ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၁ စာ. ၆၅-၇၀
  • ပုန်ကန်သောသူတို့သည် အမင်္ဂလာရှိကြ၏!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုန်ကန်သောသူတို့သည် အမင်္ဂလာရှိကြ၏!
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာနကြီး၊ ထောင်လွှားခြင်းက ဘုရားသခင့် အမျက်တော်သင့်စေ
  • ‘ဦးခေါင်းမှ အမြီးတိုင်’—ပုန်ကန်သောလူမျိုး
  • ‘မုဆိုးမများနှင့် မိဘမဲ့ကလေးများ’ ပင် ပုန်ကန်သူများ ဖြစ်
  • မှောက်မှားသော ဝတ်ပြုရေးက အကြမ်းဖက်မှုကို ဖြစ်စေ
  • အကျင့်ပျက် တရားသူကြီးများ သူတို့၏ တရားသူကြီးနှင့် ရင်ဆိုင်ရ
  • မုသားနှင့် ကိုယ်ကျိုးရှာခြင်း၏ သားကောင် အဖြစ်မခံပါနှင့်
  • ဤလောကမှ အကူအညီ မရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါ၏ “ထူးခြားသော အမှုတော်” အကြောင်း ဟေရှာယ ကြိုဟော
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • တိုင်းနိုင်ငံများ၏ တစ်ဖက် ယေဟောဝါ၏ အကြံတော်
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၁ စာ. ၆၅-၇၀

အခန်း ဆယ့်တစ်

ပုန်ကန်သောသူတို့သည် အမင်္ဂလာရှိကြ၏!

ဟေရှာယ ၉:၈–၁၀:၄

၁။ ယေရောဗောင်သည် အလွန် ဆိုးရွားသော အဘယ်အမှား ပြုလုပ်ခဲ့သနည်း။

ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသောလူမျိုး နှစ်နိုင်ငံ ကွဲသွားသည့်အခါ မြောက်ပိုင်းဆယ်နွယ်နိုင်ငံသည် ယေရောဗောင်၏ အုပ်ချုပ်မှုအောက်သို့ ရောက်သွားသည်။ ဘုရင်အသစ်သည် အရည်အချင်း ရှိပြီး လုံ့လရှိသူ ဖြစ်သည်။ သို့သော် ယေဟောဝါအပေါ် စစ်မှန်သော ယုံကြည်ခြင်း သူ၌ မရှိပေ။ ယင်းကြောင့် မြောက်ပိုင်းနိုင်ငံ၏ သမိုင်းတစ်ခုလုံးကို အကျည်းတန်စေသည့် အလွန် ဆိုးရွားသော အမှားတစ်ခု ပြုလုပ်ခဲ့သည်။ မောရှေပညတ်အရ ဣသရေလလူမျိုးသည် ယခု တောင်ပိုင်းယုဒနိုင်ငံတွင် ရှိသော ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ တစ်နှစ်လျှင် သုံးကြိမ် သွားရန် မိန့်မှာခံထားရသည်။ (တရားဟောရာ ၁၆:၁၆) ထိုသို့ ပုံမှန်ခရီးသွားပါက မိမိ၏ လက်အောက်ခံ ပြည်သူများသည် တောင်ပိုင်းရှိသူတို့၏ ညီအစ်ကိုများနှင့် ပြန်လည်ပေါင်းစည်းသွားမည်ကို စိုးရိမ်သောကြောင့် ယေရောဗောင်သည် “ရွှေနွားသငယ် နှစ်ကောင်ကို လုပ်ပြီးလျှင် ‘သင်တို့သည် ယေရုရှလင်မြို့သို့ သွားရသောအမှု ခက်လှ၏။ အိုဣသရေလအမျိုး သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြလော့’ ဟု ဆိုလျက် ဗေသလမြို့၌ တစ်ကောင်၊ ဒန်မြို့၌ တစ်ကောင်ကို ထား” လေ၏။—၃ ဓမ္မရာဇဝင် ၁၂:၂၈၊ ၂၉။

၂၊ ၃။ ယေရောဗောင်၏ အမှားသည် ဣသရေလလူမျိုးအပေါ် အဘယ်အကျိုးဆက် ရှိခဲ့သနည်း။

၂ အချိန်ခဏအတွင်းမှာပင် ယေရောဗောင်၏ အကြံအစည် အောင်မြင်ခဲ့ပုံရသည်။ လူများသည် ယေရုရှလင်မြို့သို့ သွားခြင်းကို တဖြည်းဖြည်း ရပ်လိုက်ကြပြီး နွားသငယ် နှစ်ကောင်ကို ဝတ်ပြုခဲ့ကြသည်။ (၃ ဓမ္မရာဇဝင် ၁၂:၃၀) သို့ရာတွင် ထိုဖောက်ပြန်သော ဘာသာရေး ဓလေ့ထုံးစံသည် ဆယ်နွယ်နိုင်ငံကို ယိုယွင်းစေခဲ့သည်။ နောက်ပိုင်းနှစ်များ၌ ဣသရေလပြည်မှ ဗာလဝတ်ပြုရေးကို ဖယ်ရှားရာတွင် ချီးကျူးဖွယ် ဇွဲတင်ပြခဲ့သူ ယေဟုပင်လျှင် နွားသငယ်တို့ကို ဆက်၍ ဦးချကိုးကွယ်ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၀:၂၈၊ ၂၉) ယေရောဗောင်၏ ဝမ်းနည်းဖွယ် မှားယွင်းသည့် ဆုံးဖြတ်ချက်ကြောင့် အခြား မည်သည့် အကျိုးဆက် ဖြစ်ခဲ့သနည်း။ နိုင်ငံရေး မငြိမ်သက်မှုနှင့် ဒုက္ခဆင်းရဲများကို ပြည်သူများ ခံစားခဲ့ရသည်။

၃ ယေရောဗောင် ဖောက်ပြန်ခဲ့ခြင်းကြောင့် ယေဟောဝါက သူ၏ အမျိုးအနွယ်သည် ပြည်တော်ကို အုပ်ချုပ်ရမည် မဟုတ်၊ နောက်ဆုံးတွင် မြောက်ပိုင်းနိုင်ငံသည် ဘေးအန္တရာယ် အကြီးအကျယ် ကျရောက်မည်ဟု မိန့်တော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၄:၁၄၊ ၁၅) ယေဟောဝါ မိန့်တော်မူသည်အတိုင်း အမှန် ဖြစ်ခဲ့သည်။ ဣသရေလဘုရင် ခုနစ်ပါးသည် နန်းသက် နှစ်နှစ် သို့မဟုတ် နှစ်နှစ်ပင် မပြည့်ခဲ့ကြပေ—အချို့ဆိုလျှင် ရက်အနည်းငယ်သာ စိုးစံရ၏။ ဘုရင်တစ်ပါးသည် မိမိကိုယ်ကို သတ်သေခဲ့ပြီး ဘုရင်ခြောက်ပါးသည် နန်းလုလိုသော ရည်မှန်းချက်ကြီးသူတို့၏ လက်ချက်ဖြင့် လုပ်ကြံခံခဲ့ရသည်။ အထူးသဖြင့် ဘီ.စီ.အီး. ၈၀၄ ခန့်တွင် နန်းသက် ကုန်သွားသော ဒုတိယမြောက် ယေရောဗောင် အုပ်ချုပ်ချိန်နောက်ပိုင်း၊ ယုဒပြည်၌ ဩဇိမင်း အုပ်ချုပ်နေစဉ်တွင် ဣသရေလပြည်သည် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် လုပ်ကြံမှုများဖြင့် ဘေးသင့်ခဲ့ရသည်။ ဤအခြေအနေကို နောက်ခံထား၍ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် မြောက်ပိုင်းနိုင်ငံအတွက် တိုက်ရိုက်သတိပေးချက် သို့မဟုတ် “ဗျာဒိတ်တော်” ကို ပေးပို့သည်။ “ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့ လွှတ်၍ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။”—ဟေရှာယ ၉:၈။a

မာနကြီး၊ ထောင်လွှားခြင်းက ဘုရားသခင့် အမျက်တော်သင့်စေ

၄။ အဘယ် “ဗျာဒိတ်တော်” ကို ဣသရေလလူမျိုးအား ယေဟောဝါ ပေးခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

၄ ယေဟောဝါ၏ “ဗျာဒိတ်တော်” သည် လျစ်လျူရှုခံရမည် မဟုတ်ပါ။ “မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။” (ဟေရှာယ ၉:၁၀) “ယာကုပ်၊” “ဣသရေလ၊” “ဧဖရိမ်” နှင့် “ရှမာရိ” ဟူသော စကားလုံးအားလုံးသည် မြောက်ပိုင်းဣသရေလနိုင်ငံကို ရည်ညွှန်းသည်၊ ဧဖရိမ်သည် အင်အားအကြီးဆုံး အနွယ် ဖြစ်ပြီး ရှမာရိသည် မြို့တော် ဖြစ်သည်။ ထိုနိုင်ငံနှင့်ပတ်သက်သော ယေဟောဝါ၏ ဗျာဒိတ်တော်သည် ပြင်းထန်သော တရားရေး ထုတ်ပြန်ကြေညာချက် ဖြစ်သည်၊ အကြောင်းမှာ ဧဖရိမ်သည် အယူဖောက်ပြန်ခြင်းတွင် ခိုင်မာလာပြီး ယေဟောဝါကို ပြောင်ပြောင်တင်းတင်း စော်ကားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူတို့ လိုက်လျှောက်သော ဆိုးသွမ်းသည့် လမ်းစဉ်၏ အကျိုးဆက်များမှ လူများကို ကာကွယ်ပေးမည် မဟုတ်ပါ။ ဘုရားသခင့် စကားတော်ကို သူတို့အား အတင်းအဓမ္မ နားထောင်စေမည် သို့မဟုတ် အာရုံစိုက်စေမည်။—ဂလာတိ ၆:၇။

၅။ ယေဟောဝါ၏ တရားစီရင်ချက် လုပ်ဆောင်မှုသည် မိမိတို့အပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း ဣသရေလလူမျိုး မည်သို့ ပြသ,သနည်း။

၅ အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ လူများသည် ရွံ့အုတ်များနှင့် အဖိုးနည်းသော သစ်သားများဖြင့် ဆောက်လုပ်ထားလေ့ရှိသော အိမ်များ အပါအဝင် ဆုံးရှုံးမှုများစွာ ရှိသည်။ အကျိုးဆက်များကြောင့် သူတို့၏ နှလုံး ပျော့ပျောင်းသွားသလော။ ယေဟောဝါ၏ ပရောဖက်များစကားကို နားထောင်ကာ စစ်မှန်သော ဘုရားသခင်ထံသို့ ပြန်လှည့်လာမည်လော။b ဟေရှာယက လူများ၏ ထောင်လွှားသော တုံ့ပြန်ပုံကို ဤသို့ မှတ်တမ်းတင်၏– “အုတ်ရိုးပြိုသော်လည်း ဆစ်သော ကျောက်နှင့် တည်ပြန်မည်။ သဖန်းပင်များကို ခုတ်လှဲသော်လည်း သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်။” (ဟေရှာယ ၉:၉၊ ၁၀) ဣသရေလလူတို့သည် ယေဟောဝါကို အာခံကြပြီး အဘယ်ကြောင့် ထိုအခက်အခဲများ ခံစားရသည်ကို ပြောပြသည့် ကိုယ်တော်၏ ပရောဖက်များကို ရိုင်းပျစွာ ငြင်းဆန်ကြသည်။ တစ်နည်းအားဖြင့် လူများ ဤသို့ ဆိုကြ၏– “ပျက်စီးလွယ်တဲ့ အုတ်၊ ဈေးသက်သာတဲ့ သစ်သားနဲ့ ဆောက်ထားတဲ့ အိမ်တွေ ဆုံးရှုံးသွားပေမဲ့ အဲ့ဒီဆုံးရှုံးသွားတဲ့ နေရာမှာ ဆစ်ထားတဲ့ ကျောက်တုံး၊ အာရဇ်သစ်သားစတဲ့ ပိုပြီးကောင်းတဲ့ ပစ္စည်းတွေနဲ့ အစားထိုးဆောက်မယ်!” (ယောဘ ၄:၁၉ နှိုင်းယှဉ်။) သူတို့၏ လုပ်ဆောင်ပုံက ယေဟောဝါအနေဖြင့် သူတို့အား ထပ်၍ ဆုံးမရန်မှတစ်ပါး အခြားရွေးစရာ မရှိအောင် ဖြစ်စေခဲ့သည်။—ဟေရှာယ ၄၈:၂၂၊ နှိုင်းယှဉ်။

၆။ ယုဒနိုင်ငံအပေါ် ရှုရိ-ဣသရေလ၏ ပူးပေါင်းကြံစည်မှုကို ယေဟောဝါ မည်သို့ ဖြိုခွဲပစ်သနည်း။

၆ ဟေရှာယ ဤသို့ ဆက်ဆို၏– “ထာဝရဘုရားသည် ထိုသူတို့တစ်ဖက်၌ ရေဇိန်မင်း၏ ရန်သူတို့ကို ချီးမြှောက်” တော်မူ၏။ (ဟေရှာယ ၉:၁၁က) ဣသရေလဘုရင် ပေကာနှင့် ရှုရိဘုရင် ရေဇိန်တို့သည် မဟာမိတ်များ ဖြစ်ကြသည်။ သူတို့သည် ယုဒနှစ်နွယ်နိုင်ငံကို တိုက်ခိုက်အနိုင်ယူပြီး ယေရုရှလင်ရှိ ယေဟောဝါ၏ ပလ္လင်ပေါ်တွင် ရုပ်သေးဘုရင်အဖြစ် “တဗာလ၏သား” ကို အစားထိုးရန် ကြံစည်နေကြသည်။ (ဟေရှာယ ၇:၆) သို့သော် ကြံစည်ချက်ပျက်စီးခဲ့သည်။ ရေဇိန်မင်းတွင် တန်ခိုးကြီးသော ရန်သူများ ရှိပြီး ယေဟောဝါက “ထိုသူ၊” ဣသရေလတစ်ဖက်၌ ထိုရန်သူတို့ကို “ချီးမြှောက်” မည်။ “ချီးမြှောက်” ဟူသော အသုံးအနှုန်းက မဟာမိတ်ပြုမှုနှင့် ၎င်း၏ ဦးတည်ချက်များကို ပျက်စီးစေသည့်အထိ ထိရောက်စွာ တိုက်ခိုက်ခွင့်ပြုမည် ဟူသည့် အဓိပ္ပာယ်ရသည်။

၇၊ ၈။ ရှုရိကို အာရှုရိ အောင်နိုင်လိုက်မှုသည် ဣသရေလနိုင်ငံအတွက် အဘယ်ရလဒ် ဖြစ်စေသနည်း။

၇ အာရှုရိက ရှုရိကို စတင်တိုက်ခိုက်သည့်အခါ ဤမဟာမိတ်ဖွဲ့မှု ပျက်သွားလေသည်။ “အာရှုရိ ရှင်ဘုရင်သည် . . . ဒမာသက်မြို့ [ရှုရိ၏မြို့တော်] သို့ စစ်ချီ၍ တိုက်ယူပြီးလျှင် ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်း သတ်၏။” (၄ ဓမ္မရာဇဝင် ၁၆:၉) အားကြီးသော မဟာမိတ် ဆုံးရှုံးခြင်းက ယုဒကို တိုက်ခိုက်မည့် မိမိ၏ အကြံအစည် ပျက်ပြားသွားကြောင်း ပေကာ တွေ့ရှိရသည်။ ရေဇိန် သေဆုံးပြီး မကြာမီအချိန်တွင် ပေကာကိုယ်တိုင် ဟောရှေ၏ လုပ်ကြံခြင်းကို ခံရသည်၊ ၎င်းနောက် ဟောရှေသည် ရှမာရိထီးနန်းကို သိမ်းပိုက်လိုက်လေသည်။—၄ ဓမ္မရာဇဝင် ၁၅:၂၃-၂၅၊ ၃၀။

၈ ဣသရေလနိုင်ငံ၏ မဟာမိတ်ဟောင်း ရှုရိသည် ယခု တန်ခိုးအာဏာကြီးနေသော အာရှုရိ၏ လက်အောက်ခံ ဖြစ်နေသည်။ ယေဟောဝါသည် ဤနိုင်ငံရေးဖွဲ့အသစ်အား မည်သို့ အသုံးပြုမည်ကို ဟေရှာယ ဤသို့ ပရောဖက်ပြု၏– “[ဣသရေလ၏] ရန်သူတို့ကို ထစေတော်မူသဖြင့်၊ ရှေ့၌ကား ရှုရိလူ၊ နောက်၌ကား ဖိလိတ္တိလူတို့သည် ပါးစပ်ဟ၍ ဣသရေလအမျိုးကို ကိုက်စားကြလိမ့်မည်။ သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။” (ဟေရှာယ ၉:၁၁ခ၊ ၁၂) မှန်ပါသည်၊ ရှုရိသည် ယခု ဣသရေလ၏ ရန်သူ ဖြစ်နေကာ ဣသရေလသည် အာရှုရိနှင့် ရှုရိ၏ တိုက်ခိုက်လာမှုကို ပြင်ဆင်ထားရမည်။ ကျူးကျော်တိုက်ခိုက်မှု ဆက်၍ ဖြစ်လာသည်။ အာရှုရိသည် နန်းလုသူ ဟောရှေကို ဆက်ကြေးများစွာ ပေးစေခြင်းဖြင့် မိမိ၏ကျွန် ဖြစ်စေသည်။ (အစောပိုင်း ဆယ်စုနှစ် အနည်းငယ်က အာရှုရိတို့သည် ဣသရေလဘုရင် မေနဟင်ထံမှ ဆက်ကြေးများစွာ ရခဲ့သည်။) “တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏ [ဧဖရိမ်၏] ခွန်အားကို စားကြပြီ” ဟု ဆိုသော ပရောဖက် ဟောရှေ၏ စကားများ အမှန်ပင် ဖြစ်ခဲ့သည်။—ဟောရှေ ၇:၉; ၄ ဓမ္မရာဇဝင် ၁၅:၁၉၊ ၂၀; ၁၇:၁-၃။

၉။ ဖိလိတ္တိလူမျိုးတို့သည် ‘အနောက်’ မှ တိုက်ခိုက်သည်ဟု အဘယ်ကြောင့် ပြောနိုင်သနည်း။

၉ ဟေရှာယက ဖိလိတ္တိတို့သည် ‘အနောက်’ မှ ဝင်ရောက်တိုက်ခိုက်ကြလိမ့်မည်ဟုလည်း ဆိုထားသည် မဟုတ်လော။ မှန်ပါသည်။ သံလိုက်အိမ်မြှောင် မပေါ်မီခေတ်က ဟေဗြဲလူမျိုးတို့သည် နေထွက်ရာအရပ်ကို မျက်နှာမူကာ အရပ်မျက်နှာ သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ‘အရှေ့’ သည် မျက်နှာမူရာအရပ် ဖြစ်ပြီး ဖိလိတ္တိလူမျိုးတို့၏ ကမ်းခြေဒေသ တည်ရှိရာ အရပ်သည် ‘အနောက်’ ဖြစ်သည်။ ဖိလိတ္တိတို့သည် ပေကာနှင့် ခေတ်ပြိုင်ဖြစ်သော အာခတ် အုပ်ချုပ်ချိန်အတွင်း ယုဒပြည်ရှိ မြို့များနှင့် ရဲတိုက်များစွာကို သိမ်းပိုက်ကျူးကျော်တိုက်ခိုက်ခဲ့သောကြောင့် ဟေရှာယ ၉:၁၂ ၌ “ဣသရေလအမျိုး” ဟု ဖော်ပြထားရာတွင် ဤအဖြစ်အပျက်၌ ယုဒအမျိုးလည်း ပါဝင်နိုင်သည်။ မြောက်ပိုင်းဧဖရိမ်ကဲ့သို့ပင် ယုဒသည်လည်း အယူဖောက်ပြန်မှုများနှင့် ထွေးလုံးနေခြင်းကြောင့် ယေဟောဝါထံမှ ဤအပြစ်ဒဏ်ကို ခံထိုက်သည်။—၂ ရာဇဝင်ချုပ် ၂၈:၁-၄၊ ၁၈၊ ၁၉။

‘ဦးခေါင်းမှ အမြီးတိုင်’—ပုန်ကန်သောလူမျိုး

၁၀၊ ၁၁။ ဣသရေလလူမျိုး ဇွတ်တိုးပုန်ကန်ခြင်းကြောင့် အဘယ်အပြစ်ဒဏ်ကို ယေဟောဝါ ကျရောက်စေမည်နည်း။

၁၀ ထိုဆင်းရဲဒုက္ခအားလုံးကို ခံစားရ—ပြီးယေဟောဝါ ပရောဖက်များ၏ ပြင်းထန်သော သတိပေးချက်များကြားမှပင်—မြောက်ပိုင်းနိုင်ငံသည် ယေဟောဝါကို ဆက်၍ ပုန်ကန်သည်။ “ဤလူမျိုးသည် ဒဏ်ခတ်တော်မူသောသူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။” (ဟေရှာယ ၉:၁၃) သို့ဖြစ်၍ ပရောဖက်က ဤသို့ဆို၏– “ထာဝရဘုရားသည် ဣသရေလအမျိုးမှ ဦးခေါင်းနှင့် အမြီးကိုလည်းကောင်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကိုလည်းကောင်း တစ်နေ့ချင်းတွင် ခုတ်ဖြတ်တော်မူလိမ့်မည်။ ဦးခေါင်းကား အသက်ကြီးသူနှင့် အသရေရှိသူတည်း။ အမြီးကား မုသာကို ဟောပြောသော ပရောဖက်တည်း။ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲစေခြင်းငှာ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။”—ဟေရှာယ ၉:၁၄-၁၆။

၁၁ “ဦးခေါင်း” နှင့် “စွန်ပလွံလက်” တို့သည် “အသက်ကြီးသူနှင့် အသရေရှိသူ”—လူမျိုးအတွင်းရှိ ခေါင်းဆောင်များကို ကိုယ်စားပြုသည်။ “အမြီး” နှင့် “ကိုင်းပင်” တို့မှာ ဦးဆောင်သူများ၏ နှစ်သက်မှု ရရန် နှုတ်မြွက်တတ်သော ပရောဖက် အတုအယောင်များကို ရည်ညွှန်းသည်။ ကျမ်းပညာရှင်တစ်ဦး ဤသို့ ရေး၏– “ပရောဖက် အတုအယောင်များကို အမြီးဟု ခေါ်သည်၊ အကြောင်းမှာ သူတို့သည် ကိုယ်ကျင့်တရား ယုတ်ညံ့သူများ ဖြစ်ပြီး မင်းဆိုးများ၏ ကပ်မြှောင်၊ ဘက်တော်သားများ ဖြစ်ကြသည်။” ပါမောက္ခ အက်ဒဝတ် ဂျေ. ယန်းက ထိုပရောဖက်အတုများအကြောင်း ဤသို့ ဆို၏– “သူတို့သည် ခေါင်းဆောင်များ မဟုတ်ကြပါ၊ ခေါင်းဆောင်များနောက် လိုက်ပြီး ထိုခေါင်းဆောင်များကို မြှောက်ပင့်၊ ခယပြတတ်ကြသည့် လှုပ်ယမ်းနေသော ခွေးမြီးကဲ့သို့သာ ဖြစ်သည်။”—၂ တိမောသေ ၄:၃၊ နှိုင်းယှဉ်။

‘မုဆိုးမများနှင့် မိဘမဲ့ကလေးများ’ ပင် ပုန်ကန်သူများ ဖြစ်

၁၂။ အကျင့်ပျက်မှုသည် ဣသရေလလူမျိုးအတွင်းသို့ မည်မျှအထိ ထိုးဖောက်ဝင်ရောက်ခဲ့ပြီနည်း။

၁၂ ယေဟောဝါသည် မုဆိုးမများနှင့် မိဘမဲ့ကလေးများကို အကာအကွယ် ပေးသည့်အရှင် ဖြစ်သည်။ (ထွက်မြောက်ရာ ၂၂:၂၂၊ ၂၃) သို့ရာတွင် ယခု ဟေရှာယ ပြောသည့် စကားကို နားထောင်ကြည့်ပါ– “ထာဝရဘုရားသည် သူတို့တွင် ရှိသော လူပျိုတို့ကို အားရတော်မမူ။ မိဘမရှိသော သူငယ်နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ထိုသူအပေါင်းတို့သည် အဓမ္မပြုသောသူ၊ ဆိုးညစ်သောသူ ဖြစ်၍ မတရားသောစကားကို ပြောတတ်ကြ၏။ သို့ဖြစ်၍ အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။” (ဟေရှာယ ၉:၁၇) အယူဖောက်ပြန်မှုသည် မုဆိုးမများနှင့် မိဘမဲ့ကလေးများ အပါအဝင် လူတန်းစားအားလုံးကို ယိုယွင်းစေခဲ့သည်! ယေဟောဝါသည် လူများ သူတို့၏ လမ်းစဉ်များ ပြုပြင်ပြောင်းလဲလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် မိမိ၏ ပရောဖက်များကို စိတ်ရှည်ရှည်နှင့် စေလွှတ်တော်မူ၏။ ဥပမာ၊ “အိုဣသရေလ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လော့” ဟု ဟောရှေ မေတ္တာရပ်ခံခဲ့သည်။ (ဟောရှေ ၁၄:၁) မုဆိုးမများနှင့် မိဘမဲ့ကလေးများကို အကာအကွယ်ပေးရှင်အနေဖြင့် သူတို့ကို ပြန်တရားစီရင်ရခြင်းသည် ကိုယ်တော်ကို အလွန်ပင် နာကျင်စေပေမည်!

၁၃။ ဟေရှာယခေတ်ရှိ အခြေအနေမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၁၃ ဟေရှာယကဲ့သို့ပင် ကျွန်ုပ်တို့သည် လူဆိုးများကို တရားစီရင်မည့် ယေဟောဝါ၏နေ့ မရောက်မီ ခဲယဉ်းသော ကာလတွင် အသက်ရှင်နေရသည်။ (၂ တိမောသေ ၃:၁-၅) သို့ဖြစ်၍ စစ်မှန်သော ခရစ်ယာန်များသည် မိမိတို့၏ ဘဝအခြေအနေ မည်သို့ပင် ရှိပါစေ ဘုရားသခင့် မျက်နှာသာတော် ဆက်ရဖို့အတွက် ဝိညာဉ်ရေး၊ စာရိတ္တရေးနှင့် စိတ္တရေးတို့တွင် သန့်ရှင်းနေရန် အလွန် အရေးကြီးသည်။ တစ်ဦးချင်းစီသည် ဘုရားသခင်နှင့် မိမိ၏ ဆက်ဆံရေးကို သတိနှင့် ကာကွယ်ကြပါစို့။ “မဟာဗာဗုလုန်” မှ ထွက်လာပြီးသူ မည်သူမဆိုသည် “သူ၏ အပြစ်တို့ကို ဆက်ဆံခြင်း” ထပ်မပြုဘဲ နေကြစို့။—ဗျာဒိတ် ၁၈:၂၊ ၄။

မှောက်မှားသော ဝတ်ပြုရေးက အကြမ်းဖက်မှုကို ဖြစ်စေ

၁၄၊ ၁၅။ (က) နတ်ဆိုးဝတ်ပြုခြင်းက အဘယ်ရလဒ် ဖြစ်စေသနည်း။ (ခ) ဣသရေလလူမျိုးသည် အဘယ်ဆင်းရဲဒုက္ခကို ဆက်၍ ခံရမည့်အကြောင်း ဟေရှာယ ပရောဖက်ပြုထားသနည်း။

၁၄ မှောက်မှားသော ဝတ်ပြုရေးသည် အမှန်မှာ နတ်ဆိုးများအား ဝတ်ပြုခြင်း ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၂၀) ရေလွှမ်းမိုးဘေး မတိုင်မီ ဖြစ်ပျက်ခဲ့သကဲ့သို့ နတ်ဆိုးသြဇာလွှမ်းမိုးမှုက အကြမ်းဖက်မှုကို ဖြစ်စေသည်။ (ကမ္ဘာဦး ၆:၁၁၊ ၁၂) သို့ဖြစ်၍ ဣသရေလလူမျိုးသည် အယူဖောက်ပြန်ပြီး နတ်ဆိုးများကို စဝတ်ပြုသည့်အခါ အကြမ်းဖက်မှု၊ ဆိုးသွမ်းမှုတို့ဖြင့် ပြည်တော်တွင် ပြည့်နေခြင်းမှာ အံ့ဩစရာ မဟုတ်ပါ။—တရားဟောရာ ၃၂:၁၇; ဆာလံ ၁၀၆:၃၅-၃၈။

၁၅ ကွက်ကွက်ကွင်းကွင်း မြင်စေသည့် စကားသရုပ်ဖော်ချက်ဖြင့် ဣသရေလပြည်၌ ပျံ့နှံ့နေသော ဆိုးသွမ်းမှုနှင့် အကြမ်းဖက်မှုအကြောင်း ဟေရှာယ ဤသို့ ဖော်ပြ၏– “အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့် အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမျက်တော်ကြောင့် မြေသည် မီးလောင်၍ မြေသားတို့သည် မီးမွေးဖို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် မနှမြောရ။ လက်ယာဘက်၌ ခုတ်ဖြတ်သော်လည်း ငတ်မွတ်လိမ့်မည်။ လက်ဝဲဘက်၌ ကိုက်စားသော်လည်း မဝရ။ အိမ်နီးချင်းအသားကို လူတိုင်း ကိုက်စားရလိမ့်မည်။ မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။”—ဟေရှာယ ၉:၁၈-၂၁။

၁၆။ ဟေရှာယ ၉:၁၈-၂၁ တွင်ပါသော စကားများ မည်သို့ ပြည့်စုံခဲ့သနည်း။

၁၆ ဆူးခြုံ တစ်ခုမှတစ်ခုသို့ ကူးသွားသော မီးတောက်တစ်ခုကဲ့သို့ပင် အကြမ်းဖက်မှုသည် ထိန်း၍ မရတော့ဘဲ “တောအုပ်” သို့အလျင်အမြန် ရောက်ရှိသွားရာ အကြမ်းဖက်မှု မီးတောက်မီးလျှံကြီး ဖြစ်သွားလေသည်။ ကျမ်းစာဋီကာဆရာများ ဖြစ်သူ ကီလ်နှင့် ဒီလျစ်ဇ်က အကြမ်းဖက်မှု၏ ဤအဆင့်ကို “မင်းမဲ့အခြေအနေ ပြည်တွင်းစစ်အတွင်း လူမဆန်ဆုံးသော ကိုယ့်ကိုယ်ကို ဖျက်ဆီးခြင်း” ဟု ဖော်ပြသည်။ “သနားညှာတာသည့်သဘော အလျှင်းမရှိ၊ အာသာမပြေနိုင်ဘဲ တစ်ဦးကို တစ်ဦး ဝါးမျိုဖျက်ဆီးကြသည်။” ဧဖရိမ်နှင့် မနာရှေအမျိုးသည် မြောက်ပိုင်းနိုင်ငံကို အဓိက ကိုယ်စားပြုသူများ ဖြစ်သောကြောင့် ဤတွင်သူတို့အား အထူးရွေးချယ်ဖော်ပြထားခြင်း ဖြစ်နိုင်ပြီး ယောသပ်၏ သားနှစ်ယောက်မှ ဆင်းသက်လာကြသူများအနေနှင့် သူတို့သည် ဆယ်နွယ်နိုင်ငံနှင့် အနီးကပ်ဆုံး ဆက်စပ်နေသည်။ သို့သော် ဤသို့ ဖြစ်လျက်ပင် တောင်ပိုင်းယုဒနိုင်ငံကို တိုက်ခိုက်ခြင်း ဖြစ်သော ညီအစ်ကိုချင်း သတ်သော အကြမ်းဖက်မှုတွင် ပါဝင်ကြသည်။—၂ ရာဇဝင်ချုပ် ၂၈:၁-၈။

အကျင့်ပျက် တရားသူကြီးများ သူတို့၏ တရားသူကြီးနှင့် ရင်ဆိုင်ရ

၁၇၊ ၁၈။ ဣသရေလနိုင်ငံ၏ တရားရေးနှင့် အုပ်ချုပ်ရေး အစီအစဉ်တို့တွင် အဘယ် အကျင့်ပျက်မှု ရှိသနည်း။

၁၇ ယေဟောဝါသည် မိမိ၏ တရားစီရင်ခြင်းဆိုင်ရာ မျက်စိတော်ကို ဣသရေလလူမျိုး၏ အကျင့်ပျက် တရားသူကြီးများနှင့် အခြားအရာရှိများအပေါ်သို့ အာရုံစိုက်လိုက်သည်။ သူတို့သည် မိမိတို့၏ အာဏာကို အလွဲသုံးကာ တရားမျှတမှု ရရန် သူတို့ထံသို့ လာသော နိမ့်ကျသူများ၊ ဒုက္ခရောက်နေသူများထံမှ အတင်းအဓမ္မ ဖျစ်ညှစ်ယူကြသည်။ ဟေရှာယ ဤသို့ဆို၏– “ငတ်မွတ်သောသူတို့ကို တရားရှုံးစေခြင်းငှာလည်းကောင်း၊ ငါ၏ လူမျိုးတွင် ဆင်းရဲသားတို့၏ အခွင့်အရာကို ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မုဆိုးမတို့ကို ညှဉ်းဆဲ၍ မိဘမရှိသောသူတို့၏ ဥစ္စာကို လုယူခြင်းငှာလည်းကောင်း၊ မတရားသဖြင့် စီရင်သောသူ၊ ကျပ်တည်းစွာသော မှတ်ချက် [“ဘေးပြုသော စည်းမျဉ်းဥပဒေများ၊” ကဘ] ကို မှတ်သားသော စာရေးတို့သည် အမင်္ဂလာရှိကြ၏။”—ဟေရှာယ ၁၀:၁၊ ၂။

၁၈ ယေဟောဝါ၏ ပညတ်တော်တွင် မတရားသောပုံစံအားလုံးကို တားမြစ်ထား၏– “တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။” (ဝတ်ပြုရာ ၁၉:၁၅) ထိုပညတ်ကို ဂရုမစိုက်ဘဲ ထိုအရာရှိများသည် “ဘေးပြုသော စည်းမျဉ်းဥပဒေများ” ကို မိမိတို့ကိုယ်တိုင် စီရင်ရေးသားကာ မုဆိုးမများနှင့် ဖတဆိုးကလေးများ၏ ခြစ်ခြုတ်ပိုင်ဆိုင်ရာလေးကို သိမ်းယူခြင်း ဖြစ်သော အရက်စက်ဆုံးသော အပြုအမူ၊ တိုက်ရိုက်ခိုးယူခြင်းနှင့်တူသည့်အရာကို တရားဝင် ဖြစ်စေကြသည်။ ဣသရေလလူများ၏ မှောက်မှားသော ဘုရားများသည် ဤမတရားမှုကို လုံးဝ မမြင်သော်လည်း ယေဟောဝါမူကား မြင်တော်မူ၏။ ယေဟောဝါသည် ယခု ဟေရှာယမှတစ်ဆင့် ထိုဆိုးသွမ်းသော တရားသူကြီးများကို အာရုံစိုက်လျက်ရှိသည်။

၁၉၊ ၂၀။ အကျင့်ပျက် ဣသရေလတရားသူကြီးများ၏ အခြေအနေသည် မည်သို့ ပြောင်းလဲသွားမည်နည်း၊ သူတို့၏ “ဘုန်း” မည်သို့ ဖြစ်မည်နည်း။

၁၉ “ဒဏ်စီရင်ခြင်းခတ်သည့် နေ့ရက်၊ အဝေးက ပျက်စီးခြင်းသင့်သည့်ကာလ မည်သို့ပြု၍ မည်သူ့ထံ ပြေးခိုကြမည်နည်း။ စည်းစိမ်ဥစ္စာကို မည်သည့်နေရာတွင် ထားကြမည်နည်း။ အကျဉ်းသားတို့ခြေရင်း၌ ပျပ်ဝပ်ခြင်း၊ ကွပ်မျက်ခံရသူတို့အောက် ပြိုလဲခြင်းကို ပြုလုပ်ဖွယ်ရှိတော့အံ့။” (ဟေရှာယ ၁၀:၃၊ ၄က၊ သမ) မုဆိုးမများနှင့် ဖတဆိုးကလေးများ သွားပြီး အသနားခံနိုင်မည့် ဖြောင့်မတ်ရိုးသားသော တရားသူကြီး မရှိပါ။ သို့ဖြစ်၍ ထိုအကျင့်ပျက် ဣသရေလ တရားသူကြီးများကို ယေဟောဝါ တရားဆိုင်နေပြီ ဖြစ်ရာ သူတို့သည် မည်သူထံသို့ အကူအညီ တောင်းကြမည်နည်းဟု ယေဟောဝါ မေးခြင်းသည် သင့်လျော်သည်။ မှန်ပါသည်၊ သူတို့သည် “အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဖွယ်သောအမှု ဖြစ်” ကြောင်းကို သိရတော့မည်။—ဟေဗြဲ ၁၀:၃၁။

၂၀ ထိုဆိုးယုတ်သော တရားသူကြီးများ၏ “ဘုန်း”—သူတို့၏ ချမ်းသာကြွယ်ဝမှုနှင့် ရာထူးကြောင့် လောက,က ပေးသည့် ဂုဏ်၊ အသရေနှင့် ဩဇာအာဏာ—တို့သည် ကြာရှည်ခံမည် မဟုတ်ပါ။ အချို့သူတို့သည် စစ်အကျဉ်းသားများ ဖြစ်လာကြကာ အခြားအကျဉ်းသားများကြားတွင် “ပျပ်ဝပ်” သို့မဟုတ် ဝပ်တွားနေကြရမည်၊ ကျန်သောသူတို့သည် အသတ်ခံရပြီး သူတို့အပေါ် စစ်ကြောင့် သေသူများနှင့် ဖုံးလွှမ်းနေမည်။ သူတို့၏ “ဘုန်း” တွင် မတရား ရယူထားသော စည်းစိမ်များလည်း ပါဝင်ပြီး ၎င်းတို့ကို ရန်သူများ လုယူကြမည်။

၂၁။ ဣသရေလလူမျိုး ခံခဲ့ရသော ပြစ်ဒဏ်ပေးမှုများကို ထောက်ရှုလျှင် သူတို့အပေါ် ယေဟောဝါ၏ အမျက်တော် ငြိမ်းသွားပြီလော။

၂၁ ဟေရှာယသည် နောက်ဆုံးအပိုဒ်ကို ဤကြောက်မက်ဖွယ် သတိပေးချက်ဖြင့် နိဂုံးချုပ်၏– “သို့သော်လည်း [လူမျိုးတော် ဤအထိ ခံနေရသည့် အမင်္ဂလာအားလုံးကို ခံခဲ့ရပြီး ဖြစ်သော်လည်း] အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏။” (ဟေရှာယ ၁၀:၄ခ) မှန်ပါသည်၊ ယေဟောဝါသည် ဣသရေလလူမျိုးကို ထပ်ပြောစရာ များစွာ ရှိသေးသည်။ ယေဟောဝါ၏ ဆန့်တန်းထားသည့် လက်တော်သည် ပုန်ကန်သော မြောက်ပိုင်းနိုင်ငံ လုံးဝ အပြီးသတ် မပျက်စီးမချင်း ပြန်ရုပ်မည် မဟုတ်ပါ။

မုသားနှင့် ကိုယ်ကျိုးရှာခြင်း၏ သားကောင် အဖြစ်မခံပါနှင့်

၂၂။ ဣသရေလလူမျိုး ကြုံတွေ့ခဲ့ရာများမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။

၂၂ ဟေရှာယမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူသော စကားများသည် ဣသရေလလူမျိုးအပေါ် ပြင်းထန်စွာ ကျရောက်ခဲ့ပြီး ‘အကျိုးမရှိဘဲ ကိုယ်တော့်ထံသို့ မပြန်’ ခဲ့ပါ။ (ဟေရှာယ ၅၅:၁၀၊ ၁၁) မြောက်ပိုင်းဣသရေလနိုင်ငံ၏ ဝမ်းနည်းဖွယ် နိဂုံးကို သမိုင်းမှတ်တမ်းတင်ထားပြီး ပြည်သူပြည်သားများ ခံစားခဲ့ရမည့် ဒုက္ခဆင်းရဲကို ကျွန်ုပ်တို့ မြင်ယောင်၍သာ ကြည့်နိုင်သည်။ ဘုရားသခင့် နှုတ်ကပါဌ်စကားသည် လက်ရှိအစီအစဉ်စနစ်၊ အထူးသဖြင့် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်အပေါ် မလွဲမသွေ ပြည့်စုံလာမည်။ သို့ဖြစ်၍ ထိုခရစ်ယာန်များသည် မုသားစကားများ၊ ဘုရားသခင်ထံမှ မဟုတ်သော ဝါဒဖြန့်မှုများကို နားမယောင်မိစေရန် အလွန် အရေးကြီးသည်! ဘုရားသခင့် နှုတ်ကပါဌ်တော်၏ ကျေးဇူးကြောင့် စာတန်၏ ပါးနပ်သော ပရိယာယ်များ ပေါ်သွားသည်မှာ ကြာပြီ ဖြစ်ရာ ရှေးဣသရေလလူမျိုးများကဲ့သို့ ကျွန်ုပ်တို့ လှည့်စားခံရစရာအကြောင်း မရှိပါ။ (၂ ကောရိန္သု ၂:၁၁) ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါကို “နာမ်ဝိညာဉ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း” ကိုးကွယ်ခြင်းကို ဘယ်တော့မျှ မရပ်စဲပါစေနှင့်။ (ယောဟန် ၄:၂၄၊ ကဘ) သို့ဖြစ်လျှင် ကိုယ်တော်၏ ဆန့်တန်းထားသော လက်တော်သည် ပုန်ကန်သော ဧဖရိမ်ကို ထိုးနှက်တော်မူခဲ့သကဲ့သို့ ကိုယ်တော်အား ဝတ်ပြုသူများကို ထိုးနှက်မည် မဟုတ်ပါ; ကိုယ်တော်၏ လက်သည် သူတို့ကို နွေးထွေးစွာ ပွေ့ပိုက်ပြီး မြေကြီးပရဒိသုတွင် ထာဝရအသက် ရစေသည့် လမ်းတစ်လျှောက် သူတို့ကို အကူအညီ ပေးမည် ဖြစ်သည်။—ယာကုပ် ၄:၈။

[အောက်ခြေမှတ်ချက်များ]

a ဟေရှာယ ၉:၈–၁၀:၄ တွင် စာပိုဒ် (ကာရံညီစာပိုဒ်တစ်ပိုဒ်၏ အပိုင်း) လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်၊ တစ်ပိုဒ်စီ၏ အဆုံးတွင် ကျောစိမ့်ဖွယ် ဤထပ်ကြော့စာကြောင်း ပါရှိသည်– “သို့သော်လည်း အမျက်တော်သည် မငြိမ်း၊ လက်တော်သည် ဆန့်လျက် ရှိသေး၏။” (ဟေရှာယ ၉:၁၂၊ ၁၇၊ ၂၁; ၁၀:၄) ဤစာစီထားပုံက ဟေရှာယ ၉:၈–၁၀:၄ ကို ပေါင်းစပ် “ဗျာဒိတ်တော်” တစ်ခုအဖြစ် စုစည်းပေးသည်။ (ဟေရှာယ ၉:၈) ပြန်လည်သင့်မြတ်ရန် မဟုတ်ဘဲ တရားစီရင်ရန်အတွက် ယေဟောဝါ၏ “လက်တော်သည် ဆန့်လျက် ရှိသေး” သည်ကိုလည်း သတိပြုပါ။—ဟေရှာယ ၉:၁၃။

b မြောက်ပိုင်းဣသရေလနိုင်ငံတွင် ယေဟောဝါ၏ ပရောဖက်များမှာ ယေဟု (ဘုရင်မဟုတ်)၊ ဧလိယ၊ မိက္ခာ (ဣမလသား)၊ ဧလိရှဲ၊ ယောန၊ ဩဒက်၊ ဟောရှေ၊ အာမုတ်နှင့် မိက္ခာ (မောရရှရွာသား) တို့ ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ