အခန်း နှစ်
အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
၁၊ ၂။ (က) စီမံကိန်းရေးဆွဲခြင်း၏အရေးကြီးမှုကို ယေရှုမည်သို့အလေးပြု ဟောကြားတော်မူသနည်း။ (ခ) အဘယ်ကဏ္ဍတွင် စီမံကိန်းရေးဆွဲရန် အထူးအရေးကြီးသနည်း။
အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်အတွက် သေသေချာချာပြင်ဆင်ရန်လိုအပ်သည်။ အုတ်မြစ်မချမီ မြေနေရာရှာရမည်၊ ပုံစံဆွဲရမည်။ သို့သော် အရေးကြီးသည့်အချက်တစ်ချက်ရှိသေးသည်။ ယေရှုက “သင်တို့တွင်တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမချင့်တွက်ဘဲနေမည်လော” ဟုမိန့်တော်မူ၏။—လုကာ ၁၄:၂၈။
၂ အဆောက်အအုံတစ်ခုဆောက်လုပ်ရာ၌ လိုက်နာရသည့်စည်းမျဉ်းများသည် အောင်မြင်သည့်အိမ်ထောင် တည်ဆောက်ရာ၌လည်း သက်ဆိုင်ပေသည်။ “အိမ်ထောင်ပြုချင်တယ်” ဟုလူအများပြောကြသည်။ သို့သော် မည်မျှသောသူတို့က ခေတ္တရပ်တန့်၍ ကုန်ကျစရိတ်ကိုချင့်တွက်ကြသနည်း။ ကျမ်းစာက အိမ်ထောင်ပြုခြင်းကို နှစ်လိုဖွယ်ကောင်းသောအရာအဖြစ်ဆိုသော်လည်း အိမ်ထောင်ပြုခြင်းကြောင့် ဖြစ်ပေါ်တတ်သည့်စိန်ခေါ်ချက်များအကြောင်းကိုလည်း သတိပေးထားသည်။ (သု. ၁၈:၂၂; ၁ ကောရိန္သု ၇:၂၈) ထို့ကြောင့်၊ အိမ်ထောင်ပြုရန် စဉ်းစားနေသူတို့အနေဖြင့် အိမ်ထောင်ပြုလိုက်ခြင်းဖြင့်ရရှိမည့် ကောင်းချီးနှင့်ဆုံးရှုံးမှုနှစ်ရပ်စလုံးကို လက်တွေ့ကျကျမြင်တတ်ဖို့လိုသည်။
၃။ အိမ်ထောင်ပြုရန် စီစဉ်နေသူတို့အဖို့ ကျမ်းစာသည် အဖိုးတန်သောအထောက်အကူ အဘယ်ကြောင့်ဖြစ်သနည်း။ အဘယ်မေးခွန်းသုံးချက်ကို ကျမ်းစာက ကူညီဖြေရှင်းပေးမည်နည်း။
၃ ဤနေရာ၌ ကျမ်းစာကအကူအညီပေးနိုင်ပါသည်။ ကျမ်းစာ၌ပါသောသြဝါဒများသည် အိမ်ထောင်ပြုခြင်းကို အစတီထွင်သောအရှင် ယေဟောဝါဘုရားသခင် မှုတ်သွင်းတော်မူရာများဖြစ်သည်။ (ဧဖက် ၃:၁၄၊ ၁၅; ၂ တိမောသေ ၃:၁၆) ရှေးကျသော်လည်း အလွန်တရာခေတ်မီသော ဤလမ်းညွှန်စာအုပ်မှမူများကိုသုံးစွဲလျက် (၁) လူတစ်ဦးအနေဖြင့် မိမိအိမ်ထောင်ပြုရန် အဆင်သင့်ရှိမရှိ မည်သို့သိနိုင်သနည်း၊ (၂) အိမ်ထောင်ဖက်တစ်ဦးအပေါ် အဘယ်အရာမျှော်လင့်အပ်သနည်း၊ (၃) ပိုးပန်းခြင်းကို ဂုဏ်သရေရှိရှိ မည်သို့ထိန်းနိုင်သနည်း ဟူသောအကြောင်းများကို စိစစ်ကြည့်ကြပါစို့။
သင်အိမ်ထောင်ပြုရန် အဆင်သင့်ရှိပြီလော
၄။ အောင်မြင်သောအိမ်ထောင်တစ်ခု ထိန်းသိမ်းရာ၌ အရေးကြီးသောအချက်တစ်ချက်ကား အဘယ်နည်း။ အဘယ်ကြောင့်နည်း။
၄ အဆောက်အအုံတစ်ခုဆောက်လုပ်ခြင်းသည် အကုန်အကျများတတ်သော်လည်း ၎င်းကို ရေရှည်ထိန်းသိမ်းရန်အတွက်လည်း အလားတူပင် အကုန်အကျကြီးမားလှသည်။ အိမ်ထောင်ပြုခြင်းသည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ အိမ်ထောင်ပြုခြင်း၌ စိန်ခေါ်ချက်များစွာရှိသော်လည်း အိမ်ထောင်ရေးကို တစ်နှစ်ပြီးတစ်နှစ် ထိန်းသိမ်းသွားရန်ကိုလည်း ထည့်သွင်းစဉ်းစားအပ်သည်။ ထိုသို့သောဆက်ဆံရေးကိုထိန်းသိမ်းရာ၌ အဘယ်အရာလိုအပ်သနည်း။ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ပါလက်ပါ ကတိကဝတ်ပြုခြင်းပင်ဖြစ်သည်။ အိမ်ထောင်ရေးအကြောင်းကို ကျမ်းစာကဤသို့ဖော်ပြသည်– “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။” (ကမ္ဘာဦး ၂:၂၄) လင်မယားကွာရှင်း၍ နောက်အိမ်ထောင်ပြုနိုင်ခွင့်ရှိစေသည့် တစ်ခုတည်းသော ကျမ်းစာအခြေခံအကြောင်းရင်းမှာ “မတရားသောမေထုန်” ဖြစ်ကြောင်း ယေရှုခရစ်က ထောက်ပြတော်မူ၏။ မတရားသောမေထုန်ဆိုသည်မှာ အိမ်ထောင်ဖက်မဟုတ်သူနှင့် တရားမဝင်လိင်ဆက်ဆံခြင်းဖြစ်သည်။ (မဿဲ ၁၉:၉၊ သမ) သင်သည် အိမ်ထောင်ပြုရန်စိတ်ကူးနေပါက ဤကျမ်းစာစံနှုန်းများကို စိတ်ထဲစွဲမှတ်ပါ။ သင်သည် လေးနက်တည်ကြည်သည့် ဤကတိကဝတ်အတွက် အဆင်သင့်မရှိပါက အိမ်ထောင်ပြုရန် အဆင်သင့်မဖြစ်သေးပေ။—တရားဟောရာ ၂၃:၂၁; ဒေ. ၅:၄၊ ၅။
၅။ လေးနက်တည်ကြည်သည့် ကတိကဝတ်ပြုခြင်းသည် လူအချို့အဖို့ ထိတ်လန့်စရာဖြစ်သော်လည်း အိမ်ထောင်ပြုရန် ရည်ရွယ်ထားသူတို့အနေဖြင့် ယင်းကိုအဘယ်ကြောင့် အလေးအနက် တန်ဖိုးထားသင့်သနည်း။
၅ လေးနက်တည်ကြည်သည့် ကတိကဝတ်ပြုခြင်းအကြောင်း တွေးလိုက်သည်နှင့် လူအများထိတ်လန့်သွားကြသည်။ “ကျွန်တော်တို့နှစ်ယောက် တစ်သက်လုံးပေါင်းသွားရမယ်ဆိုတဲ့အသိကြောင့် အချုပ်ခံရသလို၊ ချောင်ပိတ်ခံရသလို၊ အကျဉ်းချခံရသလို ခံစားမိတယ်” ဟူ၍ လူငယ်တစ်ဦးကဝန်ခံခဲ့သည်။ သို့သော် အိမ်ထောင်ပြုရန်ရည်မှန်းထားသူကို သင်တကယ်ချစ်မည်ဆိုလျှင် ကတိကဝတ်ပြုခြင်းကို ဝန်ထုပ်ဝန်ပိုးအဖြစ် မြင်တော့မည်မဟုတ်ဘဲ လုံခြုံရေးအာမခံချက်အဖြစ်ပင် မြင်လာပေမည်။ အိမ်ထောင်ရေးကတိကဝတ်ပြုခြင်းသည် ဇနီးမောင်နှံတို့အား အေးအတူပူအမျှ အတူနေလိုစိတ်ရှိအောင်၊ အခြေအနေမည်သို့ပင် ဖြစ်လာစေကာမူ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်ရှိအောင် ထောက်ကူပေးပေမည်။ မေတ္တာစစ်သည် “ခပ်သိမ်းသောအရာကိုခံတတ်၏၊” “ခပ်သိမ်းသောအရာကိုသည်းခံတတ်၏” ဟု ခရစ်ယာန်တမန်တော်ပေါလုက ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၃:၄၊ ၇၊ သမ္မာ) “အိမ်ထောင်ရေးကတိကဝတ်ပြုခြင်းဟာ ကျွန်မရဲ့စိတ်ထဲမှာ ပိုပြီးလုံခြုံမှုဖြစ်ပေါ်စေတယ်။ ကျွန်မတို့ အတူပေါင်းသင်းနေထိုင်ဖို့ ရည်ရွယ်ထားကြောင်း ကျွန်မတို့နှစ်ယောက် အချင်းချင်းမက တစ်လောကလုံးကိုပါ အသိပေးလိုက်တာကို ကျွန်မအထူးကျေနပ်နှစ်သိမ့်မိပါတယ်” ဟု အမျိုးသမီးတစ်ဦးကဆိုသည်။—ဒေ. ၄:၉-၁၂။
၆။ ငယ်ငယ်ရွယ်ရွယ်နှင့် အလျင်စလို အိမ်ထောင်မပြုခြင်းသည် အဘယ်ကြောင့် အကောင်းဆုံးဖြစ်သနည်း။
၆ ဤကဲ့သို့သောကတိကဝတ်နှင့်အညီ နေထိုင်ရန်ဆိုသည်မှာ ရင့်ကျက်မှုရှိရန်လိုအပ်သည်။ ထို့ကြောင့်တမန်တော်ပေါလုက ခရစ်ယာန်များအနေဖြင့် “နုပျိုပွင့်လန်းသည့်အရွယ်လွန်” ပြီးမှ အိမ်ထောင်ပြုလျှင်ပိုကောင်းသည်ဟု ဆုံးမထားသည်။ ထိုအရွယ်တွင် လိင်စိတ်ပြင်းပြသဖြင့် ချင့်ချိန်နိုင်စွမ်း လွဲမှားတတ်၍ဖြစ်သည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) လူငယ်လူရွယ်များသည် ကြီးပြင်းလာသည်နှင့်အမျှ ပြောင်းလဲမှုမြန်ဆန်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခဲ့သူအများသည် နှစ်အနည်းငယ်ကြာပြီးနောက် ၎င်းတို့ကိုယ်တိုင်၏လိုအင်ဆန္ဒများသာမက ၎င်းတို့အိမ်ထောင်ဖက်၏ လိုအင်ဆန္ဒများပင် ပြောင်းလဲသွားသည်ကိုတွေ့ ရှိကြသည်။ ဆယ်ကျော်သက်အရွယ်တွင် အိမ်ထောင်ပြုသူတို့သည် ပို၍အသက်ကြီးမှ အိမ်ထောင်ပြုသူတို့နှင့်စာလျှင် အိမ်ထောင်မသာမယာပို၍ဖြစ်တတ်ပြီး ပို၍လည်းလင်မယားကွာရှင်းတတ်ကြကြောင်း ကိန်းဂဏန်းများကပြဆိုသည်။ ထို့ကြောင့် အလျင်စလို အိမ်ထောင်မပြုပါနှင့်။ အရွယ်ရောက်လူလားမြောက်ပြီးနောက် တစ်ကိုယ်ရေတစ်ကာယဘဝဖြင့် နှစ်အတန်ကြာနေခြင်းဖြင့် သင့်အားပိုမိုရင့်ကျက်မှုရှိစေပြီး အိမ်ထောင်ရှင်ကောင်းတစ်ဦးဖြစ်ရန် ပိုမိုအရည်အချင်းပြည့်စုံစေမည့် အဖိုးတန်သောအတွေ့အကြုံများ ရရှိစေနိုင်သည်။ အိမ်ထောင်ပြုရန် အချိန်ဆွဲထားခြင်းဖြင့် သင့်ကိုယ်ကို သင်ကောင်းစွာနားလည်ရန်ပါ အထောက်အကူပေးသည်။ အိမ်ထောင်သည်ဘဝ၌ အောင်မြင်သောဆက်ဆံရေး ထူထောင်လိုပါက မိမိကိုယ်ကိုကောင်းစွာနားလည်ရန် အထူးအရေးကြီးသည်။
မိမိကိုယ်ကိုနားလည်အောင် ဦးစွာကြိုးစားပါ
၇။ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူတို့အနေဖြင့် အဘယ်ကြောင့် မိမိကိုယ်ကို ဦးစွာဆန်းစစ်သင့်သနည်း။
၇ အိမ်ထောင်ဖက်တွင် ရှိစေချင်သည့်အရည်အချင်းများကို တန်းစီရေးချရန်လွယ်ကူကြောင်း သင်တွေ့ရှိသလော။ အများသောသူတို့က လွယ်ကူကြောင်းတွေ့ရှိကြသည်။ သို့ရာတွင် သင်ကိုယ်တိုင်၏အရည်အချင်းနှင့်ပတ်သက်၍ကော။ အောင်မြင်သောအိမ်ထောင်တစ်ခုဖြစ်မြောက်ရန် အထောက်အကူပြုသည့် အဘယ်စရိုက်များ သင်၌ရှိသနည်း။ သင်သည် မည်သို့သောလင်သား သို့မဟုတ် မယားအမျိုးအစားဖြစ်လာမည်နည်း။ သာဓကအနေဖြင့် သင်သည် မိမိအမှားများကို ရှောရှောရှူရှူဝန်ခံ၍ အကြံပြုချက်ကို လက်ခံတတ်သလော။ ဆုံးမပဲ့ပြင်ခံရသည့်အခါ၌ အမြဲတမ်း ခုခံကာကွယ်ပြောတတ်သလော။ သင်သည် အများအားဖြင့် ကြည်လင်ရွှင်ပျ၍ အကောင်းမြင်တတ်သူဖြစ်သလော။ သို့မဟုတ် မှိုင်တွေနေတတ်သူ၊ မကြာခဏ ညည်းညူတတ်သူဖြစ်သလော။ (သု. ၈:၃၃; ၁၅:၁၅) အိမ်ထောင်ပြုခြင်းသည် သင့်ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲသွားစေမည်မဟုတ်ကြောင်း သတိရပါ။ လူလွတ်ဘဝ၌ သင်သည် မာနကြီးသူ၊ အလွန်စိတ်ထိခိုက်လွယ်သူ၊ သို့မဟုတ်အလွန်တရာ အဆိုးမြင်တတ်သူဖြစ်ပါက အိမ်ထောင်ကျပြီးနောက်လည်း ထိုအတိုင်းပင်ဖြစ်မည်။ မိမိကိုယ်ကို သူတစ်ပါးမြင်သကဲ့သို့ မြင်တတ်ရန် မလွယ်ကူသောကြောင့် မိဘထံမှဖြစ်စေ၊ အားကိုးလောက်သော မိတ်ဆွေတစ်ဦးထံမှဖြစ်စေ ပွင့်လင်းသည့်ဝေဖန်ချက်နှင့် အကြံပြုချက်များကို တောင်းဆိုကြည့်ပါလေ။ သင်ပြုလုပ်နိုင်သည့် ပြောင်းလဲမှုများရှိပါက ယင်းတို့ကိုကြိုးစားပြုပြင်ပြီးမှ အိမ်ထောင်ပြုရန်စဉ်းစားပါ။
၈-၁၀။ အိမ်ထောင်ရေးအတွက်ပြင်ဆင်ရာ၌ လူတစ်ဦးစီအား အထောက်အကူပြုသည့် အဘယ်ဆုံးမစကားများကို ကျမ်းစာကပေးထားသနည်း။
၈ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း” အစရှိသောအရည်အချင်းများကို မွေးမြူရေးအတွက် ကျွန်ုပ်တို့အပေါ် ဘုရားသခင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခွင့်ပြုပါရန် ကျမ်းစာက အားပေးတိုက်တွန်းထားသည်။ “စိတ်သဘောကိုလှုံ့ဆော်သည့်စွမ်းအားဖြင့် အသစ်ပြုပြင်” ရန်နှင့် “မှန်သောဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းအားဖြင့် ဘုရားသခင့်အလိုတော်နှင့်အညီ ဖန်ဆင်းသောဥပဓိရုပ်သစ်ကို ဝတ်ဆင်” ရန်လည်းမိန့်မှာထားသည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ ကဘ; ဧဖက် ၄:၂၃၊ ၂၄၊ ကဘ) လူလွတ်ဘဝ၌ ဤဆုံးမစကားအတိုင်းလိုက်လျှောက်ပါက ဘဏ်တွင်ငွေစုသည်နှင့်တူသည်။ အနာဂတ်တွင် သင်အိမ်ထောင်ပြုသည့်အခါ အလွန်အဖိုးတန်သောအရာ ဖြစ်လာပေမည်။
၉ သာဓကအားဖြင့် သင်သည်အမျိုးသမီးဖြစ်လျှင် ရုပ်ဆင်းရူပကာထက် “စိတ်နှလုံး၏အတွင်းလူ” ကိုပို၍ဂရုစိုက်တတ်အောင်သင်ယူပါ။ (၁ ပေတရု ၃:၃၊ ၄) ဣန္ဒြေစောင့်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းတို့က သင့်အား “ကျက်သရေသရဖူ” အစစ်ဖြစ်သည့်ဉာဏ်ပညာ ရှိစေရန်ထောက်ကူလိမ့်မည်။ (သု. ၄:၉၊ ကဘ; ၃၁:၁၀၊ ၃၀; ၁ တိမောသေ ၂:၉၊ ၁၀) သင်သည်အမျိုးသားဖြစ်ပါက အမျိုးသမီးများကို ကြင်နာလေးစားစွာ ဆက်ဆံတတ်အောင်သင်ယူပါ။ (၁ တိမောသေ ၅:၁၊ ၂) ဆုံးဖြတ်ချက်ချတတ်အောင်၊ တာဝန်ထမ်းတတ်အောင် တစ်ဖက်ကသင်ကြားရင်း တစ်ဖက်တွင် ခပ်လျှိုလျှိုနေတတ်အောင်၊ စိတ်နှိမ့်ချမှုရှိအောင်ပါသင်ယူပါ။ ကြီးစိုးခြယ်လှယ်တတ်သည့်သဘောထားသည် အိမ်ထောင်သည်ဘဝ၌ ပြဿနာတက်စေတတ်သည်။—သု. ၂၉:၂၃; မိက္ခာ ၆:၈; ဧဖက် ၅:၂၈၊ ၂၉။
၁၀ ဤကိစ္စများ၌ စိတ်သဘောကိုပြုပြင်ပြောင်းလဲရန် မလွယ်ကူသော်လည်းခရစ်ယာန်အားလုံး ကြိုးစားအားထုတ်သင့်သည့်အပိုင်းဖြစ်ပေသည်။ သို့ပြုလျှင် သင့်အားအိမ်ထောင်ဖက်ကောင်းဖြစ်အောင် ထောက်ကူပေမည်။
အိမ်ထောင်ဖက်တစ်ဦးအပေါ် မျှော်လင့်အပ်သောအရာ
၁၁၊ ၁၂။ လူနှစ်ဦးသည် မိမိတို့လိုက်ဖက်မှုရှိမရှိ မည်သို့သိနိုင်သနည်း။
၁၁ သင့်ဒေသ၌ မိမိ၏အိမ်ထောင်ဖက်ကို မိမိစိတ်ကြိုက် ရွေးချယ်သည့်ဓလေ့ရှိသလော။ ရှိသည်ဆိုပါက စွဲမက်စရာ ဆန့်ကျင်ဘက်လိင်ရှင်တစ်ဦးဦးကိုတွေ့လျှင် သင်မည်သို့ဆက်လုပ်သင့်သနည်း။ ‘အိမ်ထောင်ပြုရန် တကယ်ရည်ရွယ်ပါသလား’ ဟု မိမိကိုယ်ကို ဦးစွာမေးကြည့်ပါ။ တကယ်မဟုတ်သည့်မျှော်လင့်ချက်ပေးပြီး တစ်ဖက်သား၏နှလုံးသားကို လှည့်စားကစားခြင်းသည် ရက်စက်ခြင်းဖြစ်သည်။ (သု. ၁၃:၁၂) ထိုနောက် ‘ကျွန်တော်အိမ်ထောင်ပြုနိုင်သည့်အရွယ် ရောက်ပြီလား’ ဟူ၍မိမိကိုယ်ကိုထပ်၍မေးကြည့်ပါ။ ဤမေးခွန်းနှစ်ခုစလုံးအတွက် ဟုတ်သည်ဟုအဖြေထွက်လျှင် ရှေ့ဆက်တက်လှမ်းရမည့်ခြေလှမ်းများမှာ သင့်အရပ်ဒေသ၏ ထုံးစံဓလေ့ပေါ်တွင် မူတည်ပါသည်။ အချို့နိုင်ငံများ၌ လူတစ်ဦးကို အတန်ကြာ လေ့လာအကဲခတ်ပြီးနောက် ထိုပုဂ္ဂိုလ်ထံချဉ်းကပ်၍ ရင်းနှီးခင်မင်လိုသောဆန္ဒရှိကြောင်း ဖွင့်ဟပြောပြနိုင်သည်။ တစ်ဖက်သားက လက်မခံလျှင် အမြင်ကတ်စရာကောင်းလောက်သည့်အထိ ဇွတ်တိုးမလုပ်ပါနှင့်။ တစ်ဖက်သားတွင်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ကို မမေ့ပါနှင့်။ တစ်ဖက်သူကလက်ခံလျှင် သင်တို့သည် ကောင်းကျိုးပြုသော လှုပ်ရှားဆောင်ရွက်မှုများအတွက် အတူတကွလုပ်ဆောင်ရန် အစီအစဉ်ပြုလုပ်နိုင်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းပုဂ္ဂိုလ်နှင့် အိမ်ထောင်ပြုသင့်မသင့် လေ့လာနိုင်ခွင့်ရရှိပေမည်။a ဤအဆင့်တွင် အဘယ်အရာကို သင်မျှော်လင့်သင့်သနည်း။
၁၂ ဤမေးခွန်းကိုဖြေဆိုရန် တူရိယာနှစ်မျိုးကို စဉ်းစားကြည့်လိုက်ပါ။ စန္ဒယားနှင့်ဂီတာဆိုကြပါစို့။ ၎င်းတို့ကို ကျကျနန အသံညှိထားမည်ဆိုလျှင် နှစ်ခုစလုံးသည် သာယာငြိမ့်ညောင်းသော တေးသံသာထွက်ပေါ်နိုင်သည်။ သို့သော် ၎င်းတူရိယာနှစ်ခုကို ပြိုင်တူတီးမှုတ်မည်ဆိုပါက မည်သို့ဖြစ်မည်နည်း။ ယခု ၎င်းတို့တစ်ခုနှင့်တစ်ခု အသံညှိရတော့မည်။ သင်နှင့်သင်၏ကြင်ယာလောင်းတို့လည်း ဤနည်းနှင်နှင်ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးစီအနေနှင့် သင်တို့၏စရိုက်လက္ခဏာများကို “ညှိ”ရန်သင်တို့တစ်ဦးချင်း ကြိုးစားဖို့လိုအပ်လာမည်။ သို့သော် ယခုမေးစရာမေးခွန်းမှာ သင်တို့တစ်ဦးနှင့်တစ်ဦး သင့်မြတ်ညီညွတ်ပါသလော။ တစ်နည်းဆိုရသော် သင်တို့သည် လိုက်ဖက်ပါသလော။
၁၃။ ယုံကြည်ခြင်းမတူသူတစ်ဦးကို ပိုးပန်းခြင်းသည် အဘယ်ကြောင့် အလွန်အမြော်အမြင်မဲ့ရာကျသနည်း။
၁၃ သင်တို့နှစ်ဦးစလုံးသည် တူညီသောယုံကြည်ချက်နှင့် အခြေခံမူများရှိရန်အရေးကြီးသည်။ “မယုံကြည်သူတို့နှင့် ဘက်မညီဘဲ ထမ်းပိုးတင်မခံကြလင့်” ဟုတမန်တော်ပေါလုက ရေးသားခဲ့သည်။ (၂ ကောရိန္သု ၆:၁၄၊ သမ; ၁ ကောရိန္သု ၇:၃၉) ဘာသာရေးယုံကြည်ချက်ချင်း မတူသောသူနှင့်အိမ်ထောင်ပြုလျှင် စိတ်သဘောထားကွဲပြားမှု ပို၍ပြင်းထန်နိုင်သည်။ တစ်ဖက်တွင် နှစ်ဦးစလုံး ယေဟောဝါဘုရားသခင်အား ဆည်းကပ်ဝတ်ပြုခြင်းသည် စည်းလုံးမှုအတွက် အခိုင်ခံ့ဆုံးသောအခြေခံဖြစ်သည်။ ယေဟောဝါသည် သင့်အားပျော်ရွှင်စေလို၏၊ သင်လက်ထပ်ထားသူနှင့်အတူ အခိုင်မြဲဆုံးသောသံယောဇဉ်နှောင်ကြိုးဖြင့် နှောင်ဖွဲ့စေလိုတော်မူ၏။ ကိုယ်တော်သည် သုံးလွန်းတင်သောမေတ္တာနှောင်ကြိုးဖြင့် ကိုယ်တော်နှင့်လည်းကောင်း၊ သင်တို့နှစ်ဦးနှင့်လည်းကောင်း နှောင်ဖွဲ့စေလိုတော်မူ၏။—ဒေ. ၄:၁၂။
၁၄၊ ၁၅။ အိမ်ထောင်တစ်ခုတွင် ယုံကြည်ခြင်းတူညီခြင်းသည် စည်းလုံးညီညွတ်ရေးအတွက် တစ်ခုတည်းသော လိုအပ်ချက်ဖြစ်သလော။ ရှင်းပြပါ။
၁၄ ဘုရားသခင်အား အတူတကွကိုးကွယ်ဝတ်ပြုခြင်းသည် စည်းလုံးညီညွတ်ရေးအတွက် အရေးအကြီးဆုံးသော လိုအပ်ချက်ဖြစ်သော်လည်း အခြားသောအချက်များစွာလည်း ပါဝင်ပတ်သက်လျက်ရှိသည်။ အချင်းချင်းသင့်မြတ်ညီညွတ်မှုရှိရန် သင်နှင့်သင့်ကြင်ယာလောင်းတို့သည် တူညီသောပန်းတိုင်များလည်းရှိသင့်သည်။ သင်တို့၏ပန်းတိုင်များကား အဘယ်နည်း။ သာဓကအနေဖြင့် သားသမီးယူခြင်းနှင့်ပတ်သက်၍ သင်တို့နှစ်ဦးစလုံး မည်သို့သောသဘောထားရှိသနည်း။ သင်တို့၏ဘဝတွင် အဘယ်အရာများသည် ပထမနေရာတွင်ရှိသနည်း။b (မဿဲ ၆:၃၃) အမှန်အောင်မြင်သည့်အိမ်ထောင်တစ်ခုတွင် ဇနီးမောင်နှံတို့သည် မိတ်ကောင်းဆွေမွန်များဖြစ်ကြပြီး အတူပေါင်းဖော်ရသည်ကို နှစ်သက်ပျော်မွေ့ကြသည်။ (သု. ၁၇:၁၇) ဤသို့ဖြစ်စေရန် တူညီသောစိတ်ဝင်စားရာများ ရှိဖို့လိုသည်။ ဤသို့မရှိလျှင် အိမ်ထောင်တစ်ခုကိုမဆိုထားနှင့် မိတ်ဆွေခင်မင်ရင်းနှီးမှုကိုပင် ဆက်လက်ထိန်းသိမ်းရန် မလွယ်ကူပေ။ သို့တိုင်အောင် သင့်ဘဝကြင်ဖော်လောင်းက ခြေလျင်ခရီးထွက်ခြင်းကဲ့သို့သော ဝါသနာပါရာလုပ်ဆောင်မှုတစ်မျိုးမျိုးကို နှစ်သက်သော်လည်း သင်ကမနှစ်သက်လျှင် သင်တို့နှစ်ဦးသည် အိမ်ထောင်မပြုသင့်ဟု ဆိုလိုသလော။ မဆိုလိုပါ။ သင်တို့သည် ပို၍အရေးကြီးသော စိတ်ပါဝင်စားမှုများ၌ ဝါသနာတူချင်တူနေပေမည်။ ထို့အပြင် ဘဝကြင်ဖော်လောင်း နှစ်သက်ပျော်မွေ့သည့် ကောင်းကျိုးပြုသော လုပ်ဆောင်မှုများ၌ သင်အတူပါဝင်ခြင်းဖြင့် တစ်ဖက်သားကို စိတ်ပျော်ရွှင်စေနိုင်ပေသည်။—တမန်တော် ၂၀:၃၅။
၁၅ မှန်ပါသည်၊ လိုက်ဖက်သည်ဆိုရာ၌ သင်တို့နှစ်ဦး မည်မျှချွတ်စွပ်တူသည်ထက် သင်တို့နှစ်ဦး မည်မျှအလိုက်သင့် နေတတ်သည်ဟူသောအချက်က အတော်ပင်အဆုံးအဖြတ်ပေးသည်။ “တို့နှစ်ယောက် အရာရာတိုင်းမှာ စိတ်သဘောချင်းတိုက်ဆိုင်သလား” ဟုမေးမည့်အစား “စိတ်သဘောချင်း မတိုက်ဆိုင်တဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ။ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား၊ သိက္ခာရှိရှိနဲ့ စိတ်အေးအေးထားပြီး အဲဒီကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနိုင်သလား။ ဒါမှမဟုတ် ဆွေးနွေးရင်းဆွေးနွေးရင်းနဲ့ အပြင်းအထန် အချေအတင်ငြင်းခုံခြင်းအဖြစ် ဆုတ်ယုတ်ပျက်ပြားသွားလေ့ရှိသလား” ဟူသောမေးခွန်းများသည် ပို၍သင့်တော်ပေမည်။ (ဧဖက် ၄:၂၉၊ ၃၁) သင့်အနေဖြင့် အိမ်ထောင်ပြုလိုသော် မာနကြီးသူ၊ တစ်ယူသန်သူ၊ အလျှော့မပေးတတ်သူ၊ သို့မဟုတ် မိမိသဘောကို သူတစ်ပါးက အမြဲလိုက်လျောရသူ၊ မိမိသဘောအတိုင်း အမြဲလုပ်ကိုင်တတ်သူကို သတိထားပါ။
ကြိုတင်စုံစမ်းပါ
၁၆၊ ၁၇။ အိမ်ထောင်ဖက်လောင်းကို စဉ်းစားဆင်ခြင်သည့်အခါ အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးအနေဖြင့် အဘယ်အချက်များကို ဂရုပြုသင့်သနည်း။
၁၆ ခရစ်ယာန်အသင်းတော်တွင် တာဝန်ထမ်းဆောင်ရသူတို့သည် “ဦးစွာ စမ်းသပ်စစ်ဆေးခြင်းကို ခံကြရ” သည်။ (၁ တိမောသေ ၃:၁၀၊ သတင်းကောင်း) သင်လည်း ဤမူကိုအသုံးချနိုင်သည်။ ဥပမာ အမျိုးသမီးတစ်ဦးအနေဖြင့် ဤသို့မေးကြည့်နိုင်သည်။ “ဒီအမျိုးသားမှာ ဘယ်လိုဂုဏ်သတင်းမျိုး ရှိသလဲ။ သူ့မိတ်ဆွေအပေါင်းအသင်းတွေက ဘယ်သူတွေလဲ။ သူဟာ စိတ်ကိုထိန်းနိုင်သူ ဖြစ်သလား။ အသက်ကြီးသူတွေကို သူဘယ်လိုဆက်ဆံသလဲ။ ဘယ်လိုမိသားစုမျိုးရိုးက ဆင်းသက်လာသလဲ။ သူ့မိသားစုကို သူဘယ်လိုအပြန်အလှန် အကျိုးပြုသလဲ။ငွေနဲ့ပတ်သက်ပြီး သူ့သဘောထားဘယ်လိုရှိသလဲ။ အရက်ယမကာကို အလွဲသုံးစားပြုတတ်သလား။ စိတ်ဂနာမငြိမ်သူ၊ ဒေါသပေါက်ကွဲတတ်သူဖြစ်သလား။ အသင်းတော်မှာ ဘာတာဝန်တွေထမ်းဆောင်ရသလဲ။ အဲဒီတာဝန်တွေကို ဘယ်လိုကိုင်တွယ်သလဲ။ သူ့ကို ကျွန်မနှစ်နှစ်ကာကာ ရိုသေလေးစားနိုင်မလား။”—ဝတ်ပြုရာ ၁၉:၃၂; သု. ၂၂:၂၉; ၃၁:၂၃; ဧဖက် ၅:၃-၅၊ ၃၃; ၁ တိမောသေ ၅:၈; ၆:၁၀; တိတု ၂:၆၊ ၇။
၁၇ အမျိုးသားတစ်ဦးအနေဖြင့် ဤသို့မေးနိုင်သည်။ “ဒီအမျိုးသမီးဟာ ဘုရားသခင်ကို ချစ်ခင်လေးစားသလား။ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းနိုင်စွမ်းရှိသလား။ သူ့ရဲ့မိသားစုက ကျွန်တော်တို့ဆီက ဘာအရာတွေမျှော်လင့်မလဲ။ သူဟာ ဉာဏ်အမြော်အမြင်ရှိသလား။ အလုပ်ကြိုးစားသလား။ ခြိုးခြံချွေတာသလား။ သူ ဘာအကြောင်းတွေ ပြောဆိုတတ်သလဲ။ သူတစ်ပါးရဲ့ကောင်းကျိုးချမ်းသာကို အမှန်တကယ် စိုးရိမ်ကြောင့်ကြပေးတတ်သလား။ ဒါမှမဟုတ် အတ္တဆန်သလား။ စပ်စုသူဖြစ်သလား။ သူမဟာ ယုံကြည်စိတ်ချရသူဖြစ်သလား။ ဦးစီးမှုကိုခံယူသလား။ ခေါင်းမာသလား။ ပုန်ကန်တတ်သလား။”—သု. ၃၁:၁၀-၃၁; လုကာ ၆:၄၅; ဧဖက် ၅:၂၂၊ ၂၃; ၁ တိမောသေ ၅:၁၃; ၁ ပေတရု ၄:၁၅။
၁၈။ ပိုးပန်းစဉ်ကာလအတွင်း အားနည်းချက်အသေးအဖွဲများကို သတိပြုမိလျှင် အဘယ်အချက်ကို သတိရသင့်သနည်း။
၁၈ သင်သည် စိတ်ကူးယဉ်အချစ်ဝတ္ထုထဲမှ ခြောက်ပြစ်ကင်းသော မင်းသားမင်းသမီးတစ်ယောက်နှင့်မဟုတ်ဘဲ အာဒံ၏ မစုံလင်သောသားမြေးတစ်ယောက်နှင့် ဆက်ဆံနေရသည်ကို မမေ့ပါနှင့်။ လူတိုင်း၌ အားနည်းချွတ်ယွင်းချက်များ ကိုယ်စီရှိကြသည်ဖြစ်ရာ မိမိ၏ချွတ်ယွင်းချက်မက မိမိအိမ်ထောင်ဖက်လောင်း၏ ချွတ်ယွင်းချက်အချို့ကိုပါ အတတ်နိုင်ဆုံး လျစ်လျူရှုပစ်ရသည်။ (ရောမ ၃:၂၃; ယာကုပ် ၃:၂) ထို့ပြင်၊ သတိပြုမိသည့် အားနည်းချက်တစ်ခုသည် ရင့်ကျက်ရန်အခွင့်အလမ်းတစ်ရပ် ဖြစ်နိုင်ပေသည်။ ဥပမာ၊ ပိုးပန်းစဉ်ကာလအတွင်း အငြင်းအခုံဖြစ်ကြသည်ဆိုပါစို့။ ဤအချက်ကို ဆင်ခြင်စဉ်းစားပါ– အချင်းချင်း ချစ်ခင်လေးစားကြသူတို့ပင် ရံဖန်ရံခါ သဘောထားကွဲတတ်ကြသည်။ (ကမ္ဘာဦး ၃၀:၂; တမန်တော် ၁၅:၃၉ နှိုင်းယှဉ်။) သင်တို့နှစ်ဦးစလုံး ပို၍ ‘စိတ်ချုပ်တည်းမှုရှိ’ ပြီး အမှုကိစ္စများကို ပို၍အေးဆေးငြိမ်သက်စွာ ကိုင်တွယ်ဖြေရှင်းတတ်ရန် သင်ယူဖို့လိုအပ်ခြင်းဖြစ်နိုင်သလော။ (သု. ၂၅:၂၈) သင့်ကြင်ဖော်လောင်း၌ တိုးတက်ကောင်းမွန်စေလိုသည့်ဆန္ဒ ရှိသလော။ အသင်၌ကော ရှိသလော။ သင့်အနေဖြင့် စိတ်ထိခိုက်လွယ်သူ၊ ကြက်ခေါင်းဆိတ်မခံသူ မဖြစ်အောင်ပြုပြင်နိုင်သလော။ (ဒေ. ၇:၉) ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်လျှင် ရိုးသားပွင့်လင်းသည့် ဆက်သွယ်ရေးစံနမူနာတစ်ရပ်ကို ထူထောင်နိုင်မည်။ သင်တို့နှစ်ဦး လက်ထပ်ဖြစ်ပါက ဤသို့သောဆက်သွယ်ရေးမျိုး မရှိမဖြစ်လိုအပ်သည်။—ကောလောသဲ ၃:၁၃။
၁၉။ ပိုးပန်းစဉ်ကာလအတွင်း ကြီးလေးသောပြဿနာများ ပေါ်ပေါက်လာပါက မည်သို့ပြုခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သနည်း။
၁၉ သို့ရာတွင်၊ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စရာများကို သိရှိပါက မည်သို့ပြုမည်နည်း။ အဆိုပါသံသယများကို စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်သင့်သည်။ စိတ်ကူးယဉ်ဆန်ဆန် မည်မျှပင်ချစ်နေချစ်နေ၊ အိမ်ထောင်ပြုရန် မည်မျှပင် စိတ်စောနေစောနေ ကြီးလေးသောအပြစ်အနာအဆာများကို လျစ်လျူမရှုပါနှင့်။ (သု. ၂၂:၃; ဒေ. ၂:၁၄) ကြီးစွာသံသယရှိသူတစ်ဦးနှင့် သင်ဆက်နွှယ်ပတ်သက်နေပါက ထိုပုဂ္ဂိုလ်နှင့် ဆက်နွှယ်ပတ်သက်မှုကို ရာသက်ပန်ကတိကဝတ် ဖြစ်မသွားစေရန် အဆက်ဖြတ်ပစ်ခြင်းသည် အမြော်အမြင်ရှိရာရောက်၏။
ဂုဏ်သိက္ခာရှိရှိ ပိုးပန်းပါ
၂၀။ သမီးရည်းစားစုံတွဲအနေဖြင့် အပြစ်ဆိုစရာမရှိသည့် ကိုယ်ကျင့်တရားကို မည်သို့ထိန်းသိမ်းနိုင်သနည်း။
၂၀ ပိုးပန်းခြင်းကို ဂုဏ်သိက္ခာရှိအောင် မည်သို့ထိန်းသိမ်းမည်နည်း။ ပထမအနေနှင့်၊ အပြစ်ဆိုစရာမရှိသည့် ကိုယ်ကျင့်တရားရှိရမည်။ သင့်ဒေသတွင် လက်ကိုင်ခြင်း၊ နမ်းခြင်း၊ ပွေ့ဖက်ခြင်းကို လက်မထပ်သည့်စုံတွဲများ ပြုသင့်သည့်အပြုအမူအဖြစ် ယူမှတ်သလော။ ချစ်ကြိုက်မှုကိုဖော်ပြသည့် ထိုအပြုအမူများကို ပတ်ဝန်းကျင်က နှာခေါင်းမရှုံ့ ကြသည့်တိုင်အောင် အိမ်ထောင်ပြုရန် သေချာဆုံးဖြတ်ပြီးသူများသာ ထိုသို့ပြုသင့်ပေသည်။ ချစ်ကြိုက်ခြင်းအပြုအမူများကို မဖွယ်မရာသောအပြုအမူအဖြစ်၊ မတရားသောမေထုန်အဖြစ် အရှိန်မြင့်တက်မသွားစေရန် သတိပြုပါ။ (ဧဖက် ၄:၁၈၊ ၁၉; ရှောလမုန်သီချင်း ၁:၂; ၂:၆; ၈:၅၊ ၉၊ ၁၀ နှိုင်းယှဉ်။) လူ့နှလုံးသည် သစ္စာမဲ့တတ်သောကြောင့် အိမ်တစ်အိမ်၊ တိုက်ခန်းတစ်ခန်း၊ ရပ်ထားသည့်ကား၊ သို့မဟုတ် မဖွယ်မရာပြုမူရန် အခြေအနေပေးသော မည်သည့်နေရာမျိုး၌မဆို သင်တို့နှစ်ဦးတည်းရှိခြင်းကို ရှောင်ကြဉ်သင့်သည်။ (ယေရမိ ၁၇:၉) ပိုးပန်းခြင်းကို ကိုယ်ကျင့်တရားသန့်ရှင်းစွာ စောင့်ထိန်းခြင်းဖြင့် သင်သည် စိတ်ချုပ်တည်းနိုင်သူ၊ မိမိ၏ဆန္ဒထက် တစ်ဖက်သား၏ကောင်းကျိုးကို ကိုယ်ကျိုးမဖက်ဘဲ ဦးစားပေးသူဖြစ်ကြောင်း ရှင်းလင်းစွာပြသရာရောက်သည်။ အရေးအကြီးဆုံးမှာ သန့်သန့်ရှင်းရှင်းပိုးပန်းခြင်းဖြင့် ယေဟောဝါဘုရားသခင် စိတ်တော်ရွှင်လန်းမည်။ ကိုယ်တော်က မစင်ကြယ်သောအရာများနှင့် မတရားသောမေထုန်တို့ကိုရှောင်ကြဉ်ရန် မိမိ၏အစေခံများအား မိန့်မှာထားသောကြောင့်တည်း။—ဂလာတိ ၅:၁၉-၂၁။
၂၁။ ပိုးပန်းခြင်းကို ဂုဏ်သိက္ခာရှိစေရန် အဘယ်ရိုးသားပွင့်လင်းသည့် ဆက်သွယ်ရေးလိုအပ်သနည်း။
၂၁ ဒုတိယအနေနှင့်၊ ဂုဏ်သိက္ခာရှိသော ပိုးပန်းမှု၌ ရိုးသားပွင့်လင်းသည့်ဆက်သွယ်ရေးလည်း ပါဝင်သည်။ သင်တို့၏ပိုးပန်းခြင်းသည် အိမ်ထောင်ပြုသည့်အဆင့်ထိ တိုးတက်လာသည်နှင့်အမျှ အချို့သောကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန်လိုအပ်လာပေမည်။ သင်တို့ ဘယ်မှာနေကြမည်နည်း။ သင်တို့နှစ်ဦးစလုံး လောကီလုပ်ငန်းလုပ်မည်လော။ သားသမီးရလိုသလော။ ၎င်းပြင်၊ အိမ်ထောင်ရေးကိုထိခိုက်နိုင်သည့် အတိတ်ကဖြစ်ရပ်များကိုဖွင့်ပြောလျှင် သင့်တော်ပေမည်။ ၎င်းဖြစ်ရပ်များတွင် ကြွေးမြီဝန်ထုပ်ကြီးများ၊ တာဝန်များ၊ စိုးရိမ်ရသောရောဂါ သို့မဟုတ် အခြေအနေကဲ့သို့သော ကျန်းမာရေးကိစ္စများ ပါဝင်နိုင်ပေသည်။ အိပ်ချ်အိုင်ဗီပိုး (အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားစေသည့်ဗိုင်းရပ်စ်ပိုး) ကူးစက်ခံရသူအများသည် ရောဂါလက္ခဏာများ ချက်ချင်းမပြဘဲရှိတတ်သဖြင့် သက်ဆိုင်သူကဖြစ်စေ၊ စိုးရိမ်တတ်သည့်မိဘတို့ကဖြစ်စေ ယခင်က စည်းမဲ့ကမ်းမဲ့လိင်ဆက်ဆံခဲ့သူ သို့မဟုတ် အကြောထဲ မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲခဲ့သူအား အေအိုင်ဒီအက်စ်သွေးစစ်ရန် တောင်းဆိုခြင်းသည် မသင့်တော်သောကိစ္စမဟုတ်ပေ။ ရောဂါပိုးရှိကြောင်း အဖြေထွက်လျှင် အိမ်ထောင်ဖက်အဖြစ် ရည်မှန်းထားသူက ၎င်းတို့၏ဆက်ဆံရေးကို ယခုအဆုံးသတ်ပစ်လိုပါက ရောဂါရှိသူအနေဖြင့် အဆုံးမသတ်ရန် အတင်းအကျပ် ဖိအားမပေးသင့်ပေ။ အမှန်ဆိုရလျှင် ရောဂါရလွယ်သည့်ဘဝဟန်မျိုးဖြင့် နေထိုင်ခဲ့သူ မည်သူမဆို ပိုးပန်းခြင်းမပြုမီ မိမိဆန္ဒအလျောက် အေအိုင်ဒီအက်စ်သွေးစစ်ကြည့်သင့်ပေသည်။
လက်ထပ်ပြီးနောက်ပိုင်း
၂၂၊ ၂၃။ (က) လက်ထပ်မင်္ဂလာပွဲအတွက်ပြင်ဆင်ရာ၌ အဘယ်မျှတသောအမြင် ပျောက်ဆုံးသွားနိုင်သနည်း။ (ခ) လက်ထပ်မင်္ဂလာပွဲနှင့် အိမ်ထောင်ရေးကို ဆင်ခြင်သုံးသပ်သည့်အခါ၌ အဘယ်မျှတသောအမြင်ကို ထိန်းထားသင့်သနည်း။
၂၂ လက်မထပ်မီ နောက်ဆုံးလများအတွင်း သင်တို့နှစ်ဦးစလုံး လက်ထပ်မင်္ဂလာပွဲအတွက် ပြင်ရဆင်ရနှင့် အလွန်အလုပ်များနေကြပေမည်။ လက်ထပ်မင်္ဂလာပွဲကို တော်ရုံသင့်ရုံလောက်သာပြုလုပ်ခြင်းဖြင့် စိတ်ပူပန်မှုကို များစွာသက်သာစေနိုင်သည်။ ခမ်းခမ်းနားနားကျင်းပခြင်းဖြင့် ဆွေမျိုးသင်္ဂဟတို့ နှစ်သက်သဘောကျပြီး ရပ်ကွက်အသိုင်းအဝိုင်းတွင် ဂုဏ်တင့်မည်ဖြစ်သော်လည်း လက်ထပ်ခါစလင်မယားနှင့် သူတို့၏မိသားစုအဖို့ လူပန်းစိတ်ပန်းဖြစ်စေသည့်အပြင် ငွေကြေးလည်းကုန်ခန်းစေနိုင်သည်။ ဒေသဓလေ့ထုံးစံအချို့ကို လိုက်နာခြင်းသည် အကျိုးသင့်အကြောင်းသင့်ရှိသော်လည်း တစ်သဝေမတိမ်းလိုက်နာခြင်း၊ ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်ခြင်းသည် မင်္ဂလာပွဲ၏အဓိပ္ပာယ်ကို ဖုံးလွှမ်းသွားနိုင်သည့်ပြင် ရရှိမည့်ရွှင်လန်းမှုပင် ဆုံးရှုံးသွားနိုင်သည်။ အခြားသူတို့၏သဘောထားကို ထည့်သွင်းစဉ်းစားသင့်သော်လည်း မင်္ဂလာဧည့်ခံပွဲကို မည်သို့စီမံရမည်ကိုဆုံးဖြတ်ရန် အဓိကတာဝန်ရှိသူမှာ သတို့သားသာလျှင်ဖြစ်သည်။—ယောဟန် ၂:၉။
၂၃ သင်တို့၏လက်ထပ်မင်္ဂလာပွဲသည် တစ်နေ့တာသာဖြစ်သော်လည်း သင်တို့၏အိမ်ထောင်မှာမူ ရာသက်ပန်ဖြစ်သည်ကို သတိရပါ။ လက်ထပ်မင်္ဂလာပွဲကို အလွန်အမင်း အာရုံစိုက်အလေးပေးခြင်းကို ရှောင်ကြဉ်ပါ။ ၎င်းအစား ယေဟောဝါဘုရားသခင်ထံမှ လမ်းညွှန်မှုကိုခံယူ၍ အိမ်ထောင်သည်ဘဝ အတွက် ကြိုတင်စီစဉ်ပါ။ ဤသို့ဖြင့် အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ကောင်းစွာပြင်ဆင်နိုင်မည်ဖြစ်သည်။
a ချိန်းတွေ့ခြင်းကို ခရစ်ယာန်များအဖို့ သင့်တော်သည်ဟုယူဆသော တိုင်းပြည်များ၌ ဤသို့ပြုလုပ်နိုင်သည်။
b ခရစ်ယာန်အသင်းတော်အတွင်း၌ပင် အသင်းတော်၏အစွန်အဖျားတွင် ရပ်နေကြသူအချို့ရှိပေမည်။ သူတို့သည် ဘုရားသခင်၏ စိတ်အားထက်သန်သော အစေခံများမဟုတ်ဘဲ လောက၏စိတ်ထားနှင့်အပြုအမူများ လွှမ်းမိုးခြင်းခံရသူများဖြစ်နေနိုင်သည်။—ယောဟန် ၁၇:၁၆; ယာကုပ် ၄:၄။