အခန်း ၄၀
ကရုဏာပြခြင်းတွင် သင်ခန်းစာ
မကြာမီက မုဆိုးမသားကိုထမြောက်စေခဲ့သည့် နာဣနမြို့၌ ယေရှုရှိနေဦးမည်ဖြစ်သည်။ သို့မဟုတ် အနီးအနားမြို့တစ်မြို့တွင် ရောက်နေပေမည်။ ရှိမုန်အမည်ရှိဖာရိရှဲတစ်ဦးသည် ယေရှုအံ့ဖွယ်အမှုများပြုလုပ်နေသည်ကို အနီးကပ်လေ့လာလိုသောဆန္ဒရှိသဖြင့် သူနှင့်အတူစားသောက်ရန် ယေရှုကိုဖိတ်ကြားသည်။
ထိုနေရာတွင် လူအများရှိနေမည်ဖြစ်သောကြောင့် ဓမ္မအမှုဆောင်ရန်အခွင့်အရေးယူကာ ယခင်ကအခွန်ခံများ၊ ဒုစရိုက်သားများနှင့်အတူ အစာစားရန်ဖိတ်ကြားချက်ကို လက်ခံခဲ့ဖူးသည်နည်းတူ ယေရှုသည် ရှိမုန်၏ဖိတ်ကြားချက်ကိုလက်ခံခဲ့သည်။ သို့သော်ရှိမုန်အိမ်သို့ဝင်သောအခါ ဧည့်သည်များ ဖော်ရွေဂရုစိုက်ခံရသကဲ့သို့ယေရှုမခံရချေ။
ဖုန်ထူသည့်ဂါလိလဲလမ်းများပေါ် ခရီးသွားထားခြင်းကြောင့် ပိန်းတန်းဖိနပ်စီးထားသည့်ခြေများသည် ပူ၍ညစ်ထေးနေသည်။ ဧည့်ဝတ်ကျေခြင်းကိုပြရန် ဧည့်သည်များ၏ခြေကို ရေအေးဖြင့်ဆေးပေးရိုးထုံးစံရှိသော်လည်း အိမ်ရှင်သည်ယေရှု၏ခြေတော်ကိုမဆေးပေး။ နမ်း၍လောကဝတ်ပြုရသည့်အလေ့ဖြင့် ကြိုဆိုခြင်းကိုယေရှုမရ။ ပျူပျူငှာငှာထုံးစံအရ ခေါင်းပေါ်ဆီသွန်းလောင်းခြင်းမခံရ။
အစာစားချိန်အတွင်း ဧည့်သည်များစားပွဲပေါ်လျောင်းလျက်နေစဉ် ခေါ်ဖိတ်မခံရသည့်မိန်းမတစ်ဦး အခန်းထဲသို့ဝင်လာသည်။ သူမသည်မြို့တော်အတွင်း အကျင့်ပျက်သည့်မိန်းမအဖြစ် လူသိများသည်။ ‘ဝန်လေး၍ပင်ပန်းသောသူ ချမ်းသာရရန်ငါ့ထံသို့လာ’ ဟူသောယေရှု၏ဖိတ်ကြားချက်အပါအဝင် ဒေသနာကို သူမကြားခဲ့ဟန်တူသည်။ တွေ့ရကြားရသောအရာများကြောင့် များစွာဘဝင်ခိုက်သဖြင့် ယေရှုကိုတွေ့ရန်ရှာခြင်းဖြစ်သည်။
စားပွဲ၌လဲလျောင်းနေသော ယေရှုအနောက်မှခြေတော်အနီး သူမဒူးထောက်ငိုကြွေးသဖြင့် ခြေတော်ပေါ်မျက်ရည်ကျလျှင်ကျချင်း မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်းဖွဖွနမ်း၍ ဆီမွှေးနှင့်လိမ်းလျက်နေ၏။ သဘောမကျသောအကြည့်ဖြင့် ရှိမုန်အကဲခတ်နေသည်။ စိတ်တွင် “ဤသူသည်ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည်အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည်ဆိုးသောသူဖြစ်၏” ဟုတွေးသည်။
သူဘာကိုတွေးနေကြောင်း ယေရှုသိမြင်သဖြင့် “ရှိမုန်၊ သင့်အားငါပြောစရာတစ်ခုရှိသည်” ဟုမိန့်တော်မူ၏။
ရှိမုန်က ‘ဆရာတော်၊ အမိန့်ရှိတော်မူပါ’ ဟုပြန်လျှောက်လေ၏။
ယေရှုက “ဥစ္စာရှင်တစ်ဦး၌ကြွေးစားနှစ်ဦးရှိ၏။ တစ်ယောက်၌ကား ဒေနာရိအပြားငါးရာ၊ တစ်ယောက်၌ကား ငါးဆယ်ကြွေးရှိ၏။ ကြွေးဆပ်ရန်မရှိသောကြောင့် ကြွေးရှင်သည်ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။ သို့ဖြစ်လျှင် ထိုသူနှစ်ယောက်တွင်အဘယ်သူသည် ကြွေးရှင်ကိုသာ၍ချစ်လိမ့်မည်နည်း” ဟုမေးသည်။
ရှိမုန်က “သာ၍ကျေးဇူးကိုခံရသောသူသည် သာ၍ချစ်လိမ့်မည်” ဟုမအပ်စပ်ပုံရှိသောအမေးကို စိတ်မပါ့တပါဖြင့်ဖြေလေ၏။
“သင်ထင်သည့်အတိုင်းမှန်ပေ၏” ဟုယေရှုမိန့်တော်မူပြီးမှ ထိုမိန်းမဘက်ကိုလှည့်၍ ရှိမုန်အား “ဤမိန်းမကိုမြင်သလော။ သင်၏အိမ်သို့ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး။ ဤမိန်းမမူကား ငါ့ခြေပေါ်သို့မျက်ရည်ကျ၍ မိမိဆံပင်နှင့်သုတ်လေသည်။ သင်သည်ငါ့ကိုမနမ်း။ သူမူကားအိမ်သို့ဝင်သောအချိန်မှစ၍ ငါ့ခြေကိုနမ်းလျက် မစဲဘဲနေ၏။ သင်သည်ငါ့ခေါင်းကိုဆီနှင့်မလိမ်း။ သူမူကားငါ့ခြေကို ဆီနှင့်လိမ်းလေပြီ။”
ထိုမိန်းမသည် မိမိပြုခဲ့သည့် မကောင်းသောအကျင့်အတွက် ထင်ရှားသောနောင်တကို ထိုသို့ပြခဲ့သည်။ ထိုကြောင့်ယေရှုကဤသို့မှတ်ချက်ချသည်။ “ထိုကြောင့်ငါဆိုသည်ကား သူသည်များစွာသောအပြစ်တို့နှင့်လွှတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သောအပြစ်လွှတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်၏။”
အကျင့်ပျက်မှုကို ယေရှုတမင်ခွင့်ပြု၍ လွှတ်ပေးနေခြင်းမဟုတ်ပါ။ ဤအဖြစ်အပျက်သည် ဘဝ၌အမှားပြုကြသူတို့ ယင်းအတွက်ဝမ်းနည်းကြောင်းအထင်အရှားပြကာ သက်သာခြင်းအတွက်ခရစ်တော်ထံချဉ်းကပ်လျှင် ကိုယ်တော်သည်ကြီးစွာသောကရုဏာဖြင့် သိမြင်နားလည်ကြောင်းကိုပြသည်။ ထိုမိန်းမအား စစ်မှန်သောသက်သာမှုပေးရင်း ယေရှုဤသို့မိန့်သည်။ “သင်သည်အပြစ်တို့နှင့်လွှတ်လေပြီ။ . . . သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ၊ ငြိမ်ဝပ်စွာသွားလော့။” လုကာ ၇:၃၆-၅၀။ မဿဲ ၁၁:၂၈-၃၀။
▪ အိမ်ရှင်ရှိမုန်သည် ယေရှုကိုမည်သို့ဧည့်ဝတ်ပြုသနည်း။
▪ ယေရှုကိုတွေ့ရန်မည်သူရှာသနည်း။ အဘယ်ကြောင့်နည်း။
▪ အဘယ်ပုံဥပမာကို ယေရှုပေးသနည်း။ ယင်းဥပမာကို ကိုယ်တော်မည်သို့ အသုံးချခဲ့သနည်း။