ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ct အခန်း ၁၁ စာ. ၁၈၄-၁၉၁
  • သင့်ဘဝကို အစဉ်ထာဝရ အဓိပ္ပာယ် ပြည့်ဝစေလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဘဝကို အစဉ်ထာဝရ အဓိပ္ပာယ် ပြည့်ဝစေလော့
  • သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်ထံတော်သို့ လှည့်လာခြင်း
  • အသိပညာပေါ်အခြေခံသည့် ဘဝအဓိပ္ပာယ်
  • ဖန်ဆင်းရှင်သည်သင့်ဘဝကို ပို၍အဓိပ္ပာယ်ရှိစေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သင့်ဖန်ဆင်းရှင်—ကိုယ်တော်သည်မည်သို့သောအရှင်ဖြစ်ကြောင်း သင်ယူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ဘဝအသက်တာကို အဘယ်အရာက အမှန်အဓိပ္ပာယ်ရှိစေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
ct အခန်း ၁၁ စာ. ၁၈၄-၁၉၁

အခန်းတစ်ဆယ့်တစ်

သင့်ဘဝကို အစဉ်ထာဝရ အဓိပ္ပာယ် ပြည့်ဝစေလော့

ကျွန်ုပ်တို့ မည်သည့်အရပ်ဒေသ၌ နေထိုင်သည်ဖြစ်စေ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များအကြောင်းကို ကြားရကြ၏။ ဇီဝဗေဒပညာရှင်များ၊ အဏ္ဏဝါဗေဒပညာရှင်များနှင့် အခြားအခြားသောသူတို့က ကျွန်ုပ်တို့၏ကမ္ဘာမြေအကြောင်းနှင့် ကမ္ဘာ့သက်ရှိများအကြောင်းဆိုင်ရာ လူတို့၏ဗဟုသုတကို တိုးပွားအောင် ဖြည့်ဆည်းပေးလျက်ရှိကြ၏။ အခြားတစ်ဖက်တွင် နက္ခတ္တဗေဒပညာရှင်များနှင့် ရူပဗေဒပညာရှင်များကလည်း ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းအကြောင်း၊ ကြယ်များအကြောင်းသာမက ဝေးလံသည့် ဂလက်ဆီများအကြောင်းကို ယခင်ကထက် များစွာသိရှိလာကြ၏။ ဤအချက်က အဘယ်အရာကို ညွှန်ပြသနည်း။

စဉ်းစားတွေးခေါ်ဉာဏ် ထက်မြက်သူအများသည် ရှေးဘုရင်ဒါဝိဒ်နှင့် သဘောတူကြ၏– ‘မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။’ (ဆာလံ ၁၉:၁) အချို့မူကား သဘောမတူဘဲ ရှိကောင်းရှိမည်၊ သို့မဟုတ် ဖန်ဆင်းရှင်ရှိမရှိ အသေအချာမပြောနိုင်ဟု ဆိုကောင်းဆိုကြမည်။ သို့သော် ဤစာအုပ်တွင်တင်ပြထားသည့် သက်သေအထောက်အထားကို သုံးသပ်ပြီးနောက် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း၊ ကိုယ်တော်သည် စကြဝဠာနှင့် ကျွန်ုပ်တို့၏အသက်ကို ဖန်ဆင်းတော်မူခဲ့ကြောင်း ယုံကြည်ရန်အကြောင်းရင်း အမြောက်အမြားကို တွေ့မြင်နိုင်သည်မဟုတ်လော။

“လူတို့သည် ဘုရားသခင့်အကြောင်း မသိဟု မပြောနိုင်ကြချေ။ ကမ္ဘာဦးမှစ၍ ဖန်ဆင်းတော်မူသည့်အရာများကို တွေ့ မြင်ခြင်းအားဖြင့် ဘုရားသခင်သည် မည်သို့မည်ပုံရှိကြောင်း လူတို့တွေ့မြင်နိုင်ကြ၏။ ဤသည်က ထာဝစဉ်တည်သည့် ကိုယ်တော့်တန်ခိုးတော်ကို ပြသ၏။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ပြသ၏” ဟု တမန်တော်ပေါလုက ဂရုပြုဖော်ပြ၏။ (ရောမ ၁:၂၀၊ သမ္မာကျမ်းစာ—ဘဝသစ်ဘာသာပြန်) အစောပိုင်းအခန်းများ၌ တင်ပြခဲ့သည့် ဖန်ဆင်းခြင်းဆိုင်ရာ အကြောင်းအရာများက “ဘုရားသခင်သည် မည်သို့မည်ပုံရှိကြောင်း . . . တွေ့မြင်နိုင်” ရန်၊ “မျက်မြင်မရသော ကိုယ်တော့်ဂုဏ်ရည်တော်များ” ကို နားလည်သိရှိရန် ပို၍လွယ်ကူစေသည်။ (ကမ္ဘာသစ်ဘာသာပြန်ကျမ်း) သို့ရာတွင်၊ ရုပ်ပိုင်းဆိုင်ရာ ဖန်ဆင်းခံအရာများက ဖန်ဆင်းရှင်အကြောင်း ထင်ဟပ်ပေါ်လွင်စေသည့်အချက်ကိုသာ အဓိကမထားသင့်ပေ။ အဘယ်ကြောင့် ဤသို့မဖြစ်သင့်သနည်း။

သိပ္ပံပညာရှင်အများတို့သည် ဘဝကိုမြှုပ်နှံ၍ စကြဝဠာအကြောင်းကို စူးစမ်းလေ့လာခဲ့ကြသော်လည်း သူတို့ဘဝသည် တာရှည်တည်သည့်အဓိပ္ပာယ်ကို ရှာမတွေ့ဘဲ အနှစ်သာရကင်းမဲ့လျက်ပင် ရှိကြသည်။ သာဓကအနေဖြင့် ရူပဗေဒပညာရှင် စတီဗင် ဝဲန်းဘာ့ဂ်က– “စကြဝဠာအကြောင်း ပို၍သဘောပေါက်လာသည်ဟု ထင်ရလေလေ အကျိုးမရှိဟု ထင်ရလေလေဖြစ်၏” ဟူ၍ရေးသားခဲ့သည်။ နက္ခတ္တဗေဒပညာရှင် အယ်လန် ဒရက်စ်လာ၏ အမြင်သဘောထားနှင့်စပ်လျဉ်း၍ သိပ္ပံ မဂ္ဂဇင်းက ဤသို့ဆို၏– “စကြဝဠာဗေဒက ဘုရားသခင်၏ ‘စိတ်တော်’ သို့မဟုတ် ‘လက်ရေးတော်’ ကိုဖော်ထုတ်သည်ဟု သုတေသီများ ဆိုကြသည့်အခါ သူတို့သည် နောက်ဆုံးတွင် စကြဝဠာ၏ အရေးမပါလှသည့်အရာ ဖြစ်ကောင်းဖြစ်မည့် ရုပ်ပိုင်းဆိုင်ရာအဆောက်အအုံမှာ ဘုရားသခင်ကြောင့်ဖြစ်ရသည်ဟု မှတ်ယူကြခြင်းသာဖြစ်၏။” ဒရက်စ်လာက သာ၍အရေးပါသောအရာမှာ လူ့ဘဝ၏အဓိပ္ပာယ်ဖြစ်ကြောင်း ထောက်ပြသွားသည်။ “လူသားသည် [ရုပ်ပိုင်း] စကြဝဠာ၏ ရုပ်ပိုင်းဗဟိုချက်တွင်ရှိသည်ဟူသော ယုံကြည်ချက်ဟောင်းကို လူတို့ စွန့်ပယ်ခဲ့ကြပြီဖြစ်သော်လည်း ကျွန်ုပ်တို့သည် ဘဝအဓိပ္ပာယ်၏ ဗဟိုချက်၌ရှိသည် ဟူသောယုံကြည်ချက်ကို ပြန်လည်လက်ခံကြရမည်။”

ရှင်းနေသည်မှာ ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ဘဝ၏အဓိပ္ပာယ်ကို အထူးစိတ်ဝင်စားသင့်ပေသည်။ ဖန်ဆင်းရှင် သို့မဟုတ် ပုံစံပြုသူဉာဏ်ကြီးရှင် တည်ရှိကြောင်း၊ ကိုယ်တော်ကို ကျွန်ုပ်တို့ အားထားမှီခိုနေရကြောင်း ဝန်ခံရုံမျှဖြင့် ကျွန်ုပ်တို့၏ဘဝ အဓိပ္ပာယ်ပြည့်ဝလာမည်မဟုတ်။ ဤသို့အထူးသဖြင့် ဖြစ်ရခြင်းမှာ လူ့ဘဝသည် တိုတောင်းပုံရှိ၍ဖြစ်သည်။ ဝီလျံ ရှိတ်စပီးယား၏ပြဇာတ်တစ်ခုမှ ဘုရင် မက္ကဘက်သ်နည်းတူ ခံစားရသူ ဒုနှင့်ဒေးရှိ၏–

“ဘဝဟူသည် အရိပ်ပမာ တဒင်္ဂသာ၊ သနားစရာ့ ဇာတ်ကောင်သဖွယ်

ကြွားကြွားဝင့်ဝင့် သောကယှက်လျက် စင်မြင့်ထက်ဝယ် သရုပ်ဆောင်၍

ပြီးလျှင်ကွယ်ပျောက် ဆိတ်သုဉ်းရောက်၏။ လူအ လူန ပြောသည့်ပုံပြင်

သွေးရူးသွေးတန်း အသံဗလံ ပွက်လောညံလည်း

အနှစ်သာရ ကင်းမဲ့လေစွ။”—မက္ကဘက်သ်၊ အခန်း ငါး၊ ပြကွက် ငါး။

ကမ္ဘာတစ်ဝန်းရှိလူတို့သည် ဤစကားများကို လက်ခံကြပေလိမ့်မည်။ သို့သော် သူတို့ကိုယ်တိုင် အကျဉ်းအကျပ် ကြုံလာသည့်အခါ၌ ဘုရားသခင်ကို တ,မိကြမည်မလွဲပေ။ ရှေးပညာရှိတစ်ဦးဖြစ်သူ ဧလိဟုက ဤသို့သုံးသပ်ပြောကြားခဲ့၏– “များပြားသောညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ . . . ပြင်းစွာအော်ဟစ်တတ်ကြ၏။ သို့သော်လည်း ငါ့ကို ဖန်ဆင်းတော်မူထသော၊ . . . မြေတိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်မရ၊ ထူးဆန်းသော ပညာနှင့်လည်းကောင်း ငါတို့ကို ပြည့်စုံစေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှ မမေးမြန်းတတ်။”—ယောဘ ၃၅:၉-၁၁။

ကျွန်ုပ်တို့လူသားများသည် ဘဝအဓိပ္ပာယ်၏ ဗဟိုချက်အစစ်အမှန် မဟုတ်ကြောင်း ဧလိဟု၏စကားများက အလေးအနက်တင်ပြ၏။ ကျွန်ုပ်တို့၏ ကြီးမြတ်သောဖန်ဆင်းရှင်သာလျှင် ထိုဗဟိုချက် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့ဘဝ၏ စစ်မှန်သော မည်သည့်အဓိပ္ပာယ်မဆို ဆင်ခြင်တုံတရားအရ ကိုယ်တော်နှင့်ဆက်နွှယ်ပတ်သက်လျက်ရှိသည့်အပြင် ကိုယ်တော်အပေါ်တွင်လည်း တည်မှီလျက်ရှိ၏။ ထိုသို့သော အဓိပ္ပာယ်နှင့်တကွ ရရှိမည့် ကြီးစွာသောကျေနပ်ရောင့်ရဲမှုကို တွေ့ရှိလိုလျှင် ဖန်ဆင်းရှင်ကို သိကျွမ်းပြီး ကိုယ်တော့်အလိုတော်နှင့်အညီ အသက်ရှင်ဖို့လိုသည်။

ဖန်ဆင်းရှင်ထံတော်သို့ လှည့်လာခြင်း

ထိုအတိုင်း မောရှေပြုခဲ့၏။ အမှန်အတိုင်း ဤသို့သူဝန်ခံခဲ့၏– “အကျွန်ုပ်တို့၏ အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။” ဤသို့သိမြင်ခြင်းကြောင့် မောရှေသည် စိတ်ဓာတ်မကျခဲ့ပါ၊ အဆိုးမြင်သမားလည်း မဖြစ်ခဲ့ပါ။ ဖန်ဆင်းရှင်ထံ ပြန်လှည့်လာခြင်းကို တန်ဖိုးထားတတ်အောင် သူ့အား အထောက်အကူပင်ပြုခဲ့သည်။ မောရှေက ဤသို့ဆုတောင်းခဲ့၏– ‘အကျွန်ုပ်တို့သည် ပညာနှင့်ပြည့်စုံသော စိတ်ဉာဏ်ကိုရရှိမည်အကြောင်း၊ ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။ နံနက်အချိန်တွင် အကျွန်ုပ်တို့ကို ကရုဏာတော်နှင့် ရောင့်ရဲစေတော်မူပါ။ သို့ပြုလျှင် တစ်သက်ပတ်လုံး ဝမ်းမြောက်ရွှင်လန်းကြပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသခင်၏ မေတ္တာကျေးဇူးတော်သည် အကျွန်ုပ်တို့အပေါ်၌ ရှိပါစေသော။’—ဆာလံ ၉၀:၁၀၊ ၁၂၊ ၁၄၊ ၁၇၊ သမ္မာ။

‘နံနက်အချိန်တွင် ရောင့်ရဲ၏။’ ‘တစ်သက်ပတ်လုံး ဝမ်းမြောက်ရွှင်လန်း၏။’ ‘ထာဝရဘုရားသခင်၏ မေတ္တာကျေးဇူးတော်သည် အကျွန်ုပ်တို့အပေါ်၌ ရှိပါ၏။’ ဤကဲ့သို့သော စကားစုများက ဘဝအဓိပ္ပာယ်—ယေဘုယျအားဖြင့် လူတို့ သဘောမပေါက်နိုင်သည့် အဓိပ္ပာယ်—ကို ထိုသူရှာတွေ့ပြီဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြမနေပေလော။

ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်ရှေ့ မိမိတို့၏အနေအထားကို သိမြင်ခြင်းအားဖြင့် ဘဝအဓိပ္ပာယ်ဖွေရှာရေးတွင် ကြီးမားသောခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်ပေသည်။ စကြဝဠာနှင့်ပတ်သက်သော တိုးပွားလာသည့် အသိပညာသိုက်က ကျွန်ုပ်တို့အား တစ်နည်းတစ်လမ်းအားဖြင့် အကူအညီပေးပေမည်။ ဒါဝိဒ်က ဤသို့မေးခဲ့၏– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။”—ဆာလံ ၈:၃၊ ၄။

ယေဟောဝါသည် နေလကြယ်နက္ခတ်တို့ကိုဖန်ဆင်း၍ ကမ္ဘာပေါ်တွင် သက်ရှိများကို ၎င်းတို့၏ အခြေခံအဆောက်အအုံနှင့်တကွ ပေါများကြွယ်ဝစေတော်မူကြောင်း အသိအမှတ်ပြုရုံထက်မက ကျွန်ုပ်တို့ လုပ်ဆောင်ရန်လို၏။ (နေဟမိ ၉:၆; ဆာလံ ၂၄:၂; ဟေရှာယ ၄၀:၂၆; ယေရမိ ၁၀:၁၀၊ ၁၂) အစောပိုင်းက ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည့်အတိုင်း ယေဟောဝါ၏ အတုမရှိသောနာမတော်က ကိုယ်တော်သည် ရည်ရွယ်ချက်ရှိသော ဘုရားသခင်ဖြစ်ကြောင်း၊ မိမိ၏အလိုတော်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်စွမ်းရှိသည့် တစ်ဆူပါးတည်းသောအရှင်ဖြစ်ကြောင်း ညွှန်ပြ၏။

‘မိုးကောင်းကင်ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်၊ မြေကြီးကို ပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီး ဖန်ဆင်းတော်မူသည်မဟုတ်။ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူသော ဘုရားသခင်သခင်’ ဟူ၍ ဟေရှာယရေးသားခဲ့၏။ ထို့နောက် ‘ငါသည် ထာဝရဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ’ ဟူသော ယေဟောဝါ၏စကားတော်ကို ကိုးကားဖော်ပြ၏။ (ဟေရှာယ ၄၅:၁၈) နောက်ပိုင်းတွင် ပေါလုက ခရစ်ယာန်ချင်းတို့နှင့်ပတ်သက်၍ ဤသို့ဆို၏– “ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည့်အကြောင်း၊ ခရစ်တော်ယေရှု၌ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။” ထို “ကောင်းသောအကျင့်များ” ၏အချက်အချာမှာ “[ကိုယ်တော်၏] ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ . . . ဘုရားသခင်၏ အထူးထူးအပြားပြားသော [ဉာဏ်] ပညာတော်ကို” ကြားသိစေခြင်းဖြစ်၏။ (ဧဖက် ၂:၁၀; ၃:၈-၁၁၊ သမ္မာ) ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးထူထောင်၍ ကိုယ်တော့်ရည်ရွယ်ချက်ကို သိရှိအောင်ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်နိုင်ရုံမက ဤအတိုင်းပင် ပြုသင့်ပေသည်။—ဆာလံ ၉၅:၃-၆။

မေတ္တာပြည့်ဝပြီး ဂရုစိုက်စောင့်ရှောက်တော်မူသည့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း အသိအမှတ်ပြုလျှင် လက်တွေ့လုပ်ဆောင်ရန် ကျွန်ုပ်တို့အား စေ့ဆော်ပေးမည်ဖြစ်သည်။ သာဓကအနေနှင့်၊ ထိုသို့အသိအမှတ်ပြုခြင်းသည် အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံသင့်ပုံ မည်သို့ဆက်စပ်မှုရှိကြောင်း သတိပြုပါ။ ‘ဆင်းရဲသူကို ညှဉ်းဆဲသောသူသည်၊ ဖန်ဆင်းတော်မူသောအရှင်ကို ကဲ့ရဲ့ရာ၊ နွမ်းပါးသူကို သနားသောသူမူကား ဘုရားသခင်ကို ရိုသေရာရောက်၏။’ “တစ်ပါးတည်းသော ဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူသည်မဟုတ်လော။ . . . ငါတို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် သစ္စာဖျက်ကြသနည်း။” (သုတ္တံ ၁၄:၃၁၊ သမ္မာ; မာလခိ ၂:၁၀) ထို့ကြောင့်၊ ဂရုစိုက်စောင့်ရှောက်တော်မူသည့် ဘုရားသခင်တစ်ပါးရှိကြောင်း အသိအမှတ်ပြုလျှင် ကိုယ်တော့်ဖန်ဆင်းခံအရာများမှ အခြားသူတို့ကို ပို၍ဂရုစိုက်စောင့်ရှောက်ရန် ကျွန်ုပ်တို့အား စေ့ဆော်ပေးသင့်ပေသည်။

ကျွန်ုပ်တို့သည် အကူအညီမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဤသို့ပြုရသည်မဟုတ်ပါ။ ကျွန်ုပ်တို့အား ဖန်ဆင်းရှင် ကူညီဆောင်မတော်မူနိုင်၏။ ယခုအခါ ယေဟောဝါသည် မြေကြီးပေါ်တွင် အသစ်သောအရာများကို ဖန်ဆင်းခြင်း မရှိသော်ငြားလည်း အခြားနည်းတစ်နည်းဖြင့် ဖန်ဆင်းလျက်ရှိသည်ဟု ဆိုနိုင်ပါသည်။ ကိုယ်တော်သည် မိမိ၏လမ်းညွှန်မှုကို ရလိုသူများအား တက်ကြွလှုပ်ရှားစွာ အကျိုးပြုသည့်နည်းဖြင့် ကူညီမစလျက်ရှိ၏။ အပြစ်ပြုမိပြီးနောက် ဒါဝိဒ်က “အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ” ဟူ၍တောင်းလျှောက်ခဲ့၏။ (ဆာလံ ၅၁:၁၀; ၁၂၄:၈) ၎င်းပြင် သမ္မာကျမ်းစာက ခရစ်ယာန်များအား ပတ်ဝန်းကျင်လောက ပုံသွင်းခံရသည့် “လူဟောင်း [ဥပဓိရုပ်ဟောင်း] ကိုချွတ်ပယ်” ၍၊ “ဘုရားသခင့် အလိုတော်နှင့်အညီဖန်ဆင်းသော လူသစ် [ဥပဓိရုပ်သစ်] ကိုဝတ်ဆင်” ရန်တိုက်တွန်းထားသည်။ (ဧဖက် ၄:၂၂-၂၄၊ သမ) မှန်ပါ၏၊ ယေဟောဝါသည် လူတို့အား မိမိ၏ပုံသဏ္ဌာန်တော်ကို ထင်ဟပ်စေသည့် ဥပဓိရုပ် ဖြစ်ပေါ်လာအောင် အကူအညီပေး၍ လူတို့တွင် ဥပစာနှလုံးအသစ်ကို ဖန်ဆင်းပေးနိုင်တော်မူ၏။

သို့သော် ဤသည်တို့မှာ အခြေခံကျသည့် ခြေလှမ်းများသာဖြစ်၏။ ထိုထက်မကပြုရန်လို၏။ ပေါလုက ပညာတတ် အေသင်မြို့သားအချို့အား ဤသို့ပြောကြားခဲ့၏– ‘လောကနှင့် ပါရှိသမျှကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် မိမိအား တွေ့လိုတွေ့ငြား လူတို့စမ်းသပ်ရှာဖွေကြစေရန် အချိန်ကာလကို ပိုင်းခြားသတ်မှတ်တော်မူ၏။ ကိုယ်တော်သည် ငါတို့တစ်ဦးတစ်ယောက်နှင့်မျှ ဝေးတော်မမူ။’—တမန်တော် ၁၇:၂၄-၂၇။

အသိပညာပေါ်အခြေခံသည့် ဘဝအဓိပ္ပာယ်

ဖန်ဆင်းရှင်သည် မိမိ၏ ရုပ်ပိုင်းဖန်ဆင်းခံအရာများအားဖြင့်လည်းကောင်း၊ မိမိ၏ မှုတ်သွင်းခံ နှုတ်ကပါဌ်ထွက်စကားတော်၊ သမ္မာကျမ်းစာအားဖြင့်လည်းကောင်း သတင်းအချက်အလက် အမြောက်အမြားပေးထားကြောင်း ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ခဲ့ရာများမှ ရှင်းလင်းစွာ တွေ့မြင်သင့်ပေသည်။ ကျွန်ုပ်တို့အား အသိပညာနှင့် ထိုးထွင်းသိမှုဘက်တွင် တိုးပွားရန် အားပေးတော်မူသည့်အပြင် ‘ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံ’ မည့်အချိန်အကြောင်းကိုပင် ကြို၍မိန့်တော်မူထား၏။—ဟေရှာယ ၁၁:၉; ၄၀:၁၃၊ ၁၄။

ကျွန်ုပ်တို့၏ သင်ကြားဆည်းပူးခြင်းစွမ်းရည်နှင့် တိုးတက်ခြင်းတို့ကို သက်တမ်းအနှစ် ၇၀၊ ၈၀ မျှလောက်သာ ကန့်သတ်ထားရန် ဖန်ဆင်းရှင် အလိုရှိတော်မမူ။ ဤအချက်ကို ယေရှု၏ အထူးကျော်ကြားသည့် ဟောကြားချက်တစ်ချက်တွင် သင်တွေ့မြင်နိုင်၏– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆။

“ထာဝရအသက်။” ဤသည်မှာ စိတ်ကူးယဉ်အိပ်မက် မဟုတ်ပါ။ သို့ဖြစ်မည့်အစား၊ ထာဝစဉ်အသက်ရှင်ခြင်း အယူအဆမှာ ကျွန်ုပ်တို့၏ အစကနဦးမိဘ၊ အာဒံနှင့်ဧဝတို့အား ဖန်ဆင်းရှင် ကမ်းလှမ်းတော်မူခဲ့သည့်အရာနှင့် ကိုက်ညီပေသည်။ ကျွန်ုပ်တို့ဦးနှောက်၏ ဖွဲ့စည်းပုံနှင့်စွမ်းပကားအကြောင်း သိပ္ပံပညာတွေ့ရှိချက်များနှင့်လည်း ကိုက်ညီပေသည်။ ယေရှု သွန်သင်သည့်အချက်များနှင့်လည်း ကိုက်ညီပေသည်။ လူသားများ ထာဝရအသက် ရရှိရေးသည် ယေရှုဟောကြားသည့် သတင်းတရား၏ ဗဟိုမဏ္ဍိုင်ဖြစ်၏။ တမန်တော်များနှင့်အတူရှိခဲ့သည့် နောက်ဆုံးညတွင် ကိုယ်တော်က ‘ထာဝရအသက်ဟူသည်မှာ မှန်သောဘုရားသခင်တစ်ပါးတည်းဖြစ်သော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း’ ဟူ၍ မိန့်တော်မူ၏။—ယောဟန် ၁၇:၃၊ သမ။

ရှေ့အခန်း၌ ဆွေးနွေးခဲ့သည့်အတိုင်း ထာဝရအသက်နှင့်ဆိုင်သော ယေရှု၏ကတိတော်သည် သန်းပေါင်းများစွာသောလူတို့အတွက် ဤကမ္ဘာပေါ်၌ အကောင်အထည်ပေါ်လာလတ္တံ့။ ဤမျှော်လင့်ချက် ရှိခြင်းကိုယ်နှိုက်က လူတစ်ဦး၏ဘဝတွင် ကြီးစွာသောအဓိပ္ပာယ် ပြည့်ဝစေနိုင်သည်။ ၎င်းတွင် ဖန်ဆင်းရှင်နှင့်ဆက်ဆံရေး ထူထောင်ခြင်းလည်းပါဝင်၏။ ထိုကဲ့သို့သောဆက်ဆံရေးသည် ထာဝစဉ်တည်မြဲသည့်အသက် ရရှိရေးအတွက် ယခုအချိန်၌ပင် အခြေအမြစ်ကိုချပေး၏။ ထိုသို့သောအသက်တာဘဝက သင့်အဖို့ လမ်းဖွင့်ပေးသည့် ရှေ့အလားအလာများကို စိတ်ကူးမြင်ယောင်ကြည့်ပါ– သင်ကြားဆည်းပူးခြင်း၊ စူးစမ်းရှာဖွေခြင်း၊ တွေ့ကြုံခြင်းတို့ကို အကန့်အသတ်မရှိ ပြုလုပ်နိုင်မည်၊ ယခုအခါကဲ့သို့ ဖျားနာခြင်းနှင့် သေခြင်းတို့ကြောင့် အကန့်အသတ်ရှိမည်မဟုတ်။ (ဟေရှာယ ၄၀:၂၈ နှိုင်းယှဉ်။) ထိုသို့သောအသက်တာဖြင့် သင်အဘယ်အရာပြုလုပ်နိုင်သနည်း၊ အဘယ်အရာပြုလုပ်ရန်စိတ်ကူးသနည်း။ သင်စိတ်ဝင်စားသည့်အရာများ၊ သင်တိုးတက်ဖွံ့ဖြိုးစေလိုသည့် ပင်ကိုစွမ်းရည်များ၊ သင်သိရှိလိုသည့်အဖြေများကို သင်ကိုယ်တိုင် ကောင်းစွာသိ၏။ ၎င်းတို့ကို လိုက်စားနိုင်ခြင်းကိုယ်နှိုက်က သင့်ဘဝကို သာ၍ကြီးမားသည့်အဓိပ္ပာယ်ဖြင့် ပြည့်ဝစေမည်တည်း!

‘အဖန်ဆင်းခံ ကမ္ဘာလောကသည် ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှလွတ်မြောက်၍ ထာဝရဘုရားသခင်၏ သားသမီးများနှင့်အတူ လွတ်လပ်မှုနှင့် ဘုန်းအသရေကို ခံစားခွင့်ရရှိ’ မည့်အချိန်ကိုမျှော်လင့်ရန် ပေါလု၌ ခိုင်လုံသည့်အကြောင်းရှိ၏။ (ရောမ ၈:၂၁၊ သတင်းကောင်း) ထိုလွတ်လပ်မှုကို ရရှိသူတို့သည် ယခုပင် ဘဝ၏ စစ်မှန်သောအဓိပ္ပာယ်ကို ခံစားရသည့်အပြင် ဘုရားသခင့်ဘုန်းတော် ထင်ရှားရေးအတွက် ဘဝအဓိပ္ပာယ်ရှိရှိ အစဉ်ထာဝရ အသက်ရှင်သွားရလတ္တံ့။—ဗျာဒိတ် ၄:၁၁။

ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ဤအကြောင်းရပ်ကို လေ့လာခဲ့ကြပြီ။ ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း၊ ကိုယ်တော်သည် သူတို့နှင့်တကွ သင့်ကိုပါ ဂရုစိုက်စောင့်ရှောက်တော်မူကြောင်း သူတို့လက်ခံယုံကြည်ကြ၏။ အခြားသူတို့လည်း အလွန်အခြေခိုင်သည့် ဤဘဝအဓိပ္ပာယ်ကိုတွေ့ရှိရန် သူတို့ဝမ်းမြောက်စွာ အကူအညီပေးလိုကြ၏။ ကျေးဇူးပြု၍ ဤအကြောင်းကို သူတို့နှင့်အတူဆန်းစစ်ပါလေ။ သို့ပြုလျှင် သင့်ဘဝကို အစဉ်ထာဝရ ပို၍အဓိပ္ပာယ် ပြည့်ဝစေနိုင်မည်တည်း!

[စာမျက်နှာ ၁၈၅ ပါ လေးထောင့်ကွက်]

ဘုရားသခင်ဟူသည် အဘယ်အဓိပ္ပာယ်ဖြင့်နည်း

“သိပ္ပံပညာရှင်များနှင့် အခြားသူတို့က ‘ဘုရားသခင်’ ဟူသောစကားလုံးကို တစ်ခါတစ်ရံ စိတ္တဇဆန်ဆန်၊ အဆီအငေါ်မတည့်သည့်အရာကို ဆိုလိုသည့်သဘောမျိုးဖြင့် အသုံးပြုကြသဖြင့် ကိုယ်တော်ကို သဘာဝနိယာမတရားများနှင့် ခွဲခြား၍မရနိုင်လောက်အောင် ဖြစ်စေသည်” ဟူ၍ အခြေခံအားများအကြောင်း ဖော်ထုတ်ချက်ကြောင့် နိုဘဲလ်ဆုရရှိသူ စတီဗင် ဝိန်းဘာ့ဂ်က ထုတ်ဖော်ပြောကြားခဲ့၏။ အောက်ပါအတိုင်း ဖြည့်စွက်ပြောကြားခဲ့သည်–

“ကျွန်ုပ်သဘောအရ ‘ဘုရားသခင်’ ဟူသောစကားလုံးသည် စိတ်ပါဝင်စားမှုရှိသည့် ဘုရားသခင်၊ သဘာဝနိယာမတရားများနှင့် စကြဝဠာတို့ကို ဖန်ဆင်းရုံမက အကောင်းအဆိုးဆိုင်ရာ စံနှုန်းများကိုပါပြဋ္ဌာန်းသည့် ဖန်ဆင်းရှင်နှင့် ဥပဒေပြဋ္ဌာန်းရှင်၊ ကျွန်ုပ်တို့၏ အပြုအမူများအတွက် စိုးရိမ်ပူပန်တတ်သောပုဂ္ဂိုလ်ဖြစ်သည် ဟူသောအဓိပ္ပာယ်ဖြင့် နားလည်ရမည်ဖြစ်သည်။ . . . အကျဉ်းချုပ်ဆိုရလျှင် ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်အပ်သော အရှင်ဖြစ်ရပေမည်။ ကိုယ်တော်သည် သမိုင်းတစ်လျှောက် ယောက်ျားမိန်းမများအတွက် အရေးပါအရာရောက်သော ဘုရားသခင်ဖြစ်တော်မူ၏။”—အပြီးသတ် သီအိုရီဆိုင်ရာ စိတ်ကူးယဉ်အိပ်မက်။

[စာမျက်နှာ ၁၈၇ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့ အသက်မည်မျှရှည်ရှည် ကျွန်ုပ်တို့၏ဘဝတွင် ဖန်ဆင်းရှင်ကို ပါဝင်ပတ်သက်စေမှသာလျှင် စစ်မှန်သည့်အဓိပ္ပာယ် ရှိမည် ဖြစ်ကြောင်း မောရှေ သဘောပေါက်နားလည်ခဲ့၏

[စာမျက်နှာ ၁၉၀ ပါ ရုပ်ပုံ]

ဘဝတွင် တာရှည်တည်တံ့သည့် အဓိပ္ပာယ်ကို တွေ့ရှိခြင်းသည် အတိုင်းအဆမရှိသည့် အလားအလာ လမ်းဖွင့်ပေး၏

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ