အခန်း ခုနစ်
ယေဟောဝါ၏ ဝတ်ပြုရေးသို့ ပြန်လာကြလော့
၁။ ဗာဗုလုန်၏ အဓိကဘုရားနှစ်ပါးအမည်မှာ အဘယ်နည်း၊ သူတို့နှင့်ပတ်သက်၍ အဘယ်အရာ ကြိုဟောထားသနည်း။
ဣသရေလလူမျိုးများ ဗာဗုလုန်၌ ပြည်နှင်ခံရချိန်တွင် သူတို့ကို မှောက်မှားသော ဝတ်ပြုရေး ဝန်းရံနေမည် ဖြစ်သည်။ ဟေရှာယခေတ်တွင်မူ ယေဟောဝါ၏ လူမျိုးတော်သည် မိမိတို့၏ ပြည်တော်တွင် နေထိုင်ရဆဲ ဖြစ်ပြီး ဗိမာန်တော်နှင့် ယဇ်ပုရောဟိတ် အစီအစဉ် ရှိသည်။ သို့သော် ဘုရားသခင်၏ ဆက်ကပ်အပ်နှံထားသော လူမျိုးထဲမှ များစွာသောသူတို့သည် ရုပ်တုကိုးကွယ်မှုဘက်သို့ ပါသွားကြသည်။ သို့ဖြစ်၍ သူတို့သည် ဗာဗုလုန်၏ မှောက်မှားသော ဘုရားများအား အလွန်အမင်း စိုးရွံ့ခြင်း မရှိစေရန် သို့မဟုတ် ၎င်းတို့ကို ကိုးကွယ်ဖို့ သွေးဆောင်မခံရစေရန် သူတို့ကို ကြိုတင်ပြင်ဆင်ပေးဖို့ အရေးကြီးသည်။ ထို့ကြောင့် ဗာဗုလုန်တို့၏ အဓိက ဘုရားနှစ်ပါးနှင့်ပတ်သက်၍ ပရောဖက်ပြုကာ ဟေရှာယ ဤသို့ ဆို၏– “ဗေလဘုရားသည် လဲကျ [“ခါးကုန်းသွား၊” ကဘ] ပြီ။ နေဗောဘုရားသည် ဝပ်တွား [“ခါးကိုင်းသွား၊” ကဘ] ပြီ။ သူတို့ရုပ်တုများသည် တိရစ္ဆာန်တို့အပေါ်မှာ ရှိကြ၏။ ဝန်အဖြစ် တင်၍ ပင်ပန်းသော နွားများသည် ထမ်းရကြ၏။” (ဟေရှာယ ၄၆:၁၊ သမ္မာ) ခါလဒဲတို့အဖို့ ဗေလသည် အကြီးဆုံးဘုရား ဖြစ်သည်။ နေဗောကို ဉာဏ်ပညာနှင့် အသိပညာဆိုင်ရာဘုရားတစ်ပါးအဖြစ် ကိုးကွယ်ကြသည်။ ထိုဘုရားနှစ်ပါးကို များစွာသောသူတို့ ကြည်ညိုလေးမြတ်ခြင်းကြောင့် ဗာဗုလုန်လူမျိုးများ၏ လူနာမည်များတွင် ထိုဘုရားများ၏ အမည်နာမများကို ပေါင်းစပ်မှည့်ခြင်း ဖြစ်နိုင်သည်—နာမည်အချို့ကို ဖော်ပြရမည်ဆိုလျှင် ဗေလရှာဇာ၊ နဗိုပိုလေဇာ၊ နေဗုခဒ်နေဇာနှင့် နေဗုဇာရဒန်တို့ ဖြစ်သည်။
၂။ ဗာဗုလုန်ဘုရားများ၏ အကူအညီ ပေးနိုင်စွမ်း မရှိခြင်းကို မည်သို့ အလေးပေးဖော်ပြသနည်း။
၂ ဗေလသည် “ခါးကုန်း” ပြီး နေဗောသည် “ခါးကိုင်းသွားပြီ” ဟု ဟေရှာယ ဆိုထား၏။ ထိုမှောက်မှားသော ဘုရားများ နှိမ့်ချခံရမည်။ ယေဟောဝါသည် ဗာဗုလုန်ကို တရားစီရင်ချိန်တွင် ထိုဘုရားများသည် မိမိတို့ကို ဝတ်ပြုကိုးကွယ်သူများအား အကူအညီ ပေးနိုင်မည် မဟုတ်ပါ။ သူတို့သည် မိမိတို့ကိုယ်ကိုပင် ကယ်တင်နိုင်စွမ်း ရှိမည် မဟုတ်! ဗေလနှင့် နေဗောတို့သည် ဗာဗုလုန်လူမျိုးတို့၏ နှစ်သစ်ကူးပွဲတော် ကဲ့သို့သော အချိန်များတွင် စီတန်းလှည့်လည် ဂုဏ်တင်ခံရသည့် အနေအထားမျိုးကို ရရှိတော့မည် မဟုတ်ပါ။ ယင်းအစား သူတို့အား ဝတ်ပြုကိုးကွယ်သူများ၏ သာမန် ဝန်စည်စလယ်ကဲ့သို့ သယ်ဆောင်သွားခြင်း ခံရမည်။ သူတို့သည် ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း ခံရမည့်အစား ပြက်ရယ်ပြုခြင်း၊ မထီမဲ့မြင်ပြုခြင်း ခံရမည် ဖြစ်သည်။
၃။ (က) အဘယ်အရာက ဗာဗုလုန်လူများကို အံ့သြထိတ်လန့်စေမည်နည်း။ (ခ) ဗာဗုလုန်ဘုရားများ၏ အဖြစ်မှ ယနေ့ အဘယ်အရာ သင်ယူနိုင်သနည်း။
၃ မိမိတို့ မြတ်နိုးလှပါသော ရုပ်တုဆင်းတုများသည် ပင်ပန်းသော တိရစ္ဆာန်တို့ သယ်ဆောင်ရမည့် ဝန်ထုပ်တစ်ခုနှင့် မခြားကြောင်းကို ဗာဗုလုန်လူမျိုးများ သိရှိရခြင်းသည် အလွန် အံ့အားသင့်တုန်လှုပ်စရာပင်! ယနေ့လည်း ထိုနည်းတူပင် လောကဘုရားများ—လူများ ယုံကြည်ကိုးစားရာများနှင့် သူတို့၏ ခွန်အား၊ သူတို့၏ အသက်ကိုပင် ပေးဆပ်ခြင်းဖြင့် ဂုဏ်တင်ခံရသော ပုဂ္ဂိုလ်များ—သည် အယုံမှားမှု ဖြစ်သည်။ စည်းစိမ်ဥစ္စာ၊ စစ်လက်နက်များ၊ အပျော်အပါး၊ အုပ်စိုးရှင်များ၊ အဖနိုင်ငံ သို့မဟုတ် ၎င်း၏ အထိမ်းအမှတ်များနှင့် အခြားအရာများသည် လူတို့ ကိုးကွယ်ဆည်းကပ်ရာများ ဖြစ်လာကြသည်။ ယေဟောဝါ သတ်မှတ်ထားချိန်တွင် ထိုကဲ့သို့သော ဘုရားများသည် အချည်းနှီး ဖြစ်ကြောင်း ဖော်ထုတ်ခံရမည်။—ဒံယေလ ၁၁:၃၈; မဿဲ ၆:၂၄; တမန်တော် ၁၂:၂၂; ဖိလိပ္ပိ ၃:၁၉; ကောလောသဲ ၃:၅; ဗျာဒိတ် ၁၃:၁၄၊ ၁၅။
၄။ ဗာဗုလုန်ဘုရားများသည် အဘယ်သဘောဖြင့် “ကိုင်း” ပြီး “ကုန်း” နေကြသနည်း။
၄ ဗာဗုလုန်ဘုရားများ၏ လုံးဝ အချည်းနှီး ဖြစ်မှုကို ထပ်ဆင့် ပေါ်လွင်စေရန် ပရောဖက်ပြုချက်က ဤသို့ ဆက်ဆို၏– “ထိုသူတို့သည် ကျိုးပဲ့ [“ကိုင်း၊” ကဘ] လျက်၊ အတူ လဲ [“ကုန်း၊” ကဘ] လျက် နေ၍ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။” (ဟေရှာယ ၄၆:၂) ဗာဗုလုန်ဘုရားများသည် တိုက်ပွဲတွင် ဒဏ်ရာရဘိသကဲ့သို့ သို့မဟုတ် အိုမင်းမစွမ်း ဖြစ်၍ တုန်ယင်နေဘိသကဲ့သို့ ဖြစ်ကာ “ကိုင်း” ပြီး “ကုန်း” နေပုံ ထွက်နေသည်။ မိမိတို့အား ထမ်းသွားနေသော အဟိတ်တိရစ္ဆာန်များ ဝန်ထုပ်ပေါ့သွားစေရန် သို့မဟုတ် အထမ်းရ လွတ်စေရန်အတွက်ပင် မလုပ်ဆောင်နိုင်ကြပါ။ ထို့ကြောင့် ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးသည် ဗာဗုလုန်တွင် သုံ့ပန်း ဖြစ်နေသည့်တိုင် ယင်းတို့ကို ချီးမြှင့်ဂုဏ်တင်သင့်သလော။ မသင့်ပါ! ထိုနည်းတူပင် ယေဟောဝါ၏ ဘိသိက်ခံ ကျေးကျွန်များသည် ဝိညာဏ သုံ့ပန်းများ ဖြစ်နေချိန်တွင်ပင် “မဟာဗာဗုလုန်” ၏ မှောက်မှားသော ဘုရားများကို ဂုဏ်မတင်ကြပါ၊ ၁၉၁၉ ခုနှစ်တွင် မိမိ မပြိုလဲရန်ပင် မလုပ်ဆောင်နိုင်ခဲ့ပါ၊ “ကြီးစွာသောဒုက္ခ” အတွင်း သူ့အပေါ် ကျရောက်မည့် ဘေးဒုက္ခမှလည်း မိမိကိုယ်ကို ကယ်တင်နိုင်မည် မဟုတ်ပါ။—ဗျာဒိတ် ၁၈:၂၊ ၂၁; မဿဲ ၂၄:၂၁။
၅။ ယနေ့ ခရစ်ယာန်များသည် ရုပ်တုကိုးကွယ်သော ဗာဗုလုန်လူမျိုးများ၏ အမှားမျိုးကို ထပ်၍ မပြုမိစေရန် မည်သို့ ရှောင်ကြဉ်ကြသနည်း။
၅ ယနေ့ စစ်မှန်သော ခရစ်ယာန်များသည် မည်သည့် ရုပ်တုဆင်းတုကိုမျှ ဦးမချကြပါ။ (၁ ယောဟန် ၅:၂၁) လက်ဝါကားတိုင်များ၊ စိပ်ပုတီးများ၊ သူတော်စင်များ၏ ရုပ်ပုံများသည် ဖန်ဆင်းရှင်နှင့် ပို၍ နီးကပ်အောင် မပြုလုပ်ပေးပါ။ ၎င်းတို့သည် ကျွန်ုပ်တို့၏ အကျိုးကို ကြားဝင်သယ်ပိုးမပေးနိုင်ပါ။ ပထမရာစုတွင် ယေရှုသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သင့်သည့် နည်းလမ်းကို တပည့်တော်များအား သင်ပေးခဲ့သည်၊ ကိုယ်တော် ဤသို့ မိန့်တော်မူခဲ့၏– “ငါသည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ သင်တို့သည် ငါ၏ နာမကို အမှီပြု၍ တစ်စုံတစ်ခုသော ဆုကို တောင်းလျှင် တောင်းသည်အတိုင်း ငါပြုမည်။”—ယောဟန် ၁၄:၆၊ ၁၄။
“အမိဝမ်းထဲမှစ၍ ငါချီဆောင်လေပြီ”
၆။ ယေဟောဝါသည် လူမျိုးများ၏ ဘုရားများနှင့် မည်သို့ ခြားနားသနည်း။
၆ ဗာဗုလုန် ရုပ်တုဘုရားများ ကိုးကွယ်ခြင်းသည် အချည်းနှီး ဖြစ်ကြောင်း ဖော်ပြကာ ယေဟောဝါသည် မိမိလူမျိုးတော်ကို ဤသို့ မိန့်တော်မူ၏– “အိုယာကုပ်အမျိုးသားတို့၊ ကျန်ကြွင်းသော ဣသရေလ အမျိုးသားအပေါင်းတို့ ငါ့စကားကို နားထောင်ကြလော့။ ဖွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိဝမ်းထဲမှစ၍ ငါချီဆောင်လေပြီ။” (ဟေရှာယ ၄၆:၃၊ သမ္မာ) ယေဟောဝါသည် ထွင်းထုထားသော ဗာဗုလုန် ရုပ်တုဘုရားများနှင့် လုံးဝ ခြားနားပါသည်တကား! ဗာဗုလုန် ဘုရားများသည် သူတို့အား ဝတ်ပြုကိုးကွယ်သူများအတွက် တစ်စုံတစ်ခုမျှ မလုပ်ဆောင်ပေးနိုင်ပါ။ ၎င်းတို့နေရာ ရွှေ့လိုလျှင် ဝန်တင်တိရစ္ဆာန် တစ်မျိုးမျိုးဖြင့် သယ်ဆောင်သွားပေးရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ယေဟောဝါမူ မိမိ၏ လူမျိုးတော်ကို ချီဆောင်သွားတော်မူသည်။ ကိုယ်တော်သည် သူတို့အား “အမိဝမ်းထဲ” ဖြစ်သော လူမျိုးတော် ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ ကူညီထောက်မခဲ့သည်။ ယေဟောဝါ ချီဆောင်တော်မူခဲ့သည့် နှစ်သက်ဖွယ် အမှတ်တရများက ဂျူးများအား ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ရှားပြီး အဖခမည်းတော်လည်း ဖြစ် မိတ်ဆွေလည်း ဖြစ်တော်မူသော ကိုယ်တော်အား ယုံကြည်ကိုးစားရန် အားပေးမှု ဖြစ်သင့်သည်။
၇။ လူသားမိဘများ၏ သားသမီး စောင့်ရှောက်မှုထက် မိမိအား ဝတ်ပြုကိုးကွယ်သူများအပေါ် ယေဟောဝါ၏ ပြုစုစောင့်ရှောက်မှုက မည်သို့ ပိုသာသနည်း။
၇ ယေဟောဝါသည် မိမိလူမျိုးတော်အပေါ် ဤသို့ ကြင်နာစွာ ထပ်၍ ဆို၏– “သင်တို့ အသက်ကြီး၍ ဆံပင်ဖြူသည်တိုင်အောင် ငါသည် ထိုသို့သောသူ ဖြစ်၍ ထမ်းဆောင်မည်။ ထမ်းဆောင်ခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ထမ်းဆောင်၍ ကယ်တင်မည်။” (ဟေရှာယ ၄၆:၄၊ သမ္မာ) မိမိလူမျိုးတော်အပေါ် ယေဟောဝါ၏ ဂရုစိုက်စောင့်ရှောက်မှုသည် ဂရုအစိုက်တတ်ဆုံး လူသားမိဘများထက် ပို၍ သာလွန်သည်။ သားသမီးများ ကြီးပြင်းလာလေလေ သူတို့နှင့်ပတ်သက်သော တာဝန်မှာ နည်းသွားလေလေ ဖြစ်သည်ဟု မိဘများ ယူဆကြပေမည်။ မိဘများ အသက်ကြီးလာသည့်အခါ သားသမီးများက တစ်ဖန် ပြန်ကြည့်ရှုစောင့်ရှောက်ကြရလေ့ ရှိသည်။ ယေဟောဝါမူ ထိုသို့ ဘယ်တော့မျှ ဖြစ်မည် မဟုတ်ပါ။ မိမိ၏ လူသား,သားသမီးများ အသက်ကြီးသွားသည့်တိုင် ကိုယ်တော်၏ ကြည့်ရှုစောင့်ရှောက်မှုကို မရပ်ပစ်လိုက်ပါ။ ယနေ့ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများသည် ဖန်ဆင်းရှင်ကို ယုံကြည်ကိုးစား၊ ချစ်မြတ်နိုးကြပြီး ဟေရှာယ ပရောဖက်ပြုချက်တွင် ပါသော ထိုစကားများမှ နှစ်သိမ့်မှုများစွာ ရရှိကြသည်။ သူတို့သည် ဤအစီအစဉ်စနစ်တွင် အသက်ရှင်နေထိုင်သွားရမည့် ကျန်ရှိသော အသက်တာနေ့ရက်နှစ်များအတွက် စိုးရိမ်ပူပန်စရာ မလိုပါ။ ယေဟောဝါသည် အသက်ကြီးရင့်သူများကို ‘ထမ်းခေါ်မည်၊’ ခံနိုင်ရည် ရှိပြီး ဆက်သစ္စာရှိနေနိုင်ရန် လိုအပ်သော ခွန်အား ပေးမည်ဟု ကတိပြုထားတော်မူသည်။ ကိုယ်တော်သည် သူတို့ကို ချီဆောင်တော်မူပြီး ခွန်အား ရှိစေကာ ကယ်တင်တော်မူမည်။—ဟေဗြဲ ၆:၁၀။
မျက်မှောက်ခေတ် ရုပ်တုဆင်းတုတို့ကို သတိပြုလော့
၈။ ဟေရှာယ၏ တစ်ပြည်တည်းသားချင်းအချို့သည် ခွင့်မလွှတ်နိုင်သော အဘယ်အပြစ်ကို ကျူးလွန်ခဲ့ကြသနည်း။
၈ လုံးဝ အသုံးမကျကြောင်း ထင်ရှားလာမည့် ရုပ်တုများကို ယုံကြည်ကိုးစားကြသည့် ဗာဗုလုန်လူမျိုး ရင်ဆိုင်ကြုံတွေ့ရမည့် စိတ်ပျက်ဖွယ်ရာများကို မြင်ယောင်ကြည့်ပါ! ထိုဘုရားများကို ယေဟောဝါနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဣသရေလလူမျိုး ယူမှတ်သင့်ပါသလော။ လုံးဝ မယူမှတ်သင့်ပါ။ သင့်လျော်စွာပင် ယေဟောဝါ ဤသို့ မေးတော်မူ၏– “သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည်နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။” (ဟေရှာယ ၄၆:၅) ဟေရှာယ၏ တစ်ပြည်တည်းသားချင်းအချို့သည် စကား မပြောနိုင်၊ အသက် မရှိ၊ အကူအညီ မပေးနိုင်သော ရုပ်တုများကို ကိုးကွယ်ခြင်းဘက်သို့ လိုက်ပါသွားခြင်းသည် ခွင့်မလွှတ်နိုင်စရာပင်! ယေဟောဝါအား သိကျွမ်းကြသည့် လူမျိုးတစ်မျိုးအနေနှင့် အသက် မရှိ၊ ကာကွယ်မှု မပေးနိုင်သော လူ့လက်ဖြစ် ရုပ်တုများကို ယုံကြည်ကိုးစားခြင်းသည် အမှန်ပင် မိုက်မဲလှပေသည်။
၉။ ရုပ်တုကိုးကွယ်သူအချို့၏ ဦးနှောက် မရှိသော ဆင်ခြင်မှုကို ဖော်ပြပါ။
၉ ရုပ်တုကိုးကွယ်သူများ၏ ဦးနှောက် မရှိသော ဆင်ခြင်မှုကို သုံးသပ်ကြည့်ပါ။ ပရောဖက်ပြုချက်၌ ဤသို့ ဆက်ဆို၏– “ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့် ချိန်လျက်၊ ပန်းတိမ်သမားကို ငှား၍ ဘုရားကို လုပ်စေပြီးမှ ပျပ်ဝပ်ကိုးကွယ်ကြသည်တကား။” (ဟေရှာယ ၄၆:၆) အကုန်အကျများသော ရုပ်တုတစ်ခုသည် သစ်သားဖြင့် ပြုလုပ်သော ရုပ်တုထက် ပို၍ ကယ်တင်နိုင်စွမ်း ရှိသည့်အလား ယင်းကို ဝတ်ပြုကိုးကွယ်သူများသည် ဘုရားတည်ရာတွင် ငွေမည်မျှ ကုန်ကုန် အကုန်ခံကြသည်။ သို့သော် မည်မျှ ပို၍ ကြိုးစားသည်ဖြစ်စေ၊ မည်မျှ တန်ဖိုးကြီးသော ပစ္စည်းကို အသုံးပြုသည်ဖြစ်စေ သက်မဲ့ ရုပ်တုသည် သက်မဲ့ ရုပ်တုသာ ဖြစ်သည်၊ ယင်းထက် ပိုမလာပေ။
၁၀။ ရုပ်တုကိုးကွယ်ခြင်း၏ လုံးလုံး အချည်းနှီး ဖြစ်မှုကို မည်သို့ ဖော်ပြထားသနည်း။
၁၀ ရုပ်တုကိုးကွယ်သူများ၏ မိုက်မဲမှုကို ထပ်၍ အလေးပေးဖော်ပြရာတွင် ပရောဖက်ပြုချက်၌ ဤသို့ ဆက်ဆိုထား၏– “ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ်နေ၏။ သူ၏ နေရာမှ သူ မရွှေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနုတ်နိုင်။” (ဟေရှာယ ၄၆:၇) ကြားလည်း မကြားနိုင်၊ လုပ်လည်း မလုပ်ဆောင်နိုင်သော ရုပ်တုတစ်ခုထံ ဆုတောင်းခြင်းသည် အလွန် ရယ်စရာကောင်းလှသည်တကား! ဘုရားအဖြစ် ဝတ်ပြုကိုးကွယ်ခြင်း ခံရသော ထိုအရာဝတ္ထုများ၏ အချည်းနှီး ဖြစ်မှုကို ဆာလံဆရာက ဤသို့ ကောင်းစွာ ဖော်ပြထား၏– “သူတို့၏ ရုပ်တုများမူကား ငွေလည်း ဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။ ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။ နားရှိ၍ မကြားတတ်။ နှာခေါင်းရှိ၍ မနမ်းတတ်။ လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍ မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။ လုပ်သောသူတို့လည်း အတူတူ၊ ကိုးစားသောသူအပေါင်းတို့လည်း အတူတူပါတကား။”—ဆာလံ ၁၁၅:၄-၈။
“သတ္တိ မွေးကြလော့”
၁၁။ “သတ္တိမွေး” ရန် ဝေခွဲမရ ဖြစ်နေသူများကို အဘယ်အရာက ကူညီပေးမည်နည်း။
၁၁ ရုပ်တုကိုးကွယ်ခြင်း၏ အချည်းနှီး ဖြစ်မှုကို ဖော်ပြပြီး ယခု ယေဟောဝါသည် မိမိအား အဘယ်ကြောင့် ကိုးကွယ်သင့်ကြောင်း မိမိလူမျိုးကို ဖော်ပြတော်မူ၏– “အိုဖောက်ပြန်သောသူတို့ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြ [“သတ္တိမွေး၊” ကဘ] ကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။ ရှေးကာလ၌ ဖြစ်ဖူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရား မရှိ။” (ဟေရှာယ ၄၆:၈၊ ၉) စစ်မှန်သော ဝတ်ပြုရေးနှင့် ရုပ်တုကိုးကွယ်မှုအကြား ဝေခွဲမရ ဖြစ်နေသူများသည် သမိုင်းကြောင်းကို ပြန်သတိရသင့်သည်။ သူတို့သည် ယေဟောဝါ ပြုတော်မူခဲ့ရာများကို စိတ်ထဲ စွဲမှတ်ထားသင့်သည်။ ယင်းတို့က သူတို့ကို သတ္တိမွေးစေပြီး မှန်ရာကို ပြုလုပ်ရန် အကူအညီ ပေးမည်။ ယေဟောဝါကို ဝတ်ပြုခြင်းသို့ ပြန်လှည့်လာရန် သူတို့ကို အကူအညီ ပေးမည်။
၁၂၊ ၁၃။ ခရစ်ယာန်များသည် အဘယ် တိုက်ခိုက်မှုတွင် ပါဝင်ကြပြီး သူတို့သည် အောင်နိုင်သူများ မည်သို့ ဖြစ်နိုင်ကြသနည်း။
၁၂ ယနေ့အချိန်တွင်လည်း ယင်းအားပေးချက် လိုအပ်ဆဲပင်။ ဣသရေလလူမျိုးကဲ့သို့ပင် စိတ်နှလုံး ရိုးဖြောင့်သော ခရစ်ယာန်များသည် သွေးဆောင်မှုများနှင့် သူတို့ကိုယ်တိုင်၏ မစုံလင်မှုများကို တိုက်လှန်ကြရသည်။ (ရောမ ၇:၂၁-၂၄) ထို့ပြင် သူတို့သည် အလွန် တန်ခိုးကြီးပြီး မျက်မြင်မရသည့် ရန်သူများနှင့် ဝိညာဉ်ရေး စစ်ပွဲတွင် တိုက်ခိုက်ကြရသည်။ တမန်တော် ပေါလု ဤသို့ ဆို၏– “ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည် မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။”—ဧဖက် ၆:၁၂။
၁၃ စာတန်နှင့် သူ၏ နတ်ဆိုးများသည် စစ်မှန်သည့် ဝတ်ပြုရေးမှ ခရစ်ယာန်များ လွဲဖယ်သွားစေရန် ဘာမဆို လုပ်သွားမည် ဖြစ်သည်။ အောင်မြင်စွာ တိုက်ခိုက်နိုင်ရန် ခရစ်ယာန်များသည် ယေဟောဝါ၏ ဆုံးမသြဝါဒများကို လိုက်နာပြီး သတ္တိမွေးရန် လိုအပ်သည်။ မည်သို့အားဖြင့်နည်း။ တမန်တော် ပေါလု ဤသို့ ရှင်းပြ၏– “မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။” ယေဟောဝါသည် မိမိ၏ ကျေးကျွန်များကို အပြည့်အစုံ မတပ်ဆင်ဘဲ တိုက်ပွဲသို့ စေလွှတ်မည် မဟုတ်ပါ။ သူတို့၏ ဝိညာဏ ချပ်ဝတ်တန်ဆာထဲတွင် “မာရ်နတ် ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း တည်းဟူသော လွှား” ပါဝင်သည်။ (ဧဖက် ၆:၁၁၊ ၁၆) ဣသရေလ လူမျိုးများသည် မိမိတို့အတွက် ယေဟောဝါ ပြုလုပ်ပေးခဲ့သည့် ဝိညာဏ ပြင်ဆင်ပေးချက်များကို လျစ်လျူရှုခြင်းကြောင့် ဥပဒေ ဖောက်ဖျက်သူများ ဖြစ်သည်။ သူတို့အတွက် အကြိမ်ကြိမ် ပြုလုပ်ပေးခဲ့သည့် ယေဟောဝါ၏ တန်ခိုးပါသည့် လုပ်ဆောင်မှုများကို ပြန်ဆင်ခြင်သုံးသပ်မည်ဆိုပါက စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရုပ်တုကိုးကွယ်မှုဘက်သို့ ဘယ်တော့မျှ လှည့်သွားကြမည် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သူတို့၏ ပုံနမူနာမှ သင်ယူကြပြီး မှန်ရာကို ပြုလုပ်ဖို့ တိုက်ခိုက်ခြင်းတွင် ဘယ်တော့မျှ ဝေခွဲမရ မဖြစ်ရန် စိတ်တုံးတုံး ချနိုင်ပါစေ။—၁ ကောရိန္သု ၁၀:၁၁။
၁၄။ ယေဟောဝါသည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရား ဖြစ်ကြောင်း အဘယ် စွမ်းရည်ကို ညွှန်ပြတော်မူသနည်း။
၁၄ ယေဟောဝါသည် “အဦးမှစ၍ အဆုံးတိုင်အောင်လည်းကောင်း၊ ရှေးကာလမှစ၍ မဖြစ်သေးသော အမှုအရာတို့ကိုလည်းကောင်း ဖော်ပြလျက် ‘ငါ့အကြံ တည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟု ဆို” ၏။ (ဟေရှာယ ၄၆:၁၀) ဤကိစ္စတွင် အဘယ် အခြားဘုရားသည် ယေဟောဝါကို ယှဉ်နိုင်မည်နည်း။ အနာဂတ်ကို ကြိုတင်ဟောနိုင်စွမ်းသည် ဖန်ဆင်းရှင်၏ ဘုရားအဖြစ်တော်ကို ထူးခြားစွာ သက်သေပြခြင်း ဖြစ်သည်။ သို့ရာတွင် ကြိုဟောထားသည့်အရာများ ပြည့်စုံမည် ဖြစ်ကြောင်း သေချာစေရန်မှာ ကြိုမြင်ရုံမျှထက်မက လိုအပ်သည်။ “ငါ့အကြံ တည်လိမ့်မည်” ဟူသော ကြေညာချက်က ဘုရားသခင်၏ ချမှတ်ထားသော ရည်ရွယ်ချက် မပြောင်းလဲကြောင်း အလေးပေးဖော်ပြခြင်း ဖြစ်သည်။ ယေဟောဝါတွင် အကန့်အသတ်မဲ့ တန်ခိုးတော် ရှိခြင်းကြောင့် စကြဝဠာအတွင်းရှိ မည်သည့်အရာကမျှ ကိုယ်တော်၏ အလိုတော် မပြည့်စေရန် ဆီးတားနိုင်မည် မဟုတ်ပါ။ (ဒံယေလ ၄:၃၅) ထို့ကြောင့် ပြည့်စုံရန် ကျန်ရှိသေးသော မည်သည့်ပရောဖက်ပြုချက်မဆိုသည် ဘုရားသခင် သတ်မှတ်ထားသောအချိန်တွင် အမှန်ပင် ပြည့်စုံလာမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—ဟေရှာယ ၅၅:၁၁။
၁၅။ အနာဂတ်ကို ကြိုပြောနိုင်သည့် ယေဟောဝါ၏ စွမ်းရည်ဆိုင်ရာ အဘယ် ထူးခြားသော နမူနာက ကျွန်ုပ်တို့၏ အာရုံကို ဆွဲယူသနည်း။
၁၅ အနာဂတ် အဖြစ်အပျက်များကို ကြိုဟောပြီးနောက် ထိုအရာကို ပြည့်စုံစေသည့် ယေဟောဝါ၏ စွမ်းရည်ဆိုင်ရာ ထူးခြားထင်ရှားသော နမူနာတစ်ရပ်သည် ဟေရှာယ၏ ပရောဖက်ပြုချက်အားဖြင့် ကျွန်ုပ်တို့၏ အာရုံကို နောက်ထပ် ဆွဲယူထားသည့်အရာ ဖြစ်၏– “ဝေးသောအရပ် အရှေ့မျက်နှာမှ ငါ၏ လက်ထောက် တည်းဟူသော ငှက်ရဲကို ခေါ်လျက် ငါသည် ဘုရားသခင် ဖြစ်၏။ ငါနှင့် တူသောသူ မည်မျှ မရှိ။ ငါသည် နှုတ်ထွက်အတိုင်း ပြုမည်။ ကြံသည်အတိုင်း စီရင်မည်။” (ဟေရှာယ ၄၆:၁၁) “အဦးမှစ၍ အဆုံးတိုင်အောင် . . . ဖော်ပြ” သောအရှင် ယေဟောဝါ ဘုရားသခင်သည် ကိုယ်တော့် ညွှန်ကြားချက်နှင့်အညီ လူ့ရေးလူ့ရာများကို ဆောင်ရွက်ရန် အခြေအနေများကို ဖန်တီးပေးတော်မူမည်။ ကိုယ်တော်သည် ကုရုကို “အရှေ့မျက်နှာ” သို့မဟုတ် အရှေ့အရပ် ပါးရှား၌ တည်ရှိသော ကုရု အထူးနှစ်သက်သော မြို့တော် ပါဆားဂါဒီမြို့မှ ခေါ်မည် ဖြစ်သည်။ ကုရုသည် “ငှက်ရဲ” ကဲ့သို့ ဗာဗုလုန်ကို ရုတ်တရက်နှင့် မမျှော်လင့်ဘဲ တိုက်ခိုက်မည်။
၁၆။ ဗာဗုလုန်နှင့်ပတ်သက်သော တင်ကူးဟောကြားချက် အမှန် ပြည့်စုံမည်ကို ယေဟောဝါ မည်သို့ ခိုင်မာစေသနည်း။
၁၆ ဗာဗုလုန်နှင့်ပတ်သက်၍ ယေဟောဝါ၏ တင်ကူးဟောကြားချက် အမှန် ပြည့်စုံမည်ကို “ငါသည် နှုတ်ထွက်အတိုင်း ပြုမည်; ကြံသည်အတိုင်း စီရင်မည်” ဟူသော စကားများဖြင့် ခိုင်မာစေသည်။ မစုံလင်သော လူသားသည် ကတိများကို လွယ်လွယ် ပေးတတ်ကြသော်လည်း ဖန်ဆင်းရှင်မူ မိမိ၏ စကားများနှင့်အညီ မဆောင်ရွက်ပေးဘဲ ဘယ်တော့မျှ မနေပါ။ ယေဟောဝါသည် “မုသာနှင့် ကင်းစင်တော်မူသော” ဘုရားသခင် ဖြစ်သောကြောင့် ကိုယ်တော် “ကြံသည်အတိုင်း စီရင်မည်” ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။—တိတု ၁:၁။
ယုံကြည်ခြင်း ကင်းမဲ့သော နှလုံးများ
၁၇၊ ၁၈။ (က) ရှေးအချိန်က (ခ) ယနေ့အချိန်တွင် မည်သူတို့ကို “စိတ်ခိုင်မာ” သောသူတို့အဖြစ် ဖော်ပြနိုင်သနည်း။
၁၇ တစ်ဖန် ယေဟောဝါသည် ဗာဗုလုန်လူမျိုးများထံသို့ ပရောဖက်ပြုအာရုံလှည့်ကာ ဤသို့ ဆို၏– “စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသောသူတို့ ငါ့စကားကို နားထောင်ကြလော့။” (ဟေရှာယ ၄၆:၁၂) “စိတ်ခိုင်မာ” ဟူသော အသုံးအနှုန်းက ဘုရားသခင့် အလိုတော်ကို ဆန့်ကျင်ရာတွင် ခေါင်းမာပြီး အရိုးစွဲနေသူများကို ဖော်ပြခြင်း ဖြစ်သည်။ ဗာဗုလုန်လူမျိုးများသည် ဘုရားသခင်နှင့် ဝေးနေကြသည်မှာ သံသယ ဖြစ်စရာ မရှိပါ။ ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော်ကို ဖျက်ဆီးပြီး ပြည်သူပြည်သားများကို ပြည်နှင်ဒဏ်ပေး ခေါ်ဆောင်သွားခြင်းမှာ ယေဟောဝါနှင့် ကိုယ်တော့်လူမျိုးအပေါ် သူတို့၏ မုန်းတီးစိတ်ကြောင့် ဖြစ်သည်။
၁၈ ယနေ့ သံသယစိတ်၊ မယုံကြည်သော နှလုံး ရှိသူတို့သည် လူနေရာ မြေတစ်ပြင်လုံးတွင် ဟောပြောလျက် ရှိသော နိုင်ငံတော်သတင်းကို နားထောင်ရန် ခေါင်းမာမာနှင့် ငြင်းပယ်ကြသည်။ (မဿဲ ၂၄:၁၄) သူတို့သည် ယေဟောဝါအား ဖြောင့်မှန်သော အချုပ်အခြာ အာဏာရှင်အဖြစ် အသိအမှတ် မပြုလိုကြပါ။ (ဆာလံ ၈၃:၁၈; ဗျာဒိတ် ၄:၁၁) “ဖြောင့်မတ်ခြင်းတရားနှင့် ဝေးသော” နှလုံးဖြင့် သူတို့သည် ကိုယ်တော်၏ အလိုတော်ကို တော်လှန်ဆန့်ကျင်ကြသည်။ (၂ တိမောသေ ၃:၁-၅) ဗာဗုလုန်လူမျိုးများကဲ့သို့ သူတို့သည် ယေဟောဝါစကားကို နားထောင်ရန် ငြင်းဆိုကြသည်။
ဘုရားသခင်၏ ကယ်တင်ခြင်း ဖင့်နွှဲမည် မဟုတ်
၁၉။ ယေဟောဝါသည် ဣသရေလလူမျိုးအတွက် ဖြောင့်မတ်သော လုပ်ဆောင်မှုတစ်ရပ်ကို မည်သည့်နည်းဖြင့် ဆောင်ရွက်တော်မူမည်နည်း။
၁၉ ဟေရှာယ အခန်းကြီး ၄၆ ၏ နောက်ဆုံးစကားများက ယေဟောဝါ၏ ဂုဏ်ရည်တော် အသွင်အပြင်များကို ဤသို့ ပေါ်လွင်အောင် ဖော်ပြထား၏– “ငါ၏ ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါဆောင်ခဲ့မည်။ အဝေး၌ မနေရ။ ငါ၏ ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ ကယ်တင်ခြင်း ကျေးဇူးကိုလည်းကောင်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကိုလည်းကောင်း ငါထားမည်။” (ဟေရှာယ ၄၆:၁၃) ဣသရေလလူမျိုးကို ဘုရားသခင် ကယ်လွှတ်ခြင်းသည် ဖြောင့်မတ်သော လုပ်ဆောင်ချက်တစ်ရပ် ဖြစ်မည်။ ကိုယ်တော်သည် မိမိ၏ လူမျိုးကို ပြည်နှင်ခံဘဝဖြင့်သာ အချိန်ကုန်လွန်သွားစေမည် မဟုတ်ပါ။ ဇိအုန်၏ ကယ်တင်ခြင်းသည် သတ်မှတ်ထားချိန်တွင် ရောက်လာမည် ဖြစ်ပြီး “ဖင့်နွှဲ” မည် မဟုတ်ပါ။ သုံ့ပန်းဘဝမှ လွတ်မြောက်ပြီးနောက် ဣသရေလလူမျိုးသည် ပတ်ဝန်းကျင် လူမျိုးခြားများအတွက် မြင်ကွင်း ဖြစ်လာမည်။ မိမိ၏ လူမျိုးတော်ကို ယေဟောဝါ ကယ်လွှတ်ခြင်းသည် ကိုယ်တော်၏ ကယ်တင်ခြင်းတန်ခိုးဆိုင်ရာ သာဓကတစ်ခု ဖြစ်မည်။ ဗာဗုလုန်ဘုရားများ ဖြစ်သော ဗေလနှင့် နေဗောတို့၏ အသုံးမဝင်မှု၊ စွမ်းဆောင်နိုင်စွမ်း မရှိမှုတို့ကို အားလုံး တွေ့မြင်ကြရန် ဖော်ထုတ်ခံရမည်။—၃ ဓမ္မရာဇဝင် ၁၈:၃၉၊ ၄၀။
၂၀။ ယေဟောဝါ၏ ‘ကယ်တင်ခြင်းသည် ဖင့်နွှဲမည် မဟုတ်’ ကြောင်း ခရစ်ယာန်များ မည်သို့ စိတ်ချနိုင်သနည်း။
၂၀ ၁၉၁၉ တွင်၊ ယေဟောဝါသည် မိမိ၏ လူမျိုးကို ဝိညာဏ သုံ့ပန်းဘဝမှ ကယ်လွှတ်တော်မူခဲ့သည်။ ကိုယ်တော်သည် မဖင့်နွှဲခဲ့ပါ။ ထိုအဖြစ်အပျက်အပြင် ကုရုလက်တွင် ဗာဗုလုန် ကျရှုံးသွားသော ရှေးအဖြစ်အပျက်တို့သည် ယနေ့ ကျွန်ုပ်တို့အတွက် အားပေးမှု ဖြစ်သည်။ မှောက်မှားသော ဝတ်ပြုရေး အပါအဝင် ဤဆိုးညစ်သော အစီအစဉ်စနစ်ကို အဆုံးတိုင်စေမည် ဖြစ်ကြောင်း ယေဟောဝါ ကတိပြုထား၏။ (ဗျာဒိတ် ၁၉:၁၊ ၂၊ ၁၇-၂၁) ကိစ္စရပ်များကို လူ့ရှုထောင့်မှ ကြည့်ကာ မိမိတို့အတွက် ကယ်တင်ခြင်းသည် ဖင့်နွှဲနေသည်ဟု အချို့ခရစ်ယာန်များ ယူဆကြပေမည်။ သို့ရာတွင် ထိုကတိတော် ပြည့်စုံရန် မိမိ သတ်မှတ်ထားသည့် အချိန်အထိ ယေဟောဝါ သည်းခံမှု တင်ပြခြင်းသည် ဖြောင့်မတ်ခြင်း လုပ်ရပ်တစ်ခု အမှန်ပင် ဖြစ်သည်။ ထို့ထက်ကား၊ “[ယေဟောဝါသည်] အဘယ်သူမျှ မပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော် ရှိ” ၏။ (၂ ပေတရု ၃:၉) ထို့ကြောင့် ရှေးဣသရေလလူမျိုးအချိန်ကကဲ့သို့ပင် ‘ကယ်တင်ခြင်းသည် ဖင့်နွှဲမည် မဟုတ်” ကြောင်း ယုံကြည်စိတ်ချပါ။ ကယ်တင်ခြင်းနေ့ရက် နီးလာသည်နှင့်အမျှ ယေဟောဝါသည် မေတ္တာပါစွာ ဤသို့ ဆက်၍ ဖိတ်ခေါ်တော်မူ၏– “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာ ပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။”—ဟေရှာယ ၅၅:၆၊ ၇။