အခန်း ၇၁
ခေါင်းမာလှသော ဖာရိရှဲတို့၏ မယုံကြည်မှု
မျက်မမြင်သူတောင်းစား၏မိဘတို့သည် ဖာရိရှဲတို့၏ခေါ်ခြင်းခံရသဖြင့်ကြောက်ရွံ့နေကြ၏။ ယေရှုကိုယုံကြည်သူတိုင်းအား တရားဇရပ်မှနှင်ထုတ်ရန်ပြဌာန်းထားကြောင်း သူတို့သိကြသည်။ ဆင်းရဲသူတို့အဖို့အသိုင်းအဝိုင်းမှပယ်ခံရခြင်းသည် အလွန်ခက်ခဲစေသည်။ ထိုကြောင့်သူ့မိဘတို့သည် သတိကြီးစွာထားကြသည်။
“ဤသူကားမျက်စိကန်းလျက် ဖွားလာခဲ့ကြောင်း သင်တို့ဆိုကြသောသားဟုတ်သလော။ ဟုတ်လျှင်မည်သို့ ယခုမျက်စိမြင်ရသနည်း” ဟုဖာရိရှဲတို့မေးကြ၏။
“ဤသူသည်ကျွန်တော်တို့၏သားမှန်သည်၊ မျက်စိကန်းလျက်ဖွားလာသည်ကိုသိကြပါ၏။ သို့ရာတွင်ယခုမည်သို့မျက်စိမြင်ရသည်၊ မည်သူပွင့်စေသည်ကိုကားကျွန်တော်တို့မသိပါ” ဟုဝန်ခံ၏။ သူတို့အားသားဖြစ်သူ အကုန်အစင်ပြောပြပြီးဖြစ်မည်။ သို့သော်အလိမ္မာဖြင့် “အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြည့်ပါ။ ကိုယ့်အကြောင်းကိုယ်ပြောပါစေ” ဟုပြော၏။
ဖာရိရှဲတို့သည် ထိုသူကိုဒုတိယအကြိမ်ခေါ်ပြီး ယေရှုရာဇဝတ်မှုကျူးလွန်သည့်အထောက်အထား လက်ဆုပ်လက်ကိုင်ရှိနေပြီဖြစ်ကြောင်း ဖော်ပြ၍ထိုသူအား ကြောက်လန့်စေရန်အားထုတ်ကြ၏။ “ဘုရားသခင်ဘုန်းတော်ကိုချီးမြှောက်လော့။ ထိုသူသည်အပြစ်သားဖြစ်ကြောင်း ငါတို့သိကြပြီ” ဟုသူတို့ဆိုကြသည်။
ထိုသူကစွပ်စွဲချက်ကိုမငြင်းဆိုဘဲ ‘အပြစ်သားဖြစ်မဖြစ်ကျွန်တော်မသိ။ သိသောအရာတစ်ခုမှာ မျက်မမြင်ဖူးသောကျွန်တော်သည် ယခုမြင်ရပါသည်’ ဟုပြောပြသည်။
သက်သေခံချက်မှအပြစ်ရှာတွေ့လိုတွေ့ငြား ဖာရိရှဲတို့က “သူသည်သင့်ကိုမည်သို့ပြုလုပ်သနည်း။ မည်သို့သင့်မျက်စိပွင့်စေသနည်း” ဟုမေးမြန်းကြ၏။
‘ကျွန်တော်ပြောခဲ့လေပြီ။ နားမစိုက်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြသနည်း’ ဟုထိုသူမကျေမနပ်နှင့်ပြန်ပြောပြီး “သူ့တပည့်ဖြစ်လိုကြသလော” ဟုခပ်ထေ့ထေ့မေးလိုက်သည်။
ထိုအခါဖာရိရှဲဒေါသထွက်ပြီး “သင်သည်သူ့တပည့်ဖြစ်၏” ဟုစွပ်စွဲကာ “ငါတို့မူကားမောရှေတပည့်ဖြစ်ကြ၏။ ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေးတော်မူကြောင်း ငါတို့သိကြ၏။ ဤသူကားမည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိ” ဟုဆိုကြ၏။
စိတ်နှိမ့်ချသောသူတောင်းစားကလည်း အံ့အားသင့်စွာဖြင့် “အံ့သြဖွယ်တကား။ ထိုသူသည်ကျွန်တော့်ကိုမျက်စိပွင့်စေလျက်ပင် မည်သည့်ဇာတိဒေသကဖြစ်ကြောင်း မသိကြလေတကား” ဟုပြန်ဆို၏။ အဘယ်သို့ကောက်ချက်ချသင့်သနည်း။ သူတောင်းစားကအများလက်ခံသည့် အခြေခံအချက်ကိုဤသို့ထောက်ပြသည်။ “ဘုရားသခင်သည် အပြစ်သားတို့အားနားညောင်းတော်မမူကြောင်းကိုလည်းကောင်း၊ ကြည်ညိုကိုးကွယ်လျက် အလိုတော်ကိုဆောင်ရွက်သောသူဖြစ်လျှင် နားညောင်းတော်မူကြောင်းကိုလည်းကောင်းသိကြပါသည်။ ကန်းလျက်ဖွားလာသူ၏မျက်စိကို တစ်စုံတစ်ယောက်ပွင့်စေကြောင်း ကမ္ဘာဦးကစ၍မကြားရစဖူး။” အပြီးသတ်ကောက်ချက်ကရှင်းလှပေသည်။ “ဤသူသည် ဘုရားသခင်အထံတော်မှမဟုတ်လျှင် မည်သည့်အရာကိုမျှ ပြုလုပ်နိုင်မည်မဟုတ်။”
ဖာရိရှဲတို့သည် ရှင်းလင်းပြတ်သားသည့်သုံးသပ်ချက်ကို မချေပနိုင်ဘဲရှိ၏။ အမှန်တရားကိုမရင်ဆိုင်နိုင်သဖြင့် ထိုသူကို “သင်သည်အပြစ်၌လုံးလုံးဖွားလာသူဖြစ်လျက် ငါတို့ကိုသင်ကြားသလော” ဟုပြစ်တင်ကြ၏။ သို့နှင့်ထိုသူကို တရားဇရပ်မှနှင်ထုတ်လိုက်ပုံရသည်။
ဖြစ်ကြောင်းကုန်စင်ကိုသိမြင်သောအခါ ထိုသူကိုယေရှုရှာ၍ “လူသားကိုယုံကြည်သလော” ဟုမေးတော်မူ၏။
“အရှင်၊ ကျွန်တော်ယုံကြည်ရရန် လူသားမည်သူပါနည်း” ဟုမျက်စိကန်းဖူးသူကမေး၏။
“သင်နှင့်ယခုပြောဆိုသူပင်ဖြစ်သည်” ဟုယေရှုမိန့်တော်မူ၏။
ထိုသူသည်ချက်ချင်းပင် ယေရှုရှေ့ပျပ်ဝပ်၍ “အရှင်၊ ကျွန်တော်ယုံကြည်ပါသည်” ဟုဆိုလေ၏။
ယေရှုကလည်း “မမြင်သူမြင်စေ၊ မြင်သူကန်းစေဟူသောစီရင်ချက်တော်တည်စေရန် ဤလောကသို့ငါရောက်လာခဲ့ပြီ” ဟုရှင်းပြတော်မူ၏။
ထိုအခါနားထောင်နေသောဖာရိရှဲတို့က “ငါတို့သည်မျက်စိကန်းသလော” ဟုမေးကြ၏။ မိမိတို့သည်ဉာဏ်မျက်စိကွယ်ကြောင်းသူတို့ဝန်ခံလျှင် ယေရှုအားဆန့်ကျင်သည့်အတွက် ခွင့်လွှတ်နိုင်စရာအကြောင်းရှိသည်။ ယေရှုမိန့်တော်မူသည်အတိုင်း “သင်တို့ကန်းလျှင်အပြစ်သင့်မည်မဟုတ်။” သို့သော်မိမိတို့သည်မကန်းသဖြင့် ဝိညာဏဉာဏ်အလင်းမလိုဟု နှလုံးခိုင်မာစွာဖြင့် ဇွတ်မှိတ်၍ဆိုကြသည်။ ထိုကြောင့်ယေရှုက “ယခုမူကား မြင်သည်ဟုဆိုကြသည်နှင့် သင်တို့၌အပြစ်တည်၏” ဟုတင်ပြတော်မူ၏။ ယောဟန် ၉:၁၉-၄၁။
▪ ဖာရိရှဲများရှေ့ ခေါ်သွင်းခံရသောမျက်မမြင်ဖူးသူ သူတောင်းစား၏မိဘတို့က အဘယ်ကြောင့်ကြောက်ရွံ့စိုးရိမ်ကြသနည်း။ သို့နှင့်သတိကြီးစွာဖြင့် မည်သို့ဖြေကြားသနည်း။
▪ မျက်စိမမြင်ဖူးသူအား ကြောက်လန့်စေရန် ဖာရိရှဲများမည်သို့ကြိုးစားကြသနည်း။
▪ ထိုသူ၏ယုတ္တိတန်သော အဘယ်အခြေအတင်က ဖာရိရှဲများအား ဒေါသထွက်စေသနည်း။
▪ ဖာရိရှဲများယေရှုကိုတိုက်ခံသည့်အတွက် အဘယ်ကြောင့်ခွင့်လွှတ်စရာအကြောင်း မရှိသနည်း။