ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၁၃ စာ. ၂၁၀-၂၂၉
  • ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်း
  • ဧရာမနိုင်ငံကြီးတစ်ခု လေးစိတ်ကွဲခြင်း
  • ပြိုင်ဘက်ဘုရင်နှစ်ပါး ပေါ်ထွန်းခြင်း
  • ဆိုင်ပြိုင်တိုက်ခိုက်မှု စတင်ခြင်း
  • နှမတော် လုပ်ကြံသတ်ဖြတ်ခံရခြင်းအတွက် ဘုရင်တစ်ပါး လက်စားချေခြင်း
  • ဆီးရီးယားဘုရင် လက်တုံ့ပြန်ခြင်း
  • အခြေအနေ ပြောင်းပြီ
  • ခေါင်းပုံဖြတ်သူ တစ်ကျော့ပြန်
  • ခေါင်းပုံဖြတ်သူအား ရောမဟန့်တားခြင်း
  • ဆိုင်ပြိုင်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွား
  • ပြိုင်ဘက်ဘုရင်နှစ်ပါး အဆုံးသို့ ရောက်လုနီးပြီ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ပေါ်လာမယ့် ဘုရင်တွေအကြောင်း ယေဟောဝါ ကြိုဟောခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ကမ္ဘာကို မည်သူ အုပ်ချုပ်မည်နည်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ရှေးခေတ် ဂျေရုဆလင်မြို့ ဘယ်အချိန်မှာ ဖျက်ဆီးခံရသလဲ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၁၃ စာ. ၂၁၀-၂၂၉

အခန်း ဆယ့်သုံး

ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ဘုရင်နှစ်ပါး

၁၊ ၂။ ဒံယေလ အခန်းကြီး ၁၁ တွင်မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

ပြိုင်ဘက်ဘုရင်နှစ်ပါးသည် တန်ခိုးအာဏာ လွှမ်းမိုးကြီးစိုးရေးအတွက် မီးကုန်ယမ်းကုန် တိုက်ခိုက်လျက်ရှိကြသည်။ နှစ်များတစ်လျှောက် ပုံလုံတစ်လှည့် ငါးဖျံတစ်လှည့် ဖြစ်နေ၏။ တစ်ခါတစ်ရံတွင် ဘုရင်တစ်ပါးက အချုပ်အခြာအာဏာပိုင်စိုး၍ အခြားတစ်ပါးက ထကြွလှုပ်ရှားခြင်း မရှိဘဲနေသဖြင့် ထိုကာလများသည် ဆိုင်ပြိုင်တိုက်ခိုက်မှု ကင်းသည့်ကာလများဖြစ်လေသည်။ သို့သော် ၎င်းနောက် တိုက်ပွဲနောက်တစ်ပွဲ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်ခြည်းဖြစ်ပွားလာသဖြင့် ဆိုင်ပြိုင်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားပြန်သည်။ ဤပြဇာတ်တွင် ပါဝင်ကပြသူတို့အနက် ဆီးရီးယားဘုရင် ပထမမြောက် စီလူးကပ်စ် နီကေတာ၊ အီဂျစ်ဘုရင် တော်လမီ လေးဂပ်စ်၊ ဆီးရီးယားမင်းသမီးနှင့် အီဂျစ်မိဖုရား ပထမမြောက် ကလီယိုပက်ထရာ၊ ရောမဧကရာဇ် ဩဂတ်စ်တပ်စ် (ဩဂုတ္တု) နှင့် တိုင်ဘီးရီးယပ်စ် (တိဗေရိ) တို့နှင့် ပယ်လ်မိုင်းရားဘုရင်မ ဇနိုးဘီးယားတို့ ပါဝင်ခဲ့ကြသည်။ ဆိုင်ပြိုင်တိုက်ခိုက်မှု အဆုံးနီးလာသည်နှင့်အမျှ နာဇီဂျာမနီ၊ ကွန်မြူနစ်အုပ်စု နိုင်ငံများ၊ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်၊ နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကုလသမဂ္ဂတို့လည်း ပါဝင်လာကြသည်။ ဤဇာတ်ကွက်၏ ဇာတ်သိမ်းခန်းမှာ အထက်ဖော်ပြပါနိုင်ငံရေး အာဏာပိုင်ပုဂ္ဂိုလ် အဖွဲ့အစည်းများ လုံးဝမမျှော်မှန်းနိုင်သည့်အရာ ဖြစ်ပေသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၂,၅၀၀ ခန့်က ယေဟောဝါ၏ကောင်းကင်တမန်က ဤစိတ်လှုပ်ရှားဖွယ် ပရောဖက်ပြုချက်ကို ဒံယေလအား အသိပေးပြောကြားခဲ့သည်။—ဒံယေလ၊ အခန်းကြီး ၁၁။

၂ ဒံယေလသည် ပေါ်ထွန်းလတ္တံ့သော ဘုရင်နှစ်ပါး အချင်းချင်း ဖက်ပြိုင်ခြင်းအကြောင်းကို ကောင်းကင်တမန်က အသေးစိတ်ဖော်ပြသည်ကို ကြားရခြင်းကြောင့် မည်မျှပီတိဖြာမိမည်တကား! ဘုရင်နှစ်ပါး၏အာဏာလုပွဲသည် ကျွန်ုပ်တို့ခေတ်တိုင်အောင် ရှည်ကြာလာခဲ့သောကြောင့် အဆိုပါပြဇာတ်ကို ကျွန်ုပ်တို့လည်း စိတ်ဝင်စားကြပေသည်။ ဤပရောဖက်ပြုချက်၏ ပထမပိုင်း မှန်ကန်ကြောင်း သမိုင်းက ပြဆိုသည်ကိုထောက်၍ ဤပရောဖက်ပြုချက်၏ ဒုတိယပိုင်းလည်း ဧကန်မုချ ပြည့်စုံလာမည်ဟူသော ယုံကြည်စိတ်ချမှု ပို၍ခိုင်မြဲစေပေမည်။ ဤပရောဖက်ပြုချက်ကို ဂရုပြုခြင်းဖြင့် ခေတ်ရေစီးကြောင်းတွင် ကျွန်ုပ်တို့ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်း ရှင်းလင်းစွာ သိမြင်စေပါမည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင် လုပ်ဆောင်ပေးမည့်အချိန်ကို စိတ်ရှည်စွာစောင့်ဆိုင်းရင်းနှင့် ဆိုင်ပြိုင်တိုက်ခိုက်မှုတွင် ဆက်လက်၍ ကြားနေမည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကိုလည်း ခိုင်ခံ့စေလိမ့်မည်။ (ဆာလံ ၁၄၆:၃၊ ၅) သို့ဖြစ်၍ ဒံယေလအား ယေဟောဝါ၏ကောင်းကင်တမန် ပြောကြားသည့်စကားကို အာရုံစူးစိုက်၍ နားထောင်ကြပါစို့။

ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်း

၃။ “မီးဒီးယားလူမျိုး ဒါရိမင်းနန်းစံ ပထမနှစ်တွင်” ကောင်းကင်တမန်က မည်သူ့ကို ထောက်ခံအားပေးခဲ့သနည်း။

၃ “ငါမူကား၊ မီးဒီးယားလူမျိုး ဒါရိမင်းနန်းစံ ပထမနှစ်တွင် [ဘီ.စီ.အီး. ၅၃၉/၅၃၈ ခုနှစ်] သူ့ကိုခွန်အားပေးသူအဖြစ်၊ သူ၏ခံတပ်သဖွယ် မားမားမတ်မတ် ရပ်တည်ခဲ့သည်” ဟုကောင်းကင်တမန်က ဆို၏။ (ဒံယေလ ၁၁:၁၊ သမ) ဒါရိမင်းသည် သက်ရှိထင်ရှား မရှိတော့သော်လည်း သူ၏အုပ်စိုးခြင်းကာလကို ဤပရောဖက်ပြုချက် သတင်းစကား၏ အစပြုရာအချိန်အဖြစ် ကောင်းကင်တမန်က ရည်ညွှန်းဖော်ပြ၏။ ဒံယေလအား ခြင်္သေ့တွင်းထဲမှထုတ်ယူရန် အမိန့်ပေးခဲ့သူမှာ ဤဘုရင်ပင်ဖြစ်သည်။ ဒါရိမင်းသည် မိမိ၏တိုင်းသူပြည်သား အပေါင်းတို့အား ဒံယေလ၏ဘုရားသခင်ကို ခန့်ညားကြောက်ရွံ့ရမည်ဟူ၍လည်း အမိန့်ထုတ်ဆင့်ခဲ့သည်။ (ဒံယေလ ၆:၂၁-၂၇) သို့သော် ဤကောင်းကင်တမန် မားမားမတ်မတ် ရပ်တည်ထောက်ခံပေးသူမှာ မီးဒီးယားလူမျိုး ဒါရိမင်းမဟုတ်ဘဲ ထိုကောင်းကင်တမန်၏ လုပ်ဖော်ကိုင်ဖက်—ဒံယေလ အမျိုးသားချင်းတို့၏ မင်းမြတ်—မိက္ခေလပင်ဖြစ်သည်။ (ဒံယေလ ၁၀:၁၂-၁၄ နှိုင်းယှဉ်။) မီးဒီးယား-ပါးရှား၏ နတ်ဆိုးမင်းနှင့် မိက္ခေလ ဖက်ပြိုင်တိုက်ခိုက်ရာ၌ ဘုရားသခင့်ကောင်းကင်တမန်က ထောက်ခံအားပေးခဲ့ခြင်းဖြစ်သည်။

၄၊ ၅။ တင်ကူးဟောထားသည့် ပါးရှားဘုရင်လေးပါးကား မည်သူတို့နည်း။

၄ ဘုရားသခင့်ကောင်းကင်တမန်က ဤသို့ဆက်၍ဆို၏– “ကြည့်ရှုလော့! ပါးရှားအတွက် ဘုရင်သုံးပါး မတ်တတ်ရပ်လေဦးမည်။ ထို့နောက် စတုတ္ထဘုရင်သည် ထိုသူတို့ရှိသမျှထက် စည်းစိမ်ဥစ္စာ ကြွယ်ဝလိမ့်မည်။ ထိုသို့ကြွယ်ဝသဖြင့် တန်ခိုးကြီးလာသည်နှင့် တစ်ပြိုင်နက် ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်းငှာ အရာခပ်သိမ်းကို နှိုးဆော်လိမ့်မည်။” (ဒံယေလ ၁၁:၂၊ ကဘ) အဆိုပါ ပါးရှား အုပ်စိုးရှင်များကား မည်သူတို့နည်း။

၅ ပထမဘုရင်သုံးပါးမှာ မဟာကုရု၊ ဒုတိယမြောက် ကဲမ်ဘိုင်းဆစ္စနှင့် ပထမမြောက် ဒါရိုင်းယပ်စ် (ဟစ္စတာစ်ပက်စ်) တို့ဖြစ်ကြသည်။ ဘာဒီးယား (သို့မဟုတ် ဂေါ်မာတာ အမည်ရှိ မင်းမျိုးမင်းနွယ်မဟုတ်ဘဲ ထီးနန်းအုပ်စီးသူ ဖြစ်ဖွယ်ရှိသူ) သည် ခုနစ်လမျှသာ အုပ်ချုပ်ခဲ့သဖြင့် သူ၏ တိုတောင်းသည့် အုပ်စိုးခြင်းကာလကို ပရောဖက်ပြုချက်က ထည့်သွင်းဖော်ပြခြင်း မပြုချေ။ ဘီ.စီ.အီး. ၄၉၀ ပြည့်နှစ်တွင် တတိယဘုရင်၊ ပထမမြောက် ဒါရိုင်းယပ်စ်က ဂရိကို ဒုတိယအကြိမ် ဝင်ရောက်ကျူးကျော်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ပါးရှားလူမျိုးတို့သည် မာရသွန်အရပ်တွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့သဖြင့် အာရှမိုင်းနားသို့ ပြန်လည်ဆုတ်ခွာခဲ့သည်။ ဒါရိုင်းယပ်စ်သည် ဂရိကိုတိုက်ခိုက်ရန် နောက်ထပ်စစ်ဆင်ရေးတစ်ရပ်ကို သေသေချာချာ ပြင်ဆင်ရေးဆွဲခဲ့သော်လည်း လေးနှစ်အကြာ သေဆုံးသည့်အချိန်အထိ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ သူ၏ရည်မှန်းချက်ကို သားတော်ဖြစ်သူ ထီးနန်းဆက်ခံသူ “စတုတ္ထ” ဘုရင် ပထမမြောက် ဇားခ်စီးဇ်က အကောင်အထည် ဖော်ခဲ့သည်။ ဤဘုရင်ကား ဧသတာကို ထိမ်းမြားလက်ထပ်သည့် အာရွှေရုမင်းပင်တည်း။—ဧသတာ ၁:၁; ၂:၁၅-၁၇။

၆၊ ၇။ (က) စတုတ္ထဘုရင်သည် “ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်းငှာ အရာခပ်သိမ်းကို” မည်သို့ “နှိုးဆော်” ခဲ့သနည်း။ (ခ) ဂရိနိုင်ငံအပေါ် ဇားခ်စီးဇ်၏စစ်ဆင်ရေးသည် မည်သည့်အကျိုးရလဒ် ဖြစ်ထွန်းခဲ့သနည်း။

၆ ပထမမြောက် ဇားခ်စီးဇ်သည် အမှန်ပင် “ဂရိနိုင်ငံကို ရန်ပြုတိုက်ခိုက်ခြင်းငှာ အရာခပ်သိမ်းကို နှိုးဆော်” ခဲ့သည်။ “ဂရိနိုင်ငံ” ဆိုသည်မှာ သီးခြားလွတ်လပ်သော ဂရိမြို့ပြနိုင်ငံအားလုံးကို ခြုံ၍ခေါ်ဆိုခြင်းဖြစ်သည်။ “ရည်မှန်းချက်ကြီးမားသော နန်းတွင်းသားများ၏ တိုက်တွန်းမှုဖြင့် ဇားခ်စီးဇ်သည် ကြည်းကြောင်းရေကြောင်းဖြင့် လျှပ်တစ်ပြက်စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့သည်” ဟု မီးဒီးယားလူမျိုးနှင့် ပါးရှားလူမျိုး—အောင်နိုင်သူများနှင့် သံတမန်များ စာအုပ်ကဆို၏။ ဘီ.စီ.အီး. ပဉ္စမရာစုမှ ဂရိသမိုင်းပညာရှင် ဟီရောဒတပ်စ်က “ဤစစ်ဆင်ရေးနှင့်ယှဉ်လိုက်လျှင် အခြားစစ်ရေးလှုပ်ရှားမှုတို့သည် အသေးအမွှား ဖြစ်သွားလေသည်” ဟူ၍ရေးသားခဲ့သည်။ သူ၏မှတ်တမ်း ဖော်ပြချက်အရ ရေတပ်အင်အား “စုစုပေါင်း ၅၁၇,၆၁၀ ရှိသည်။ ခြေလျင်စစ်သည် အရေအတွက် ၁,၇၀၀,၀၀၀၊ မြင်းစီးသူရဲ ၈၀,၀၀၀ အပြင်၊ ကုလားအုတ်စီး အာရပ်လူမျိုးများနှင့် မြင်းရထားဖြင့်တိုက်ခိုက်သည့် လစ်ဗျားလူမျိုးများလည်း ခန့်မှန်းခြေအားဖြင့် ၂၀,၀၀၀ ခန့်ရှိသေးသည်။ ထို့ကြောင့် ကြည်းရေတပ်ဖွဲ့ အားလုံးပေါင်းလျှင် ၂,၃၁၇,၆၁၀ ရှိသည်။”

၇ ပထမမြောက် ဇားခ်စီးဇ်၏ရည်မှန်းချက်မှာ အပြီးအပြတ် အောင်ပွဲခံရန်ဖြစ်သဖြင့် ဘီ.စီ.အီး. ၄၈၀ ပြည့်နှစ်တွင် သူ၏ဧရာမတပ်ဖွဲ့ကို ဂရိနိုင်ငံအား တိုက်ခိုက်ရန် ချီတက်စေခဲ့သည်။ ပါးရှားလူမျိုးသည် သာမောပလီး တောင်ကြားလမ်းတွင် ဂရိတို့၏ အချိန်ဆွဲတိုက်ခိုက်သည့် နည်းဗျူဟာကို ဖြိုခွင်းပြီးနောက် အေသင်မြို့ကို လုယက်ဖျက်ဆီးလေ၏။ သို့သော် ပါးရှားတို့သည် ဆဲလမ်းမစ္စကျွန်းတိုက်ပွဲတွင် မရှုမလှ ရှုံးနိမ့်ခဲ့သည်။ ဂရိတို့သည် ဘီ.စီ.အီး. ၄၇၉ ခုနှစ်တွင် ပလာတီးအာအရပ်တွင် နောက်ထပ်အောင်ပွဲခံနိုင်ခဲ့သည်။ ဇားခ်စီးဇ်နောက်ပိုင်း ၁၄၃ နှစ်အတွင်း ပါးရှားအင်ပါယာ၏ထီးနန်းကို ဆက်ခံခဲ့ကြသည့် ဘုရင်ခုနစ်ပါးအနက် မည်သည့်ဘုရင်မျှ ဂရိနိုင်ငံကို စစ်ချီတိုက်ခိုက်ခြင်း မပြုခဲ့ချေ။ သို့သော် ၎င်းနောက်တွင် ဂရိနိုင်ငံ၌ တန်ခိုးကြီးသည့်ဘုရင်တစ်ပါး ပေါ်ထွန်းခဲ့သည်။

ဧရာမနိုင်ငံကြီးတစ်ခု လေးစိတ်ကွဲခြင်း

၈။ အဘယ် “တန်ခိုးကြီးသောဘုရင်” မတ်တတ်ထခဲ့သနည်း။ “ကျယ်ပြောသောနိုင်ငံကို” သူအဘယ်သို့ “အုပ်ချုပ်” ခဲ့သနည်း။

၈ “တန်ခိုးကြီးသောဘုရင်တစ်ပါး အမှန်မုချ မတ်တတ်ထ၍ ကျယ်ပြောသောနိုင်ငံကို အုပ်ချုပ်လျက် အလိုရှိသည်အတိုင်း ပြုလိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ (ဒံယေလ ၁၁:၃၊ ကဘ) ဘီ.စီ.အီး. ၃၃၆ ခုနှစ်တွင် အသက်နှစ်ဆယ်အရွယ်ရှိ အလက်ဇန္ဒားသည် မက်ဆီဒိုးနီးယား ဘုရင်အဖြစ် “မတ်တတ်ထ” လာသည်။ နောက်ပိုင်းတွင် သူသည် “တန်ခိုးကြီးသောဘုရင်”—မဟာ အလက်ဇန္ဒား—အမှန်ပင် ဖြစ်လာခဲ့သည်။ ခမည်းတော် ဒုတိယမြောက် ဖိလစ်ဘုရင်၏ စီမံကိန်းတစ်ရပ်ကို အကောင်အထည် ဖော်သည့်အနေနှင့် အရှေ့အလယ်ပိုင်းဒေသရှိ ပါးရှားတို့၏ လက်နက်နိုင်ငံများကို သိမ်းပိုက်လေ၏။ စစ်သည်အင်အား ၄၇,၀၀၀ ဖြင့် ယူဖရေးတီးစ်မြစ်နှင့် တိုက်ဂရစ္စမြစ်ကိုဖြတ်ကူး၍ ဂေါ်ဂါမီလာအရပ်တွင် တတိယမြောက် ဒါရိုင်းယပ်စ်၏စစ်သည် ၂၅၀,၀၀၀ ကိုကစဉ့်ကရဲ ကွဲလွင့်စေခဲ့သည်။ ၎င်းနောက် ဒါရိုင်းယပ်စ်သည် ထွက်ပြေးလွတ်မြောက်သွားသော်လည်း လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြင့် ပါးရှားမင်းဆက် အဆုံးတိုင်ခဲ့လေသည်။ ထိုအခါ ဂရိသည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာပြီး အလက်ဇန္ဒားလည်း ‘ကျယ်ပြောသောနိုင်ငံကို အုပ်ချုပ်လျက် အလိုရှိသည်အတိုင်း ပြုလေ၏။’

၉၊ ၁၀။ အလက်ဇန္ဒား၏နိုင်ငံသည် သူ၏အမျိုးအနွယ်၏လက်ထဲ ရောက်ရှိမည်မဟုတ်ဟူသော ပရောဖက်ပြုချက် မည်သို့မှန်ကန်ပြည့်စုံခဲ့သနည်း။

၉ အလက်ဇန္ဒား၏ ကမ္ဘာ့အုပ်စိုးခြင်းအာဏာစက်သည် သက်ဆိုးရှည်မည်မဟုတ်ပေ။ အကြောင်းမှာ ဘုရားသခင့်ကောင်းကင်တမန်က ဤသို့ဆက်၍ဆို၏– “ထိုသူသည် မတ်တတ်ထပြီးနောက် နိုင်ငံကျိုးပဲ့၍ မိုးကောင်းကင် အရပ်လေးမျက်နှာသို့ ကွဲလွင့်လိမ့်မည်။ သို့ရာတွင် အစိုးရသောသူတို့သည် သူ့အမျိုးအနွယ်မဟုတ်၊ စိုးမိုးရာနယ်မြေလည်း သူ့လက်ထက်တော်ကကဲ့သို့မဟုတ်။ အကြောင်းမှာ သူ့နိုင်ငံသည် နုတ်ပစ်ခံရ၍ သူ့အမျိုးအနွယ်မှတစ်ပါး အခြားသူတို့ရကြလိမ့်မည်။” (ဒံယေလ ၁၁:၄၊ ကဘ) ဘီ.စီ.အီး. ၃၂၃ ခုနှစ်တွင် ဗာဗုလုန်မြို့၌ အလက်ဇန္ဒား ဖျားနာ၍သေဆုံးချိန်တွင် အသက် ၃၃ နှစ်ပင်မပြည့်သေးချေ။

၁၀ အလက်ဇန္ဒား၏ ဧရာမအင်ပါယာကြီးကို “သူ့အမျိုးအနွယ်” ဆက်ခံခြင်းမရှိခဲ့ချေ။ ညီတော် တတိယမြောက် ဖိလစ် အရာဒီးယပ်စ်သည် ခုနစ်နှစ်ပြည့်အောင် စိုးစံခြင်းမပြုရမီ ဘီ.စီ.အီး. ၃၁၇ ခုနှစ်တွင် အလက်ဇန္ဒား၏မယ်တော် အိုလင်းမ်ပီးယား၏ လှုံ့ဆော်ချက်အရ အသတ်ခံလိုက်ရသည်။ အလက်ဇန္ဒား၏သားတော် စတုတ္ထမြောက် အလက်ဇန္ဒားသည် ခမည်းတော်၏ ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် ကစဲန်းဒါး၏လက်ချက်ဖြင့် သေဆုံးသည့် ဘီ.စီ.အီး. ၃၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည်။ အလက်ဇန္ဒား၏ တရားဝင်လက်ထပ်ခြင်းမရှိဘဲ မွေးဖွားသည့်သားတော် ဟာရာကလီးစ်သည် ခမည်းတော်၏ဂုဏ်ရှိန်ဖြင့် အုပ်ချုပ်ရန်ကြိုးစားခဲ့သော်လည်း ဘီ.စီ.အီး. ၃၀၉ ခုနှစ်တွင် လုပ်ကြံခံလိုက်ရသည်။ ဤသို့ဖြင့် အလက်ဇန္ဒား၏မင်းဆက် ဆုံးခန်းတိုင်၍ “သူ၏စိုးမိုးရာနယ်မြေ” သည်လည်း သူ၏မျိုးရိုးမှလွဲဖယ်ခဲ့လေသည်။

၁၁။ အလက်ဇန္ဒား၏နိုင်ငံသည် အဘယ်သို့ “ကောင်းကင်အရပ်လေးမျက်နှာသို့ ကွဲလွင့်” ခဲ့သနည်း။

၁၁ အလက်ဇန္ဒားသေဆုံးပြီးနောက် သူ၏နိုင်ငံသည် “အရပ်လေးမျက်နှာသို့ ကွဲလွင့်” သွားခဲ့သည်။ သူ၏များစွာသောဗိုလ်ချုပ်ကြီးတို့သည် နယ်မြေလုယူရာ၌ အချင်းချင်းခိုက်ရန်ဖြစ်ပွားကြသည်။ မျက်လုံးတစ်ဖက်သာရှိသော ဗိုလ်ချုပ်ကြီး ပထမမြောက် အဲန်တစ်ဂနပ်စ်က အလက်ဇန္ဒား၏ အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။ သို့ရာတွင် သူသည် ဖရစ်ဂျီးယားပြည် အစ်ပ်စပ်စ်ရွာတွင် ဖြစ်ပွားသည့်တိုက်ပွဲ၌ ကျဆုံးသွားသည်။ ဘီ.စီ.အီး. ၃၀၁ ခုနှစ်ရောက်သော် အလက်ဇန္ဒား၏ ဗိုလ်ချုပ်ကြီးလေးဦးသည် ၎င်းတို့၏ စစ်သေနာပတိချုပ် သိမ်းပိုက်ခဲ့သော ကြီးမားကျယ်ပြောသည့်နယ်မြေကို ခွဲဝေစိုးမိုးကြသည်။ ကစဲန်းဒါးသည် မက်ဆီဒိုးနီးယားနှင့် ဂရိပြည်ကိုအုပ်ချုပ်သည်။ လိုင်ဆင်းမကာ့စ်သည် အာရှမိုင်းနားနှင့် သရေးစ်နယ်တို့အပေါ် ဩဇာညောင်းသည်။ ပထမမြောက် စီလူးကပ်စ် နီကေတာသည် မက်ဆိုပိုတေးမီးယားနှင့် ဆီးရီးယားပြည်တို့ကို သိမ်းပိုက်သည်။ တော်လမီ လေးဂပ်စ်သည် အီဂျစ်ပြည်နှင့် ပါလက်စတိုင်းနယ်တို့ကို အုပ်ချုပ်သည်။ ပရောဖက်ပြုချက်နှင့်အညီ အလက်ဇန္ဒား၏ ကြီးမားသောအင်ပါယာသည် ဟေလင်းနစ်နိုင်ငံလေးခုအဖြစ် ကွဲသွားခဲ့လေသည်။

ပြိုင်ဘက်ဘုရင်နှစ်ပါး ပေါ်ထွန်းခြင်း

၁၂၊ ၁၃။ (က) ဟေလင်းနစ်နိုင်ငံလေးနိုင်ငံမှ နှစ်နိုင်ငံအဖြစ်သို့ မည်သို့ပြောင်းလဲသွားသနည်း။ (ခ) စီလူးကပ်စ်သည် ဆီးရီးယားပြည်တွင် မည်သည့်မင်းဆက် ထူထောင်ခဲ့သနည်း။

၁၂ ကစဲန်းဒါးသည် အာဏာရပြီးနှစ်အနည်းငယ်အကြာတွင် သေဆုံးသွားသဖြင့် ဘီ.စီ.အီး. ၂၈၅ ခုနှစ်တွင် လိုင်ဆင်းမကာ့စ်က ဂရိအင်ပါယာ၏ ဥရောပတိုက်ဘက်ခြမ်းကို သိမ်းပိုက်လိုက်သည်။ ဘီ.စီ.အီး. ၂၈၁ ခုနှစ်တွင် လိုင်ဆင်းမကာ့စ်သည် ပထမမြောက် စီလူးကပ်စ် နီကေတာ၏လက်ချက်ဖြင့် တိုက်ပွဲတွင်ကျဆုံးသွားရာ စီလူးကပ်စ်သည် အာရှတိုက်ဘက်ခြမ်းရှိ ကြီးမားသောနယ်မြေများကို စိုးမိုးခွင့်ရရှိခဲ့သည်။ အလက်ဇန္ဒား၏ ဗိုလ်ချုပ်ကြီးတစ်ဦး၏မြေး ဒုတိယမြောက် အဲန်တစ်ဂနပ်စ် ဂွန်းနာတာသည် ဘီ.စီ.အီး. ၂၇၆ ခုနှစ်တွင် မက်ဆီဒိုးနီးယားဘုရင်အဖြစ် နန်းတက်ခဲ့သည်။ အတန်ကြာသော် မက်ဆီဒိုးနီးယားသည် ရောမ၏လက်အောက်ခံ ဖြစ်လာပြီးနောက် ဘီ.စီ.အီး. ၁၄၆ ခုနှစ်တွင် ရောမ၏လက်နက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။

၁၃ ယခုသော် ဟေလင်းနစ်နိုင်ငံ လေးနိုင်ငံအနက်မှ နှစ်နိုင်ငံသာ အထင်အရှား ကျန်ရှိတော့သည်။ တစ်နိုင်ငံမှာ ပထမမြောက် စီလူးကပ်စ် နီကေတာ၏လက်အောက်တွင်ရှိပြီး ကျန်တစ်နိုင်ငံမှာ တော်လမီ လေးဂပ်စ်၏လက်အောက်တွင်ရှိသည်။ စီလူးကပ်စ်သည် ဆီးရီးယားတွင် စီလူးကပ်စ်မင်းဆက်ကို တည်ထောင်ခဲ့သည်။ သူတည်ထောင်ခဲ့သည့်မြို့များတွင် ဆီးရီးယားနိုင်ငံသစ်၏မြို့တော် အန္တိအုတ်နှင့် စီလူးရှားဆိပ်ကမ်းမြို့တို့ ပါဝင်ကြသည်။ နောင်တွင် တမန်တော်ပေါလုသည် အန္တိအုတ်မြို့တွင် ဟောပြောသွန်သင်ခဲ့သည့်အပြင် ဤမြို့၌ပင် ယေရှု၏နောက်တော်လိုက်များသည် ခရစ်ယာန်ဟူ၍ အဦးဆုံး ခေါ်ဝေါ်သမုတ်ခြင်း ခံရကြ၏။ (တမန်တော် ၁၁:၂၅၊ ၂၆; ၁၃:၁-၄) စီလူးကပ်စ်သည် ဘီ.စီ.အီး. ၂၈၁ ခုနှစ်တွင် လုပ်ကြံခြင်း ခံရသော်လည်း သူ၏မင်းဆက်မူကား ရောမဗိုလ်ချုပ်ကြီး ဂနိုင်ယပ်စ် ပွန်ပေက ဆီးရီးယားကို ရောမ၏လက်နက်နိုင်ငံ ဖြစ်စေသည့် ဘီ.စီ.အီး. ၆၄ ခုနှစ်အထိ ဆက်လက်အုပ်စိုးခဲ့သည်။

၁၄။ အီဂျစ်ပြည်တွင် တော်လမီမင်းဆက်ကို အဘယ်အချိန်တွင် ထူထောင်ခဲ့သနည်း။

၁၄ ဟေလင်းနစ်နိုင်ငံ လေးနိုင်ငံအနက်မှ သက်တမ်းအရှည်ကြာဆုံးနိုင်ငံမှာ တော်လမီ လေးဂပ်စ် သို့မဟုတ် ပထမမြောက် တော်လမီ၏ နိုင်ငံပင်ဖြစ်သည်။ သူသည် ဘုရင်ဘွဲ့ကို ဘီ.စီ.အီး. ၃၀၅ ခုနှစ်တွင် ခံယူခဲ့သည်။ သူတည်ထောင်ခဲ့သည့် တော်လမီမင်းဆက်သည် ဘီ.စီ.အီး. ၃၀ ပြည့်နှစ်တွင် ရောမလက်အောက်သို့ ကျဆုံးသည့်အချိန်အထိ အဆက်မပြတ်အုပ်ချုပ်ခဲ့သည်။

၁၅။ ဟေလင်းနစ်နိုင်ငံလေးနိုင်ငံထဲမှ အဘယ်တန်ခိုးကြီးသော ဘုရင်နှစ်ပါး ပေါ်ထွန်းခဲ့သနည်း။ ၎င်းတို့သည် အဘယ်ဆိုင်ပြိုင်တိုက်ခိုက်ခြင်းကို အစပြုခဲ့သနည်း။

၁၅ ဤသို့ဖြင့် ဟေလင်းနစ်နိုင်ငံလေးခုထဲမှ တန်ခိုးကြီးသောဘုရင်နှစ်ပါး ပေါ်ထွန်းခဲ့သည်။ ၎င်းတို့မှာ ဆီးရီးယားပြည့်ရှင် ပထမမြောက် စီလူးကပ်စ် နီကေတာနှင့် အီဂျစ်ပြည့်ရှင် ပထမမြောက် တော်လမီတို့ဖြစ်ကြသည်။ ဒံယေလ အခန်းကြီး ၁၁ တွင်ဖော်ပြထားသည့် “တောင်ဘုရင်” နှင့် “မြောက်ဘုရင်” စပ်ကြား ကာလကြာမြင့်စွာ ဆိုင်ပြိုင်တိုက်ခိုက်ခြင်းသည် ဤဘုရင်နှစ်ပါးဖြင့် အစပြုလာခဲ့သည်။ ရာစုနှစ်များတစ်လျှောက် ဤဘုရင်နှစ်ပါးကို ကိုယ်စားပြုသူနှင့် ကိုယ်စားပြုသည့်လူမျိုးသည် ပြောင်းလဲနေမည်ဖြစ်သောကြောင့် ဘုရင်တို့၏အမည်များကို ယေဟောဝါ၏ ကောင်းကင်တမန်က ဖော်ပြခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်။ ကောင်းကင်တမန်က မလိုအပ်သည့် အသေးစိတ်အချက်အလက်များကို ချန်လှပ်၍ ဆိုင်ပြိုင်တိုက်ခိုက်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည့် အုပ်စိုးသူများနှင့် ဖြစ်ရပ်များကိုသာ ဖော်ပြခဲ့သည်။

ဆိုင်ပြိုင်တိုက်ခိုက်မှု စတင်ခြင်း

၁၆။ (က) ၎င်းဘုရင်နှစ်ပါးသည် အဘယ်သူ၏ မြောက်နှင့်တောင် ဖြစ်သနည်း။ (ခ) “မြောက်ဘုရင်” နှင့် “တောင်ဘုရင်” ကဏ္ဍများတွင် အဘယ်ဘုရင်များက အသီးသီး နေရာယူခဲ့ကြသနည်း။

၁၆ နားဆင်ပါ! ပြဇာတ်ဆန်သော ဤဆိုင်ပြိုင်တိုက်ခိုက်မှု၏အစကို ဖော်ပြရာ၌ ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ဆို၏– “သူ၏ [အလက်ဇန္ဒား၏] မှူးမတ်တို့အထဲက တစ်ပါးဖြစ်သည့် တောင်ဘုရင်သည် တန်ခိုးကြီးလိမ့်မည်။ သူ [မြောက်ဘုရင်] သည် သူ့ [တောင်ဘုရင်] ကိုအောင်နိုင်၍ ထိုသူ၏ အုပ်စိုးခြင်းအာဏာထက် သာ၍ကြီးမားကျယ်ပြန့်သောနိုင်ငံကို အမှန်မုချ အုပ်ချုပ်ရလိမ့်မည်။” (ဒံယေလ ၁၁:၅၊ ကဘ) “မြောက်ဘုရင်” နှင့် “တောင်ဘုရင်” ဟူသောအမည်ပညတ်တို့မှာ ထိုအချိန်တွင် ဗာဗုလုန်လူမျိုး၏ သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်သို့ ပြန်လည်ရောက်ရှိလာကြသည့် ဒံယေလ၏ အမျိုးသားချင်းတို့၏ မြောက်နှင့်တောင်ကို ရည်ညွှန်းခြင်းဖြစ်ပေသည်။ ပထမဦးဆုံးသော “တောင်ဘုရင်” မှာ အီဂျစ်ပြည့်ရှင် ပထမမြောက် တော်လမီဖြစ်သည်။ ပထမမြောက် တော်လမီကိုအောင်နိုင်၍ “ကြီးမားကျယ်ပြန့်သောနိုင်ငံ” ကိုအုပ်ချုပ်ရသူ အလက်ဇန္ဒား၏ ဗိုလ်ချုပ်ကြီးတစ်ပါးမှာ ဆီးရီးယားဘုရင် ပထမမြောက် စီလူးကပ်စ် နီကေတာပင်ဖြစ်သည်။ သူသည် “မြောက်ဘုရင်” ၏အသွင်ကိုဆောင်သည်။

၁၇။ မြောက်ဘုရင်နှင့် တောင်ဘုရင် ဆိုင်ပြိုင်တိုက်ခိုက်မှု အစပိုင်းတွင် ယုဒပြည်သည် မည်သူ၏အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သနည်း။

၁၇ ဆိုင်ပြိုင်တိုက်ခိုက်မှု အစပိုင်းတွင် ယုဒပြည်သည် တောင်ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိနေသည်။ ဘီ.စီ.အီး. ၃၂၀ ပြည့်နှစ်မှစ၍ ပထမမြောက် တော်လမီသည် ဂျူးလူမျိုးအား လက်အောက်ခံ နယ်သစ်ရှာသူများအဖြစ် အီဂျစ်ပြည်သို့ လာရောက်အခြေချနေထိုင်ရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ ထင်ရှားကျော်ကြားသည့် စာကြည့်တိုက်တစ်ခုကို ပထမမြောက် တော်လမီ တည်ထောင်ခဲ့ရာ အလက်ဇန္ဒြီးယားမြို့တွင် ဂျူးကိုလိုနီတစ်ခု စည်ပင်ထွန်းကားခဲ့သည်။ ယုဒပြည်ရှိဂျူးလူမျိုးသည် တောင်ဘုရင်ဖြစ်သည့် တော်လမီမင်းဆက်အုပ်ချုပ်သည့် အီဂျစ်ပြည်၏ ထိန်းချုပ်မှုအာဏာအောက်တွင် ဘီ.စီ.အီး. ၁၉၈ ခုနှစ်အထိ ဆက်လက်တည်ရှိခဲ့သည်။

၁၈၊ ၁၉။ အချိန်တန်သောအခါ ပြိုင်ဘက်ဘုရင်နှစ်ပါးသည် “သာတူညီမျှဖြစ်သည့် သဘောတူညီချက်” မည်သို့ချမှတ်ခဲ့ကြသနည်း။

၁၈ ဤဘုရင်နှစ်ပါးနှင့်စပ်လျဉ်း၍ ကောင်းကင်တမန်က ဤသို့ပရောဖက်ပြု၏– “နှစ်ပေါင်းအတန်ကြာ လွန်သောအခါ သူတို့သည် အချင်းချင်းမဟာမိတ်ဖွဲ့၍ သာတူညီမျှဖြစ်သည့် သဘောတူညီချက်ချမှတ်နိုင်ရန် တောင်ဘုရင်၏သမီးသည် မြောက်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း ထိုမင်းသမီးသည် မိမိ၏လက်ရုံးတန်ခိုးကို ထိန်းထားနိုင်မည်မဟုတ်။ ၎င်းဘုရင်နှင့်တကွ သူ၏လက်ရုံးလည်း မတည်ရ။ မင်းသမီးမှစ၍ သူ့ကိုဆောင်ခဲ့သူတို့နှင့် သူ့ကိုမွေးဖွားသူ၊ ထိုကာလ၌ သူ့ကိုခွန်အားကြီးစေသူတို့သည် ပို့အပ်ခံရကြလိမ့်မည်။” (ဒံယေလ ၁၁:၆၊ ကဘ) ဤပရောဖက်ပြုချက် မည်သို့ပြည့်စုံလာသနည်း။

၁၉ ပထမမြောက် စီလူးကပ်စ် နီကေတာ၏သားတော်နှင့် ထီးနန်းဆက်ခံသူ ပထမမြောက် အဲန်တိုင်းအားကပ်စ်သည် တောင်ဘုရင်နှင့် အဆုံးအဖြတ်ပေးသည့်စစ်ပွဲ ဆင်နွှဲခြင်းမရှိခဲ့သောကြောင့် ပရောဖက်ပြုချက်က သူ့အကြောင်းကို ဖော်ပြခြင်းမရှိချေ။ သို့သော် သူ၏ထီးနန်းဆက်ခံသူ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်မူကား ပထမမြောက် တော်လမီ၏သားတော် ဒုတိယမြောက် တော်လမီကို နှစ်ရှည်လများစစ်တိုက်ခဲ့သည်။ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် ဒုတိယမြောက် တော်လမီတို့သည် မြောက်ဘုရင်နှင့် တောင်ဘုရင် အသီးသီးဖြစ်ခဲ့ကြသည်။ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်သည် လေအိုဒီးစီနှင့် ထိမ်းမြားဆောင်နှင်း၍ ဒုတိယမြောက် စီလူးကပ်စ် အမည်ရှိ သားတော်တစ်ပါး ထွန်းကားခဲ့သည်။ ဒုတိယမြောက် တော်လမီ၌လည်း ဘဲရာနိုင်းစီ အမည်ရှိ သမီးတော်တစ်ပါးရှိ၏။ ဘီ.စီ.အီး. ၂၅၀ ပြည့်နှစ်တွင် ဤဘုရင်နှစ်ပါးသည် “သာတူညီမျှဖြစ်သည့် သဘောတူညီချက်” ချုပ်ဆိုခဲ့ကြသည်။ ဤမဟာမိတ်ဖွဲ့မှုအတွက် တန်ဖိုးပေးဆပ်သည့်အနေနှင့် ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ကြင်ရာတော် လေအိုဒီးစီကို ကွာရှင်း၍ “တောင်ဘုရင်၏သမီး” ဘဲရာနိုင်းစီကို လက်ထပ်ခဲ့သည်။ ဘဲရာနိုင်းစီဖြင့် သားတော်တစ်ပါးထွန်းကားခဲ့ပြီး ဆီးရီးယား၏ ထီးနန်းဆက်ခံသူ ဖြစ်လာသည်။ လေအိုဒီးစီ၏သားများသည် အရိုက်အရာဆက်ခံခွင့် မရရှိကြချေ။

၂၀။ (က) ဘဲရာနိုင်းစီ၏ “လက်ရုံး” သည် အဘယ်နည်းဖြင့် မတည်ခဲ့သနည်း။ (ခ) ဘဲရာနိုင်းစီမှစ၍ “သူ့ကိုဆောင်ခဲ့သူတို့” နှင့် “သူ့အားခွန်အားကြီးစေသူ” တို့သည် မည်သို့ပို့အပ်ခံရကြသနည်း။ (ဂ) ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်၏ “လက်ရုံး၊” သို့မဟုတ် တန်ခိုးအာဏာ လက်လွှတ်ဆုံးရှုံးပြီးနောက် မည်သူ ဆီးရီးယားဘုရင် ဖြစ်လာသနည်း။

၂၀ ဘဲရာနိုင်းစီ၏ “လက်ရုံး၊” သို့မဟုတ် သူ့ကိုအားပေးထောက်ခံသည့် တန်ခိုးအာဏာရှင်မှာ သူ့ခမည်းတော် ဒုတိယမြောက် တော်လမီ ပင်ဖြစ်သည်။ ဘီ.စီ.အီး. ၂၄၆ ခုနှစ်တွင် ဒုတိယမြောက် တော်လမီ သေဆုံးသည့်နောက် ဘဲရာနိုင်းစီသည် “မိမိ၏လက်ရုံးတန်ခိုးကို ထိန်း” မထားနိုင်တော့သဖြင့် ခင်ပွန်းဖြစ်သူ၏မေတ္တာကို လက်လွှတ်ဆုံးရှုံးသွားသည်။ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ဘဲရာနိုင်းစီကို စွန့်ပစ်၍ လေအိုဒီးစီနှင့် ပြန်လည်ထိမ်းမြားပြီးလျှင် လေအိုဒီးစီနှင့်ရသောသားကို အရိုက်အရာဆက်ခံသူအဖြစ် သတ်မှတ်ခဲ့သည်။ လေအိုဒီးစီ ကြံစည်သည့်အတိုင်း ဘဲရာနိုင်းစီနှင့် သူ၏သားတို့သည် လုပ်ကြံခြင်းခံရလေသည်။ ဘဲရာနိုင်းစီကို အီဂျစ်ပြည်မှ ဆီးရီးယားပြည်သို့ ဆောင်ခဲ့ကြသည့် အခြွေအရံများ—‘သူ့ကိုဆောင်ခဲ့သူတို့’—လည်း ထိုအတိုင်းပင်ဇာတ်သိမ်းခဲ့မည်မှာ ထင်ရှားသည်။ လေအိုဒီးစီသည် ဒုတိယမြောက် အဲန်တိုင်းအားကပ်စ်ကိုပင် အဆိပ်ခတ်သတ်ခဲ့သဖြင့် သူ၏ “လက်ရုံး၊” သို့မဟုတ် တန်ခိုးအာဏာလည်း “မတည်” ခဲ့ချေ။ ထို့ကြောင့် ဘဲရာနိုင်းစီ၏ ခမည်းတော်—“သူ့ကိုမွေးဖွားသူ”—နှင့် သူ၏ ဆီးရီးယားခင်ပွန်း—သူ့ကို အခိုက်အတန့် “ခွန်အားကြီးစေသူ”—တို့သည် သေဆုံးသွားကြလေသည်။ ဤသို့အားဖြင့် လေအိုဒီးစီ၏သားတော် ဒုတိယမြောက် စီလူးကပ်စ်သည် ဆီးရီးယားနိုင်ငံ၏ဘုရင် ဖြစ်လာလေသည်။ တော်လမီမင်းဆက်မှ နောက်တက်သည့်ဘုရင်က ဤအမှုအရာအားလုံးကို မည်သို့တုံ့ပြန်မည်နည်း။

နှမတော် လုပ်ကြံသတ်ဖြတ်ခံရခြင်းအတွက် ဘုရင်တစ်ပါး လက်စားချေခြင်း

၂၁။ (က) ဘဲရာနိုင်းစီ၏ “အမြစ်မှပေါက်သော အညွန့်ထဲမှတစ်ဦး” ကားမည်သူနည်း။ သူမည်သို့ “မတ်တတ်ထ” ခဲ့သနည်း။ (ခ)  တတိယမြောက် တော်လမီသည် “မြောက်ဘုရင်၏ ခံတပ်သို့စစ်ချီလျက်” သူ့ကိုမည်သို့ အောင်မြင်ခဲ့သနည်း။

၂၁ “ထိုမင်းသမီး၏ အမြစ်မှပေါက်သော အညွန့်ထဲမှတစ်ဦးသည် ခမည်းတော်၏ အရိုက်အရာ၌ အမှန်မုချ မတ်တတ်ထ၍ စစ်သည်ဗိုလ်ပါသို့ ရောက်လာပြီးလျှင် မြောက်ဘုရင်၏ ခံတပ်သို့စစ်ချီလျက် သူတို့ကိုတိုက်၍ အောင်မြင်လိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ (ဒံယေလ ၁၁:၇၊ ကဘ) ဘဲရာနိုင်းစီ၏မိဘ သို့မဟုတ် “အမြစ်” မှပေါက်သော “အညွန့်ထဲမှတစ်ဦး” မှာ သူ၏နောင်တော်ဖြစ်သည်။ ခမည်းတော်ကွယ်လွန်သည့်အခါ သူသည် အီဂျစ်ပြည့်ရှင် ဖာရောမင်း တတိယမြောက် တော်လမီအနေနှင့် အရိုက်အရာကိုဆက်ခံ၍ တောင်ဘုရင်အဖြစ် “မတ်တတ်ထ” လာသည်။ ချက်ချင်းပင် နှမတော် လုပ်ကြံသတ်ဖြတ်ခံရခြင်းအတွက် လက်စားချေရန် စိုင်းပြင်းလေသည်။ သူသည် ဘဲရာနိုင်းစီနှင့် သူ၏သားတော်တို့ကို သတ်ဖြတ်ရာ၌ လေအိုဒီးစီ၏ အသုံးချခံရသူ ဆီးရီးယားဘုရင် ဒုတိယမြောက် စီလူးကပ်စ်ကို စစ်ချီ၍ “မြောက်ဘုရင်၏ ခံတပ်” ကိုတိုက်ခိုက်လေ၏။ တတိယမြောက် တော်လမီသည် အန္တိအုတ်မြို့၏ အခိုင်အခံ့ ပြုလုပ်ထားသည့်အပိုင်းကို ထိုးဖောက်သိမ်းပိုက်ပြီး လေအိုဒီးစီကို ကွပ်မျက်လေ၏။ မြောက်ဘုရင်၏ ပိုင်နက်ကိုဖြတ်သန်း၍ အရှေ့ဘက်သို့ချီတက်ရာ၌ ဗာဗုလုန်ကိုတိုက်ခိုက်လုယက်ပြီး အိန္ဒိယအထိ ချီတက်ခဲ့သည်။

၂၂။ တတိယမြောက် တော်လမီသည် အီဂျစ်ပြည်သို့ အဘယ်အရာများ ယူဆောင်သွားခဲ့သနည်း။ အဘယ်ကြောင့် သူသည် “မြောက်ဘုရင်နှင့် နှစ်ကာလအတန်ကြာ ခပ်ခွာခွာနေ” ခဲ့သနည်း။

၂၂ ၎င်းနောက် မည်သို့ဖြစ်ပျက်သနည်း။ ဘုရားသခင့်ကောင်းကင်တမန်က ဤသို့ဆို၏– “သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ နှစ်သက်ဖွယ်သော ရွှေငွေအသုံးအဆောင်များနှင့် သုံ့ပန်းများကို အီဂျစ်ပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ဘုရင်နှင့် နှစ်ကာလအတန်ကြာ ခပ်ခွာခွာနေလိမ့်မည်။” (ဒံယေလ ၁၁:၈၊ ကဘ) လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော်က ပါးရှားဘုရင် ဒုတိယမြောက် ကဲမ်ဘိုင်းဆစ္စသည် အီဂျစ်ကိုအောင်နိုင်၍ အီဂျစ်ဘုရားများ၊ “သွန်းသောရုပ်တုများ” ကိုနေရင်းပြည်သို့ ဆောင်ခဲ့သည်။ ပါးရှား၏ ထီးနန်းစိုက်ရာ ရှေးဟောင်းမြို့တော် ရှုရှန်မြို့ကို တိုက်ခိုက်လုယက်ရာ၌ တတိယမြောက် တော်လမီသည် ထိုဘုရားများကို ပြန်လည်တွေ့ရှိပြီး ၎င်းတို့ကို အီဂျစ်ပြည်သို့ ‘သုံ့ပန်း’ သိမ်းသွားလေ၏။ လက်ရပစ္စည်းများအဖြစ် “နှစ်သက်ဖွယ်သော ရွှေငွေအသုံးအဆောင်” မြောက်မြားစွာကိုလည်း သယ်ဆောင်သွားခဲ့သည်။ တတိယမြောက် တော်လမီသည် ပြည်တွင်းပုန်ကန်ထကြွမှုကို နှိမ်နင်းရန်အတွက် မလွဲမရှောင်သာ ပြန်ခဲ့ရသောကြောင့် ‘မြောက်ဘုရင်နှင့် ခပ်ခွာခွာနေ’ ပြီး သူ့အားထပ်၍ ထိခိုက်နစ်နာအောင် မပြုဘဲနေခဲ့သည်။

ဆီးရီးယားဘုရင် လက်တုံ့ပြန်ခြင်း

၂၃။ မြောက်ဘုရင်သည် တောင်ဘုရင်၏ နိုင်ငံအတွင်း ချီတက်လာပြီးနောက် အဘယ်ကြောင့် “မိမိနေရင်းမြေသို့ ပြန်သွား” ခဲ့ရသနည်း။

၂၃ မြောက်ဘုရင် မည်သို့တုံ့ပြန်သနည်း။ ကောင်းကင်တမန်က ဒံယေလအား ဤသို့ပြောပြ၏– “သူသည် တောင်ဘုရင်၏နိုင်ငံသို့ အမှန်စင်စစ် ဝင်ရောက်သော်လည်း မိမိနေရင်းမြေသို့ ပြန်သွားရလိမ့်မည်။” (ဒံယေလ ၁၁:၉၊ ကဘ) မြောက်ဘုရင်—ဆီးရီးယားဘုရင် ဒုတိယမြောက် စီလူးကပ်စ်—သည် တန်ပြန်တိုက်ခိုက်လေ၏။ သူသည် တောင်ပြည်အီဂျစ်ဘုရင်၏ “နိုင်ငံ၊” သို့မဟုတ် ပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း အရေးနိမ့်ခဲ့သည်။ ဘီ.စီ.အီး. ၂၄၂ ခုနှစ်တွင် ဒုတိယမြောက် စီလူးကပ်စ်သည် စစ်သည်အကြွင်းအကျန် အနည်းငယ်နှင့်အတူ ဆီးရီးယား၏မြို့တော် အန္တိအုတ်မြို့သို့ ဆုတ်ခွာခြင်းဖြင့် ‘မိမိနေရင်းမြေသို့ ပြန်ခဲ့သည်။’ သူကွယ်လွန်သည့်အခါ သူ၏သားတော် တတိယမြောက် စီလူးကပ်စ်သည် အရိုက်အရာကိုဆက်ခံလေ၏။

၂၄။ (က) တတိယမြောက် စီလူးကပ်စ် မည်သို့ဖြစ်သွားသနည်း။ (ခ) ဆီးရီးယားဘုရင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် တောင်ဘုရင်၏ပိုင်နက်ကို မည်သို့ “လွှမ်းမိုးဖြတ်သန်းစီးဆင်း” ခဲ့သနည်း။

၂၄ ဆီးရီးယားဘုရင် ဒုတိယမြောက် စီလူးကပ်စ်၏ သားမြေးများနှင့်စပ်လျဉ်း၍ မည်သို့ကြိုဟောထားသနည်း။ ကောင်းကင်တမန်က ဒံယေလအား ဤသို့ပြောပြ၏– “သူ၏သားတော်တို့လည်း မိမိတို့ကိုယ်ကိုနှိုးဆွလျက် များစွာသောစစ်သည်ဗိုလ်ပါ အလုံးအရင်းကို အမှန်ပင် စုရုံးကြလိမ့်မည်။ ချီလာသည့်အခါ၌လည်း လွှမ်းမိုးဖြတ်သန်းစီးဆင်းလျက် ဆက်ဆက်ရောက်လာလိမ့်မည်။ သို့သော်လည်း သူသည် ပြန်ဆုတ်သွားရာတွင် မိမိ၏ခံတပ်တိုင်အောင် မိမိကိုယ်ကို နှိုးဆွလိမ့်မည်။” (ဒံယေလ ၁၁:၁၀၊ ကဘ) တတိယမြောက် စီလူးကပ်စ်၏စိုးစံမှုသည် လုပ်ကြံသတ်ဖြတ်မှုကြောင့် သုံးနှစ်မပြည့်မီ ဆုံးခန်းတိုင်သွားခဲ့သည်။ ညီတော် တတိယမြောက် အဲန်တိုင်းအားကပ်စ်က ဆီးရီးယားထီးနန်းကို ဆက်ခံခဲ့သည်။ ဒုတိယမြောက် စီလူးကပ်စ်၏ ဤသားတော်သည် တောင်ဘုရင် (ထိုအချိန်တွင် စတုတ္ထမြောက် တော်လမီ ဖြစ်သည်) ကိုတိုက်ခိုက်ရန် များစွာသောဗိုလ်ခြေတို့ကို စုရုံးခဲ့သည်။ မြောက်ပြည်ဆီးရီးယားဘုရင်အသစ်သည် အီဂျစ်ကို အောင်မြင်စွာတိုက်ခိုက်၍ စီလူးရှား ဆိပ်ကမ်းမြို့၊ ဆီးလီး-ဆီးရီးယား လက်နက်နိုင်ငံ၊ တုရုနှင့် တော်လမေးယားစ်မြို့များအပြင် အနီးအနားရှိမြို့တို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ သူသည် စတုတ္ထမြောက် တော်လမီ၏စစ်တပ်ကို အပြီးအပိုင်ချေမှုန်းခဲ့သည့်အပြင် ယုဒပြည်၏မြို့များစွာကိုပါ သိမ်းပိုက်ခဲ့သည်။ ဘီ.စီ.အီး. ၂၁၇ ခုနှစ် နွေဦးကာလတွင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် တော်လမေးယားစ်မြို့မှ ဆီးရီးယားရှိ “မိမိ၏ခံတပ်တိုင်အောင်” မြောက်ဘက်သို့ ထွက်ခွာခဲ့သည်။ သို့သော် အပြောင်းအလဲ ဖြစ်လုနီးပြီ။

အခြေအနေ ပြောင်းပြီ

၂၅။ စတုတ္ထမြောက် တော်လမီသည် တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် မည်သည့်နေရာတွင် တိုက်ပွဲဆင်နွှဲခဲ့သနည်း။ တောင်ဘုရင် အီဂျစ်မင်း၏လက်သို့ အဘယ်အရာ အပ်နှံခံရသနည်း။

၂၅ ဒံယေလနည်းတူ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းကင်တမန် ဆက်လက်ပြောကြားသည့်ဟောကိန်းကို မျှော်လင့်ခြင်းကြီးစွာဖြင့် နားထောင်ကြသည်– “တောင်ဘုရင်သည် နာကြည်းခံပြင်းလှသဖြင့် မြောက်ဘုရင်ကို ဆီးကြိုတိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည် များစွာသော အလုံးအရင်းဖြင့် မလွဲမသွေ မတ်တတ်ထမည်ဖြစ်သော်လည်း ထိုအလုံးအရင်းသည် တောင်ဘုရင်လက်သို့ ဧကန်မုချ အပ်နှံခံရလိမ့်မည်။” (ဒံယေလ ၁၁:၁၁၊ ကဘ) တောင်ဘုရင် စတုတ္ထမြောက် တော်လမီသည် ရဲမက်ဗိုလ်ပါ ၇၅,၀၀၀ ဖြင့် မြောက်ဘက်သို့ချီတက်၍ ရန်သူကိုတိုက်ခိုက်သည်။ မြောက်ပြည် ဆီးရီးယားဘုရင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် “များစွာသော အလုံးအရင်း” ဖြစ်သည့်ရဲမက်ဗိုလ်ပါ ၆၈,၀၀၀ ကိုစုရုံးလျက် ခုခံတိုက်ခိုက်သည်။ သို့သော်လည်း အီဂျစ်နယ်စပ်နှင့် မဝေးလှသည့် ရာဖီးယား ဆိပ်ကမ်းမြို့ တိုက်ပွဲတွင် “ထိုအလုံးအရင်းသည် တောင်ဘုရင်လက်သို့ . . . အပ်နှံခံရ” လေသည်။

၂၆။ (က) ရာဖီးယားမြို့တိုက်ပွဲတွင် တောင်ဘုရင်သည် အဘယ် “အလုံးအရင်း” ကိုသိမ်းသွားခဲ့သနည်း။ ထိုနေရာတွင်ချုပ်ဆိုသည့် ငြိမ်းချမ်းရေးစာချုပ်ပါ စည်းကမ်းချက်များကား အဘယ်နည်း။ (ခ) စတုတ္ထမြောက် တော်လမီသည် အဘယ်သို့ ‘သူ၏ခိုင်မာတောင့်တင်းသော အနေအထားကို အသုံးမချ’ ဘဲနေခဲ့သနည်း။ (ဂ) တောင်ဘုရင် နောက်တစ်ပါး မည်သူဖြစ်လာသနည်း။

၂၆ ပရောဖက်ပြုချက်က ဤသို့ဆက်၍ဆို၏– “ထိုအလုံးအရင်းကို မလွဲမသွေ သိမ်းသွားလိမ့်မည်။ သူသည် ဘဝင်ကြွလျက် လူအထောင်အသောင်းကို ကျဆုံးစေမည်ဖြစ်သော်လည်း မိမိ၏ ခိုင်မာတောင့်တင်းသောအနေအထားကို အသုံးချမည်မဟုတ်။” (ဒံယေလ ၁၁:၁၂၊ ကဘ) တောင်ဘုရင် စတုတ္ထမြောက် တော်လမီသည် ဆီးရီးယားခြေလျင်တပ်သား ၁၀,၀၀၀ နှင့် မြင်းစီးသူရဲ ၃၀၀ တို့ကို သေမင်းနိုင်ငံသို့ “သိမ်းသွား” ခဲ့သည့်အပြင် တပ်သား ၄,၀၀၀ ကိုလည်း အကျဉ်းသားများအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဘုရင်နှစ်ပါးသည် သဘောတူညီချက်စာချုပ်,ချုပ်ဆို၍ စာချုပ်အရ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ဆီးရီးယားဆိပ်ကမ်းမြို့ စီလူးရှားကို ဆက်လက်ထိန်းသိမ်းပြီး ဖိုနီးရှားနှင့် ဆီးလီး-ဆီးရီးယားမြို့တို့ကို လက်လွှတ်လိုက်ရသည်။ ဤအောင်ပွဲကြောင့် တောင်ပြည် အီဂျစ်ဘုရင်သည် ‘ဘဝင်ကြွ’ လာ၏။ အထူးသဖြင့် ယေဟောဝါအား ဆန့်ကျင်အန်တုရာ၌ဖြစ်၏။ ယုဒပြည်သည် စတုတ္ထမြောက် တော်လမီ၏ထိန်းချုပ်မှုအောက်၌ပင် ရှိနေသည်။ သို့ရာတွင် သူသည် “မိမိ၏ ခိုင်မာတောင့်တင်းသော အနေအထားကို အသုံးချ” ၍မြောက်ပြည် ဆီးရီးယားဘုရင်အပေါ် ဆက်လက်အောင်ပွဲဆင်ရန် တိုက်ခိုက်ခြင်းမပြုခဲ့ချေ။ သို့အစား စတုတ္ထမြောက် တော်လမီသည် အစားအသောက် အပျော်အပါးကြူးသောဘဝသို့ ရောက်ရှိသွားသဖြင့် ငါးနှစ်အရွယ်သားတော် ပဉ္စမမြောက် တော်လမီသည် တတိယမြောက် အဲန်တိုင်းအားကပ်စ် မကွယ်လွန်မီ နှစ်အတန်ကြာကတည်းက တောင်ဘုရင် နောက်တစ်ပါး ဖြစ်လာလေသည်။

ခေါင်းပုံဖြတ်သူ တစ်ကျော့ပြန်

၂၇။ မြောက်ဘုရင်သည် “နှစ်ကာလ အတန်အရာလွန်” ပြီးနောက် အီဂျစ်ထံမှ နယ်မြေပြန်လည်ရယူရန် မည်သို့ပြန်၍ချီလာသနည်း။

၂၇ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် သူ၏စွန့်စားလုပ်ဆောင်ချက်များကြောင့် မဟာအဲန်တိုင်းအားကပ်စ်ဟူ၍ အမည်တွင်ခဲ့သည်။ သူနှင့်ပတ်သက်၍ ကောင်းကင်တမန်က ဤသို့ဆို၏– “မြောက်ဘုရင်သည် ပြန်သွား၍ အရင်ထက်များစွာသော အလုံးအရင်းကို စုရုံးလိမ့်မည်။ နှစ်ကာလ အတန်အရာလွန်လျှင် ဗိုလ်ခြေ၊ ရိက္ခာပစ္စည်း များစွာနှင့်တကွ ချီလာလိမ့်မည်။” (ဒံယေလ ၁၁:၁၃၊ ကဘ) အဆိုပါ “နှစ်ကာလ” မှာ ရာဖီးယားမြို့အနီးတွင် အီဂျစ်က ဆီးရီးယားကို အောင်နိုင်ပြီးနောက် ၁၆ နှစ် သို့မဟုတ် ထိုထက်မကသော နှစ်ကာလများဖြစ်သည်။ ငယ်ရွယ်သည့် ပဉ္စမမြောက် တော်လမီ တောင်ဘုရင်ဖြစ်လာပြီးနောက် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် တောင်ပြည်အီဂျစ်ဘုရင်ထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် “အရင်ထက် များစွာသော အလုံးအရင်း” ဖြင့်ချီတက်ခဲ့သည်။ ဤရည်မှန်းချက် ပေါက်မြောက်ရေးအတွက် မက်ဆီဒိုးနီးယားဘုရင် ပဉ္စမမြောက် ဖိလစ်နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

၂၈။ ငယ်ရွယ်နုနယ်သည့် တောင်ဘုရင်၌ အဘယ်ပြဿနာများ ရှိသနည်း။

၂၈ တောင်ဘုရင်ကိုယ်နှိုက်လည်း ပြည်တွင်းရေးပြဿနာများနှင့် လုံးထွေးနေရသည်။ “ထိုကာလ၌ တောင်ဘုရင်ကို ရန်ဘက်ပြုသောသူတို့သည် များပြားလိမ့်မည်၊” ဟုကောင်းကင်တမန်ကဆို၏။ (ဒံယေလ ၁၁:၁၄က၊ ကဘ) “တောင်ဘုရင်ကို ရန်ဘက်ပြုသောသူတို့သည်” အမှန်ပင် များပြားခဲ့သည်။ ငယ်ရွယ်သည့် တောင်ဘုရင်သည် တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် မက်ဆီဒိုးနီးယားတို့၏ မဟာမိတ်တပ်ပေါင်းစုကို ရင်ဆိုင်နေရသည့်အပြင် အီဂျစ်ပြည်တွင်း၌လည်း ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ သူ့အမည်ခံ၍အုပ်ချုပ်သည့် အထိန်းတော် အဂက်သလီးဇ်က အီဂျစ်ပြည်သူတို့အပေါ် မောက်မာစွာဆက်ဆံခြင်းကြောင့် လူအများက တော်လှန်ပုန်ကန်ကြသည်။ ကောင်းကင်တမန်က ဤသို့ထပ်လောင်းဆိုသည်– “သင်၏အမျိုးသားချင်းတို့အနက် သောင်းကျန်းသူတို့လည်း ရူပါရုံကိုပြည့်စုံစေရန် ကြိုးပမ်းသည့်အနေနှင့် ထကြွသဖြင့် ခလုတ်တိုက်လဲကြလိမ့်မည်။” (ဒံယေလ ၁၁:၁၄ခ၊ ကဘ) ဒံယေလ၏အမျိုးသားချင်းအနက်မှ အချို့သူတို့ပင် “သောင်းကျန်းသူတို့၊” သို့မဟုတ် တော်လှန်ရေးသမားများ ဖြစ်လာကြသည်။ သို့သော်လည်း မိမိတို့၏မွေးရပ်ဌာနေအပေါ် လူမျိုးခြားတို့စိုးမိုးခြင်း အဆုံးတိုင်မည်ဟူသော ထိုဂျူးများ၏ “ရူပါရုံ” မှာအမှန်အကန် မဟုတ်သောကြောင့် ပျက်ပြားလိမ့်မည်၊ သို့မဟုတ် “ခလုတ်တိုက်လဲ” လိမ့်မည်။

၂၉၊ ၃၀။ (က) “တောင်ပြည်၏လက်ရုံး” သည်မြောက်ပြည်၏ တိုက်ခိုက်ခြင်းကို မည်သို့အညံ့ခံ အရှုံးပေးလိုက်ရသနည်း။ (ခ) မြောက်ဘုရင်သည် အဘယ်သို့ “ရတနာပြည်၌ရပ်” ခဲ့သနည်း။

၂၉ ယေဟောဝါ၏ ကောင်းကင်တမန်က ဤသို့နောက်ထပ် ကြိုဟောသည်– “မြောက်ဘုရင်သည်ချီလာ၍ မြေကတုတ်တည်လုပ်ပြီးလျှင် ခိုင်ခံ့သောမြို့တစ်မြို့ကို အမှန်သိမ်းပိုက်လိမ့်မည်။ တောင်ပြည်၏လက်ရုံးသည် ခံရပ်နိုင်မည်မဟုတ်။ ရွေးချယ်သောလူများပင် ဆက်၍ခံရပ်နိုင်သောခွန်အား မရှိကြ။ လာရောက်တိုက်ခိုက်သောသူသည် အလိုရှိသည်အတိုင်းပြု၍ သူ့ရှေ့တွင် အဘယ်သူမျှ မခံမရပ်နိုင်။ သူသည် ရတနာပြည်၌ရပ်လျက် လက်တွင်း၌ ချေမှုန်းသုတ်သင်ခွင့် ရှိလိမ့်မည်။”—ဒံယေလ ၁၁:၁၅၊ ၁၆၊ ကဘ။

၃၀ ပဉ္စမမြောက် တော်လမီ၏စစ်သည်ဗိုလ်ပါ သို့မဟုတ် “တောင်ပြည်၏လက်ရုံး” သည် မြောက်ပြည်၏ တိုက်ခိုက်ခြင်းကို အရှုံးပေးလိုက်ရသည်။ ပနီးယားစ်အရပ် (ကဲသရိ ဖိလိပ္ပိ) တွင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် အီဂျစ်ဗိုလ်ချုပ်ကြီး စကောပပ်စ်နှင့် လက်ရွေးစဉ်စစ်သည် ၁၀,၀၀၀၊ သို့မဟုတ် ‘ရွေးချယ်သူများ’ ကို “ခိုင်ခံ့သောမြို့တစ်မြို့” ဖြစ်သည့် ဆိုင်ဒုံ (ဇိဒုန်) မြို့ထဲသို့ မောင်းသွင်းခဲ့သည်။ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ထိုမြို့ကို ဝိုင်းဝန်းပိတ်ဆို့ရန် “မြေကတုတ် တည်လုပ်” ခြင်းဖြင့် ထိုဖိုနီးရှန်း ဆိပ်ကမ်းမြို့ကို ဘီ.စီ.အီး. ၁၉၈ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။ တောင်ပြည် အီဂျစ်ဘုရင်၏ ဗိုလ်ခြေတို့သည် သူ့ရှေ့တွင် ခံရပ်နိုင်စွမ်း မရှိသောကြောင့် သူသည် “အလိုရှိသည်အတိုင်းပြု” လေ၏။ ထို့နောက် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် “ရတနာပြည်” ဖြစ်သည့် ယုဒပြည်၏မြို့တော် ယေရုရှလင်မြို့ကို ချီတက်တိုက်ခိုက်ရာ ဘီ.စီ.အီး. ၁၉၈ ခုနှစ်တွင် ယေရုရှလင်မြို့နှင့် ယုဒပြည်သည် တောင်ဘုရင် အီဂျစ်မင်း၏ အုပ်စိုးခြင်းအောက်မှ မြောက်ဘုရင် ဆီးရီးယားမင်း၏ အုပ်စိုးခြင်းအောက်သို့ ရောက်ရှိသွားသည်။ ဤသို့ဖြင့် မြောက်ဘုရင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် “ရတနာပြည်၌” စ၍ “ရပ်” လေ၏။ သူ့လက်ထဲ၌ ဆန့်ကျင်တော်လှန်သည့် ဂျူးလူမျိုးနှင့် အီဂျစ်လူမျိုးမှန်သမျှကို “ချေမှုန်းသုတ်သင်ခွင့်” အာဏာရရှိခဲ့သည်။ ဤမြောက်ဘုရင်သည် သဘောရှိသမျှအတိုင်း မည်မျှကြာကြာ ပြုလုပ်နိုင်မည်နည်း။

ခေါင်းပုံဖြတ်သူအား ရောမဟန့်တားခြင်း

၃၁၊ ၃၂။ နောက်ဆုံးတွင် မြောက်ဘုရင်သည် တောင်ဘုရင်နှင့် အဘယ်ကြောင့် “သာတူညီမျှဖြစ်သည့် စည်းကမ်းချက်များ” ချမှတ်ခဲ့ရသနည်း။

၃၁ ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့အဖြေပေး၏– “သူ [မြောက်ဘုရင်] သည် တစ်နိုင်ငံလုံး၏ အင်အားအလုံးအရင်း ရှိသမျှနှင့်တကွ စစ်ချီသော်လည်း သူ [တောင်ဘုရင်] နှင့် သာတူညီမျှဖြစ်သည့် စည်းကမ်းချက်များ ချမှတ်လိမ့်မည်။ သူသည် ထိထိရောက်ရောက် လုပ်ဆောင်လိမ့်မည်။ သမီးမိန်းမသားကို ပျက်စီးရာပျက်စီးကြောင်းအတွက် သူနှင့်ပေးစားလိမ့်မည်။ ၎င်းသမီးသည် မရပ်တည်နိုင်သည့်အပြင် မြောက်ဘုရင်၏ ပိုင်ရာအဖြစ်လည်း ဆက်၍တည်နေမည် မဟုတ်ပေ။”—ဒံယေလ ၁၁:၁၇၊ ကဘ။

၃၂ မြောက်ဘုရင် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် အီဂျစ်ပြည်ကို စိုးမိုးခြယ်လှယ်ရန် “တစ်နိုင်ငံလုံး၏ အင်အားအလုံးအရင်း ရှိသမျှနှင့်တကွ စစ်ချီ” ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် တောင်ဘုရင် ပဉ္စမမြောက် တော်လမီနှင့် ငြိမ်းချမ်းရေးအတွက် “သာတူညီမျှဖြစ်သည့် စည်းကမ်းချက်များ” ချမှတ်ခဲ့သည်။ ရောမ၏ တောင်းဆိုချက်များကြောင့် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် သူ၏စီမံကိန်းကို ပြောင်းလဲခဲ့ရသည်။ သူသည် မက်ဆီဒိုးနီးယားဘုရင် ပဉ္စမမြောက် ဖိလစ်နှင့် မဟာမိတ်ဖွဲ့၍ အီဂျစ်ပြည်၏ ငယ်ရွယ်နုနယ်သည့်ဘုရင်အား တိုက်ခိုက်၍ သူ၏နယ်မြေများကို သိမ်းပိုက်လာသည့်အခါ ပဉ္စမမြောက် တော်လမီ၏အုပ်ထိန်းစောင့်ရှောက်သူတို့က အကာအကွယ်အတွက် ရောမထံချဉ်းကပ်ကြသည်။ ရောမသည် ဩဇာနယ်ပယ်ချဲ့ထွင်ရေးအတွက် အခွင့်ကောင်းယူကာ မိမိ၏အင်အားကိုပြသခဲ့သည်။

၃၃။ (က) တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် ပဉ္စမမြောက် တော်လမီတို့ချုပ်ဆိုသည့် ငြိမ်းချမ်းရေးစာချုပ်ပါ စည်းကမ်းချက်များကား အဘယ်နည်း။ (ခ) ပထမမြောက် ကလီယိုပက်ထရာနှင့် ပဉ္စမမြောက် တော်လမီတို့ ထိမ်းမြားဆောင်နှင်းခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ၎င်းအကြံအစည် အဘယ်ကြောင့် ပျက်ပြားသွားရသနည်း။

၃၃ ရောမ၏အတင်းအကျပ် ဖိအားပေးမှုကြောင့် တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် တောင်ဘုရင်နှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်ရသည်။ ရောမတောင်းဆိုသည့်အတိုင်း သိမ်းပိုက်နယ်မြေများကို လက်လွှတ်မည့်အစား တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် သမီးတော် ပထမမြောက် ကလီယိုပက်ထရာ—“သမီးမိန်းမသား”—ကို ပဉ္စမမြောက် တော်လမီနှင့် ထိမ်းမြားဆောင်နှင်းခြင်းအားဖြင့် ထိုနယ်မြေများကို အမည်ခံသဘောဖြင့်လွှဲအပ်ရန် စီစဉ်ခဲ့သည်။ “ရတနာပြည်” ဖြစ်သည့် ယုဒပြည်အပါအဝင် လက်နက်နိုင်ငံများကို သတို့သမီးဘက်မှပေးသော လက်ဖွဲ့ပစ္စည်းအနေနှင့် ပေးအပ်မည်ဖြစ်သည်။ သို့သော်လည်း ဘီ.စီ.အီး. ၁၉၃ ခုနှစ်တွင် ထိမ်းမြားဆောင်နှင်းသည့်အခါ၌ ဆီးရီးယားဘုရင်သည် အဆိုပါလက်နက်နိုင်ငံများကို ပဉ္စမမြောက် တော်လမီအား လွှဲအပ်ခြင်းမပြုချေ။ ဤသည်ကား အီဂျစ်ကို ဆီးရီးယား၏ လက်အောက်ခံဖြစ်စေရန် ရည်ရွယ်ပြုလုပ်သည့် နိုင်ငံရေး ထိမ်းမြားဆောင်နှင်းခြင်းဖြစ်သည်။ သို့သော်လည်း ပထမမြောက် ကလီယိုပက်ထရာသည် နောက်ပိုင်းတွင် ခင်ပွန်းဘက်၌ ရပ်တည်ခြင်းအားဖြင့် ‘မြောက်ဘုရင်၏ ပိုင်ရာအဖြစ် ဆက်၍မတည်ရှိ’ သောကြောင့် ၎င်းစီမံကိန်း ပျက်ပြားသွားလေသည်။ တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် ရောမလူမျိုး စစ်ဖြစ်ပွားသည့်အခါ၌ အီဂျစ်သည် ရောမဘက်၌ ရပ်တည်ခဲ့သည်။

၃၄၊ ၃၅။ (က) မြောက်ဘုရင်သည် အဘယ် “ကမ်းရိုးတန်းဒေသများသို့” မျက်နှာလှည့်ခဲ့သနည်း။ (ခ) ရောမသည် မြောက်ဘုရင်ထံမှ “ကဲ့ရဲ့ပြစ်တင်ခြင်း” ကိုမည်သို့ အဆုံးသတ်ခဲ့သနည်း။ (ဂ) တတိယမြောက် အဲန်တိုင်းအားကပ်စ် မည်သို့သေဆုံးခဲ့သနည်း။ မြောက်ဘုရင် နောက်တစ်ပါး မည်သူဖြစ်လာသနည်း။

၃၄ မြောက်ဘုရင် အရေးနိမ့်ခြင်းနှင့်စပ်လျဉ်း၍ ကောင်းကင်တမန်က ဤသို့ထပ်လောင်းဆို၏–“ တစ်ဖန် သူ [တတိယမြောက် အဲန်တိုင်းအားကပ်စ်] သည် ကမ်းရိုးတန်းဒေသများသို့ မျက်နှာလှည့်၍ နယ်မြေများစွာကို အမှန်သိမ်းပိုက်လိမ့်မည်။ တပ်မှူးတစ်ဦး [ရောမ] လည်း သူ့ထံမှ မိမိခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြတ်စဲစေခြင်းဖြင့် [တတိယမြောက် အဲန်တိုင်းအားကပ်စ်ထံမှ] မိမိခံရသည့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပယ်ရှင်းလိမ့်မည်။ သူ [ရောမ] သည် ကဲ့ရဲ့ပြစ်တင်ခြင်းကို ထိုသူအပေါ်သို့ တန်ပြန်သက်ရောက်စေလိမ့်မည်။ သူ [တတိယမြောက် အဲန်တိုင်းအားကပ်စ်] သည်လည်း နေရင်းပြည်ရှိခံတပ်များသို့ မျက်နှာပြန်လှည့်ပြီးလျှင် ခလုတ်တိုက်မိ၍လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။”—ဒံယေလ ၁၁:၁၈၊ ၁၉၊ ကဘ။

၃၅ “ကမ်းရိုးတန်းဒေသများ” မှာ မက်ဆီဒိုးနီးယား၊ ဂရိနှင့် အာရှမိုင်းနားဒေသများ ဖြစ်ကြသည်။ ဘီ.စီ.အီး. ၁၉၂ ခုနှစ်တွင် ဂရိပြည်၌ စစ်ဖြစ်ပွားရာ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် အခွင့်ကောင်းယူ၍ ဂရိပြည်သို့ ဝင်ရောက်ခဲ့သည်။ ထိုဒေသအတွင်း နယ်မြေများ ထပ်မံသိမ်းပိုက်ရန် ဆီးရီးယားဘုရင်၏ ကြိုးပမ်းမှုကို မကျေနပ်သဖြင့် ရောမသည် တရားဝင် စစ်ကြေညာလိုက်သည်။ သာမောပလီးအရပ်တွင် ရောမလက်ချက်ဖြင့် စစ်ရှုံးနိမ့်ခဲ့သည်။ ဘီ.စီ.အီး. ၁၉၀ ပြည့်နှစ် မဂ္ဂနီးရှားတိုက်ပွဲရှုံးနိမ့်ပြီး တစ်နှစ်ခန့်အကြာတွင် သူသည် ဂရိပြည်၊ အာရှမိုင်းနားနှင့် တောရပ်စ်တောင်၏ အနောက်ဘက်ခြမ်းဒေသများရှိ ပိုင်ဆိုင်သမျှတို့ကို လက်လွှတ်လိုက်ရသည်။ ရောမသည် မြောက်ဘုရင် ဆီးရီးယားမင်းအား များပြားလှသည့်ဆက်ကြေး ပေးဆောင်စေသည့်အပြင် သူ့ကိုလည်း မိမိ၏သြဇာခံဖြစ်စေခဲ့သည်။ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ဂရိပြည်နှင့် အာရှမိုင်းနားဒေသမှ တိုက်ထုတ်ခြင်းခံရသည့်အပြင် သူ၏ရေတပ်မတော်လည်း လုံးဝနီးပါးပျက်ပြုန်းသွားသဖြင့် ‘နေရင်းပြည် [ဆီးရီးယား] ရှိ ခံတပ်များသို့ မျက်နှာပြန်လှည့်’ ခဲ့ရလေသည်။ ရောမလူမျိုးသည် ‘သူ့ထံမှ သူတို့ခံရသည့် ကဲ့ရဲ့ပြစ်တင်ခြင်းကို သူ့အပေါ်သို့ တန်ပြန်သက်ရောက်စေ’ ခဲ့သည်။ တတိယမြောက် အဲန်တိုင်းအားကပ်စ်သည် ဘီ.စီ.အီး. ၁၈၇ ခုနှစ်တွင် ပါးရှားပြည်၊ အဲလာမေးအားစ်မြို့ရှိ ဘုရားကျောင်းကို တိုက်ခိုက်လုယက်စဉ် သေဆုံးသွားသည်။ ဤသို့ဖြင့် သူသည် သေခြင်း၌ “တိုက်မိ၍လဲ” သွားရာ သားတော် စတုတ္ထမြောက် စီလူးကပ်စ်သည် မြောက်ဘုရင် နောက်တစ်ပါးအနေနှင့် အရိုက်အရာကိုဆက်ခံခဲ့သည်။

ဆိုင်ပြိုင်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွား

၃၆။ (က) တောင်ဘုရင်သည် ဆက်လက်ဆိုင်ပြိုင်တိုက်ခိုက်ရန် မည်သို့ကြိုးပမ်းခဲ့သနည်း။ သို့သော် မည်သို့ဖြစ်သွားသနည်း။ (ခ) စတုတ္ထမြောက် စီလူးကပ်စ်သည် မည်သို့လဲကျခဲ့သနည်း။ သူ့အရိုက်အရာကို မည်သူဆက်ခံခဲ့သနည်း။

၃၆ တောင်ဘုရင် ပဉ္စမမြောက် တော်လမီသည် ကလီယိုပက်ထရာ၏ လက်ဖွဲ့ပစ္စည်းအဖြစ် မိမိရသင့်ရထိုက်သည့် လက်နက်နိုင်ငံများကို ရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း အဆိပ်ခတ်သတ်ခြင်းခံရသဖြင့် သူ၏ကြိုးပမ်းမှုများ ပျက်ပြားသွားခဲ့သည်။ ဆဋ္ဌမမြောက် တော်လမီက အရိုက်အရာကိုဆက်ခံခဲ့သည်။ စတုတ္ထမြောက် စီလူးကပ်စ်ကော မည်သို့ဖြစ်သွားသနည်း။ ရောမကိုပေးဆက်ရသော များပြားလှသည့် ဆက်ကြေးကြောင့် ငွေကြေးလိုအပ်သဖြင့် သူသည် ယေရုရှလင် ဗိမာန်တော်အတွင်း သိုလှောင်သိမ်းဆည်းထားသည်ဟုဆိုသော ဥစ္စာဘဏ္ဍာများကို သိမ်းယူရန် ဘဏ္ဍာရေးမှူး ဟီလီယိုဒိုးရပ်စ်ကို စေလွှတ်ခဲ့သည်။ ဟီလီယိုဒိုးရပ်စ်သည် ထီးနန်းကိုလိုချင်သဖြင့် စတုတ္ထမြောက် စီလူးကပ်စ်ကို လုပ်ကြံလေ၏။ သို့သော်လည်း ပါးဂမမ်း (ပေရဂံ) ဘုရင် ယူးမနီးဇ်နှင့် ညီတော် အက်တလပ်စ်တို့က လုပ်ကြံခံရသည့် ဘုရင်၏ညီတော် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်ကို နန်းတင်ခဲ့သည်။

၃၇။ (က) စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် ယေဟောဝါဘုရားသခင်ထက် တန်ခိုးကြီးကြောင်းပြသရန် မည်သို့အားထုတ်ခဲ့သနည်း။ (ခ) ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကို စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ် မလေးမစားပြုခြင်းကြောင့် အဘယ်အကျိုးဆက် ဖြစ်ပေါ်ခဲ့သနည်း။

၃၇ မြောက်ဘုရင်အသစ် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် ယေဟောဝါ၏ ကိုးကွယ်ဝတ်ပြုရေး အစီအစဉ်ကိုပယ်ရှားရန် ကြိုးပမ်းခြင်းအားဖြင့် မိမိကိုယ်ကို ဘုရားသခင်ထက် တန်ခိုးကြီးကြောင်းပြသရန် အားထုတ်ခဲ့သည်။ သူသည် ယေဟောဝါအား အန်တုသည့်အနေနှင့် ယေရုရှလင် ဗိမာန်တော်ကို ဇူးစ် (ဇုသ)၊ သို့မဟုတ် ဂျူပီတာအား ရည်စူးအပ်နှံခဲ့သည်။ ဘီ.စီ.အီး. ၁၆၇ ခုနှစ်တွင် ယေဟောဝါထံ နေ့စဉ်မီးရှို့ရာပူဇော်သကာဆက်သရာ ဗိမာန်တော်တံတိုင်းအတွင်းရှိ ယဇ်ပလ္လင်ကြီး၏အထက်တွင် တိတ္ထိယဇ်ပလ္လင်တစ်ခုကို တည်လုပ်ခဲ့သည်။ ဆယ်ရက်ကြာပြီးနောက် ထိုတိတ္ထိယဇ်ပလ္လင်ပေါ်တွင် ဇူးစ်အား ယဇ်ပူဇော်ခဲ့ကြသည်။ ဤအဂါရဝပြုမှုကြောင့် မက္ကဘီးတို့၏ ဦးဆောင်မှုဖြင့် ဂျူးလူမျိုးများ ထကြွပုန်ကန်ခဲ့ကြသည်။ စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် သုံးနှစ်တိုင်တိုင် တိုက်ခိုက်နှိမ်နင်းခဲ့သည်။ ဘီ.စီ.အီး. ၁၆၄ ခုနှစ်၊ ဗိမာန်တော် မလေးမစားပြုခြင်းခံရသည့် နှစ်ပတ်လည်နေ့တွင် ယုဒမက္ကဘီးယပ်စ်က ဗိမာန်တော်ကို ယေဟောဝါထံ ပြန်လည်အပ်နှံခဲ့ခြင်းဖြင့် အနုမောဒနာပွဲ—ဟန်နုကာ—ကိုစတင်ကျင်းပခဲ့သည်။—ယောဟန် ၁၀:၂၂။

၃၈။ မက္ကဘီးတို့၏အုပ်ချုပ်မှု အဘယ်သို့ ဆုံးခန်းတိုင်ခဲ့သနည်း။

၃၈ မက္ကဘီးတို့သည် ဘီ.စီ.အီး. ၁၆၁ ခုနှစ်တွင် ရောမတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ဖွယ်ရှိပြီး ဘီ.စီ.အီး. ၁၀၄ ခုနှစ်တွင် နိုင်ငံတစ်ခုကိုတည်ထောင်ခဲ့သည်။ သို့သော် သူတို့နှင့် မြောက်ပြည် ဆီးရီးယားဘုရင် စပ်ကြားရှိရန်လိုမှုမှာမူ ဆက်၍တည်ရှိခဲ့သည်။ နောက်ဆုံး၌ ရောမသည် ဤပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်ခဲ့ရသည်။ ရောမဗိုလ်ချုပ်ကြီး ဂနိုင်းယပ်စ် ပွန်ပေက သုံးလကြာ ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် ဘီ.စီ.အီး. ၆၃ ခုနှစ်တွင် ယေရုရှလင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ဘီ.စီ.အီး. ၃၉ ခုနှစ်တွင် ရောမအထက်လွှတ်တော်က ဧဒုံလူမျိုး ဟေရုဒ်အား ယုဒပြည်၏ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဘီ.စီ.အီး. ၃၇ ခုနှစ်တွင် ယေရုရှလင်မြို့ကို သိမ်းပိုက်ခြင်းဖြင့် မက္ကဘီးတို့၏အုပ်ချုပ်မှုကို အဆုံးတိုင်စေခဲ့သည်။

၃၉။ ဒံယေလ ၁၁:၁-၁၉ ကိုသုံးသပ်ခြင်းမှ သင်အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။

၃၉ ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသော ဘုရင်နှစ်ပါးနှင့်ပတ်သက်သော ပရောဖက်ပြုချက်၏ ပထမပိုင်း အသေးစိတ်ပြည့်စုံခဲ့သည်ကို တွေ့မြင်ရသည်မှာ မည်မျှပီတိဖြာစရာပါတကား! ဒံယေလအား ၎င်းပရောဖက်ပြုချက် သတင်းစကားပေးပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့်အတွင်းဖြစ်ပျက်ခဲ့သည့် သမိုင်းကြောင်းကို စေ့စေ့စပ်စပ် စူးစမ်းလေ့လာ၍ မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ကဏ္ဍတွင် အသီးသီး နေရာယူခဲ့ကြသည့် အုပ်စိုးရှင်များကို ကွဲကွဲပြားပြား သိမြင်ခဲ့ရသည်မှာ မည်မျှ သည်းထိတ်ရင်ဖိုဖွယ်ပါတကား! သို့ရာတွင် ယေရှုခရစ် ကမ္ဘာပေါ် ထင်ရှားရှိခဲ့စဉ်မှ ကျွန်ုပ်တို့လက်ထက်တိုင်အောင် ခေတ်ကာလတစ်လျှောက် အဆိုပါဘုရင်နှစ်ပါးစပ်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ၎င်းဘုရင်နှစ်ပါး ကိုယ်စားပြုသည့် နိုင်ငံရေးစနစ်များလည်း ပြောင်းလဲလျက်ရှိသည်။ သမိုင်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ဤပရောဖက်ပြုချက်တွင် ဖော်ပြထားသော အာရုံဆွဲဆောင်သည့် အသေးစိတ်အချက်တို့ကို ယှဉ်တွဲလေ့လာခြင်းဖြင့် ဆိုင်ပြိုင်တိုက်ခိုက်လျက်ရှိသည့် ၎င်းဘုရင်နှစ်ပါး မည်သူမည်ဝါဖြစ်ကြောင်း ကွဲကွဲပြားပြား သိမြင်နိုင်မည်ဖြစ်သည်။

အဘယ်အချက်ကို သိမြင်ခဲ့သနည်း

• ဟေလင်းနစ်နိုင်ငံများထဲမှ အဘယ်တန်ခိုးကြီးသည့် မင်းဆက်နှစ်ခု ပေါ်ထွက်ခဲ့သနည်း။ ၎င်းဘုရင်တို့က အဘယ်ဆိုင်ပြိုင်တိုက်ခိုက်မှုကို အစပြုခဲ့သနည်း။

• ဒံယေလ ၁၁:၆ ၌ဖော်ပြထားသည့်အတိုင်း ၎င်းဘုရင်နှစ်ပါးသည် “သာတူညီမျှဖြစ်သည့် သဘောတူညီချက်” မည်သို့ချုပ်ဆိုခဲ့ကြသနည်း။

• အောက်ပါဘုရင်များအချင်းချင်း မည်သို့ဆက်လက် ဆိုင်ပြိုင်တိုက်ခိုက်ခဲ့ကြသနည်း ဒုတိယမြောက် စီလူးကပ်စ်နှင့် တတိယမြောက် တော်လမီ (ဒံယေလ ၁၁:၇-၉) တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် စတုတ္ထမြောက် တော်လမီ (ဒံယေလ ၁၁:၁၀-၁၂) တတိယမြောက် အဲန်တိုင်းအားကပ်စ်နှင့် ပဉ္စမမြောတ် တော်လမီ (ဒံယေလ ၁၁:၁၃-၁၆)

• ပထမမြောက် ကလီယိုပက်ထရာနှင့် ပဉ္စမမြောက် တော်လမီတို့၏ ထိမ်းမြားဆောင်နှင်းခြင်းသည် အဘယ်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သနည်း။ ယင်းအကြံအစည် အဘယ်ကြောင့် ပျက်ပြားခဲ့ရသနည်း (ဒံယေလ ၁၁:၁၇-၁၉)။

• ဒံယေလ ၁၁:၁-၁၉ ကိုဂရုပြုခြင်းမှ သင် အဘယ်အကျိုးကျေးဇူး ရရှိသနည်း။

[စာမျက်နှာ ၂၂၈ ပါ ရုပ်ပုံ]

ဒံယေလ ၁၁:၅-၁၉ မှဘုရင်များ

မြောက်ဘုရင် တောင်ဘုရင်

ဒံယေလ ၁၁:၅ ပထမမြောက် စီလူးကပ်စ် နီကေတာ ပထမမြောက် တော်လမီ

ဒံယေလ ၁၁:၆ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ် ဒုတိယမြောက် တော်လမီ

(ကြင်ရာတော် လေအိုဒီးစီ) (သမီးတော် ဘဲရာနိုင်းစီ)

ဒံယေလ ၁၁:၇-၉ ဒုတိယမြောက် စီလူးကပ်စ် တတိယမြောက် တော်လမီ

ဒံယေလ ၁၁:၁၀-၁၂ တတိယမြောက် အဲန်တိုင်းအားကပ်စ် စတုတ္ထမြောက် တော်လမီ

ဒံယေလ ၁၁:၁၃-၁၉ တတိယမြောက် အဲန်တိုင်းအားကပ်စ် ပဉ္စမမြောက် တော်လမီ

(သမီးတော် ပထမမြောက် ကလီယိုပက်ထရာ) ဆက်ခံသူ–

ဆက်ခံသူများ– ဆဋ္ဌမမြောက် တော်လမီ

စတုတ္ထမြောက် စီလူးကပ်စ်နှင့်

စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်

[ရုပ်ပုံ]

ဒုတိယမြောက် တော်လမီနှင့် ကြင်ယာတော်ပုံ သွန်းလုပ်ထားသောဒ င်္ဂါး

[ရုပ်ပုံ]

ပထမမြောက် စီလူးကပ်စ် နီကေတာ

[ရုပ်ပုံ]

တတိယမြောက် အဲန်တိုင်းအားကပ်စ်

[ရုပ်ပုံ]

ဆဋ္ဌမမြောက် တော်လမီ

[ရုပ်ပုံ]

တတိယမြောက် တော်လမီနှင့် ၎င်း၏အရိုက်အရာဆက်ခံသူများသည် အထက်အီဂျစ်ပြည်၊ အိဒ်ဖူးမြို့တွင် ဤဘုရားကျောင်းကို ဆောက်လုပ် ခဲ့ကြသည်

[စာမျက်နှာ ၂၁၆၊၂၁၇ ပါ မြေပုံ/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

“မြောက်ဘုရင်” နှင့် “တောင်ဘုရင်” ဟူသောအမည်များမှာ ဒံယေလ၏အမျိုးသားချင်းတို့ တိုင်းပြည်၏ မြောက်ဘက်နှင့်တောင်ဘက်ရှိ ရှင်ဘုရင်များကို ရည်ညွှန်းသည်

မက်ဆီဒိုးနီးယား

ဂရိ

အာရှမိုင်းနား

အစ္စရေး

လစ်ဗျား

အီဂျစ်

အီသီယိုးပီးယား

ဆီးရီးယား

ဗာဗုလုန်

အာရေဗျ

[ရုပ်ပုံ]

ဒုတိယမြောက် တော်လမီ

[ရုပ်ပုံ]

မဟာ အဲန်တိုင်းအားကပ်စ်

[ရုပ်ပုံ]

မဟာအဲန်တိုင်းအားကပ်စ် တရားဝင်ထုတ်ဆင့်သော အမိန့်များပါရှိသည့် ကျောက်ပြား

[ရုပ်ပုံ]

ပဉ္စမမြောက် တော်လမီပုံ ပါရှိသော ဒ င်္ဂါးပြား

[ရုပ်ပုံ]

အီဂျစ်ပြည်၊ ကာနက်မြို့ရှိ တတိယမြောက် တော်လမီမြို့တံခါး

[စာမျက်နှာ ၂၁၀ ပါ ရုပ်ပုံ]

[စာမျက်နှာ ၂၁၅ ပါ ရုပ်ပုံ]

ပထမမြောက် စီလူးကပ်စ် နီကေတာ

[စာမျက်နှာ ၂၁၈ ပါ ရုပ်ပုံ]

ပထမမြောက် တော်လမီ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ