အခန်း ၆၄
ခွင့်လွတ်ခြင်းဆိုင်ရာ သင်ခန်းစာ
ကပေရနောင်မြို့ရှိအိမ်တွင် တပည့်များနှင့် ယေရှုရှိနေသေးသည်။ ညီအစ်ကိုခြင်း ပြဿနာပေါ်လာလျှင် မည်သို့ကိုင်တွယ်သင့်ကြောင်းဆွေးနွေးနေရာ ပေတရုဤသို့မေးလိုက်သည်။ “သခင်၊ ညီအစ်ကိုသည်ကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည်သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။” ဂျူးဆရာများက သုံးကြိမ်ခွင့်လွှတ်ရန် အကြံပြုထားသဖြင့် “ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော” ဟုအကြံပေးခြင်းသည် အတော့်ကိုကြင်နာရာကျသည်ဟု ပေတရုယူမှတ်သည်။
သို့သော် ဤသို့ယူမှတ်ခြင်းကမှားသည်ဟု ပေတရုအားဤသို့ပဲ့ပြင်သည်။ “ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ်ခုနစ်လီမြောက်အောင် လွှတ်ရမည်ဟုငါဆို၏။” ညီအစ်ကိုကိုခွင့်လွှတ်သည့်အကြိမ်ပေါင်းကို ကန့်သတ်မထားရကြောင်း သူတင်ပြနေခြင်းဖြစ်သည်။
ခွင့်လွှတ်ခြင်းကို တပည့်များ အလေးအနက်သဘောပေါက်စေရန် ကျေးကျွန်များနှင့်စာရင်းရှင်းလိုသော မင်းကြီးတစ်ပါးဥပမာကို ယေရှုတင်ပြသည်။ ဒေနာရိသန်း ၆၀ ကြွေးတင်သောကျွန်တစ်ဦးကိုခေါ်ဆောင်ခဲ့ကြ၏။ သူ့ခမျာကြွေးဆပ်စရာ လုံးဝမရှိ။ သို့နှင့်ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးဆပ်စေဟုမင်းကြီးစီရင်ကြောင်း ယေရှုရှင်းပြသည်။
ထိုအခါကျွန်သည် သခင့်ခြေရင်းပျပ်ဝပ်လျက် “သခင်၊ ကျွန်တော့်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်” ဟုတောင်းပန်သည်။
သခင်သည်သနားသဖြင့် ကြွေးရှိသမျှကိုလွှတ်လေသည်။ ထိုသို့ကြွေးလျှော်ခံရပြီး မကြာမီ ထိုကျွန်သည်မိမိအား ဒေနာရိတစ်ရာသာ ကြွေးတင်သောအခြားကျွန်ကိုတွေ့လျှင် လည်ပင်းကိုညှစ်၍ ‘ငါ့ငွေကိုဆပ်လော့’ ဟုဆို၏။
သို့သော်ကျွန်ချင်း၌ဆပ်စရာ ငွေမရှိချေ။ သို့ဖြစ်၍သူကြွေးတင်နေသော ကျွန်ရှေ့ပျပ်ဝပ်ကာ “ကျွန်တော့်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်” ဟုတောင်းပန်သော်လည်း သခင့်နည်းတူသနားစိတ်မရှိဘဲ ကျွန်ချင်းကိုထောင်ထဲလှောင်ထား၏။
ယင်းကိုအခြားကျွန်များမြင်၍ မင်းကြီးအားကြားလျှောက်လေသည်။ ထိုအခါသခင်သည်အမျက်ထွက်ပြီး ထိုကျွန်ကိုခေါ်၍ ‘ဟယ်၊ ကျွန်ဆိုး၊ သင်သည်ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းစေ၏။ ငါသည်သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကိုမသနားသင့်သလော’ ဟုပြောကြောင်း ယေရှုမိန့်တော်မူသည်။ ထိုအခါ သနားစိတ်မရှိသောကျွန်အား ကြွေးရှိသမျှကိုမဆပ်မချင်း အာဏာသားတို့လက်သို့အပ်လေ၏။
ထိုနောက် ဤသို့နိဂုံးချုပ်သည်။ ‘သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့။’
ခွင့်လွှတ်ခြင်းဆိုင်ရာ သင်ခန်းစာကောင်းပါတကား။ ဘုရားသခင်ကျွန်ုပ်တို့ကိုခွင့်လွှတ်ခဲ့သမျှ အပြစ်ကြွေးမြီနှင့်နှိုင်းစာလျှင် ခရစ်ယာန်ညီအစ်ကိုတစ်ဦး ကျွန်ုပ်တို့အားပြုသည့်အပြစ်သည် အသေးအမွှားသာဖြစ်သည်။ ထို့ပြင်ယေဟောဝါသည် ကျွန်ုပ်တို့ကိုအကြိမ်ထောင်ပေါင်းများစွာ ခွင့်လွှတ်ပေပြီ။ မကြာခဏဆိုသလို ကျွန်ုပ်တို့သတိမထားမိဘဲ ကိုယ်တော်ကိုပြစ်မှားမိတတ်ကြသည်။ ထိုကြောင့်အပြစ်တင်စရာအကြောင်းရှိဦးတော့ ကျွန်ုပ်တို့ညီအစ်ကိုကို အကြိမ်အနည်းငယ်မျှပင် ခွင့်မလွှတ်နိုင်သလော။ တောင်ပေါ်ဒေသနာတွင် ယေရှုသွန်သင်ခဲ့သကဲ့သို့ ‘သူတစ်ပါးသည်အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို’ ဘုရားသခင်လွှတ်တော်မူမည်။ မဿဲ ၁၈:၂၁-၃၅၊ ၆:၁၂။ ကောလောသဲ ၃:၁၃။
▪ ညီအစ်ကိုကို ခွင့်လွှတ်ခြင်းအကြောင်း ပေတရုမေးမြန်းရန် အဘယ်အကြောင်းပေါ်သနည်း။ ခုနစ်ကြိမ်ခွင့်လွှတ်ရန် သူအကြံပြုခြင်းသည် အတော့်ကိုကြင်နာမှုပြရာကျသည်ဟူ၍ သူအဘယ်ကြောင့်ယူဆခြင်းဖြစ်မည်နည်း။
▪ ကျွန်၏အသနားခံချက်ကို ဘုရင်တုံ့ပြန်ပုံနှင့် ကျွန်ချင်းတစ်ဦး၏ အသနားခံချက်ကို ထိုကျွန်တုံ့ပြန်ပုံ မည်သို့ကွာခြားသနည်း။
▪ ယေရှု၏ပုံဥပမာမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရသနည်း။