အခန်း ၄
သန္ဓေတည်နေသော်လည်း အိမ်ထောင်မရှိ
ကိုယ်ဝန်သုံးလသို့ မာရိရောက်ပေပြီ။ သူမသန္ဓေစတည်ချိန်တွင် ဧလိရှဗက်ထံသွားရောက်လည်ပတ်ခဲ့သည်ကို သင်သတိရပေမည်။ ယခုမူမိမိအိမ်ရှိရာ နာဇရက်မြို့သို့ပြန်ရောက်နေပြီ။ မကြာမီသူမမြို့ရွာတွင် သူမ၏အခြေအနေကို အများသိကြတော့မည်။ သူမခမျာ အတော်အကျပ်ရိုက်နေလိမ့်မည်။
ပိုဆိုးသည်ကား လက်သမားယောသပ်နှင့်မာရိကို ကြောင်းလမ်းထားသည်။ ဣသရေလများအား ဘုရားပေးသည့် ပညတ်အရ ကြောင်းလမ်းခံရသောအမျိုးသမီးတစ်ဦးသည် တခြားအမျိုးသားတစ်ဦးနှင့် သံဝါသပြုလျှင် ခဲနှင့်ပေါက်သတ်ခံရကြောင်း မာရိကောင်းစွာသိထားသည်။ ယခုမိမိ၌သန္ဓေရှိနေကြောင်းကို ယောသပ်အားသူမမည်သို့ရှင်းပြမည်နည်း။
မာရိခရီးထွက်ခဲ့သည်မှာ သုံးလရှိပြီဖြစ်သဖြင့် သူမကိုယောသပ်တွေ့ချင်နေမည်မှာအမှန်။ သူတို့တွေ့ဆုံကြသည့်အခါ အဖြစ်သနစ်များကို မာရိပြောပြမည်မုချ။ ဘုရားရှင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိမိပဋိသန္ဓေတည်ရကြောင်း သူမအတတ်နိုင်ဆုံးရှင်းပြမည်ကားဧကန်။ သို့သော်ယင်းကိုယောသပ်ယုံရခက်မည်ကို နားလည်နိုင်၏။
မာရိသည် နာမည်ကောင်းသောအမျိုးသမီးတစ်ဦးဖြစ်ကြောင်း ယောသပ်သိသည်။ သူမအားအလွန်မြတ်နိုးမည်အမှန်။ သို့သော် သူမဘာပြောပြော အမျိုးသားတစ်ဦးနှင့် သူမကိုယ်ဝန်ရှိနေပုံရသည်။ သို့ဖြစ်စေကာမူ ယောသပ်သည်သူမအား ကျောက်ခဲဖြင့်ပေါက်သတ်မခံစေလို၊ လူအများရှေ့ အရှက်မကွဲစေလိုပါ။ သို့နှင့် သူမအားတိတ်တဆိတ်ကွာရှင်းရန် ဆုံးဖြတ်သည်။ ထိုခေတ်က ကြောင်းလမ်းထားသူများအား ထိမ်းမြားပြီးသူတို့အဖြစ်ယူမှတ်ကြသည်။ စေ့စပ်ထားခြင်းကို ပြတ်စဲဖို့ ကွာရှင်းရန်လိုမည်ဖြစ်သည်။
ယင်းတို့ကို စဉ်းစားရင်း ယောသပ်အိပ်ပျော်သွားသည်။ ယေဟောဝါ၏ကောင်းကင်တမန်တစ်ပါးအိပ်မက်ထဲမှပေါ်လာ၍ ဤသို့ပြောပါသည်။ “သင်၏ဇနီးမာရိကို ထိန်းသိမ်းရမည့်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်နှုတ်မည်ဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့်မှည့်ရမည်။”
ယောသပ်အိပ်ရာနိုးသည့်အခါ မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း။ ကောင်းကင်တမန်ညွှန်ကြားသည့်အတိုင်း ချက်ချင်းသူလုပ်လေသည်။ မာရိကိုအိမ်ပြန်ခေါ်သွားသည်။ လူအများရှေ့ ဤသို့ပြုခြင်းသည် မင်္ဂလာဆောင်ရာကျသည်။ ယခုယောသပ်နှင့်မာရိတို့သည် တရားဝင်အိမ်ထောင်ပြုပြီးနေပြီ။ သို့သော်ယေရှုကိုကိုယ်ဝန်ဆောင်သည့်ကာလပတ်လုံး ယောသပ်သည်မာရိနှင့်သံဝါသမပြု။
ကြည့်ပါ။ မာရိကိုယ်ဝန်ရင့်နေပြီ။ သို့သော် ယောသပ်သည် သူမကိုမြည်းပေါ်တင်နေသည်။ အဘယ်အရပ်သို့သွားကြမည်နည်း။ မာရိဖွားခါနီး အဘယ်ကြောင့်ခရီးထွက်ကြရသနည်း။ လုကာ ၁:၃၉-၄၁၊ ၅၆။ မဿဲ ၁:၁၈-၂၅။ တရားဟောရာ ၂၂:၂၃၊ ၂၄။
▪ မာရိကိုယ်ဝန်ရှိကြောင်းသိသောအခါ ယောသပ်အဘယ်စိတ်သဘောထားများ ပေါ်လာသနည်း။ အဘယ်ကြောင့်နည်း။
▪ သူတို့မထိမ်းမြားထားပဲလျက်နှင့် ယောသပ်သည် မာရိကိုမည်သို့ကွာရှင်းနိုင်သနည်း။
▪ အဘယ်လူသိရှင်ကြားအဖြစ်အပျက်က ယောသပ်နှင့်မာရိတို့ထိမ်းမြားကြောင်း တင်ပြသနည်း။