ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၁၅ စာ. ၂၅၆-၂၆၉
  • ပြိုင်ဘက်ဘုရင်နှစ်ပါး ၂၀ ရာစုအတွင်းသို့ ဝင်ရောက်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြိုင်ဘက်ဘုရင်နှစ်ပါး ၂၀ ရာစုအတွင်းသို့ ဝင်ရောက်ခြင်း
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အဆိုးပြုရန် ကြံစည်”
  • “သန့်ရှင်းသော ပဋိညာဉ်တရားကို ဆန့်ကျင်ဘက်ပြု”
  • ဘုရင်သည် စစ်ပွဲတွင် ‘စိတ်ပျက်မှိုင်တွေခြင်း’
  • ဘုရင်သည် “ထိထိရောက်ရောက်” ပြုမူဆောင်ရွက်
  • ဘုရင်ထံမှ “စစ်သည်ဗိုလ်ပါများ” ထွက်ပေါ်လာခြင်း
  • ‘စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထားခြင်း’
  • ယေဟောဝါ၏သန့်ရှင်းရာဌာနတော်ကို မင်းတစ်ပါးမထီလေးစားပြု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အဆုံးပိုင်းကာလမှာ “မြောက်ဘုရင်” ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ပြိုင်ဘက်ဘုရင်နှစ်ပါး အဆုံးသို့ ရောက်လုနီးပြီ
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ဒီနေ့ခေတ်မှာ “မြောက်ဘုရင်” ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၁၅ စာ. ၂၅၆-၂၆၉

အခန်း ဆယ့်ငါး

ပြိုင်ဘက်ဘုရင်နှစ်ပါး ၂၀ ရာစုအတွင်းသို့ ဝင်ရောက်ခြင်း

၁။ မည်သူတို့သည် ၁၉-ရာစုနှစ် ဥရောပ၏ ခေါင်းဆောင်များဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ဦးက ဆိုသနည်း။

“ဆယ့်ကိုး-ရာစုနှစ် ဥရောပသည် ယခင်အခါက မရှိခဲ့ဖူးသည့် အတိုင်းအတာဖြင့် အင်အားကြီးမားပြည့်ဝခဲ့သည်” ဟုသမိုင်းပညာရှင် နော်မန် ဒေးဗီစ်က ရေးသားခဲ့သည်။ “ဥရောပသည် ယခင်ကနှင့်မတူဘဲ စက်မှုနည်းပညာစွမ်းအား၊ စီးပွားရေးစွမ်းအား၊ ယဉ်ကျေးမှုစွမ်းအား၊ တိုက်ချင်းဆက်ဆံရေးစွမ်းအားတို့ဖြင့် လျှမ်းလျှမ်းတောက်လျက်ရှိသည်” ဟုထပ်လောင်းဆိုသည်။ “ဥရောပ၏ အောင်ပွဲခံ ‘စွမ်းအားဆိုင်ရာ ရာစုနှစ်’ ၏ခေါင်းဆောင်တို့မှာ အစပိုင်းတွင် ဂရိတ်ဗြိတိန်ဖြစ်ပြီး . . . နောက်ပိုင်းဆယ်စုနှစ်များတွင် ဂျာမနီဖြစ်လာသည်” ဟုဒေးဗီစ်ကဆို၏။

“အဆိုးပြုရန် ကြံစည်”

၂။ ၁၉ ရာစုနှစ် ကုန်ဆုံးချိန်တွင် မည်သည့် အာဏာစက်များက “မြောက်ဘုရင်” နှင့် “တောင်ဘုရင်” ၏အခန်းကဏ္ဍများကို ယူခဲ့ကြသနည်း။

၂ ၁၉ ရာစု ကုန်ဆုံးခါနီးတွင် ဂျာမန်အင်ပါယာသည် “မြောက်ဘုရင်” ဖြစ်ပြီး ဗြိတိန်သည် “တောင်ဘုရင်” အရာ၌ ရပ်တည်ခဲ့သည်။ (ဒံယေလ ၁၁:၁၄၊ ၁၅) “ထိုဘုရင် နှစ်ပါးတို့သည် အဆိုးပြုရန် ကြံစည်လျက် စားပွဲတစ်ခုတည်း၌ မုသားစကားကို မပြတ် ပြောကြလိမ့်မည်” ဟူ၍ ယေဟောဝါ၏ကောင်းကင်တမန်ကဆို၏။ “သို့သော်လည်း အထမြောက်မည်မဟုတ်။ အကြောင်းမူကား အဆုံးသည် ချိန်းချက်သောကာလ၌ ရောက်လာလိမ့်မည်” ဟူ၍ဆက်လက်ဆို၏။—ဒံယေလ ၁၁:၂၇၊ ကဘ။

၃၊ ၄။ (က) ဂျာမန် ရိုက်ခ်၏ ပထမ ဧကရာဇ် မည်သူဖြစ်လာသနည်း။ အဘယ်မဟာမိတ်အဖွဲ့ ဖွဲ့ခဲ့သနည်း။ (ခ) ကိုင်ဇာ ဝီးလ်ဟဲလ်မ်းသည် အဘယ်မူဝါဒကို လိုက်ခဲ့သနည်း။

၃ ၁၈၇၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပထမမြောက် ဝီးလ်ဟဲလ်မ်းသည် ဂျာမန် ရိုက်ခ်၊ သို့မဟုတ် ဂျာမန် အင်ပါယာ၏ ပထမဦးဆုံးသော ဧကရာဇ် ဖြစ်လာသည်။ သူက အော့တို ဖွန် ဘစ္စမာ့ခ်ကို နိုင်ငံတော် အဓိပတိအဖြစ် ခန့်အပ်သည်။ ဘစ္စမာ့ခ်သည် အင်ပါယာသစ် ဖွံ့ဖြိုးတိုးတက်ရေးကိုရှေးရှုလျက် အခြားနိုင်ငံများနှင့် ပဋိပက္ခ မဖြစ်ပွားအောင် ရှောင်ရှား၍ ဩစထရီးယား-ဟန်ဂေရီနှင့် အီတလီတို့နှင့် သုံးနိုင်ငံမဟာမိတ် ဟုခေါ်တွင်သည့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် များမကြာမီတွင် ဤမြောက်ဘုရင်အသစ်၏ အကျိုးစီးပွားနှင့် တောင်ဘုရင်၏ အကျိုးစီးပွားတို့ ထိပ်တိုက်ဆန့်ကျင်မှု ဖြစ်လာလေသည်။

၄ ပထမမြောက် ဝီးလ်ဟဲလ်မ်းနှင့် သူ၏အရိုက်အရာဆက်ခံသူ၊ တတိယမြောက် ဖရက်ဒရစ်ခ်တို့ ၁၈၈၈ ခုနှစ်တွင် ကွယ်လွန်ကြပြီးနောက် ၂၉-နှစ်အရွယ်ရှိ ဒုတိယမြောက် ဝီးလ်ဟဲလ်မ်း နန်းတက်၏။ ဒုတိယမြောက် ဝီးလ်ဟဲလ်မ်း၊ သို့မဟုတ် ကိုင်ဇာ ဝီးလ်ဟဲလ်မ်းသည် ဘစ္စမာ့ခ်အား ရာထူးမှနုတ်ထွက်စေပြီးနောက် ကမ္ဘာတစ်ဝန်းတွင် ဂျာမန်သြဇာအရှိန်အဝါ ချဲ့ထွင်ရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ “ဒုတိယမြောက် ဝီးလ်ဟဲလ်မ်း အုပ်စိုးမှုအောက်တွင် [ဂျာမနီသည်] မောက်မာ၍ ခက်ထန်ကြမ်းကြုတ်သည့် အသွင်ဆောင်လာသည်” ဟုသမိုင်းပညာရှင်တစ်ဦးက ဆိုသည်။

၅။ ဘုရင်နှစ်ပါးသည် “စားပွဲတစ်ခုတည်း၌” မည်သို့အတူထိုင်ခဲ့ကြသနည်း။ အဘယ်အကြောင်းအရာ ပြောဆိုဆွေးနွေးကြသနည်း။

၅ ၁၈၉၈ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့၊ ရုရှားနိုင်ငံ၏ဇာဘုရင် ဒုတိယမြောက် နီကိုလပ်စ်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရန် ဖိတ်ခေါ်သည့်အချိန်တွင် နိုင်ငံတကာအခြေအနေမှာ တင်းမာလျက်ရှိသည်။ ဤဆွေးနွေးပွဲနှင့် ၁၉၀၇ ခုနှစ်တွင် ဆက်လက်ကျင်းပသည့် ဆွေးနွေးပွဲတို့၌ သည်ဟိတ်မြို့ အမြဲတမ်း ခုံသမာဓိအဖွဲ့ တရားရုံးကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဂျာမန် ရိုက်ခ်နှင့်တကွ ဂရိတ်ဗြိတိန်တို့သည် ထိုတရားရုံး၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လိုလားဟန် ပြခဲ့ကြသည်။ သူတို့သည် ခင်မင်ရင်းနှီးသည့်ပုံစံနှင့် “စားပွဲတစ်ခုတည်း၌” ထိုင်ကြသော်လည်း ‘အဆိုးပြုရန် ကြံစည်ကြ၏။’ သံတမန် နည်းပရိယာယ်ဖြင့် ‘စားပွဲတစ်ခုတည်း၌ မုသားစကားကို ပြောခြင်းဖြင့်’ စစ်မှန်သော ငြိမ်းချမ်းရေးကို မြှင့်တင်မပေးနိုင်ချေ။ သူတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးရည်မှန်းချက်တို့သည် “အထမြောက်မည်မဟုတ်။” အကြောင်းမူကား ၎င်းဘုရင်နှစ်ပါး၏အဆုံးသည် ယေဟောဝါဘုရားသခင် “ချိန်းချက်တော်မူသောသောကာလ၌ ရောက်လာလိမ့်မည်” ဖြစ်သောကြောင့်တည်း။

“သန့်ရှင်းသော ပဋိညာဉ်တရားကို ဆန့်ကျင်ဘက်ပြု”

၆၊ ၇။ (က) မြောက်ဘုရင်သည် အဘယ်သို့ “နေရင်းပြည်သို့ ပြန်သွား” ခဲ့သနည်း။ (ခ) မြောက်ဘုရင်၏ ဩဇာအာဏာချဲ့ထွင်ခြင်းကို တောင်ဘုရင်က မည်သို့တုံ့ပြန်ခဲ့သနည်း။

၆ ဘုရားသခင့်ကောင်းကင်တမန်က ဤသို့ဆက်၍ဆို၏– “မြောက်ဘုရင်သည် များစွာသောဥစ္စာပစ္စည်းနှင့်တကွ နေရင်းပြည်သို့ ပြန်သွားလျက် သူ့နှလုံးသည် သန့်ရှင်းသော ပဋိညာဉ်တရားကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သူသည် ထိထိရောက်ရောက် ပြုမူဆောင်ရွက်ပြီးနောက် နေရင်းပြည်သို့ မုချပြန်သွားလိမ့်မည်။”—ဒံယေလ ၁၁:၂၈၊ ကဘ။

၇ ကိုင်ဇာ ဝီးလ်ဟဲလ်မ်းသည် ရှေးခေတ် မြောက်ဘုရင်၏ “ပြည်၊” သို့မဟုတ် မြေကြီးဆိုင်ရာ အခြေအနေသို့ ပြန်သွားခဲ့သည်။ အဘယ်သို့ ပြန်သွားခဲ့သနည်း။ ဂျာမန် ရိုက်ခ်ကို တိုးချဲ့၍ ဩဇာအာဏာချဲ့ထွင်ရေး ရည်မှန်းချက်ဖြင့် ဧကရာဇ်အုပ်ချုပ်ရေးကို တည်ထောင်ခြင်းအားဖြင့်ဖြစ်သည်။ ဒုတိယမြောက် ဝီးလ်ဟဲလ်မ်းသည် အာဖရိကတိုက်နှင့် အခြားဒေသများတွင် ကိုလိုနီနယ်ပယ်များကို တည်ထောင်ခဲ့သည်။ ပင်လယ်ပြင်တွင် ဗြိတိသျှ၏ ကြီးစိုးမှုကို အန်တုသည့်အနေနှင့် အင်အားကြီးမားသည့် ရေတပ်ကို ဆက်၍တည်ဆောက်ခဲ့သည်။ “ဂျာမနီ၏ ရေတပ်အင်အားသည် အရေးမယူရလောက်သော အခြေအနေမှသည် ဆယ်နှစ်သာသာ ကာလအတွင်း ဗြိတိန်ပြီးလျှင် အင်အားအကြီးမားဆုံး ဖြစ်လာသည်” ဟု ဗြိတိန် စွယ်စုံကျမ်းသစ် ကဆို၏။ ဗြိတိန်ကလည်း မိမိ၏ ဩဇာလွှမ်းမိုးမှုကို ထိန်းသိမ်းကာကွယ်ရေးအတွက် ရေတပ်အင်အားကို မလွဲမသွေ တိုးချဲ့ခဲ့ရသည်။ ဗြိတိန်သည် ပြင်သစ်နှင့် ချစ်ကြည်ရေး သဘောတူညီချက်ကို စေ့စပ်ညှိနှိုင်းခဲ့သည့်အပြင် ရုရှားနှင့်လည်း အလားတူ သဘောတူညီချက် ချုပ်ဆိုခြင်းဖြင့် သုံးနိုင်ငံ ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအချိန်တွင် ဥရောပတိုက်သည် စစ်အုပ်စုနှစ်စု—သုံးနိုင်ငံ မဟာမိတ်အဖွဲ့ကတစ်ဖက်၊ သုံးနိုင်ငံ ချစ်ကြည်ရေးအဖွဲ့ကတစ်ဖက်—အဖြစ် ကွဲပြားလျက်ရှိသည်။

၈။ ဂျာမန်အင်ပါယာသည် “များစွာသော ဥစ္စာပစ္စည်း” ကို မည်သို့ရရှိခဲ့သနည်း။

၈ ဂျာမန်အင်ပါယာသည် ရန်လိုကျူးကျော်ရေး မူဝါဒကို ကျင့်သုံးခြင်းဖြင့် ဂျာမနီအတွက် “များစွာသော ဥစ္စာပစ္စည်း” ရရှိစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂျာမနီသည် သုံးနိုင်ငံမဟာမိတ်အဖွဲ့တွင် အဓိကနိုင်ငံ ဖြစ်သောကြောင့်တည်း။ ဩစထရီးယား-ဟန်ဂေရီနှင့် အီတလီတို့သည် ကက်သလစ်နိုင်ငံများ ဖြစ်ကြ၏။ ထို့ကြောင့် သုံးနိုင်ငံမဟာမိတ်အဖွဲ့သည် ပုပ်ရဟန်မင်းကြီး၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြသည်။ အများအားဖြင့် ကက်သလစ်နိုင်ငံ မဟုတ်သည့် သုံးနိုင်ငံချစ်ကြည်ရေးအဖွဲ့မှာမူ အားပေးထောက်ခံမှု မရရှိခဲ့ချေ။

၉။ မြောက်ဘုရင်၏နှလုံးသည် အဘယ်သို့ ‘သန့်ရှင်းသော နိုင်ငံတော် ပဋိညာဉ်ကို ဆန့်ကျင်ဘက်ပြု’ ခဲ့သနည်း။

၉ ယေဟောဝါ၏လူမျိုးတော်ကော မည်သို့ရှိသနည်း။ သူတို့က ၁၉၁၄ ခုနှစ်တွင် “လူမျိုးခြားတို့၏ ချိန်းချက်သောအချိန်ကာလ” ကုန်ဆုံးမည်ဖြစ်ကြောင်း ကြာမြင့်စွာကတည်းက ကြေညာခဲ့ကြသည်။a (လုကာ ၂၁:၂၄၊ ကဘ) ထိုနှစ်တွင် ဒါဝိဒ်မင်း၏အမွေခံ၊ ယေရှုခရစ်၏လက်ဝယ်ရှိ ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်ဘုံတွင် တည်ထောင်ခဲ့သည်။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆; လုကာ ၂၂:၂၈၊ ၂၉) အစောဆုံး ၁၈၈၀ ပြည့်နှစ် မတ်လတွင် ကင်းမျှော်စင် မဂ္ဂဇင်းက ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုကို “လူမျိုးခြားတို့၏ ချိန်းချက်သောအချိန်ကာလ၊” သို့မဟုတ် ‘တစ်ပါးအမျိုးသားတို့၏ အချိန်ကာလ’ နှင့်ဆက်စပ်ခဲ့သည်။ သို့သော်လည်း ဂျာမန် မြောက်ဘုရင်၏နှလုံးသည် ‘သန့်ရှင်းသော နိုင်ငံတော်ပဋိညာဉ်ကို ဆန့်ကျင်ဘက်ပြု’ ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်မှုကို အသိအမှတ်ပြုမည့်အစား ကိုင်ဇာ ဝီးလ်ဟဲလ်မ်းသည် ကမ္ဘာစိုးမိုးရေး အကြံအစည်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် ‘ထိထိရောက်ရောက် ပြုမူဆောင်ရွက်’ ခဲ့သည်။ ဤသို့ပြုခြင်းဖြင့် သူသည် ပထမကမ္ဘာစစ်အတွက် မျိုးစေ့ချခဲ့လေသည်။

ဘုရင်သည် စစ်ပွဲတွင် ‘စိတ်ပျက်မှိုင်တွေခြင်း’

၁၀၊ ၁၁။ ပထမကမ္ဘာစစ် မည်သို့စတင်ခဲ့သနည်း။ ဤစစ်သည် “ချိန်းချက်တော်မူသောကာလ၌” မည်သို့ဖြစ်ပွားခဲ့သနည်း။

၁၀ “ချိန်းချက်တော်မူသောကာလ၌ သူ [မြောက်ဘုရင်] သည် ပြန်သွား၍ တောင်မျက်နှာသို့ စစ်ချီတိုက်ခိုက်လိမ့်မည်။ သို့ရာတွင် အရင်ဖြစ်သကဲ့သို့ ဤအချိန်၌ ဖြစ်မည်မဟုတ်” ဟုကောင်းကင်တမန်က ဟော၏။ (ဒံယေလ ၁၁:၂၉၊ ကဘ) ကမ္ဘာမြေအား လူမျိုးခြားစိုးမိုးခြင်းကို အဆုံးသတ်ရန် ဘုရားသခင် “ချိန်းချက်တော်မူသောကာလ” သည် ကောင်းကင်နိုင်ငံတော်တည်ထောင်သည့် ၁၉၁၄ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ ထိုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ဩစထရီးယား မင်းသားကြီး ဖရန်စစ္စ ဖာဒီနန်နှင့် ကြင်ရာတော်တို့သည် ဘော့စနီးယားပြည် ဆာရာယေဗိုမြို့တွင် ဆားဗီးယားလူမျိုး အကြမ်းဖက်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရလေသည်။ ဤကား ပထမကမ္ဘာစစ်ကို မီးကူးညှိပေးလိုက်သည့် မီးပွားကလေးပင်တည်း။

၁၁ ကိုင်ဇာ ဝီးလ်ဟဲလ်မ်းက ဩစထရီးယား-ဟန်ဂေရီအား ဆားဗီးယားကို လက်စားချေရန် တိုက်တွန်းလိုက်သည်။ ဩစထရီးယား-ဟန်ဂေရီသည် ဂျာမနီ၏ထောက်ခံမှုကို ရရှိသဖြင့် ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဆားဗီးယားအား စစ်ကြေညာလိုက်သည်။ သို့သော် ရုရှားက ဆားဗီးယားဘက်မှ ဝင်ရောက်ကူညီသည်။ ထိုအခါ ဂျာမနီက ရုရှားကို စစ်ကြေညာလိုက်ရာ သုံးနိုင်ငံချစ်ကြည်ရေးအဖွဲ့ဝင်ဖြစ်သည့် ပြင်သစ်က ရုရှားကို အားပေးကူညီသည်။ ထိုအခါ ဂျာမနီက ပြင်သစ်ကို စစ်ကြေညာပြန်သည်။ ဂျာမနီက ပါရီမြို့ကို ပိုမိုလွယ်ကူစွာ သိမ်းပိုက်နိုင်ရန်အတွက် ဘယ်လ်ဂျီယံကို ချင်းနင်းဝင်ရောက်လေသည်။ ဘယ်လ်ဂျီယံ၏ ကြားနေခြင်းကို ဗြိတိန်က အာမခံချက်ပေးထားသဖြင့် ဗြိတိန်က ဂျာမနီကို စစ်ကြေညာလိုက်သည်။ အခြားနိုင်ငံများလည်း စစ်ပွဲတွင်ပါဝင်လာကြရာ အီတလီသည် ချစ်ကြည်ရေးအဖွဲ့သို့ ကူးပြောင်းခဲ့သည်။ စစ်ကာလအတွင်း ဆူးအက်စ်တူးမြောင်းကို ဖြတ်တောက်ပိတ်ဆို့၍ ရှေးခေတ် တောင်ဘုရင်၏ ပိုင်နက်ဖြစ်သည့် အီဂျစ်ကို မြောက်ဘုရင် ကျူးကျော်ဝင်ရောက်မည့် ဘေးရန်ကို ဟန့်တားသည့်အနေနှင့် ဗြိတိန်သည် အီဂျစ်ကို မိမိ၏ ကာကွယ်စောင့်ရှောက်ခံနိုင်ငံ ဖြစ်စေခဲ့သည်။

၁၂။ ပထမကမ္ဘာစစ်အတွင်း အခြေအနေသည် အဘယ်နည်းဖြင့် ‘အရင်ဖြစ်သကဲ့သို့ ဖြစ်မလာတော့’ သနည်း။

၁၂ “မဟာမိတ်တို့၏ အရွယ်ပမာဏနှင့် စစ်အင်အား ကြီးမားစေကာမူ ဂျာမနီသည် စစ်ပွဲကို အနိုင်ရလုခမန်း ဖြစ်ခဲ့သည်” ဟု ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း ကဆို၏။ ရှေးယခင်က ဘုရင်နှစ်ပါးစပ်ကြား ဖြစ်ပွားသည့် ဆိုင်ပြိုင်တိုက်ခိုက်မှုများ၌ မြောက်ဘုရင်ဖြစ်သည့် ရောမအင်ပါယာသည် အစဉ်သဖြင့် အောင်ပွဲရရှိခဲ့သည်။ သို့ရာတွင် ဤတစ်ကြိမ်တွင် ‘အရင်ဖြစ်သကဲ့သို့ ဖြစ်မလာတော့ချေ။’ မြောက်ဘုရင်သည် စစ်ရှုံးခဲ့လေသည်။ ကောင်းကင်တမန်က အကြောင်းရင်းကို ဤသို့ရှင်းပြ၏– “ခိတ္တိမ်သင်္ဘောများသည် အမှန်မုချ တိုက်ခိုက်လာမည် ဖြစ်သောကြောင့် သူသည် စိတ်ပျက်မှိုင်တွေလိမ့်မည်။” (ဒံယေလ ၁၁:၃၀က၊ ကဘ) “ခိတ္တိမ်သင်္ဘောများ” ကား အဘယ်အရာများနည်း။

၁၃၊ ၁၄။ (က) မြောက်ဘုရင်ကို တိုက်ခိုက်လာသည့် “ခိတ္တိမ်သင်္ဘောများ” မှာ အဓိကအားဖြင့် အဘယ်အရာများ ဖြစ်ကြသနည်း။ (ခ) ပထမကမ္ဘာစစ် ဆက်လက်ဖြစ်ပွားသည်နှင့်အမျှ ပို၍များပြားသည့် ခိတ္တိမ်သင်္ဘောများ မည်သို့ရောက်ရှိလာသနည်း။

၁၃ ဒံယေလလက်ထက်၌ ခိတ္တိမ်ဆိုသည်မှာ ဆိုင်းပရပ်စ် (ကုပရု) ဖြစ်သည်။ ပထမကမ္ဘာစစ်အစပိုင်းတွင် ဆိုင်းပရပ်စ်ကို ဗြိတိန်က သိမ်းပိုက်ထားသည်။ ၎င်းအပြင် ဇွန်ဒါဗန် သမ္မာကျမ်းစာ ရုပ်ပြစွယ်စုံကျမ်း အဆိုအရ ခိတ္တိမ်ဟူသောအမည်သည် “ယေဘုယျအားဖြင့် အနောက်အရပ်၊ အထူးသဖြင့် ပင်လယ်ပျော် အနောက်အရပ် အကျုံးဝင်ပတ်သက်သည်။” အပြည်ပြည်ဆိုင်ရာ ဘာသာပြန်ကျမ်းသစ် (လိပ်) က “ခိတ္တိမ်သင်္ဘောများ” ဟူသောအသုံးအနှုန်းကို “အနောက်ဘက် ကမ်းရိုးတန်းဒေသများမှ သင်္ဘောများ” ဟူ၍ပြန်ဆိုထားသည်။ ပထမကမ္ဘာစစ်အတွင်း ခိတ္တိမ်သင်္ဘောများဆိုသည်မှာ အဓိကအားဖြင့် ဥရောပတိုက် အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် ဖြန့်ကျက်ထားသည့် ဗြိတိန်သင်္ဘောများ ဖြစ်ကြသည်။

၁၄ စစ်ပွဲကြီး ဆက်လက်ဖြစ်ပွားသည်နှင့်အမျှ ဗြိတိသျှရေတပ်မှာလည်း ပို၍များပြားသည့် ခိတ္တိမ်သင်္ဘောများဖြင့် အင်အားတောင့်တင်းလာသည်။ ၁၉၁၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဂျာမန် ရေငုပ်သင်္ဘော ယူ-၂၀ က အိုင်ယာလန် တောင်ဘက် ကမ်းရိုးတန်းအလွန်တွင် ခရီးသည်တင် ပင်လယ်ကူးသင်္ဘော လူစီတန်းနီးယား ကိုနှစ်မြှုပ်လိုက်သည်။ သေဆုံးသူတို့အနက် ၁၂၈ ဦးမှာ အမေရိကန်လူမျိုးဖြစ်သည်။ နောက်ပိုင်းတွင် ဂျာမနီက ရေငုပ်သင်္ဘောစစ်ဆင်ရေးကို အတ္တလန္တိတ် သမုဒ္ဒရာအထိ တိုးချဲ့ခဲ့သည်။ သို့နှင့် ၁၉၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်သမ္မတ ဝူးဒရိုးဝီလ်ဆင်က ဂျာမနီကို စစ်ကြေညာလိုက်သည်။ အမေရိကန် စစ်သင်္ဘောများနှင့် စစ်သည်တို့ဖြင့် အင်အားကြီးထွားလာသော တောင်ဘုရင်ဖြစ်သည့် ယခု အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်သည် ပြိုင်ဘက်ဘုရင်နှင့် ရေကုန်ရေခန်း စစ်ခင်းခဲ့သည်။

၁၅။ မြောက်ဘုရင်သည် မည်သည့်အချိန်တွင် “စိတ်ပျက်မှိုင်တွေ” ခဲ့သနည်း။

၁၅ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်၏ ထိုးစစ်ကြောင့် မြောက်ဘုရင်သည် “စိတ်ပျက်မှိုင်တွေ” ကာ ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် စစ်ရှုံးကြောင်း ဝန်ခံလိုက်သည်။ ဒုတိယမြောက် ဝီးလ်ဟဲလ်မ်းသည် နယ်သာလန်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားပြီး ဂျာမနီသည်လည်း ပြည်သူ့သမ္မတနိုင်ငံ ဖြစ်လာလေသည်။ သို့သော် မြောက်ဘုရင်သည် ဇာတ်သိမ်းခန်းသို့ မရောက်သေးချေ။

ဘုရင်သည် “ထိထိရောက်ရောက်” ပြုမူဆောင်ရွက်

၁၆။ ပရောဖက်ပြုချက်အရ မြောက်ဘုရင်သည် မိမိရှုံးနိမ့်ခြင်းအတွက် မည်သို့တုံ့ပြန်ဆောင်ရွက်မည်နည်း။

၁၆ “သူ [မြောက်ဘုရင်] သည် အမှန်စင်စစ် ပြန်သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အတိအလင်း စွပ်စွဲရှုတ်ချလျက် ထိထိရောက်ရောက် ပြုမူဆောင်ရွက်ပြီးမှ မုချပြန်သွားပြီးလျှင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပယ်သူတို့အား အမှုထားလိမ့်မည်။” (ဒံယေလ ၁၁:၃၀ခ၊ ကဘ) ထိုသို့ ကောင်းကင်တမန် ပရောဖက်ပြုသည့်အတိုင်း အမှန်ပင် ဖြစ်ပျက်ခဲ့သည်။

၁၇။ မည်သည့်အခြေအနေများက အဒေါ့ဖ် ဟစ်တလာ အာဏာရရှိရန် ဖန်တီးပေးခဲ့သနည်း။

၁၇ ၁၉၁၈ ခုနှစ်တွင် စစ်ကြီးပြီးဆုံးသည့်နောက် စစ်နိုင်သည့် မဟာမိတ်တို့က ဂျာမနီအပေါ် ဒဏ်ခတ်သည့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုစေ၏။ ဂျာမန်ပြည်သူတို့သည် စာချုပ်ပါ စည်းကမ်းချက်များမှာ ပြင်းထန်လှသည်ကို သတိပြုမိသည့်အပြင် ထွန်းသစ်စ ပြည်သူ့သမ္မတနိုင်ငံမှာလည်း အစကတည်းက အင်အားချည့်နဲ့လှသည်။ ဂျာမန်ပြည်သူတို့သည် ဆင်းရဲဒုက္ခကြီးစွာဖြင့် နှစ်အတန်ကြာ ရုန်းကန်လှုပ်ရှားခဲ့ရသည့်အပြင် အလုပ်လက်မဲ့ဦးရေ ခြောက်သန်း ဖြစ်ပေါ်စေခဲ့သည့် စီးပွားပျက်ကပ်ကြီးကိုလည်း ခါးစည်းခံခဲ့ရကြသည်။ ၁၉၃၀ ပြည့်လွန်နှစ်များ အစောပိုင်းကာလသို့ ရောက်လာသည့်အခါ အခြေအနေအရပ်ရပ်က အဒေါ့ဖ် ဟစ်တလာ အာဏာရရှိရန် အကြောင်းဖန်လာသည်။ သူသည် ၁၉၃၃ ခုနှစ်၊ ဇန်နဝါရီလတွင် အဓိပတိဖြစ်လာပြီး နောက်တစ်နှစ်တွင် နာဇီတို့က တတိယ ရိုက်ခ် (တတိယ ဂျာမနီနိုင်ငံကြီး) ဟုခေါ်တွင်သည့် အစိုးရအဖွဲ့၏ သမ္မတရာထူးကို လက်ခံရရှိခဲ့သည်။b

၁၈။ ဟစ်တလာသည် အဘယ်သို့ “ထိထိရောက်ရောက် ပြုမူဆောင်ရွက်” ခဲ့သနည်း။

၁၈ အာဏာရရှိပြီးသည်နှင့် တစ်ပြိုင်နက် ဟစ်တလာသည် ယေရှု၏ညီတော်များဖြင့် ကိုယ်စားပြုသည့် “သန့်ရှင်းသော ပဋိညာဉ်တရား” ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေတော့သည်။ (မဿဲ ၂၅:၄၀) သစ္စာစောင့်သိသော ဤခရစ်ယာန်များကို ဆန့်ကျင်တိုက်ခိုက်ရာ၌ သူသည် “ထိထိရောက်ရောက်” ပြုမူဆောင်ရွက်၍ ခရစ်ယာန်အများအပြားကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ဟစ်တလာသည် စီးပွားရေးနှင့် သံတမန်ရေးတို့၌ အောင်မြင်မှုများစွာ ရရှိခဲ့သဖြင့် ထိုနယ်ပယ်များ၌လည်း “ထိထိရောက်ရောက်” ပြုမူဆောင်ရွက်နိုင်ခဲ့သည်။ နှစ်အနည်းငယ်အတွင်း ဂျာမနီနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ထည့်မတွက်၍မရသော အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်စေခဲ့သည်။

၁၉။ ဟစ်တလာသည် မည်သူ၏အားပေးထောက်ခံမှုကို ရယူခဲ့သနည်း။

၁၉ ဟစ်တလာသည် “သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပယ်သူတို့အား အမှုထား” ခဲ့သည်။ ဤသူတို့ကား မည်သူတို့နည်း။ ဘုရားသခင်နှင့် ပဋိညာဉ်ဆိုင်ရာ ဆက်ဆံရေး ရှိသည်ဟုဆိုသော်လည်း ယေရှုခရစ်၏ တပည့်တော်များ မဟုတ်တော့သည့် ခရစ်ယာန်ဘောင်၏ ခေါင်းဆောင်များဖြစ်သည်မှာ ထင်ရှားသည်။ ဟစ်တလာသည် “သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပယ်သူတို့” ၏ထောက်ခံမှုကို အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သာဓကအားဖြင့် ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးနှင့် သဘောတူညီချက်တစ်ရပ် ချုပ်ဆိုခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် ဟစ်တလာသည် ခရစ်ယာန်သာသနာရေး ဝန်ကြီးဌာနကို ထူထောင်ခဲ့သည်။ ရည်မှန်းချက်တစ်ခုမှာ ဧဝံဂေလိအသင်းများကို နိုင်ငံတော်ချုပ်ကိုင်မှုအောက် ထားရှိရန်ဖြစ်သည်။

ဘုရင်ထံမှ “စစ်သည်ဗိုလ်ပါများ” ထွက်ပေါ်လာခြင်း

၂၀။ အဘယ် “စစ်သည်ဗိုလ်ပါများ” ကိုမြောက်ဘုရင် အသုံးပြုခဲ့သနည်း။ မည်သူ့ကို တိုက်ခိုက်ခဲ့သနည်း။

၂၀ ကောင်းကင်တမန် မှန်ကန်စွာ ကြိုဟောထားသည့်အတိုင်း များမကြာမီတွင် ဟစ်တလာသည် စစ်ပွဲစတင်လေတော့သည်။ “သူ့ထံမှ ပေါ်ထွက်လာသော စစ်သည်ဗိုလ်ပါများသည် မတ်တတ်ထလာပြီး ခံတပ်တည်းဟူသော သန့်ရှင်းရာဌာနတော်ကို ရှုတ်ချ၍ ဆက်ကပ်မြဲဝတ်ကို ပယ်ရှားလိမ့်မည်။” (ဒံယေလ ၁၁:၃၁က၊ ကဘ) “စစ်သည်ဗိုလ်ပါများ” မှာ ဒုတိယကမ္ဘာစစ်အတွင်း တောင်ဘုရင်ကိုတိုက်ခိုက်ရန် မြောက်ဘုရင်က အသုံးပြုသည့် စစ်တပ်အင်အားပင်ဖြစ်သည်။ ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် နာဇီ “စစ်သည်ဗိုလ်ပါများ” သည် ပိုလန်ကို ဝင်ရောက်ကျူးကျော်သည်။ နှစ်ရက်ကြာပြီးနောက် ဗြိတိန်နှင့် ပြင်သစ်တို့က ပိုလန်ကိုကူညီရန်အတွက် ဂျာမနီကို စစ်ကြေညာသည်။ ဤသို့ဖြင့် ဒုတိယကမ္ဘာစစ် စတင်ခဲ့သည်။ ပိုလန်သည် လျင်မြန်စွာပင် ပြိုကွဲသွားသဖြင့် ၎င်းနောက် များမကြာမီပင် ဂျာမန်တပ်ဖွဲ့များသည် ဒိန်းမတ်၊ နော်ဝေး၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ လပ်ခ်ဇမ်းဘာ့ဂ်နှင့် ပြင်သစ်တို့ကို သိမ်းပိုက်လိုက်သည်။ “၁၉၄၁ ခုနှစ် အကုန်တွင် နာဇီဂျာမနီသည် ဥရောပ တစ်တိုက်လုံးကို စိုးမိုးခဲ့သည်” ဟု ကမ္ဘာ့စာအုပ် စွယ်စုံကျမ်း ကဆို၏။

၂၁။ ဒုတိယကမ္ဘာစစ်အတွင်း မြောက်ဘုရင်၏ စစ်ရေးအခြေအနေသည် မည်သို့ပြောင်းပြန်ဖြစ်သွားသနည်း။ အဘယ်အကျိုးရလဒ် ဖြစ်ပေါ်ခဲ့သနည်း။

၂၁ ဂျာမနီနှင့် ဆိုဗီယက်ပြည်ထောင်စုတို့သည် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်နိမိတ်သတ်မှတ်ရေးစာချုပ် လက်မှတ်ရေးထိုး ချုပ်ဆိုထားလင့်ကစား ဟစ်တလာသည် ၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဆိုဗီယက်နယ်မြေကို စတင်ကျူးကျော်တိုက်ခိုက်လေသည်။ ဤလုပ်ရပ်ကြောင့် ဆိုဗီယက်ပြည်ထောင်စုသည် ဗြိတိန်ဘက်သို့ ကူးပြောင်းခဲ့သည်။ အစောပိုင်းတွင် ဂျာမန်တပ်ဖွဲ့၏ ချီတက်တိုက်ခိုက်မှုများမှာ အံ့မခန်းဖွယ်ကောင်းသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက် တပ်မတော်၏ အပြင်းအထန် ခုခံတွန်းလှန်ခြင်းခံရသည်။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဂျာမန်စစ်တပ်သည် မော်စကိုမြို့၌ အရေးနိမ့်သွားသည်။ နောက်တစ်နေ့တွင် ဂျာမနီ၏မဟာမိတ် ဂျပန်က ဟာဝိုင်ယီရှိ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်သည်။ ဤသတင်းကို ကြားရသည့်အခါ ဟစ်တလာက “ယခု ကျွန်ုပ်တို့ စစ်ရှုံးရန်အကြောင်း လုံးဝမရှိတော့” ဟုသူ၏ လက်ထောက်အရာရှိများအား ပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုအား အလောသုံးဆယ် စစ်ကြေညာလိုက်သည်။ သို့သော် သူသည် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စစ်အင်အားကို လျှော့တွက်ခဲ့သည်။ အရှေ့ဘက်မှ ဆိုဗီယက်စစ်တပ်နှင့် အနောက်ဘက်မှ ဗြိတိသျှနှင့် အမေရိကန်တပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် စစ်ရေးအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားသည်။ ဂျာမန်တပ်ဖွဲ့များသည် နယ်မြေတစ်ခုပြီးတစ်ခု လက်လွတ်၍ဆုတ်ခွာခဲ့ရသည်။ ဟစ်တလာက မိမိကိုယ်ကိုသတ်သေပြီးနောက် ၁၉၄၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဂျာမနီသည် မဟာမိတ်တို့ထံ လက်နက်ချအညံ့ခံလိုက်သည်။

၂၂။ မြောက်ဘုရင်သည် အဘယ်သို့ ‘သန့်ရှင်းရာဌာနတော်ကို ရှုတ်ချ၍ ဆက်ကပ်မြဲဝတ်ကို ပယ်ရှား’ ခဲ့သနည်း။

၂၂ “[နာဇီ စစ်သည်ဗိုလ်ပါများသည်] ခံတပ်တည်းဟူသော သန့်ရှင်းရာဌာနတော်ကို ရှုတ်ချ၍ ဆက်ကပ်မြဲဝတ်ကို ပယ်ရှားလိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ ရှေးယုဒနိုင်ငံတွင် သန့်ရှင်းရာဌာနတော်သည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ဂျူးလူမျိုးက ယေရှုကိုငြင်းပယ်လိုက်သည့်အခါ ယေဟောဝါလည်း သူတို့နှင့်တကွ သူတို့၏ဗိမာန်တော်ကို ငြင်းပယ်လိုက်တော်မူ၏။ (မဿဲ ၂၃:၃၇–၂၄:၂) စီ.အီး. ပထမရာစုနှစ်မှစ၍ ယေဟာဝါ၏ဗိမာန်တော်သည် ဝိညာဏဗိမာန်တော်ဖြစ်လာပြီး ကောင်းကင်ဘုံတွင် သန့်ရှင်းတကာ့ သန့်ရှင်းရာဌာနတော်ရှိပြီး မြေကြီးပေါ်တွင် ဝိညာဏရင်ပြင်ရှိ၏။ ၎င်းရင်ပြင်အတွင်း၌ ယဇ်ပုရောဟိတ်မင်းကြီး ယေရှု၏ဘိသိက်ခံညီတော်များက အမှုတော်ဆောင်ကြ၏။ ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ “လူအုပ်ကြီး” သည် ဘိသိက်ခံအကြွင်းအကျန်တို့နှင့် ပူးပေါင်း၍ ကိုးကွယ်ဝတ်ပြုလာကြသဖြင့် သူတို့သည် ‘ဘုရားသခင့်ဗိမာန်တော်၌’ ဝတ်ပြုကြသည်ဟု သမ္မာကျမ်းစာကဆို၏။ (ဗျာဒိတ် ၇:၉၊ ၁၅; ၁၁:၁၊ ၂; ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄) မြောက်ဘုရင်သည် မိမိအုပ်စိုးသည့်တိုင်းပြည်များ၌ ဘိသိက်ခံအကြွင်းအကျန်နှင့် ၎င်းတို့၏အပေါင်းပါများကို မညှာမတာ နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် ဗိမာန်တော်၏ မြေကြီးဆိုင်ရာရင်ပြင်ကို ရှုတ်ချခဲ့သည်။ နှိပ်စက်ညှဉ်းပန်းခြင်းသည် အလွန်ပြင်းထန်လှသဖြင့် “ဆက်ကပ်မြဲဝတ်”—ယေဟောဝါ၏နာမတော်အား လူသိရှင်ကြား ချီးမွမ်းခြင်းယဇ်—ပင်ပယ်ရှားခံလိုက်ရသည်။ (ဟေဗြဲ ၁၃:၁၅) သို့သော်လည်း ကြောက်ခမန်းလိလိ ညှဉ်းဆဲခံရသည့်ကြားမှ သစ္စာရှိ ဘိသိက်ခံခရစ်ယာန်များသည် “အခြားသိုးများ” နှင့်အတူ ဒုတိယကမ္ဘာစစ်အတွင်း အဆက်မပြတ် ဟောပြောခဲ့ကြသည်။—ယောဟန် ၁၀:၁၆။

‘စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထားခြင်း’

၂၃။ ပထမရာစုနှစ်တွင် “စက်ဆုပ်ရွံရှာဖွယ်အရာ” ကားအဘယ်အရာ ဖြစ်ခဲ့သနည်း။

၂၃ ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးတွင် ဘုရားသခင့်ကောင်းကင်တမန် ကြိုဟောထားသည့်အတိုင်း အခြားတိုးတက်ဖြစ်ထွန်းမှုတစ်ခု ဖြစ်ပေါ်လာသည်။ “လူသူကင်းမဲ့စေသော စက်ဆုပ်ရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။” (ဒံယေလ ၁၁:၃၁ခ၊ ကဘ) “စက်ဆုပ်ရွံရှာဖွယ်သောအရာ” အကြောင်းကို ယေရှုလည်းမိန့်တော်မူခဲ့၏။ ပထမရာစု၌ ၎င်းသည် စီ.အီး. ၆၆ ခုနှစ်တွင် ဂျူးပုန်ကန်မှုကိုနှိမ်နင်းရန် ယေရုရှလင်မြို့သို့ ရောက်ရှိခဲ့သည့် ရောမစစ်တပ်ပင်ဖြစ်သည်။c—မဿဲ ၂၄:၁၅; ဒံယေလ ၉:၂၇။

၂၄၊ ၂၅။ (က) ယခုခေတ်တွင် “စက်ဆုပ်ရွံရှာဖွယ်အရာ” ကားအဘယ်အရာ ဖြစ်သနည်း။ (ခ) မည်သည့်အချိန်နှင့် မည်သို့အားဖြင့် “စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထား” ခဲ့သနည်း။

၂၄ ယခုခေတ်တွင် အဘယ် “စက်ဆုပ်ရွံရှာဖွယ်အရာကို တည်ထား” ခဲ့ပြီနည်း။ ၎င်းမှာ “စက်ဆုပ်ရွံရှာဖွယ်” ကောင်းသော ဘုရားသခင့်နိုင်ငံတော် အတုအယောင်—နိုင်ငံပေါင်းချုပ်အသင်းကြီး—ပင်ဖြစ်သည်။ ဤအသင်းကြီးကို သမ္မာကျမ်းစာက နီမြန်းသောသားရဲအဖြစ် တင်စားပြီး ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသည့်အခါ၌ တွင်းနက်ထဲသို့ ဆင်းသက်သွားသည့်ပမာ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့အစည်းတစ်ခုအဖြစ်မှ ချုပ်ငြိမ်းသွားခဲ့သည်။ (ဗျာဒိတ် ၁၇:၈) သို့သော် “ထိုသားရဲသည် အနက်ဆုံးသောတွင်းထဲကတက်” လာရလိမ့်မည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်း အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၅၀ ဖြင့် ကုလသမဂ္ဂအဖွဲ့ တည်ထောင်သည့်အခါ၌ ထိုအတိုင်းပင်ဖြစ်ခဲ့သည်။ ဤသို့ဖြင့် ကောင်းကင်တမန် ဟောခဲ့သည့် “စက်ဆုပ်ရွံရှာဖွယ်အရာ”—ကုလသမဂ္ဂအဖွဲ့—သည် တည်ထားခံခဲ့ရလေသည်။

၂၅ ဂျာမနီသည် ကမ္ဘာစစ် နှစ်ခုစလုံးအတွင်း တောင်ဘုရင်၏ အဓိကရန်သူဖြစ်ခဲ့ပြီး မြောက်ဘုရင်၏နေရာကို ယူခဲ့သည်။ ထိုနေရာတွင် နောက်ထပ် မည်သူဝင်ယူမည်နည်း။

[အောက်ခြေမှတ်ချက်များ]

a ဤစာအုပ် အခန်း ၆ ကိုရှု။

b သာသနာစောင့် ရောမအင်ပါယာသည် ပထမ ရိုက်ခ်ဖြစ်ပြီး ဂျာမန်အင်ပါယာသည် ဒုတိယ ရိုက်ခ်ဖြစ်သည်။

c ဤစာအုပ် အခန်း ၁၁ ကိုရှု။

အဘယ်အချက်ကို သိမြင်ခဲ့သနည်း

• ၁၉ ရာစုနှစ်အကုန်တွင် အဘယ်အင်အားကြီးနိုင်ငံများက မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ အခန်းကဏ္ဍများကို ယူခဲ့ကြသနည်း။

• ပထမကမ္ဘာစစ်အတွင်း ဆိုင်ပြိုင်တိုက်ခိုက်မှုရလဒ်သည် မြောက်ဘုရင်အဖို့ အဘယ်သို့ “အရင်ဖြစ်သကဲ့သို့ ဤအချိန်၌” မဖြစ်တော့သနည်း။

• ပထမကမ္ဘာစစ် နောက်ပိုင်းတွင် ဟစ်တလာက ဂျာမနီကို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ထည့်တွက်ရသည့် အင်အားကြီးနိုင်ငံဖြစ်လာအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း။

• ဒုတိယကမ္ဘာစစ်အတွင်း မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ ပြိုင်ဆိုင်ခြင်းရလဒ်ကား အဘယ်နည်း။

[စာမျက်နှာ ၂၆၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဒံယေလ ၁၁:၂၇–၃၁ မှ ဘုရင်များ

မြောက်ဘုရင် တောင်ဘုရင်

ဒံယေလ ၁၁:၂၇-၃၀က ဂျာမန်အင်ပါယာ ဗြိတိန်၊ နောက်ပိုင်းတွင်

(ပထမကမ္ဘာစစ်) အင်္ဂလိပ်-အမေရိကန်

ကမ္ဘာ့အာဏာစက်

ဒံယေလ ၁၁:၃၀ခ၊ ၃၁ ဟစ်တလာ၏ တတိယရိုက်ခ် အင်္ဂလိပ်-အမေရိကန်

(ဒုတိယကမ္ဘာစစ်) ကမ္ဘာ့အာဏာစက်

[ရုပ်ပုံ]

သမ္မတ ဝူးဒရိုး ဝီလ်ဆင်နှင့်အတူ ပဉ္စမမြောက် ဂျော့ချ်ဘုရင်

[ရုပ်ပုံ]

ခရစ်ယာန် အမြောက်အမြား ချွေးတပ်စခန်းများတွင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရကြ၏

[ရုပ်ပုံ]

ခရစ်ယာန်ဘောင်ခေါင်းဆောင်များ ဟစ်တလာကို ထောက်ခံအားပေးခဲ့ကြ၏

[ရုပ်ပုံ]

မင်းသားကြီး ဖာဒီနန် လုပ်ကြံခံရစဉ်က စီးခဲ့သည့် မော်တော်ကား

[ရုပ်ပုံ]

ဂျာမန် စစ်သားများ၊ ပထမကမ္ဘာစစ်

[စာမျက်နှာ ၂၅၇ ပါ ရုပ်ပုံ]

၁၉၄၅ ခုနှစ်တွင် ယော်လ်တာ၌ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန် ချာချီလ်၊ အမေရိကန် သမ္မတ ဖရန့်ကလင် ဒီ. ရူးစဗဲလ်တ်နှင့် ဆိုဗီယက် ဝန်ကြီးချုပ် ဂျိုးဇက်ဖ် စတာလင်တို့သည် ဂျာမနီ သိမ်းပိုက်ရေး၊ ပိုလန်တွင် အစိုးရအဖွဲ့အသစ် ဖွဲ့စည်းရေးနှင့် ကုလသမဂ္ဂ တည်ထောင်ရန် ကွန်ဖရင့်ကျင်းပရေး အစီအစဉ်များကို သဘောတူခဲ့ကြသည်

[စာမျက်နှာ ၂၅၈ ပါ ရုပ်ပုံ]

၁။ မင်းသားကြီး ဖာဒီနန် ၂။ ဂျာမန် ရေတပ် ၃။ ဗြိတိသျှ ရေတပ် ၄။ လူစီတန်းနီးယား ၅။ အမေရိကန် စစ်ကြေညာချက်

[စာမျက်နှာ ၂၆၃ ပါ ရုပ်ပုံ]

ဂျာမနီ၏ စစ်ကာလအတွင်း မဟာမိတ်ဖြစ်သည့် ဂျပန်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဟစ်တလာက အောင်ပွဲခံမည်ဟု ယုံကြည်စိတ်ချခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ