လောကကို အမှန်တကယ် မည်သူ အုပ်ချုပ်နေသနည်း
အထက်ပါမေးခွန်းကို လူများစွာတို့က ဘုရားသခင်ပါဟု တညီတညွတ်တည်းပြောကြပေမည်။ သို့ရာတွင် ယေရှုခရစ် သို့မဟုတ် ကိုယ်တော့်ခမည်းတော်သည် ဤလောကကိုအမှန်တကယ်အုပ်ချုပ်နေသည်ဟု ကျမ်းစာတွင် မည်သည့်နေရာ၌မျှမတွေ့ရှိရသည်မှာ ထင်ရှားသည်။ တစ်ဖက်တွင် ယေရှုဤသို့ပြောသည်။ “ဤလောကကိုအစိုးရသောမင်းသည် ပြင်သို့နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။” ဆက်၍ကိုယ်တော်က “ဤလောကကိုအစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှမတွေ့ရ” ဟုဆက်၍မိန့်တော်မူသည်။—ယောဟန် ၁၂:၃၁၊ ၁၄:၃၀၊ ၁၆:၁၁။
ထို့ကြောင့် ဤလောကကိုအုပ်ချုပ်သောမင်းသည် ယေရှုနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ မည်သူဖြစ်နိုင်မည်နည်း။
ကမ္ဘာ့အခြေအနေများမှသဲလွန်စ
ကောင်းသောရည်ရွယ်ချက်ရှိသည့်လူ့ ကြိုးစားအားထုတ်မှုများကြားမှပင် ကမ္ဘာ့ရာဇဝင်တစ်လျှောက် ဆိုးဝါးသည့်ဘေးဒုက္ခများကြုံခဲ့ရသည်။ ယင်းသည် မကြာမီကသေဆုံးသွားသော ခေါင်းကြီးပိုင်းသတင်းရေးသားသူ ဒေးဗစ်လောရဲ့န်စ်ကဲ့သို့ စဉ်းစားတတ်သူတိုင်းအား အံ့သြစေသည့်အချက်ဖြစ်သည်။ “‘မြေကြီးပေါ်ငြိမ်သက်ခြင်း’—လူတိုင်းလိုလို လိုလားကြတယ်။ ‘လူတို့အား မေတ္တာကရုဏာရှိစေသတည်း။’—လောကမှာရှိတဲ့လူသားအားလုံးလိုလို တစ်ယောက်နဲ့တစ်ယောက်ဒီလိုပဲဖြစ်စေချင်ကြတယ်။ ဒီလိုဆိုရင်ဘာဖြစ်နေပါလိမ့်။ လူတွေရဲ့မွေးရာပါတောင့်တချက်တွေကိုဆန့်ကျင်ပြီး ဘာကြောင့်စစ်မက်တွေကခြိမ်းခြောက်နေရတာလဲ။”
ယင်းသည် ကွဲလွဲဆန့်ကျင်နေဟန်မရှိပေလော။ ပင်ကိုယ်သဘာဝအားဖြင့် လူသားများသည် ငြိမ်းချမ်းစွာနေလိုသော်လည်း အများအားဖြင့် လူလူချင်းအညှိုးကြီးစွာမုန်းတီးသတ်ဖြတ်နေကြသည်။ ကြောက်ခမန်းလိလိ ရက်စက်စွာသွေးအေးအေးဖြင့်သတ်ဖြတ်ခြင်းများကို စဉ်းစားကြည့်ပါ။ လူသားများသည် အချင်းချင်းကြင်နာမှုကင်းမဲ့စွာနှိပ်စက်ညှဉ်းပန်းရန်နှင့်သတ်ဖြတ်ရန် ဓာတ်ငွေ့ခန်းများ၊ ချွေးတပ်စခန်းများ၊ မီးတောက်လက်နက်များ၊ မီးလောင်ဗုံးများနှင့် အခြားသောစက်ဆုပ်ရွံရှာဖွယ်နည်းလမ်းများကို အသုံးပြုလာခဲ့ကြပြီ။
ငြိမ်းချမ်းမှုနှင့်ပျော်ရွှင်မှုကို တောင့်တသောလူသားများကိုယ်နှိုက်က ထိုသို့သောဆိုးယုတ်မှုကြီးကို အခြားသူများအပေါ်ကျူးလွန်နိုင်လိမ့်မည်ဟုသင်ယုံကြည်သလော။ ဤမျှရွံရှာဖွယ်ကောင်းသည့်အပြုအမူများကိုလုပ်ရန် လူသားများအား မည်သည့်လှုံ့ဆော်အားကတွန်းပို့သနည်း သို့မဟုတ် ရက်စက်ယုတ်မာလှသည့်အရာများကိုလုပ်သည့်အခြေအနေသို့ရောက်အောင် မည်သူကလှည့်ဖြားသိမ်းသွင်းသနည်း။ ထိုကဲ့သို့သောအဓမ္မမှုမျိုးကိုလူသားများကျူးလွန်ရန်လွှမ်းမိုးနေသည့် ဆိုးယုတ်ပြီးမျက်စိဖြင့်မမြင်နိုင်သောစွမ်းအားတစ်ခုရှိလိမ့်မည်ဟု သင်စဉ်းစားဖူးသလော။
လောကတစ်ခုလုံးအုပ်ချုပ်သူကိုဖော်ထုတ်ခြင်း
ထိုကိစ္စကိုမှန်းဆနေစရာမလိုပါ။ အကြောင်းမှာ ဉာဏ်ရှိပြီးမျက်စိဖြင့်မမြင်နိုင်သည့်ပုဂ္ဂိုလ်တစ်ပါးသည် လူသားများနှင့်တိုင်းနိုင်ငံများကို ထိန်းချုပ်ထားကြောင်း သမ္မာကျမ်းစာကဖော်ပြထားသည်။ ယင်းက “လောကတစ်ခုလုံးသည် ဆိုးယုတ်သူ၏တန်ခိုးဩဇာအောက်တွင်ရောက်နေကြသည်” ဟုဆိုသည်။ ထိုသူကို “လောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိ” သူဟု သမ္မာကျမ်းစာကသတ်မှတ်ဖော်ပြသည်။—ယောဟန် ၅:၁၉၊ ကဘ။ ဗျာဒိတ် ၁၂:၉။
ယေရှုသည် “မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်း” ကိုခံရစဉ်က ဤလောကကိုအစိုးရသောစာတန်၏အနေအထားကို ယေရှုစောဒကမတက်ခဲ့ပါ။ ဘာဖြစ်ခဲ့သည်ကို ကျမ်းစာဤသို့ရှင်းပြသည်။ “မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ခေါ်ဆောင်သွား၍ ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကိုလည်းကောင်းပြညွှန်၍ ‘ကိုယ်တော်သည် ငါ့ကိုညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်’ ဟုဆိုလေ၏။ ယေရှုကလည်း ‘အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့’ ဟုမိန့်တော်မူ၏။”—မဿဲ ၄:၁၊ ၈-၁၀။
စဉ်းစားကြည့်ပါ။ စာတန်သည် “ရှိသမျှသောတိုင်းနိုင်ငံတို့” ကိုကမ်းလှမ်းခြင်းအားဖြင့် ယေရှုအား စုံစမ်းသွေးဆောင် ခဲ့သည်။ သို့သော် စာတန်သည် ဤတိုင်းနိုင်ငံများကိုအစိုးရသူမဟုတ်ပါက စာတန်၏ကမ်းလှမ်းချက်သည် စုံစမ်းသွေးဆောင်ခြင်း အမှန်ဖြစ်နိုင်ပါမည်လော။ မဖြစ်နိုင်ပါ။ ဤလောကအုပ်ချုပ်မှုများအားလုံးသည် စာတန်ပိုင်ဆိုင်ရာများဖြစ်ကြောင်းကို ယေရှုမငြင်းခဲ့ပါ။ ယင်းတို့အပေါ်စာတန်တန်ခိုးသြဇာသာမရှိခဲ့လျှင် ယေရှုငြင်းခဲ့မည်ဖြစ်သည်။ ထို့ကြောင့် စာတန်မာရ်နတ်သည် လောက၏မျက်မြင်မရအုပ်စိုးသူအမှန်ဖြစ်သည်။ အမှန်မူ ကျမ်းစာကသူ့အား “ဤအစီအစဉ်စနစ်၏ဘုရား” ဟုခေါ်ထားသည်။ (၂ ကောရိန္သု ၄:၄၊ ကဘ) သို့သော် ဤမျှဆိုးယုတ်သည့်သူသည် ဤတန်ခိုးသြဇာရှိအခြေအနေသို့ မည်သို့ရောက်ရှိလာခဲ့သနည်း။
စာတန်ဖြစ်လာသောပုဂ္ဂိုလ်သည် ဘုရားသခင်ဖန်ဆင်းသည့်ကောင်းကင်တမန်တစ်ပါးဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်၏နေရာကိုလိုချင်တပ်မက်ခဲ့သည်။ ဘုရားသခင်၏တော်မှန်သည့်အုပ်ချုပ်ခွင့်ကို သူစိန်ခေါ်ခဲ့သည်။ နောက်ဆုံးတွင် မြွေတစ်ကောင်ကိုစကားပြောကိရိယာအဖြစ်အသုံးပြုပြီး ပထမဆုံးမိန်းမဖြစ်သူဧဝအားလှည့်ဖြားရာ သူမနှင့်သူမ၏ခင်ပွန်းအာဒံတို့ကို ဘုရားသခင်စကားထက်သူ့စကားကို နားထောင်လုပ်ကိုင်စေနိုင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆။ ၂ ကောရိန္သု ၁၁:၃) အာဒံနှင့်ဧဝတို့မှပေါက်ဖွားလာမည့်သားစဉ်မြေးဆက်အားလုံးအား ဘုရားသခင်ကိုကျောခိုင်းသွားအောင်သူလုပ်နိုင်ကြောင်း စာတန်အဆိုပြုခဲ့သည်။ ထို့ကြောင့် ယင်းကိုသက်သေထူနိုင်ရန် ဘုရားသခင်သူ့အားအချိန်ပေးခဲ့သော်လည်း စာတန်သက်သေမထူနိုင်ခဲ့ပါ။—ယောဘ ၁:၆-၁၂၊ ၂:၁-၁၀။
ဤလောကကိုအုပ်ချုပ်သူမှာ စာတန်တစ်ယောက်တည်းမဟုတ်ကြောင်းထင်ရှားသည်။ ဘုရားသခင်ကိုပုန်ကန်ခြင်းတွင်သူနှင့်ပူးပေါင်းရန် အခြားကောင်းကင်တမန်များကို သူလှည့်ဖြားသိမ်းသွင်းနိုင်ခဲ့သည်။ ထိုကောင်းကင်တမန်များသည် သူနှင့်ဆိုးဖော်ဆိုးဖက်နာမ်ဝိညာဉ်များဖြစ်သည့် နတ်ဆိုးများဖြစ်လာကြသည်။ သူတို့နှင့်ပတ်သက်၍ သမ္မာကျမ်းစာက ခရစ်ယာန်များကို ဤသို့သတိပေးပြောကြားထားသည်။ “မာရ်နတ်၏ပရိယာယ်တို့ကိုဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ . . . လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းတို့ နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့ နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။”—ဧဖက် ၆:၁၁၊ ၁၂။
ဆိုးသွမ်းသည့်နာမ်ဝိညာဉ်များကိုတွန်းလှန်လော့
ဤမမြင်နိုင်သော ဆိုးယုတ်သည့်လောကီမင်းများသည် သူသားအားလုံး ဘုရားသခင်၏ဝတ်ပြုရေးမှသွေဖယ်သွားရန်သွေးဆောင်ဖို့ ဆုံးဖြတ်ထားကြသည်။ ယင်းသို့ဖြစ်ရန်လုပ်သည့်နည်းတစ်နည်းမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်က သေသောသူသည် ဘာမျှမသိဟုရှင်းလင်းစွာဆိုထားသော်လည်း လူသေပြီးဆက်လက်အသက်ရှင်နေသည်ဟူသည့်အယူအဆကို ဖြစ်ပေါ်ပျံ့နှံ့စေခြင်းအားဖြင့်ဖြစ်သည်။ (ကမ္ဘာဦး ၂:၁၇၊ ၃:၁၉။ ယေဇကျေလ ၁၈:၄။ ဆာလံ ၁၄၆:၃၊ ၄။ ဒေသနာ ၉:၅၊ ၁၀) ထို့ကြောင့် ဆိုးသွမ်းသောနာမ်ဝိညာဉ်များသည် သေသူ၏အသံကိုတုပကာ နာမ်ဝိညာဉ်လောကနှင့်ကြားခံဆက်သွယ်ပေးသည့်လူတစ်ဦးအားဖြင့်သော်လည်းကောင်း၊ မမြင်နိုင်သည့်နေရာမှ “အသံ” အားဖြင့်သော်လည်းကောင်း အသက်ရှင်လျက်ရှိသောထိုသူ၏ဆွေမျိုးမိတ်သင်္ဂဟများနှင့် စကားပြောဆိုပေမည်။ “အသံ” က သေသူဟုထင်စေသော်လည်း အမှန်မှာ နတ်ဆိုးတစ်ဦးပင်ဖြစ်သည်။
ထို့ကြောင့် ထိုကဲ့သို့သော “အသံ” မျိုးသင်ကြားလျှင် လှည့်ဖြားမခံပါနှင့်။ ယင်းပြောသမျှကိုလက်မခံဘဲ ယေရှုခရစ်ပြောသည့်အတိုင်း “အချင်းစာတန်၊ အဝေးသို့ထွက်သွားလော့” ဟုပြောပါ။ (မဿဲ ၄:၁၀၊ ကဘ။ ယာကုပ် ၄:၇) နာမ်ဝိညာဉ်လောကကိုစူးစမ်းလိုမှုက သင့်အားဆိုးသွမ်းသည့်နာမ်ဝိညာဉ်များနှင့်ပတ်သက်ခွင့် မပြုပါနှင့်။ ထိုသို့ပါဝင်ပတ်သက်မှုကို နတ်ဝိဇ္ဇာအတတ်ဟုခေါ်သည်။ “သင်တို့တွင် . . . ဖြစ်လတ္တံ့သောအမှုကို ကိုယ့်ဉာဏ်နှင့်ဟောပြောသောသူ . . . ဝိဇ္ဇာအတတ်ကိုပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ” များကို ကျမ်းစာပြစ်တင်ရှုတ်ချထားသည်။—တရားဟောရာ ၁၈:၁၀-၁၂။ ဂလာတိ ၅:၁၉-၂၁။ ဗျာဒိတ် ၂၁:၈။
နတ်ဝိဇ္ဇာအတတ်သည် လူများကို နတ်ဆိုးများ၏ဩဇာအောက်သို့ရောက်စေရာ ယင်းလုပ်ရပ်တို့သည် ပျော်စရာ သို့မဟုတ် စိတ်လှုပ်ရှားစရာမည်မျှပင်ဖြစ်ပုံရပါစေ ယင်းတို့ကိုတွန်းလှန်ပါ။ ယင်းလုပ်ရပ်များတွင် ဓာတ်ဖန်လုံးကြည့်ခြင်း၊ အင်းချပ်များအသုံးပြုခြင်း၊ အီးအက်စ်ပီ [အထူးအာရုံခံစားရခြင်း]၊ လက္ခဏာကြည့်ခြင်း၊ နက္ခတ္တဗေဒများပါဝင်သည်။ နတ်ဆိုးများသည် သူတို့၏နယ်ပယ်ဟုသတ်မှတ်ထားသောအိမ်များထဲတွင် အသံဗလံများနှင့် အခြားရုပ်ပိုင်းဆိုင်ရာထူးဆန်းအံ့သြဖွယ်များကို လုပ်တတ်ကြသည်။
ဆိုးသွမ်းသည့်နာမ်ဝိညာဉ်များသည် စာရိတ္တယိုယွင်းပြီး သဘာဝမဟုတ်သောလိင်ဆက်ဆံမှုများကို ဖော်ပြသည့်စာပေများ၊ ရုပ်ရှင်များ၊ ရုပ်မြင်သံကြားများကိုများပြားစေခြင်းအားဖြင့် လူသားများ၏အပြစ်သို့တိမ်းလွယ်သည့်သဘောကို သူတို့အတွက်အမြတ်ထုတ်ကြသည်။ မှားယွင်းသောအတွေးအခေါ်များကို စိတ်ထဲမှမမောင်းထုတ်ပစ်လျှင် ယင်းတို့ကိုဖျောက်ဖျက်မရနိုင်တော့ဘဲ လူသားများအား မိမိတို့ကဲ့သို့ပင် စာရိတ္တယိုယွင်းမှုကိုပြုလုပ်လာနိုင်ကြောင်းကို နတ်ဆိုးများသိသည်။—ကမ္ဘာဦး ၆:၁၊ ၂။ ၁ သက်သာလောနိတ် ၄:၃-၈။ ယုဒ ၆။
မှန်ပါသည်၊ ဤလောကကို ဆိုးသွမ်းသည့်နာမ်ဝိညာဉ်များအုပ်ချုပ်နေသည်ဟူသည့်အချက်ကို လူများစွာတို့က ကဲ့ရဲ့ပြောင်လှောင်ကြပေမည်။ သို့သော် သူတို့မယုံခြင်းသည် အံ့ဩစရာမဟုတ်ပါ။ အကြောင်းမှာ ကျမ်းစာက “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏” ဟုဆိုထားသောကြောင့်ဖြစ်သည်။ (၂ ကောရိန္သု ၁၁:၁၄) သူ၏အလိမ္မာအပါးနပ်ဆုံးသောလှည့်ဖြားမှုများသည် သူနှင့်သူ၏နတ်ဆိုးများတည်ရှိကြောင်းကို လူများမသိမြင်စေရန် ဖုံးကွယ်ထားသည်။ သို့သော် လှည့်ဖြားမခံပါနှင့်။ မာရ်နတ်နှင့်သူ့ နတ်ဆိုးများအမှန်ရှိပြီး သူတို့ကိုအဆက်မပြတ်တွန်းလှန်ရန်လိုအပ်သည်။—၁ ပေတရု ၅:၈၊ ၉။
ဝမ်းသာစရာကား ယခုအချိန်သည် စာတန်နှင့်သူ၏နောက်လိုက်နောက်ပါများလုံးဝမရှိတော့မည့်အချိန်နီးပြီဖြစ်သည်။ “ [ယင်း၏အုပ်ချုပ်သူနတ်ဆိုးများပါဝင်သည့်] လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်သခင်၏အလိုတော်နှင့်အညီကျင့်သောသူမူကား နိစ္စထာဝရတည်၏” ဟု ကျမ်းစာကအာမခံထားသည်။ (၁ ယောဟန် ၂:၁၇) ထိုဆိုးသွမ်းသည့်သြဇာလွှမ်းမိုးမှုကြီးဖယ်ရှားခံရတော့မည်ကိုသိရှိရခြင်းက မည်မျှစိတ်သက်သာဖွယ်ပါတကား။ ထို့ကြောင့်ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ဆောင်သောသူများအထဲတွင်ပါဝင်ပြီး ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝရအသက်ကိုစံစားနိုင်ကြပါစေ။—ဆာလံ ၃၇:၉-၁၁၊ ၂၉။ ၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၃၊ ၄။
အခြားသောအမှတ်အသားမပါရှိသည့်ကျမ်းကိုးကားချက်အားလုံးသည် ယုဒသန်ပြန်ဆိုသည့် သမ္မာကျမ်း မှဖြစ်သည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဤလောကအုပ်ချုပ်ရေးအားလုံးကို စာတန်မပိုင်ဆိုင်ပါက ယေရှုအားသူကမ်းလှမ်းနိုင်ပါမည်လော