အပိုင်း ၁
အသက်ရှင်ရခြင်းသည် ရည်ရွယ်ချက်တစ်ခုရှိသလော
၁။ ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ မည်သို့မေးမြန်းလေ့ရှိပြီး ယင်းနှင့်ပတ်သက်၍ လူတစ်ဦးမည်သို့မှတ်ချက်ချသနည်း။
လူတိုင်းလိုလို တစ်ချိန်မဟုတ်တစ်ချိန်တွင် ဘဝရည်ရွယ်ချက်ဟူသည်အဘယ်နည်းဟု သိလိုကြသည်။ ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်မှု တိုးတက်မြင့်မားစေရန်၊ မိသားစုကို ထောက်ပံ့ကျွေးမွေးရန်တို့အတွက် ကြိုးစားရုန်းကန်ပြီး အသက် ၇၀၊ ၈၀ လောက်တွင် သေဆုံးကာ ထာဝစဉ်ပျောက်သွားသည့်အဖြစ်သို့ ရောက်သွားရန်လော။ ထိုသို့ယူဆသောလူငယ်တစ်ဦးက “အသက်ရှင်နေထိုင်၊ ကလေးတွေမွေး၊ ပျော်ပျော်နေပြီးသေဖို့” ထက်ပို၍ ဘဝတွင် မည်သည့်ရည်ရွယ်ချက်မျှမရှိဟု ပြောခဲ့သည်။ သို့သော် ယင်းသို့မှန်ပါသလော။ သေခြင်းသည် အမှန်ပင် လမ်းဆုံးဖြစ်သလော။
၂၊ ၃။ ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှုကို ဆည်းပူးခြင်းသည် ဘဝ၏ရည်ရွယ်ချက်အတွက် အဘယ်ကြောင့်မလုံလောက်သနည်း။
၂ အရှေ့တိုင်းနှင့် အနောက်တိုင်းနှစ်ရပ်လုံးရှိနိုင်ငံများတွင် လူများစွာတို့က အသက်ရှင်နေရခြင်း၏အဓိကရည်ရွယ်ချက်မှာ ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှုကို ဆည်းပူးရန်ဖြစ်သည်ဟုယူဆကြသည်။ ယင်းသည် ပျော်ရွှင်၍ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ဖြစ်စေနိုင်သည်ဟု သူတို့ယုံကြည်ကြသည်။ သို့သော် ရုပ်ပစ္စည်းကြွယ်ဝနှင့်ပြီးသူများကော မည်သို့နည်း။ ကနေဒီယန်စာရေးဆရာ ဟယ်ရီဘရုစ်ဤသို့ပြောခဲ့သည်– “မရေမတွက်နိုင်သောလူကုံထံများစွာတို့က မိမိတို့မပျော်ရွှင်ကြကြောင်း တပြောတည်းပြောနေကြသည်။” သူဆက်ပြောသေးသည်– “ကောက်ခံရရှိသည့်မှတ်တမ်းအရ မြောက်အမေရိကသည် ကြောက်ဖွယ်ကောင်းလောက်သည့် အပျက်သဘောအမြင်ကူးစက်ခံခဲ့ရသည် . . . လောကတွင်ပျော်ရွှင်သူ တစ်စုံတစ်ယောက် သလော။ သို့ဆိုလျှင် ပျော်ရွှင်မှု၏သော့ချက်ကား အဘယ်နည်း။”
၃ ယူ. အက်စ်. သမ္မတဟောင်း ဂျင်မီကာတာ ဤသို့ပြောခဲ့သည်– “ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းနှင့်သုံးဖြုန်းခြင်းတို့က အဓိပ္ပာယ်ကိုလိုလားတောင့်တသည့် ကျွန်ုပ်တို့၏ဆန္ဒကို မရောင့်ရဲစေနိုင်ကြောင်း ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီ။ . . . ရုပ်ပစ္စည်းဥစ္စာများစုဆောင်းခြင်းက စိတ်ချသေချာမှု သို့မဟုတ် ရည်ရွယ်ချက်မရှိသောဘဝ၏ လစ်ဟင်းမှုကို မဖြည့်တင်းပေးနိုင်။” အခြားနိုင်ငံရေးခေါင်းဆောင်တစ်ဦး ဤသို့ပြောခဲ့သည်– “ကိုယ့်ကိုယ်နှင့် ကိုယ့်ဘဝဆိုင်ရာ အမှန်တရားများကို စူးစူးစိုက်စိုက်ကျွန်ုပ်ရှာဖွေလာခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ; ကျွန်ုပ်သိသည့်လူအများလည်း အလားတူပြုလုပ်ကြသည်။ ‘ငါတို့ဘယ်သူတွေလဲ။ ငါတို့ရဲ့ရည်ရွယ်ချက်ကဘာလဲ’ ဟုမေးမြန်းသူများသည် တစ်ခါကနှင့်မျှမတူအောင်များပြားလာသည်။”
သာ၍ဆိုးရွားသည့်အခြေအနေများ
၄။ ဘဝတွင် ရည်ရွယ်ချက်တစ်ခုခုရှိသည်ဟူသည့်အချက်ကို လူအချို့အဘယ်ကြောင့်သံသယဖြစ်ကြသနည်း။
၄ အသက်ရှင်နေထိုင်ရခြင်းသည် သာ၍ခက်ခဲလာသည်ကိုလူများစွာတို့ကတွေ့ မြင်ရသောအခါ ဘဝတွင်ရည်ရွယ်ချက်တစ်ခုရှိသည်ဟူသည့်အချက်ကို သံသယဖြစ်ကြသည်။ ကမ္ဘာတစ်ဝန်းတွင် လူသန်းတစ်ထောင်ကျော်တို့သည် အပြင်းအထန်ဖျားနာနေကြသည်၊ သို့မဟုတ် အာဟာရချို့တဲ့နေကြသည်။ ယင်းကြောင့် အာဖရိကတစ်ခုတည်းတွင် ကလေးဆယ်သန်းခန့် နှစ်စဉ်သေဆုံးကြရသည်။ သန်းပေါင်းခြောက်ထောင်နီးပါးရှိ ကမ္ဘာ့လူဦးရေသည် တစ်နှစ်လျှင် သန်း ၉၀ ကျော်တိုးများလာပြီး ယင်း၏ ၉၀ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်သည်။ ဤသို့ လူဦးရေတရိပ်ရိပ်တိုးလာခြင်းက အစားအသောက်၊ အိမ်ရာ၊ ထုတ်လုပ်မှုတို့ကိုတိုးချဲ့ရန် လိုအပ်စေသည်။ သို့ ဖြင့် မြေ၊ ရေ၊ လေတို့ကို စက်မှုလက်မှုနှင့် အခြားသောညစ်ညမ်းမှုများဖြင့် တိုး၍ဘေးဖြစ်စေသည်။
၅။ ကမ္ဘာပေါ်ရှိသစ်ပင်များ မည်သို့ဖြစ်နေသနည်း။
၅ စစ်နှင့်လူမှုဆိုင်ရာကမ္ဘာ့အသုံးစရိတ် ၁၉၉၁ စာစောင်က ဤသို့ဖော်ပြထားသည်– “နှစ်စဉ် [ဂရိတ်ဗြိတိန်] နိုင်ငံတစ်ဝန်းလုံးနှင့်ညီမျှသော သစ်တောဧရိယာ ဖျက်ဆီးခံနေရသည်။ လက်ရှိနှုန်းအတိုင်း (သစ်တောပြုန်းတီးမှု) ဆက်သွားနေလျှင် သက္ကရာဇ် ၂၀၀၀ ရောက်လျှင် ပူအိုက်စွတ်စိုသည့်ဒေသများမှ သစ်တော ၆၅ ရာခိုင်နှုန်းကို သုတ်သင်ပြီးသားဖြစ်သွားမည်။” ကုလသမဂ္ဂအေဂျင်စီတစ်ခု၏အဆိုအရ ထိုဒေသများ၌ သစ်ပင် ၁ ပင်စိုက်လျှင် ၁၀ ပင်ခုတ်လှဲခံရသည်; အာဖရိကတွင် ၁ အချိုး ၂၀ ထက်ပင် ပို၍များသေးသည်။ ထို့ကြောင့် လွင်တီးခေါင်အရပ်တိုးပွားလာပြီး ဘယ်လ်ဂျီယံနိုင်ငံအတိုင်းအတာရှိ မြေဧရိယာသည် စိုက်ပျိုးရေးအတွက် နှစ်စဉ်ပျောက်ဆုံးရသည်။
၆၊ ၇။ လူသားခေါင်းဆောင်များ မဖြေရှင်းနိုင်သည့် ပြဿနာအချို့ကား အဘယ်နည်း၊ ထို့ကြောင့် မည်သည့်မေးခွန်းများကို ဖြေရန်လိုအပ်လာသနည်း။
၆ ဤနှစ်ဆယ်ရာစုနှစ်အတွင်း စစ်ကြောင့်သေဆုံးသူအရေအတွက်သည်လည်း လွန်ခဲ့သည့်လေးရာစုနှစ်တစ်လျှောက် သေဆုံးသူစုစုပေါင်း၏ လေးဆရှိသည်။ နေရာတိုင်းတွင် ရာဇဝတ်မှုတိုးပွားလျက်ရှိပြီး အထူးသဖြင့် အကြမ်းဖက်သည့်ရာဇဝတ်မှုများသည်။ မိသားစုပြိုကွဲခြင်း၊ မူးယစ်ဆေးအလွဲသုံးခြင်း၊ အေအိုင်ဒီအက်စ်၊ လိင်ကြောင့်ကူးစက်ပြန့်ပွားသောရောဂါများနှင့် ဆိုးကျိုးဖြစ်စေသည့် အခြားအကြောင်းများသည်လည်း ဘဝကိုပိုမိုခက်ခဲစေသည်။ ကမ္ဘာ့ခေါင်းဆောင်များကလည်း လူ့မိသားစုကြီးကို ဘေးပြုနေသည့် ပြဿနာများစွာတို့၏ ဖြေရှင်းနည်းများကို မပေးနိုင်ကြချေ။ ထို့ကြောင့် ဘဝရည်ရွယ်ချက်ကားအဘယ်နည်းဟု အဘယ်ကြောင့်လူများမေးရခြင်းကို သဘောပေါက်နိုင်သည်။
၇ ကျမ်းပညာရှင်များနှင့် ဘာသာရေးခေါင်းဆောင်များက ထိုမေးခွန်းကို မည်သို့ဖြေရှင်းကြသနည်း။ ဤရာစုနှစ်များစွာကြာလာသည့်အထိ သူတို့သည် ကျေနပ်လောက်သည့်အဖြေကို ပေးနိုင်ခဲ့သလော။
သူတို့၏အဆို
၈၊ ၉။ (က) ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ တရုတ်ကျမ်းပညာရှင်တစ်ဦး ဘာပြောသနည်း။ (ခ) နာဇီလူသတ်စခန်းတစ်ခုမှ လွတ်မြောက်လာသူတစ်ဦး ဘာပြောသနည်း။
၈ ကွန်ဖျူးရှန်းကျမ်းပညာရှင် ဒူဝေမင်က ဤသို့ပြောသည်– “ဘဝ၏အပြီးသတ်အဓိပ္ပာယ်ကို ကျွန်ုပ်တို့၏သာမန်လူ့အဖြစ်အနေတွင် တွေ့ရှိနိုင်သည်။” ဤရှုထောင့်အရဆိုလျှင် လူတို့သည် ဆက်လက်၍မွေးဖွားလာကြ၊ အသက်ရှင်ရန် ရုန်းကန်ကြပြီးနောက် သေကြရမည်သာဖြစ်သည်။ ထိုကဲ့သို့သောအမြင်မျိုးသည် မျှော်လင့်ချက်အနည်းငယ်ကိုသာပေးသည်။ ယင်းသည် မှန်မှမှန်ပါ၏လော။
၉ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီလူသတ်စခန်းတစ်ခုမှ လွတ်မြောက်လာခဲ့သူ အီလီဗီစလ်ဆိုသူက ဤသို့ထင်မြင်ချက်ပေးသည်– “‘ဤလောကကြီးတွင် ကျွန်ုပ်တို့ အဘယ်ကြောင့် အသက်ရှင်နေရသနည်း’ ဟူသောမေးခွန်းမှာ လူသားတိုင်းရင်ဆိုင်ရမည့် အရေးအကြီးဆုံးသောမေးခွန်းဖြစ်သည်။ . . . ကျွန်ုပ်တွေ့ခဲ့ရသော အဓိပ္ပာယ်ကင်းမဲ့သည့်သေခြင်းတရား ရှိနေလျက်နှင့်ပင် ဘဝဟူသည်အဓိပ္ပာယ်ရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။” သို့သော် ဘဝ၏ရည်ရွယ်ချက်ကား မည်သည့်အရာဖြစ်ကြောင်း သူမပြောနိုင်ခဲ့ချေ။
၁၀၊ ၁၁။ (က) လူတွင်အဖြေမရှိကြောင်း အယ်ဒီတာတစ်ဦးမည်သို့တင်ပြသနည်း။ (ခ) ဆင့်ကဲသိပ္ပံပညာရှင်တစ်ဦး၏အမြင်သည် အဘယ်ကြောင့်ကျေနပ်ဖွယ်မဖြစ်သနည်း။
၁၀ အယ်ဒီတာ ဗားမန့်ရွိုက်စ်တယ် ဤသို့ဖော်ပြသည်– “လူ့အကြောင်း . . . စကြဝဠာတွင် သူ၏အနေအထားတို့ကို စေ့စေ့စဉ်းစားဆင်ခြင်ရာတွင် ကျွန်ုပ်တို့သည် အချိန်စတင်သည့်အခါကထက် အနည်းငယ်တိုးတက်လာသည်။ သို့တိုင် ကျွန်ုပ်တို့မည်သူဖြစ်သည်၊ ဘာကြောင့်အသက်ရှင်နေရသည်၊ မည်သည့်နေရာသို့ဦးတည်နေသည်တို့ကို မေးစရာကျန်နေဆဲဖြစ်သည်။”
၁၁ ဆင့်ကဲသိပ္ပံပညာရှင် စတီဗင်ဂျေဂွဒ်ဤသို့မှတ်ချက်ချသည်– “‘သာ၍အဆင့်မြင့်’ သည့်အဖြေကို ကျွန်ုပ်တို့ရော်ရမ်းတမ်းတကြပေမည်—သို့သော် ထိုထက်ပိုသောအဖြေမရှိတော့ပြီ။” ထိုကဲ့သို့သောဆင့်ကဲဝါဒီများအတွက် ဘဝဟူသည် ပတ်ဝန်းကျင်အခြေအနေနှင့် အလိုက်လျောဆုံးဖြစ်ရန်အတွက် ရုန်းကန်မှုတစ်ခုဖြစ်ပြီး သေခြင်းသည်အဆုံးဖြစ်သည်။ ထိုအမြင်တွင်လည်း မျှော်လင့်ချက်မရှိချေ။ ယင်းကော မှန်ကန်ပါသလော။
၁၂၊ ၁၃။ ချာ့ချ်ခေါင်းဆောင်များ၏ အယူအဆများကား အဘယ်အရာဖြစ်ပြီး ယင်းတို့သည် လောကလေ့လာသုံးသပ်သူများ၏ အယူအဆထက်ပို၍ ကျေနပ်ဖွယ်ကောင်းပါသလော။
၁၂ ဘဝရည်ရွယ်ချက်ဟူသည် လူတစ်ဦးသေသောအခါ သူ၏စိုးလ်သည် ကောင်းကင်သို့ရောက်ပြီး ထာဝရအဖြစ်ကိုစံစားနိုင်ရန် ကောင်းသောအသက်တာဖြင့် နေထိုင်ခြင်းဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များစွာတို့က ဆိုကြသည်။ ဆိုးသည့်လူများအတွက် ဆန့်ကျင်ဘက်ရလဒ်မှာ ငရဲမီးထဲတွင် ထာဝရညှဉ်းဆဲခံရခြင်းဖြစ်သည်။ သို့သော် ထိုယုံကြည်ချက်အရ သမိုင်းတစ်လျှောက်လွှမ်းမိုးလာခဲ့သည့် အလားတူရတက်မအေးဖွယ် အသက်တာသည် မြေကြီးပေါ်တွင် ပို၍သာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ရည်ရွယ်ချက်သည် လူသားကို ကောင်းကင်တမန်ကဲ့သို့ ကောင်းကင်တွင်ထားရန်ဖြစ်ခဲ့ပါမူ အဘယ်ကြောင့် အစကတည်းက လူကို ကောင်းကင်တမန်များနည်းတူ မဖန်ဆင်းခဲ့သနည်း။
၁၃ ဓမ္မဆရာများပင် ထိုသို့သောအယူအဆများနှင့်ပတ်သက်၍ ပြဿနာဖြစ်ကြသည်။ လန်ဒန်မြို့ရှိ စိန့်ပေါလ်ဂိုဏ်းအုပ်ဘုရားကျောင်း၏ ဂုဏ်းအုပ်ဖြစ်ခဲ့ဖူးသူ ပညာဒေါက်တာဒဗလျူ. အာရ်. အင်းဂ်ျက ဤသို့ပြောခဲ့ဖူးသည်– “ကျွန်ုပ်၏ဘဝတစ်လျှောက်လုံးတွင် အသက်ရှင်နေရခြင်း၏ရည်ရွယ်ချက်ကို တွေ့ရှိရန်ကြိုးစားအားထုတ်ခဲ့သည်။ ကျွန်ုပ်အတွက် အမြဲအခြေခံကျသောပြဿနာသုံးခုကို ဖြေရှင်းနိုင်ရန် ကျွန်ုပ်ကြိုးစားခဲ့သည်– ထာဝရအသက်ပြဿနာ; လူသား၏ဥပဓိရုပ်ပြဿနာ; နှင့် မကောင်းမှုပြဿနာတို့ဖြစ်သည်။ ကျွန်ုပ်မအောင်မြင်ပါ။ ထိုပြဿနာတစ်ခုကိုမျှ ကျွန်ုပ်မဖြေရှင်းနိုင်ခဲ့ပါ။”
အကျိုးရလဒ်
၁၄၊ ၁၅။ ဆန့်ကျင်ဘက်အယူအဆများက လူများစွာတို့အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
၁၄ ဘဝရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျမ်းပညာရှင်များနှင့် ဘာသာရေးခေါင်းဆောင်များတို့၏ ထိုမျှထွေပြားမြားမြောင်လှသော အယူအဆများ၏ ရလဒ်ကား အဘယ်နည်း။ ဤသို့ပြောသည့် သက်ကြီးရွယ်အိုတစ်ဦးကဲ့သို့ပင် လူအများတုံ့ပြန်ကြသည်– “ကျွန်တော်ဘာကြောင့် ဒီနေရာမှာရောက်နေရတယ်ဆိုတာကို ကျွန်တော့်အသက်တာတစ်လျှောက်လုံးမေးလာခဲ့တယ်။ ရည်ရွယ်ချက်တစ်ခုရှိလျှင်လည်း ဂရုမစိုက်တော့ပါဘူး။”
၁၅ ကမ္ဘာ့ဘာသာရေးများစပ်ကြား ကွဲပြားမြားမြောင်သည့်အမြင်ကို သုံးသပ်နေသူအမြောက်အမြားတို့က လူတစ်ဦး၏ယုံကြည်ချက်သည် အရေးမကြီးပါဟု ကောက်ချက်ချကြသည်။ ဘာသာရေးဟူသည် စိတ်၏ဖြေရာ၊ ဘဝပြဿနာကိုရင်ဆိုင်နိုင်ရန် စိတ်၏ငြိမ်သက်မှုနှင့် သက်သာမှုအနည်းအကျဉ်းပေးသောအရာသာဖြစ်သည်ဟု သူတို့ယူမှတ်ကြသည်။ အချို့တို့က ဘာသာရေးကို အယူသီးခြင်းသာဖြစ်သည်ဟု ယူမှတ်ကြသည်။ ရာပေါင်းများစွာသော ဘာသာရေးဆိုင်ရာဟောကိန်းများသည် ဘဝ၏ရည်ရွယ်ချက်ဆိုင်ရာမေးခွန်းများကို အဖြေမပေး၊ သာမညလူတန်းစားတို့၏ ဘဝကိုလည်း မြှင့်တင်မပေးပါဟု သူတို့ယူမှတ်ကြသည်။ မှန်လိုက်လေစွ၊ ဤကမ္ဘာ့ဘာသာရေးများသည် လူတို့၏တိုးတက်ရေးကို ဟန့်တားလေ့ရှိသည့်အပြင် မုန်းတီးမှုနှင့်စစ်ပွဲများ၏တရားခံပင် ဖြစ်ကြောင်းသမိုင်းကပြသည်။
၁၆။ ဘဝရည်ရွယ်ချက်တွေ့ရှိခြင်းသည် မည်မျှအရေးကြီးသနည်း။
၁၆ သို့သော် ဘဝ၏ရည်ရွယ်ချက်နှင့်ဆိုင်သည့် အမှန်တရားကိုရှာဖွေရန်မူ သာ၍ပင်အရေးမကြီးပေလော။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပညာရှင် ဗစ်ခ်တောဖရန်ကလ်က ဤသို့အဖြေပေးသည်– “လူတစ်ဦး၏ဘဝအဓိပ္ပာယ်ကိုကြိုးစားရှာဖွေခြင်းသည် လူတွင်ရှိသော ပင်မလှုံ့ဆော်စွမ်းအားဖြစ်သည်။ . . . အဆိုးဝါးဆုံးသောအခြေအနေများကို လူတစ်ဦးကျော်လွှားနိုင်ရန် ထိရောက်စွာအကူအညီပေးနိုင်သည့် ဘဝတွင်အဓိပ္ပာယ်တစ်ခုရှိသည်ဟူသောအသိကဲ့သို့ ဤလောကတွင် အခြားမည်သည့်အရာမျှမရှိဟု ကျွန်တော်ပြောဝံ့သည်။”
၁၇။ ယခုကျွန်ုပ်တို့မည်သည့်မေးခွန်းများကို မေးရန်လိုအပ်သနည်း။
၁၇ ဘဝရည်ရွယ်ချက်ဟူသည် မည်သည့်အရာဖြစ်ကြောင်းကို လူ့အတွေးအခေါ်များနှင့် ဘာသာတရားများက ကျေနပ်လောက်အောင်မရှင်းပြနိုင်သဖြင့် ယင်းမည်သည့်အရာဖြစ်သည်ကို မည်သည့်နေရာတွင် ကျွန်ုပ်တို့ရှာဖွေရမည်နည်း။ ဤကိစ္စနှင့်ပတ်သက်သည့်အမှန်တရားကို ကျွန်ုပ်တို့အားဖော်ပြနိုင်မည့် သာလွန်မြင့်မြတ်သောဉာဏ်ပညာ၏ ပင်ရင်းအမြစ်တစ်ခုရှိပါသလော။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
“နှစ်စဉ် [ဂရိတ်ဗြိတိန်] နိုင်ငံ တစ်ဝန်းလုံးနှင့်ညီမျှသော သစ်တော ဧရိယာ ဖျက်ဆီးခံနေရသည်”
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
“ကျွန်တော်ဘာကြောင့် ဒီနေရာမှာရောက်နေရတယ်ဆိုတာကို ကျွန်တော့်အသက်တာတစ်လျှောက်လုံး မေးလာခဲ့တယ်”