အခန်း ဆယ့်တစ်
‘မင်းများကို မကိုးစားကြနှင့်’
၁၊ ၂။ (က) ဂျူးများသည် အဘယ် မှုတ်သွင်းခံ ဆုံးမသြဝါဒကို လိုက်လျှောက်ရန် ပျက်ကွက်ကြသနည်း၊ အဘယ် ရလဒ် ရသနည်း။ (ခ) “ဖြတ်စာသည် အဘယ်မှာ ရှိသနည်း” ဟု ယေဟောဝါ အဘယ်ကြောင့် မေးတော်မူသနည်း။
“မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။ . . . ယာကုပ်အမျိုး၏ ဘုရားသခင် မစတော်မူသောသူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။ ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး . . . တို့ကို ဖန်ဆင်းတော်မူ၏။” (ဆာလံ ၁၄၆:၃-၆) ဟေရှာယခေတ်တွင် အသက်ရှင်ခဲ့ကြသော ဂျူးများသာ ဆာလံဆရာ၏ သြဝါဒအတိုင်း လုပ်ဆောင်ကြမည်ဆိုလျှင်! သူတို့သာ အီဂျစ် သို့မဟုတ် မှောက်မှားသော ဘုရားများ ကိုးကွယ်သည့် အခြားလူမျိုးတို့ကို ယုံကြည်ကိုးစားခြင်း မပြုဘဲ “ယာကုပ်အမျိုး၏ ဘုရားသခင်” အား ကိုးစားကြမည်ဆိုလျှင်! ယုဒ၏ ရန်သူများ တိုက်ခိုက်လာချိန်တွင် ယေဟောဝါသည် သူတို့ကို ကာကွယ်ရန် အရေးယူ လုပ်ဆောင်တော်မူမည်သာ။ သို့သော် ယုဒသည် အကူအညီအတွက် ယေဟောဝါထံ မမျှော်ကိုးလိုပါ။ ရလဒ်အနေနှင့် ယေဟောဝါသည် ယေရုရှလင်မြို့ကို ဖျက်ဆီးခွင့်၊ ယုဒပြည်သူပြည်သားများအား ဗာဗုလုန်သို့ သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခွင့် ပေးလိုက်တော်မူမည်။
၂ ယုဒသည် မိမိကိုယ်ကိုမှတစ်ပါး အခြားသူကို အပြစ်ဖို့စရာအကြောင်း မရှိပါ။ သူမ ဖျက်ဆီးခံရခြင်းသည် မိမိလူမျိုးအပေါ် ယေဟောဝါ၏ သစ္စာဖောက်မှု သို့မဟုတ် လူမျိုးတော်နှင့် ဖွဲ့ထားသည့် မိမိ၏ ပဋိညာဉ်ကို လျစ်လျူရှုမှုကြောင့် ဖြစ်သည်ဟု အပြစ်ဆိုလျှင် နည်းလမ်းကျမည် မဟုတ်ပေ။ ဖန်ဆန်းရှင်သည် ပဋိညာဉ်တရားကို ချိုးဖျက်သူ မဟုတ်ပါ။ (ယေရမိ ၃၁:၃၂; ဒံယေလ ၉:၂၇; ဗျာဒိတ် ၁၅:၄) ဤအချက်ကို အလေးပေး ဖော်ပြလို၍ ဂျူးများကို ယေဟောဝါ ဤသို့ မေးတော်မူ၏– “ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။” (ဟေရှာယ ၅၀:၁က) မောရှေပညတ်အောက်တွင် မိမိမယားကို ကွာလိုသော ယောက်ျားသည် သူ့အား ဖြတ်စာ ပေးရသည်။ သို့ဖြင့် ထိုအမျိုးသမီးသည် အခြားသူ၏ မိန်းမ ဖြစ်နိုင်ရန် လွတ်လပ်သူ ဖြစ်သွားလေသည်။ (တရားဟောရာ ၂၄:၁၊ ၂) ပုံဆောင်အနေနှင့် ယေဟောဝါသည် ထိုကဲ့သို့သော ဖြတ်စာကို ယုဒ၏ အစ်မ ဣသရေလနိုင်ငံအား ပေးခဲ့သော်လည်း ယုဒကိုမူ မပေးခဲ့ချေ။a ကိုယ်တော်သည် ယုဒ၏ ‘လင်သား’ ဆက်ဖြစ်နေဆဲပင်။ (ယေရမိ ၃:၈၊ ၁၄) ယုဒသည် တိတ္ထိနိုင်ငံများနှင့် ပေါင်းဖော်နေထိုင်ရန် လွတ်လပ်သူ လုံးဝ မဟုတ်ပါ။ သူနှင့် ယေဟောဝါ၏ ဆက်ဆံရေးသည် “ရှိလော [မေရှိယ] မရောက်မီတိုင်အောင်” ဆက်တည်ရှိနေမည်။—ကမ္ဘာဦး ၄၉:၁၀။
၃။ ယေဟောဝါသည် မိမိလူမျိုးတော်ကို အဘယ် အကြောင်းကြောင့် “ရောင်း” သနည်း။
၃ ယေဟောဝါသည် ယုဒကို ဤသို့လည်း မေးတော်မူ၏– “ငါ၌ ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။” (ဟေရှာယ ၅၀:၁ခ) ယေဟောဝါသည် မိမိ တင်ရှိနေသည့် အကြွေးကို ထိုးဆပ်ရန်အတွက် ဂျူးများကို ဗာဗုလုန်သုံ့ပန်းအဖြစ် ပို့လိုက်ခြင်း မဟုတ်ပါ။ ယေဟောဝါသည် ဆင်းရဲသော ဣသရေလတစ်ဦးကဲ့သို့ အကြွေးဆပ်ရန် မိမိတို့၏ သားသမီးများကို အကြွေးရှင်အား ထိုးအပ်ရမည့်သူမျိုး မဟုတ်ပါ။ (ထွက်မြောက်ရာ ၂၁:၇) သို့အစား မိမိလူမျိုးတော် ကျွန်ဘဝ ရောက်စေသည့် အကြောင်းရင်းကို ယေဟောဝါ ဤသို့ ထောက်ပြတော်မူ၏– “သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့် သင်တို့အမိကို ငါလွှတ်လိုက်၏။” (ဟေရှာယ ၅၀:၁ဂ) ဂျူးများကသာ ယေဟောဝါကို စွန့်ပစ်ခဲ့ကြသည်၊ ကိုယ်တော်သည် သူတို့ကို မစွန့်ပစ်ခဲ့ပါ။
၄၊ ၅။ ယေဟောဝါသည် မိမိလူမျိုးကို ချစ်ကြောင်း မည်သို့ တင်ပြတော်မူသနည်း၊ သို့သော် ယုဒသည် မည်သို့ တုံ့ပြန်သနည်း။
၄ ယေဟောဝါ ဆက်၍ မေးသော ဤမေးခွန်းသည် မိမိလူမျိုးအပေါ် ထားသော ကိုယ်တော့် မေတ္တာကို ရှင်းလင်းပေါ်လွင်စေသည်– “ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။” (ဟေရှာယ ၅၀:၂က) လူမျိုးတော်သည် မိမိဘက်သို့ နှလုံးရှိသမျှဖြင့် ပြန်လှည့်လာစေရန် ယေဟောဝါသည် သူတို့နှင့် ကျိုးကြောင်းဆင်ခြင်ဖို့အတွက် မိမိ၏ ကျွန်များ၏ အိမ်သို့ လာဘိသကဲ့သို့ ပရောဖက်များအားဖြင့် လာခဲ့သည်။ သို့သော် ပြန်ထူးမည့်သူ မရှိပါ။ ဂျူးလူမျိုးတို့သည် ပုထုဇဉ်လူသား၏ ထောက်မမှုကိုသာ မျှော်ကိုးလိုကြသည်၊ အီဂျစ်သို့ ဦးလှည့်ခဲ့သည့် အချိန်များပင် ရှိခဲ့၏။—ဟေရှာယ ၃၀:၂; ၃၁:၁-၃; ယေရမိ ၃၇:၅-၇။
၅ အီဂျစ်သည် ယေဟောဝါထက် ပိုပြီး အားထားလောက်သော ကယ်တင်ပေးမည့်သူ ဖြစ်ပါသလော။ ထိုသစ္စာမဲ့သော ဂျူးများသည် အစောပိုင်း ရာစုနှစ်များစွာက မိမိတို့လူမျိုး မွေးဖွားလာရန် ဦးတည်ပေးသော အဖြစ်အပျက်များကို မေ့လျော့သွားကြောင်း ထင်ရှားသည်။ ယေဟောဝါ သူတို့ကို ဤသို့ မေး၏– “ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုး မရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင် ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။ ငါသည် မိုးကောင်းကင်ကို နက်သောအဝတ် ဝတ်စေ၍ လျှော်တေအဝတ်နှင့် ခြုံ၏။”—ဟေရှာယ ၅၀:၂ခ၊ ၃။
၆၊ ၇။ အီဂျစ်တို့၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ယေဟောဝါသည် မိမိ၏ ကယ်တင်နိုင်သော တန်ခိုးကို မည်သို့ ပြသခဲ့သနည်း။
၆ ဘီ.စီ.အီး. ၁၅၁၃ တွင် အီဂျစ်သည် ဘုရားသခင့် လူမျိုးတော် စောင့်စားမျှော်လင့်နေသူ ကယ်လွှတ်ရှင် မဟုတ်ဘဲ နှိပ်စက်ဖိနှိပ်သူ ဖြစ်ခဲ့သည်။ ဣသရေလလူမျိုးသည် ထိုတိတ္ထိနိုင်ငံတွင် ကျွန်ဘဝ ရောက်နေခဲ့သည်။ သို့သော် ယေဟောဝါသည် သူတို့ကို လွတ်မြောက်ပေးခဲ့ကာ ယင်းသည် တကယ့် စိတ်လှုပ်ရှားဖွယ်ကောင်းသော လွတ်မြောက်မှုပင်! ဦးဆုံး ကိုယ်တော်သည် ထိုပြည်အပေါ်သို့ ကပ်ဘေးဆယ်ပါး ကျစေခဲ့သည်။ အထူးသဖြင့် အကြီးအကျယ် ပျက်စီးစေသော ဆယ်ခုမြောက် ကပ်ဘေးပြီးနောက် အီဂျစ်ဘုရင် ဖာရောသည် ဣသရေလလူမျိုးကို နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အပူတပြင်း တိုက်တွန်းလေတော့သည်။ (ထွက်မြောက်ရာ ၇:၁၄–၁၂:၃၁) သို့ရာတွင် သူတို့ ထွက်သွားပြီး မကြာမီအချိန်တွင် ဖာရော၏ စိတ်ထား ပြောင်းသွားသည်။ သူ၏ စစ်တပ်များကို စုပြီး ဣသရေလလူမျိုးကို အီဂျစ်ပြည်သို့ ပြန်ဖမ်းခေါ်လာရန် ကြံလေ၏။ (ထွက်မြောက်ရာ ၁၄:၅-၉) သူတို့၏နောက်တွင် အီဂျစ်စစ်တပ်ကြီး၊ ရှေ့တွင် ပင်လယ်နီ ခံနေရာ ဣသရေလလူမျိုးမှာ ချောင်ပိတ်မိနေသည်! သို့သော် ယေဟောဝါသည် သူတို့ဘက်မှ တိုက်ခိုက်ပေးရန် ထိုတွင် ရှိခဲ့သည်။
၇ ယေဟောဝါသည် အီဂျစ်လူမျိုးများနှင့် ဣသရေလလူမျိုးအကြား မိုးတိမ်တိုင်တစ်ခု ခြားထားပေးခြင်းဖြင့် မျက်ခြည်ပြတ်သွားစေခဲ့သည်။ အီဂျစ်လူတို့၏ မိုးတိမ်ဘက်ခြမ်းသည် မှောင်မိုက်နေပြီး ဣသရေလလူတို့ဘက်တွင် အလင်းပေးသည်။ (ထွက်မြောက်ရာ ၁၄:၂၀) သို့ဖြင့် အီဂျစ်စစ်တပ်သည် ပင်လယ်အော်တွင် တန့်နေစဉ် ယေဟောဝါသည် “တစ်ညလုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့် ရေသည် ကွဲပြတ်လျက် ရှိ၏။” (ထွက်မြောက်ရာ ၁၄:၂၁) ပင်လယ်ရေ နှစ်ခြမ်းကွဲသွားသည့်အခါ ယောက်ျား၊ မိန်းမနှင့် ကလေးအားလုံးသည် အန္တရာယ်ကင်းရာသို့ ပင်လယ်နီကို ဖြတ်ကူးနိုင်ခဲ့ကြသည်။ ကိုယ်တော်၏ လူမျိုးတော် ကမ်းတစ်ဖက်သို့ ချောချောမောမော ရောက်ရှိသွားသည့်အခါ ယေဟောဝါသည် မိုးတိမ်ကို ဖယ်ရှားလိုက်လေသည်။ အီဂျစ်လူတို့သည် သဲသဲမဲမဲ ဆက်လိုက်ရာ မြစ်ကြမ်းပြင်ပေါ်သို့ တရကြမ်း ဒရောသောပါး ရောက်ရှိလာလေသည်။ ကိုယ်တော်၏ လူမျိုးတော်သည် မြစ်ကမ်းပေါ် လုံခြုံစွာ ရှိချိန်တွင် ယေဟောဝါသည် ရေများကို ပြန်လွှတ်ပေးလိုက်ရာ ဖာရောနှင့် သူ၏ စစ်သည်များသည် ရေနှစ်သေကုန်လေသည်။ သို့ဖြင့် ယေဟောဝါသည် မိမိလူမျိုးအတွက် တိုက်ခိုက်ပေးခဲ့သည်။ ယနေ့ ခရစ်ယာန်များအတွက် အလွန် အားတက်စရာပင်!—ထွက်မြောက်ရာ ၁၄:၂၃-၂၈။
၈။ ယုဒပြည်သူပြည်သားများသည် အဘယ် သတိပေးချက်များကို လျစ်လျူရှုသောကြောင့် နောက်ဆုံး ပြည်နှင်ဒဏ် ခံရသနည်း။
၈ ဟေရှာယခေတ်အချိန် ရောက်သော် ဘုရားသခင်၏ ထိုအောင်ပွဲမှ နှစ်ပေါင်း ခုနစ်ရာ ကြာညောင်းခဲ့ပြီ။ ယုဒသည်ပင် ယခုတွင် လူမျိုးတစ်မျိုးအနေနှင့် တည်ရှိနေလေပြီ။ သူသည် တစ်ခါတစ်ရံ အာရှုရိ၊ အီဂျစ်ကဲ့သို့သော တိုင်းတစ်ပါး အစိုးရများနှင့် သံတမန် အဆက်အသွယ် လုပ်လေသည်။ သို့သော် ဤတိတ္ထိ နိုင်ငံ့ခေါင်းဆောင်များကို ယုံကြည်စိတ်ချ၍ မရနိုင်ပါ။ သူတို့သည် ယုဒနှင့် မည်သည့် ပဋိညာဉ် ဖွဲ့ပါစေ မိမိတို့ကိုယ်ကျိုးကို အမြဲ ရှေ့တန်းတင်မည် ဖြစ်သည်။ ယေဟောဝါ၏ နာမတော်ကို အမှီပြု၍ ဟောကြသော ပရောဖက်များက ထိုကဲ့သို့သော လူသားများကို မကိုးစားကြဖို့ လူများကို သတိပေးသော်လည်း ပရောဖက်များ၏ စကားများသည် နားပင်းနေသူများကို ပြောသကဲ့သို့ ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ဂျူးများသည် ဗာဗုလုန်တွင် ကျွန်ဘဝဖြင့် အနှစ် ၇၀ ကြာ ပြည်နှင်ဒဏ် ခံရမည် ဖြစ်သည်။ (ယေရမိ ၂၅:၁၁) သို့ရာတွင် ယေဟောဝါသည် မိမိ၏ လူမျိုးတော်ကို မေ့မည် မဟုတ်သကဲ့သို့ အချိန်အကန့်အသတ် မရှိ စွန့်ပစ်ထားမည်လည်း မဟုတ်ပါ။ သတ်မှတ်ထားချိန်တွင် သူတို့ကို ကိုယ်တော် သတိရတော်မူပြီး စင်ကြယ်သော ဝတ်ပြုရေး ပြန်လည်တည်ထောင်ရန်အတွက် ပြည်တော်ပြန်မည့် လမ်းကို ကိုယ်တော် ဖွင့်ပေးတော်မူမည်။ အဘယ် ရည်ရွယ်ချက်အတွက်နည်း။ နာခံမှု ရှိသော လူသားအားလုံး ဆည်းကပ်ကြမည့် ရှိလော၏ ကြွလာခြင်းကို ပြင်ဆင်ဖို့အတွက် ဖြစ်သည်!
ရှိလော ကြွလာ
၉။ ရှိလောကား မည်သူနည်း၊ ကိုယ်တော်သည် မည်ကဲ့သို့သော သွန်သင်သူ ဖြစ်သနည်း။
၉ ရာစုနှစ်များစွာ ကုန်လွန်သွားသည်။ “အချိန်ကာလ စေ့” လာကာ ရှိလောဟု အခေါ်ခံရသူ သခင်ယေရှုခရစ်သည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ပေါ်လာသည်။ (ဂလာတိ ၄:၄; ဟေဗြဲ ၁:၁၊ ၂) ယေဟောဝါသည် မိမိ၏ အရင်းနှီးဆုံး အဖော်အဖက်ကို ဂျူးလူမျိုးဆိုင်ရာ မိမိ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်ထားခဲ့ခြင်းက မိမိလူမျိုးတော်ကို ယေဟောဝါ အလွန် ချစ်မြတ်နိုးကြောင်း ဖော်ပြသည်။ ယေရှုသည် မည်ကဲ့သို့သော ပြောရေးဆိုခွင့်ရှိသူ ဖြစ်ကြောင်း တွေ့ရသနည်း။ အကြီးမြင့်ဆုံးသော ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည်! ယေရှုသည် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ်မျှသာမကပါ၊ ကိုယ်တော်သည် သွန်သင်သူ—ကျွမ်းကျင်ပိုင်နိုင်သော ဆရာတစ်ပါး ဖြစ်သည်။ ယင်းသည် အံ့အားသင့်စရာ မဟုတ်ပါ၊ အကြောင်းမှာ ကိုယ်တော်တွင် အံ့ချီးဖွယ် သွန်သင်ရှင် ရှိကာ—ယေဟောဝါ ကိုယ်တော်တိုင် ဖြစ်သည်။ (ယောဟန် ၅:၃၀; ၆:၄၅; ၇:၁၅၊ ၁၆၊ ၄၆; ၈:၂၆) ယေရှုသည် ဟေရှာယမှတစ်ဆင့် ပရောဖက်ပြု၍ မိန့်ဆိုထားချက်က ယင်းအချက်ကို ခိုင်မာစေသည်– “ငါသည် ပင်ပန်းသောသူအား [“နှစ်သိမ့်စေသော စကားဖြင့်၊” သမ္မာ] မစခြင်းငှာ စကားပြောတတ်မည်အကြောင်း အရှင်ထာဝရဘုရားသည် လူတတ်၏ နှုတ်သတ္တိကို ငါ့အား ပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။”—ဟေရှာယ ၅၀:၄။b
၁၀။ မိမိလူမျိုးအပေါ် ထားသော ယေဟောဝါ၏ မေတ္တာမျိုးကို ယေရှု မည်သို့ တင်ပြသနည်း၊ အဘယ် တုံ့ပြန်မှုကို ယေရှု ရရှိသနည်း။
၁၀ ယေရှုသည် မြေကြီးသို့ မကြွလာမီ ကောင်းကင်၌ ခမည်းတော်နှင့် တွဲ၍ အလုပ်လုပ်ခဲ့သည်။ ခမည်းတော်နှင့် သားတော်အကြားရှိ နွေးထွေးသော ဆက်ဆံရေးကို သုတ္တံ ၈:၃၀ [ကဘ] တွင် လင်္ကာဆန်ဆန် ဤသို့ ဖော်ပြထား၏– “ငါသည် ဗိသုကာဆရာ တစ်ပါးကဲ့သို့ [ယေဟောဝါ] အထံတော်ပါးတွင် ရှိ၏။ . . . ရှေ့တော်၌ အစဉ်မပြတ် ရွှင်လန်းဝမ်းမြောက်လျက်” နေ၏။ ခမည်းတော်၏ စကားကို နားထောင်ခြင်းက ယေရှုအား ကြီးစွာ ရွှင်လန်းစေခဲ့သည်။ ကိုယ်တော်သည် ခမည်းတော်၏ မေတ္တာကို “လူသားတို့” အား ခွဲဝေပေးတော်မူခဲ့သည်။ (သုတ္တံ ၈:၃၁) ယေရှု မြေကြီးပေါ်သို့ ကြွလာချိန်တွင် “ပင်ပန်းသောသူအား နှစ်သိမ့်စေသော စကားဖြင့်” ဖြေကြားပေးတော်မူ၏။ ဟေရှာယ ပရောဖက်ပြုချက်၌ ပါသော နှစ်သိမ့်မှု ပေးသည့် ဤစာပိုဒ်ကို ဖတ်ပြခြင်းဖြင့် ကိုယ်တော်၏ ဓမ္မအမှုကို အစပြုတော်မူ၏– “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း . . . ငါ့ကို စေလွှတ်တော်မူပြီ။” (လုကာ ၄:၁၈၊ ၁၉; ဟေရှာယ ၆၁:၁) ဆင်းရဲသားတို့အတွက် သတင်းကောင်း! ပင်ပန်းနွမ်းနယ်သူများအတွက် လန်းဆန်းမှု! လူများကို တကယ့် ရွှင်လန်းမှု ပေးသော ကြေညာချက်ပင်! အချို့သူများ ဝမ်းမြောက်ကြသည်၊ သို့သော် အားလုံး မဟုတ်ပါ။ နောက်ဆုံးတွင် ယေရှုသည် ယေဟောဝါ၏ သွန်သင်ပေးခြင်း ခံရသူ ဖြစ်ကြောင်း ယုံလောက်သော သက်သေကို များစွာသောသူတို့က လက်မခံ၊ ငြင်းပယ်ခဲ့ကြသည်။
၁၁။ မည်သူတို့သည် ယေရှုနှင့်အတူ ထမ်းပိုးကို ထမ်းကြပြီး အဘယ်အရာ တွေ့ကြုံခံစားရသနည်း။
၁၁ သို့ရာတွင် အချို့သူများသည် ထပ်၍ ကြားနာလိုကြသည်။ သူတို့သည် ယေရှု၏ နှလုံးနွေးထွေးဖွယ် ဤဖိတ်ခေါ်ချက်ကို ဝမ်းမြောက်စွာ တုံ့ပြန်ခဲ့ကြသည်– “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကို တင်၍ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘော ရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။” (မဿဲ ၁၁:၂၈၊ ၂၉၊ ကဘ) ယေရှုထံတော်သို့ လာသူများထဲတွင် ကိုယ်တော်၏ တမန်တော် ဖြစ်လာသူများ ပါဝင်သည်။ ယေရှုနှင့်အတူ ထမ်းပိုး ထမ်းခြင်းသည် သူတို့အတွက် ခက်ခဲသော အလုပ် ဖြစ်မည်ကို သိကြသည်။ ယင်းတွင် အခြားအရာများ အပါအဝင် မြေကြီးစွန်းတိုင်အောင် နိုင်ငံတော် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်း ပါဝင်သည်။ (မဿဲ ၂၄:၁၄) တမန်တော်များနှင့် အခြားတပည့်တော်များသည် ယင်းလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်သည့်အခါ သူတို့၏ စိုးလ်ကို အမှန်ပင် လန်းဆန်းမှု ပေးကြောင်း တွေ့ရှိကြရသည်။ ထိုလုပ်ငန်းကိုပင် ယနေ့ သစ္စာရှိ ခရစ်ယာန်များ လုပ်ဆောင်လျက် ရှိကြရာ ထိုသို့လုပ်ဆောင်မှုမှ သူတို့လည်း ထပ်တူ ရွှင်လန်းမှုကို ရရှိခံစားကြရသည်။
ကိုယ်တော်သည် ငြင်းဆန်တော်မမူ
၁၂။ ယေရှုသည် ကောင်းကင်ခမည်းတော်ကို နာခံကြောင်း မည်သည့်နည်းများဖြင့် တင်ပြတော်မူသနည်း။
၁၂ ယေရှုသည် ဘုရားသခင် အလိုတော်ဆောင်ရန် ဟူသော မိမိမြေကြီးပေါ် လာခြင်း ရည်ရွယ်ချက်ကို တစ်ခါမျှ မျက်ခြည်မပြတ်ခဲ့ပါ။ ကိစ္စရပ်များအပေါ် ကိုယ်တော်၏ ရှုမြင်ပုံကို ဤသို့ ကြိုဟောထား၏– “အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍ ငါလည်း မငြင်းမဆန်၊ နောက်သို့ မဆုတ်။” (ဟေရှာယ ၅၀:၅) ယေရှုသည် ဘုရားသခင်ကို အမြဲ နာခံတော်မူ၏။ ကိုယ်တော် ဤအထိပင် မိန့်ဆိုခဲ့၏– “ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာ ပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း သားတော်လည်း ပြု၏။” (ယောဟန် ၅:၁၉) ယေရှုသည် လူသားဘဝမတိုင်မီ နှစ်သန်းပေါင်းများစွာ၊ သန်းထောင်ပေါင်းများစွာပင် ဖြစ်နိုင်သည့် နှစ်များတစ်လျှောက် ခမည်းတော်နှင့်အတူ အလုပ်လုပ်ခဲ့သည်။ မြေကြီးပေါ်သို့ ကြွလာပြီးနောက် ယေဟောဝါ၏ သွန်သင်ချက်များကို ဆက်၍ လိုက်လျှောက်တော်မူ၏။ ကျွန်ုပ်တို့သည် ခရစ်တော်၏ မစုံလင်သော နောက်လိုက်များအနေနှင့် ယေဟောဝါ၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ရန် သာ၍ သတိပြုသင့်ပေသည်!
၁၃။ ယေရှုရှေ့တွင် အဘယ် အလားအလာ ရှိသနည်း၊ သို့သော် ကိုယ်တော်တိုင် ရဲစွမ်းသတ္တိ ရှိမှုကို မည်သို့ ပြသတော်မူသနည်း။
၁၃ ယေဟောဝါ၏ တစ်ပါးတည်းသော သားတော်ကို ငြင်းပယ်သူအချို့သည် ကိုယ်တော်ကို နှိပ်စက်ညှဉ်းပန်းကြပြီး ယင်းအကြောင်းကိုလည်း ဤသို့ ကြိုဟောထား၏– “ရိုက်သောသူတို့အား ငါ့ကျောကိုလည်းကောင်း၊ နားပန်းဆံကို နုတ်သောသူတို့အား ငါ့ပါးကိုလည်းကောင်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။” (ဟေရှာယ ၅၀:၆) ပရောဖက်ပြုချက်အရ မေရှိယသည် ဆန့်ကျင်သူများ၏ လက်ထဲတွင် နာကျင်မှုနှင့် အရှက်ခွဲမှုကို ခံရမည် ဖြစ်သည်။ ယင်းသို့ ခံရမည်ကို ယေရှု သိတော်မူ၏။ မည်မျှအထိ နှိပ်စက်ညှဉ်းပန်းခံရမည်ကိုလည်း ကိုယ်တော် သိတော်မူ၏။ မြေကြီးပေါ်တွင် မိမိ၏ အချိန် ကုန်ခါနီး၌ပင် ကိုယ်တော်သည် ကြောက်ရွံ့စိတ် မရှိခဲ့ပါ။ ကိုယ်တော်သည် မီးခတ်ကျောက်ကဲ့သို့ မာကျောခိုင်မြဲသည့် သန္နိဋ္ဌာန်ဖြင့် မိမိ၏ လူသားအသက်တာ အဆုံးတိုင်မည့်နေရာ ဖြစ်သော ယေရုရှလင်မြို့သို့ စတင် ခရီးထွက်တော်မူသည်။ လမ်းခုလတ်တွင် မိမိ၏ တပည့်တော်များကို ယေရှု ဤသို့ မိန့်တော်မူ၏– “ငါတို့သည် ယေရုရှလင်မြို့သို့ ယခု သွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်၍ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သူတို့သည်လည်း လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ တံတွေးနှင့် ထွေးခြင်း၊ အသေသတ်ခြင်းကို ပြုကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်။” (မာကု ၁၀:၃၂ခ-၃၄) ဤဟော့ဟော့ရမ်းရမ်း မတရားပြုမူဆက်ဆံမှုအားလုံးသည် ပို၍ အသိတရား ရှိထားသင့်သော ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်သည်။
၁၄၊ ၁၅။ ယေရှုသည် အရိုက်ခံရ၊ အရှက်ခွဲခံရမည် ဟူသော ဟေရှာယ၏ စကားများ မည်သို့ ပြည့်စုံသနည်း။
၁၄ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်ညတွင် ယေရှုသည် မိမိ၏ နောက်တော်လိုက်တချို့နှင့်အတူ ဂေသရှေမန် ဥယျာဉ်တွင် ရှိနေသည်။ ကိုယ်တော် ဆုတောင်းနေတော်မူ၏။ ရုတ်တရက် လူရမ်းကားအုပ်တစ်အုပ် ပေါ်လာပြီး ကိုယ်တော်ကို ဖမ်းဆီးချုပ်နှောင်လေသည်။ သို့သော် ကိုယ်တော် မကြောက်ရွံ့ပါ။ ယေဟောဝါသည် မိမိနှင့်အတူ ရှိတော်မူကြောင်း ကိုယ်တော် သိတော်မူ၏။ ယေရှုက ကြောက်ရွံ့နေသော မိမိ၏ တမန်တော်များအား မိမိသာ အလိုရှိလျှင် ကောင်းကင်တမန် တစ်ဆယ့်နှစ်တပ်မက စေလွှတ်၍ ကယ်တင်ပေးရန် ခမည်းတော်ထံသို့ တောင်းလျှောက်နိုင်ကြောင်း စိတ်ချစေကာ ဤသို့ မိန့်တော်မူ၏– “သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာအချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်း။”—မဿဲ ၂၆:၃၆၊ ၄၇၊ ၅၃၊ ၅၄။
၁၅ မေရှိယ ခံရမည့် စုံစမ်းမှုများ၊ သေခြင်းစသည်တို့နှင့်ပတ်သက်သော ကြိုဟောချက်အားလုံး ပြည့်စုံလာသည်။ ဆဲန်ဟီဒရင် တရားရုံးတွင် အကွက်ဆင် စစ်ဆေးပြီးနောက် ယေရှုသည် ပုန္တိပိလတ်၏ စစ်ဆေးမှု ခံရကာ သူသည် ကိုယ်တော်ကို ကြာပွတ်နှင့် ရိုက်စေခဲ့သည်။ ရောမစစ်သားများသည် “ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံတွေးနှင့် ထွေးခြင်း” တို့ကို ပြုကြ၏။ သို့ဖြင့် ဟေရှာယ၏ စကားများ ပြည့်စုံသွားသည်။ (မာကု ၁၄:၆၅; ၁၅:၁၉; မဿဲ ၂၆:၆၇၊ ၆၈) သို့သော် အကြီးအကျယ် အရှက်ခွဲခြင်းတစ်မျိုး ဖြစ်သော ယေရှု၏ မုတ်ဆိတ်မွေးကို ပကတိ နုတ်ပစ်ခြင်းအကြောင်း သမ္မာကျမ်းစာတွင် မဖော်ပြထားသော်လည်း ဟေရှာယ ကြိုဟောထားသည့်အတိုင်း ယင်းသို့ အရှက်ခွဲခံရသည်မှာ သေချာသည်။c—နေဟမိ ၁၃:၂၅။
၁၆။ တရားလွန် ဖိအားပေးမှုများနှင့် ရင်ဆိုင်ရချိန်တွင် ယေရှု၏ ဟန်ပန်မှာ မည်သို့နည်း၊ ကိုယ်တော်သည် အဘယ်ကြောင့် ရှက်စိတ် မဝင်သနည်း။
၁၆ ယေရှုသည် ပိလတ်ရှေ့ စစ်ဆေးခံနေရချိန်တွင် မိမိအသက်ကို ချမ်းသာပေးရန် အသနားမခံခဲ့ပါ၊ ကျမ်းစာစကား ပြည့်စုံရန် မိမိသေရမည်ကို သိထားကာ ဣန္ဒြေရရ တည်တည်ငြိမ်ငြိမ် ရပ်နေတော်မူ၏။ ရောမဘုရင်ခံက မိမိသည် ယေရှုကို သတ်နိုင်၊ လွှတ်နိုင်သောအမိန့် ထုတ်ပိုင်ခွင့် ရှိသည်ကို ဖော်ထုတ်ပြောဆိုသည့်အခါ ယေရှုသည် မကြောက်မရွံ့ ဤသို့ ပြန်ပြောတော်မူ၏– “အထက်အရပ်မှ အခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သို့မျှ မပြုပိုင်။” (ယောဟန် ၁၉:၁၁) ပိလတ်၏ စစ်သားများက ယေရှုကို လူမဆန်စွာ ပြုမူကြသော်လည်း သူတို့သည် ကိုယ်တော်၌ ရှက်စိတ်ဝင်စေရန် မပြုလုပ်နိုင်ကြပါ။ ကိုယ်တော် အဘယ်ကြောင့် ရှက်ရမည်နည်း။ ကိုယ်တော်သည် တစ်စုံတစ်ရာသောအပြစ် လွန်ကျူးခြင်းကြောင့် တရားသဖြင့် အပြစ်ပေးခံနေရခြင်း မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံနေရခြင်း ဖြစ်သည်။ ဤအချက်၌ ဟေရှာယ၏ ထပ်ဆင့် ဤပရောဖက်ပြုချက်စကားများ ပြည့်စုံသွား၏– “အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူလိမ့်မည်။ ထို့ကြောင့် ငါ မရှုံးရသည် ဖြစ်၍ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက် ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။”—ဟေရှာယ ၅၀:၇။
၁၇။ ယေရှု၏ ဓမ္မအမှုတစ်လျှောက်လုံးတွင် ယေဟောဝါသည် မည်သည့်နည်းများဖြင့် ကိုယ်တော်နှင့်အတူ ရှိခဲ့သနည်း။
၁၇ ယေရှု၏ ရဲစွမ်းသတ္တိသည် ယေဟောဝါအပေါ် အကြွင်းမဲ့ ယုံကြည်စိတ်ချမှုအပေါ်တွင် အရင်းခံသည်။ ကိုယ်တော်၏ အပြုအမူတို့က ဟေရှာယ၏ ဤစကားများနှင့် အပြည့်အဝ ကိုက်ညီကြောင်း တင်ပြ၏– “ငါ့ကို ဖြောင့်မတ်ရာသို့ ရောက်စေသော [“ငါ့ကို ဖြောင့်မတ်သည်ဟု ကြေညာသော၊” ကဘ] အရှင်သည် အနီးမှာ ရှိတော်မူ၏။ အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ စုံညီ ရပ်ကြကုန်အံ့။ အဘယ်သူသည် ငါနှင့် ဘက်ပြိုင်မည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။ ကြည့်လော့။ အရှင်ထာဝရဘုရားသည် ငါ့ကို မစတော်မူမည်။ အဘယ်သူသည် အပြစ်စီရင်မည်နည်း။ ထိုသို့သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်၍ ပိုးရွကိုက်စားခြင်းကို ခံရကြလိမ့်မည်။” (ဟေရှာယ ၅၀:၈၊ ၉၊ သမ္မာ) ယေရှု နှစ်ခြင်းခံသည့်နေ့တွင် ယေဟောဝါသည် ကိုယ်တော်အား ဘုရားသခင်၏ နာမ်ဝိညာဉ်သားအဖြစ် ဖြောင့်မတ်ကြောင်း ကြေညာတော်မူ၏။ အမှန်တွင်၊ ထိုအချိန်က ဘုရားသခင် ကိုယ်တော်တိုင်၏ ဤသို့ မိန့်တော်မူသံကို ကြားရ၏– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း။” (မဿဲ ၃:၁၇) ကိုယ်တော်၏ မြေကြီးအသက်တာ ကုန်ခါနီးတွင် ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌ ဒူးထောက်ဆုတောင်းနေစဉ် “ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေး” လေ၏။ (လုကာ ၂၂:၄၁-၄၃) ထို့ကြောင့် မိမိ၏ အသက်တာလမ်းစဉ်ကို ခမည်းတော်သည် နှစ်သက်မြတ်နိုးကြောင်း ယေရှု သိတော်မူ၏။ ဤစုံလင်သော ဘုရားသခင့် သားတော်သည် မည်သည့်အပြစ်မျှ မကျူးလွန်ခဲ့ပါ။ (၁ ပေတရု ၂:၂၂) ကိုယ်တော့်ကို ရန်ဘက်ပြုသူများက ကိုယ်တော်သည် ဥပုသ်ပညတ် ချိုးဖောက်သူ၊ သောက်ကြူးသူ၊ နတ်ဆိုးစွဲသူဟု မှားယွင်းစွာ စွပ်စွဲကြသော်လည်း ယေရှုသည် သူတို့၏ မုသားစကားကြောင့် ဂုဏ်ရည်မညှိုးနွမ်းသွားပါ။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူ ရှိတော်မူ၍ မည်သူသည် ကိုယ်တော့်တစ်ဖက်၌ နေနိုင်မည်နည်း။—လုကာ ၇:၃၄; ယောဟန် ၅:၁၈; ၇:၂၀; ရောမ ၈:၃၁; ဟေဗြဲ ၁၂:၃။
၁၈၊ ၁၉။ ဘိသိက်ခံ ခရစ်ယာန်များသည်လည်း ယေရှုကဲ့သို အဘယ် ဆင်တူသောအရာများနှင့် ကြုံတွေ့ခဲ့ရသနည်း။
၁၈ ယေရှုက မိမိ၏ တပည့်တော်များအား ဤသို့ သတိပေး၏– “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။” (ယောဟန် ၁၅:၂၀) မကြာမီ ကြုံတွေ့ရသော အဖြစ်အပျက်များက ယင်းစကား မှန်ကြောင်း သက်သေထူသည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏ သစ္စာရှိ တပည့်တော်များအပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ကျရောက်ပြီး ခရစ်ယာန် အသင်းတော် မွေးဖွားလာသည်။ ချက်ချင်းဆိုသလိုပင် ဘာသာရေး ခေါင်းဆောင်များက ယခု ယေရှုနှင့်အတူ “အာဗြဟံ၏ အမျိုးအနွယ်” အဝင်အဖြစ် ပူးပေါင်းပြီး ဘုရားသခင်၏ ဝိညာဏသားများအဖြစ် မွေးစားခံရသော ဤသစ္စာရှိ အမျိုးသား၊ အမျိုးသမီးများ၏ ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားကြသည်။ (ဂလာတိ ၃:၂၆၊ ၂၉; ၄:၅၊ ၆) ပထမရာစုမှစ၍ ယခုအချိန်အထိ ဘိသိက်ခံ ခရစ်ယာန်များသည် ဖြောင့်မတ်ခြင်းအတွက် ခိုင်မြဲစွာ ရပ်တည်ကြစဉ် ယေရှု၏ ရန်သူများထံမှ မှားယွင်းသော ဝါဒဖြန့်မှုများနှင့် ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်ခဲ့ကြရသည်။
၁၉ သို့တိုင်၊ သူတို့သည် ယေရှု၏ အားတက်ဖွယ် ဤစကားများကို အမှတ်ရကြသည်– “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။” (မဿဲ ၅:၁၁၊ ၁၂) ထို့ကြောင့် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများအောက်တွင်ပင် ဘိသိက်ခံ ခရစ်ယာန်များသည် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့ကြသည်။ ဆန့်ကျင်သူများ မည်သို့ပင် ပြောပါစေ ဘုရားသခင်က သူတို့ကို ဖြောင့်မတ်သူများ ဖြစ်သည်ဟု ကြေညာကြောင်း သူတို့ သိကြသည်။ သူတို့သည် ကိုယ်တော့်ရှေ့မှောက်တွင် “သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်” ကြ၏။—ကောလောသဲ ၁:၂၁-၂၃။
၂၀။ (က) ဘိသိက်ခံ ခရစ်ယာန်များကို မည်သူတို့က ထောက်မပေးသနည်း၊ သူတို့သည် အဘယ်အရာနှင့် ကြုံတွေ့ခဲ့ရသနည်း။ (ခ) ဘိသိက်ခံ ခရစ်ယာန်များနှင့် “အခြားသိုး” တို့သည် လူတတ်၏ နှုတ်သတ္တိကို မည်သို့ ရရှိကြသနည်း။
၂၀ မျက်မှောက်ခေတ် ဘိသိက်ခံ ခရစ်ယာန်များသည် “အခြားသိုး” အဝင် “လူအုပ်ကြီး” ၏ ထောက်မမှုကို ရရှိကြသည်။ သူတို့သည်လည်း ဖြောင့်မတ်ခြင်းဘက် ရပ်တည်ကြသည်။ အကျိုးဆက်အနေဖြင့် သူတို့သည်လည်း ဘိသိက်ခံ ညီတော်များနှင့်အတူ ဒုက္ခဆင်းရဲ ခံရကြပြီး “မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍ ဖြူစေ” ခဲ့ကြ၏။ ယေဟောဝါက သူတို့အား “ကြီးစွာသော ဆင်းရဲဒုက္ခအထဲက” ကယ်တင်ခံရမည့်သူများအဖြစ် ရှုမြင်လျက် ဖြောင့်မတ်ကြောင်း ကြေညာခဲ့သည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅; ယောဟန် ၁၀:၁၆; ယာကုပ် ၂:၂၃) သူတို့ကို ဆန့်ကျင်သူများသည် ယခုအချိန်တွင် အင်အားကြီးပုံရသည့်တိုင် ဘုရားသခင့် သတ်မှတ်ထားချိန်တွင် ထိုဆန့်ကျင်သူများသည် ပိုးကိုက်၍ ဆွေးနေသော အဝတ်အထည်ကဲ့သို့ ဖြစ်သွားမည်ဟု ဟေရှာယ ပရောဖက်ပြုချက်၌ ဖော်ပြထားကာ ဖျက်ဆီးလိုက်ဖို့သာ ရှိသည်။ လက်ရှိအချိန်တွင် ဘိသိက်ခံ ခရစ်ယာန်များနှင့် “အခြားသိုး” နှစ်ဖွဲ့စလုံးသည် မှန်မှန် ဆုတောင်းခြင်း၊ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို လေ့လာခြင်း၊ ဝတ်ပြုကိုးကွယ်ရန် အစည်းအဝေးများကို တက်ရောက်ခြင်းတို့ဖြင့် အားဖြည့်နေကြသည်။ သို့ဖြစ်၍ သူတို့သည် ယေဟောဝါ၏ ဆုံးမသွန်သင်ခြင်း ခံရပြီး လူတတ်၏ နှုတ်သတ္တိနှင့် ပြောဆိုနိုင်ရန် သင်ယူကြသည်။
ယေဟောဝါ၏ နာမတော်ကို ယုံကြည်ကိုးစားပါ
၂၁။ (က) အလင်းတွင် လျှောက်လှမ်းသူတို့မှာ မည်သူများနည်း၊ သူတို့အတွက် အဘယ် အကျိုးကျေးဇူး ရှိသနည်း။ (ခ) မှောင်မိုက်တွင် လျှောက်လှမ်းသူများ၌ အဘယ်အရာ ဖြစ်ပျက်သနည်း။
၂၁ ယခု သိသာလှသော ခြားနားမှုကို မှတ်သားကြည့်ပါ– “သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏ နာမတော်ကို ခိုလှုံ၍ မိမိဘုရားသခင်ကို အမှီပြုပါစေ။” (ဟေရှာယ ၅၀:၁၀) ဘုရားသခင့်ကျွန်၊ ယေရှုခရစ်၏ စကားသံကို နားထောင်သူတို့သည် အလင်းတွင် လျှောက်လှမ်းကြသည်။ (ယောဟန် ၃:၂၁) သူတို့သည် ဘုရားသခင့် နာမတော် ဖြစ်သော ယေဟောဝါကို အသုံးပြုရုံမျှသာ မဟုတ်ဘဲ ထိုအမည်နာမ ပိုင်ဆိုင်သော အရှင်ကိုလည်း ယုံကြည်ကိုးစားကြသည်။ တစ်ချိန်က သူတို့သည် အမှောင်တွင် လျှောက်ခဲ့ကြသည့်တိုင် ယခု သူတို့သည် လူကို မကြောက်ကြပါ။ သူတို့သည် ဘုရားသခင်အပေါ် အမှီပြုကြသည်။ သို့ရာတွင် အမှောင်ထဲတွင် ဇွတ်ဆက်လျှောက်လှမ်းသူတို့သည် လူကို ကြောက်ရွံ့ခြင်း၏ ချုပ်ကိုင်ခြင်း ခံရကြသည်။ ပုန္တိပိလတ်ကိစ္စတွင်ကဲ့သို့ ဖြစ်သည်။ ယေရှုအား စွပ်စွဲထားချက်များ မှားယွင်းပြီး ကိုယ်တော်၌ အပြစ်မရှိကြောင်း သူ သိရှိသော်လည်း ကြောက်ရွံ့ခြင်းက ထိုရောမအရာရှိအား ယေရှုကို လွှတ်ပေးရန် ဟန့်တားခဲ့သည်။ ရောမစစ်သားများသည် ဘုရားသခင့် သားတော်ကို သတ်ပစ်ကြသော်လည်း ယေဟောဝါသည် ကိုယ်တော်ကို ရှင်ပြန်ထမြောက်ပေးပြီး ဘုန်းအသရေနှင့် ချီးမြှောက်တော်မူ၏။ ပိလတ်ကော အသို့နည်း။ ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်၏ အဆိုအရ ယေရှု သေဆုံးပြီး လေးနှစ်မျှသာ ရှိသေးချိန်တွင် ပိလတ်သည် ရောမဘုရင်ခံအရာမှ ထုတ်ပယ်ခံရပြီး ကြီးလေးသည့် ပြစ်မှု စွပ်စွဲချက်များကို ဖြေရှင်းရန် ရောမသို့ ပြန်လာဖို့ အမိန့်ပေးခံရခဲ့သည်။ ယေရှု သေအောင် ဖန်တီးခဲ့ကြသော ဂျူးများကော မည်သို့နည်း။ ဆယ်စုနှစ် လေးခုပင် မကြာပါ၊ ရောမစစ်တပ်သည် ယေရုရှလင်မြို့ကို ဖျက်ဆီးပြီး ပြည်သူပြည်သားများကို ကွပ်မျက် သို့မဟုတ် ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ မှောင်မိုက်ကို သာ၍ နှစ်သက်ကြသူများအတွက် တောက်ပသည့် အနာဂတ် မရှိပါ။—ယောဟန် ၃:၁၉။
၂၂။ ကယ်တင်ခြင်းအတွက် လူသားများကို မျှော်ကိုးခြင်းသည် အဘယ်ကြောင့် မိုက်တွင်းနက်ရာ ကျသနည်း။
၂၂ ကယ်တင်ခြင်းအတွက် လူသားများကို မျှော်ကိုးခြင်းသည် မိုက်တွင်းနက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်သည်ကို ဟေရှာယ ပရောဖက်ပြုချက်က ဤသို့ ရှင်းပြ၏– “မီးကို ညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသောသူအပေါင်းတို့ သင်တို့မီး၏ အလင်း၌လည်းကောင်း၊ သင်တို့ ပြုစုသော မီးစများ၌လည်းကောင်း သွားလာကြလော့။ ငါ့လက်၌ ခံရသော အကျိုးဟူမူကား သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။” (ဟေရှာယ ၅၀:၁၁) လူ့ခေါင်းဆောင်များသည် ယာယီသာ ဖြစ်သည်။ ဩဇာတက္ကိမကြီးသူတစ်ဦးသည် လူများ၏ စိတ်အာရုံကို တစ်ခဏမျှ ဆွဲယူထားနိုင်ပေမည်။ သို့သော် သဘောအရိုးဖြောင့်ဆုံးသူပင်လျှင် သူ၏ ပြီးမြောက်အောင်မြင်နိုင်မှုသည် အကန့်အသတ်နှင့် ဖြစ်သည်။ သူ့ကို ထောက်မသူများက ဟုန်းဟုန်းတောက်သော မီးအလင်းကို မျှော်လင့်သော်လည်း သူသည် မဖြစ်စလောက်သော အလင်းနှင့် အပူကို ပေးပြီး ခဏကြာလျှင် သေသွားသည့် “မီးပွား” လောက်သာ ပေးစွမ်းနိုင်သည်။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်၏ ကတိတော်ထားရာ မေရှိယ ဖြစ်သော ရှိလောကို ယုံကြည်ကိုးစားကြသူများသည် ဘယ်တော့မျှ စိတ်ပျက်ကြလိမ့်မည် မဟုတ်ပါ။
[အောက်ခြေမှတ်ချက်များ]
a ဟေရှာယ အခန်းကြီး ၅၀ ၏ ပထမ အခန်းငယ် သုံးခုတွင် ယေဟောဝါက ယုဒတစ်မျိုးလုံးကို စုပေါင်း၍ မိမိ၏ ဇနီးအဖြစ် ဖော်ပြပြီး ပြည်သူပြည်သားတစ်ဦးချင်းကို ယုဒ၏ သားသမီးများအဖြစ် ဖော်ပြထားသည်။
b ဤအခန်းကြီး၏ အခန်းငယ် ၄ မှ အဆုံးအထိသည် ကျမ်းရေးသူ ကိုယ်တိုင်၏ အကြောင်းကို ဖော်ပြထားပုံရသည်။ ထိုအခန်းငယ်များတွင် ဖော်ပြထားသကဲ့သို့ ဟေရှာယသည် စုံစမ်းမှုအချို့ကို ကြုံတွေ့ကောင်း ကြုံတွေ့ခဲ့ပေမည်။ သို့ရာတွင် ဤပရောဖက်ပြုချက်သည် ယေရှုခရစ်၌ အပြည့်အဝ ပြည့်စုံသွားသည်။
c စိတ်ဝင်စားစရာမှာ၊ စပ်ထွားဂျင့်ကျမ်းတွင် ဟေရှာယ ၅၀:၆ ကို ဤသို့ ဖတ်ရ၏– “ငါ့ကျောကို ရိုက်နှက်သူတို့အားလည်းကောင်း၊ ငါ့ပါးကို ထိုးနှက်သူတို့အားလည်းကောင်း ငါအပ်၏။”