အခန်းငါး
လက်ရာ—အကြောင်းတရားကား အဘယ်နည်း
ရှေ့အခန်းများ၌ တင်ပြခဲ့သည့်အတိုင်း ခေတ်သစ် သိပ္ပံဆိုင်ရာတွေ့ရှိချက်များက စကြဝဠာနှင့် ကမ္ဘာ့သက်ရှိ နှစ်မျိုးစလုံး၌ အစရှိကြောင်း ကျေနပ်လက်ခံလောက်သော သက်သေအထောက်အထား အလျှံပယ် တင်ပြသည်။ ၎င်းတို့၏အစကို အဘယ်အရာက ဖြစ်ပေါ်စေခဲ့သနည်း။
လက်လှမ်းမီရာအထောက်အထားများကို လေ့လာပြီးနောက် လူအများက ပထမအကြောင်းတရား (First Cause) တစ်ခု မုချရှိရမည်ဟု ကောက်ချက်ချခဲ့ကြပြီ။ သို့ရာတွင် ဤအကြောင်းတရားကို ပုဂ္ဂိုလ်အဖြစ် လက်ခံရန်အတွက်မူ သူတို့ တွန့်ဆုတ်ကြပေမည်။ ဖန်ဆင်းရှင်အကြောင်း ပြောဆိုရန် ဤသို့စိတ်မပါခြင်းက သိပ္ပံပညာရှင်အချို့၏ သဘောထားကို ထင်ဟပ်စေသည်။
ဥပမာ၊ အဲလ်ဘတ် အိုင်းစတိုင်းသည် စကြဝဠာ၌ အစရှိကြောင်း လက်ခံယုံကြည်သည့်အပြင် “ဤလောကကို ဘုရားသခင် မည်သို့ဖန်ဆင်းကြောင်း သိလိုသည့်” ၎င်း၏ဆန္ဒကိုပါ ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အိုင်းစတိုင်းသည် ပုဂ္ဂိုလ်ဖြစ်သောဘုရားသခင် [personal God] တစ်ပါးကို ယုံကြည်ကြောင်း ဝန်မခံပေ။ သူက “တရားသေအယူဝါဒကိုလည်းမသိ၊ လူ့ပုံသဏ္ဌာန်ကဲ့သို့တည်ရှိသည့် ဘုရားသခင်ကိုလည်းမသိသော [စကြဝဠာဆိုင်ရာ] ဘာသာရေးစိတ်ထား” တစ်မျိုးအကြောင်း ပြောဆိုခဲ့သည်။ အလားတူစွာပင်၊ နိုဘဲလ်ဆုရ ဓာတုဗေဒပညာရှင် ကဲင်နီချီ ဖူကူအီက စကြဝဠာ၌ မဟာအခြေအမြစ် (great framework) တစ်ရပ်ရှိသည်ကိုယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သူက “ဤမဟာကွင်းဆက်နှင့် အခြေအမြစ်ကို ‘ပြီးပြည့်စုံဝိညာဉ်ဓာတ်ကြီး [‘Absolute’]’ သို့မဟုတ် ‘ဘုရားသခင် [‘God’]’ ဟူသောစကားလုံးမျိုးဖြင့် ဖော်ပြနိုင်သည်” ဟုဆို၏။ သို့သော် သူက ၎င်းကို “သဘာဝတရား၏ ကိုယ်ပိုင်မူထူး [idiosyncrasy of nature]” ဟုခေါ်ဆိုသည်။
အကောင်အထည်မရှိသော အကြောင်းတရားကို ယုံကြည်သည့် ဤကဲ့သို့သောယုံကြည်ချက်သည် အရှေ့တိုင်း ဘာသာရေးအတွေးအခေါ်နှင့် များစွာတူညီသည်ကို သင်သတိပြုမိသလော။ အရှေ့တိုင်းသားအများက သဘာဝတရားသည် မိမိဘာသာအလျောက် ဖြစ်တည်လာသည်ဟု ယုံကြည်ကြသည်။ သဘာဝတရားဟူသော တရုတ်စာလုံး၌ပင် ဤယုံကြည်ချက် ပေါ်လွင်နေသည်။ စာသားအရ ၎င်း၏အဓိပ္ပာယ်မှာ “မိမိဘာသာအလျောက် ဖြစ်လာသည်” သို့မဟုတ် “ကိုယ့်စွမ်းပကားဖြင့် တည်ရှိခြင်း” ဖြစ်သည်။ အိုင်းစတိုင်းက သူ၏ စကြဝဠာဆိုင်ရာ ဘာသာရေးစိတ်ထားကို ဗုဒ္ဓဘာသာတွင် ကောင်းစွာရှင်းလင်းဖော်ပြထားသည်ဟု ယုံကြည်သည်။ စကြဝဠာနှင့် လူသားများကို ဖြစ်ပေါ်စေရာတွင် ဖန်ဆင်းရှင် ပါဝင်ပတ်သက်ခြင်းရှိသည် မရှိသည်မှာ အရေးမကြီးကြောင်း ဗုဒ္ဓကယုံကြည်သည်။ အလားတူစွာ၊ ရှင်တိုဘာသာကလည်း သဘာဝတရား ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဖော်ပြခြင်းမရှိပေ။ ရှင်တိုဘာသာဝင်များက နတ်ဘုရားများမှာ သဘာဝတရားနှင့် တစ်သားတည်းဖြစ်သော သေလွန်သူတို့၏ ဝိညာဉ်များဖြစ်သည်ဟု ယုံကြည်ကြသည်။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ယင်းသို့သောအတွေးအခေါ်သည် ရှေးဂရိနိုင်ငံတွင် ရေပန်းစားခဲ့သော ထင်မြင်ယူဆချက်များနှင့် ဆင်တူလှသည်။ တွေးခေါ်ရှင် ဧပိကုရု (Epicurus) (ဘီ.စီ.အီး. ၃၄၁-၂၇၀) သည် ‘နတ်နာမ်ဝိညာဉ်ဘုရားသခင်များသည် အလွန်တရာ အလှမ်းကွာဝေးလှသဖြင့် လူသားတို့ကို မည်သို့မျှ ကောင်းကျိုးဆိုးကျိုး မပြုနိုင်’ ဟုယုံကြည်ကြောင်း အဆိုရှိသည်။ သူက လူဆိုသည်မှာ အလိုအလျောက်မျိုးပွားခြင်းနှင့် အသင့်တော်ဆုံးကို သဘာဝတရားက ရွေးချယ်ခြင်းဖြင့် ဖြစ်ပေါ်လာသည့် သဘာဝတရား၏ ဖန်တီးမှုဖြစ်သည်ဟု ခံယူသည်။ ဤသည်ကိုထောက်ခြင်းဖြင့် ယခုခေတ် ဆင်တူယိုးမှားယုံကြည်ချက်များသည် အသစ်အဆန်းမဟုတ်ကြောင်း သင်သတိပြုမိပေမည်။
ဧပိကုရုတပည့်များနှင့် တစ်ခေတ်တည်း အသက်ရှင်ခဲ့သူတို့မှာ သဘာဝတရားကို ဘုရားသခင့်နေရာတွင်ထားကြသော ဂရိ သတောအိတ် (Stoic) များဖြစ်ကြသည်။ ဤသူတို့က လူသားများသေဆုံးသည့်အခါ သူတို့ထံမှ အကောင်အထည်မရှိသောစွမ်းအင်သည် ဘုရားသခင်အဖြစ်ဖွဲ့စည်းသည့် စွမ်းအင်သမုဒ္ဒရာအတွင်းသို့ ပြန်လည်စုပ်ယူခံရသည်ဟု ယူဆကြသည်။ သူတို့က သဘာဝတရားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်ဟု ယူဆကြသည်။ အလားတူထင်မြင်ယူဆချက်များကို ယခုခေတ်တွင် သင်ကြားဖူးပါသလော။
ပုဂ္ဂိုလ်ဖြစ်သော ဘုရားသခင်အကြောင်း အငြင်းအခုံ
သို့ရာတွင်၊ ရှေးဂရိနိုင်ငံမှ သိရှိရသည့် သတင်းအချက်အလက်အားလုံးကို ထူးခြားဆန်းပြားသည့် သမိုင်းအဖြစ် ဖယ်ထုတ်မပစ်သင့်ပါ။ ထိုသို့သောယုံကြည်ချက်များ လွှမ်းမိုးနေသည့် အခြေအနေမျိုးတွင် ပထမရာစုမှ ထင်ရှားကျော်ကြားသည့် ဆရာတစ်ဦးက သမိုင်းတွင် အထူးအရေးပါသော မိန့်ခွန်းတစ်ရပ်ကို မိန့်ကြားခဲ့သည်။ ဤမိန့်ခွန်းကို သမားတော်နှင့် သမိုင်းပညာရှင်ဖြစ်သော လုကာက မှတ်တမ်းတင်ရေးသားခဲ့ပြီး ယင်းအကြောင်းကို တမန်တော်ဝတ္ထု အခန်းကြီး ၁၇ တွင် တွေ့ရှိရသည်။ ဤအကြောင်းသည် ပထမအကြောင်းတရားနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏ အမြင်သဘောထားကို ကြည်လင်အောင်၊ ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရပ်တည်ချက်ကိုပါ သိမြင်အောင် ကူညီပေးနိုင်သည်။ သို့သော်၊ လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က မိန့်ကြားခဲ့သည့်မိန့်ခွန်းတစ်ရပ်သည် ယနေ့ ဘဝအဓိပ္ပာယ် ရှာဖွေကြကုန်သော ရိုးသားဖြောင့်မတ်သူတို့၏ အသက်တာအပေါ် မည်သို့ အကျိုးသက်ရောက်နိုင်ပါမည်နည်း။
အဆိုပါ ကျော်ကြားသောဆရာ ပေါလုသည် အေသင်မြို့ရှိ တရားလွှတ်တော်သို့ ဖိတ်ကြားခံခဲ့ရသည်။ ထိုတွင် သူသည် ဘုရားသခင်အား ပုဂ္ဂိုလ်တစ်ပါးအဖြစ် မယုံကြည်သော ဧပိကုရုတပည့်များနှင့် သတောအိတ်များကို ရင်ဆိုင်ခဲ့ရသည်။ နိဒါန်းပျိုးရာ၌ ပေါလုက သူတို့၏မြို့တွင် “ငါတို့မသိသော ဘုရားသခင်အဖို့” (ဂရိ၊ A.gnoʹstoi The.oiʹ) ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ အချို့က ဇီဝဗေဒပညာရှင် သောမတ်စ် အိတ်ချ်. ဟတ်ခ်စ်လီ (၁၈၂၅-၉၅) သည် “မသိဝါဒီ” (agnostic) ဟူသောဝေါဟာရကို တီထွင်စဉ်က ဤအကြောင်းကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆကြသည်။ “အဆုံးစွန်သောအကြောင်းတရား (ဘုရားသခင်) နှင့် အရာဝတ္ထုများ၏ ပဓာနသဘောတရားတို့သည် မသိသောအရာ၊ သို့မဟုတ် မသိနိုင်သောအရာဖြစ်သည်” ဟူ၍ယုံကြည်သူတို့နှင့်ပတ်သက်၍ ထိုစကားလုံးကို ဟတ်ခ်စ်လီက ရည်ညွှန်းသုံးစွဲခဲ့သည်။ သို့သော် လူအများယူမှတ်ကြသကဲ့သို့ ဖန်ဆင်းရှင်သည် အမှန်ပင် “မသိနိုင်သော” အရှင်ဖြစ်ပါသလော။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ယင်းသည် ပေါလု၏စကားစုကို အလွဲသုံးလိုက်ခြင်း၊ ပေါလု၏ဆိုလိုရင်းကို သဘောမပေါက်ခြင်းဖြစ်သည်။ ပေါလုက ဖန်ဆင်းရှင်သည် မသိနိုင်သောအရှင်ဖြစ်သည်ဟု မဆိုဘဲ ကိုယ်တော်ကို အေသင်မြို့သားများမသိဟု ဆိုနေခြင်းသာဖြစ်သည်။ ဖန်ဆင်းရှင်တည်ရှိကြောင်း သက်သေထူသည့် သိပ္ပံနည်းကျ အထောက်အထားများ ယနေ့ကျွန်ုပ်တို့ ရရှိထားသလောက် ပေါလု၌ မရှိခဲ့ပါ။ သို့တိုင် ကျွန်ုပ်တို့အား အထံတော်သို့ ဆွဲဆောင်သည့် ဂုဏ်ရည်တော်များရှိသော၊ ပုဂ္ဂိုလ်ဖြစ်သော၊ အသိဉာဏ်ရှိသော ဒီဇိုင်းပုံစံပြုရှင်တစ်ပါးရှိကြောင်း ပေါလု သံသယမရှိခဲ့ချေ။ ပေါလု ဆက်၍ပြောကြားသည့်စကားကို ဂရုပြုပါ–
“သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။ လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍၊ လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစ်စုံတစ်ခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ ဘုရားသခင်သည် မြေတစ်ပြင်လုံး၌နေရသော လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ . . . ၏။” (တမန်တော် ၁၇:၂၃-၂၆) စိတ်ဝင်စားဖွယ်ကောင်းသော ကျိုးကြောင်းဆင်ခြင်ပုံ မဟုတ်ပေလော။
မှန်ပါ၏၊ ပေါလုက ဘုရားသခင်သည် မသိနိုင်သောအရှင်ဖြစ်သည်ဟု ဆိုမည့်အစား ထိုအေသင်ယဇ်ပလ္လင်ကို တည်လုပ်သူတို့နှင့်တကွ ပရိသတ်ထဲမှလူအများသည် ကိုယ်တော်အား မသိကြသေးဟု သူအလေးထား ပြောဆိုခြင်းသာဖြစ်သည်။ ထို့နောက် ပေါလုက ထိုသူတို့—နှင့်တကွ သူ၏မိန့်ခွန်းကို ဖတ်ရှုသူ လူခပ်သိမ်းတို့—အား ဖန်ဆင်းရှင်ကိုသိကျွမ်းအောင် အားထုတ်ကြရန် တိုက်တွန်းခဲ့သည်။ အကြောင်းမှာ “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” သောကြောင့်တည်း။ (တမန်တော် ၁၇:၂၇) ပေါလုက ဖန်ဆင်းခံအရာများကို ဂရုစိုက်ကြည့်ခြင်းအားဖြင့် ဖန်ဆင်းရှင်ရှိကြောင်း သက်သေအထောက်အထားများကို တွေ့မြင်နိုင်သည်ဟူသောအချက်ကို လိမ္မာပါးနပ်စွာ ပြောကြားသွားသည်ကို သင်သဘောပေါက်ပေမည်။ ဤသို့ဖြင့် ကျွန်ုပ်တို့လည်း ကိုယ်တော်၏ဂုဏ်တော်အချို့ကို တွေ့မြင်နိုင်ပေသည်။
ဖန်ဆင်းရှင်အားညွှန်ပြသည့် အထောက်အထားလမ်းကြောင်း အမျိုးမျိုးကို ကျွန်ုပ်တို့ ဆန်းစစ်ခဲ့ပြီးဖြစ်သည်။ တစ်ခုမှာ အစရှိကြောင်းထင်ရှားသည့်၊ ပညာသားပါပါ စီစဉ်ဖွဲ့စည်းထားသည့် ဧရာမ စကြဝဠာကြီးဖြစ်သည်။ နောက်တစ်ခုမှာ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာဆဲလ်အတွင်း ထင်ရှားစွာတွေ့ရသည့် ဒီဇိုင်းပုံစံ အပါအဝင် ကမ္ဘာပေါ်ရှိ သက်ရှိများဖြစ်သည်။ တတိယတစ်ခုမှာ မိမိကိုယ်ကိုသိခြင်းနှင့် အနာဂတ်ကို စိတ်ဝင်စားခြင်းတို့နှင့် ဆက်စပ်လျက်ရှိသည့် ကျွန်ုပ်တို့၏ ဦးနှောက်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အပေါ် နေ့စဉ် အကျိုးသက်ရောက်နေသည့် ဖန်ဆင်းရှင်၏ လက်ရာတော်နှင့်ဆိုင်သော အခြားသာဓကနှစ်ခုကို ဦးဆုံးကြည့်ကြပါစို့။ သို့ပြုရာတွင် ‘ဤအချက်က ဤအရာကိုပုံစံပြု၍ ဖန်တီးသောအရှင်၏ ကိုယ်ရည်ကိုယ်သွေးအကြောင်း ဘာဖော်ပြသနည်း’ ဟူ၍ မိမိကိုယ်ကို မေးကြည့်ပါ။
ကိုယ်တော်၏လက်ရာတော်မှ သင်ယူခြင်း
ဖန်ဆင်းခံအရာများကို ဂရုစိုက်ကြည့်လိုက်ရုံမျှနှင့် ဖန်ဆင်းရှင်အကြောင်း များစွာသိရှိနိုင်သည်။ အခြား အခါသမယတစ်ခုတွင် အာရှမိုင်းနားရှိ လူစုလူဝေးအား စကားပြောကြားရာ၌ ဤအကြောင်းနှင့်ပတ်သက်သော သာဓကတစ်ခုကို ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ရှေးလွန်လေပြီးသောကာလတို့၌ လူအမျိုးမျိုးတို့သည် မိမိတို့အလိုအလျောက် ကျင့်ကြမည်အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ သို့သော်လည်း၊ သင်တို့အားကျေးဇူးပြုလျက်၊ အစာအာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှာ၊ မိုးကောင်းကင်မှ မိုးရွာစေတော်မူ၍၊ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့်၊ ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲ နေတော်မမူ။” (တမန်တော် ၁၄:၁၆၊ ၁၇) ဖန်ဆင်းရှင်သည် လူသားများအား အစာအာဟာရပေးခြင်းအားဖြင့် မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို မည်သို့သက်သေခံကြောင်း ပေါလုတင်ပြသည့်သာဓကကို ဂရုပြုပါ။
ယနေ့ တိုင်းပြည်အချို့တွင် လူတို့သည် အစာရေစာရရှိခြင်းကို ပေါ့ပေါ့တန်တန် သဘောထားကြပေမည်။ အခြားနေရာများ၌မူ လူအများတို့သည် နပ်မှန်အောင်စားရဖို့အရေး ရုန်းကန်နေကြရသည်။ မည်သို့ပင်ဖြစ်စေကာမူ အသက်ရှင်ရေးကို ထောက်ပံ့သောအစားအစာ ရရှိနိုင်သည့်အလားအလာသည်ပင် ဖန်ဆင်းရှင်၏ဉာဏ်ပညာတော်နှင့် ကောင်းမြတ်ခြင်းပေါ်တွင် တည်မှီလျက်ရှိသည်။
လူနှင့်တိရစ္ဆာန်တို့အတွက် လိုအပ်သည့်အစားအစာသည် ရှုပ်ထွေးနက်နဲသော သံသရာများ—ရေသံသရာ၊ ကာဗွန်သံသရာ၊ ဖော့စဖရတ်သံသရာနှင့် နိုက်ထရိုဂျင်သံသရာတို့ အပါအဝင်—အပေါ်မူတည်၏။ အပင်များသည် အလွန်အရေးပါသော အလင်းမှီစုဖွဲ့ခြင်းဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်နှင့်ရေကို ကုန်ကြမ်းများအဖြစ်၊ နေရောင်ခြည်ကို စွမ်းအင်အရင်းအမြစ်အဖြစ် အသုံးပြုလျက် သကြားကိုထုတ်လုပ်ကြောင်း လူတိုင်းသိကြသည်။ အလင်းမှီစုဖွဲ့စဉ်တွင် အပင်များသည် အောက်ဆီဂျင်ကို ထုတ်လွှတ်သည်။ အောက်ဆီဂျင်ကို “စွန့်ပစ်ပစ္စည်း” ဟုခေါ်နိုင်မည်လော။ ကျွန်ုပ်တို့အဖို့ ဤဘေးထွက်ပစ္စည်းသည် စွန့်ပစ်ပစ္စည်း လုံးဝမဟုတ်ပေ။ အောက်ဆီဂျင်ကို ကျွန်ုပ်တို့ရှူသွင်းပြီး ဇီဝတွင်းဖြစ်ပျက်မှု သို့မဟုတ် ကိုယ်ခန္ဓာအတွင်း အစာကိုလောင်ကျွမ်းစေဖို့အတွက် အလွန်အရေးကြီးသည်။ ထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ကျွန်ုပ်တို့ရှူထုတ်သည်။ ယင်းကို အပင်များက အလင်းမှီစုဖွဲ့ခြင်းအတွက် ကုန်ကြမ်းအဖြစ် တစ်ဖန်ပြန်လည်အသုံးချသည်။ ဤဖြစ်စဉ်အကြောင်းကို အခြေခံသိပ္ပံဘာသာရပ်တွင် ကျွန်ုပ်တို့ သင်ကြားခဲ့ရမည်ဖြစ်သော်လည်း ၎င်းသည် အရေးမပါလှသော၊ အံ့သြဖွယ်မကောင်းလှသောအရာ မဟုတ်ပါ။ ဖန်ဆင်းရှင်၏ ဉာဏ်ပညာနှင့် ကောင်းမြတ်ခြင်းဆိုင်ရာ အထောက်အထားတစ်ခုမျှသာ ဖြစ်ပါသည်။
ကျွန်ုပ်တို့နှင့် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာဆဲလ်များ၌ စွမ်းအင်ပြောင်းရွှေ့ရေးအတွက် ဖော့စဖရတ်သည် အလွန်အရေးပါ၏။ ဖော့စဖရတ်ကို အဘယ်မှ ကျွန်ုပ်တို့ ရရှိသနည်း။ အပင်များမှဖြစ်သည်။ အပင်တို့သည် အဇီဝမူလ ဖော့စဖိတ်များ (inorganic phosphates) ကို မြေဆီလွှာမှစုပ်ယူပြီး ယင်းတို့ကို ဇီဝဖော့စဖိတ်များ (organic phosphates) အဖြစ် ပြောင်းလဲစေသည်။ ဤအသွင်များဖြင့်တည်ရှိသော ဖော့စဖရတ် ပါဝင်သည့်အပင်များကို ကျွန်ုပ်တို့စားသုံး၍ ယင်းတို့ကို သက်စောင့်လှုပ်ရှားမှုများအတွက် အသုံးပြုကြသည်။ ၎င်းနောက်၊ ဖော့စဖရတ်သည် ကိုယ်ခန္ဓာ “အညစ်အကြေးများ” အသွင်ဖြင့် မြေကြီးထဲသို့ ပြန်လည်ရောက်ရှိသွားရာ အပင်များက တစ်ဖန်ပြန်စုပ်ယူသည်။
နိုက်ထရိုဂျင်ကိုလည်း ကျွန်ုပ်တို့လိုအပ်သည်။ နိုက်ထရိုဂျင်မှာ ကျွန်ုပ်တို့ကိုယ်ခန္ဓာအတွင်းမှ ပရိုတင်းနှင့် ဒီအင်အေ မော်လီကျူးတိုင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အသက်အတွက် အလွန်အရေးပါသည့် ဤဒြပ်စင်ကို ကျွန်ုပ်တို့ မည်သို့ရရှိသနည်း။ ကျွန်ုပ်တို့ပတ်လည်ရှိလေထု၏ ၇၈ ရာခိုင်နှုန်းခန့်သည် နိုက်ထရိုဂျင်ဖြစ်သော်လည်း အပင် သို့မဟုတ် တိရစ္ဆာန်များက ယင်းကို တိုက်ရိုက် မစုပ်ယူနိုင်ချေ။ ထို့ကြောင့် လေထဲမှနိုက်ထရိုဂျင်ကို အပင်များကစုပ်ယူပြီးနောက် လူနှင့်တိရစ္ဆာန်တို့က အသုံးမပြုမီ ယင်းကို အခြားအသွင်သဏ္ဌာန်များအဖြစ် ပြောင်းလဲစေရပေမည်။ ၎င်းပြောင်းလဲခြင်း၊ သို့မဟုတ် နိုက်ထရိုဂျင်ချုပ်ခြင်း (fixation) မည်သို့ဖြစ်ပွားသနည်း။ နည်းအမျိုးမျိုးအားဖြင့် ဖြစ်ပါသည်။ တစ်နည်းမှာ မိုးကြိုးပစ်ခြင်းအားဖြင့်ဖြစ်သည်။a နိုက်ထရိုဂျင်ချုပ်ခြင်းကို ပဲ၊ ပဲပုပ်နှင့် အယ်လဖာလ်ဖာ (alfalfa) ကဲ့သို့သော ပဲတောင့်ပင်များ၏ အမြစ်ဖုများတွင်နေသော ဘက်တီးရီးယားကလည်း ဖြစ်ပွားစေသည်။ ဤဘက်တီးရီးယားက လေထုထဲမှ နိုက်ထရိုဂျင်ကို အပင်များ အသုံးပြုနိုင်သည့် ဒြပ်ဝတ္ထုများအဖြစ် ပြောင်းလဲပေးသည်။ ဤနည်းဖြင့်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များကို သင်စားသုံးသည့်အခါ ပရိုတင်းထုတ်လုပ်ရေးအတွက် သင့်ကိုယ်ခန္ဓာလိုအပ်သော နိုက်ထရိုဂျင်ကိုရရှိသည်။ အံ့မခန်းဖွယ်ကောင်းသည်မှာ၊ ပဲမျိုးစိတ်များကို အပူပိုင်းဒေသမိုးသစ်တောများ၊ သဲကန္တာရများနှင့် တန်ဒရာ (tundra) ဒေသများ၌ပင် တွေ့ရှိရသည်။ အကယ်၍ ဒေသတစ်ခုသည် မီးလောင်ပျက်စီးသွားသည်တိုင် ပဲမျိုးအပင်များသည် များသောအားဖြင့် ပထမဦးစွာ ပြန်လည်ပေါက်ရောက်သည့်အပင်များ ဖြစ်ကြသည်။
ဤသံသရာစနစ်များသည် အံ့ချီးဖွယ်ကောင်းလှပါသည်တကား! သံသရာတစ်ခုစီသည် အခြားသံသရာများမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများကို အသုံးပြုကြသည်။ လိုအပ်သည့်စွမ်းအင်ကို အဓိကအားဖြင့် ညစ်ညမ်းမှုကင်းသော၊ မကုန်ခန်းနိုင်သော၊ မပြောင်းမလဲတည်တံ့သော အရင်းအမြစ်ဖြစ်သည့် နေမင်းထံမှရရှိသည်။ သယံဇာတများကို တစ်ဖန်ပြန်လည် အသုံးချနိုင်ရန် လူသားတို့၏ကြိုးပမ်းမှုများနှင့် မည်မျှကွာခြားလိုက်လေချင်း! သဘာဝပတ်ဝန်းကျင်ကို ဥပဒ်မပေးဟုဆိုသော လူလုပ်ပစ္စည်းများပင် လူသားတို့၏ တစ်ဖန်ပြန်လည် အသုံးချခြင်းနည်းစနစ်များ၏ ရှုပ်ထွေးမှုကြောင့် ပို၍သန့်ရှင်းသည့် ကမ္ဘာတစ်ခုဖြစ်လာအောင် အထောက်အကူမပြုဘဲ ရှိကောင်းရှိမည်။ ဤအကြောင်းနှင့်စပ်လျဉ်း၍ ယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ စာစောင်က ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးကြီးမားသော အစိတ်အပိုင်းများကို လွယ်ကူစွာ ပြန်လည်အသုံးချနိုင်အောင် ဒီဇိုင်းပုံစံပြုသင့်ကြောင်း ထောက်ပြထားသည်။ သဘာဝသံသရာများတွင် ဤအတိုင်းပင် ကျွန်ုပ်တို့တွေ့ရှိရသည် မဟုတ်လော။ သို့ဖြစ်လျှင်၊ ဤအချက်က ဖန်ဆင်းရှင်၏အမြော်အမြင်နှင့် ဉာဏ်ပညာတော်အကြောင်း အဘယ်အရာ ဖော်ပြသနည်း။
မျက်နှာမလိုက်၊ တရားမျှတ၏
ဘုရားသခင်၏ဂုဏ်တော်အချို့ကို ပို၍မြင်သာအောင် စနစ် နောက်တစ်ခု—ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာအတွင်းမှ ရောဂါပြီးစနစ်—ကို သုံးသပ်ကြည့်ကြပါစို့။ ဤစနစ်၌လည်း ဘက်တီးရီးယားများ ပါဝင်ပတ်သက်နေသည်။
“ဘက်တီးရီးယားများအပေါ် လူတို့စိတ်ဝင်စားကြသည်မှာ များသောအားဖြင့် ၎င်းတို့၏ ဆိုးကျိုးများနှင့်ပတ်သက်သော်လည်း ဘက်တီးရီးယားအများစုမှာ သက်ရှိလူသားများကို ဥပဒ်မပေးကြရုံမက ၎င်းတို့အနက် အများသည် ကောင်းကျိုးပင်ပြုကြသည်” ဟူ၍ ဗြိတိန်နီကာ စွယ်စုံကျမ်းသစ် ကဂရုပြုဖော်ပြသည်။ မှန်ပါ၏၊ ၎င်းတို့သည် သေရေးရှင်ရေးတမျှ အရေးကြီးပါသည်။ အထက်ဖော်ပြပါ နိုက်ထရိုဂျင် သံသရာနှင့်တကွ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် ဒြပ်စင်အချို့နှင့်ပတ်သက်သည့် သံသရာများတွင် ဘက်တီးရီးယားများသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားကြသည်။ ၎င်းပြင် ကျွန်ုပ်တို့၏ အစာခြေလမ်းကြောင်းတွင်လည်း ဘက်တီးရီးယားများရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့၏ အူလမ်းကြောင်းအောက်ပိုင်း (အူမကြီး) တစ်ခုတည်းအတွင်း၌ပင် အမျိုးပေါင်း ၄၀၀ ခန့်ရှိပြီး ဗီတာမင် ကေ ထုတ်လုပ်ခြင်းနှင့် အညစ်အကြေးများ စစ်ထုတ်ခြင်းတွင် အကူအညီပေးကြသည်။ နောက်ထပ်အကျိုးပြုပုံတစ်ခုမှာ ဘက်တီးရီးယားများသည် နွားများက မြက်ကိုနို့ဖြစ်အောင် ပြောင်းလဲရာ၌ အကူအညီပေးခြင်းဖြစ်သည်။ အခြားသော ဘက်တီးရီးယားများသည် ဒိန်ခဲ၊ ဒိန်ချဉ်၊ ချဉ်ဖတ်၊ ဂျာမန် ဂေါ်ဖီထုပ်ချဉ်ဖတ်နှင့် ကင်မချီ အစရှိသည်တို့ကို ပြုလုပ်ရာတွင် အချဉ်ဖောက်ရာ၌ အလွန်အရေးပါသည်။ သို့ရာတွင်၊ အကယ်၍ ဘက်တီးရီးယားများသည် ကျွန်ုပ်တို့ကိုယ်တွင်း၌ မရှိသင့်သည့်နေရာများသို့ ရောက်ရှိနေပါက မည်သို့ဖြစ်မည်နည်း။
ထိုအခါ ကျွန်ုပ်တို့ကိုယ်တွင်းမှ နှစ်ထရီယံမျှရှိသည့် သွေးဖြူဆဲလ်များက ဥပဒ်ပေးနိုင်သည့် ဘက်တီးရီးယားများကို တိုက်ခိုက်ကြသည်။ သိပ္ပံ မဂ္ဂဇင်း အယ်ဒီတာ ဒန်းနီယယ် အီး. ကောရှ်လန်းက ဤသို့ရှင်းပြသည်– “ရောဂါပြီးစနစ်ကို ပြင်ပမှ ကျူးကျော်လာသည့် အရာများကိုသိရှိအောင် ဒီဇိုင်းပြုထားသည်။ ထိုသို့သိရှိနိုင်ရန် ရောဂါပြီးစနစ်သည် အမျိုးကွဲပြားသည့် ရောဂါပြီးအာရုံခံ (receptor) အမျိုးပေါင်း ၁၀၁၁ [၁၀၀,၀၀၀,၀၀၀,၀၀၀] ခန့်ကိုထုတ်လုပ်ထားသဖြင့် ကျူးကျော်လာသည့်အရာသည် မည်သည့်အသွင်သဏ္ဌာန်ပင်ဖြစ်ပါစေ ယင်းကိုမှတ်မိ၍ သုတ်သင်ပယ်ရှားပစ်နိုင်သည့် ဖြည့်ဖက်အာရုံခံအချို့ အမြဲရှိနေပေလိမ့်မည်။”
ကျူးကျော်လာသူတို့ကိုတိုက်ခိုက်ရန် ကျွန်ုပ်တို့ကိုယ်ခန္ဓာ အသုံးပြုသည့်ဆဲလ်တစ်မျိုးမှာ ဖမ်းစားဆဲလ်ကြီး (macrophage) ဖြစ်ပြီး ယင်းအမည်၏အဓိပ္ပာယ်မှာ “အစားကြီးသူ” ဖြစ်သည်။ ဖမ်းစားဆဲလ်ကြီးသည် ကျွန်ုပ်တို့၏သွေးအတွင်းရှိ ပြင်ပမှလာသောဝတ္ထုများကို ဝါးမျိုသောကြောင့် ယင်းအမည်နှင့် ဆီလျော်လှသည်။ သာဓကအားဖြင့်၊ ဖမ်းစားဆဲလ်ကြီးသည် ကျူးကျော်လာသည့် ဗိုင်းရတ်စ်တစ်ခုကို ဝါးမျိုပြီးနောက် ယင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြိုခွဲလိုက်သည်။ ၎င်းနောက် ထိုဗိုင်းရတ်စ်မှ ပရိုတင်းအချို့ကိုပြသသည်။ ယင်းအမှတ်အသားပြုပရိုတင်း အပိုင်းအစသည် ကျွန်ုပ်တို့ကိုယ်ထဲ၌ ပြင်ပဇီဝရုပ်များ ထကြွသောင်းကျန်းနေပြီဖြစ်ကြောင်း တပ်လှန့်သည့်အနေနှင့် ရောဂါပြီးစနစ်အား အလံနီပြလိုက်သကဲ့သို့ဖြစ်သည်။ အကယ်၍ ရောဂါပြီးစနစ်မှ ဆဲလ်နောက်တစ်မျိုးဖြစ်သည့် အကူ တီ ဆဲလ် (helper T cell) က ထိုဗိုင်းရတ်စ်ပရိုတင်းကို မှတ်မိသွားပါက ဖမ်းစားဆဲလ်ကြီးနှင့် ဓာတုအချက်ပြများ ဖလှယ်ကြမည်။ ၎င်းဓာတုပစ္စည်းများကိုယ်နှိုက်သည် ထူးဆန်းသောပရိုတင်းများဖြစ်ပြီး ကျူးကျော်မှုကို လူတို့နားမလည်နိုင်သောနည်းများဖြင့် ရောဂါပြီးစနစ်၏ တုံ့ပြန်မှုကို ထိန်းညှိခြင်း၊ မြှင့်တင်ခြင်းစသည်ဖြင့် လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤဖြစ်စဉ်ကြောင့် သီးသန့်သတ်မှတ်ထားသည့် ဗိုင်းရတ်စ်တစ်မျိုးနှင့် အပြင်းအထန်တိုက်ပွဲ ဖြစ်ပေါ်လာသည်။ ဤသို့အားဖြင့်၊ ကျွန်ုပ်တို့သည် ရောဂါကူးစက်မှုများကို များသောအားဖြင့် အနိုင်ရရှိကြ၏။
အမှန်ဆိုလျှင်၊ ထိုထက်မက များစွာပါဝင်သော်လည်း ဤအကျဉ်းရုံး ဖော်ပြချက်နှင့်ပင် ကျွန်ုပ်တို့ရောဂါပြီးစနစ်၏ ရှုပ်ထွေးမှုသည် ပေါ်လွင်ထင်ရှားလောက်ပေပြီ။ သိမ်မွေ့ရှုပ်ထွေးလှသည့် ဤယန္တရားကို ကျွန်ုပ်တို့ မည်သို့ရရှိခဲ့ကြသနည်း။ ကျွန်ုပ်တို့မိသားစု၏ ငွေရေးကြေးရေးအခြေအနေ သို့မဟုတ် လူမှုရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ ယင်းကို ကျွန်ုပ်တို့ အခမဲ့ရရှိကြသည်။ ကျန်းမာရေးစောင့်ရှောက်မှုဘက်တွင် လူအများထု ကြုံတွေ့နေရကြသည့် မမျှတမှုနှင့် နှိုင်းယှဉ်ကြည့်ပါ။ “ဆင်းရဲသားများသည် လူမှုရေးမညီမျှခြင်း၏ အဖိုးအခအတွက် ၎င်းတို့၏ကျန်းမာရေးဖြင့် ပေးဆပ်နေကြရသောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အမြင်တွင် ကြီးထွားလျက်ရှိသည့် ဤမမျှတခြင်းသည် အမှန်ပင် သေရေးရှင်ရေးကိစ္စဖြစ်ပေသည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟီရိုရှီ နာကာဂျီးမားက ရေးသားခဲ့သည်။ ဆောပေါလိုမြို့ရှိ ဆင်းရဲသားရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦး၏ ဤညည်းညူချက်ကို သင်သဘောပေါက်နိုင်ပါသည်– “ကျွန်မတို့အဖို့ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဟာ ဇိမ်ခံပစ္စည်းအရောင်းဆိုင် မှန်ပြတင်းတွေမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတစ်ခုလိုပါပဲ။ မြင်သာမြင်ရပြီး မကြင်ရတဲ့အရာပါ။” ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာလည်း ဤအတိုင်းပင် ခံစားကြရသည်။
ဤကဲ့သို့သော မမျှတမှုများကြောင့် အဲလ်ဘတ် ရှဝိုင်ဇာသည် အာဖရိကတိုက်သို့သွားရောက်၍ ဆင်းရဲချို့ငဲ့သူတို့ကို ဆေးဝါးကုသပြုစုပေးခဲ့ရာ သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် နိုဘဲလ်ဆုရရှိခဲ့သည်။ အလားတူကောင်းမှုများပြုခဲ့ကြသည့် အမျိုးသားအမျိုးသမီးများ၌ အဘယ်အရည်အသွေးများရှိသည်ဟု သင်ဆိုမည်နည်း။ ထိုသူတို့၌ လူသားများကိုချစ်သောမေတ္တာနှင့် တရားမျှတသည့်သဘောရှိကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပြည်သူများလည်း ဆေးဝါးကုသစောင့်ရှောက်မှု ခံစားခွင့်ရှိသည်ဟူသော ခံယူချက်ရှိကြောင်း သင်သဘောပေါက်ပေမည်။ သို့ဖြစ်လျှင်၊ ဆင်းရဲချမ်းသာမရွေး၊ မျက်နှာကြီးငယ်မဟူ ကျွန်ုပ်တို့အားလုံး၌ရှိသော အံ့မခန်းဖွယ် ရောဂါပြီးစနစ်ကို ထည့်သွင်းပေးသောအရှင်နှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ဖန်ဆင်းရှင်၏ မေတ္တာတော်၊ မျက်နှာမလိုက်မှုနှင့် တရားမျှတမှုသဘောကို သာ၍ထင်ရှားစွာ ဖော်ပြနေသည်မဟုတ်လော။
ဖန်ဆင်းရှင်အား သိကျွမ်းခြင်း
အထက်ဖော်ပြပါစနစ်များသည် ဖန်ဆင်းရှင်၏လက်ရာတော်မှ အခြေခံသာဓက အနည်းငယ်မျှသာဖြစ်သော်လည်း ၎င်းတို့က ကိုယ်တော်သည် အသိဉာဏ်ရှိသောပုဂ္ဂိုလ်တစ်ပါး စင်စစ်ဖြစ်ပြီး ကိုယ်တော်၏ဂုဏ်တော်များနှင့် နည်းလမ်းတော်များက ကျွန်ုပ်တို့အား အထံတော်သို့ ဆွဲဆောင်လျက်ရှိကြောင်း ဖော်ကျူးမနေပေလော။ အခြားသာဓက အမြောက်အမြားကို ဆင်ခြင်သုံးသပ်နိုင်ပါသေးသည်။ သို့ရာတွင်၊ လူတစ်ဦး၏အလုပ်ကို လေ့လာကြည့်ရှုရုံမျှဖြင့် ထိုသူ၏အကြောင်းကို ဂဃနဏ သိရှိနိုင်မည်မဟုတ်ကြောင်း နေ့စဉ်အသက်တာမှ ကျွန်ုပ်တို့တွေ့ရှိပေမည်။ သူ့အကြောင်းကို ပြည့်ပြည့်စုံစုံ မသိရှိပါက နားလည်မှုလွဲမှားစရာပင် ဖြစ်စေနိုင်ပေသည်! ထိုပုဂ္ဂိုလ်သည် ထင်ယောင်ထင်မှားဖြစ်အောင်ပြောခြင်း၊ အပုပ်ချခြင်းခံရသည်ဆိုပါက သူနှင့်တွေ့၍ သူ့ဘက်မှပြောဆိုချက်ကို နားထောင်ပေးလျှင် မကောင်းပေလော။ သူသည် ကွဲပြားသည့်အခြေအနေများ၌ မည်သို့တုံ့ပြန်တတ်ကြောင်း၊ အဘယ်အရည်အသွေးများ ပြသတတ်ကြောင်းသိရှိရန် သူနှင့်စကားပြောကြည့်နိုင်သည်။
တန်ခိုးကြီးမားသော စကြဝဠာဖန်ဆင်းရှင်နှင့် မျက်နှာချင်းဆိုင်၍ စကားပြောနိုင်မည် မဟုတ်သည်မှာ ဆိုဖွယ်မရှိ။ သို့သော်၊ ကိုယ်တော်သည် ပုဂ္ဂိုလ်တစ်ပါးစင်စစ်အဖြစ် မိမိအကြောင်းကို စာအုပ်တစ်အုပ်တွင် ဖော်ပြထားတော်မူ၏။ ၎င်းစာအုပ်ကို သင့်ဘာသာစကားအပါအဝင် ဘာသာစကားပေါင်း ၂,၀၀၀ ကျော်ဖြင့် တစ်အုပ်လုံးအနေနှင့်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ ရရှိနိုင်သည်။ ထိုစာအုပ်—သမ္မာကျမ်းစာ—က ဖန်ဆင်းရှင်အား သိကျွမ်းရန်၊ ကိုယ်တော်နှင့် ဆက်ဆံရေးထူထောင်ရန် ဖိတ်ခေါ်သည်။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟူ၍ကျမ်းစာကဆို၏။ ကိုယ်တော်၏အဆွေ မည်သို့ဖြစ်လာနိုင်ကြောင်းကိုလည်း ဖော်ပြသည်။ (ယာကုပ် ၂:၂၃; ၄:၈) ဤသို့ သင်ပြုလိုပါသလော။
ဤသို့ပြုနိုင်ရန် ဖန်ဆင်းရှင်၏ ဖန်ဆင်းခြင်းလုပ်ဆောင်မှုများဆိုင်ရာ ဖြစ်ရပ်မှန်ကိုအခြေခံသော၊ စိတ်ဝင်စားဖွယ်ရာကောင်းသော တင်ပြချက်ကို ဆင်ခြင်သုံးသပ်ကြည့်ပါရန် သင့်အား မေတ္တာရပ်ခံပါသည်။
[အောက်ခြေမှတ်ချက်]
a မိုးကြိုးပစ်ခြင်းက နိုက်ထရိုဂျင်အချို့ကို စုပ်ယူ၍ရနိုင်သည့်အသွင်သို့ ပြောင်းလဲစေပြီး မိုးရေနှင့်အတူ ကမ္ဘာမြေပြင်သို့ ကျရောက်စေသည်။ အပင်များက ယင်းကို သဘာဝမြေသြဇာအဖြစ် အသုံးပြုသည်။ လူသားများနှင့် တိရစ္ဆာန်များက အပင်များကိုစားသုံး၍ ယင်းနိုက်ထရိုဂျင်ကို အသုံးပြုပြီးနောက် ၎င်းသည် အမိုးနီးယမ်းဒြပ်ပေါင်းများအဖြစ် မြေကြီးသို့ ပြန်ရောက်ရှိသွားသည်။ အချို့မှာမူ နောက်ဆုံးတွင် နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
[စာမျက်နှာ ၇၉ ပါ လေးထောင့်ကွက်]
ကျိုးကြောင်းဆီလျော်သောကောက်ချက်
စကြဝဠာ၌ အစရှိကြောင်း သိပ္ပံပညာရှင်များ ကျယ်ကျယ်ပြန့်ပြန့် သဘောတူလက်ခံထားကြသည်။ အများစုက အဆိုပါအစမတိုင်မီ အမှန်တကယ်တည်ရှိသော အရာတစ်ခုခု မုချရှိရမည်ဟူ၍လည်း သဘောတူကြသည်။ သိပ္ပံပညာရှင်အချို့က အစဉ်တည်ရှိသည့်စွမ်းအင်အကြောင်း ပြောဆိုကြသည်။ အခြားသူတို့ကမူ တည်ရှိခြင်းမတိုင်မီအခြေအနေကို ရှေးဦးပရမ်းပတာဖြစ်ခြင်း (primordia chaos) ဟူ၍မှတ်ယူကြသည်။ မည်သည့်ဝေါဟာရကိုပင်သုံးသုံး၊ အများသောသူတို့က အဆုံးမရှိသော အတိတ်ကာလတိုင်အောင် အဓွန့်ရှည်သည့်အရာတစ်ခုခု—အစမရှိသောအရာတစ်ခုခု—တည်ရှိသည်ဟု မှတ်ယူကြသည်။
ထို့ကြောင့် ဆုံးဖြတ်ရမည့်အချက်မှာ ထာဝစဉ်တည်သော အရာ တစ်ခုခုဟုယူမှတ်မည်လော၊ သို့မဟုတ် ထာဝစဉ်တည်သော အရှင် တစ်ပါးပါးဟုယူမှတ်မည်လော ဟူ၍ဖြစ်လာသည်။ စကြဝဠာ၏ မူလအစနှင့် သဘောသဘာဝအကြောင်းမှစ၍ သက်ရှိတို့အကြောင်း သိပ္ပံပညာ လေ့လာသိရှိသမျှကို ဆင်ခြင်သုံးသပ်ပြီးနောက် မည်သည့်ယူဆချက်သည် သင့်အဖို့ ပို၍ကျိုးကြောင်းဆီလျော်သနည်း။
[စာမျက်နှာ ၈၀ ပါ လေးထောင့်ကွက်]
“သက်ရှိအတွက် မရှိမဖြစ်လိုအပ်သော ဒြပ်စင်တိုင်း—ကာဗွန်၊ နိုက်ထရိုဂျင်၊ ကန့်—ကို အဇီဝမူလ၊ ဓာတ်ငွေ့ ဒြပ်ပေါင်းအဖြစ်မှ အပင်များနှင့် တိရစ္ဆာန်များ အသုံးပြုနိုင်သည့် အသွင်သဏ္ဌာန်သို့ ဘက်တီးရီးယားများက ပြောင်းလဲစေသည်။”—ဗြိတိန်နီကာ စွယ်စုံကျမ်းသစ်။
[စာမျက်နှာ ၇၈ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သင်မည်သို့ကောက်ချက်ချမည်နည်း
ကျွန်ုပ်တို့၏စကြဝဠာ
↓ ↓
အစမရှိ အစရှိသည်
↓ ↓
အကြောင်းတရားမရှိ အကြောင်းတရားရှိသည်
↓ ↓
ထာဝရတည်သောအရာ ထာဝရတည်သောအရှင်
တစ်စုံတစ်ခုအားဖြင့်ဖြစ်သည် တစ်ပါးပါးအားဖြင့်ဖြစ်သည်
[စာမျက်နှာ ၇၆ ပါ ရုပ်ပုံ]
ပေါလုသည် အက္ခရိုပိုးလစ္စရဲတိုက်ကို နောက်ခံထားပြီး ဤတောင်ကုန်းပေါ်တွင်ရပ်လျက် ဘုရားသခင့်အကြောင်း စဉ်းစားတွေးတောမှုကို နှိုးဆွသည့်မိန့်ခွန်းကို မိန့်ကြားခဲ့
[စာမျက်နှာ ၈၃ ပါ ရုပ်ပုံ]
ခေတ်သစ်ဆေးပညာ ပေးနိုင်သော မည်သည့်အရာထက်မဆို သာလွန်သော ရောဂါပြီးစနစ်ကို ကျွန်ုပ်တို့တစ်ဦးစီအား ဘုရားသခင် ပေးသနား