တယ်လို့ပဲဆိုဆို၊ အတူသွား အတူလာတယ်လို့ပဲပြောပြော၊ တွေ့ဆုံကြတယ်လို့ပဲကင်ပွန်းတပ်တပ်၊ အဖြစ်ကတော့ တစ်ခုတည်းသာ– ယောက်ျားကလေးတစ်ဦးနှင့် မိန်းကလေးတစ်ယောက် များသောအားဖြင့် အထိန်းအကွပ်မပါဘဲ အတူတကွ အချိန်များစွာသုံးစွဲ၍ ကူးလူးဆက်ဆံပေါင်းသင်းခြင်းသာတည်း။

သမ္မာကျမ်းစာခေတ်၌ ချိန်းတွေ့သည့်ဓလေ့မရှိ။ သို့တစေ၊ ဦးနှောက်သုံးလျက် သတိတရားလက်ကိုင်ထားကာ ကျက်သရေရှိရှိ ချိန်းတွေ့ပါက နှစ်ဦးသား တစ်ဦးကိုတစ်ဦး နည်းမှန်လမ်းမှန် သိကျွမ်းရန်ပြုလုပ်သည့်နည်းတစ်ရပ်ဖြစ်ပေသည်။ ပျော်ရွှင်ဖွယ်လည်းဖြစ်နိုင်သည်။ သို့သော် သင့်အနေနှင့် ချိန်းတွေ့နိုင်ပြီဟုဆိုနေခြင်းလော။

ချိန်းတွေ့ရန်ဖိအားပေးမှု

သင်သည် ချိန်းတွေ့ရန် စေ့ဆော်တိုက်တွန်းခြင်းခံရကောင်းခံရပေမည်။ သင့်ရွယ်တူအများလည်း သမီးရည်းစားထားကြမည်ဖြစ်သဖြင့် သင်သည် လူဆန်းမလုပ်ချင်။ စေတနာပါသော အပေါင်းအသင်းနှင့် ဆွေမျိုးများ၏စေ့ဆော်မှုလည်းဖြစ်ချင်ဖြစ်မည်။ ၁၅ နှစ်အရွယ် မေရီအန်း ချိန်းတွေ့ရန်အခေါ်ခံရစဉ် အဒေါ်ဖြစ်သူက ဤသို့အကြံပြုလိုက်သည်– “နင်ဒီကောင်လေးနဲ့လက်ထပ်ထပ်မထပ်ထပ် ဒီကိစ္စနဲ့ဘယ်လိုမှမပတ်သက်ဘူး။ သမီးရည်းစားထားတာဟာ သဘာဝကြီးထွားမှုတစ်စိတ်တစ်ပိုင်းလို့သာဆိုရမှာ။ ... ကုန်ကုန်ပြောရရင်၊ ကောင်လေးတွေ ကိုယ့်အနားလာတိုင်း ဝေးဝေးနှင်မယ်ဆိုရင် ကိုယ့်ကို လူကြိုက်နည်းလာမယ်၊ ဘယ်သူကမှလာပြီး ချိန်းတွေ့တော့မှာမဟုတ်ဘူး။” မေရီအဲန်း ဤသို့နောက်ကြောင်းပြန်၏– “အဒေါ်ပြောတဲ့စကားတွေ ကျွန်မရိုးတွင်းချဉ်ဆီထဲစိမ့်ဝင်ခဲ့တယ်။ ကျွန်မဟာ အခွင့်ကောင်းတစ်ခုကို လက်လွှတ်အရှုံးခံနေတာများလားလို့။ ကိုယ်တော်ချောက ကိုယ်ပိုင်ကားနဲ့။ ငွေလဲပေါလို့ပဲ။ သူနဲ့သာရည်းစားထားရင် အရမ်းပျော်ရမှာပဲ။ သူ့နဲ့ချိန်းတွေ့ရင်ကောင်းမလားလို့။”

အချို့လူငယ်များအဖို့ဆိုလျှင် ရင်းနှီးကြင်နာမှု ခံစားလိုသောဆန္ဒ၏စေ့ဆော်ခြင်းကြောင့် သမီးရည်းစားထားလိုခြင်းဖြစ်သည် ၁၈ နှစ်အရွယ် အဲန်းက ဤသို့ဆို၏– “ကျွန်မဟာ မေတ္တာနဲ့ လေးမြတ်မှုကို ဆာလောင်နေတဲ့လူတစ်ယောက်ပါ။ ကျွန်မဟာ မိဘတွေနဲ့မရင်းနှီးတော့ ကြင်နာယုယမှုရလိုရငြား ပြီးတော့ ကျွန်မရင်ဖွင့်သံကို နားလည်မှုအပြည့်အဝနဲ့ နားထောင်မဲ့လူတစ်ယောက် ရှိလိုရှိငြား ကျွန်မရဲ့ချစ်သူဘက်ကို ဦးလှည့်ခဲ့ရပါတယ်။”

မည်သို့ဆိုစေကာမူ၊ ဆယ်ကျော်သက်တစ်ဦးအနေဖြင့် ဖိအားပေးမှုခံရရုံနှင့် ရည်းစားမထားသင့်! အကြောင်းရင်းတစ်ခုမှာ၊ ရည်းစားထားခြင်းဟူသည် ကလေးကစားစရာမဟုတ်—အိမ်ထောင်ဖက်ရွေးချယ်သည့်ကိစ္စဖြစ်သည်။ အိမ်ထောင်ရေးဟုတ်စ။ အမှန်အတိုင်းဝန်ခံရလျှင် ရည်းစားထားသောလူငယ်များအဖို့ အိမ်ထောင်ရေးသည် နောက်ပိတ်ဆုံးကျမှ စဉ်းစားသည့်ကိစ္စဖြစ်သည်။ သို့ရာတွင်၊ စုံတွဲတစ်တွဲအနေနှင့် မိမိတို့လက်ထပ်နိုင် မထပ်နိုင် ဆိုသည့်ကိစ္စကို ဆန်းစစ်ရန်အတွက်မဟုတ်လျှင် အခြားအဘယ်ခိုင်လုံသောအကြောင်းကိုပြ၍ ဤမျှတိုင်အချိန်သုံးစွဲပြီးပေါင်းသင်းသွားလာရသနည်း။ ရေရှည်တွက်လိုက်သောအခါ အိမ်ထောင်ရေးအတွက်မဟုတ်ဘဲ အခြားအကြောင်းကြောင့်ရည်းစားထားလျှင် “ပျော်စရာ” ဖြစ်မည့်အစား၊ ဒုက္ခလှလှတွေ့ရဖို့ အကြောင်းများ၏။ အဘယ်ကြောင့်နည်း။

ချိန်းတွေ့မှု၏အမှောင်ခြမ်း

တစ်ခုအနေနှင့်ဆိုရလျှင်၊ လူငယ်များသည် သမ္မာကျမ်းစာအခေါ် “လူငယ့်ပွင့်လန်းစအရွယ်၊” အထိနာလွယ်သည့်သမယ၌ တည်ဆဲဖြစ်၏။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) ထိုအချိန်ပိုင်းတွင် လိင်ဆက်ဆံလိုသောရမ္မက် လှိုင်းလုံးလိုတလိမ့်လိမ့်တက်လျက်ရှိသည်။ ၎င်းသည် ဘာမျှမမှားပါ။ ကြီးကောင်ငင်ခြင်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်၏။

သို့သော်၊ ဤနေရာ၌ ဆယ်ကျော်သက်ချိန်းတွေ့ခြင်း၏ မဟာပြဿနာတစ်ရပ်ရှိနေသည်– မြီးကောင်ပေါက်တို့သည် လိင်ဆိုင်ရာခံစားချက်များကို ထိန်းချုပ်ရာ၌ အပျံသင်စသာဖြစ်၏။ သင့်အနေဖြင့် လိင်ဆိုင်ရာဘုရားသခင့်ဥပဒေများကိုနားလည်ပြီး စင်ကြယ်စွာနေထိုင်ဖို့လည်း တကယ်ပင်ဆန္ဒရှိမည်မှန်၏။ (အခန်းကြီး ၂၃ရှု။) သို့ပါလျက်ကယ်၊ ဘဝ၏ဇီဝဆိုင်ရာအပိုင်းက စတင်ကခုန်လာပြီ– ကိုယ့်ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ—လိင်ခြားသူတစ်ဦးနှင့်အတူ အနေများလေလေ၊ လိင်ဆက်ဆံလိုစိတ် ပြင်းပြလေလေဖြစ်သည်။ (စာမျက်နှာ ၂၃၂-၃ ရှု။) ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ဤသို့ပင်ဆောက်တည်ထား၏! နောက်ထပ်အရွယ်ကြီးရင့်၍ ကိုယ့်ခံစားချက်များကို ထိန်းချုပ်နိုင်သည့်အချိန်မရောက်မီ၊ ချိန်းတွေ့ခြင်းသည် သင့်အဖို့ မနိုင်မနင်းသည့်ကိစ္စဖြစ်နိုင်၏။ ဝမ်းနည်းစရာမှာ လူငယ်တော်တော်များများ တစ်ခါသေဖူးမှ ပျဉ်ဖိုးနားလည်တော့သည်။

လုလင်တစ်ဦးက ဤသို့ဆို၏၊ “ကျွန်တော်တို့ ချိန်းတွေ့ခါစတုန်းက ... လက်တောင်မကိုင်ဘူး။ နမ်းတောင်မနမ်းဘူး။ သူ့အနားမှာနေပြီး သူနဲ့စကားပြောရရုံနဲ့ပဲကျေနပ်ပြီ။ ဒါပေမဲ့ သူဟာသိပ်ပြီးချစ်ခင်ကြင်နာတတ်ပြီး ကျွန်တော်နဲ့ကပ်နေအောင်ထိုင်တတ်တယ်။ ကြာတော့ ကျွန်တော်တို့ လက်တွေကိုင်ပြီးနမ်းလာကြတယ်။ ဒါကြောင့် ကျွန်တော်မှာလိင်ဆက်ဆံချင်တဲ့စိတ်ပြင်းပြလာတယ်။ ကျွန်တော်စိတ်တွေဖောက်လာတယ်။ ဘယ်လောက်ထိလဲဆို၊ သူ့အနားမှာနေပြီး သူနဲ့စကားပြောရုံသာမဟုတ်တော့ဘဲ၊ သူ့ကိုဖက်ပြီး ထိတွေ့နမ်းရှုပ်ချင်စိတ်ပေါက်လာတယ်။ ဘယ်လိုမှလဲ အာသာမပြေနိုင်ဘူး! တကယ့်တဏှာရူးဖြစ်သွားတာပဲ။ တစ်ခါတလေများ ကိုယ့်ကိုယ်ကိုအပေါစားလို့ထင်ပြီးရှက်မိတယ်။”

ထို့ကြောင့် ချိန်းတွေ့ရာက မတရားသောလိင်ဆက်ဆံမှုဖြစ်လေ့ရှိသည်မှာ မဆန်းပါ။ ရာပေါင်းများစွာသောဆယ်ကျော်သက်များကို စစ်တမ်းထုတ်ကြည့်ရာ၊ မိန်းကလေး ၈၇ ရာခိုင်နှုန်း၊ ယောက်ျားကလေး ၉၅ ရာခိုင်နှိုင်းက လိင်ရေးသည်ချိန်းတွေ့မှုတွင် “အတော်ကလေးအရေးပါသည်၊ သို့မဟုတ် အလွန်အရေးပါသည်” ဟုယူဆကြကြောင်းသိရှိရသည်။ သို့ရာတွင်၊ မိန်းကလေး ၆၅ ရာခိုင်နှုန်း၊ ယောက်ျားကလေး ၄၃ ရာခိုင်နှုန်းက ချိန်းတွေ့စဉ်၊ မလိုလားပါလျက်နှင့် လိင်ဆက်ဆံခဲ့သည့်အခါရှိဖူးကြောင်း ဝန်ခံကြသည်!

အသက် ၂၀ အရွယ်လော်ရက်တာက ဤသို့ဇာတ်ကြောင်းပြန်၏– “တစ်ယောက်ကိုတစ်ယောက် တွေ့ဖန်များလေလေ၊ ငြိလေလေဖြစ်လာတယ်။ အနမ်းဟာ ခြောက်ကပ်ကပ်ဖြစ်လာတော့ မကိုင်သင့်တဲ့နေရာကို ကိုင်တွယ်လာကြတယ်။ ကျွန်မကိုကျွန်မရွံလွန်းလို့ တုန်လှုပ်ချောက်ချားခဲ့တယ်။ နောက်တော့ ကျွန်မရည်းစားက ‘အဆုံးအထိသွား’ ဖို့တောင်းဆိုလာတယ်။... ကျွန်မလဲဘယ်လိုလုပ်ရမှန်းမသိ စိတ်အရှုပ်ကြီးရှုပ်ထွေးခဲ့တယ်။ ‘ကျွန်မသူ့ကို အလွတ်မခံနိုင်ဘူး’ ဆိုတာတစ်ခုပဲ စဉ်းစားမိတယ်။ အရမ်းစိတ်ညစ်ခဲ့တယ်!”

စုံတွဲတိုင်း လိင်ဆက်ဆံမှုဖြင့် စခန်းသိမ်းကြသည်ချည်းမဟုတ်သည်ကားမှန်၏; အချို့စုံတွဲများက သီသီကလေးသာလိုတော့သည်။ သို့တစေ၊ လိင်ဆက်ဆံချင်သောဆန္ဒကို ထကြွစေပြီးနောက်မှ အသရေရှိရှိ အာသာပြေအောင်မစွမ်းဆောင်နိုင်သောအခါ မည်သို့ခံစားရသနည်း။ မုချ ဆတ်တငံ့ငံ့ဖြစ်ရချေအံ့။ လိင်နှင့်ပတ်သက်၍သာ စိတ်ပျက်ရသည်မဟုတ်။

စိတ်လွန်ဆွဲပွဲ

လုလင်တစ်ဦး၏ ဘေးကျပ်နံကျပ်အဖြစ်ကိုကြည့်ပါ– ‘ကျွန်တော် အစပိုင်းမှာ ကေသီကို သိပ်ကြိုက်ခဲ့တယ်။ တစ်ခါက သူ့အနေနဲ့မလုပ်သင့်ဘူးလို့ယူဆတဲ့အလုပ်ကိုလုပ်ဖို့ သူ့ကိုကျွန်တော် ဖျောင်းဖျသွေးဆောင်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ အခု ကျွန်တော့်ကိုကျွန်တော်ရွံလာတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူ့အပေါ်စိတ်မဝင်စားတော့ဘူး။ ခု၊ ကေသီစိတ်မနာအောင် ဘယ်လိုလုပ်ပြီး သူ့ကိုအဆက်ဖြတ်ရကောင်းမလဲ။ ခက်တော့တာပဲ။’ မဟာအရှုပ်တော်ပုံပါကလား! သင်သာကေသီဖြစ်လျှင် မည်သို့ခံစားရမည်နည်း။

ဆယ်ကျော်သက်အသဲကွဲခြင်းသည် အဖြစ်များသောရောဂါတစ်ပါး။ လူငယ်တစ်စုံ လက်တွဲ၍ လမ်းလျှောက်လာသောအခါ မြင်ရသူအဖို့ အားကျစရာဖြစ်သည်ကား မှန်၏။ သို့ရာတွင် နောက်တစ်နှစ် ၎င်းစုံတွဲသည် လက်ထပ်ဖို့မဆိုထားဘိ၊ နှစ်ကိုယ်တွဲ နွှဲနေကြဦးမည်ဟု ဆိုနိုင်ဖို့အကြောင်းမည်မျှခိုင်လုံသနည်း။ မရှိသလောက်ပင်။ ဆယ်ကျော်သက်တို့၏ အချစ်ဇာတ်လမ်းသည် အမြဲတမ်းဟုဆိုရမလောက် ပျက်စီးခြင်းဖြင့်အဆုံးသတ်ကြ၏။ လက်ထပ်ပြီးဇာတ်သိမ်းသည့်အဖြစ် ရှားလှသည်။ အသဲကွဲပြီး ပြည်ဖုံးကားချသည်ကများလှ၏။

ပြောရမည်ဆိုလျှင်၊ ငယ်ရွယ်လွန်းသည့်အချိန်၌ သင်၏ပင်ကိုယ်စရိုက်သည် မတည်ငြိမ်သေး။ မိမိသည် မည်သူမည်ဝါ၊ မိမိ၏အကြိုက်၊ မိမိ၏ဘဝရည်မှန်းချက် စသည်တို့နှင့်ပတ်သက်၍ စူးစမ်းနေဆဲ။ ယနေ့ သင်စိတ်ဝင်စားသောသူသည် နောက်တစ်နေ့တွင် ငြီးငွေ့စရာဖြစ်သွားနိုင်သည်။ သို့သော် အချစ်ပန်းများ ပွင့်ချင်သလိုပွင့်ဖို့အခွင့်ပေးလိုက်လျှင် တစ်ယောက်မဟုတ် တစ်ယောက်တော့ အသဲကွဲရစမြဲ။ သို့ဖြစ်၍ “ချစ်သူမိန်းကလေးနှင့် ကတောက်ကဆဖြစ်” ၍လည်းကောင်း၊ “ချစ်ရေးနိမ့်” ၍လည်းကောင်း လူငယ်ပိုင်းကိုယ့်ကိုယ်ကိုသတ်သေခြင်းဖြစ်ပွားနိုင်ကြောင်း သုတေသနပြုချက်များက တင်ပြသည်ကိုတွေ့ရသည်မှာ မဆန်း။

ငါအသင့်ဖြစ်ပြီလား

ဘုရားသခင်က လူငယ်များအား ဤသို့မိန့်တော်မူ၏– “အချင်းလူပျို [သို့မဟုတ် မိန်းမပျို]၊ အသက်ပျိုသောအခါ ပျော်မွေ့လော့။ အရွယ်ကောင်းစဉ်ကာလတွင် စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ့်စိတ်အလိုနှင့် မျက်စိအလိုသို့လိုက်လော့။” လူငယ်များသည် တကယ်ပင် မိမိတို့ “စိတ်အလို ... သို့လိုက်” တတ်ကြသည်။ သို့သော် ၎င်း “အလို” များသည် ပျော်စရာထင်ရသလောက် ကိုယ်စိတ်နှစ်ပါးဆင်းရဲမှုဖြင့် နိဂုံးချုပ်လေ့ရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာက နောက်အခန်းငယ်၌ ဤသို့ဆက်၍ဆို၏– “အသက်ပျိုခြင်းအရာနှင့် အရွယ်ကောင်းခြင်းအရာသည် အနတ္တဖြစ်သောကြောင့် စိတ်ဒုက္ခနှင့်ကာယဒုက္ခကို ပယ်ရှားလော့။” (ဒေသနာ ၁၁:၉၊ ၁၀၊ သမ္မ) “စိတ်ဒုက္ခ” သည် အလွန်စိတ်ဆင်းရဲခြင်းဖြစ်၏။ “ကာယဒုက္ခ” မှာ ကိုယ်ပေါ်ကျရောက်သော ဘေးဥပါဒ်တစ်မျိုးကိုဆိုလိုနိုင်သည်။ နှစ်မျိုးစလုံး ဘဝကိုဒုက္ခပင်လယ်ဝေစေနိုင်သည်။

သို့ဖြစ်၍ ရည်းစားထားခြင်းကိုယ်နှိုက်က ကိုယ်စိတ်နှစ်ပါးဆင်းရဲခြင်း၏တရားခံဟုဆိုရမည်လော။ ထိုသို့ဆိုဖို့မလိုပါ။ သို့သော် မှားယွင်းသောရည်ရွယ်ချက် (‘အပျော်သက်သက်အတွက်’) သို့မဟုတ် အသင့်မဖြစ်သေးဘဲ ရည်းစားထားလျှင် ထိုအဖြစ်မျိုးသို့ရောက်နိုင်သည်! ထို့ကြောင့် သင့်အခြေအနေကိုဆန်းစစ်ရာ၌ အောက်ပါမေးခွန်းသည် အထောက်အကူဖြစ်လိမ့်မည်။

ရည်းစားထားခြင်းသည် ငါ့ရဲ့စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာကြီးထွားမှုကို ဟန့်တားမည်လော။ ချိန်းတွေ့မှုသည် သင့်ပေါင်းသင်းဆက်ဆံမှုကို မိန်းကလေး-ယောက်ျားကလေးဆက်ဆံရေးအဖြစ်သို့ ရောက်သည်တိုင် ကျဉ်းကျုံ့စေနိုင်သည်။ ထိုသို့ဖြစ်မည့်အစား၊ အခြားသူများပါ ပါဝင်လာအောင် သင့်ဆက်ဆံရေးနယ်ပယ်ကိုတိုးချဲ့လျှင် အကျိုးမရှိပေလော။ (၂ ကောရိန္သု ၆:၁၂၊ ၁၃ နှိုင်းယှဉ်။) စူစမ်အမည်ရှိမိန်းမပျိုတစ်ဦးက ဤသို့ဆို၏– “အသင်းတော်ထဲက သက်ကြီးပိုင်း ခရစ်ယာန်အမျိုးသမီးများနဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်အောင် ကျွန်မပေါင်းတတ်လာပါတယ်။ သူတို့မှာအဖော်လိုတယ်။ ကျွန်မလဲ သူတို့မှာရှိတဲ့ လူကိုတည်ငြိမ်စေနိုင်တဲ့သြဇာ လိုအပ်တယ်။ ဒါကြောင့် ကျွန်မသူတို့ဆီ ကြုံရင်ကြုံသလို အလည်အပတ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြရယ်ကြမောကြတယ်။ သူတို့နဲ့ ရာသက်ပန်မိတ်ဆွေ လုပ်နိုင်ခဲ့တယ်။”

ပျိုပျိုအိုအို၊ အိမ်ထောင်သည်၊ တစ်ကိုယ်ရေသမား၊ ယောက်ျားမိန်းမမရွေး၊ မိတ်ပေါင်းစုံထားလျှင် လိင်ခြားသူအပါအဝင် လူပေါင်းစုံနှင့်ဣန္ဒြေရရ ပေါင်းသင်းတတ်မည်။ သို့ပြုရာ၌လည်း ချိန်းတွေ့ခြင်းထက် အခက်အခဲ သိသိသာသာ လျော့နည်းပါလိမ့်မည်။ ထို့ပြင် အိမ်ထောင်သည်များနှင့် ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် အိမ်ထောင်ရေးကို အရှိအတိုင်း ရှုမြင်နိုင်စွမ်းရှိလာမည်။ နောင်၌ သင်သည် အသင့်ဖြစ်သည်နှင့်အမျှ ကောင်းသောအိမ်ထောင်ဖက်ရွေးချယ်နိုင်ပြီး ကိုယ့်အိမ်ထောင်ဝတ္တရားကိုလည်းထမ်းရွက်နိုင်ပေလိမ့်မည်။ (သု. ၃၁:၁၀) ဂေးအမည်ရှိ မိန်းကလေးတစ်ဦးက ဤသို့မှတ်ချက်ချ၏– “ကျွန်မဟာ အိမ်ထောင်ပြုဖို့အသင့်မဖြစ်သေးဘူး။ ကိုယ့်ဓာတ် ကိုယ်သိအောင်လေ့လာနေတုန်းပဲ။ ပြီးတော့ ဆွတ်ခူးရမဲ့ ဝိညာဏပန်းတိုင်တွေလဲ အများကြီးရှိသေးတယ်။ ဒါကြောင့် တကယ်ပဲလိင်မတူသူတစ်ယောက်နဲ့ သိပ်ရင်းနှီးဖို့မလွယ်ဘူး။”

ငါဟာ အသည်းခွဲ (ကွဲ) ချင်လို့လား။ အိမ်ထောင်ပြုရန် အလားအလာမရှိဘဲနှင့် မေတ္တာနှောင်ကြိုးရစ်ပတ်လျှင် နှစ်ဦးစလုံး အသည်းကွဲနိုင်သည်။ အတွေ့၏အရသာကို မြည်းစမ်းလို၍ လူတစ်ယောက်အပေါ် အချစ်အာရုံ ပုံနှင်းခြင်းသည် တရားပါမည်လော။—မဿဲ ၇:၁၂ ရှု။

မိဘဘာပြောသနည်း။ ကိုယ်မမြင်သောအန္တရာယ်ကျော့ကွင်းများကို မိဘများမြင်တတ်သည်။ သူတို့လည်း လူငယ်ဖြစ်ခဲ့ဖူးသည်မဟုတ်လော။ လိင်မတူသောလူငယ်နှစ်ဦး အတူတကွအနေများလျှင် အဘယ်ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သူတို့သိကြ၏! ထို့ကြောင့် သင်ရည်းစားထားသည်ကို မိဘကသဘောမတူလျှင် မပုန်ကန်နှင့်။ (ဧဖက် ၆:၁-၃) အရွယ်မတိုင်သေးသဖြင့် စောင့်ဆိုင်းသင့်သည်ဟု သူတို့ထင်မှတ်၍ဖြစ်ပေမည်။

သမ္မာကျမ်းစာရဲ့စာရိတ္တကို ငါလိုက်နိုင်မလား။ လူသည် “လူငယ့်ပွင့်လန်းစအရွယ်” ကိုကျော်လွန်ခဲ့ပါက ကာမရမ္မက်လှုံ့ဆော်စိတ်ကို ပို၍ကောင်းစွာထိန်းကွပ်နိုင်မည်—သို့တိုင် လွယ်လွယ်နှင့်မဟုတ်ချေ။ သင်သည် ဤအရွယ်တွင် လိင်ခြားသူတစ်ဦးနှင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံသော်လည်း စင်ကြယ်မှုကိုထိန်းသိမ်းနိုင်ရန် တကယ်ပင်အသင့်ရှိပြီလော။

စိတ်ဝင်စားဖွယ်ကား၊ လူငယ်များစွာတို့သည် မိမိတို့ကိုယ်ကို ထိုသို့မေးမြန်းကြစဉ် (အထက်ဆိုခဲ့သော) မေရီအဲန်းကဲ့သို့ အဖြေထွက်ကြ၏။ မေရီအဲန်းဤသို့ဆို၏– “ချိန်းတွေ့မှုနဲ့ပတ်သက်လို့ သူများသဘောထားရဲ့သြဇာလွှမ်းမိုးမှုကို မခံဘူးဆိုပြီး ကျွန်မစိတ်ဒုံးဒုံးချခဲ့တယ်။ အိမ်ထောင်ပြုနိုင်တဲ့အရွယ် မရောက်မချင်း၊ လင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့အရည်အသွေးနဲ့ ပြည့်ဝတဲ့လူတစ်ယောက်ကို မတွေ့မချင်း ကျွန်မရည်းစားမထားဘူးလို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။”

သို့နှင့်မေရီအဲန်းသည် သင်ရည်းစားမထားခင် ကိုယ့်ကိုမေးရမည့် အထက်ပါမေးခွန်းကို မေးလိုက်ပါသည်။

ဆွေးနွေးရန်မေးခွန်းများ

◻“ချိန်းတွေ့” ဆိုသောအခေါ်အဝေါ်သည် သင့်အဖို့အဘယ်အဓိပ္ပာယ်ရှိသနည်း။

◻အချို့လူငယ်များ အဘယ်ကြောင့် ရည်းစားထားရန် စေ့ဆော်ခံရသနည်း။

◻“လူငယ့် ပွင့်လန်းစအရွယ်” တွင် အဘယ်ကြောင့် ရည်းစားမထားအပ်သနည်း။

◻လူငယ်တစ်ဦး ချိန်းတွေ့ခြင်းနှင့်ပတ်သက်၍ “ဒုက္ခကိုမည်သို့ဖယ်ရှား” နိုင်သနည်း။

◻ယောက်ျားကလေးနှင့် မိန်းကလေး ‘သူငယ်ချင်းလိုချစ်’ ကြသောအခါ ပေါ်ပေါက်လာနိုင်သော ပြဿနာအချို့ကား အဘယ်နည်း။

◻သင်သည် ရည်းစားထားရန် အသင့်ရှိမရှိမည်သို့သိနိုင်သနည်း။

[စာမျက်နှာ ၂၃၁ ပါအကျဉ်းဖော်ပြချက်]

“အနမ်းဟာ ခြောက်ကပ်ကပ်ဖြစ်လာတော့ မကိုင်သင့်တဲ့နေရာကို ကိုင်တွယ်လာကြတယ်။ ကျွန်မကိုကျွန်မရွံလွန်းလို့ တုန်လှုပ်ချောက်ချားခဲ့တယ်။ နောက်တော့ ကျွန်မရည်းစားက ‘အဆုံးအထိသွား’ ဖို့တောင်းဆိုလာတယ်”

[စာမျက်နှာ ၂၃၄ ပါအကျဉ်းဖော်ပြချက်]

‘ကေသီစိတ်မနာအောင် ဘယ်လိုလုပ်ပြီး သူ့ကိုအဆက်ဖြတ်ရကောင်းမလဲ။ ခက်တော့တာပဲ’

[စာမျက်နှာ ၂၃၂ ပါလေးထောင့်ကွက်နှင့် ရုပ်ပုံ]

ယောက်ျားကလေးနှင့် မိန်းကလေး ‘သူငယ်ချင်းလိုပဲချစ်’ နိုင်သလား

လူငယ်များဘောင်တွင် အများခေါ် တဏှာမဲ့မေတ္တာ (တဏှာမပါဘဲ ကြင်နာချစ်ခင်သော ကျားမအချစ်) သည်အတော်ပင် ခေတ်စားသည်။ ၁၇ နှစ်အရွယ် ဂရက်ဂိုရီက ဤသို့ခံယူသည်– “မိန်းကလေးတွေဟာ ကိုယ်ချင်းစာ ကြင်နာတတ်တဲ့အတွက် ကျွန်တော်သူတို့နဲ့စကားပြောရတာလွယ်တယ်။” အချို့လူငယ်များက ထိုသို့သောခင်မင်မှုသည် မိမိတို့အား လူ့စရိုက်ပြည့်ဝစေရန် အထောက်အကူဖြစ်စေသည်ဟုအခြေအတင် ဆိုကြ၏။

သမ္မာကျမ်းစာက “မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ” ဆက်ဆံရန် လူပျိုများအားတိုက်တွန်းထားသည်။ (၁ တိမောသေ၅:၂) ဤမူကိုကျင့်သုံးလျှင် လိင်ခြားသူများနှင့် စင်ကြယ်မွန်မြတ်သောခင်မင်မှုဖြင့် အမှန်ပင်ခင်မင်နိုင်သည်။ ဥပမာ၊ တမန်တော်ပေါလုသည် တစ်ကိုယ်ရေဖြစ်သော်လည်း ခရစ်ယာန်အမျိုးသမီး တော်တော်များများနှင့် ခင်မင်မှုရှိပေသည်။ (ရောမ ၁၆:၁၊ ၃၊ ၆၊ ၁၂ ရှု။) သူသည် “သတင်းကောင်းကြေညာရာတွင် ငါနှင့်အတူ အထူးကြိုးစားအားထုတ် လုပ်ဆောင်ခဲ့” သောအမျိုးသမီးနှစ်ဦးအကြောင်း ရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၃၊ သမ) ယေရှုခရစ်လည်း အမျိုးသမီးများနှင့် မျှတမွန်မြတ်သောပေါင်းသင်းခြင်းရှိခဲ့သည်။ ကိုယ်တော်သည် အကြိမ်များစွာ မာသနှင့်မာရိတို့၏ဧည့်ဝတ်ပြုခြင်းကိုခံယူ၍ သူတို့နှင့်စကားဖောင်ဖွဲ့တော်မူခဲ့သည်။—လုကာ ၁၀:၃၈၊ ၃၉; ယောဟန် ၁၁:၅။

သို့ရာတွင် “တဏှာမဲ့အချစ်” သည် အများအားဖြင့် မလုံမလဲအရေခြုံထားသောရာဂမေတ္တာ၊ သို့မဟုတ် ကတိခံဝန်စရာမလိုဘဲ တစ်ဖက်သား၏ကြင်နာယုယမှုကို ရယူသည့်နည်းတစ်မျိုးသာဖြစ်သည်။ ခံစားချက်ဟူသည် လွယ်လင့်တကူ ဖောက်ပြန်ပြောင်းလဲတတ်သဖြင့် သတိရှိရန်လို၏။ ဒေါက်တာ မာရီယန် ဟင်လဒ်က ဤသို့သတိပေးသည်– “တစ်နာရီ ဆယ်မိုင်နှုန်းဖြင့် ညင်ညင်သာသာမောင်းနေသော ခင်မင်မှုသည် ဆိုင်းမဆင့် ဗုံမဆင့် တစ်မုဟုတ်ချင်း တစ်နာရီမိုင်တစ်ရာနှုန်းဖြင့် တစ်ဇွတ်ထိုးပြေးသည့် ရာဂချစ်အသွင်သို့ ကူးပြောင်းသွားနိုင်သည်။”

ဆယ့်ခြောက်နှစ်အရွယ်ရှိ မိုက်ဆိုသူသည် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် “သူငယ်ချင်းလိုခင်” မိသည့်အချိန်တွင် အကြောင်းသိခဲ့ရသည်– “နှစ်ယောက်ထဲ သီးသန့် တွေ့ဖန်များလာတဲ့အခါ သူငယ်ချင်းလိုမနေနိုင်တော့မှန်း ကျွန်တော် ခဏတွင်းချင်း သတိပြုမိတယ်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာတယ်။ မကြာခင်မှာပဲ တစ်ဦးပေါ်တစ်ဦး အထူးခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။ ခုထိပါပဲ။” ကျွန်တော်တို့နှစ်ယောက်စလုံး အရွယ်မရောက်သေးတော့ အဲ့ဒီခံစားချက်တွေကြောင့် ဆတ်တငံ့ငံ့ဖြစ်ရတယ်။

အလွန်ရင်းနှီးမှုကြောင့် ထို့ထက်ဝမ်းနည်းဖွယ်ကောင်းသည့်အဖြစ်သို့ ဆိုက်ရောက်နိုင်သည်။ လူငယ်တစ်ဦးသည် မိမိထံ ကိုယ်ရေးကိုယ်တာပြဿနာ ရင်ဖွင့်ပြောဆိုလာသော မိန်းကလေးသူငယ်ချင်းတစ်ဦးကို နှစ်သိမ့်အားပေးရာ၊ မကြာမီ တစ်ယောက်ကိုတစ်ယောက် ကိုင်တွယ်ပွတ်သပ်လေတော့သည်။ ရလဒ်ကားအဘယ်နည်း။ ဩတ္တပ္ပစိတ်နောက်ကျိသွားသည့်အပြင် တစ်ဦးပေါ်တစ်ဦးလည်းစိတ်နာခဲ့ကြသည်။ အချို့သူများဆိုလျှင် လိင်ဆက်ဆံခြင်းပင်ပြုခဲ့ကြသည်။ ယနေ့ဆိုက်ကိုလိုဂျီ ၏စစ်တမ်းအရ– “ဖြေကြားသူ ထက်ဝက်နီးပါး (၄၉ ရာခိုင်နှုန်း) သည် ခင်မင်ရာမှလိင်ဆက်ဆံသည့်အဖြစ်သို့ရောက်ခဲ့ကြသည်။” စင်စစ်အားဖြင့် “သုံးပုံတစ်ပုံနီးပါး (၃၁ ရာခိုင်နှုန်း) ကလွန်ခဲ့သောလအတွင်း မိမိခင်မင်သူနှင့် လိင်ဆက်ဆံခဲ့ကြောင်း တင်ပြခဲ့သည်။”

‘ဒါပေမဲ့၊ ကျွန်တော့်အနေနဲ့ ကျွန်တော့်သူငယ်ချင်းအပေါ် အဲဒီလိုစိတ်မျိုးမရှိဘူး။ သူ့ကို ဘယ်တော့မှ တဏှာစိတ်နဲ့ချစ်မိမှာမဟုတ်ဘူး။’ ဟုတ်ချင်ဟုတ်မည်။ သို့သော် နောင်၌မည်သို့ခံစားရမည်နည်း။ ထို့ပြင်၊ “မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက်ဖြစ်၏။” (သု. ၂၈:၂၆) ကျွန်ုပ်တို့၏နှလုံးသည် စဉ်းလဲ၍လှည့်စားတတ်၏။ စိတ်၏ရည်သန်ချက်အစစ်အမှန်ကို မမြင်နိုင်အောင် ဖုံးကွယ်တတ်သည်။ ၎င်းပြင် သင့်သူငယ်ချင်း သင်နှင့်ပတ်သက်၍ မည်သို့ခံစားရကြောင်း သင်အမှန်ပင်သိသလော။

ခင်မင်မှုအကြောင်းရင်း ဆိုသောစာအုပ်၌ အလဲန် လွိုင် မက်ဂျင်းနစ် က “ကိုယ့်ကိုယ်ကိုအယုံမကြီးနှင့်” ဟူ၍အကြံပြု၏။ အကာအကွယ်ယူပါ။ ကောင်းစွာကွပ်ကဲသော အုပ်စုလိုက် ပြုလုပ်သည့် လှုပ်ရှားမှုဘောင်အတွင်းသာ ထိုသူနှင့်သွားလာပေါင်းသင်းပါ။ မသင့်လျော်သော ကြင်နာယုယမှုများနှင့် ရာဂစိတ်နိုးကြွစေသော အခြေအနေများကိုရှောင်ပါ။ အကျပ်တွေ့လျှင် လိင်မတူသောလူငယ်တစ်ဦးအား ပြောပြမည့်အစား မိဘများထံဖြစ်စေ၊ ကိုယ့်ထက်အသက်ကြီးသူထံဖြစ်စေ ရင်ဖွင့်ပါ။

ထိုသို့အကာအကွယ်ယူပါလျက်နှင့်၊ တစ်ဖက်သားက ကိုယ့်ပေါ်တစ်ဖက်သတ်ချစ်လာလျှင် မည်သို့နည်း။ “အမှန်အတိုင်းပြောပါ။” သင့်အနေအထားကိုသိပါစေ။ (ဧဖက် ၄:၂၅) ဤမျှနှင့်မပြီးလျှင် ခပ်ခွာခွာနေပါက အကောင်းဆုံးဖြစ်ပေမည်။ “သမ္မာသတိရှိသောသူသည် ဘေးကိုမြော်မြင်၍ ပုန်းနေတတ်၏။ မလိမ္မာသောသူမူကား သွားမြဲသွား၍ဒဏ်ခံရ၏။” (သု၊ ၂၂:၃) ခင်မင်မှုအကြောင်းရင်း အမည်ရှိ စာအုပ်ဆိုသည့်အတိုင်း– “လိုအပ်လျှင် အလွတ်ရုန်းပါ။ တစ်ခါတစ်ရံ ကိုယ်မည်မျှပင်ကြိုးစားစေကာမူ၊ လိင်ခြားသူတစ်ဦးနှင့်ခင်မင်မှုသည် အောက်ခြေလွတ်တတ်သည်။ ဘယ်ကိုဦးတည်နေသည်ကိုလည်း ကျွန်ုပ်တို့သိ၏။” ထိုသို့သောအခါ “တပ်ခေါက်” ဖို့လိုလာသည်။

[စာမျက်နှာ ၂၂၇ ပါရုပ်ပုံ]

လူငယ်တို့သည် ရည်းစားထားရန်၊ စုံတွဲခုတ်ရန် စေ့ဆော်တိုက်တွန်းခြင်းခံရတတ်သည်။

[စာမျက်နှာ ၂၂၈ ပါရုပ်ပုံ]

ရည်းစားထားခြင်းကြောင့် လူငယ်တို့သည် မလိုချင်သော အဖက်အနမ်းပြုလုပ်ရန် စေ့ဆော်ခြင်းခံရ၏

[စာမျက်နှာ ၂၂၉ ပါရုပ်ပုံ]

ချိန်းတွေ့ခြင်း၏ ဖိအားနှင့် ကင်းလွတ်သော အခြေအနေမျိုးအောက်၌ လိင်မတူသူတို့နှင့် တပျော်တပါးပေါင်းသင်းဆက်ဆံနိုင်ပေသည်

[စာမျက်နှာ ၂၃၀ ပါရုပ်ပုံ]

အများအခေါ် တဏှာမဲ့အချစ်သည် အသည်းကွဲကာစခန်းသိမ်းကြစမြဲ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ