အခန်း ၂၄
ကမ္ဘာပေါ်သို့ယေရှု အဘယ်ကြောင့် ကြွလာခဲ့သနည်း
ကပေရနောင်တွင် တပည့်တော်လေးဦးနှင့်အတူ ယေရှုတစ်နေ့လုံးအလုပ်များနေသည်။ ညနေပိုင်း၌လည်း မြို့သားများကရောဂါသည်များကို ကိုယ်တော်ထံဆက်ခေါ်လာသဖြင့် ကိုယ်တော်တစ်ဦးတည်းနေချိန်မရလိုက်ပါ။
နောက်နေ့မနက်မိုးမလင်းမီ၊ ကိုယ်တော်တစ်ဦးတည်းလူဆိတ်ငြိမ်ရာသို့ ဆုတောင်းရန်ထွက်သွားသည်။ မကြာပါ။ ပေတရုနှင့်အခြားသူများ ကိုယ်တော်မရှိကြောင်း သတိပြုမိကြသဖြင့် လိုက်ရှာကြ၏။
တွေ့ကြသည့်အခါ၊ ပေတရုက ‘လူအပေါင်းတို့သည်ကိုယ်တော်ကို ရှာနေကြပါသည်’ ဟုဆိုသည်။ ထိုမြို့နေလူများက ကိုယ်တော်ကိုထိုမြို့မှ မထွက်သွားစေလိုကြ။ ကိုယ်တော့်ဆောင်ရွက်ချက်များကို သူတို့လေးမြတ်ကြသည်။ သို့သော်၊ ကိုယ်တော်ကြွလာခြင်းသည် အံ့ဖွယ်ကုသမှုပြုရန် သက်သက်လော။ ကိုယ်တော်မည်သို့မိန့်ဆိုသနည်း။
ကျမ်းစာမှတ်တမ်းတစ်ရပ်က ဤသို့ဆိုသည်။ တပည့်များအားယေရှုက “နီးစပ်သောမြို့ရွာတို့၌တရားဟောခြင်းငှာ သွားကြကုန်အံ့။ ထိုသို့အလိုငှာ ငါကြွလာပြီ” ဟူ၍မိန့်ဆို၏။ လူအများကကိုယ်တော်ကို ဆက်နေရန်ပြောသော်လည်း “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။ ထိုသို့အလိုငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟုပြန်မိန့်တော်မူသည်။
မှန်ပါသည်။ ခမည်းတော်၏နာမ သင်္ကာယနကင်းပြီး လူ့ရောဂါများအစဉ်ငြိမ်းစေမည့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောရန် ယေရှုကြွလာခြင်းဖြစ်သည်။ သို့ရာတွင် ကိုယ်တော်အားဘုရားသခင်စေလွှတ်တော်မူကြောင်း သက်သေထူရန် အံ့ဖွယ်နည်းဖြင့် ယေရှုရောဂါများကုသပေးတော်မူသည်။ ထိုနည်းတူ ရာစုပေါင်းများစွာက မောရှေသည် ဘုရားသခင်၏ကျေးကျွန်ဖြစ်ကြောင်း ထောက်ထားပြရန် အံ့ဖွယ်အမှုများကိုပြုခဲ့သည်။
ယခု၊ ယေရှုကပေရနောင်မြို့မှ အခြားမြို့များသို့ဟောပြောရန် ထွက်သွားချိန်တွင် ကိုယ်တော်၏တပည့်တော်လေးဦးဖြစ်သော ပေတရုနှင့်သူ့ညီအန္ဒြေ၊ ယောဟန်နှင့်သူ့ညီယာကုပ်တို့ပါသွားသည်။ ထိုရက်မတိုင်မီတစ်ပတ်က ယေရှု၏အဦးဆုံးခရီးသွားလုပ်ဖေါ်ဆောင်ဖက်များအဖြစ် သူတို့ဖိတ်ခေါ်ခံရခြင်းကို သင်သတိရပေမည်။
တပည့်တော်လေးဦးနှင့်အတူ ဂါလိလဲတွင် လှည့်လည်ဟောပြောခြင်းမှာ အံ့ဖွယ်အောင်မြင်မှုဖြစ်သည်။ ကိုယ်တော်၏လှုပ်ရှားမှုသတင်းသည် ရှုရိတစ်ပြည်လုံးတွင်ပြန့်ခဲ့သည်။ ဂါလိလဲ၊ ယုဒနှင့်ယော်ဒန်မြစ်ဝှမ်းဒေသရှိ လူအုပ်ကြီးသည် ကိုယ်တော်တို့နောက်သို့လိုက်ခဲ့ကြသည်။ မာကု ၁:၃၅-၃၉။ လုကာ ၄:၄၂၊ ၄၃။ မဿဲ ၄:၂၃-၂၅။ ထွက်မြောက်ရာ ၄:၁-၉။ ၃၀၊ ၃၁။
▪ ကပေရနောင်တွင် ယေရှုအလုပ်များသည့်နေ့ပြီးနောက် မနက်တွင်ဘာဖြစ်ပျက်သနည်း။
▪ ယေရှုအား မြေကြီးပေါ်သို့အဘယ်ကြောင့်စေလွှတ်ခဲ့သနည်း။ သူ၏အံ့ဖွယ်အမှုများက အဘယ်ရည်ရွယ်ချက်ကိုဖြစ်ထွန်းစေသနည်း။
▪ ဂါလိလဲတွင် ခရီးလှည့်လည်ဟောပြောစဉ် ယေရှုနှင့်မည်သူတို့လိုက်ပါသွားသနည်း။ ယေရှု၏လုပ်ငန်းများကို လူများမည်သို့တုံ့ပြန်ကြသနည်း။