အခန်း ရှစ်
သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ
၁-၃။ (က) မိသားစုကိုခြိမ်းခြောက်သည့် အပျက်သြဇာများသည် အဘယ်ဇာစ်မြစ်များမှ သက်ရောက်လျက်ရှိသနည်း။ (ခ) မိဘတို့သည် မိသားစုကိုကာကွယ်ရန်အတွက် မည်သို့ မျှမျှတတ ဟန်ချက်ညီညီ ထိန်းရန်လိုသနည်း။
သငယ်လေးကို သင်ကျောင်းပို့မည့်ဆဲဆဲတွင် မိုးက သဲကြီးမဲကြီးရွာလျက်ရှိသည်။ ထိုသို့သောအခြေအနေတွင် သင်မည်သို့ပြုသနည်း။ မိုးကာဝတ်စုံဘာမှမပါဘဲနှင့် အိမ်ပြင်သို့ ခုန်ပေါက်ပြေးလွှား၍ သွားစေမည်လော။ သို့တည်းမဟုတ် သူ့ခမျာ လမ်းလျှောက်၍ပင် မရနိုင်လောက်သည်အထိ မိုးကာအင်္ကျီအထပ်ထပ် ဝတ်ပေးမည်လော။ တစ်မျိုးကိုမျှ သင်လုပ်မည်မဟုတ်။ မိုးမစိုစေရန် လိုအပ်သလောက်သာ ဝတ်ဆင်ပေးမည်ဖြစ်သည်။
၂ အလားတူစွာ၊ မိဘတို့အနေဖြင့် မိမိတို့၏မိသားစုကို အပျက်သြဇာအမျိုးမျိုးမှကာကွယ်ရန် မျှတသောနည်းလမ်းကို ရှာကြံသင့်သည်။ ယနေ့ ၎င်းအပျက်သြဇာများသည် မိုးရေများပမာ အဘက်ဘက်—ဖျော်ဖြေရေးလောက၊ သတင်းစာနယ်ဇင်း၊ သက်တူရွယ်တူများနှင့် တစ်ခါတစ်ရံ စာသင်ကျောင်းများ—မှနေ၍ မိသားစုများအပေါ် တရဟောရွာသွန်းလျက်ရှိသည်။ အချို့မိဘတို့သည် ၎င်းတို့၏မိသားစုကို အကာအကွယ်ပေးရန် ဘာတစ်ခုမျှ မပြုလုပ်ကြချေ။ အချို့မိဘတို့မူကား ပြင်ပသြဇာအားလုံးဆိုရမလောက်ကို ဘေးအန္တရာယ်အဖြစ်ယူမှတ်ကာ တင်းကျပ်စွာချုပ်ချယ်သဖြင့် သားသမီးများ အသက်ရှူမွန်းကျပ်သကဲ့သို့ ခံစားကြရသည်။ ဤကိစ္စ၌ မျှမျှတတ ဟန်ချက်ညီညီ ထိန်းနိုင်ပါသလော။
၃ ဟုတ်ကဲ့၊ ထိန်းနိုင်ပါသည်။ အစွန်းရောက်လျှင် အကျိုးမရှိသည့်အပြင် ဘေးဒုက္ခကို လက်ယပ်ခေါ်ရာပင်ရောက်နိုင်သည်။ (ဒေ. ၇:၁၆၊ ၁၇) သို့သော် ခရစ်ယာန်မိဘတို့အနေဖြင့် မိသားစုကိုကာကွယ်ရာ၌ ညီညာမျှတသောဟန်ချက်ကို မည်သို့တွေ့ရှိနိုင်သနည်း။ ကဏ္ဍသုံးရပ်ဖြစ်သည့် ပညာရေး၊ အပေါင်းအသင်းနှင့် အပန်းဖြေမှုတို့ကို စဉ်းစားဆင်ခြင်ပါလေ။
သင့်သားသမီးများကို မည်သူသင်ကြားမည်နည်း
၄။ ခရစ်ယာန်မိဘတို့အနေဖြင့် ပညာရေးကို မည်သို့သဘောထားသင့်သနည်း။
၄ ခရစ်ယာန်မိဘတို့သည် ပညာရေးကို အလွန်တန်ဖိုးထားကြသည်။ ပညာသင်ကြားခြင်းသည် သားသမီးများကို ဖတ်တတ်၊ ရေးတတ်၊ ဆက်သွယ်တတ်စေသည်မက ပြဿနာများကိုပါဖြေရှင်းတတ်စေကြောင်း သူတို့သိကြသည်။ ကျောင်းပညာသည် လေ့လာမှတ်သားတတ်အောင်လည်း သင်ကြားပေးသင့်သည်။ သားသမီးများ
ကျောင်းတွင်ရရှိသည့်ကျွမ်းကျင်မှုတို့သည် ယခုခေတ်လောက၏ စိန်ခေါ်မှုအမျိုးမျိုးကြားတွင် အောင်တံခွန်စိုက်ထူနိုင်အောင် ထောက်ကူပေးနိုင်သည်။ ၎င်းအပြင်၊ ကောင်းမွန်သောပညာရေးသည် အလုပ်ကို ထူးချွန်ပြောင်မြောက်စွာ လုပ်ဆောင်နိုင်အောင်လည်း အထောက်အကူပြုနိုင်ပေသည်။—သု. ၂၂:၂၉။
၅၊ ၆။ သားသမီးများသည် ကျောင်းတွင် လိင်ကိစ္စနှင့်ပတ်သက်၍ မူမမှန်သောသတင်းအချက်အလက်များကို မည်သို့ရရှိနိုင်ဖွယ်ရှိသနည်း။
၅ သို့ရာတွင်၊ စာသင်ကျောင်းသည် ကလေးသူငယ်များ စုဝေးရာနေရာလည်းဖြစ်ပေရာ ထိုကလေးသူငယ်များအနက် အများစု၌ မူမမှန်သောထင်မြင်ချက်များ ရှိကြသည်။ သာဓကအနေဖြင့် လိင်နှင့်ကိုယ်ကျင့်တရားတို့နှင့်ပတ်သက်သော၎င်းတို့၏ထင်မြင်ချက်များကို စဉ်းစားဆင်ခြင်ကြည့်ပါ။ နိုင်ဂျီးရီးယားနိုင်ငံမှ အလယ်တန်းကျောင်းတစ်ခုတွင် တွေ့ကရာလူနှင့်လိင်ဆက်ဆံသည့်မိန်းကလေးတစ်ယောက်က ကျောင်းနေဖက်များအား လိင်နှင့်ပတ်သက်၍ အကြံဉာဏ်ပေးလေ့ရှိသည်။ ထိုမိန်းကလေးပေးသည့်အကြံဉာဏ်များသည် အပြာစာပေများမှသောင်းပြောင်းစုဆောင်းထားရာအဓိပ္ပာယ်မရှိသော မဟုတ်ကဟုတ်ကများဖြစ်သော်လည်း ကျောင်းနေဖက်များက စိတ်အားထက်သန်စွာ နားထောင်ကြသည်။ အချို့မိန်းကလေးများက သူပေးသည့်အကြံဉာဏ်
အတိုင်းလက်တွေ့စမ်းသပ်ကြရာ ရလဒ်အနေနှင့် မိန်းကလေးတစ်ယောက်သည် လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရရှိလာပြီး မိမိဘာသာကိုယ်ဝန်ဖျက်ချရာမှ သေဆုံးသွားသည်။
၆ ဝမ်းနည်းစရာကောင်းသည်မှာ ကျောင်းတွင် လိင်ဆိုင်ရာ လွဲမှားသည့်အကြောင်းများသည် ကလေးသူငယ်များထံမှမဟုတ်ဘဲ ဆရာဆရာမများထံမှ ထွက်လာရာများဖြစ်သည်။ ကျောင်းတွင် ကလေးသူငယ်များအား ကိုယ်ကျင့်တရားစံနှုန်းများနှင့် တာဝန်ပိုင်းအကြောင်းကို တင်ပြခြင်းမရှိဘဲ လိင်အကြောင်းကိုသင်ကြားပေးခြင်းအတွက် မိဘအများက တုန်လှုပ်ချောက်ချားမိကြသည်။ “ကျွန်မတို့မိသားစုဟာ ဘာသာတရား အင်မတန်ကိုင်းရှိုင်းပြီး ရိုးရာအစဉ်အလာ အင်မတန်ကြီးမားတဲ့ အရပ်ဒေသမှာနေထိုင်ကြပေမဲ့ ကျွန်မတို့အရပ်ဒေသရဲ့ အထက်တန်းကျောင်းမှာ ကျောင်းသားလူငယ်တွေကို ကွန်တွမ်ရော်ဘာအစွပ်တွေ ဖြန့်ဝေပေးနေကြတယ်” ဟူ၍ ၁၂-နှစ်အရွယ်သမီးမိန်းကလေးရှင် မိခင်တစ်ဦးကဆိုသည်။ သူနှင့် သူ့ခင်ပွန်းတို့သည် သူတို့သမီးလေးကို ရွယ်တူယောက်ျားလေးများက လိင်ဆက်ဆံရန်သွေးဆောင်ကြောင်း ကြားသိလိုက်ရသည့်အခါ အလွန်စိုးရိမ်ပူပန်မိကြသည်။ မိမိ မိသားစုကို မကောင်းသည့်ဤသြဇာများမှ မိဘများ မည်သို့ကာကွယ်နိုင်မည်နည်း။
၇။ လိင်ဆိုင်ရာ လွဲမှားသည့်အကြောင်းများကို အကောင်းဆုံး မည်သို့တုံ့ပြန်နိုင်ဖွယ်ရှိသနည်း။
၇ သားသမီးများကို လိင်အကြောင်း တစ်စွန်းတစ်စမျှမကြားရအောင် ကာကွယ်ပေးခြင်းသည် အကောင်းဆုံးနည်းဖြစ်သလော။ မဟုတ်ပါ။ အကောင်းဆုံးနည်းမှာ သင့်သားသမီးကို လိင်အကြောင်း သင်ကိုယ်တိုင်သင်ကြားပေးခြင်းဖြစ်သည်။ (သု. ၅:၁၊ ၂) ဥရောပနှင့် မြောက်အမေရိက ဒေသအချို့တွင် မိဘအများတို့သည် လိင်အကြောင်းကို မပြောဘဲရှောင်ကြသည်မှာမှန်၏။ အလားတူစွာ၊ အာဖရိကနိုင်ငံအချို့တွင်လည်း မိဘတို့သည် သားသမီးများနှင့် လိင်အကြောင်းပြောလေ့ပြောထ မရှိကြချေ။ “ဒီလိုပြောတာဟာ အာဖရိကယဉ်ကျေးမှု မဟုတ်ဘူး” ဟုဆီရာလီရွန်နိုင်ငံမှ ဖခင်တစ်ဦးကဆို၏။ သားသမီးများအား လိင်အကြောင်းသင်ကြားပေးခြင်းဖြင့် သူတို့အား ကိုယ်ကျင့်တရားပျက်ပြားရန် လမ်းစဖော်ပေးရာရောက်သည်ဟု မိဘအချို့က ယူဆကြသည်။ သို့သော် ဘုရားသခင့်အမြင်သဘောထား မည်သို့ရှိသနည်း။
လိင်နှင့်ပတ်သက်သော ဘုရားသခင့် အမြင်သဘောထား
၈၊ ၉။ လိင်နှင့်ပတ်သက်သော အလွန်ကောင်းသည့် အဘယ်သတင်းအချက်အလက်များကို သမ္မာကျမ်းစာတွင် တွေ့ရှိရသနည်း။
၈ သင့်တော်သည့်အခြေအနေတွင် လိင်အကြောင်းဆွေးနွေးပြောဆိုခြင်းသည် လုံးဝရှက်စရာမဟုတ်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြ၏။ ရှေးဣသရေလနိုင်ငံတွင် “သူငယ်များ” အပါအဝင် ဘုရားသခင့်လူမျိုးတော်တစ်ရပ်လုံးသည်မောရှေပညတ်တရားဖတ်ကြားသည်ကို ကြားနာရန် စုဝေးရမည်ဟု မိန့်မှာခံရ၏။ (တရားဟောရာ ၃၁:၁၀-၁၂; ယောရှု ၈:၃၅) ပညတ်တရား၌ ဓမ္မတာလာခြင်း၊ သုတ်လွှတ်ခြင်း၊ မတရားမေထုန်၊ သူ့သားအိမ်ရာပြစ်မှားခြင်း၊ လိင်တူဆက်ဆံခြင်း၊ သွေးသားနီးသူချင်းလိင်ဆက်ဆံခြင်းနှင့် တိရစ္ဆာန်နှင့်လိင်ဆက်ဆံခြင်းအပါအဝင် လိင်နှင့်ပတ်သက်သောအကြောင်း အများအပြားကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၅:၁၆၊ ၁၉; ၁၈:၆၊ ၂၂၊ ၂၃; တရားဟောရာ ၂၂:၂၂) ဤအကြောင်းများဖတ်ကြားသည်ကို ကြားနာပြီးနောက် မိဘဖြစ်သူတို့သည် အမေးအမြန်းထူသော သားငယ်သမီးငယ်များကို ရှင်းပြစရာအကြောင်း များစွာရှိမည်မှာ ယုံမှားဖွယ်မရှိပေ။
၉ နယပုံပြင်ကျမ်း အခန်းကြီးငါး၊ ခြောက်နှင့် ခုနစ်တို့တွင် လိင်ဆိုင်ရာကိုယ်ကျင့်တရားပျက်ပြားမှု၏ အန္တရာယ်နှင့်စပ်လျဉ်း၍ မေတ္တာပြည့်ဝသည့်မိဘထံမှလာသော ဆုံးမစကားများပါရှိသည်။ ၎င်းကျမ်းပိုဒ်များက ကိုယ်ကျင့်တရားပျက်ပြားမှုသည် တစ်ခါတစ်ရံတွင် ဆွဲမက်စရာကောင်းကြောင်း ဖော်ပြသည်။ (သု. ၅:၃; ၆:၂၄၊ ၂၅; ၇:၁၄-၂၁) သို့သော် ထိုသို့ပြုခြင်းသည်မှားကြောင်း၊ ဆိုးကျိုးသာဖြစ်ပေါ်စေကြောင်း ဆုံးမသွန်သင်ထားသည့်အပြင် ကိုယ်ကျင့်တရားပျက်ပြားသောလမ်းကို လူငယ်များရှောင်ရှားနိုင်ရန် လိုအပ်သည့်လမ်းညွှန်ကိုလည်း ပေးထားသည်။ (သု. ၅:၁-၁၄၊ ၂၁-၂၃; ၆:၂၇-၃၅; ၇:၂၂-၂၇) ၎င်းပြင်၊ ကိုယ်ကျင့်တရားပျက်ပြားခြင်းသည် သင့်တင့်လျောက်ပတ်သောဝန်းကျင်ဖြစ်သည့် အိမ်ထောင်သည်ဘဝတွင်ရရှိသည့် ကာမဂုဏ်စည်းစိမ်၏ ကျေနပ်ရောင့်ရဲမှုနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်သည်။ (သု. ၅:၁၅-၂၀) မိဘဖြစ်သူတို့လိုက်နာရန် ကောင်းမြတ်လှသည့် သွန်သင်ခြင်းစံနမူနာပါတကား။
၁၀။ သားသမီးတို့အား လိင်အကြောင်းကို သင့်တော်မှန်ကန်စွာ သင်ကြားပေးခြင်းဖြင့် သူတို့ အဘယ်ကြောင့် အကျင့်ပျက်ပြားစရာအကြောင်း မရှိသနည်း။
၁၀ ဤသို့သင်ကြားပေးခြင်းကြောင့် ကလေးသူငယ်များ အကျင့်ပျက်ပြားသွားနိုင်ပါသလော။ ယင်းသို့မဖြစ်နိုင်ကြောင်း သမ္မာကျမ်းစာက “တရားသောသူမူကား၊ ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏” ဟုသင်ကြား၏။ (သု. ၁၁:၉) သင့်သားသမီးများကို ဤလောက၏သြဇာများမှ ကယ်လွတ်လိုသည်မဟုတ်လော။ “သားသမီးတွေ ငယ်ငယ်လေးကတည်းက လိင်နဲ့ပတ်သက်လာရင် ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပဲ သူတို့ကိုပြောပြတယ်။ ဒီလိုနဲ့ တခြားကလေးတွေက လိင်အကြောင်းပြောတာကို သူတို့ကြားရတဲ့အခါမှာ သိမြင်စူးစမ်းချင်စိတ်နဲ့ မစပ်စုကြဘူး။ လိင်အကြောင်းဟာ သူတို့အတွက် ဘာမှအထူးအဆန်း မဟုတ်လို့ပါပဲ” ဟုဖခင်တစ်ဦးကဆိုသည်။
၁၁။ သားသမီးများအား ဘဝ၏အတွင်းရေးကိစ္စများကို တစ်စတစ်စနှင့် မည်သို့သင်ကြားပေးနိုင်သနည်း။
၁၁ ရှေ့အခန်းများ၌ ဖော်ပြခဲ့သည့်အတိုင်း လိင်ပညာကို စောစောသင်ကြားပေးသင့်သည်။ သားငယ်သမီးငယ်များအား ကိုယ်အင်္ဂါအစိတ်အပိုင်းများအကြောင်း သင်ကြားပေးရာ၌ လိင်အင်္ဂါများကို ရှက်စရာအဖြစ် မပြောဘဲမနေပါနှင့်။ ၎င်းတို့၏အမည်များကို မှန်မှန်ကန်ကန် သင်ကြားပေးပါ။ နောက်ပိုင်းတွင် လျှို့ဝှက်အပ်သည့် ကိုယ်ရေးကိုယ်တာကိစ္စများနှင့် စောင့်စည်းအပ်သည့်စည်းများအကြောင်းကိုပါ မဖြစ်မနေ သင်ကြားပေးရန်လိုသည်။ သားသမီးများအား ဤကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အထူးအရေးကြီးကြောင်း၊ သာမန်အားဖြင့် အခြားသူတို့အား ကိုင်တွယ်ထိတွေ့ခွင့်မပြုသင့်ကြောင်း၊ လူရှေ့သူရှေ့တွင် ဖော်မထားသင့်ကြောင်း၊ ညစ်ညမ်းသည့်ပုံစံဖြင့် မည်သည့်အခါမျှ ဆွေးနွေးပြောဆိုခြင်းမပြုသင့်ကြောင်း မိဘနှစ်ဦးစလုံးကသင်ကြားပေးလျှင် ပို၍ကောင်းသည်။ သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးပေါင်းဖက်ရာမှ မည်သို့မည်ပုံ ကလေးရလာခြင်းအကြောင်းကို ပြောပြသင့်သည်။ သူတို့ အပျိုဘော်လူပျိုဘော်အရွယ် ရောက်လာသည့်အခါ ကိုယ်ခန္ဓာ၌ မည်သို့သောအပြောင်းအလဲများဖြစ်ပျက်လာမည်ကို သိရှိပြီးဖြစ်နေသင့်သည်။ အခန်း ၅ ၌ဆွေးနွေးတင်ပြခဲ့သည့်အတိုင်း ဤသို့သင်ကြားပေးထားခြင်းဖြင့် သားသမီးများအား လိင်ကိုအလွဲသုံးစားပြုခြင်းမှလည်း အကာအကွယ်ပေးနိုင်သည်။—သု. ၂:၁၀-၁၄။
မိဘတို့၏ အိမ်စာ
၁၂။ ကျောင်းတွင် အဘယ်မူမမှန်သော ထင်မြင်ချက်များကို သင်ကြားပေးလေ့ရှိသနည်း။
၁၂ မိဘတို့အနေဖြင့် ကျောင်းတွင်သင်ကြားပေးဖွယ်ရှိသည့် ဆင့်ကဲဖြစ်စဉ်၊ မျိုးချစ်စိတ်ဓာတ်၊ သို့မဟုတ် အကြွင်းမဲ့အမှန်တရားမရှိဟူသောတွေးဆချက် အစရှိသော လောကီသဘောတရားအမြင်များဖြစ်သည့် မှားယွင်းသောယုံကြည်ချက်များကို တန်ပြန်ရန်အတွက် အသင့်ပြင်ထားရန်လိုသည်။ (၁ ကောရိန္သု ၃:၁၉; ကမ္ဘာဦး ၁:၂၇; ဝတ်ပြုရာ ၂၆:၁; ယောဟန် ၄:၂၄; ၁၇:၁၇ နှိုင်းယှဉ်။) စိတ်ရင်းစေတနာမှန်သော ပညာရေးဝန်ထမ်းအများက ထပ်ဆင့်ပညာရေးကို အလွန်အမင်း အရေးပေးကြသည်။ ထပ်ဆင့်ပညာသင်ကြားခြင်းကိစ္စမှာ ကိုယ်ပိုင်ရွေးချယ်ရမည့်ကိစ္စဖြစ်သော်လည်း ဆရာအချို့က ၎င်းသည် ပုဂ္ဂိုလ်ရေးအောင်မြင်မှုအတွက် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်ဟု ယူဆကြသည်။a—ဆာလံ ၁၄၆:၃-၆။
၁၃။ ကျောင်းနေသားသမီးများအား မှားယွင်းသောအယူအဆများမှ မည်သို့ကာကွယ်ပေးနိုင်သနည်း။
၁၃ မိဘတို့အနေဖြင့် မှားယွင်းသော သို့မဟုတ် မူမမှန်သော သွန်သင်ချက်များကို တိုက်ဖျက်လိုပါက သားသမီးများ အဘယ်အရာသင်ကြားခံနေရသည်ကို သိရှိရန်လိုသည်။ ထို့ကြောင့် မိဘတို့၊ သင်တို့၌လည်း အိမ်စာရှိကြောင်းသတိရပါ။ သားသမီးတို့၏ ကျောင်းပညာအပေါ် အမှန်တကယ် စိတ်ဝင်စားပေးပါ။ ကျောင်းဆင်းပြီးနောက် သူတို့နှင့်စကားပြောပါ။ ကျောင်းတွင်သင်ကြားပေးသည့်အရာ၊ သူတို့ အနှစ်သက်ဆုံးအရာ၊ သူတို့ အထူးစိန်ခေါ်ခံရသည့်အရာများသည် အဘယ်အရာများဖြစ်ကြောင်း မေးကြည့်ပါ။ အိမ်စာတာဝန်များ၊ မှတ်စုများနှင့် စာမေးပွဲအောင်စာရင်းများကို စစ်ဆေးကြည့်ပါ။ သူတို့၏ ဆရာဆရာမများနှင့် သိကျွမ်းအောင်ကြိုးစားပါ။ ဆရာဆရာမတို့၏ ကြိုးပမ်းလုပ်ဆောင်မှုအတွက် အထူးကျေးဇူးတင်ကြောင်း၊ တတ်နိုင်သည့်ဘက်မှ အကူအညီပေးလိုကြောင်း သူတို့အားအသိပေးပါ။
သင့်သားသမီးတို့၏ သူငယ်ချင်းများ
၁၄။ ဘုရားတရားကိုင်းရှိုင်းသည့်ကလေးများအနေဖြင့် ကောင်းသောသူငယ်ချင်းများကို ရွေးချယ်ပေါင်းဖော်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၄ “ဒါတွေကို မင်းဘယ်ကတတ်လာတာလဲ။” သားသမီးက သူတို့၏စရိုက်လက္ခဏာနှင့် လုံးလုံးဆန့်ကျင်သည့်အပြောမျိုး သို့မဟုတ် အလုပ်မျိုး ပြောဆိုလုပ်ကိုင်မိသည့်အခါ အထိတ်တလန့်ဖြစ်ကာ ဤသို့သောမေးခွန်း မေးမိသည့်မိဘ မည်မျှများသနည်း။ ရလာသည့်အဖြေ၌ ကျောင်း သို့မဟုတ် အိမ်နီးနားချင်းမှ သူငယ်ချင်းအသစ်ပါဝင်ပတ်သက်မှု မည်မျှများသနည်း။ မှန်ပါသည်၊ လူကြီးလူငယ်မရွေး ကျွန်ုပ်တို့အားလုံးအပေါ် အပေါင်းအသင်းများက အရှိန်ကြီးမားစွာ အကျိုးသက်ရောက်မှုရှိပေသည်။ “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူ၍ တမန်တော်ပေါလုက သတိပေးထား၏။ (၁ ကောရိန္သု ၁၅:၃၃; သု. ၁၃:၂၀) အထူးသဖြင့် လူငယ်လူရွယ်များသည် သက်တူရွယ်တူတို့၏ဖိအားအတိုင်း လိုက်ပါလွယ်ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချမှု နည်းပါးလေ့ရှိပြီး တစ်ခါတစ်ရံတွင် အပေါင်းအဖော်များ၏အကြိုက် လိုက်လိုစိတ်နှင့် အပေါင်းအဖော်များ၏ အထင်ကြီးမှု ရလိုစိတ်ကြောင့် မွှန်ထူတတ်ကြသည်။ ထို့ကြောင့် သူငယ်ချင်းကောင်းများ ရွေးချယ်ပေါင်းသင်းရန် မည်မျှအရေးကြီးသည်တကား!
၁၅။ သားသမီးများ သူငယ်ချင်းရွေးချယ်ရာ၌ မိဘတို့ မည်သို့လမ်းညွှန်ပေးနိုင်သနည်း။
၁၅ မိဘဖြစ်သူတိုင်း သိကြသည့်အတိုင်း ကလေးသူငယ်များသည် အစဉ်သဖြင့် မှန်မှန်ကန်ကန် ရွေးချယ်တတ်လေ့မရှိပေ။ လမ်းညွှန်မှု လိုအပ်ကြသည်။ သားသမီးများအတွက် သူငယ်ချင်းမိတ်ဆွေရွေးချယ်ပေးခြင်းကိစ္စကို ပြောနေခြင်းမဟုတ်ဘဲ သူတို့ကြီးပြင်းလာသည်နှင့်အမျှ ပိုင်းခြားဝေခွဲတတ်အောင် သင်ကြားပေးခြင်း၊ သူငယ်ချင်းများ၌ သူတို့တန်ဖိုးထားသင့်သည့် အရည်အချင်းများကိုမြင်တတ်အောင် ကူညီပေးခြင်းကိုဆိုလိုသည်။ အဓိကအရည်အချင်းမှာ ယေဟောဝါကိုချစ်၍ မျက်မှောက်တော်တွင် မှန်ရာကိုလုပ်ဆောင်ခြင်းပင်ဖြစ်သည်။ (မာကု ၁၂:၂၈-၃၀) ရိုးသားမှု၊ ကြင်နာမှု၊ ရက်ရောမှု၊ ကြိုးစားမှုရှိသောသူတို့ကို ချစ်တတ်ရန်၊ လေးစားတတ်ရန် သင်ကြားပေးပါ။ မိသားစုလေ့လာမှု ပြုလုပ်စဉ်အတွင်း ကျမ်းစာဇာတ်ကောင်များမှ အဆိုပါအရည်အချင်းများကို သိမြင်အောင်၊ ထို့နောက် အသင်းတော်ရှိ အခြားသူတို့၌ အလားတူစရိုက်မျိုးကို ရှာတွေ့တတ်အောင် ကူညီပေးပါ။ သင်ကိုယ်တိုင် မိတ်ဆွေရွေးချယ်ရာ၌ ဤစံညွှန်းအတိုင်းလိုက်ခြင်းအားဖြင့် စံနမူနာပြပါလေ။
၁၆။ သားသမီးများ သူငယ်ချင်းရွေးချယ်ခြင်းကိစ္စကို မိဘတို့ မည်ကဲ့သို့ကြပ်မတ်ပေးနိုင်သနည်း။
၁၆ သားသမီးတို့၏သူငယ်ချင်းများမှာ မည်သူတို့ဖြစ်ကြောင်း သင်သိသလော။ သူတို့၏သူငယ်ချင်းများကို ကောင်းစွာသိကျွမ်းရန် အိမ်သို့ခေါ်လာခိုင်းပါ။ အခြားကလေးသူငယ်များက ဤသူငယ်ချင်းများကို မည်သို့သဘောထားကြောင်း သင့်သားသမီးများအား မေးကြည့်နိုင်သည်။ သူတို့သည် ပကတိဖြောင့်မတ်သူဖြစ်သလော၊ နှစ်ဘဝစံသူဖြစ်သလော။ ဒုတိယအမျိုးအစားဖြစ်လျှင် သူတို့နှင့်ပေါင်းဖော်ခြင်းဖြင့် အဘယ်ကြောင့်အကျိုးယုတ်နိုင်ကြောင်း အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်အောင် ကူညီပေးပါ။ (ဆာလံ ၂၆:၄၊ ၅၊ ၉-၁၂) အကယ်၍ သင့်ကလေး၏အမူအကျင့်၊ အဝတ်အစား၊ စိတ်နေစိတ်ထား၊ သို့တည်းမဟုတ် အပြောအဆိုဘက်တွင် မနှစ်မြို့ဖွယ်ပြောင်းလဲမှုများကို သတိပြုမိပါက သင့်ကလေးနှင့်အတူ သူ့သူငယ်ချင်းအကြောင်း ပြောဆိုရန်လိုကောင်းလိုပေမည်။ သင့်ကလေးသည် မကောင်းသည့်သြဇာလွှမ်းမိုးရန် ကြိုးစားနေသည့်သူငယ်ချင်းတစ်ယောက်နှင့် ပေါင်းဖော်နေဖွယ်ရှိနိုင်သည်။—ကမ္ဘာဦး ၃၄:၁၊ ၂ နှိုင်းယှဉ်။
၁၇၊ ၁၈။ မကောင်းသည့်အပေါင်းအဖော်များနှင့် ပေါင်းဖော်ခြင်းကို သတိပေးမြစ်တားခြင်းအပြင် အဘယ်လက်တွေ့ကျသည့်အကူအညီကို မိဘတို့ပေးနိုင်သနည်း။
၁၇ သို့သော် သားသမီးများအား မကောင်းသောအပေါင်းအသင်းများကိုရှောင်ကြဉ်ရန် သင်ကြားပေးရုံမျှနှင့်မလုံလောက်ပါ။ ကောင်းသောအပေါင်းအဖော်များတွေ့ရှိအောင် ကူညီပေးပါ။ “အစားထိုးပေးစရာများကို ကျွန်တော်တို့ အမြဲတမ်းရှာပေးတယ်။ တစ်ခါက ကျွန်တော်တို့ရဲ့သားလေးကို သူ့ကျောင်းက ဘောလုံးအသင်းမှာပါဝင်ခိုင်းတဲ့အခါမှာ ကျွန်တော်တို့လင်မယားက သားလေးနဲ့အတူထိုင်ပြီး ဘောလုံးအသင်းမှာပါဝင်တာဟာ ဘာကြောင့်မကောင်းတဲ့အကြောင်း၊ အပေါင်းအသင်းအသစ်တွေ ပါလာမှာဖြစ်တဲ့အကြောင်းပြောပြတယ်။ ပြီးတော့ အသင်းတော်ထဲက တခြားကလေးတချို့ကိုခေါ်ပြီး ပြည်သူ့ဥယျာဉ်မှာ ဘောလုံးသွားကစားကြရအောင်လို့ တစ်ဆက်တည်း အကြံပြုလိုက်တယ်။ ဒီလိုနဲ့ ပြဿနာပြေလည်သွားတယ်” ဟူ၍ ဖခင်တစ်ဦးကဆို၏။
၁၈ အမြော်အမြင်ရှိသည့်မိဘတို့သည် သားသမီးများအား ကောင်းသောသူငယ်ချင်းများရှာတတ်အောင် ကူညီပေးပြီး သူတို့နှင့်အတူ အကျိုးပြုသည့်အပန်းဖြေမှု ပြုလုပ်ကြသည်။ သို့သော်လည်း မိဘများစွာအဖို့ အပန်းဖြေခြင်းကိစ္စကိုယ်နှိုက်သည် ခေါင်းခဲစရာဖြစ်ပေသည်။
မည်သို့သောအပန်းဖြေမှုနည်း
၁၉။ မိသားစုပျော်ရွှင်မြူးထူးခြင်းသည် အပြစ်မဟုတ်ကြောင်း အဘယ်ကျမ်းစာသာဓကများက ပြဆိုသနည်း။
၁၉ ပျော်ရွှင်မြူးထူးခြင်းကို ကျမ်းစာကပြစ်တင်ရှုတ်ချပါသလော။ လုံးဝမရှုတ်ချပါ။ ကျမ်းစာက “ရယ်ရသောအချိန်လည်းရှိ၏။ . . . ကခုန်ရသောအချိန်လည်းရှိ၏” ဟုဆိုသည်။b (ဒေ. ၃:၄) ရှေးဣသရေလနိုင်ငံရှိ ဘုရားသခင့်လူမျိုးတော်သည် တေးဂီတနှင့်ကခုန်ခြင်း၊ ပျော်ရွှင်ဖွယ်ကစားနည်းများနှင့် စကားထာဖွဲ့ခြင်းတို့ကို နှစ်သက်ကြသည်။ ယေရှုခရစ်တော်သည် မင်္ဂလာဧည့်ခံပွဲကြီးတစ်ခုနှင့် မဿဲလေဝိ တည်ခင်းဧည့်ခံသည့် “ကြီးစွာသောပွဲ” တို့ကို တက်ရောက်တော်မူခဲ့သည်။ (လုကာ ၅:၂၉; ယောဟန် ၂:၁၊ ၂) ယေရှုသည် ပျော်ရွှင်မှုကိုဖျက်ဆီးသူမဟုတ်ပါ။ သင့်အိမ်ထောင်တွင် ရယ်မောခြင်းနှင့် ပျော်ရွှင်မြူးထူးခြင်းတို့ကို မည်သည့်အခါမျှ အပြစ်အဖြစ် မယူမှတ်ပါစေနှင့်။
၂၀။ မိသားစုအပန်းဖြေမှုစီစဉ်ရာ၌ အဘယ်အချက်ကို မိဘတို့စိတ်စွဲမှတ်သင့်သနည်း။
၂၀ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်တော်မူ၏။ (၁ တိမောသေ ၁:၁၁၊ ကဘ) ထို့ကြောင့် ယေဟောဝါအားကိုးကွယ်ခြင်းသည် ကြည်နူးဝမ်းမြောက်မှု၏ အရင်းအမြစ်တစ်ခုဖြစ်သင့်ပြီး လူ့ဘဝတွင် ဝမ်းမြောက်ခြင်းကင်းမဲ့စေသည့် အရာမဖြစ်သင့်ပေ။ (တရားဟောရာ ၁၆:၁၅ နှိုင်းယှဉ်။) ကလေးသူငယ်များသည် ပင်ကိုသဘာဝအားဖြင့် တက်ကြွပျော်ရွှင်၍ စွမ်းအားပြည့်ဝကြသည်ဖြစ်ရာ ကစားသည့်အခါနှင့် အပန်းဖြေသည့်အခါ၌ ယင်းစွမ်းရည်များထွက်ပေါ်လာတတ်သည်။ သင့်တော်သည့်အပန်းဖြေခြင်းသည် ပျော်ရွှင်မှုသက်သက်မျှမဟုတ်ပါ။ ကလေးတစ်ယောက်အတွက် သင်ကြားရေးနှင့်ရင့်ကျက်ရေးအတွက် အခွင့်အခါလည်းဖြစ်သည်။ အိမ်ထောင်ဦးစီးဖြစ်သူသည် အပန်းဖြေခြင်းအပါအဝင် အိမ်ထောင်စုလိုအပ်ချက်အရပ်ရပ်ကို ဖြည့်ဆည်းပေးရန် တာဝန်ရှိသည်။ သို့ရာတွင် ဟန်ချက်ညီမျှမှုရှိရန် လိုအပ်သည်။
၂၁။ ယခုခေတ်အပန်းဖြေမှုတွင် အဘယ်အန္တရာယ်ချောက်ပေါက်များ ရှိနေသနည်း။
၂၁ ခက်ခဲကျပ်တည်းလှသည့် ဤ “နောက်ဆုံးသောနေ့ရက်များ” ၌ သမ္မာကျမ်းစာပရောဖက်ပြုထားသည့်အတိုင်း လူ့ဘောင်အဖွဲ့အစည်းတွင် “ဘုရားသခင်ကို နှစ်သက်သည်ထက် ပျော်မွေ့ခြင်းကို သာ၍နှစ်သက်သောသူ” တို့နှင့်ပြည့်လျက်ရှိသည်။ (၁ တိမောသေ ၃:၁-၅၊ သမ) အများသောသူတို့အဖို့ အပန်းဖြေမှုသည် ဘဝတွင် အဓိကအရာဖြစ်သည်။ ဖျော်ဖြေမှုများပြားလွန်းလှသဖြင့် သာ၍အရေးကြီးသောအရာများအတွက် အချိန်မပေးနိုင်သည့်အခြေသို့ လွယ်လင့်တကူရောက်သွားနိုင်သည်။ ၎င်းပြင် ခေတ်သစ်ဖျော်ဖြေမှုအများတို့သည် လိင်ဆိုင်ရာအကျင့်ပျက်ပြားမှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် အကြီးအကျယ်ဥပဒ်ပေးသည့် အခြားအကျင့်ဓလေ့များကို တင်ဆက်ကြသည်။ (သု. ၃:၃၁) သားငယ်သမီးငယ်များကို ဥပဒ်ဖြစ်စေသည့် အပန်းဖြေမှုများမှကာကွယ်ရန် ဘာပြုလုပ်နိုင်သနည်း။
၂၂။ အပန်းဖြေခြင်းနှင့်ပတ်သက်၍ အမြော်အမြင်ရှိရှိ ရွေးချယ်ဆုံးဖြတ်တတ်အောင် သားသမီးများအား မိဘတို့ မည်သို့သင်ကြားလေ့ကျင့်ပေးနိုင်သနည်း။
၂၂ မိဘတို့အနေဖြင့် နယ်နိမိတ်နှင့်ကန့်သတ်ချက်များ သတ်မှတ်ပေးရမည်။ ထိုမျှမက သားသမီးများအား ဥပဒ်ပေးတတ်သောအပန်းဖြေမှုကို ပိုင်းခြားဝေခွဲတတ်အောင်၊ အပန်းဖြေမှု မည်၍မည်မျှသည် အလွန်အကျွံဖြစ်ကြောင်းသိရှိအောင် သင်ကြားပေးရန်လည်းလိုပေသည်။ ဤသို့လေ့ကျင့်သင်ကြားပေးနိုင်ရန် အချိန်နှင့်လုံ့လဝီရိယစိုက်ထုတ်ရန်လိုသည်။ သာဓကတစ်ခုကို သုံးသပ်ဆင်ခြင်ကြည့်ပါ။ သားနှစ်ယောက်ရှိသောဖခင်တစ်ဦးသည် သားကြီးဖြစ်သူက အသံလွှင့်ဌာနအသစ်တစ်ခုမှ ထုတ်လွှင့်သည့်အစီအစဉ်ကို မကြာခဏ နားထောင်လေ့ရှိသည်ကို သတိပြုမိသည်။ သို့နှင့် တစ်နေ့တွင် ထရပ်ကားမောင်း၍ အလုပ်သွားစဉ်တွင် သားဖြစ်သူနားထောင်နေကျ အသံလွှင့်အစီအစဉ်ကိုဖွင့်နားထောင်သည်။ တစ်ခါတစ်ခါကားကိုရပ်၍ တေးသီချင်းအချို့၏ စာသားများကိုရေးမှတ်သည်။ နောက်ပိုင်းတွင် ကြားခဲ့သည့်အရာများကို သားဖြစ်သူတို့နှင့်အတူထိုင်၍ ဆွေးနွေးသည်။ “သားတို့ ဘယ်လိုသဘောရသလဲ” ဟုအစချီ၍ အမြင်သဘောထားမေးခွန်းများမေးပြီးနောက် သူတို့၏ဖြေကြားချက်များကို သည်းညည်းခံ၍နားထောင်ပေး၏။ ယင်းကိစ္စကို သမ္မာကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ပြီးနောက် သားဖြစ်သူတို့က ၎င်းအသံလွှင့်အစီအစဉ်ကို နားမထောင်တော့ရန် သဘောတူလိုက်ကြသည်။
၂၃။ အကျိုးမပြုသောဖျော်ဖြေမှုများမှ သားသမီးများကို မိဘတို့ မည်သို့ကာကွယ်နိုင်ဖွယ်ရှိသနည်း။
၂၃ အမြော်အမြင်ရှိသောမိဘတို့သည် သားသမီးများစိတ်ဝင်စားသည့် တေးဂီတ၊ တီဗွီအစီအစဉ်၊ ဗီဒီယိုအခွေ၊ ရုပ်ပြကာတွန်းစာအုပ်၊ ဗီဒီယိုဂိမ်းနှင့်ရုပ်ရှင်တို့ကို စစ်ဆေးကြသည်။ အဖုံးပေါ်မှအပြင်အဆင်၊ သီချင်းစာသားနှင့် ထုပ်ပိုးထားပုံတို့ကို စစ်ဆေးကြည့်သည့်အပြင် သတင်းစာမှ ဝေဖန်ချက်များကိုဖတ်၍ ကောက်နုတ်ချက်များကို ဂရုစိုက်ကြည့်ကြသည်။ ယနေ့ ကလေးသူငယ်များအတွက်ဦးတည်သည့် “ဖျော်ဖြေမှု” အချို့ကြောင့် လူအများ ထိတ်လန့်တုန်လှုပ်မိကြသည်။ ညစ်ညမ်းသောသြဇာများမှ သားသမီးများကို ကာကွယ်ပေးလိုကြသည့်မိဘတို့သည် မိသားစုနှင့်အတူထိုင်၍ သမ္မာကျမ်းစာနှင့် လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်နှင့် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများမှဆောင်းပါးများကဲ့သို့သော ကျမ်းစာအခြေခံစာပေများကိုအသုံးပြု၍ အန္တရာယ်များအကြောင်း ဆွေးနွေးကြသည်။c မိဘတို့အနေဖြင့် ခိုင်မာသည့်ကန့်သတ်ချက်များ ချမှတ်ပြီး တစ်သမတ်တည်းကျင့်သုံး၍ အကျိုးသင့်အကြောင်းသင့်ရှိမည်ဆိုလျှင် များသောအားဖြင့် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းလေ့ရှိသည်။—မဿဲ ၅:၃၇; ဖိလိပ္ပိ ၄:၅။
၂၄၊ ၂၅။ မိသားစုများ အတူတကွ ပျော်ပျော်ပါးပါးပါဝင်နိုင်သည့် အကျိုးပြုသောအပန်းဖြေမှုအချို့ကား အဘယ်နည်း။
၂၄ ဥပဒ်ဖြစ်စေသည့်အပန်းဖြေမှုကို ချုပ်ချယ်ကန့်သတ်ခြင်းသည် တိုက်ပွဲ၏တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်မှာ ဆိုဖွယ်မရှိပါ။ အဆိုးကို အကောင်းဖြင့် တန်ပြန်အစားထိုးရမည်။ သို့မဟုတ်ပါက ကလေးသူငယ်တို့သည် လမ်းမှားရောက်သွားနိုင်သည်။ ခရစ်ယာန်မိသားစုအများ၌ ပျော်ပျော်ပါးပါးအတူတကွအပန်းဖြေခဲ့သည့် ကြည်နူးပျော်ရွှင်ဖွယ် အမှတ်တရလေးများ—ပျော်ပွဲစားထွက်ခြင်း၊ ခြေလျင်ခရီးထွက်ခြင်း၊ ရွက်ဖျင်တဲများတွင် စခန်းချနေထိုင်ခြင်း၊ ကစားခုန်စားခြင်းနှင့် အားကစားပြုလုပ်ခြင်း၊ ဆွေမျိုးများ သို့မဟုက် မိတ်ဆွေများထံ အလည်အပတ်သွားခြင်း—မရေမတွက်နိုင်အောင်ရှိကြသည်။ စိတ်ပြေလက်ပျောက် အတူတကွ အသံထွက်စာဖတ်ရုံမျှနှင့်ပင် လွန်စွာသာယာကြည်နူး၍ စိတ်လက်ချမ်းသာလှကြောင်း လူအချို့ကတွေ့ရှိကြသည်။ အချို့သူတို့မှာ ဟာသပုံပြင်များ သို့မဟုတ် စိတ်ဝင်စားဖွယ်ပုံပြင်များကိုပြောဆိုရန် နှစ်သက်ကြသည်။ အခြားသူတို့မှာ ဝါသနာများကို အတူတကွပျိုးထောင်ကြသည်။ သာဓကအားဖြင့် လက်သမားအတတ်နှင့် လက်မှုပညာများ၊ တူရိယာတီးမှုတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ သို့မဟုတ် ဘုရားသခင့်ဖန်ဆင်းရာများကို လေ့လာခြင်းအစရှိသည်ဖြင့်။ ဤသို့သော စိတ်အပြောင်းအလဲဖြစ်စေသည့် အပျင်းပြေစရာများကို အရသာတွေ့သွားကြသည့်ကလေးများသည် မသန့်ရှင်းသောဖျော်ဖြေမှု အမြောက်အမြားမှ အကာအကွယ်ရရှိကြသည့်အပြင် အပန်းဖြေခြင်းဆိုရာ၌ ဘာမျှမလုပ်ဘဲ ဖျော်ဖြေသည်ကိုထိုင်ကြည့်ရုံသက်သက်မျှ မဟုတ်ကြောင်းလည်းသိမြင်လာမည်။ ကိုယ်တိုင်ပါဝင်ခြင်းသည် ထိုင်ကြည့်ရုံသက်သက်ထက် ပို၍ပျော်စရာကောင်းလေ့ရှိသည်။
၂၅ လူမှုပေါင်းသင်းဆက်ဆံရေးသည်လည်း အပန်းဖြေမှုတစ်မျိုးဖြစ်နိုင်သည်။ ယင်းတို့ကို ကျကျနန ကြီးကြပ်ကွပ်ကဲ၍ လူအရေအတွက်မများဘဲ အချိန်လည်းသိပ်မကြာပါက သင့်ကလေးများအတွက် ပျော်ရွှင်မှုထက်မကသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်ပါသည်။ အသင်းတော်အတွင်း ချစ်ခင်မှုနှောင်ကြိုးကိုလည်း ခိုင်မြဲစေနိုင်ပါသည်။—လုကာ ၁၄:၁၃၊ ၁၄; ယုဒ ၁၂ နှိုင်းယှဉ်။
သင့်မိသားစု လောကကိုအောင်နိုင်ပါသည်
၂၆။ အကျိုးမပြုသည့်သြဇာများမှ မိသားစုကိုကာကွယ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ အရေးအကြီးဆုံးအရည်အသွေးကား အဘယ်နည်း။
၂၆ သင့်မိသားစုအား လောက၏အပျက်သြဇာများမှကာကွယ်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများစွာ မုချလိုအပ်ပေသည်။ သို့သော် အခြားမည်သည့်အရာထက်မဆို သင့်အားအောင်မြင်မှု ပေးစွမ်းနိုင်သောအရာတစ်ခုရှိသည်။ ၎င်းမှာ ချစ်ခြင်းမေတ္တာပင်တည်း! ရင်းနှီးချစ်ခင်သောမိသားစုနှောင်ကြိုးသည် သင့်အိမ်ထောင်ကို ဘေးကင်းလုံခြုံသည့်ခိုနားရာဖြစ်စေသည့်အပြင် မိသားစုဝင်အချင်းချင်း ဆက်သွယ်ပြောဆိုမှုကိုပါ မြှင့်တင်အားပေးသည်။ ဤသို့ဖြင့် မိသားစုကို မကောင်းသည့်သြဇာများမှကာကွယ်ရန် ကြီးစွာအထောက်အကူပြုသည်။ ၎င်းပြင်၊ မေတ္တာနောက်တစ်မျိုးကို ပြုစုပျိုးထောင်ခြင်းသည် သာ၍ပင်အရေးကြီးသည်။ ယေဟောဝါအားချစ်သောမေတ္တာဖြစ်သည်။ မိသားစုအတွင်း ဤမေတ္တာမျိုး ပျံ့နှံ့ပြည့်ဝနေလျှင် သားသမီးတို့သည် လောက၏သြဇာများကို လက်လျှော့အရှုံးပေးခြင်းဖြင့် ဘုရားသခင့်စိတ်တော်ငြိုငြင်စေသည့် စိတ်ကူးအတွေးမျိုးကို မုန်းတီးတတ်သည့်သဘောဖြင့် ကြီးပြင်းလာရန်အခွင့်အလမ်း ပို၍များသည်။ ယေဟောဝါကို နှလုံးသားထဲမှချစ်သောမိဘတို့သည်လည်း ကိုယ်တော်၏မေတ္တာပြည့်ဝသော၊ အကျိုးသင့်အကြောင်းသင့်ရှိသော၊ ဟန်ချက်ညီသောဥပဓိရုပ်တော်ကို တုပရန်အားထုတ်ပေမည်။ (ဧဖက် ၅:၁; ယာကုပ်၃:၁၇) မိဘတို့ ဤသို့ပြုကြမည်ဆိုလျှင် သားသမီးတို့သည် ယေဟောဝါအားကိုးကွယ်ခြင်းကို သူတို့လုပ်ခွင့်မရှိသောအရာများ၏ စာရင်းအဖြစ်လည်းကောင်း၊ အခွင့်အရေးရလျှင်ရချင်း အလွတ်ရုန်းထွက်လိုသော ပျော်စရာရွှင်စရာ ရယ်မောစရာကင်းမဲ့သည့် အသက်တာလမ်းစဉ်အဖြစ်လည်းကောင်း တွေးဆရန်အကြောင်းရှိမည်မဟုတ်။ သို့အစား၊ ဘုရားသခင်အားကိုးကွယ်ခြင်းသည် အပျော်ရွှင်ဆုံး၊ အနှစ်သာရအပြည့်ဝဆုံး အသက်တာလမ်းစဉ်ဖြစ်ကြောင်း မြင်လာကြပေမည်။
၂၇။ မိသားစုတစ်စု လောကကိုမည်သို့အောင်နိုင်သနည်း။
၂၇ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင်နှင့် ဘုရားသခင့်အမှုတော်ကို ဟန်ချက်ညီညီထမ်းဆောင်၍ ဤလောက၏အကျင့်ပျက်သည့်သြဇာများမှ “အစွန်းအကွက် အပြစ်အနာကင်းလျက်” နေနိုင်အောင် စိတ်ရောကိုယ်ပါ ကြိုးစားအားထုတ်သောမိသားစုတို့သည် ယေဟောဝါအဖို့ ရွှင်လန်းစရာအကြောင်းဖြစ်၏။ (၂ ပေတရု ၃:၁၄၊ သမ; သု. ၂၇:၁၁) ထိုသို့သောမိသားစုတို့သည် ယေရှုခရစ်၏ခြေရာကို လိုက်လျှောက်ကြ၏။ ကိုယ်တော်သည် မိမိအားညစ်ညူးအောင် စာတန့်လောက၏ကြိုးပမ်းမှုမှန်သမျှကို ခုခံတွန်းလှန်တော်မူခဲ့သည်။ ယေရှုသည် လူ့ဘဝအဆုံးပိုင်းသို့ ရောက်လုနီးသောအခါ “ငါသည် လောကကိုအောင်ပြီ” ဟုမိန့်တော်မူနိုင်ခဲ့သည်။ (ယောဟန် ၁၆:၃၃) သင့်မိသားစုသည်လည်း လောကကိုအောင်ပြီး ထာဝရအသက်မွေ့လျော်နိုင်ကြပါစေ!
a ထပ်ဆင့်ပညာရေးအကြောင်း ဆွေးနွေးတင်ပြချက်ကို နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ပုံနှိပ်ထုတ်ဝေသော ယေဟောဝါသက်သေများနှင့် ပညာရေး ဘရိုရှာ (လိပ်) စာမျက်နှာ ၄-၇ တွင်ရှု။
b “ရယ်” သည်ဟု ဤနေရာတွင် ဘာသာပြန်ဆိုထားသည့် ဟေဗြဲစာလုံးသည် တစ်နည်းအားဖြင့် “ကစားသည်၊” “ပျော်မြူးသည်၊” “ပွဲခံသည်၊” ဟူ၍ပြန်ဆိုနိုင်သည့်ပြင် “ပျော်ရွှင်မြူးထူးသည်” ဟူ၍ပင် ပြန်ဆိုနိုင်သည်။
c ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း မြန်မာမှ ပုံနှိပ်ထုတ်ဝေသည်။