ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၁၂ စာ. ၇၀-၇၆
  • အာရှုရိကို မကြောက်ကြနှင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာရှုရိကို မကြောက်ကြနှင့်
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် “တောင်ဝှေး” ကို အသုံးပြု
  • ယုဒနှင့် ယေရုရှလင်မြို့သို့ ချီတက်!
  • ဤလောကမှ အကူအညီ မရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရ”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • သိုးထိန်းခုနစ်ယောက်နဲ့ မင်းညီမင်းသားရှစ်ယောက်က ယနေ့ ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ်ရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရင်တစ်ပါး၏ ယုံကြည်ခြင်း ဆုချခံရ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၁၂ စာ. ၇၀-၇၆

အခန်း ဆယ့်နှစ်

အာရှုရိကို မကြောက်ကြနှင့်

ဟေရှာယ ၁၀:၅-၃၄

၁၊ ၂။ (က) လူ့ရှုထောင့်မှ ကြည့်လျှင် ယောနသည် အာရှုရိလူများအား ဟောပြောရမည့် တာဝန်ကို လက်ခံရန် တွန့်ဆုတ်ဖို့ အကြောင်းကောင်း ရှိသည်ဟု အဘယ်ကြောင့် ယူဆနိုင်သနည်း။ (ခ) ယောန၏ သတင်းစကားကို နိနေဝေမြို့သားများ မည်သို့ တုံ့ပြန်ကြသနည်း။

ဘီ.စီ.အီး. ကိုးရာစု အလယ်လောက်တွင် အမိတ္တဲ၏ သား ဟေဗြဲပရောဖက် ယောနသည် အာရှုရိ အင်ပါယာ၏ မြို့တော် နိနေဝေမြို့ကြီးသို့ အရဲစွန့်၍ သွားခဲ့သည်။ ပြင်းထန်သော သတင်းစကားတစ်ခုကို ကြေညာရန် ဖြစ်သည်။ ယေဟောဝါက သူ့အား ဤသို့ မိန့်တော်မူခဲ့၏– “သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင် ခြိမ်းခြောက်သော စကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီ။”—ယောန ၁:၂၊ ၃။

၂ ယောနသည် တာဝန်ကို ရရှိစက ဆန့်ကျင်ဘက်အရပ် ဖြစ်သော တာရှုမြို့သို့ ထွက်ပြေးခဲ့သည်။ လူ့ရှုထောင့်မှ ကြည့်လျှင် ယောနတွင် တွန့်ဆုတ်စရာအကြောင်း ရှိခဲ့သည်။ အာရှုရိတို့သည် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်သည်။ အာရှုရိဘုရင်တစ်ပါးက မိမိ၏ ရန်သူများအား ပြုမူခဲ့ပုံကို မှတ်သားကြည့်ပါ– “မင်းအရာရှိများ၏ ခြေလက်များကို ငါဖြတ်ပစ်သည် . . .။ သူတို့ထဲမှ သုံ့ပန်းများစွာကို မီးရှို့သတ်ခဲ့ပြီး များစွာကို သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခဲ့သည်။ ၎င်းထဲမှအချို့၏ လက်များ၊ လက်ချောင်းများကို ငါဖြတ်ပစ်ပြီး အခြားသူများထဲမှ သူတို့၏ နှာခေါင်းများကို ငါဖြတ်ပစ်သည်။” သို့သော်လည်း နောက်ဆုံးတွင် ယေဟောဝါ၏ သတင်းစကားကို ယောန ကြေညာခဲ့သည့်အခါ နိနေဝေမြို့သားတို့သည် မိမိတို့အပြစ်များမှ နောင်တယူခဲ့ကြသည့်အတွက် ယေဟောဝါသည် ထိုအချိန်က ၎င်းမြို့ကို ချမ်းသာခွင့်ပေးခဲ့သည်။—ယောန ၃:၃-၁၀; မဿဲ ၁၂:၄၁။

ယေဟောဝါသည် “တောင်ဝှေး” ကို အသုံးပြု

၃။ ဣသရေလလူမျိုးများသည် ယေဟောဝါ ပရောဖက်များ၏ သတိပေးချက်များကို နိနေဝေ မြို့သားများနှင့် ခြားနားလျက် မည်သို့ တုံ့ပြန်ကြသနည်း။

၃ ယောန ဟောပြောခဲ့သော ဣသရေလလူများတို့လည်း လက်ခံတုံ့ပြန်ကြပါသလော။ (၄ ဓမ္မရာဇဝင် ၁၄:၂၅) လက်မခံကြပါ။ သူတို့သည် စစ်မှန်သော ဝတ်ပြုရေးကို ကျောခိုင်းသွားကြသည်။ အမှန်သော် သူတို့သည် “မိုးကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကိုလည်း ဝတ်ပြု” ခဲ့ကြသည့်အထိပင် ဖြစ်သွားသည်။ ထို့အပြင် “သားသမီးတို့ကို မီးဖြင့် ပူဇော်ကြ၏။ နတ်ဝိဇ္ဇာအတတ်၊ ပြုစားသောအတတ်ကို သုံးဆောင်၍ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကို ရောင်းကြ၏။” (၄ ဓမ္မရာဇဝင် ၁၇:၁၆၊ ၁၇) ဣသရေလလူမျိုးတို့သည် နိနေဝေ မြို့သားများနှင့် မတူဘဲ၊ ယေဟောဝါက သူတို့ကို သတိပေးရန် ပရောဖက်များ စေလွှတ်သည့်အခါ လက်ခံတုံ့ပြန်ခြင်း မရှိကြပါ။ ထို့ကြောင့် ယေဟောဝါသည် ကြီးလေးသော စီရင်ချက် ချရန် ဆုံးဖြတ်ခြင်း ဖြစ်သည်။

၄၊ ၅။ (က) “အာရှုရိလူ” ဟူသည် အဘယ်အရာကို ဆိုလိုပြီး ယေဟောဝါသည် သူ့ကို “တောင်ဝှေး” အဖြစ် မည်သို့ အသုံးပြုမည်နည်း။ (ခ) မည်သည့်အချိန်တွင် ရှမာရိမြို့ ကျသွားသနည်း။

၄ နိနေဝေမြို့သို့ ယောန သွားဟောပြီးနောက်ပိုင်း အချိန်အတန်ကြာအထိ အာရှုရိတို့၏ ကျူးကျော်မှုသည် လျော့နည်းသွားသည်။a သို့သော် ဘီ.စီ.အီး. ရှစ်ရာစု အစပိုင်း၌ အာရှုရိသည် မိမိကိုယ်ကို စစ်အင်အားကြီးနိုင်ငံအဖြစ် အခိုင်အမာ ပြန်တည်ထောင်လာရာ ယေဟောဝါသည် ၎င်းကို အံ့ဖွယ်နည်းဖြင့် အသုံးပြုတော်မူ၏။ ပရောဖက် ဟေရှာယက မြောက်ပိုင်းဣသရေလနိုင်ငံအား ယေဟောဝါထံမှ ဤသတိပေးချက်ကို ကြားသိစေ၏– ‘အာရှုရိလူသည် ငါ့အမျက်တောင်ဝှေး၊ သူတို့ ကိုင်သော ကြိမ်လုံးသည် ငါဒဏ်ပေးစရာဖို့ ဖြစ်၏။ ဖောက်ပြန်သောလူမျိုး ရှိရာသို့ သူ့ကို ငါစေလွှတ်မည်။ ငါ့အမျက်ခံရာ လူစုကို လုယူဖျက်ဆီး၍ လမ်းမှ ရွှံ့ကဲ့သို့ ကျော်နင်းစေခြင်းငှာ သူ့ကို ငါမှာထားမည်။’—ဟေရှာယ ၁၀:၅၊ ၆။

၅ ဣသရေလလူမျိုး နှိမ့်ချခံရခြင်းပါတကား! ဘုရားသခင်သည် သူတို့ကို ပြစ်ဒဏ်ပေးရန် “လှံတံ” အဖြစ် တိတ္ထိများ ဖြစ်သော “အာရှုရိလူ” ကို အသုံးပြုတော်မူ၏။ ဘီ.စီ.အီး. ၇၄၂ ၌ အာရှုရိဘုရင် ရှာလမနေဇာ ၅ သည် ဖောက်ပြန်သော ဣသရေလလူမျိုး၏ မြို့တော် ရှမာရိမြို့ကို ဝိုင်းရံပိတ်ဆို့သည်။ အမြင့်ပေ ၃၀၀ ခန့် ရှိသော တောင်ကုန်းပေါ် မဟာဗျူဟာကျသော နေရာမှ နေ၍ ရှမာရိသည် ရန်သူကို သုံးနှစ်နီးပါး ပြန်ခုခံခဲ့သည်။ သို့သော် မည်သည့် လူ့မဟာဗျူဟာကမျှ ဘုရားသခင့် ရည်ရွယ်ချက်ကို မတားဆီးနိုင်ပါ။ ဘီ.စီ.အီး. ၇၄၀ တွင် ရှမာရိ ကျရှုံးသွားရာ အာရှုရိ၏ နင်းချေခြင်းကို ခံခဲ့ရသည်။—၄ ဓမ္မရာဇဝင် ၁၈:၁၀။

၆။ အာရှုရိသည် သူ့အတွက် ယေဟောဝါ ကြံစည်ထားသည်ထက် အဘယ်နည်းဖြင့် ပို၍ ကျော်လွန်လုပ်ဆောင်သနည်း။

၆ မိမိ၏ လူမျိုးကို သင်ခန်းစာ ပေးရန် ယေဟောဝါ၏ အသုံးတော် ခံခဲ့ရသော်လည်း အာရှုရိသည် ယေဟောဝါကို အသိအမှတ် မပြုပါ။ ထို့ကြောင့် ဤသို့ ဆက်၍ ပြောသည်– “သို့သော်လည်း သူ[အာရှုရိ]သည် အခြားသောအကြံ၊ အခြားသောအလို ရှိ၏။ သူသည် ဖျက်ဆီး၍ များစွာသော လူမျိုးတို့ကို ပယ်ရှင်းခြင်းငှာ အလိုရှိ၏။” (ဟေရှာယ ၁၀:၇) ယေဟောဝါသည် အာရှုရိအား မိမိ၏ လက်သုံးတော်တစ်ခုအဖြစ် ရည်ရွယ်ထားတော်မူ၏။ သို့သော် အာရှုရိသည် အခြားသောအရာတစ်ခုကို လုပ်လိုသည်။ သူ့နှလုံးက ပို၍ ကြီးကျယ်သော အကြံအစည် ဖြစ်သော ထိုအချိန်က သိရှိထားသော ကမ္ဘာကို အောင်ပွဲဆင်ရန် တွန်းအားပေးနေသည်!

၇။ (က) “ငါ၏ မှူးမတ်တို့သည် မင်းကြီး ဖြစ်ကြသည် မဟုတ်လော” ဟူသော ဝေါဟာရကို ရှင်းပြပါ။ (ခ) ယနေ့ ယေဟောဝါအား စွန့်ပစ်သူများသည် အဘယ်အရာကို သတိပြုမှတ်သားသင့်သနည်း။

၇ အာရှုရိ အနိုင်တိုက်ယူခဲ့သော ဣသရေလမြို့ရွာ မဟုတ်သည့် မြို့များစွာတွင် ယခင်က ဘုရင်များ အုပ်ချုပ်ခဲ့သည်။ ထိုဘုရင်များသည် ယခု အာရှုရိဘုရင်၏ သစ္စာတော်ခံ မှူးမတ်များအဖြစ် လက်အောက်ခံရသောကြောင့် သူဤသို့ အမှန်ပင် ကြွားဝါနိုင်ခဲ့၏– “ငါ၏ မှူးမတ်တို့သည် မင်းကြီး ဖြစ်ကြသည် မဟုတ်လော။” (ဟေရှာယ ၁၀:၈) ထိုလူမျိုးများ၏ အထင်ကရ မြို့များမှ မှောက်မှားသော ဘုရားများသည် မိမိတို့အား ဝတ်ပြုသူများကို ပျက်စီးခြင်းမှ မကယ်တင်နိုင်ခဲ့ပါ။ ရှမာရိမြို့သားများ၏ ဘုရားများ ဖြစ်သော ဗာလ၊ မောလုတ်နှင့် ရွှေနွားရုပ်များသည် ထိုမြို့ကို ကာကွယ်ပေးမည် မဟုတ်ပါ။ ယေဟောဝါအား စွန့်ပစ်ခြင်းကြောင့် ရှမာရိမြို့ကို ကိုယ်တော် ကြားဝင်ကူညီမည်ဟု မမျှော်လင့်နိုင်ပါ။ ယနေ့ ယေဟောဝါကို စွန့်ပယ်သူ မည်သူမဆိုသည် ရှမာရိ၏ အဖြစ်ဆိုးကို ဂရုပြုမှတ်သားသင့်သည်! အာရှုရိသည် ရှမာရိ အပါအဝင် သူတိုက်ယူခဲ့သော အခြားမြို့များနှင့်ပတ်သက်၍ ဤသို့ ကောင်းကောင်း ကြွားနိုင်ခဲ့သည်– “ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည် မဟုတ်လော။” (ဟေရှာယ ၁၀:၉) အာရှုရိအဖို့ ၎င်းတို့အားလုံးသည် သိမ်းပိုက်ရမည့် လက်ရဥစ္စာများ ဖြစ်သည်။

၈၊ ၉။ အာရှုရိသည် ယေရုရှလင်မြို့ကို သိမ်းပိုက်ရန် မျက်စိကျခြင်းသည် အဘယ်ကြောင့် လွန်လွန်းအားကြီးသနည်း။

၈ သို့ရာတွင် အာရှုရိသည် အလွန် လေလုံးထွားနေသည်။ သူ ဤသို့ ဆို၏– “ရှမာရိရုပ်တုနှင့် ယေရုရှလင်ရုပ်တုထက် သာ၍ မြတ်သော ရုပ်တုဆင်းတုကို ကိုးကွယ်သော တိုင်းနိုင်ငံများကို ငါလုယူသကဲ့သို့လည်းကောင်း၊ ရှမာရိမြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုသကဲ့သို့လည်းကောင်း ယေရုရှလင်မြို့နှင့် သူ၏ ရုပ်တုတို့ကို ငါပြုမည် မဟုတ်လော။” (ဟေရှာယ ၁၀:၁၀၊ ၁၁) အာရှုရိ သိမ်းပိုက်အောင်မြင်ခဲ့ပြီးသော နိုင်ငံများသည် ယေရုရှလင် သို့မဟုတ် ရှမာရိမြို့ထက်ပင် ပို၍ များသော ရုပ်တုများကို ပိုင်ဆိုင်ကြသည်။ ‘ယေရုရှလင်မြို့ကို ရှမာရိကဲ့သို့ဖြစ်စေရာတွင် အဘယ်အရာက တားဆီးမည်နည်း’ ဟု သူဆင်ခြင်သည်။

၉ လေလုံးထွားခြင်းပါတကား! ယေဟောဝါသည် ယေရုရှလင်မြို့ကို သိမ်းပိုက်ခွင့် ပြုမည် မဟုတ်ပါ။ ယုဒသည် စစ်မှန်သော ဝတ်ပြုရေးကို ထောက်မရာတွင် သဲလဲစင် မှတ်တမ်း မရှိသည်မှာ မှန်ပါသည်။ (၄ ဓမ္မရာဇဝင် ၁၆:၇-၉; ၂ ရာဇဝင်ချုပ် ၂၈:၂၄) သူ၏ သစ္စာမဲ့မှုကြောင့် ယုဒသည် အာရှုရိ၏ ကျူးကျော်ဝင်ရောက်ချိန်တွင် များစွာ ဒုက္ခရောက်မည် ဖြစ်ကြောင်း ယေဟောဝါ သတိပေးထားပြီး ဖြစ်သည်။ သို့သော် ယေရုရှလင်သည် ကယ်တင်ခံရမည်။ (ဟေရှာယ ၁:၇၊ ၈) အာရှုရိ တိုက်ခိုက်ချိန်တွင် ဟေဇကိသည် ယေရုရှလင်မြို့၏မင်း ဖြစ်သည်။ ဟေဇကိသည် သူ၏ဖခင် အာခတ်နှင့် မတူပါ။ ဟေဇကိ နန်းစံပထမလတွင် ဗိမာန်တော် တံခါးများကို ပြန်ဖွင့်စေပြီး စစ်မှန်သော ဝတ်ပြုရေးကို ပြန်တည်ထောင်သည်!—၂ ရာဇဝင်ချုပ် ၂၉:၃-၅။

၁၀။ အာရှုရိနှင့်ပတ်သက်၍ ယေဟောဝါ အဘယ်ကတိ ပြုတော်မူသနည်း။

၁၀ ထို့ကြောင့် ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် အာရှုရိ၏ အကြံအစည်ကို ယေဟောဝါ လက်မခံပါ။ ထောင်လွှားသော ဤကမ္ဘာ့အာဏာစက်နှင့် စာရင်းရှင်းမည်ဟု ယေဟောဝါ ဤသို့ ကတိပြု၏– “ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ်တော်မူပြီးမှ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။”—ဟေရှာယ ၁၀:၁၂။

ယုဒနှင့် ယေရုရှလင်မြို့သို့ ချီတက်!

၁၁။ အာရှုရိသည် ယေရုရှလင်မြို့ကို အလွယ်တကူ သိမ်းယူနိုင်မည်ဟု အဘယ်ကြောင့် ယူဆသနည်း။

၁၁ ဘီ.စီ.အီး. ၇၄၀ တွင် မြောက်ပိုင်းနိုင်ငံ ကျရှုံးပြီး ရှစ်နှစ်အကြာတွင် အာရှုရိဘုရင်သစ် သနာခရိပ်သည် ယေရုရှလင်မြို့သို့ စစ်ချီလာသည်။ ဟေရှာယသည် သနာခရိပ်၏ ထောင်လွှားသော အကြံအစည်ကို လင်္ကာဖြင့် ဤသို့ ဖော်ပြထား၏– “လူမျိုးတို့နယ်နိမိတ်များကို ငါရွှေ့ပြီ။ သူတို့၏ ဘဏ္ဍာကို လုယက်ပြီ။ မြို့များကို မြို့သူမြို့သားတို့ပါ မြေသို့ နှိမ့်ချပြီ။ ငါ့လက်သည် ငှက်သိုက်ကို တွေ့သကဲ့သို့ လူမျိုးတို့၏ စည်းစိမ်ဥစ္စာကို တွေ့ပြီ။ စွန့်ပစ်သော ငှက်ဥများကို သိမ်းယူသကဲ့သို့ မြေတစ်ပြင်လုံးကို ငါသိမ်းယူပြီ။ အဘယ်သူမျှ အတောင်မလှုပ်၊ နှုတ်သီးမဖွင့်၊ အသံမမြည်ဟု ဆို၏။” (ဟေရှာယ ၁၀:၁၃၊ ၁၄၊ သမ္မာ) အခြားမြို့များစွာ ကျခဲ့ပြီ၊ ရှမာရိမြို့လည်း မရှိတော့၊ ထို့ကြောင့် ယေရုရှလင်မြို့ကို အလွယ်တကူ သိမ်းယူနိုင်မည်ဟု သနာခရိပ် ထင်မြင်မိသည်! ဤမြို့သည် စိတ်မပါ့တပါဖြင့် ခုခံကောင်း ခုခံမည် ဖြစ်ကာ အသံပင် မထွက်နိုင်ဘဲ မြို့သူမြို့သားများသည် အလျင်အမြန် နိုင်နင်းအောင်မြင်ခံရမည်၊ သူတို့၏ ဥစ္စာဘဏ္ဍာများကို စွန့်ပစ်ထားသော ငှက်သိုက်ထဲမှ ငှက်ဥများကဲ့သို့ နှိုက်ယူမည်။

၁၂။ အာရှုရိ၏ လေလုံးထွားမှုကို နည်းမှန်လမ်းကျ ရှုမြင်ရန် ယေဟောဝါ အဘယ်အရာ တင်ပြသနည်း။

၁၂ သို့ရာတွင် တစ်စုံတစ်ခုကို သနာခရိပ် မေ့လျော့နေသည်။ အယူဖောက်ပြန်သော ရှမာရိမြို့သည် သူတို့ ခံခဲ့ရသည့် အပြစ်ဒဏ်ကို ခံထိုက်သည်။ သို့ရာတွင် ဟေဇကိမင်း လက်အောက်ရှိ ယေရုရှလင်မြို့သည် အမာခံ စစ်မှန်သော ဝတ်ပြုရေး တစ်ဖန်ပြန်၍ ဖြစ်နေပေပြီ။ ယေရုရှလင်မြို့ကို တိုက်ခိုက်လိုသူ မည်သူမဆိုသည် ယေဟောဝါကို ထည့်တွက်ကြရမည်! ဟေရှာယ အမျက်ထွက်ကာ ဤသို့ မေး၏– “ကြိမ်လုံးသည် ကိုင်သောသူကို လှုပ်သကဲ့သို့လည်းကောင်း၊ တောင်ဝှေးသည် မိမိသခင်ကို ချီကြွသကဲ့သို့လည်းကောင်း ပုဆိန်သည် ခုတ်သောသူကို စော်ကားရမည်လော။ လွှသည် တိုက်သောသူကို ရန်ပြု၍ ထောင်လွှားရမည်လော။” (ဟေရှာယ ၁၀:၁၅) အာရှုရိ အင်ပါယာသည် ယေဟောဝါ၏ လက်တော်သုံး ပုဆိန်၊ လွှ၊ ကြိမ်လုံး သို့မဟုတ် တောင်ဝှေး—တောတွင်းသား၊ လွှတိုက်သူ သို့မဟုတ် သိုးထိန်းတစ်ဦး အသုံးပြုမည့်ပစ္စည်းများ—မျှသာ ဖြစ်သည်။ ယခု တောင်ဝှေးသည် မိမိကို အသုံးပြုသူ၏ အထက်တွင် မိမိကိုယ်ကို ချီးမြှောက်ဝံ့သည်တကား!

၁၃။ (က) “ဆူဝသောသူတို့” (ခ) “ဆူးပင်များနှင့် ခြုံပုတ်များ” (ဂ) “တော၏ဘုန်း” တို့သည် အဘယ်အရာ ဖြစ်ပြီး မည်ကဲ့သို့ ဖြစ်ပျက်မည်ကို ရှင်းပြပါ။

၁၃ အာရှုရိ၌ မည်သို့ ဖြစ်မည်နည်း။ “ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် ထိုမင်း၏ ဆူဝသောသူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူမည်။ သူ၏ ဘုန်းအောက်၌လည်း မီးလောင်သကဲ့သို့ လောင်စေခြင်းငှာ ရှို့တော်မူမည်။ ဣသရေလအမျိုး၏ အလင်းသည် မီးဖြစ်တော်မူမည်။ သန့်ရှင်းသော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တစ်နေ့ချင်းတွင် ထိုမင်း၏ ဆူးပင်အမျိုးမျိုးတို့ကို မီးရှို့၍ ကျွမ်းစေတော်မူမည်။ တော၏ ဘုန်းကိုလည်းကောင်း၊ အသီးအနှံ ထွက်သော လယ်၏ ဘုန်းကိုလည်းကောင်း သူ၏ ကိုယ်ခန္ဓာနာမ်ဝိညာဉ်နှင့်တကွ ကုန်စေတော်မူသဖြင့် ထိုမင်းသည် နာသောသူကဲ့သို့ အားလျော့လိမ့်မည်။ ကြွင်းသော တောပင်တို့ကို သူငယ်သည် စာရင်းယူနိုင်အောင် အနည်းငယ်မျှသာ ဖြစ်လိမ့်မည်။” (ဟေရှာယ ၁၀:၁၆-၁၉) မှန်ပါသည်၊ ယေဟောဝါသည် “တောင်ဝှေး” ဖြစ်သော အာရှုရိ၏ တန်ခိုးကို တဖြည်းဖြည်း ဆုတ်ယုတ်စေမည်! “ဆူဝသော” အာရှုရိ စစ်တပ်၏ ကြံ့ခိုင်တောင့်တင်းသော စစ်သားများတွင် “ပိန်ကြုံစေသော ရောဂါ” စွဲစေမည်။ သိပ်အင်အားရှိတော့မည် မဟုတ်ပါ! သူ၏ ကြည်းတပ်များသည် ဆူးပင်၊ ချုံပုတ်များအလား ဣသရေလ၏ အလင်း ဖြစ်သော ယေဟောဝါအားဖြင့် လောင်ကျွမ်းခံရမည်။ “တော၏ ဘုန်း” ဖြစ်သော သူ၏ စစ်တပ်အရာရှိများ၏ နိဂုံး ရောက်လာမည်။ ယေဟောဝါသည် အာရှုရိကို ဇာတ်သိမ်းစေပြီးသည့်နောက်တွင် လူမမယ်ကလေးတစ်ယောက်က လက်ချိုးရေတွက်နိုင်လောက်သည်အထိ သူ၏အရာရှိ အနည်းငယ်သာ ကျန်ကြွင်းမည်!—ဟေရှာယ ၁၀:၃၃၊ ၃၄ ကိုလည်းရှု။

၁၄။ အာရှုရိသည် ဘီ.စီ.အီး. ၇၃၂ တွင် ယုဒမြေပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်ပုံကို ဖော်ပြပါ။

၁၄ သို့သော်လည်း ဘီ.စီ.အီး. ၇၃၂ တွင် ယေရုရှလင်မြို့၌ နေထိုင်သော ဂျူးများသည် အာရှုရိ ကျဆုံးသွားမည် ဟူသော အချက်ကို လက်ခံရခက်မည်။ အလွန် ကြီးမားသော အာရှုရိ စစ်တပ်သည် တစ်ဟုန်ထိုး ချီတက်လာကြသည်။ သူတို့ တိုက်ယူခဲ့ပြီးသော ယုဒပြည်ရှိ မြို့များ၏ စာရင်းကို ဤသို့ တွေ့ရ၏– “အာရပ်မြို့ . . . မိဂရုန်မြို့ . . . မိတ်မတ်မြို့ . . . ဂေဗမြို့ . . . ရာမမြို့ . . . ရှောလုနေရာ ဂိဗာမြို့ . . . ဂလ္လိမ်မြို့ . . . လဲရှမြို့ . . . အာနသုတ်မြို့ . . . မာဒမေနမြို့ . . . ဂေဗိမ်မြို့ . . . နောဘမြို့” တို့ ဖြစ်သည်။ (ဟေရှာယ ၁၀:၂၈-၃၂က)b နောက်ဆုံးတွင် ကျူးကျော်တိုက်ခိုက်သူများသည် ယေရုရှလင်မြို့မှ မိုင် ၃၀ ခန့်သာ ဝေးသော လဲရှမြို့သို့ ရောက်လာသည်။ မကြာမီ ကြီးမားသော အာရှုရိစစ်တပ်သည် ယေရုရှလင် မြို့ရိုးအပြင်ဘက်နားတွင် တပ်ချနေလေတော့သည်။ “သတို့သမီး ဇိအုန်၏တောင် တည်းဟူသော ယေရုရှလင်တောင်ကို လက်နှင့် ဝင့်နေ၏။” (ဟေရှာယ ၁၀:၃၂ခ၊ သမ္မာ) အာရှုရိကို အဘယ်အရာက ဟန့်တားပစ်နိုင်မည်နည်း။

၁၅၊ ၁၆။ (က) ဘုရင်ဟေဇကိသည် အဘယ်ကြောင့် ခိုင်ခံ့သော ယုံကြည်ခြင်းရှိဖို့ လိုသနည်း။ (ခ) ယေဟောဝါသည် မိမိကို အကူအညီ ပေးမည်ဟု ဟေဇကိ ယုံကြည်ရန် အဘယ် အခြေခံအကြောင်း ရှိသနည်း။

၁၅ ဘုရင်ဟေဇကိသည် မြို့ထဲရှိ မိမိ၏ နန်းတော်မှနေ၍ စိုးရိမ်စိတ် များလာသည်။ မိမိအဝတ်ကို ဆုတ်၍ လျှော်ထည်ဖျင်ကြမ်းကို ခြုံထားသည်။ (ဟေရှာယ ၃၇:၁) သူသည် ယုဒပြည်၏ကိုယ်စား ယေဟောဝါထံ မေးမြန်းရန် ပရောဖက် ဟေရှာယကို စေလွှတ်သည်။ မကြာမီ ဟေရှာယသည် ယေဟောဝါ၏ ဤအဖြေဖြင့် ပြန်လာ၏– “မကြောက်နှင့်။ . . . ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်။” (ဟေရှာယ ၃၇:၆၊ ၃၅) သို့သော်လည်း ယေရုရှလင်မြို့ရိုး အပြင်တွင်ရှိသော စစ်တပ်သည် ကြိမ်းမောင်းခြိမ်းခြောက်နေကာ မိမိကိုယ်ကို လွန်စွာပင် ယုံကြည်စိတ်ချနေကြသည်။

၁၆ ဤအထူးအရေး ကြုံနေသည့် အချိန်တစ်လျှောက်လုံးတွင် ဘုရင်ဟေဇကိအား အထောက်အကူပြုမည့်အရာမှာ ယုံကြည်ခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသည် “မမြင်ရသော်လည်း အမှန် တည်ရှိသောအရာတို့၏ ထင်ရှားသော သက်သေ ဖြစ်၏။” (ဟေဗြဲ ၁၁:၁၊ ကဘ) ၎င်းတွင် မြင်ရသည့်အရာထက် ကျော်၍ ကြည့်ခြင်း ပါဝင်သည်။ သို့သော် ယုံကြည်ခြင်းသည် အသိပညာပေါ်တွင် အခြေခံသည်။ ဟေဇကိသည် ယေဟောဝါ ကြိုတင်၍ မိန့်တော်မူခဲ့သော ဤနှစ်သိမ့်စကားများကို သတိရခြင်း ဖြစ်နိုင်၏– “ဇိအုန်မြို့၌ နေသော ငါ၏လူမျိုး အာရှုရိမင်းကြောင့် မကြောက်နှင့်။ . . . ခဏကြာပြီးမှ သူတို့သည် ပျက်စီးခြင်းသို့ ရောက်သောအားဖြင့် ငါ့အမျက်သည် ငြိမ်း၍ ငါ့စိတ်လည်း ပြေလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဩရဘကျောက်နားမှာ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သကဲ့သို့လည်းကောင်း၊ ပင်လယ်ကို လှံတံတော်နှင့် မိုးသကဲ့သို့လည်းကောင်း ထိုမင်းအဖို့ ဘေးဥပဒ်ကို ပြင်ဆင်၍ အဲဂုတ္တုလက်ထက်၌ကဲ့သို့ တစ်ဖန် လှံတံတော်ကို ချီတော်မူမည်။” (ဟေရှာယ ၁၀:၂၄-၂၆)c မှန်ပါသည်၊ ယခင်က ဘုရားသခင့် လူမျိုးများသည် ခက်ခဲကျပ်တည်းသော အခြေအနေများနှင့် ကြုံခဲ့ရသည်။ ဟေဇကိ၏ ဘိုးဘေးများသည် အီဂျစ်စစ်တပ်ကြီးကြောင့် ပင်လယ်နီတွင် ဟေဇကိထက်ပင် ပို၍ မျှော်လင့်ချက်မဲ့ ဖြစ်ခဲ့ပေမည်။ ဘိုးဘေးဖြစ်သူ ဂိဒေါင်သည် ဣသရေလနိုင်ငံကို မိဒျန်နှင့် အာမလက်တို့ ကျူးကျော်တိုက်ခိုက်ခဲ့ချိန်၌ မိမိတို့ထက် အဆမတန် များသော စစ်တပ်များကြောင့် ကြံရာမရ ဖြစ်ခဲ့ရသည်။ သို့တိုင် ယေဟောဝါသည် ထိုနှစ်ချိန်စလုံးတွင် မိမိ၏ လူများကို ကယ်တင်ခဲ့သည်။—ထွက်မြောက်ရာ ၁၄:၇-၉၊ ၁၃၊ ၂၈; တရားသူကြီး ၆:၃၃; ၇:၂၁၊ ၂၂။

၁၇။ အာရှုရိ၏ ထမ်းပိုးသည် မည်သို့ “ပျက်စီး” သွားပြီး အဘယ်ကြောင့် ပျက်စီးသွားသနည်း။

၁၇ ယေဟောဝါသည် လွန်လေပြီးသော အချိန်အခါများတွင် ပြုလုပ်ခဲ့သကဲ့သို့ တစ်ဖန် လုပ်ဆောင်ဦးမည်လော။ လုပ်ဆောင်တော်မူမည်။ ယေဟောဝါ ဤသို့ ကတိပြု၏– “ထိုကာလ၌ သူ၏ ဝန်ကို သင်၏ ပခုံးပေါ်ကလည်းကောင်း၊ သူ၏ ထမ်းပိုးကို သင်၏ လည်ပင်းပေါ်ကလည်းကောင်း ချရ၏။ ဆူဝခြင်း ကျေးဇူး [“ဆီ၊” ကဘ] ကြောင့် ထမ်းပိုး ပျက်စီးရ၏။” (ဟေရှာယ ၁၀:၂၇) အာရှုရိ တင်သည့် ထမ်းပိုးကို ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုး၏ ပခုံးနှင့် လည်ပင်းပေါ်မှ ချပေးတော်မူမည်။ ထမ်းပိုးသည် အမှန်ပင် “ပျက်စီး” မည်—ပျက်လည်း ပျက်စီးခဲ့သည်! တစ်ညအတွင်း၌ ယေဟောဝါ၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကို ဝန်းရံထားသော အာရှုရိစစ်သား ၁၈၅,၀၀၀ ကို ကွပ်မျက်ခဲ့သည်။ ဝန်းရံထားခြင်းကို ရုပ်သိမ်းလိုက်ပြီး အာရှုရိတို့သည် ယုဒမြေပေါ်မှ ထာဝစဉ် ထွက်ခွာသွားကြသည်။ (၄ ဓမ္မရာဇဝင် ၁၉:၃၅၊ ၃၆) အဘယ်ကြောင့်နည်း။ “ဆီကြောင့်” ဖြစ်သည်။ ၎င်းသည် ဒါဝိဒ်၏ မင်းမျိုးအဖြစ် ဟေဇကိကို ဘိသိက်ပေးရန် အသုံးပြုသည့် ဆီကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ယေဟောဝါသည် မိမိ၏ ဤကတိတော်ကို ပြည့်စုံစေ၏– “ငါသည် ကိုယ်မျက်နှာကိုလည်းကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှာ စောင့်မမည်။”—၄ ဓမ္မရာဇဝင် ၁၉:၃၄။

၁၈။ (က) ဟေရှာယ ပရောဖက်ပြုချက်သည် တစ်ကြိမ်ထက်မက ပြည့်စုံရန် ရှိသလော။ ရှင်းပြပါ။ (ခ) ယနေ့ အဘယ်အဖွဲ့အစည်းသည် ရှေးရှမာရိမြို့နှင့် တူသနည်း။

၁၈ ဤအခန်းကြီးတွင် ဆွေးနွေးထားသည့် ဟေရှာယ၏ မှတ်တမ်းသည် လွန်ခဲ့သော နှစ်ပေါင်း ၂,၇၀၀ ကျော်အချိန်က ယုဒပြည်၏ အဖြစ်အပျက်များ ဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်များသည် ယနေ့အချိန်နှင့် အလွန်ပင် သက်ဆိုင်လှသည်။ (ရောမ ၁၅:၄) ယင်းသို့ ဆိုခြင်းက ဤစိတ်လှုပ်ရှားဖွယ်ကောင်းသော အဖြစ်အပျက်မှ အဓိကဇာတ်ကောင်များ—ရှမာရိနှင့် ယေရုရှလင် မြို့သူမြို့သားများ၊ အာရှုရိတို့—နှင့် ဆင်တူသူများ မျက်မှောက်ခေတ်တွင် ရှိသည်ဟု ဆိုလိုခြင်းလော။ မှန်ပါသည်။ ရုပ်တုကိုးကွယ်သော ရှမာရိမြို့သားများကဲ့သို့ ခရစ်ယာန်ဘောင်သည် ယေဟောဝါကို ဝတ်ပြုသည်ဟု ဆိုသော်လည်း သူ၏ အယူဖောက်ပြန်မှုသည် အူတိုင်အထိ လှိုက်စားနေပြီ။ ခရစ်ယာန် အယူဝါဒ ဖြစ်ပေါ်တိုးတက်မှု စာတမ်းငယ်တွင် ရိုမန်ကက်သလစ်ဂိုဏ်းချုပ် ဖြစ်သူ ဂျွန်ဟယ်နရီနျူးမဲန်က ရာစုနှစ်များစွာ ခရစ်ယာန်များ အသုံးပြုခဲ့သော ပစ္စည်းများ ဖြစ်သည့် အမွှေးတိုင်၊ ဖယောင်းတိုင်၊ ပရိတ်ရေ၊ ဘုန်းတော်ကြီးဝတ်ရုံနှင့် ရုပ်တုဆင်းတုများတို့သည် “အားလုံး တိတ္ထိမှ အခြေခံလာသည်” ဟု ဝန်ခံထားသည်။ ယေဟောဝါသည် ရှမာရိမြို့ရှိ ရုပ်တုကိုးကွယ်သူများကို မနှစ်သက်ခဲ့သကဲ့သို့ ခရစ်ယာန်ဘောင်၏ တိတ္ထိဆိုင်ရာ ကိုးကွယ်မှုကိုလည်း မနှစ်သက်ပါ။

၁၉။ ခရစ်ယာန်ဘောင်သည် အဘယ်အရာနှင့်ပတ်သက်၍ သတိပေးခံခဲ့ရသနည်း။ မည်သူ့အားဖြင့်နည်း။

၁၉ ယေဟောဝါသက်သေများသည် ယေဟောဝါ မနှစ်သက်ရာများအကြောင်း ခရစ်ယာန်ဘောင်ကို နှစ်နှင့်ချီ၍ သတိပေးလာခဲ့ပြီ။ ဥပမာ၊ ၁၉၅၅ တွင် “ခရစ်ယာန်ဘောင် သို့မဟုတ် ခရစ်ယာန်ဘာသာ—မည်သည့်အရာသည် ‘လောက၏ အလင်း’ ဖြစ်သနည်း” ဟု ခေါင်းစဉ်ရှိ လူထုဟောပြောချက်ကို ကမ္ဘာတစ်ဝန်းတွင် ဟောပြောခဲ့သည်။ ခရစ်ယာန်ဘောင်သည် စစ်မှန်သော ခရစ်ယာန် အယူဝါဒနှင့် အကျင့်အကြံမှ လမ်းလွဲနေကြောင်း ဟောပြောချက်တွင် ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ရှင်းပြခဲ့သည်။ ၎င်းနောက် ဤထိမိသော ဟောပြောချက် မိတ္တူများကို နိုင်ငံများစွာရှိ ဓမ္မဆရာများထံသို့ စာတိုက်ဖြင့် ပို့ပေးခဲ့သည်။ အဖွဲ့အစည်းတစ်ခုအနေနှင့် ခရစ်ယာန်ဘောင်သည် သတိပေးချက်ကို လက်ခံရန် ပျက်ကွက်ခဲ့သည်။ သူ၏ လုပ်ပုံကြောင့် ယေဟောဝါအနေဖြင့် သူ့အား “တောင်ဝှေး” ဖြင့် ဆုံးမရန်မှတစ်ပါး ရွေးစရာ မရှိအောင် ဖြစ်စေသည်။

၂၀။ (က) အဘယ်အရာသည် မျက်မှောက်ခေတ် အာရှုရိ ဖြစ်မည်နည်း၊ ယင်းသည် တောင်ဝှေးအဖြစ် မည်သို့ အသုံးပြုခံရမည်နည်း။ (ခ) ခရစ်ယာန်ဘောင်သည် အဘယ် အတိုင်းအတာအထိ ဆုံးမခံရမည်နည်း။

၂၀ ပုန်ကန်သော ခရစ်ယာန်ဘောင်ကို ဆုံးမရန် ယေဟောဝါ မည်သူ့ကို အသုံးပြုမည်နည်း။ အဖြေကို ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇ တွင် တွေ့ရသည်။ ထိုတွင် ခရစ်ယာန်ဘောင် အပါအဝင် ကမ္ဘာ့မှောက်မှားသော ဘာသာတရားအားလုံးကို ကိုယ်စားပြုသည့် “မဟာဗာဗုလုန်” တည်းဟူသော ပြည့်တန်ဆာတစ်ဦးအကြောင်း ဖော်ပြထားသည်။ ပြည့်တန်ဆာသည် ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းပါသော သားရဲနီကို စီးထားသည်။ (ဗျာဒိတ် ၁၇:၃၊ ၅၊ ၇-၁၂) သားရဲသည် ကုလသမဂ္ဂ အဖွဲ့အစည်းကို ကိုယ်စားပြုသည်။d ရှေးအာရှုရိသည် ရှမာရိကို ဖျက်ဆီးခဲ့သကဲ့သို့ပင် သားရဲနီသည် “ပြည့်တန်ဆာကို မုန်း၍ သူ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အဝတ်တန်ဆာကို ချွတ်၍ သူ၏ အသားကို ကိုက်စားလိမ့်မည်။ သူ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆) ထို့ကြောင့် မျက်မှောက်ခေတ် အာရှုရိ (ယူအဲန်နှင့် ပူးပေါင်းသော နိုင်ငံများ) သည် ခရစ်ယာန်ဘောင်ကို အင်နှင့်အားနှင့် ထိုးနှက်ကြမည် ဖြစ်ပြီး လုံးဝ မတည်ရှိတော့အောင် ချေမှုန်းပစ်မည်။

၂၁၊ ၂၂။ ဘုရားသခင့် လူများကို တိုက်ခိုက်ရန် သားရဲအား မည်သူက လှုံ့ဆော်ပေးမည်နည်း။

၂၁ ယေဟောဝါ၏ သစ္စာရှိ သက်သေခံများသည် မဟာဗာဗုလုန်နှင့်အတူ ရော၍ ဖျက်ဆီးခြင်း ခံရမည်လော။ မခံရပါ။ ဘုရားသခင်သည် သူတို့ကို နှစ်သက်တော်မူ၏။ စင်ကြယ်သော ဝတ်ပြုရေးသည် ကပ်ကျော်မည်။ သို့ရာတွင် မဟာဗာဗုလုန်ကို ဖျက်ဆီးသည့် သားရဲသည် ယေဟောဝါ၏ လူများကိုပါ ဖျက်ဆီးရန် လောဘကြီးစွာဖြင့် လှည့်လာသည်။ သားရဲက ထိုသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏ အကြံတော် မဟုတ်ဘဲ တစ်စုံတစ်ဦး၏ အကြံအစည်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ မည်သူ၏ အကြံအစည်နည်း။ စာတန်မာရ်နတ် ဖြစ်သည်။

၂၂ ယေဟောဝါသည် စာတန်၏ မာန်မာနထောင်လွှားသော အကြံအစည်ကို ဤသို့ ဖော်ပြထား၏– “သင်[စာတန်]သည် အရာရာတို့ကို အောက်မေ့၍ မကောင်းသော အကြံကို ကြံစည်လျက် . . . ‘[အကွယ်အကာ] မြို့ရိုးမရှိ၊ . . . စိုးရိမ်စရာအကြောင်း အလျှင်းမရှိ၊ ငြိမ်ဝပ်သော ပြည်သားတို့ရှိရာသို့ ငါချီသွား၍ သူတို့ဥစ္စာကို လုယက်သိမ်းယူမည်’” ဟု ကြံစည်သည်။ (ယေဇကျေလ ၃၈:၁၀-၁၂) စာတန် ဤသို့ တွေးပေမည်– ‘ယေဟောဝါသက်သေတွေကို သွားတိုက်ခိုက်ဖို့ နိုင်ငံတွေကို ဘာကြောင့် မတိုက်တွန်းဘဲ နေရမှာလဲ။ သူတို့ဟာ နိုင်ငံရေးဩဇာ မရှိတာကြောင့် ခုခံနိုင်စွမ်း မရှိ၊ အကာအကွယ် မဲ့နေကြတယ်။ ပြန်ခုခံမှာ မဟုတ်ဘူး။ အကာအကွယ် မဲ့နေတဲ့ ငှက်သိုက်တစ်ခုထဲက ငှက်ဥတွေကို အလွယ်တကူ နှိုက်ယူနိုင်သလို လုပ်နိုင်တာပဲ!’

၂၃။ မျက်မှောက်ခေတ် အာရှုရိသည် ခရစ်ယာန်ဘောင်ကို ပြုလုပ်သကဲ့သို့ ဘုရားသခင့် ကျေးကျွန်များကို ပြုလုပ်ရန် အဘယ်ကြောင့် မတတ်စွမ်းနိုင်သနည်း။

၂၃ သို့သော် တိုင်းနိုင်ငံတို့၊ သတိပြုပါ! ယေဟောဝါ၏ လူများကို သင်တို့ ထိမည်ဆိုလျှင် ဘုရားသခင် ကိုယ်တော်တိုင်ကိုပါ ထည့်တွက်ရမည်ကို သတိရပါ! ယေဟောဝါသည် မိမိ၏ လူများကို ချစ်တော်မူပြီး ဟေဇကိခေတ်က ယေရုရှလင်မြို့အတွက် တိုက်ခိုက်ပေးခဲ့သကဲ့သို့ မိမိလူတို့အတွက် အမှန်ပင် တိုက်ခိုက်ပေးတော်မူမည်။ မျက်မှောက်ခေတ် အာရှုရိသည် ယေဟောဝါ၏ ကျေးကျွန်များကို ဖျက်ဆီးရန် ကြိုးစားလျှင် သူသည် ယေဟောဝါ ဘုရားသခင်နှင့် သိုးသငယ် ယေရှုခရစ်တို့နှင့် အမှန် စစ်ခင်းနေရာကျမည်။ အာရှုရိ အနိုင်မရသည့် တိုက်ပွဲ ဖြစ်မည်။ “သိုးသငယ်သည် သခင်တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ” သောကြောင့် “သိုးသငယ်သည် နိုင်တော်မူမည်” ဟု ကျမ်းစာတွင် ဆိုထားသည်။ (ဗျာဒိတ် ၁၇:၁၄; မဿဲ ၂၅:၄၀ နှိုင်းယှဉ်။) ရှေးခေတ် အာရှုရိကဲ့သို့ သားရဲနီသည် “ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။” ၎င်းကို ကြောက်စရာ လိုတော့မည် မဟုတ်ပါ။—ဗျာဒိတ် ၁၇:၁၁၊ သမ္မာ။

၂၄။ (က) စစ်မှန်သော ခရစ်ယာန်များသည် အနာဂတ်အတွက် ပြင်ဆင်ထားရန် အဘယ်အရာ ပြုလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသနည်း။ (ခ) ဟေရှာယသည် မည်သို့ ရှေ့ကို ကြို၍ ရှုမျှော်သနည်း။ (စာမျက်နှာ ၇၆ မှ  လေးထောင့်ကွက်ကို ရှု။)

၂၄ စစ်မှန်သော ခရစ်ယာန်များသည် ယေဟောဝါနှင့် ခိုင်မြဲသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ကိုယ်တော်၏ အလိုတော်ကို မိမိတို့ဘဝအသက်တာ၏ အဓိကနေရာတွင် ထားမည်ဆိုပါက အနာဂတ်ကို မကြောက်မရွံ့ ရင်ဆိုင်နိုင်မည်။ (မဿဲ ၆:၃၃) ထို့ပြင် သူတို့သည် ‘ဘေးအန္တရာယ်ကို ကြောက်’ စရာ မလိုပါ။ (ဆာလံ ၂၃:၄) ဖျက်ဆီးရန် မဟုတ်ဘဲ ရန်သူများမှ ကာကွယ်ပေးရန် ဘုရားသခင်၏ တန်ခိုးကြီးသော လက်ရုံးတော် မြှောက်လိုက်သည်ကို သူတို့၏ ယုံကြည်ခြင်းမျက်စိဖြင့် မြင်ရမည်။ သူတို့၏ နားများသည် “မကြောက်နှင့်” ဟူသော အားပေးစကားများကို ကြားရမည် ဖြစ်သည်။—ဟေရှာယ ၁၀:၂၄။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၂၀၃ ရှု။

b ပိုရှင်းရန်အတွက် ဟေရှာယ ၁၀:၂၈-၃၂ ကို ဟေရှာယ ၁၀:၂၀-၂၇ ထက်အရင် ဆွေးနွေးထားသည်။

c ဟေရှာယ ၁၀:၂၀-၂၃ ဆွေးနွေးချက်ကို စာမျက်နှာ ၇၆ မှ “ဟေရှာယသည် ရှေ့ကို ကြို၍ ရှုမျှော်” ကိုရှု။

d ပြည့်တန်ဆာနှင့် သားရဲနီတို့သည် အဘယ်အရာ ဖြစ်ကြောင်း ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများ ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ် နီးပြီ! ဘရိုရှာ အခန်း ၃၄ နှင့် ၃၅ တွင် တွေ့ရပါသည်။

[စာမျက်နှာ ၇၆ ပါ လေးထောင့်ကွက်]

ဟေရှာယသည် ရှေ့ကို ကြို၍ ရှုမျှော်

ဟေရှာယ ၁၀:၂၀-၂၃

ယေဟောဝါသည် ဣသရေလလူမျိုးကို တရားစီရင်ရန် ကျူးကျော်တိုက်ခိုက်သူအာရှုရိအား အသုံးပြုမည့်နည်းနှင့် ယေရုရှလင်မြို့ကို ကာကွယ်မည်ဟူသော ကိုယ်တော်၏ ကတိတော်ကို ဟေရှာယ အခန်းကြီး ၁၀ တွင် အဓိကထား ဖော်ပြ၏။ အခန်းငယ် ၂၀ မှ ၂၃ သည် ဤပရောဖက်ပြုချက်၏ အလယ်တွင် ရှိနေသောကြောင့် ၎င်းသည် ထိုအချိန်ကာလတွင်ပင် ယေဘုယျ ပြည့်စုံခြင်း ဖြစ်သည်ဟု ယူမှတ်နိုင်သည်။ (ဟေရှာယ ၁:၇-၉ နှိုင်းယှဉ်။) သို့ရာတွင် ထိုအခန်းငယ်များသည် ယေရုရှလင်သည်လည်း မိမိမြို့သားများ၏ အပြစ်အတွက် စာရင်းရှင်းခံရမည့် နောက်ပိုင်းအချိန်ကာလများတွင် ပို၍ အထူးသက်ဆိုင်ကြောင်း စကားအသုံးအနှုန်းက ဖော်ပြသည်။

ဘုရင်အာခတ်သည် အာရှုရိထံမှ အကူအညီ တောင်းခြင်းဖြင့် လုံခြုံမှု ရရန် ကြိုးစားသည်။ ပရောဖက် ဟေရှာယက အနာဂတ်ကာလ၌ ဣသရေလအမျိုး ဘေးလွတ်သောသူများသည် ထိုကဲ့သို့သော ဉာဏ်ပညာမဲ့သည့် လုပ်ဆောင်မှုကို ထပ်၍ ဆောင်ရွက်မည် မဟုတ်ဟု ကြိုပြောသည်။ ဟေရှာယ ၁၀:၂၀ ၌ သူတို့သည် “ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား၌ အမှန် ကိုးစားကြလိမ့်မည်” ဟု ဆို၏။ သို့ရာတွင် အခန်းငယ် ၂၁ က အနည်းငယ်သောသူများသာ ထိုသို့ ပြုလုပ်ကြမည် ဖြစ်ကြောင်း ဤသို့ တင်ပြ၏– “ကြွင်းသောသူတို့သာလျှင် ပြန်လာကြလိမ့်မည်။” ဣသရေလလူမျိုးအတွက် နိမိတ်လက္ခဏာတစ်ခု ဖြစ်သည့်ပြင် “အကြွင်းအကျန်မျှသာ ပြန်လာမည်” ဟု အဓိပ္ပာယ်ရှိသော ဟေရှာယ၏သား ရှာယာရှုပ်ကို ကျွန်ုပ်တို့ ပြန်သတိရစေသည်။ (ဟေရှာယ ၇:၃) အခန်းကြီး ၁၀၊ အခန်းငယ် ၂၂ က သတ်မှတ်ဆုံးဖြတ်ပြီး ဖြစ်သော ရောက်လာတော့မည့် “သုတ်သင်ပယ်ရှင်းခြင်း” အကြောင်း သတိပေးထားသည်။ ထိုကဲ့သို့သော သုတ်သင်ပယ်ရှင်းခြင်းသည် ဖြောင့်မတ်မည်၊ အကြောင်းမှာ ပုန်ကန်သူတို့ကိုသာ အပြစ်စီရင်မည် ဖြစ်သောကြောင့်တည်း။ ရလဒ်အနေနှင့် “သမုဒ္ဒရာသဲလုံးနှင့်အမျှ များ” သော၊ များပြားသော လူများအထဲမှ အကြွင်းအကျန်လောက်သာ ပြန်လာမည်။ အခန်းငယ် ၂၃ က ဤရောက်လာတော့မည့် သုတ်သင်ပယ်ရှင်းခြင်းသည် မြေတစ်ပြင်လုံးကို အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သတိပေး၏။ ယေရုရှလင်မြို့သည်လည်း ဤအကြိမ်တွင် အသက်ချမ်းသာရမည် မဟုတ်ပါ။

ယေဟောဝါသည် ဗာဗုလုန် အင်ပါယာအား မိမိ၏ “တောင်ဝှေး” အဖြစ် အသုံးပြုခဲ့ချိန်၊ ဘီ.စီ.အီး. ၆၀၇ တွင် ဖြစ်ပျက်ခဲ့ရာများကို ထိုအခန်းငယ်များက ကောင်းစွာ ဖော်ပြသည်။ ယေရုရှလင်မြို့ အပါအဝင် ပြည်တော်တစ်ခုလုံးသည် ကျူးကျော်သူတို့၏ လက်အောက် ကျရောက်ခဲ့သည်။ ဂျူးများသည် အနှစ် ၇၀ ကြာ သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ခေါ်ဆောင်ခံခဲ့ရသည်။ သို့သော်လည်း ၎င်းနောက်ပိုင်းတွင် အချို့သူများ—“အကြွင်းအကျန်မျှသာ” ပင် ဖြစ်သော်လည်း—ယေရုရှလင်မြို့တွင် စစ်မှန်သော ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရန် ပြန်လာခဲ့ကြသည်။

ဟေရှာယ ၁၀:၂၀-၂၃ တွင် ပါရှိသော ပရောဖက်ပြုချက်သည် ရောမ ၉:၂၇၊ ၂၈ တွင် ဖော်ပြထားသည့်အတိုင်း ပထမရာစုတွင် ထပ်၍ ပြည့်စုံခဲ့သည်။ (ဟေရှာယ ၁:၉; ရောမ ၉:၂၉ နှိုင်းယှဉ်။) စီ.အီး. ပထမရာစုတွင် အရေအတွက် အနည်းငယ်သာ ဖြစ်သော သစ္စာရှိဂျူးများသည် ယေရှုခရစ်၏ နောက်လိုက်များ ဖြစ်လာကြပြီး ယေဟောဝါကို “စိတ်ဝိညာဉ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း” စတင်ကိုးကွယ်ခဲ့ကြသောကြောင့် ဝိညာဉ်ရေးသဘောအရ ဂျူး ‘အကြွင်းအကျန်’ သည် ယေဟောဝါထံတော်သို့ ‘ပြန်လာခဲ့ကြ’ သည်ဟု ပေါလု ရှင်းပြသည်။ (ယောဟန် ၄:၂၄၊ ကဘ) နောက်ပိုင်းတွင် ယုံကြည်သူ တစ်ပါးအမျိုးသားများ ပူးပေါင်းလာကြပြီး ဝိညာဏလူမျိုး၊ “ဘုရားသခင်၏ ဣသရေလအမျိုး” အဖြစ် ဖွဲ့စည်းခဲ့သည်။ (ဂလာတိ ၆:၁၆) ဤအခါသမယတွင် ဟေရှာယ ၁၀:၂၀ မှ စကားများ ပြည့်စုံခဲ့သည်– ယေဟောဝါအား ဆက်ကပ်အပ်နှံထားသည့် လူမျိုးသည် ကိုယ်တော့်ထံမှ သွေဖည်ပြီး အကူအညီကို လူသားရင်းမြစ်မှ ရရန် “နောက်တစ်ဖန် မကိုးစား” ခဲ့ကြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ