အခန်းခုနစ်
စာအုပ်တစ်အုပ်မှ ဖန်ဆင်းရှင်အကြောင်း အဘယ်အရာ သိရှိနိုင်သနည်း
သိကောင်းစရာစုံလင်၍ စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်တစ်အုပ်သည် အမှန်ပင် တန်ဖိုးရှိကြောင်း သင်သဘောတူပေလိမ့်မည်။ သမ္မာကျမ်းစာသည် ထိုသို့သောစာအုပ်မျိုးပင်ဖြစ်၏။ သမ္မာကျမ်းစာတွင် အာရုံကိုဖမ်းစားသည့် ကိုယ်ကျင့်တရားတန်ဖိုးမြင့်မားသော ဘဝဖြစ်စဉ်များကို သင်တွေ့ရှိနိုင်သည်။ အရေးကြီးသည့် အမှန်တရားများဆိုင်ရာ ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပုံများကိုလည်း တွေ့နိုင်သည်။ ဉာဏ်ပညာကြောင့်ကျော်ကြားသည့် ကျမ်းရေးသူတစ်ဦးက သူသည် “နှစ်သက်ဖွယ်စကားများကိုလည်းကောင်း၊ ဖြောင့်မတ်သောစာ၊ မှန်ကန်ရာစကားများကိုလည်းကောင်း ကိုယ်တွေ့လိုက်ရှာခဲ့ပြီ” ဟုဆို၏။—ဒေသနာ ၁၂:၁၀၊ သမ။
“သမ္မာကျမ်းစာ” ဟူ၍ ကျွန်ုပ်တို့ရည်ညွှန်းသည့်စာအုပ်မှာ စင်စစ်အားဖြင့် နှစ်ပေါင်း ၁,၅၀၀ ကျော်ကြာညောင်းသည့်ကာလအတွင်း ရေးသားခဲ့သည့် ကျမ်းငယ်ပေါင်း ၆၆ ကျမ်းကို စုစည်းထားခြင်းဖြစ်သည်။ သာဓကအားဖြင့်၊ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်နှင့် ၁၄၇၃ ခုနှစ် ကြားကာလအတွင်း ကမ္ဘာဦးကျမ်းမှအစပြု၍ ပထမကျမ်းငါးကျမ်းကို မောရှေရေးသားခဲ့သည်။ ယေရှု၏တမန်တော်တစ်ပါးဖြစ်သည့် ယောဟန်မှာ နောက်ဆုံးကျမ်းရေးသူဖြစ်သည်။ သူသည် ယေရှု၏အတ္ထုပ္ပတ္တိ (ရှင်ယောဟန်ခရစ်ဝင်) အပြင် တိုတောင်းသော သဝဏ်လွှာများနှင့် သမ္မာကျမ်းစာအများ၌ နောက်ဆုံးကျမ်းအဖြစ် တွေ့ရှိရသည့် ဗျာဒိတ်ကျမ်းတို့ကို ရေးသားခဲ့သည်။
မောရှေလက်ထက်မှ ယောဟန်လက်ထက်အထိ နှစ်ပေါင်း ၁,၅၀၀ အတွင်း လူပေါင်း ၄၀ ခန့်က သမ္မာကျမ်းစာရေးသားမှုတွင် ပါဝင်ခဲ့ကြသည်။ ထိုသူတို့မှာ အခြားသူတို့အား ဖန်ဆင်းရှင်ကိုသိရှိရန် ကူညီပေးလိုကြသည့် စိတ်ရင်းမှန်သော၊ ဘုရားတရားကြည်ညိုသော အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့ရေးသားသည့်ကျမ်းများမှ ဘုရားသခင်၏ကိုယ်ရည်ကိုယ်သွေးကို ထိုးထွင်းသိမြင်နိုင်သည့်ပြင် ကိုယ်တော့်စိတ်တော်နှင့် မည်သို့တွေ့နိုင်မည်အကြောင်းကိုလည်း သိရှိရသည်။ သမ္မာကျမ်းစာသည် ဆိုးယုတ်မှုများ အဘယ်ကြောင့်များပြားရကြောင်း၊ ၎င်းတို့ မည်သို့အဆုံးတိုင်မည့်အကြောင်း နားလည်အောင်လည်း ကူညီပေးသည်။ ကျမ်းရေးသူတို့က ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် လူသားများ ပို၍တိုက်ရိုက်ကျကျ နေထိုင်ကြမည့်အချိန်ကို ညွှန်ပြသည့်အပြင် ထိုအချိန်တွင် ကျွန်ုပ်တို့ မွေ့လျော်စံစားရမည့် ပီတိဖြစ်စရာ အခြေအနေအချို့ကိုပါ ဖော်ပြကြသည်။—ဆာလံ ၃၇:၁၀၊ ၁၁; ဟေရှာယ ၂:၂-၄; ၆၅:၁၇-၂၅; ဗျာဒိတ် ၂၁:၃-၅။
လူအများက သမ္မာကျမ်းစာကို လူ့ပညာဆိုင်ရာ ရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ် သဘောထားပြီး ပစ်ပယ်ထားကြကြောင်း သင်သိရှိပေမည်။ သို့သော်လည်း၊ သန်းပေါင်းများစွာသောလူတို့ကမူ သမ္မာကျမ်းစာ၏အာဘော်ရှင်မှာ ဘုရားသခင်ဖြစ်ကြောင်း၊ ကျမ်းရေးသူများ၏ စိတ်ကူးအတွေးများကို ကိုယ်တော် ထိန်းကျောင်းလမ်းညွှန်ကြောင်း ယုံကြည်ကြသည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ကျမ်းရေးသူများ ရေးသားသမျှသည် ဘုရားသခင့်ထံတော်မှ သက်ရောက်ရာ ဟုတ်မဟုတ် မည်သို့စိစစ်နိုင်သနည်း။
သင်ဆင်ခြင်သုံးသပ်နိုင်သည့် တစ်နေရာတည်းသို့ဆုံမိသော အထောက်အထားလမ်းကြောင်း အများအပြားရှိသည်။ လူများစွာက သမ္မာကျမ်းစာသည် လူ့စာအုပ်တစ်အုပ်မျှသာမကဘဲ လူထက်လွန်ကဲသောဇာစ်မြစ်မှ ဆင်းသက်ရာဖြစ်ကြောင်း ကောက်ချက်မချမီ ထိုသို့ပြုခဲ့ကြသည်။ အထောက်အထားပုံစံ တစ်မျိုးတည်းဖြင့် ဤအချက်ကို ရှင်းလင်းကြည့်ကြပါစို့။ ဤသို့ပြုခြင်းအားဖြင့်၊ စကြဝဠာဖန်ဆင်းရှင်၊ လူ့အသက်၏ ပင်ရင်းအမြစ်အကြောင်းကို ကျွန်ုပ်တို့ ပို၍သိရှိနိုင်ပေသည်။
ပြည့်စုံခဲ့သည့် ဟောကိန်းများ
ကျမ်းရေးသူအတော်များများက ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ခဲ့ကြသည်။ သူတို့သည် အနာဂတ်ကို မိမိတို့ကိုယ်တိုင် ဟောနိုင်သည်ဟုမဆိုဘဲ ဖန်ဆင်းရှင်ကိုသာ ဂုဏ်တင်ကြ၏။ သာဓကအားဖြင့်၊ ဟေရှာယက ဘုရားသခင်သည် “အစကပင် အဆုံးကို . . . ဖော်ပြ” သောအရှင်ဖြစ်သည်ဟုဖော်ပြသည်။ (ဟေရှာယ ၁:၁; ၄၂:၈၊ ၉; ၄၆:၈-၁၁၊ သမ္မာ) အနာဂတ်ကာလ ဆယ်စုနှစ်များစွာ၊ သို့မဟုတ် ရာစုနှစ်များစွာကျမှ ဖြစ်ပျက်မည့်အခြင်းအရာများကို ကြို၍ဟောနိုင်သည့် ဤအစွမ်းက ဟေရှာယ၏ဘုရားသခင်အား အတုမရှိသောဘုရားသခင် ဖြစ်စေသည်။ ကိုယ်တော်သည် အတိတ်နှင့်ပစ္စုပ္ပန်ကာလတွင် လူတို့ကြည်ညိုကိုးကွယ်ကြရာ . . . များကဲ့သို့ မဟုတ်ပါ။ သမ္မာကျမ်းစာသည် လူသားတို့၏ စာပေလက်ရာမဟုတ်ကြောင်း ပရောဖက်ပြုချက်က ကျေနပ်လက်ခံလောက်သော အထောက်အထားကိုပေး၏။ ဟေရှာယကျမ်းက ဤအချက်ကို မည်သို့အတည်ပြုကြောင်း သုံးသပ်ပါလေ။
ဟေရှာယကျမ်းပါ အကြောင်းအရာများနှင့် သမိုင်းအချက်အလက်များကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ၎င်းကျမ်းကို ဘီ.စီ.အီး. ၇၃၂ ခုနှစ်တွင်ရေးသားခဲ့ကြောင်း တွေ့ရှိရသည်။ ဟေရှာယက ယေရုရှလင်မြို့သားများနှင့် ယုဒပြည်သားများသည် သွေးသွန်းခြင်းအပြစ်နှင့် . . . ကိုးကွယ်ခြင်းအပြစ်ကြောင့် ဘေးသင့်မည်ဟု ကြိုဟောခဲ့သည်။ ထိုပြည် ပျက်သုဉ်းမည်၊ ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော် ဖျက်ဆီးခံရမည်၊ အသက်မသေရှင်ကျန်သူတို့သည် သုံ့ပန်းများအဖြစ် ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရမည်ဟု ဟေရှာယ ကြိုဟောခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် သုံ့ပန်းဘဝရောက် ထိုလူမျိုးကို မေ့လျော့မည်မဟုတ်ကြောင်းလည်း ပရောဖက်ပြုခဲ့သည်။ ကုရုအမည်ရှိ တိုင်းတစ်ပါးဘုရင်တစ်ပါးက ဗာဗုလုန်ကိုအောင်နိုင်ပြီး ဂျူးလူမျိုးအား နေရင်းပြည်သို့ပြန်ရန် လွှတ်ပေးမည့်အကြောင်း ထိုကျမ်းကကြိုဟောထားသည်။ စင်စစ်အားဖြင့်၊ ဘုရားသခင်က “ကုရုမင်းကိုလည်း၊ ‘သင်သည် ငါ့သိုးထိန်းဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေ’ ဟု စီရင်လိမ့်မည်ဟူ၍ . . . ဆို၏” ဟု ဟေရှာယက ရေးသားဖော်ပြ၏။—ဟေရှာယ ၂:၈; ၂၄:၁; ၃၉:၅-၇; ၄၃:၁၄; ၄၄:၂၄-၂၈; ၄၅:၁။
ဟေရှာယလက်ထက်၊ ဘီ.စီ.အီး. ရှစ်ရာစုတွင် ထိုဟောကိန်းများသည် မယုံနိုင်စရာဖြစ်ခဲ့ပေမည်။ ထိုအချိန်၌ ဗာဗုလုန်သည် အရေးပါသော စစ်အင်အားကြီးနိုင်ငံပင် မဖြစ်သေးချေ။ ထိုစဉ်က ကမ္ဘာ့အင်အားကြီးနိုင်ငံ၊ အာရှုရိအင်ပါယာ၏ လက်အောက်ခံဖြစ်နေ၏။ ထို့အတူ ထူးဆန်းသည်မှာ ပြည်နှင်ဒဏ်ခံရသူများအဖြစ် ဝေးလံသောပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံရသော စစ်ရှုံးလူမျိုးတစ်မျိုးသည် လွတ်မြောက်၍ ဇာတိပြည်ကို ပြန်လည်ရရှိမည်ဟူသော စိတ်ကူးအတွေးပင်ဖြစ်သည်။ “ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း” ဟူ၍ ဟေရှာယရေးသားခဲ့သည်။—ဟေရှာယ ၆၆:၈။
သို့သော်၊ ရာစုနှစ်နှစ်ခုအလွန် သမိုင်းကိုဆန်းစစ်ကြည့်ပါက အဘယ်အရာကိုတွေ့ရသနည်း။ ရှေးဂျူးလူမျိုး၏ နောက်ဆက်တွဲသမိုင်းက ဟေရှာယ၏ပရောဖက်ပြုချက် အသေးစိတ်ပြည့်စုံခဲ့ကြောင်း သက်သေထူသည်။ ဗာဗုလုန်သည် အမှန်ပင် တန်ခိုးကြီးထွားလာပြီး ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့သည်။ ပါးရှားဘုရင် (ကုရု) ၏အမည်၊ ဗာဗုလုန်ကို ဆက်၍အောင်နိုင်ခြင်းနှင့် ဂျူးတို့၏ ပြည်တော်ပြန်ခြင်းတို့မှာ အများအသိအမှတ်ပြု သမိုင်းဖြစ်ရပ်မှန်များဖြစ်သည်။ ပရောဖက်ပြုထားသည့် ဤအသေးစိတ်အချက်အလက်များသည် အလွန်တိကျစွာ ပြည့်စုံခဲ့သဖြင့် လွန်ခဲ့သည့်ရာစုနှစ်အတွင်း ဝေဖန်ရေးသမားများက ဟေရှာယကျမ်းမှာ လှည့်ကွက်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။ ‘ရှေ့ပိုင်းအခန်းကြီးများကို ဟေရှာယရေးသားခဲ့ကောင်း ရေးသားခဲ့မည်ဖြစ်သော်လည်း ကုရုမင်းလက်ထက်မှ နောက်ပိုင်းစာရေးသူတစ်ဦးဦးက ကျန်အပိုင်းကို ပရောဖက်ပြုချက်ဖြစ်လေဟန် လုပ်ဇာတ်ခင်းထားခြင်းဖြစ်သည်’ ဟု ဆိုသည်နှင့်မခြားပေ။ တစ်ဦးဦးက ဤသို့ပင် ပစ်ပစ်ခါခါ ဆိုမည်ဖြစ်သော်လည်း ဖြစ်ရပ်မှန်ကား အဘယ်နည်း။
ဟောကိန်းအစစ်လော
ဟေရှာယကျမ်းမှ ဟောကိန်းများသည် ကုရုနှင့် ဂျူးပြည်နှင်ခံတို့နှင့်ပတ်သက်သည့် ဖြစ်ရပ်လောက်သာမဟုတ်ပေ။ ဟေရှာယသည် ဗာဗုလုန်၏ နောက်ဆုံးအခြေအနေကိုပါ ကြိုဟောခဲ့သည်။ သူရေးသားသည့်ကျမ်းတွင် ဝေဒနာခံရပြီးနောက် ဘုန်းထင်ရှားမည့် ကြွလာလတ္တံ့သော မေရှိယ၊ သို့မဟုတ် ကယ်လွှတ်ရှင်အကြောင်း အသေးစိတ်အချက်အလက် များစွာလည်းပါရှိသည်။ ၎င်းဟောကိန်းများမှာ ရှေးမဆွက ရေးသားခဲ့ရာများ ဟုတ်မဟုတ်၊ သို့ဖြင့် ပြည့်စုံလတ္တံ့သော ပရောဖက်ပြုချက်များ ဟုတ်မဟုတ် သက်သေထူနိုင်ပါသလော။
ဤအချက်ကို သုံးသပ်ကြည့်ပါ။ ဗာဗုလုန်၏ဇာတ်သိမ်းနှင့်စပ်လျဉ်း၍ ဟေရှာယက ဤသို့ရေးသားခဲ့၏– ‘တိုင်းနိုင်ငံတို့၏အထွတ်၊ ခါလဒဲအမျိုးသားတို့၏ ဘုန်းအသရေဖြစ်သော ဗာဗုလုန်သည် ဘုရားသခင် ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမြို့၌ ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှ မနေရ။’ (ဟေရှာယ ၁၃:၁၉၊ ၂၀; အခန်းကြီး ၄၇) ဤအတိုင်း အမှန်တကယ် မည်သို့ဖြစ်ပျက်ခဲ့သနည်း။
ဖြစ်ရပ်မှန်မှာ၊ ဗာဗုလုန်သည် ယူဖရေးတီးစ်နှင့် တိုက်ကရစ္စ မြစ်နှစ်သွယ်ကြားရှိ ဆည်မြောင်းတာတမံများနှင့် တူးမြောင်းများဖြင့် ရှုပ်ထွေးလှသည့် ဆည်မြောင်းစနစ်ကို အားထားလာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ဘီ.စီ.အီး. ၁၄၀ ပြည့်နှစ်ခန့်လောက်တွင် ဤဆည်မြောင်းစနစ်သည် ပါသီယားလူမျိုးတို့၏ ချင်းနင်းသိမ်းပိုက်ချိန်အတွင်း အတော်ပျက်စီးခဲ့ရာ ပြိုပျက်လုနီးပါးဖြစ်ခဲ့သည်။ မည်သည့်အကျိုးဆက် ဖြစ်ပေါ်ခဲ့သနည်း။ “အပေါ်ယံမြေလွှာသည် ဓာတ်ဆားများဖြင့် ပြည့်ဝလာပြီး မျက်နှာပြင်ပေါ်တွင် အယ်လကာလီအလွှာ ဖြစ်ပေါ်လာရာ စိုက်ပျိုးရေးအတွက် အသုံးမဝင်သည့်အခြေသို့ ဆိုက်ရောက်သွားသည်” ဟူ၍ အမေရိကန်စွယ်စုံကျမ်း ကရှင်းပြသည်။ နောက်ထပ်နှစ်ပေါင်း ၂၀၀ ခန့်ကုန်လွန်ပြီးသည်အထိ ဗာဗုလုန်သည် လူဦးရေထူပြောသောမြို့အဖြစ် တည်ရှိနေဆဲဖြစ်သော်လည်း သက်ဆိုးမရှည်ခဲ့ချေ။ (၁ ပေတရု ၅:၁၃ နှိုင်းယှဉ်။) စီ.အီး. တတိယရာစုနှစ်ရောက်သော် သမိုင်းပညာရှင် ဒီအို ကာစီယပ်စ် (စီ.အီး. ၁၅၀-၂၃၅ ခန့်) က ဗာဗုလုန်သို့ သွားရောက်လေ့လာသူတစ်ဦးသည် “မြေပုံ၊ ကျောက်ပုံနှင့် အပျက်အယွင်းများ” မှလွဲ၍ မည်သည့်အရာမျှ တွေ့ရမည်မဟုတ်ကြောင်း ရေးသားခဲ့သည်။ (LXVIII, ၃၀) ထင်ရှားသည်မှာ ထိုအချိန်တွင် ဟေရှာယ သေလွန်ခဲ့ပြီဖြစ်သည့်အပြင် သူရေးသားသည့် ကျမ်းအပြည့်အစုံမှာလည်း ရာစုနှစ်နှင့်ချီ၍ ပျံ့နှံ့နေပြီးဖြစ်သည်။ ယနေ့ ဗာဗုလုန်သို့ သင်သွားရောက်လေ့လာမည်ဆိုလျှင်လည်း တစ်ချိန်က ခမ်းနားထည်ဝါခဲ့သည့်ထိုမြို့၏ အပျက်အယွင်းများကိုသာ တွေ့ရမည်ဖြစ်သည်။ ရောမ၊ ယေရုရှလင်နှင့် အေသင်အစရှိသော ရှေးမြို့ကြီးများသည် ယနေ့တိုင်အောင် တည်တံ့လျက်ရှိကြသော်လည်း ဗာဗုလုန်မှာမူ ဟေရှာယ ကြိုဟောခဲ့သည့်အတိုင်းပင် လူသူဆိတ်ငြိမ်ရာ အပျက်အယွင်းပုံကြီးဖြစ်နေသည်။ ထိုဟောကိန်း မှန်ကန်ပြည့်စုံခဲ့သည်။
ယခု ကြွလာမည့်မေရှိယအကြောင်း ဟေရှာယ၏ ရေးသားဖော်ပြချက်ကို အာရုံပြုကြပါစို့။ ဟေရှာယ ၅၂:၁၃ အရ ဘုရားသခင်၏ ဤအထူးအစေခံသည် နောက်ဆုံး၌ ‘ချီးမြှင့်ခြင်းသို့ရောက်၍ အထွတ်အမြတ်ဖြစ်လိမ့်မည်။’ သို့ရာတွင်၊ နောက်အခန်းကြီး (ဟေရှာယ ၅၃) ကမေရှိယသည် ချီးမြှင့်ခြင်းမခံရမီ မယုံနိုင်လောက်အောင် ကွဲပြားခြားနားသည့် အတွေ့အကြုံများနှင့် ရင်ဆိုင်ရမည်ဟု ပရောဖက်ပြုထားသည်။ မေရှိယဆိုင်ရာ ပရောဖက်ပြုချက်အဖြစ် လူအများအသိအမှတ်ပြုသည့် ထိုအခန်းကြီးတွင် မှတ်တမ်းတင်ထားသော အသေးစိတ်အချက်အလက်များကို သင်အလွန်အံ့အားသင့်မိပေမည်။
ထိုတွင် သင်ဖတ်ရှုနိုင်သည့်အတိုင်း မေရှိယသည် အမျိုးသားချင်းတို့၏ မထီမဲ့မြင်ပြုခြင်း ခံရမည်ဖြစ်သည်။ ဤအတိုင်း မုချဖြစ်လာမည်ကို ယုံကြည်စိတ်ချစွာဖြင့် ဟေရှာယက “မထီမဲ့မြင်ပြုခြင်း၊ လူတို့စွန့်ပယ်ခြင်းကိုခံရ . . . သူဖြစ်၏” ဟူ၍ ဖြစ်ပြီးဘိသကဲ့သို့ ရေးသားခဲ့သည်။ (ဟေရှာယ ၅၃ အခန်းငယ် ၃၊ သမ) မေရှိယသည် လူတို့အတွက် ကောင်းမှုပြုလုပ်ပေးမည်ဖြစ်သောကြောင့် ဤသို့နှိပ်စက်ခံရခြင်းသည် လုံးလုံး မတရားရာကျသည်။ “ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏” ဟူ၍ မေရှိယ၏ ရောဂါကုသမှုအကြောင်း ဟေရှာယက ရေးသားဖော်ပြထားသည်။ (ဟေရှာယ ၅၃ အခန်းငယ် ၄) သို့ဖြစ်လင့်ကစား မေရှိယသည် စစ်ကြောခြင်းနှင့် မတရားစီရင်ချက် ချခံရမည်ဖြစ်သော်လည်း စွပ်စွဲသူတို့ရှေ့တွင် နှုတ်ဆိတ်နေမည်။ (ဟေရှာယ ၅၃ အခန်းငယ် ၇၊ ၈) ရာဇဝတ်သားများနှင့်အတူ ကွပ်မျက်ခြင်းခံရန် စိတ်လိုကိုယ်လျောက် ခွင့်ပြုမည်။ ကွပ်မျက်ခံရစဉ် ကိုယ်ခန္ဓာတော်၌ ထိုးဖောက်ခံရမည်။ (ဟေရှာယ ၅၃ အခန်းငယ် ၅၊ ၁၂) ရာဇဝတ်သားကဲ့သို့ သေရသော်လည်း သူကြွယ်ကဲ့သို့ သင်္ဂြိုဟ်ခံရမည်။ (ဟေရှာယ ၅၃ အခန်းငယ် ၉) မေရှိယ၏ မတရားသဖြင့် အသေခံရခြင်းသည် အခြားလူသားများ၏ အပြစ်များကို ဖုံးအုပ်နိုင်သည့် အပြစ်ဖြေရာအစွမ်း ရှိမည့်အကြောင်း ဟေရှာယက ထပ်တလဲလဲဖော်ပြ၏။—ဟေရှာယ ၅၃ အခန်းငယ် ၅၊ ၈၊ ၁၁၊ ၁၂။
ထိုအရာအားလုံး အမှန်ပြည့်စုံခဲ့သည်။ ယေရှုနှင့် တစ်ခေတ်တည်း အသက်ရှင်ခဲ့သူများဖြစ်ကြသည့် မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်တို့ရေးသားခဲ့သည့် သမိုင်းများက ဟေရှာယ ကြိုဟောခဲ့သည့်အရာများ ဧကန်စင်စစ် ဖြစ်ပျက်ခဲ့ကြောင်း အတည်ပြုထောက်ခံသည်။ အချို့သောဖြစ်ရပ်များသည် ယေရှုသေလွန်ပြီးနောက်မှ ဖြစ်ပျက်ခဲ့သဖြင့် ထိုအခြေအနေမှာ ကိုယ်တော် လိုသလိုကြိုးဆွဲနိုင်သောအရာ မဟုတ်ပေ။ (မဿဲ ၈:၁၆၊ ၁၇; ၂၆:၆၇; ၂၇:၁၄၊ ၃၉-၄၄၊ ၅၇-၆၀; ယောဟန် ၁၉:၁၊ ၃၄) ဟေရှာယ၏ မေရှိယဆိုင်ရာ ပရောဖက်ပြုချက် အပြည့်အဝ ပြည့်စုံခြင်းသည် ယခင်အခါက ယေရှုအား လက်မခံသူအချို့အပါအဝင် ရာစုနှစ်များတစ်လျှောက်မှ စိတ်ရင်းမှန်သော ကျမ်းစာဖတ်ရှုသူတို့အပေါ် အရှိန်ကြီးမားသည့်သြဇာ သက်ရောက်ခဲ့သည်။ “ဂျူးအများက ၎င်းတို့ ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်ရသည့်အကြောင်းရင်းကို စာဖြင့်ဖော်ပြရာ၌ ဤအခန်းကြီး [ဟေရှာယ ၅၃] ကို စေ့စေ့စပ်စပ်ဖတ်ရှုခြင်းကြောင့် ယခင်ဘာသာအယူဝါဒဟောင်းနှင့် ဆရာများအပေါ် အယုံအကြည်မဲ့လာ၍ဖြစ်ကြောင်း ဝန်ခံကြသည်” ဟူ၍ ပညာရှင် ဝီလီယမ် အာရ်ဝစ်ခ်က ဖော်ပြသည်။—ယေဟောဝါ၏ အစေခံ။a
အာရ်ဝစ်ခ်က ထိုမှတ်ချက်ကို ၁၈၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုအချိန်တွင် လူအချို့က ဟေရှာယ အခန်းကြီး ၅၃ သည် ယေရှုမမွေးဖွားမီ ရာစုနှစ်ပေါင်းများစွာက ရေးသားခဲ့ရာဟုတ်မဟုတ် သံသယဖြစ်နေကြဆဲရှိသည်။ သို့ရာတွင်၊ ထိုအချိန်နောက်ပိုင်း ရှာဖွေတွေ့ရှိမှုများက သံသယဖြစ်စရာ အခြေအမြစ်မှန်သမျှကို အနှစ်သာရအားဖြင့် ဖယ်ရှားပစ်လိုက်သည်။ ၁၉၄၇ ခုနှစ်တွင် ပင်လယ်သေအနီးရှိ ဘက်ဒူအင်သိုးထိန်းတစ်ဦးက ဟေရှာယကျမ်း အစုံအလင်ပါရှိသည့် ရှေးကျမ်းလိပ်တစ်လိပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ရှေးဟောင်းစာပေ ကျွမ်းကျင်သူတို့က ၎င်းကျမ်းလိပ်သည် ဘီ.စီ.အီး. ၁၂၅ မှ ၁၀၀ ပြည့်နှစ်အတွင်း ရေးသားခဲ့ရာဖြစ်သည်ဟု ရက်စွဲသတ်မှတ်ကြသည်။ ၎င်းနောက် ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကျမ်းလိပ်ကို ကာဗွန် ၁၄ ဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ရာ ထိုလေ့လာချက်အရ ဘီ.စီ.အီး. ၂၀၂ နှင့် ၁၀၇ ခုနှစ် ကြားကာလမှဖြစ်သည်ဟုဖော်ပြသည်။ မှန်ပါသည်၊ ယေရှုမွေးဖွားစဉ်၌ ဤထင်ရှားကျော်ကြားသော ဟေရှာယကျမ်းလိပ်မှာ အတော်ပင် သက်တမ်းရင့်နေပေပြီ။ ခေတ်သစ် သမ္မာကျမ်းစာများနှင့် နှိုင်းယှဉ်လိုက်သည့်အခါ အဘယ်အရာများ ပေါ်လွင်လာသနည်း။
ယေရုရှလင်မြို့သို့ အလည်အပတ်သွားလျှင် ပင်လယ်သေကျမ်းလိပ်၏ အပိုင်းအစများကို သင်လေ့လာခွင့်ရနိုင်သည်။ ရှေးဟောင်းသုတေသနပညာရှင် ပါမောက္ခ ယိဂါအယ်လ် ယာဒင် အသံသွင်းထားသည့် တိတ်ခွေတစ်ခုက ဤသို့ရှင်းပြသည်– “ဟေရှာယကျမ်း ရေးသားသည့်အချိန်နှင့် ဤကျမ်းလိပ်ကို မိတ္တူကူးရေးသည့်အချိန် ဘီ.စီ. ဒုတိယရာစုနှစ်အကြားတွင် နှစ်ပေါင်းငါးရာ၊ ခြောက်ရာထက်မပိုပါ။ ပြတိုက်ရှိ မူရင်းကျမ်းလိပ်သည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂,၀၀၀ ကျော် ရှိပြီဖြစ်သော်လည်း ယနေ့ ဟေဗြဲဘာသာဖြင့်ဖြစ်စေ၊ မူရင်းမှပြန်ဆိုထားသည့် ဘာသာပြန်ကျမ်းများဖြင့်ဖြစ်စေ ကျွန်ုပ်တို့ဖတ်ရှုသည့် သမ္မာကျမ်းစာနှင့် အလွန်တရာ နီးစပ်လှသည်မှာ အံ့ဩစရာဖြစ်၏။”
ထင်ရှားနေသည်မှာ၊ ဤအချက်သည် ကျွန်ုပ်တို့၏ အမြင်သဘောထားအပေါ် အကျိုးသက်ရောက်မှုရှိသင့်ပေသည်။ အဘယ်အတွက်နည်း။ ဟေရှာယကျမ်းသည် အခြင်းအရာများ ဖြစ်ပျက်ပြီးနောက်မှရေးသော ပရောဖက်ပြုချက်ဖြစ်သည်ဟူသော အပြစ်ရှာဝေဖန်သည့် သံသယများကို ဖယ်ရှားပစ်သင့်သည်။ ယေရှုပင် မမွေးဖွားမီ နှစ်ပေါင်းတစ်ရာကျော်၊ ဗာဗုလုန်ပြည် လူသူကင်းမဲ့ခြင်းမတိုင်မီ ကြာမြင့်စွာကတည်းက ဟေရှာယကျမ်း၏မိတ္တူတစ်ခုကို ကူးရေးခဲ့ကြောင်း သိပ္ပံဆိုင်ရာသက်သေအထောက်အထား ယခုရရှိထားပြီ။ ထို့ကြောင့်၊ ဗာဗုလုန်၏ နောက်ဆုံးဇာတ်သိမ်းခန်းနှင့် မေရှိယ မတရားသဖြင့် ဆင်းရဲခံရပုံ၊ အသေခံရပုံ၊ ဆက်ဆံခံရပုံ နှစ်ရပ်စလုံးကို ဟေရှာယကျမ်းက ဟောကိန်းထုတ်ခဲ့သည်ကို မည်သို့သံသယ ရှိနိုင်တော့မည်နည်း။ ဂျူးလူမျိုး၏ သုံ့ပန်းဘဝနှင့် ဗာဗုလုန်မှ လွတ်မြောက်ခြင်းအကြောင်းတို့ကို ဟေရှာယက တိကျမှန်ကန်စွာ ဟောကိန်းထုတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ငြင်းခုံစရာ မည်သည့်အခြေအမြစ်ကိုမဆို သမိုင်းဖြစ်ရပ်မှန်များက ချေဖျက်ပစ်လိုက်သည်။ ပြည့်စုံပြီးသည့် ဟောကိန်းများသည် သမ္မာကျမ်းစာ၏ အာဘော်ရှင်မှာ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ သမ္မာကျမ်းစာမှာ “ဘုရားသခင် မှုတ်သွင်းတော်မူ” ရာဖြစ်ကြောင်း သက်သေထူသည့် အထောက်အထားများစွာအနက်မှ တစ်ခုမျှသာဖြစ်သည်။—၂ တိမောသေ ၃:၁၆။
သမ္မာကျမ်းစာ၏အာဘော်ရှင်သည် ဘုရားသခင်ဖြစ်ကြောင်း ပြသသည့် အခြားကြန်အင်လက္ခဏာများစွာရှိသည်။ ၎င်းတို့တွင် သမ္မာကျမ်းစာ၏ နက္ခတ္တဗေဒဆိုင်ရာ၊ ဘူမိဗေဒဆိုင်ရာ၊ ဆေးပညာဆိုင်ရာ တိကျမှန်ကန်မှုရှိခြင်း၊ နှစ်ပေါင်းထောင်ချီကာ လူပေါင်းဆယ်ဂဏန်းနှင့်ချီ၍ ရေးသားခဲ့သော ကျမ်းစာစောင်များသည် အတွင်းသဘောချင်း ညီညွတ်မှုရှိခြင်း၊ လောကသမိုင်းနှင့် ရှေးဟောင်းသုတေသနပညာဆိုင်ရာ ဖြစ်ရပ်မှန်အများအပြားနှင့် သဘောချင်းတိုက်ဆိုင်မှုရှိခြင်း၊ ထိုခေတ်မှ ပတ်ဝန်းကျင်လူမျိုးများ၏ ကိုဓဥပဒေများထက် သာလွန်ပြီး ယနေ့ထက်တိုင် ပြိုင်ဘက်ကင်းကြောင်း အသိအမှတ်ပြုခံရသည့် ယင်း၏ကိုယ်ကျင့်တရား ကိုဓဥပဒေတို့ ပါဝင်သည်။ ဤအချက်များနှင့်တကွ အခြားအခြားသော အထောက်အထားတို့က မရေမတွက်နိုင်သည့် လုံ့လဝီရိယရှိသော ရိုးသားဖြောင့်မတ်သူတို့အား သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ထံမှလာသည့်စာအုပ် အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်သက်ဝင်စေခဲ့သည်။b
ဤအချက်က ဖန်ဆင်းရှင်နှင့်ပတ်သက်၍ ကျိုးကြောင်းညီညွတ်သည့်ကောက်ချက်ချနိုင်အောင်၊ ကိုယ်တော်၏ဂုဏ်ရည်တော်များကို တွေ့မြင်နိုင်အောင်လည်း အထောက်အကူပြုသည်။ အနာဂတ်ကိုကြို၍ မြော်မြင်နိုင်သည့် ကိုယ်တော့်စွမ်းပကားက ကိုယ်တော်၌ လူသားများထက်သာလွန်သော အမြော်အမြင်စွမ်းရည်များရှိကြောင်း သက်သေမထူပေလော။ လူသားများသည် ဝေးလံသည့်အနာဂတ်တွင် အဘယ်သို့ဖြစ်လာမည်ကို မသိနိုင်သကဲ့သို့ ၎င်းကို ပိုင်စိုးထိန်းချုပ်နိုင်စွမ်းလည်း မရှိပေ။ ဖန်ဆင်းရှင်မူကား တတ်နိုင်တော်မူ၏။ ကိုယ်တော်သည် အနာဂတ်ကို ကြိုမြင်နိုင်သကဲ့သို့ မိမိအလိုတော်ပြည့်စုံစေရန် ဖြစ်ရပ်များကိုလည်း စီမံနိုင်တော်မူ၏။ ဟေရှာယက ဖန်ဆင်းရှင်သည် “အစကပင် အဆုံးကိုလည်းကောင်း၊ ရှေးကာလကပင် မဖြစ်သေးသော အမှုအရာများကိုလည်းကောင်း ဖော်ပြလျက်၊ ‘ငါ့အကြံတည်လိမ့်မည်။ ငါ့အလို ရှိသမျှကိုပြီးမြောက်အောင် ငါပြုမည်’ ဟုဆို” သောအရှင်ဖြစ်ကြောင်း လျောက်ပတ်စွာ ရေးသားဖော်ပြထား၏။—ဟေရှာယ ၄၆:၁၀၊ သမ္မာ; ဟေရှာယ ၅၅:၁၁။
အာဘော်ရှင်အား ပိုမိုသိကျွမ်းအောင် ပြုလုပ်ခြင်း
အခြားသူတစ်ဦးနှင့် စကားပြောခြင်းအားဖြင့်ဖြစ်စေ၊ ကွဲပြားသည့်အခြေအနေများ၌ သူ၏တုံ့ပြန်ပုံကို ကြည့်ခြင်းအားဖြင့်ဖြစ်စေ ထိုသူကို ကျွန်ုပ်တို့ သိကျွမ်းလာကြသည်။ အခြားလူသားများကို သိကျွမ်းရန် ဤနည်းနှစ်နည်းစလုံးဖြင့် ဖြစ်နိုင်သော်လည်း ဖန်ဆင်းရှင်အား သိကျွမ်းခြင်းနှင့်ပတ်သက်၍ မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တိုက်ရိုက်ဆက်သွယ်စကားပြောဆိုနိုင်မည် မဟုတ်ပါ။ သို့သော်၊ ကျွန်ုပ်တို့ သက်သေပြခဲ့သည့်အတိုင်း ကိုယ်တော်သည် မိန့်မြွက်သမျှအားဖြင့်လည်းကောင်း၊ ပြုမူသမျှအားဖြင့်လည်းကောင်း မိမိကိုယ်တော်တိုင်၏အကြောင်းကို သမ္မာကျမ်းစာတွင် ဖော်ပြထားတော်မူ၏။ ထို့အပြင်၊ ဤပြိုင်ဘက်ကင်းသည့်စာအုပ်က ဖန်ဆင်းရှင်နှင့် ဆက်ဆံရေး ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့အား ဖိတ်ကြား၏။ “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟူ၍တိုက်တွန်းထား၏။—ယာကုပ် ၂:၂၃; ၄:၈။
အဓိကကျသောခြေလှမ်းကို ဆင်ခြင်ကြည့်ပါ– သင့်အနေဖြင့် လူတစ်ဦး၏မိတ်ဆွေ ဖြစ်လိုပါက ထိုသူ၏နာမည်ကိုသိအောင် မုချကြိုးစားပေမည်။ ကောင်းပြီ၊ ဖန်ဆင်းရှင်၏နာမတော်ကား အဘယ်နည်း။ ကိုယ်တော့်နာမတော်က ကိုယ်တော့်အကြောင်း ဘာဖော်ပြသနည်း။
သမ္မာကျမ်းစာ၏ ဟေဗြဲကျမ်းပိုင်း (ဓမ္မဟောင်းကျမ်းဟု ခေါ်လေ့ရှိ၏) ၌ ဖန်ဆင်းရှင်၏ အတုမရှိသောနာမတော်ကို ဖော်ပြထားသည်။ ယင်းနာမတော်ကို ရှေးလက်ရေးစာမူများတွင် ယဟဝဟ (YHWH or JHVH) ဟူ၍ အက္ခရာလှယ်၍ရသော ဟေဗြဲဗျည်းလေးလုံးဖြင့် ဖော်ပြထားသည်။ ဖန်ဆင်းရှင်၏နာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ခန့်တွေ့ရှိရသဖြင့် ဘုရားသခင် သို့မဟုတ် အရှင်သခင် ကဲ့သို့သောဘွဲ့ထူးများထက် များစွာပို၍တွေ့ရှိရသည်။ ဟေဗြဲသမ္မာကျမ်းစာကို ဖတ်ရှုခဲ့သူတို့သည် အဆိုပါ ကိုယ်ပိုင်နာမတော်ကို ရာစုနှစ်ပေါင်းများစွာကြာအောင် သုံးစွဲခဲ့ကြသည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် ဂျူးအများသည် နာမတော်မြတ်ကို အသံထွက်ရွတ်ဆိုခြင်းကို အယူသီးကြောက်ရွံ့လာကြသဖြင့် နာမတော်၏အသံထွက်ကို ထိန်းသိမ်းမထားကြတော့ချေ။
“နောက်ဆုံး၌ မူလအသံထွက် ပျောက်ကွယ်သွားသည်။ မူလအသံထွက်ကို ပြန်လည်ဖော်ထုတ်ရန် ခေတ်သစ်ကြိုးပမ်းမှုများသည် ထင်ကြေးမျှသာဖြစ်သည်” ဟူ၍ ထွက်မြောက်ရာကျမ်းဆိုင်ရာ ဂျူးအနက်ဖွင့်ကျမ်းတစ်အုပ်က ဖော်ပြသည်။ ထွက်မြောက်ရာ ၃:၁၆ နှင့် ၆:၃ တွင်တွေ့ရသည့် နာမတော်မြတ်ကို မောရှေ မည်သို့အသံထွက်ရွတ်ဆိုခဲ့သည်ကို သေချာမပြောနိုင်သည်ကား မှန်ပါ၏။ သို့တစေ၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် ယနေ့ မောရှေ၏အမည်၊ သို့မဟုတ် ယေရှု၏အမည်ကို အသုံးပြုရာ၌ သူတို့ကမ္ဘာပေါ်ရှိစဉ်က အသုံးပြုခဲ့သည့် အသံထွက်နှင့် အသံအတက်အကျအတိုင်း တစ်သဝေမတိမ်းရွတ်ဆိုရန် တာဝန်ရှိသည်ဟု မည်သူယူဆမည်နည်း။ သို့ဖြစ်သော်လည်း မောရှေနှင့်ယေရှုတို့ကို နာမည်ဖြင့်ညွှန်းဆိုရန် ကျွန်ုပ်တို့မရွံ့ကြချေ။ အဓိကအချက်မှာ ကွဲပြားသည့်ဘာသာစကားတစ်မျိုးကို ပြောဆိုသည့် ရှေးလူမျိုးတစ်မျိုးက ဘုရားသခင့်နာမတော်ကို မည်သို့အတိအကျ အသံထွက်ဖတ်ရွတ်ခဲ့သည်ကို အလွန်အမင်း အာရုံစိုက်နေမည့်အစား သင့်ဘာသာစကားတွင် အများသုံးအသံထွက်ကို အဘယ်ကြောင့် အသုံးမပြုသနည်း။ သာဓကအနေဖြင့်၊ အင်္ဂလိပ်ဘာသာဖြင့် “Jehovah” ဟူ၍ အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၄၀၀ ရှိပြီဖြစ်သည့်အပြင် အင်္ဂလိပ်ဘာသာစကားတွင် ဖန်ဆင်းရှင်၏နာမတော်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြဆဲဖြစ်သည်။
သို့ရာတွင် နာမတော်၏အသံထွက် အသေးစိတ်အကြောင်းအရာထက် သာ၍အရေးပါသည့်အရာ ရှိပါသည်။ ၎င်းမှာ နာမတော်၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ နာမတော်သည် ဟေဗြဲဘာသာ၌ ကြိယာ ဟာ.ဝါး (ha.wahʹ) ၏ အကြောင်းပြသဏ္ဌာန် (causative form) တစ်မျိုးဖြစ်ပြီး “ဖြစ်လာသည်” သို့မဟုတ် “ဖြစ်ကြောင်းထင်ရှားသည်” ဟူ၍ အဓိပ္ပာယ်ရှိသည်။ (ကမ္ဘာဦး ၂၇:၂၉; ဒေ. ၁၁:၃) သည်အောက်စဖို့ဒ် သမ္မာကျမ်းစာ အဖော်မွန် စာအုပ်က “‘သူဖြစ်စေသည်’ သို့မဟုတ် ‘ဖြစ်စေမည်’” ဟူ၍ အဓိပ္ပာယ်ပေးသည်။ သို့ဖြင့်၊ ဖန်ဆင်းရှင်၏ ကိုယ်ပိုင်နာမတော်မှာ စာသားအရ “ကိုယ်တော်ဖြစ်စေသည်” ဟူ၍ အဓိပ္ပာယ်သက်ရောက်ကြောင်း ဆိုနိုင်ပေသည်။ “ပထမအကြောင်းတရား” အသုံးအနှုန်းကို အသုံးပြုရာ၌ လူအချို့၏စိတ်တွင် ပေါ်လာနိုင်သကဲ့သို့ ဖန်ဆင်းရှင်၏ ရှေးပဝေသဏီက လုပ်ဆောင်ချက်ကို အလေးပေးနေခြင်းမဟုတ်ကြောင်း ဂရုပြုပါ။ အဘယ်ကြောင့် ထိုသို့မဟုတ်သနည်း။
အကြောင်းမှာ နာမတော်မြတ်သည် ဖန်ဆင်းရှင်ပြုလုပ်ရန် ရည်ရွယ်သည့်အရာများနှင့် ဆက်နွှယ်နေ၍ဖြစ်သည်။ အခြေခံအားဖြင့် ဟေဗြဲကြိယာ၌ ကာလပြသဏ္ဌာန် နှစ်မျိုးသာရှိပြီး ဖန်ဆင်းရှင်၏နာမတော် ပါဝင်ပတ်သက်သောသဏ္ဌာန်မှာ “တိုးတက်ဖြစ်ထွန်းဆဲ လုပ်ငန်းစဉ်ကဲ့သို့သော . . . လုပ်ဆောင်ချက်များ ဟူသောသဘောသက်ရောက်သည်။ လုပ်ဆောင်ချက်တစ်ခု၏ ဆက်လက် လုပ်ဆောင်ခြင်း ကိုသာမဟုတ်ဘဲ . . . ၎င်းလုပ်ဆောင်ချက် အစအဦးမှ ပြီးစီးသည့်အထိ တိုးတက်ဖြစ်ထွန်းခြင်း ကိုဖော်ပြသည်။” (ဟေဗြဲကြိယာ ကာလပြသဏ္ဌာန်များ ရှင်းလင်းချက်အတို) မှန်ပါ၏၊ ယေဟောဝါသည် မိမိနာမတော်အားဖြင့် မိမိကိုယ်ကို ရည်ရွယ်ရှင်တစ်ဦးအဖြစ် တက်ကြွလှုပ်ရှားနေကြောင်း ဖော်ပြတော်မူ၏။ သို့ဖြင့် ကိုယ်တော်သည် အဆင့်ဆင့် တိုးတက်လုပ်ဆောင်ခြင်းအားဖြင့် ကတိတော်ကို ပြည့်စုံစေသည့်အရှင်ဖြစ်လာကြောင်း ကျွန်ုပ်တို့သိရှိရသည်။ ဖန်ဆင်းရှင်သည် မိမိ၏ရည်ရွယ်ချက်များကို အကောင်အထည်ပေါ်အောင် အစဉ်သဖြင့် ဖော်ဆောင်တော်မူကြောင်းကို သိရှိရသဖြင့် လူအများက ကျေနပ်အားရနှစ်သိမ့်ကြသည်။
ကိုယ်တော့်ရည်ရွယ်ချက်—သင့်ရည်ရွယ်ချက်
ဘုရားသခင့်နာမတော်၌ ရည်ရွယ်ချက် ထင်ဟပ်လျက်ရှိသော်လည်း လူအများက သူတို့ကိုယ်တိုင်၏ဘဝတွင် ရည်ရွယ်ချက်အစစ်အမှန်ကို မတွေ့နိုင်ကြချေ။ လူသားတို့သည် စစ်ဘေးများ၊ သဘာဝကပ်ဘေးများ၊ ကူးစက်ရောဂါများ၊ ဆင်းရဲမွဲတေမှုနှင့် ရာဇဝတ်မှုအစရှိသော အကျပ်အတည်း တစ်မျိုးပြီးတစ်မျိုး တွေ့ကြုံနေရသည်ကို သူတို့တွေ့မြင်ကြရသည်။ အဆိုပါ အဖျက်သြဇာများမှ တစ်နည်းနည်းဖြင့် ကင်းဝေးကြသည့် အခွင့်သာသူ အနည်းအကျဉ်းတို့ကပင် အနာဂတ်နှင့် ဘဝ၏အဓိပ္ပာယ်နှင့်ပတ်သက်သည့် သံသယများကြောင့် အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဝန်ခံကြသည်။
သမ္မာကျမ်းစာက ဤသို့မှတ်ချက်ချသည်– “ဤရုပ်လောကသည် မိမိ၏ အလိုဆန္ဒကြောင့်မဟုတ်ဘဲ၊ ဖန်ဆင်းရှင်၏ အလိုတော်ကြောင့် အချည်းနှီးဖြစ်စေရန် စီရင်ခံရ၏။ ထိုသို့စီရင်ရာ၌ တစ်နေ့သောအခါ၌ ဤလောကသည် . . . လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ ဘုန်းကြီးသော လွတ်လပ်ခွင့်ကိုဝင်စားမည့် မျှော်လင့်ချက် ပေးတော်မူ၏။” (ရောမ ၈:၂၀၊ ၂၁၊ ဂျေ. ဒဗ္ဗလျူ. စီ. ဝမ့်ဒ် ရေးသားသည့် ဓမ္မသစ်ကျမ်း သဝဏ်လွှာများ) တစ်ချိန်က လူသားများသည် သူတို့၏ဖန်ဆင်းရှင်နှင့် ငြိမ်သက်ခြင်းရှိခဲ့ကြောင်း ကမ္ဘာဦးကျမ်းမှတ်တမ်းက ဖော်ပြသည်။ လူသား၏ အကျင့်ပျက်မှုကို တုံ့ပြန်သောအားဖြင့် ဘုရားသခင်သည် လူသားကို တစ်နည်းနည်းဖြင့် အချည်းနှီးဖြစ်စေသည့် အခြေအနေအောက်သို့ တရားသဖြင့် ရောက်စေတော်မူ၏။ ဤအခြေအနေ ဖြစ်ပေါ်လာပုံ၊ ဖန်ဆင်းရှင်အကြောင်း ၎င်းက အဘယ်အရာဖော်ပြပုံ၊ အနာဂတ်အတွက် အဘယ်အရာ မျှော်လင့်နိုင်ပုံတို့ကို ကြည့်ကြပါစို့။
မှန်ကန်ကြောင်း နည်းမျိုးစုံဖြင့် အတည်ပြုနိုင်သော ထိုအက္ခရာတင်သမိုင်းအရ အဦးဆုံး ဖန်ဆင်းခံရသည့်လူသားတို့မှာ အာဒံနှင့်ဧဝ အမည်ရှိကြသည်။ သူတို့သည် ရည်ရွယ်ချက်မရှိ၊ ဘုရားသခင့်အလိုတော်နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်မရှိဘဲနှင့် စမ်းတဝါးဝါးသွားလာရန် ပစ်ထားခြင်းမခံရကြောင်း ထိုမှတ်တမ်းကဆို၏။ မေတ္တာရှိ၍ စာနာထောက်ထားတတ်သော မည်သည့်လူသားဖခင်မဆို သားသမီးများအတွက် လုပ်ဆောင်ပေးမည်ဖြစ်သကဲ့သို့ ဖန်ဆင်းရှင်သည်လည်း လူသားတို့အား အသုံးဝင်သည့် ညွှန်ကြားချက်များကို ပေးတော်မူ၏။ သူတို့အား ကိုယ်တော်က ဤသို့မိန့်ဆို၏– “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈။
သို့ဖြစ်သောကြောင့်၊ ကနဦးလူသားများ၌ အဓိပ္ပာယ်ပြည့်ဝသည့် ဘဝရည်ရွယ်ချက် ရှိခဲ့ပေသည်။ ထိုရည်ရွယ်ချက်တွင် ကမ္ဘာ့ဂေဟဗေဒကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ကမ္ဘာကို တာဝန်သိတတ်သူများဖြင့် ပြည့်စေခြင်းတို့ပါဝင်သည်။ (ဟေရှာယ ၁၁:၉ နှိုင်းယှဉ်။) ဖန်ဆင်းရှင်က လူသားများအား ကမ္ဘာကို ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရန်၊ ဖျက်ဆီးရန် အကြောင်းပြချက် ပေးခဲ့သည့်အလား ယနေ့ ကမ္ဘာဂြိုဟ် ညစ်ညမ်းမှုအတွက် ကိုယ်တော်ကို မည်သူကမျှ တရားသဖြင့် အပြစ်မတင်နိုင်ချေ။ “နိုင်ကြလော့” ဟူသောစကားလုံးသည် ကိုယ်ကျိုးအတွက် ခေါင်းပုံဖြတ်ရန် လိုင်စင်မဟုတ်ပါ။ လူသားများ စီမံရန် တာဝန်အပ်နှင်းခံရသည့် ဤကမ္ဘာဂြိုဟ်ကို ထွန်ယက်စိုက်ပျိုး၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ရည်ညွှန်းသည်။ (ကမ္ဘာဦး ၂:၁၅) ၎င်းပြင်၊ ထိုအဓိပ္ပာယ်ပြည့်ဝသည့် လုပ်ငန်းတာဝန်ကို ဖော်ဆောင်နိုင်မည့် အဆုံးမဲ့သော အနာဂတ်ကိုလည်း သူတို့ပိုင်စိုးနိုင်ပေသည်။ သေခြင်းကင်းသည့် သူတို့၏မျှော်လင့်ချက်သည် လူသားတို့၌ အနှစ် ၇၀၊ ၈၀ မက အနှစ် ၁၀၀ သက်တမ်းအတွင်း အပြည့်အဝ အသုံးပြုနိုင်သည်ထက် အလွန့်အလွန်သာလွန်သည့် ဦးနှောက်စွမ်းပကား ပိုင်ဆိုင်ထားခြင်းအချက်နှင့် ကိုက်ညီပေသည်။ ၎င်းဦးနှောက်ကို အကန့်အသတ်မရှိ အသုံးပြုရန် ရည်ရွယ်ထားသည်။
ယေဟောဝါဘုရားသခင်သည် မိမိ၏ဖန်ဆင်းခံအရာတို့ကို ထုတ်လုပ်သောအရှင်၊ စီစဉ်ညွှန်ကြားသောအရှင်အနေနှင့် မြေကြီးနှင့် လူသားတို့အတွက် မိမိထားရှိသောရည်ရွယ်ချက်ကို လူသားများ ဖော်ဆောင်ရာ၌ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးထားတော်မူ၏။ ကိုယ်တော်သည် အလွန်အကျွံ တောင်းဆိုတော်မမူသကဲ့သို့ အလွန်အမင်း ချုပ်ချယ်ခြင်းလည်းပြုတော်မမူပေ။ သာဓကအားဖြင့်၊ ကိုယ်တော်သည် အာဒံအား သတ္တဗေဒပညာရှင်တစ်ဦး နှစ်သက်ပျော်မွေ့မည့် တိရစ္ဆာန်များကိုလေ့လာ၍ အမည်ပေးခြင်းတာဝန် ပေးခဲ့၏။ အာဒံသည် တိရစ္ဆာန်တို့၏ ဝိသေသလက္ခဏာများကို ဂရုစိုက်စောင့်ကြည့်ပြီးနောက် များသောအားဖြင့် ရုပ်လုံးပေါ်သည့်နာမည်များ ပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၉) ဤကား လူသားများအနေဖြင့် သူတို့၏ ပင်ကိုစွမ်းရည်များနှင့် စွမ်းပကားများကို ဘုရားသခင့် အလိုတော်နှင့်အညီ မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြသည့် သာဓကတစ်ခုမျှ ဖြစ်ပါသည်။
အကယ်၍ လူသားများက မိုက်မဲသော၊ သို့မဟုတ် ထိခိုက်နစ်နာစေသောလမ်းစဉ်ကို ရွေးချယ်သည့်တိုင်အောင် မြေကြီးပေါ်တွင် ဖြစ်ပေါ်လာမည့် မည်သည့်အခြေအနေကိုမဆို စကြဝဠာတစ်ပြင်လုံး၏ ဉာဏ်ပညာရှိသော ဖန်ဆင်းရှင်အနေဖြင့် လွယ်လင့်တကူ ထိန်းချုပ်နိုင်တော်မူကြောင်း သင်နားလည်နိုင်ပေသည်။ ဘုရားသခင်သည် အာဒံအား တားမြစ်ချက်တစ်ခုသာပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းက ကျွန်ုပ်တို့အားအသိပေးသည်– “ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတစ်ပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်။”—ကမ္ဘာဦး ၂:၁၆၊ ၁၇။
ထိုအမိန့်တော်က နာခံခြင်းဆိုင်ရာ ဘုရားသခင့် အခွင့်အရေးကို လူသားများအသိအမှတ်ပြုရန် တောင်းဆိုသည်။ အာဒံလက်ထက်မှ ကျွန်ုပ်တို့လက်ထက်တိုင်အောင် လူသားများသည် ကမ္ဘာ့ဆွဲအားနိယာမကို လက်ခံ၍ ယင်းနှင့်အညီ နေထိုင်ခဲ့ကြရသည်။ သို့မဟုတ်ပါက မိုက်မဲ၍ ထိခိုက်နစ်နာမည်ဖြစ်သည်။ သို့ဖြစ်လျှင် စေတနာပြည့်ဝသော ဖန်ဆင်းရှင်ထံမှလာသည့် အခြားပညတ်၊ သို့မဟုတ် အမိန့်နှင့်အညီ နေထိုင်ခြင်းကို လူသားများ အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။ ဖန်ဆင်းရှင်က မိမိ၏ပညတ်ကိုငြင်းပယ်လျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို ရှင်းလင်းစွာဖော်ပြသော်လည်း အာဒံနှင့်ဧဝတို့အား စိတ်လိုကိုယ်လျောက် နာခံရန် စိတ်ကြိုက်ရွေးခွင့်ကို ပေးတော်မူ၏။ လူသားများအား လွတ်လပ်စွာရွေးချယ်ခွင့်ကို ဖန်ဆင်းရှင် ပေးတော်မူခဲ့ကြောင်း လူ့သမိုင်းဦးမှတ်တမ်းတွင် တွေ့မြင်ရန်မခက်ပေ။ သို့တစေ၊ ကိုယ်တော်သည် မိမိ၏ ဖန်ဆင်းခံသတ္တဝါများအား အစွမ်းကုန်ပျော်ရွှင်စေလိုတော်မူ၏။ ကိုယ်တော်ပေးတော်မူသည့် ကောင်းမြတ်သော ပညတ်တရားများနှင့်အညီ သက်ရှင်နေထိုင်ပါက သဘာဝအလျောက် ပျော်ရွှင်ကြမည်သာဖြစ်သည်။
ရှေ့အခန်းတစ်ခန်း၌ မမြင်နိုင်သည့် အသိဉာဏ်ရှင် သတ္တဝါများဖြစ်သည့် နာမ်ဝိညာဉ်သတ္တဝါများကို ဖန်ဆင်းရှင်ဖြစ်ပွားစေကြောင်း ကျွန်ုပ်တို့ သိရှိခဲ့ရသည်။ အဆိုပါ နာမ်ဝိညာဉ်များထဲမှတစ်ဦးသည် ဘုရားသခင့်ရာထူးကို မတရားသိမ်းပိုက်မည့်အကြံ စိတ်ထဲ၌ ဖျောက်မရအောင် စွဲလမ်းခဲ့ကြောင်း လူ့သမိုင်းဦးက ဖော်ပြသည်။ (ယေဇကျေလ ၂၈:၁၃၊ ၁၄ နှိုင်းယှဉ်။) သူသည် ဘုရားသခင်ပေး လွတ်လပ်စွာရွေးချယ်ခွင့်ကို အလွဲသုံးစားပြုပြီး ကနဦးလူသားများအား ပေါ်ပေါ်ထင်ထင်ပုန်ကန်မှုဟု ခေါ်ရမည့်လမ်းမှားသို့ သွေးဆောင်ခဲ့သည်။ ကနဦးမောင်နှံတို့သည် တိုက်ရိုက်အမိန့်ဖီဆန်ခြင်း အာခံသည့်လုပ်ရပ်—“ကောင်းမကောင်းကို သိကျွမ်းရာအပင်” မှအသီးကိုစားခြင်း—အားဖြင့် ဘုရားသခင့်အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေးကို အရယူသွားကြသည်။ သို့သော် ထိုထက်မက သူတို့၏လမ်းစဉ်အားဖြင့် သူတို့က ဖန်ဆင်းရှင်သည် လူသားတို့အား ကောင်းသောအရာမပေးဘဲ ထိမ်ချန်ထားသည်ဟူသောအဆိုကို ထောက်ခံကြောင်း ပြသသည်။ အာဒံနှင့်ဧဝတို့သည် ဖန်ဆင်းရှင်က မည်သို့ပင် တန်ဖိုးဖြတ်ဖြတ် အကောင်းနှင့်အဆိုးကို မိမိတို့ဘာသာဆုံးဖြတ်မည်ဟု တောင်းဆိုသည်နှင့်မခြားပေ။
ယောက်ျားမိန်းမတို့အနေဖြင့် ကမ္ဘာ့ဆွဲအားနိယာမကို မနှစ်သက်ဟုဆုံးဖြတ်၍ ဆန့်ကျင်ဘက်ပြုမူကြမည်ဆိုလျှင် ဆင်ခြင်တုံတရား မည်မျှကင်းမဲ့လှမည်တကား! ထို့အတူ ဖန်ဆင်းရှင်၏ ကိုယ်ကျင့်တရားစံနှုန်းများကို အာဒံနှင့်ဧဝ ပယ်ချခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဖြစ်ပေသည်။ ကမ္ဘာ့ဆွဲအားနိယာမကို မထီမဲ့မြင်ပြုသူအပေါ် ထိခိုက်နစ်နာမှု အကျိုးဆက်များ သက်ရောက်သကဲ့သို့ နာခံမှုကိုတောင်းဆိုသည့် ဘုရားသခင့် အခြေခံပညတ်တရားကို ချိုးဖောက်သူသည်လည်း ဧကန်မုချ ဆိုးကျိုးကြုံရမည်ဖြစ်သည်။
ထိုအခါ ယေဟောဝါ အရေးယူဆောင်ရွက်တော်မူခဲ့ကြောင်း သမိုင်းကဆို၏။ ဖန်ဆင်းရှင်၏အလိုတော်ကို အာဒံနှင့်ဧဝ ငြင်းပယ်သည့် “နေ့ရက်” တွင် သူတို့သည် ဘုရားသခင် သတိပေးခဲ့သည့်အတိုင်းပင် ရုပ်ခန္ဓာသေဆုံးခြင်းဆီသို့ တစ်စတစ်စနှင့် ဆုတ်ယုတ်ယိုယွင်းလာကြသည်။ (၂ ပေတရု ၃:၈ နှိုင်းယှဉ်။) ဤအချက်က ဖန်ဆင်းရှင်၏ ကိုယ်ရည်ကိုယ်သွေးမှ အခြားကြန်အင်လက္ခဏာတစ်ရပ်ကို ထင်ရှားပေါ်လွင်စေသည်။ ကိုယ်တော်သည် ပြောင်ပြောင်တင်းတင်း အမိန့်ဖီဆန်ခြင်းကို ပျော့ညံ့စွာ လျစ်လျူမရှုသော တရားမျှတသည့် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အမြော်အမြင်ရှိ၍ တရားမျှတသည့် စံနှုန်းများကို ချမှတ်ပြဋ္ဌာန်းပြီး ထိန်းသိမ်းကာကွယ်တော်မူ၏။
ကိုယ်တော်သည် မိမိ၏ထူးခြားသော ဂုဏ်တော်များနှင့်အညီ သက်ညှာစွာ လူသားတို့၏အသက်ကို ချက်ချင်း အဆုံးစီရင်တော်မမူချေ။ အဘယ်ကြောင့်နည်း။ ထိုအချိန်တွင် သန္ဓေပင်မတည်သေးသည့် အာဒံဧဝတို့၏ နောင်လာနောက်သားများအတွက် ထည့်သွင်းစဉ်းစားပေး၍ဖြစ်သည်။ ၎င်းတို့သည် ဘိုးဘေးများ၏ အပြစ်လမ်းစဉ်အတွက် တိုက်ရိုက်တာဝန်မရှိကြချေ။ လူဖြစ်လာကြမည့် အာဒံဧဝတို့၏ သားမြေးများအတွက် ဘုရားသခင် ကြောင့်ကြပေးခြင်းက ဖန်ဆင်းရှင်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း သိသာစေသည်။ ကိုယ်တော်သည် ချစ်ခင်ကြင်နာခြင်းတရားကင်းမဲ့သော ရက်စက်သည့်တရားသူကြီး မဟုတ်ပေ။ လူတိုင်းလူတိုင်းအား အခွင့်အရေးပေးလိုသော မျှတသည့်အရှင်၊ လူ့အသက်၏မြင့်မြတ်မှုကို လေးစားသောအရှင် ဖြစ်တော်မူ၏။
ဤအချက်က နောက်ဆက်တွဲလူမျိုးဆက်တို့သည် ကနဦးမောင်နှံနည်းတူ သာယာကြည်နူးဖွယ်အခြေအနေမျိုးကို မွေ့လျော်ခံစားရမည်ဟု မဆိုလိုပါ။ ဖန်ဆင်းရှင်သည် အာဒံ၏သားစဉ်မြေးဆက်များအား လူဖြစ်ခွင့်ပေးခြင်းအားဖြင့် “ဤရုပ်လောကသည် . . . အချည်းနှီးဖြစ်စေရန် စီရင်ခံရ၏။” သို့ရာတွင် အချည်းနှီးသက်သက်၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းမျိုး မဟုတ်ပါ။ ရောမ ၈:၂၀၊ ၂၁ ၌ ဖန်ဆင်းရှင်က ဤလောကအား “တစ်နေ့သောအခါ၌ . . . လွတ်မြောက် . . . မည့်မျှော်လင့်ချက် ပေးတော်မူ” ၏ဟုဆိုကြောင်းကိုလည်း သတိရပါ။ ဤအချက်ကို ကျွန်ုပ်တို့ ပိုမိုသိလိုသည့်ဆန္ဒရှိသင့်သည်။
ကိုယ်တော်အား ရှာတွေ့နိုင်သလော
ကနဦးလူသားမောင်နှံအား ပုန်ကန်စေရန် သွေးဆောင်ခဲ့သည့်ရန်သူကို သမ္မာကျမ်းစာတွင် စာတန်မာရ်နတ်ဟူ၍ အမည်ပေးထားသည်။ အဓိပ္ပာယ်မှာ “ခုခံသူ” နှင့် “သားပုပ်လေလွင့်ပြောသူ” ဖြစ်၏။ ပုန်ကန်မှုကို သွေးထိုးလှုံ့ဆော်သည့် ထိုအဓိကပုဂ္ဂိုလ်အား စီရင်ချက်ချရာ၌ ဘုရားသခင်က သူ့အား ရန်သူဟူ၍ အမည်တပ်ခဲ့သော်လည်း အနာဂတ်လူသားများ မျှော်လင့်ချက်အတွက် အခြေခံတစ်ရပ်ကို ချမှတ်တော်မူ၏။ ဘုရားသခင်က “သင် [စာတန်] နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်” ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၅) ဤသည်မှာ ဥပစာစကား၊ သို့မဟုတ် တင်စားသောစကားဖြစ်ကြောင်း ထင်ရှားသည်။ “အမျိုးအနွယ်” ပေါ်လာမည်ဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။
သမ္မာကျမ်းစာ၏ အခြားသောအပိုင်းများက အာရုံဆွဲဆောင်မှုရှိသော ဤအခန်းငယ်အကြောင်းကို ထင်လင်းစေသည်။ ဤအချက်သည် နာမတော်နှင့်အညီ ယေဟောဝါ ပြုမူတော်မူခြင်းနှင့် မြေကြီးပေါ်ရှိ လူသားများအတွက်ထားရှိသော မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေရာတွင် လိုအပ်သမျှ ‘ဖြစ်လာခြင်း’ တို့နှင့် ဆက်နွှယ်လျက်ရှိကြောင်း ထိုအပိုင်းများက ပြသကြသည်။ ထိုသို့ပြုရာတွင် ကိုယ်တော်သည် သီးသန့်လူမျိုးတစ်မျိုးကို အသုံးပြုတော်မူ၏။ အဆိုပါ ရှေးလူမျိုးနှင့် ကိုယ်တော်ဆက်ဆံပုံသမိုင်းသည် သမ္မာကျမ်းစာ၏ အလွန်အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ထိုအရေးကြီးသည့်သမိုင်းကို အကျဉ်းချုပ် သုံးသပ်ကြပါစို့။ ထိုသို့သုံးသပ်ရာတွင် ဖန်ဆင်းရှင်၏ ဂုဏ်ရည်တော်များအကြောင်း ပိုမိုသိရှိလာနိုင်သည်။ မှန်ပါသည်၊ လူသားများအတွက် ပြင်ဆင်သည့်စာအုပ်ဖြစ်သော သမ္မာကျမ်းစာကို တိုး၍ဆန်းစစ်ခြင်းအားဖြင့် ကိုယ်တော်နှင့်ပတ်သက်သော တန်ဖိုးမဖြတ်နိုင်သည့် အကြောင်းအရာ အမြောက်အမြားကို ကျွန်ုပ်တို့ သိရှိလာနိုင်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a ဟေရှာယ ၅၃:၇၊ ၈ ကိုးကားထားသည့် တမန်တော် ၈:၂၆-၃၈ နှိုင်းယှဉ်။
b သမ္မာကျမ်းစာ၏ မူလအစအကြောင်း အသေးစိတ်ကို ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ဘရိုရှာနှင့် သမ္မာကျမ်းစာ—ဘုရားသခင့် နှုတ်မြွက်စကားတော်လော၊ လူ့နှုတ်ထွက်စကားလော စာအုပ် (လိပ်) ရှု။
[စာမျက်နှာ ၁၀၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက ရာစုနှစ်ပေါင်းများစွာကြို၍ ဟောပြောပြီးနောက် တန်ခိုးကြီးသော ဗာဗုလုန်သည် လူသူဆိတ်ငြိမ်သည့် အပျက်အယွင်းပုံကြီး ဖြစ်လာပြီး ယနေ့အထိ ထိုအတိုင်းဖြစ်နေ
[စာမျက်နှာ ၁၁၀ ပါ ရုပ်ပုံ]
ဘီ.စီ.အီး. ဒုတိယရာစုနှစ်အတွင်း ကူးရေးခဲ့သည့် ဤဟေရှာယကျမ်းလိပ်ကို ပင်လယ်သေအနီးရှိ လိုဏ်ဂူများအတွင်းမှ ပြန်လည်ရရှိခဲ့သည်။ ၎င်းကိုရေးပြီးနောက် နှစ်ပေါင်းရာနှင့်ချီ၍ကြာပြီးမှ ဖြစ်ပျက်သည့် အခြင်းအရာများကို ထိုကျမ်းလိပ်တွင် အသေးစိတ် တင်ကူးဟောထား
[စာမျက်နှာ ၁၁၅ ပါ ရုပ်ပုံ]
အိုးခြမ်းကွဲပေါ် ရှေးဟေဗြဲဘာသာဖြင့် ရေးသားခဲ့သည့်ဤစာကို လာခိရှအရပ်တွင် တူးဖော်ရရှိသည်။ နာမတော်မြတ်ဗျည်းလေးလုံး (မြားကိုရှု) ကို နှစ်ကြိမ်တွေ့ရှိရသဖြင့် ဖန်ဆင်းရှင်၏နာမတော်ကို လူတို့ကောင်းစွာသိရှိပြီး အများအားဖြင့် အသုံးပြုခဲ့ကြကြောင်း ဖော်ပြ
[စာမျက်နှာ ၁၁၇ ပါ ရုပ်ပုံ]
ကမ္ဘာ့ဆွဲအားနိယာမကို အိုင်းဇက်နယူတန်က စနစ်တကျ ဖော်ထုတ်တင်ပြခဲ့သည်။ ဖန်ဆင်းရှင်၏ ပညတ်တရားများသည် ကျိုးကြောင်းညီညွတ်၏၊ ယင်းတို့နှင့် ပူးပေါင်းဆောင်ရွက်လျှင် ကျွန်ုပ်တို့အတွက် ကောင်းကျိုးဖြစ်၏