အခန်း ၁၃
ဘုရားတရားကြည်ညိုသည့်အသက်တာဖြင့် သက်ရှင်ခြင်းသည် အဘယ်ကြောင့် ပျော်ရွှင်ချမ်းမြေ့စေကြောင်း
၁။ ယေဟောဝါ၏နည်းလမ်းတော်သည် ပျော်ရွှင်ချမ်းမြေ့မှုပေးသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ပြီး သင့်ကိုလည်း ဘဝတွင်ပျော်မွေ့စေလိုတော်မူ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ) ကိုယ်တော့်နည်းလမ်းတော်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် တသွင်သွင်စီးဆင်းနေသည့်မြစ်ရေကဲ့သို့ နက်ရှိုင်း၍အဓွန့်ရှည်တည်တံ့သော အေးချမ်းမှုအကျိုး ရရှိနိုင်ပေသည်။ ဘုရားသခင့်နည်းလမ်းတော်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် “သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့” လူတစ်ဦးအား ဖြောင့်မတ်သောလုပ်ရပ်များကို အဆက်မပြတ်လုပ်ဆောင်စေရန်လည်း လှုံ့ဆော်ပေးသည်။ ဤသည်က စစ်မှန်သော ပျော်ရွှင်ချမ်းမြေ့မှု ရရှိစေသည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
၂။ ခရစ်ယာန်တို့သည် တစ်ခါတစ်ရံတွင် ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံရစေကာမူ အဘယ်ကြောင့်ပျော်ရွှင်နိုင်ကြသနည်း။
၂ ‘တစ်ခါတလေ မှန်တာကိုလုပ်တဲ့အတွက် ဒုက္ခရောက်ကြတယ်’ ဟူ၍အချို့က ကန့်ကွက်ငြင်းဆိုမည်။ မှန်ပါသည်၊ ယေရှု၏တမန်တော်များ ဤအတိုင်းပင်တွေ့ ကြုံခဲ့ကြသည်။ နှိပ်စက်ညှဉ်းပန်းခံရသော်လည်း ဝမ်းမြောက်စွာဖြင့် “ခရစ်တော်နှင့်ဆိုင်သော သတင်းကောင်းကို [ဆက်၍] ကြေညာဟောပြောကြ၏။” (တမန်တော် ၅:၄၀-၄၂၊ ကဘ) ဤအဖြစ်အပျက်မှ အရေးကြီးသောသင်ခန်းစာများကို ရရှိနိုင်သည်။ တစ်ခုမှာ ဘုရားတရားကြည်ညိုသည့်အသက်တာဖြင့်သက်ရှင်လျှင် အစဉ်ကောင်းမွန်စွာ ဆက်ဆံခံရမည်ဟူ၍ အာမခံချက်မရှိခြင်းဖြစ်သည်။ တကယ်ဆိုလျှင် “ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်” ဟူ၍တမန်တော်ပေါလု ရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၂) အကြောင်းမှာ စာတန်နှင့်သူ၏လောကသည် ဘုရားသခင့်နည်းလမ်းတော်အတိုင်း သက်ရှင်နေထိုင်သူတို့ကို အတိုက်အခံပြုသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၅:၁၈၊ ၁၉; ၁ ပေတရု ၅:၈) သို့သော် စစ်မှန်သောပျော်ရွှင်ချမ်းမြေ့မှုမှာ ပြင်ပအရာများပေါ်တွင် တည်မှီခြင်းမရှိဘဲ မှန်ရာကိုမိမိလုပ်နေသဖြင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့သည်ဟူသော ယုံကြည်ချက်မှသက်ရောက်လာရာဖြစ်သည်။—မဿဲ ၅:၁၀-၁၂; ယာကုပ် ၁:၂၊ ၃; ၁ ပေတရု ၄:၁၃၊ ၁၄။
၃။ ယေဟောဝါအားကိုးကွယ်ခြင်းသည် လူတစ်ဦး၏အသက်တာအပေါ် အဘယ်သို့ အကျိုးသက်ရောက်သင့်သနည်း။
၃ လူအချို့က ဘာသာရေးလုပ်ဆောင်ချက်များကို တစ်ခါတစ်ရံလုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင့်မျက်နှာသာတော် ရရှိနိုင်သည်၊ ကျန်အချိန်များတွင် ကိုယ်တော်ကိုမေ့ထားနိုင်သည်ဟု ယူဆကြသည်။ ယေဟောဝါဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့်ကိုးကွယ်မှုမှာမူ ထိုအတိုင်းမဟုတ်ဘဲ လူတစ်ဦး၏နိုးနေသောအချိန်တစ်လျှောက်လုံး တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ထိုသူ၏ပြုမူကျင့်ကြံမှုအပေါ် ဩဇာသက်ရောက်မှုရှိသည်။ ထို့ကြောင့် ယင်းကို “လမ်းစဉ်တော်” ဟူ၍လည်းခေါ်ဝေါ်ခြင်းဖြစ်သည်။ (တမန်တော် ၁၉:၉၊ သတင်းကောင်း; ဟေရှာယ ၃၀:၂၁) ဘုရားသခင့်နည်းလမ်းတော်အတိုင်း သက်ရှင်ခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်အညီ ပြောဆိုပြုမူရန် တာဝန်ရှိစေသည်။
၄။ ဘုရားသခင့်နည်းလမ်းတော်နှင့်အညီ အသက်ရှင်နိုင်ရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းသည် အဘယ်ကြောင့်အကျိုးရှိသနည်း။
၄ ကျမ်းစာကိုလေ့လာခါစလူသစ်များသည် ယေဟောဝါ၏စိတ်တော်နှင့်တွေ့ရန် ပြောင်းလဲမှုအချို့ပြုလုပ်ရမည်ကို တွေ့ရှိသည့်အခါ ‘ဘုရားတရားကြည်ညိုတဲ့အသက်တာမျိုးဟာ တကယ်ပဲ သက်ရှင်ရကျိုးနပ်သလား’ ဟူ၍ ဒွိဟသံသယဖြစ်လာပေမည်။ သက်ရှင်ရကျိုးနပ်ကြောင်း စိတ်ချနိုင်ပါသည်။ အဘယ်ကြောင့်နည်း။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” သဖြင့် ကိုယ်တော့်နည်းလမ်းများသည် ကျွန်ုပ်တို့အကျိုးအတွက် သာဖြစ်သောကြောင့်တည်း။ (၁ ယောဟန် ၄:၈) ဘုရားသခင်သည် ဉာဏ်တော်နှင့်လည်းပြည့်စုံသည်ဖြစ်၍ ကျွန်ုပ်တို့အဖို့ အဘယ်အရာသည် အကောင်းဆုံးဖြစ်ကြောင်း သိတော်မူ၏။ ယေဟောဝါဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သောကြောင့် အကျင့်ဆိုးတစ်ခုကိုဖျောက်၍ စိတ်တော်နှင့်တွေ့အောင် ကြိုးစားလိုသောကျွန်ုပ်တို့၏ဆန္ဒကို ပြည့်ဝစေရန် ခွန်အားပေးနိုင်တော်မူ၏။ (ဖိလိပ္ပိ ၄:၁၃) ဘုရားတရားကြည်ညိုသောအသက်တာတွင် ပါဝင်သည့်အခြေခံမူအချို့နှင့် ထိုအတိုင်းလိုက်လျှောက်ခြင်းဖြင့် အဘယ်သို့ပျော်ရွှင်ချမ်းမြေ့နိုင်ကြောင်း စဉ်းစားဆင်ခြင်ကြည့်ကြပါစို့။
ရိုးသားလျှင် ပျော်ရွှင်ချမ်းမြေ့၏
၅။ လိမ်လည်ခြင်းနှင့် ခိုးဝှက်ခြင်းအကြောင်း သမ္မာကျမ်းစာက မည်သို့ဆိုထားသနည်း။
၅ ယေဟောဝါသည် “သစ္စာစောင့်တော်မူသော ဘုရားသခင်” ဖြစ်တော်မူ၏။ (ဆာလံ ၃၁:၅) သင်သည် ကိုယ်တော့်စံနမူနာတော်ကိုလိုက်၍ အမှန်ပြောသူအဖြစ် ကျော်ကြားလိုသည့်ဆန္ဒ မုချရှိမည်။ ရိုးသားလျှင် ကိုယ့်သိက္ခာကိုယ်လေးစားရာရောက်ပြီး ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုလည်း ခံစားရသည်။ သို့သော် အပြစ်များသောဤလောကတွင် မရိုးသားမှုပျံ့ နှံ့လျက်ရှိသောကြောင့် ခရစ်ယာန်တို့သည် “မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ . . . ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ . . . လုပ်ဆောင်အားထုတ်စေ” ဟူသောသတိပေးချက်ကို လိုအပ်ကြသည်။ (ဧဖက် ၄:၂၅၊ ၂၈) ခရစ်ယာန်အလုပ်သမားများသည် တစ်နေ့တာအလုပ်ကို ကျေပွန်စွာလုပ်ဆောင်ကြသည်။ အလုပ်ရှင်၏ခွင့်ပြုချက်မရှိဘဲ အလုပ်ရှင်ပိုင်သောပစ္စည်းများကို မယူပါ။ ယေဟောဝါကိုကိုးကွယ်သူတစ်ဦးသည် အလုပ်ခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ အိမ်၌ဖြစ်စေ ‘အရာရာ၌ ရိုးသား’ ရပေမည်။ (ဟေဗြဲ ၁၃:၁၈) လိမ်လည်ခြင်း၊ ခိုးဝှက်ခြင်းကို အကျင့်ဖြစ်အောင်ပြုလုပ်သူတို့သည် ဘုရားသခင်၏မျက်နှာသာတော်ရမည်မဟုတ်ပေ။—တရားဟောရာ ၅:၁၉; ဗျာဒိတ် ၂၁:၈။
၆။ ဘုရားတရားကြည်ညိုသူတစ်ဦး၏ရိုးသားမှုသည် ယေဟောဝါ၏ဘုန်းတော်ကို မည်သို့ထင်ရှားစေနိုင်သနည်း။
၆ ရိုးသားခြင်းဖြင့် ကောင်းချီးများစွာရရှိသည်။ ဆာလီနာသည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏ဖြောင့်မတ်သောမူများကိုချစ်မြတ်နိုးသော နွမ်းပါးသည့် အာဖရိကန်မုဆိုးမဖြစ်သည်။ တစ်နေ့၌ သူမသည် ဘဏ်စာအုပ်တစ်အုပ်နှင့် ငွေအမြောက်အမြားပါသော လက်ဆွဲအိတ်တစ်လုံးကို တွေ့ရှိသည်။ သူမသည် တယ်လီဖုန်းလမ်းညွှန်စာအုပ်ဖြင့် ပိုင်ရှင်ဖြစ်သူကိုရှာတွေ့နိုင်ခဲ့သည်။ ပိုင်ရှင်မှာ လုယက်ခြင်းခံရသော စတိုးဆိုင်ပိုင်ရှင်ဖြစ်သည်။ ဆာလီနာသည် အတော်လေး နေမကောင်းသည့်ကြားမှ ပိုင်ရှင်ဖြစ်သူထံသွား၍ အိတ်ထဲ၌ပါရှိသမျှကို ပြန်ပေးသည့်အခါ ထိုအမျိုးသားသည် မိမိမျက်စိကိုပင် မယုံကြည်နိုင်အောင်ဖြစ်သွားသည်။ ‘ဒီလိုရိုးသားသူကို ဆုချီးမြှင့်ရမယ်’ ဟုပြောပြောဆိုဆိုနှင့် ဆာလီနာအား ငွေအများအပြားထုတ်ပေးလိုက်သည်။ ပို၍အရေးကြီးသည်မှာ ထိုအမျိုးသားက ဆာလီနာ၏ဘာသာကို ချီးမွမ်းလိုက်သည်။ မှန်ပါသည်၊ ရိုးသားခြင်းသည် သမ္မာကျမ်းစာ၏သွန်သင်ချက်ကို အသရေတင့်တယ်စေပြီး ယေဟောဝါအား ဂုဏ်တက်စေသည်မက ကိုယ်တော်အားကိုးကွယ်သည့် ရိုးသားသူတို့ကိုလည်း ပျော်ရွှင်ချမ်းမြေ့စေသည်။—တိတု ၂:၁၀; ၁ ပေတရု ၂:၁၂။
ရက်ရောလျှင် ပျော်ရွှင်ချမ်းမြေ့၏
၇။ လောင်းကစားခြင်းသည် အဘယ်ကြောင့်မှားသနည်း။
၇ ရက်ရောလျှင် ပျော်ရွှင်ချမ်းမြေ့၏။ လောဘကြီးသူတို့မူကား “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၁၀) လောဘကြီးခြင်း၏ သာမန်အသွင်တစ်မျိုးမှာ လောင်းကစားခြင်းပင်ဖြစ်သည်။ ၎င်းမှာ သူတစ်ပါး၏အရှုံးထဲမှ အမြတ်ရရန်ကြိုးစားခြင်းဖြစ်သည်။ “မရိုးသားသောအမြတ်အစွန်းကို လိုချင်တပ်မက်” သူတို့ကို ယေဟောဝါ နှစ်သက်တော်မမူ။ (၁ တိမောသေ ၃:၈၊ ကဘ) လောင်းကစားခြင်းကို တရားဝင်ခွင့်ပြုသည့်ဒေသများ၌ အပျော်သဘောဖြင့် လောင်းကစားသူတစ်ဦးပင် လောင်းကစားမှုကိုစွဲ၍ လူ့ဘဝပေါင်းများစွာကို ပျက်စီးစေသည့်အကျင့်ဆိုးကို မြေတောင်မြှောက်ပေးခံရတတ်သည်။ လောင်းကစားခြင်းသည် လောင်းကစားသူ၏မိသားစုအတွက် အခြေခံလိုအပ်ချက်များဖြစ်သော စားစရာ၊ ဝတ်စရာဝယ်ရန် ငွေလုံးဝမကျန်ဘဲဖြစ်သွားစေနိုင်သောကြောင့်မကြာခဏ အတိဒုက္ခရောက်စေတတ်သည်။—၁ တိမောသေ ၆:၁၀။
၈။ ရက်ရောခြင်းနှင့်ပတ်သက်၍ ကောင်းမြတ်သောစံနမူနာကို ယေရှုအဘယ်သို့ ပြတော်မူခဲ့သနည်း။ ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ရက်ရောနိုင်ကြသနည်း။
၈ မေတ္တာပြည့်ဝသောရက်ရောမှုကြောင့် ခရစ်ယာန်တို့သည် သူတစ်ပါးကိုကူညီရာ၌၊ အထူးသဖြင့် ဆင်းရဲသောယုံကြည်သူချင်းတို့ကို ကူညီပေးရာ၌ ရွှင်လန်းကြ၏။ (ယာကုပ် ၂:၁၅၊ ၁၆) ယေရှု မြေကြီးပေါ်ကြွလာတော်မမူမီ လူသားများအပေါ် ယေဟောဝါထားရှိသည့်ရက်ရောမှုကို တွေ့ မြင်တော်မူခဲ့သည်။ (တမန်တော် ၁၄:၁၆၊ ၁၇) ယေရှုကိုယ်တော်တိုင်လည်း လူသားများ၏အကျိုးအတွက် အချိန်နှင့်ပင်ကိုစွမ်းရည်သာမက အသက်ကိုပင် စွန့်တော်မူခဲ့သည်။ သို့နှင့် ကိုယ်တော်က “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်ခြင်းရှိသည်” ဟုလျောက်ပတ်စွာ မိန့်တော်မူခဲ့သည်။ (တမန်တော် ၂၀:၃၅၊ ကဘ) ယေရှုသည် ဗိမာန်တော်အလှူငွေသေတ္တာထဲသို့ ကြေးပြားနှစ်ပြားကို ရက်ရောစွာထည့်ခဲ့သည့် ဆင်းရဲသောမုဆိုးမကိုလည်း ချီးမွမ်းတော်မူခဲ့သည်။ သူမသည် “မိမိအသက်မွေးစရာဥစ္စာ ရှိသမျှကို” ထည့်လိုက်သောကြောင့်တည်း။ (မာကု ၁၂:၄၁-၄၄) ရှေးဣသရေလလူမျိုးနှင့် ပထမရာစုခရစ်ယာန်တို့သည် အသင်းတော်နှင့်နိုင်ငံတော်လုပ်ငန်းကို ရုပ်ပစ္စည်းဖြင့် ထောက်ပံ့ရာ၌ ဝမ်းမြောက်ရက်ရောစွာလှူဒါန်းခြင်း စံနမူနာများ ပြသခဲ့ကြသည်။ (၁ ရာဇဝင်ချုပ် ၂၉:၉; ၂ ကောရိန္သု ၉:၁၁-၁၄) မျက်မှောက်ခေတ်ခရစ်ယာန်တို့သည် အဆိုပါရည်ရွယ်ချက်များအတွက် ရုပ်ပစ္စည်းများ လှူဒါန်းရုံမျှမက ဘုရားသခင်ကိုပျော်ရွှင်စွာချီးမွမ်း၍ အမှုတော်ကိုထမ်းရွက်ရန် မိမိတို့၏အသက်တာကိုပင် အသုံးပြုကြသည်။ (ရောမ ၁၂:၁; ဟေဗြဲ ၁၃:၁၅) မှန်သောကိုးကွယ်မှုကိုထောက်ခံရန်နှင့် နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း ကမ္ဘာချီလုပ်ငန်းတော်ကိုမြှင့်တင်ရန် ငွေကြေးအပါအဝင် အချိန်၊ ခွန်အားနှင့်ဥစ္စာဓနတို့ကို အသုံးပြုခြင်းအတွက် သူတို့ကို ယေဟောဝါ ကောင်းချီးပေးတော်မူ၏။—သု. ၃:၉၊ ၁၀။
ပျော်ရွှင်ချမ်းမြေ့မှုကို မြှင့်တင်ပေးသည့် အခြားအချက်များ
၉။ အရက်ယမကာ အလွန်အကျွံသောက်သုံးခြင်းသည် အဘယ်ကြောင့်မှားသနည်း။
၉ ပျော်ရွှင်ချမ်းမြေ့လိုသော် ‘မိမိတို့၏ ကြံစည်သောဉာဏ်’ ကိုလည်းစောင့်ရှောက်ရပေမည်။ (သု. ၅:၁၊ ၂၊ သမ) သို့ပြုနိုင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် အကျိုးပြုကျမ်းစာပေတို့ကို ဖတ်ရှု၍ ဆင်ခြင်တွေးတောရန်လိုအပ်သည်။ သို့သော် ရှောင်ကြဉ်ရမည့်အရာများလည်း ရှိပါသည်။ သာဓကအားဖြင့် အရက်ယမကာကို အလွန်အကျွံသောက်ခြင်းဖြင့် စဉ်းစားကြံစည်နိုင်စွမ်းထိန်းချုပ်မှု လွတ်သွားနိုင်သည်။ ထိုသို့သောအခြေအနေမျိုးတွင် လူအများသည် ကိုယ်ကျင့်တရားပျက်ပြားမှုတွင်ပါဝင်၍ ကြမ်းတမ်းစွာပြုမူကာ သေလောက်သော မတော်တဆထိခိုက်မှုများပင် ဖြစ်ပွားစေတတ်သည်။ ယင်းကြောင့် သမ္မာကျမ်းစာက သောက်ကြူးသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရမည်မဟုတ်ဟု ဆိုထားသည်မှာအဆန်းမဟုတ်ပေ။ (၁ ကောရိန္သု ၆:၁၀) ခရစ်ယာန်တို့သည် “သမ္မာသတိရှိသောသူ” ဖြစ်ရန် အဓိဋ္ဌာန်ဖြင့် သောက်ကြူးခြင်းကိုရှောင်ကြသောကြောင့် သူတို့အချင်းချင်းတွင် ပျော်ရွှင်ချမ်းမြေ့မှုကို မြှင့်တင်ရာ၌ထောက်ကူပေးသည်။—တိတု ၂:၂-၆။
၁၀။ (က) ခရစ်ယာန်တို့သည် အဘယ်ကြောင့် ဆေးလိပ်မသောက်ကြသနည်း။ (ခ) စွဲလမ်းသည့်အကျင့်များကို ဖြတ်ပစ်ခြင်းမှ အဘယ်အကျိုးကျေးဇူးဖြစ်ထွန်းသနည်း။
၁၀ သန့်ရှင်းသောခန္ဓာသည် ပျော်ရွှင်ချမ်းမြေ့ရေးကို ထောက်ကူ၏။ သို့သော် လူအများသည် ဥပဒ်ဖြစ်စေတတ်သော အရာများကိုစွဲကြသည်။ သာဓကအဖြစ် ဆေးရွက်ကြီးသုံးစွဲခြင်းကို သုံးသပ်ကြည့်ပါ။ ဆေးလိပ်သောက်ခြင်းသည် “နှစ်စဉ်လူသုံးသန်းကို သေဆုံးစေ” ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံတင်ပြသည်။ ဆေးလိပ်ဖြတ်ရသည်မှာ အခိုက်အတန့်ဖြစ်ပေါ်တတ်သည့် ဆေးပြတ်လက္ခဏာများကြောင့် အခက်အခဲတွေ့ ကြုံနိုင်သည်။ သို့သော် ဆေးလိပ်ပြတ်သွားသူများစွာက ကျန်းမာရေးပိုကောင်းလာပြီး အိမ်ထောင်စုလိုအပ်ချက်အတွက် ငွေပိုထွက်လာသည်ကို တွေ့ရှိကြသည်။ မှန်ပါသည်၊ ဆေးရွက်ကြီးစွဲသည့်အကျင့် သို့မဟုတ် ဥပဒ်ပေးသည့် အခြားအရာများကိုစွဲသည့်အကျင့်ကို အနိုင်ယူလိုက်လျှင် ခန္ဓာလည်းသန့်ရှင်းမည်၊ ဩတ္တပ္ပစိတ်လည်း ကြည်လင်မည်၊ စစ်မှန်သောပျော်ရွှင်ချမ်းမြေ့မှုကိုလည်း ခံစားရပေမည်။—၂ ကောရိန္သု ၇:၁။
အိမ်ထောင်သည်ဘဝတွင် ပျော်ရွှင်ချမ်းမြေ့ခြင်း
၁၁။ တရားဝင်၍ ရာသက်ပန်အသရေရှိသော အိမ်ထောင်မင်္ဂလာဖြစ်ရန် အဘယ်အရာလိုအပ်သနည်း။
၁၁ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေသူတို့အနေဖြင့် ထိမ်းမြားခြင်းကို ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ရန် အသေအချာဆောင်ရွက်ထားသင့်သည်။ (မာကု ၁၂:၁၇) ထိမ်းမြားခြင်းကို ကြီးလေးသောတာဝန်တစ်ရပ်အဖြစ် ခံယူသင့်သည်။ သားမယားကို တမင်မထောက်ပံ့ဘဲ ပစ်ထားခြင်း၊ တရားလွန် မတော်မတရားပြုမူခြင်း၊ သို့မဟုတ် ဝိညာဉ်ရေးကို အကန့်အသတ်မရှိအန္တရာယ်ပေးခြင်း စသောကိစ္စမျိုး၌ လင်မယားခွဲနေရန် လိုကောင်းလိုမည်မှာ မှန်ပါသည်။ (၁ တိမောသေ ၅:၈; ဂလာတိ ၅:၁၉-၂၁) သို့သော် ၁ ကောရိန္သု ၇:၁၀-၁၇ မှ တမန်တော်ပေါလု၏စကားများက လင်မယားတို့ကို အတူနေထိုင်ရန် အားပေးထားသည်။ စစ်မှန်သောပျော်ရွှင်ချမ်းမြေ့မှုရရန် တစ်ဦးပေါ်တစ်ဦး သစ္စာရှိရမည်မှာဆိုဖွယ်မရှိ။ “ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုကို အသရေရှိစေလျက်၊ မင်္ဂလာအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေနှင့်။ အကြောင်းမူကား မတရားမေထုန်ပြုသောသူနှင့် သူ့သားအိမ်ရာပြစ်မှားသူတို့ကို ဘုရားသခင် တရားစီရင်တော်မူလိမ့်မည်” ဟူ၍ပေါလုရေးသားခဲ့သည်။ (ဟေဗြဲ ၁၃:၄၊ ကဘ) “မင်္ဂလာအိပ်ရာ” ဟူသောဝေါဟာရမှာ တရားဝင်လက်ထပ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သံဝါသပြုခြင်းအမှုကိုဆိုလိုသည်။ မယားတစ်ယောက်ထက် ပိုယူခြင်းကဲ့သို့သော အခြားလိင်ဆက်ဆံမှုသည် “ခပ်သိမ်းသောသူတို့၌ . . . အသရေရှိ” သည်ဟုမဆိုနိုင်ပေ။ ထို့ပြင် လက်မထပ်မီ သံဝါသပြုခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့ကိုလည်း သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။—ရောမ ၁:၂၆၊ ၂၇; ၁ ကောရိန္သု ၆:၁၈။
၁၂။ မတရားမေထုန်ပြုခြင်း၏ ဆိုးကျိုးအချို့ကား အဘယ်နည်း။
၁၂ မတရားမေထုန်ပြုခြင်းသည် တဒင်္ဂအားဖြင့် သွေးသားသာယာမှု ပေးကောင်းပေးမည်ဖြစ်သော်လည်း စစ်မှန်သောပျော်ရွှင်ချမ်းမြေ့မှုကိုကား မရရှိနိုင်ပါ။ ဘုရားသခင့်စိတ်တော်ကို ငြိုငြင်စေပြီး လူတစ်ဦး၏သြတ္တပ္ပစိတ်၌ အမာရွတ်သာကျန်စေနိုင်သည်။ (၁ သက်သာလောနိတ် ၄:၃-၅) မတရားမေထုန်ပြုခြင်းဖြင့် ရနိုင်သည့် စိတ်မချမ်းမြေ့ဖွယ်ဆိုးကျိုးများမှာ အေအိုင်ဒီအက်စ်နှင့် အခြားရောဂါများဖြစ်နိုင်သည်။ “ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် ဂနိုရောဂါကူးစက်ခံရသူ သန်း ၂၅၀ ကျော်နှင့် ဆစ်ဖလစ်ရောဂါကူးစက်ခံရသူ သန်း ၅၀ ခန့်ရှိကြောင်း ခန့်မှန်းရရှိသည်” ဟု ဆေးအစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။ မလိုလားသည့်ကိုယ်ဝန်ပြဿနာများလည်းရှိသေးသည်။ တစ်ကမ္ဘာလုံးတွင် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြားရှိ မိန်းကလေး ၁၅ သန်းကျော်သည် နှစ်စဉ်ကိုယ်ဝန်ရရှိကြကြောင်း၊ ၎င်းတို့အနက် သုံးပုံတစ်ပုံက ကိုယ်ဝန်ဖျက်ချကြကြောင်း နိုင်ငံတကာမိဘဖြစ်သူများဆိုင်ရာ စီမံကိန်းအဖွဲ့ချုပ်က အစီရင်ခံတင်ပြသည်။ လေ့လာမှုတစ်ခုက အာဖရိကနိုင်ငံတစ်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချရာမှ ဖြစ်ပွားသည့်ရောဂါများကြောင့် သေဆုံးရသူတို့သည် ဆယ်ကျော်သက်မိန်းကလေး သေဆုံးမှုစုစုပေါင်း၏ ၇၂ ရာခိုင်နှုန်းရှိကြောင်းဖော်ပြသည်။ မတရားမေထုန်ပြုသူအချို့သည် ရောဂါနှင့်ကိုယ်ဝန် မရအောင်ရှောင်နိုင်ကြသော်လည်း စိတ်လှုပ်ရှားမှုဆိုင်ရာ ထိခိုက်နစ်နာမှုကိုမူ မရှောင်နိုင်ကြပါ။ များစွာသောသူတို့သည် ကိုယ့်သိက္ခာကိုယ်လေးစားသည့်စိတ်ပျောက်ဆုံးရုံမက မိမိတို့ကိုယ်ကိုပင်စက်ဆုပ်လာကြသည်။
၁၃။ သူတစ်ပါးအိမ်ရာပြစ်မှားခြင်းမှ အဘယ်ထပ်ဆင့်ပြဿနာများ တက်လာသနည်း။ မတရားမေထုန်နှင့် သူတစ်ပါးအိမ်ရာပြစ်မှားခြင်းကို ဆက်လက်ပြုကျင့်သူတို့အဖို့ အဘယ်သို့သောအနာဂတ် ရှိသနည်း။
၁၃ သူ့သားအိမ်ရာပြစ်မှားခြင်းကို ခွင့်လွှတ်နိုင်သော်လည်း ယင်းသည် အပြစ်မဲ့သောအိမ်ထောင်ဖက်ဘက်မှ လင်မယားကွာရှင်းနိုင်သော တရားဝင် ကျမ်းစာအခြေခံအကြောင်းတစ်ရပ်ဖြစ်သည်။ (မဿဲ ၅:၃၂; ဟောရှေ ၃:၁-၅ နှိုင်းယှဉ်။) ဤသို့သော ကိုယ်ကျင့်တရားပျက်ပြားမှုကြောင့် အိမ်ထောင်ပျက်သွားသည့်အခါ အပြစ်မဲ့သောအိမ်ထောင်ဖက်နှင့် သားသမီးများ၌ စိတ်လှုပ်ရှားမှုဆိုင်ရာ နက်ရှိုင်းသည့်အမာရွတ်များ ကျန်ခဲ့ဖွယ်ရှိသည်။ လူ့မိသားစု၏ ကောင်းကျိုးချမ်းသာအလို့ငှာ နောင်တမရသည့် မတရားမေထုန်ပြုသူတို့နှင့် သူတစ်ပါးအိမ်ရာပြစ်မှားသူတို့ကို ဘုရားသခင်အပြစ်ဒဏ်စီရင်မည်ဖြစ်ကြောင်း နှုတ်ကပါဌ်တော်က ပြညွှန်ထားသည်။ ၎င်းပြင်၊ လိင်ဆိုင်ရာအကျင့်ပျက်မှုကို ပြုကျင့်သူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ကြောင်း ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားသည်။—ဂလာတိ ၅:၁၉၊ ၂၁။
‘ဤလောကနှင့်မစပ်ဆိုင်’
၁၄။ (က) ဘုရားတရားကြည်ညိုသူတစ်ဦး ရှောင်ကြဉ်သည့် ရုပ်ပုံကိုးကွယ်ခြင်းပုံစံအချို့ကား အဘယ်နည်း။ (ခ) ယောဟန် ၁၇:၁၄ နှင့်ဟေရှာယ ၂:၄ တို့တွင် အဘယ်လမ်းညွှန်ချက် ပေးထားသနည်း။
၁၄ ယေဟောဝါစိတ်တော်နှင့် တွေ့လိုသူတို့နှင့် နိုင်ငံတော်ကောင်းချီးများ ခံစားလိုသူတို့သည် ရုပ်ပုံကိုးကွယ်ခြင်းမှန်သမျှကို ရှောင်ကြဉ်ကြသည်။ သမ္မာကျမ်းစာက . . . ရုပ်ပုံများပြုလုပ်၍ ကိုးကွယ်ခြင်းသည် မှားယွင်းကြောင်းဖော်ပြသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅; ၁ ယောဟန် ၅:၂၁) ထို့ကြောင့် ခရစ်ယာန်စစ်တို့သည် . . . ရုပ်ပုံများကို မကိုးကွယ်ကြချေ။ သူတို့သည် အလံအလေးပြုခြင်းနှင့် တိုင်းနိုင်ငံများကို ဂုဏ်ပြုချီးမွမ်းသည့်သီချင်းများ သီဆိုခြင်းကဲ့သို့သော ပိုမိုသိမ်မွေ့သည့် ရုပ်ပုံကိုးကွယ်ခြင်းပုံစံများကိုလည်း ရှောင်ကြဉ်ကြသည်။ ထိုသို့ပြုရန် ဖိအားပေးခံရသည့်အခါ စာတန်အား ယေရှုမိန့်တော်မူခဲ့သည့်စကားကို သူတို့သတိရကြသည်– “သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။” (မဿဲ ၄:၈-၁၀) ယေရှုက မိမိ၏နောက်တော်လိုက်များသည် ‘ဤလောကနှင့်မစပ်ဆိုင်’ ဟုမိန့်တော်မူ၏။ (ယောဟန် ၁၇:၁၄၊ သမ) ဤအချက်က နိုင်ငံရေးကိစ္စများ၌ ကြားနေ၍ ဟေရှာယ ၂:၄ နှင့်အညီငြိမ်သက်အေးချမ်းစွာ အသက်ရှင်နေထိုင်ခြင်း ဟူ၍အဓိပ္ပာယ်ရသည်။ ထိုကျမ်းချက်၌ ဤသို့ဆိုထားသည်– “ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင်၍ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့် သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”
၁၅။ မဟာဗာဗုလုန်ကား အဘယ်နည်း။ ကျမ်းစာသင်တန်းသားလူသစ်များစွာသည် မဟာဗာဗုလုန်မှထွက်ရန် အဘယ်သို့ ပြုကြသနည်း။
၁၅ ‘ဤလောကနှင့်မစပ်ဆိုင်’ ဟုဆိုရာ၌ မှောက်မှားသောဘာသာရေးဆိုင်ရာ ကမ္ဘာ့အင်ပါယာဖြစ်သော “မဟာဗာဗုလုန်” နှင့်ပေါင်းသင်းမှုမှန်သမျှကို ဖြတ်တောက်ရမည်ဟူ၍လည်း အဓိပ္ပာယ်ရသည်။ မစင်ကြယ်သောကိုးကွယ်မှုသည် ရှေးဗာဗုလုန်မှစတင်၍ ကမ္ဘာတစ်ဝန်းရှိလူတို့အပေါ် ဝိညာဉ်ရေးအရ ထိခိုက်နစ်နာစေသောသြဇာ လွှမ်းမိုးသည့်အထိ ပျံ့နှံ့လာခဲ့သည်။ “မဟာဗာဗုလုန်” ထဲတွင် ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် မကိုက်ညီသောအယူဝါဒများနှင့် ဓလေ့ထုံးစံများကိုသွန်သင်သည့် ဘာသာတရားအားလုံး အကျုံးဝင်သည်။ (ဗျာဒိတ် ၁၇:၁၊ ၅၊ ၁၅) ယေဟောဝါအား သစ္စာရှိစွာကိုးကွယ်သူသည် ဘာသာကွဲများနှင့်အတူ ကိုးကွယ်ခြင်း၊ မဟာဗာဗုလုန်၏ အစိတ်အပိုင်းတစ်ခုခုနှင့် ဝိညာဉ်ရေးအရ ပေါင်းသင်းခြင်းအားဖြင့် ယုံကြည်ခြင်းရောနှောသည့်လှုပ်ရှားမှုများတွင် ပါဝင်မည်မဟုတ်။ (တောလည်ရာ ၂၅:၁-၉; ၂ ကောရိန္သု ၆:၁၄) ထို့ကြောင့် ကျမ်းစာသင်တန်းသားလူသစ်များစွာသည် သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းထံ နုတ်ထွက်စာများ ပေးပို့ကြသည်။ ဤသို့ ဖြင့် သူတို့သည် “ထာဝရဘုရား မိန့်တော်မူပြန်သည်ကား၊ ‘သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည်လက်ခံမည်’” ဟူသောကတိတော်အတိုင်း မှန်သောဘုရားသခင်နှင့် ပို၍ရင်းနှီးလာကြသည်။ (၂ ကောရိန္သု ၆:၁၇; ဗျာဒိတ် ၁၈:၄၊ ၅) ကောင်းကင်ခမည်းတော်၏လက်သင့်ခံမှုသည် သင်ဆန္ဒပြင်းပြစွာလိုလားသည့် အရာပင်မဟုတ်လော။
နှစ်ပတ်လည်အထိမ်းအမှတ်ပွဲများကို ချင့်ချိန်ခြင်း
၁၆။ စစ်မှန်သောခရစ်ယာန်များသည် ခရစ္စမတ်ပွဲကို အဘယ်ကြောင့်မကျင်းပကြသနည်း။
၁၆ ဘုရားတရားကြည်ညိုသည့် အသက်တာသည် ဝန်ထုပ်ဝန်ပိုးသဖွယ်ဖြစ်စေတတ်သည့် လောကီအခါကြီးရက်ကြီးများ ကျင်းပရခြင်းမှ ကျွန်ုပ်တို့ကိုကင်းလွတ်စေသည်။ သာဓကအနေနှင့် ယေရှုဖွားမြင်တော်မူသည့်နေ့ရက် အတိအကျကို ကျမ်းစာက ဖော်ပြထားခြင်းမရှိပါ။ ‘ဒီဇင်ဘာလ ၂၅ ရက်နေ့မှာယေရှုမွေးတယ်လို့ထင်တာပဲ!’ ဟူ၍ အချို့ကဆိုကြမည်။ ကိုယ်တော်သည် စီ.အီး. ၃၃ ခု၊ နွေဦးရာသီ၊ သက်တော် ၃၃ နှစ်ခွဲတွင် အသေခံတော်မူခဲ့သောကြောင့် ထိုရက်စွဲတွင် ကိုယ်တော်ဖွားမြင်သည်မှာ မဖြစ်နိုင်ပါ။ ၎င်းပြင် ကိုယ်တော်မွေးဖွားချိန်၌ သိုးထိန်းတို့သည် “ညဉ့်အခါ တောအရပ်၌တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြ” သည်။ (လုကာ ၂:၈) ဣသရေလပြည်၌ ဒီဇင်ဘာလကုန်ပိုင်းသည် ချမ်းအေးသောမိုးရာသီဖြစ်သောကြောင့် သိုးများကို ဆောင်းဥတုဒဏ်မှ ကာကွယ်ပေးရန် ညဘက်တွင်အမိုးအကာအောက်၌ ထားရသည်။ အမှန်အားဖြင့် ဒီဇင်ဘာလ ၂၅ ရက်သည် ရောမလူမျိုးတို့က ၎င်းတို့၏နေနတ်ဘုရားမွေးနေ့အဖြစ် သီးသန့်ထားသောနေ့ဖြစ်သည်။ ယေရှုကမ္ဘာပေါ်နေထိုင်၍ ရာစုနှစ်များစွာကြာပြီးနောက်မှ . . . ထိုရက်စွဲကို ယေရှု၏မွေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပရန်ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ခရစ်ယာန်စစ်များသည် ခရစ္စမတ်ပွဲကိုလည်းကောင်း . . . ယုံကြည်ချက်များအပေါ် အခြေပြုသော မည်သည့်အခါကြီးရက်ကြီးကိုမျှ မကျင်းပကြချေ။ သူတို့သည် ယေဟောဝါအား သီးသန့်ဝတ်ပြုကိုးကွယ်သောကြောင့် အပြစ်ရှိသောလူသားများ သို့မဟုတ် တိုင်းနိုင်ငံများကို အထွတ်အမြတ်ထားသည့် အားလပ်ရက်များကိုလည်း စောင့်ထိန်းခြင်းမပြုကြချေ။
၁၇။ ဘုရားတရားကြည်ညိုသူတို့သည် မွေးနေ့ပါတီကို အဘယ်ကြောင့်မပြုလုပ်သနည်း။ မည်သို့ဆိုစေ ခရစ်ယာန်ကလေးသူငယ်များသည် အဘယ်ကြောင့်ပျော်ရွှင်ကြသနည်း။
၁၇ ကျမ်းစာ၌ မွေးနေ့ပွဲကျင်းပမှုနှစ်ခုကိုသာ တိတိပပဖော်ပြထားသည်။ နှစ်ခုစလုံးသည် ဘုရားသခင်ကိုဝတ်မပြု သူများနှင့်ပတ်သက်သည်။ (ကမ္ဘာဦး ၄၀:၂၀-၂၂; မဿဲ ၁၄:၆-၁၁) စုံလင်သောလူသား ယေရှုခရစ်ဖွားမြင်သည့်ရက်ကိုပင် ကျမ်းစာဖော်ပြခြင်းမရှိရကား မစုံလင်သောလူသားများ၏မွေးနေ့ကို ကျွန်ုပ်တို့အဘယ်ကြောင့် အထူးအရေးပေးရမည်နည်း။ (ဒေသနာ ၇:၁) ဘုရားတရားကြည်ညိုသော မိဘတို့သည် သားသမီးများကိုချစ်ကြောင်း ပြသရန်နေ့ထူးတစ်နေ့နေ့ကို စောင့်မျှော်ကြမည်မဟုတ်ပေ။ ၁၃ နှစ်အရွယ် ခရစ်ယာန်မိန်းကလေးတစ်ဦးက ဤသို့ပြောပြသည်– “သမီးတို့မိသားစုမှာ ပျော်စရာတွေအများကြီးပဲ . . . ဖေဖေမေမေတို့က သမီးကိုသိပ်ချစ်ကြတယ်။ သမီးကိုသူငယ်ချင်းတွေကအခါကြီးရက်ကြီးတွေ ဘာလို့မကျင်းပတာလဲလို့ မေးတဲ့အခါ သမီးနေ့တိုင်းကျင်းပနေတယ်လို့ ပြန်ဖြေလိုက်တယ်။” အသက် ၁၇ နှစ်အရွယ်ရှိခရစ်ယာန်လူငယ်တစ်ဦးကလည်း ဤသို့ဆိုသည်– “ကျွန်တော်တို့အိမ်ထောင်စုမှာ တစ်နှစ်ပတ်လုံး လက်ဆောင်ပေးကြတယ်။” လက်ဆောင်များကို လိုလိုလားလားပေးပါမှ ပို၍ပျော်ရွှင်ကြည်နူးကြရသည်။
၁၈။ အဘယ် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတစ်ခုကို ကျင်းပရန် တပည့်တော်များအား ယေရှုမိန့်မှာတော်မူခဲ့သနည်း။ ၎င်းသည် ကျွန်ုပ်တို့အား အဘယ်အရာကို သတိရစေသနည်း။
၁၈ ဘုရားတရားကြည်ညိုသော အသက်တာအတိုင်း သက်ရှင်သူတို့အဖို့ နှစ်စဉ်အထူးစောင့်ထိန်းရမည့် နေ့တစ်နေ့ရှိသည်။ ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ရာပွဲဟုခေါ်လေ့ရှိသော သခင့်ညစာစားပွဲပင်ဖြစ်သည်။ ထိုပွဲနှင့်ပတ်သက်၍ ယေရှုက တပည့်တော်များအား “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟူ၍ မိန့်မှာတော်မူခဲ့သည်။ (လုကာ ၂၂:၁၉၊ ၂၀; ၁ ကောရိန္သု ၁၁:၂၃-၂၅) စီ.အီး. ၃၃ ခု၊ နိသန်လ ၁၄ ရက်ည ၎င်းပွဲတော်ကိုစတင်ခဲ့စဉ်က ကိုယ်တော်သည် မိမိ၏အပြစ်မဲ့သော လူ့ခန္ဓာနှင့် စုံလင်သောအသွေးတော်တို့ကို ကိုယ်စားပြုသည့် တဆေးမပါသောမုန့်နှင့် အနီရောင်စပျစ်ရည်ကိုအသုံးပြုခဲ့သည်။ (မဿဲ ၂၆:၂၆-၂၉) ၎င်းအထိမ်းအမှတ်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသည့်ခရစ်ယာန်များက သုံးဆောင်ကြသည်။ သူတို့သည် ပဋိညာဉ်သစ်နှင့် နိုင်ငံတော်ပဋိညာဉ်အတွင်း ဆောင်သွင်းခြင်းခံရကြသဖြင့် ကောင်းကင်မျှော်လင့်ချက် ရှိကြသည်။ (လုကာ ၁၂:၃၂; ၂၂:၂၀၊ ၂၈-၃၀; ရောမ ၈:၁၆၊ ၁၇; ဗျာဒိတ် ၁၄:၁-၅) သို့သော်လည်း ရှေးဂျူးပြက္ခဒိန်မှ နိသန်လ ၁၄ ရက်နေ့နှင့်ကိုက်ညီသည့်နေ့ ညနေပိုင်းတွင် တက်ရောက်ကြသူအားလုံး အကျိုးကျေးဇူးများ ခံစားရကြသည်။ သူတို့သည် ဘုရားသခင့်စိတ်တော်တွေ့သူတို့အဖို့ ထာဝရအသက်ရရှိစေသည့် အပြစ်ဖြေရာ ရွေးဖိုးပူဇော်သကာ ပြင်ဆင်ပေးရာ၌ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ ပြသခဲ့သည့် မေတ္တာတော်ကို ပြန်လည်သတိရရှိကြသည်။—မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆။
အလုပ်အကိုင်နှင့် ဖျော်ဖြေမှု
၁၉။ အသက်မွေးဝမ်းကြောင်းပြုရာ၌ အဘယ်စိန်ခေါ်ချက်များကို ခရစ်ယာန်တို့ရင်ဆိုင်ရသနည်း။
၁၉ ခရစ်ယာန်စစ်တို့သည် ဘဝရပ်တည်ရေးအတွက် ကြိုးစားအလုပ်လုပ်ရန် တာဝန်ရှိသည်။ အိမ်ထောင်ဦးစီးတို့သည် ဤတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ကျေနပ်ရောင့်ရဲမှု ရရှိကြသည်။ (၁ သက်သာလောနိတ် ၄:၁၁၊ ၁၂) ခရစ်ယာန်တစ်ဦး၏ အလုပ်အကိုင်သည် ကျမ်းစာနှင့် ဆန့်ကျင်နေမည်ဆိုလျှင် သူမုချပျော်ရွှင်မည်မဟုတ်။ သို့သော် တစ်ခါတစ်ရံ ကျမ်းစာစံနှုန်းများနှင့် ကိုက်ညီသည့်အလုပ်မျိုးရရန် ခရစ်ယာန်တစ်ဦးအဖို့ အခက်အခဲရှိတတ်သည်။ သာဓကအားဖြင့် အချို့အလုပ်သမားများသည် ဖောက်သည်များကို လှည့်ဖြားရသည်။ တစ်ဖက်တွင် အချို့အလုပ်ရှင်တို့သည် ယုံကြည်စိတ်ချရသောအလုပ်သမားတစ်ဦးကို ဆုံးရှုံးမခံလိုသောကြောင့် ရိုးသားသောအလုပ်သမား၏ ဩတ္တပ္ပစိတ်နှင့် လိုက်လျောညီထွေဖြစ်အောင် လျှော့ပေးတတ်သည်။ သို့သော် မည်သည့်အခြေအနေ ပေါ်ပေါက်စေကာမူ ဩတ္တပ္ပစိတ်ကြည်လင်မည့် အလုပ်ကိုတွေ့ရှိရန် ရိုးသားစွာကြိုးစားရှာဖွေသည်ကို ဘုရားသခင် ကောင်းချီးပေးတော်မူမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။—၂ ကောရိန္သု ၄:၂။
၂၀။ ခရစ်ယာန်တို့သည် ဖျော်ဖြေမှုရွေးချယ်ရာ၌ အဘယ်ကြောင့် စိစစ်ရွေးချယ်သင့်သနည်း။
၂၀ ယေဟောဝါသည်မိမိ၏အမှုတော်ထမ်းများကို ပျော်ရွှင်စေလိုသည်ဖြစ်ရာ ကျွန်ုပ်တို့အနေဖြင့်ပင်ပန်းစွာလုပ်ဆောင်ခြင်းကို အပန်းဖြေခြင်းနှင့်အနားယူခြင်းဖြစ်သည့် ပြန်လည်လန်းဆန်းစေသော အချိန်အခါများနှင့် မျှမျှတတရှိစေရန်လိုအပ်သည်။ (မာကု ၆:၃၁; ဒေသနာ ၃:၁၂၊ ၁၃) စာတန့်လောကသည် ဘုရားတရားမဲ့သည့်ဖျော်ဖြေမှုကို အားပေးသည်။ ထို့ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် ဖတ်ရှုသည့်စာအုပ်များ၊ နားထောင်သည့် အသံလွှင့်အစီအစဉ်များနှင့် တေးသီချင်းများ၊ ကြည့်ရှုသည့် တေးဂီတဖျော်ဖြေပွဲ၊ ရုပ်ရှင်၊ ပြဇာတ်၊ ရုပ်မြင်သံကြားအစီအစဉ်နှင့် ဗီဒီယိုတို့နှင့်ပတ်သက်၍ စိစစ်ရွေးချယ်တတ်ရန်လိုသည်။ အတိတ်က ရွေးချယ်ခဲ့သည့်ဖျော်ဖြေမှုသည် တရားဟောရာ ၁၈:၁၀-၁၂၊ ဆာလံ ၁၁:၅ နှင့် ဧဖက် ၅:၃-၅ ကဲ့သို့သောကျမ်းချက်များမှ သတိပေးချက်များနှင့် ဆန့်ကျင်နေပါက လိုအပ်သလိုပြုပြင်ပြောင်းလဲမည်ဆိုလျှင် ကျွန်ုပ်တို့ပို၍ပျော်ရွှင်လာပေမည်။
အသက်နှင့်သွေးကို လေးမြတ်ခြင်း
၂၁။ အသက်ကိုလေးမြတ်ခြင်းသည် သန္ဓေဖျက်ချခြင်းဆိုင်ရာ ကျွန်ုပ်တို့၏အမြင်မှစ၍ ကျွန်ုပ်တို့၏အလေ့အထနှင့် အပြုအမူများအပေါ် မည်သို့သက်ရောက်မှု ရှိသင့်သနည်း။
၂၁ စစ်မှန်သောပျော်ရွှင်မှုရယူလိုသော် လူ့အသက်ကိုမြင့်မြတ်သောအရာအဖြစ် ယေဟောဝါရှုမြင်သည့်အတိုင်း ရှုမြင်ရန်လိုသည်။ ကိုယ်တော့်နှုတ်ကပါဌ်တော်က လူ့အသက်သတ်ခြင်းကို တားမြစ်သည်။ (မဿဲ ၁၉:၁၆-၁၈) အမှန်ဆိုလျှင် ဣသရေလလူမျိုးအားပေးခဲ့သည့် ပညတ်တရား၌ သန္ဓေသားကိုပင် အဖိုးတန်သောအသက်အဖြစ် ကိုယ်တော်ရှုမြင်ကြောင်း—ဖျက်ဆီးပစ်ရသည့်အရာ မဟုတ်ကြောင်း—ပြဆိုထားသည်။ (ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃) ထို့ကြောင့် ကျွန်ုပ်တို့သည် ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေး သို့မဟုတ် အရက်ယမကာသုံးစွဲခြင်း၊ သို့တည်းမဟုတ် မလိုအပ်သည့်အရဲစွန့်မှုများ ပြုလုပ်ခြင်းအားဖြင့် အသက်ကို အပေါစားပစ္စည်းအဖြစ် သဘောမထားသင့်ပေ။ ကျွန်ုပ်တို့သည် အသက်အန္တရာယ်ရှိသော လိုက်စားမှုများ၌ မပါဝင်သင့်သကဲ့သို့ သွေးသွန်းပြစ်ရောက်စေနိုင်သည့်အထိ ဘေးဆီးရန်ကာမှုများကိုလျစ်လျူရှုခြင်းလည်း မပြုသင့်ပေ။—တရားဟောရာ ၂၂:၈။
၂၂။ (က) အသွေးနှင့် ယင်းကိုအသုံးပြုပုံဆိုင်ရာ ဘုရားတရားအမြင်ကား အဘယ်နည်း။ (ခ) မည်သူ၏အသွေးတစ်ခုတည်းသာ အသက်ကိုအမှန်ကယ်တင်နိုင်သနည်း။
၂၂ သွေးသည် စိုးလ် သို့မဟုတ် အသက်ကိုကိုယ်စားပြုကြောင်း၊ မည်သည့်သွေးကိုမျှ စားခွင့်မရှိကြောင်း ယေဟောဝါက နောဧနှင့် သူ၏မိသားစုကို မိန့်မှာတော်မူ၏။ (ကမ္ဘာဦး၉:၃၊ ၄) ကျွန်ုပ်တို့အားလုံးသည် သူတို့၏သားစဉ်မြေးဆက်များ ဖြစ်ကြရကား ထိုပညတ်ကိုလိုက်နာရန် အားလုံး၌တာဝန်ရှိသည်။ သွေးကိုမြေပေါ်သွန်ပစ်ရမည်၊ ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် အသုံးမပြုရဟု ဣသရေလလူတို့ကို ဘုရားသခင်မိန့်မှာတော်မူ၏။ (တရားဟောရာ ၁၂:၁၅၊ ၁၆) ပထမရာစု ခရစ်ယာန်များအား “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟုညွှန်ကြားခဲ့စဉ်က သွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကို ထပ်၍ပေးခဲ့သည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဘုရားတရားကြည်ညိုသူတို့သည် အသက်၏မြင့်မြတ်သန့်ရှင်းမှုကို လေးစားသောကြောင့် သွေးသွင်းခြင်းသည် အသက်ကယ်ခြင်းဖြစ်သည်ဟု အခြားသူတို့က အတင်းအကျပ်ပြောဆိုစေကာမူ သွေးသွင်းခြင်းကို လက်ခံမည်မဟုတ်။ ယေဟောဝါသက်သေများလက်ခံသည့် ဆေးဘက်ဆိုင်ရာအခြားရွေးချယ်စရာအများသည် အလွန်ထိရောက်မှုရှိပြီး၊ သွေးသွင်းခြင်းအန္တရာယ်များနှင့်လည်း ကင်းရှင်းကြောင်းတွေ့ရှိရသည်။ ယေရှုသွန်းတော်မူသည့် အသွေးတော်တစ်ခုတည်းသာ အသက်ကိုအမှန်ကယ်တင်နိုင်ကြောင်း ခရစ်ယာန်များသိရှိကြသည်။ ယင်းကိုယုံကြည်လျှင် အပြစ်လွှတ်ခြင်းနှင့် ထာဝရအသက်မျှော်လင့်ချက် ရရှိမည်။—ဧဖက် ၁:၇။
၂၃။ ဘုရားတရားကြည်ညိုသည့် အသက်တာလမ်းစဉ်မှရရှိသည့် ဆုကျေးဇူးအချို့ကား အဘယ်နည်း။
၂၃ ဘုရားတရားကြည်ညိုသောအသက်တာဖြင့် သက်ရှင်နိုင်ရန် လုံ့လစိုက်ထုတ်ရမည်မှာ ရှင်းနေသည်။ မိသားစုဝင်များ၊ အသိအကျွမ်းများ၏ ပြက်ရယ်ပြုခြင်း ခံရကောင်းခံရမည်။ (မဿဲ ၁၀:၃၂-၃၉; ၁ ပေတရု ၄:၄) သို့သော် ဤသို့သက်ရှင်ခြင်းဖြင့် ရရှိသည့်ဆုလာဘ်ကား မည်သည့်စုံစမ်းမှုထက်မဆို အလေးသာပါသည်။ ကြည်လင်သောသြတ္တပ္ပစိတ် ရရှိစေသည့်အပြင် ယေဟောဝါအား ကိုးကွယ်သူချင်းတို့နှင့်လည်း ကောင်းကျိုးဖြစ်ထွန်းသော ပေါင်းသင်းဆက်ဆံမှုရရှိစေသည်။ (မဿဲ ၁၉:၂၇၊ ၂၉) ထို့ပြင်၊ ဘုရားသခင့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ရခြင်းကိုလည်း စဉ်းစားလိုက်ပါဦး! (ဟေရှာယ ၆၅:၁၇၊ ၁၈) ကျမ်းစာသြဝါဒကိုလိုက်နာ၍ ယေဟောဝါ၏စိတ်တော်ကို ရွှင်ပြုံးစေခြင်းသည် မည်မျှ ရွှင်လန်းဖွယ် ကောင်းမည်တကား! (သု. ၂၇:၁၁) ဘုရားတရားကြည်ညိုသည့်အသက်တာဖြင့် သက်ရှင်ခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုရရှိစေသည်မှာ အံ့ဩစရာမဟုတ်ပေ!—ဆာလံ ၁၂၈:၁၊ ၂။
သင်၏အသိပညာကို စစ်ဆေးခြင်း
ဘုရားတရားကြည်ညိုသည့် အသက်တာဖြင့် သက်ရှင်ခြင်းကြောင့် ပျော်ရွှင်ချမ်းမြေ့ရသည့် အကြောင်းအချို့ကား အဘယ်နည်း။
ဘုရားတရားကြည်ညိုသော အသက်တာဖြင့်သက်ရှင်ဖို့ အဘယ်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်လာဖွယ်ရှိသနည်း။
ဘုရားတရားကြည်ညိုသည့် အသက်တာဖြင့် သင်အဘယ်ကြောင့် သက်ရှင်လိုသနည်း။
[စာမျက်နှာ ၁၂၅ ပါ ရုပ်ပုံ]
ဝိညာဏလှုပ်ရှားမှုများနှင့် အပန်းဖြေသည့်အချိန်တို့ကို ဟန်ချက်ညီညီထားရှိခြင်းသည် ဘုရားတရားကြည်ညိုသည့် အသက်တာဖြင့် သက်ရှင်သူတို့၏ ပျော်ရွှင်ချမ်းမြေ့မှုကို တိုးပွားစေသည်