သင်မည်သို့ ဖြေဆိုသင့်သည်ကို သိနားလည်ပါ
အချို့သောမေးခွန်းများသည် ရေခဲစိုင်မျောများနှင့်တူသည်။ အဓိကအစိုင်အခဲအပိုင်းမှာ ရေအောက်တွင်နစ်နေသည်။ ဖုံးကွယ်နေသော အခြေခံပြဿနာကိစ္စရပ်မှာ မေးခွန်းကိုယ်နှိုက်ထက် ပို၍အရေးကြီးတတ်သည်။
မေးမြန်းသူသည် အဖြေအတွက်စိတ်ထက်သန်နေသည့်အခါတွင်ပင် သင်မည်သို့ဖြေဆိုသင့်ကြောင်း သိရှိမှုတွင် အဘယ်မျှလောက်ပြောရန်နှင့် အကြောင်းအရာကို မည်သည့်ရှုထောင့်မှ ချဉ်းကပ်ရန်တို့ကို ပိုင်းခြားသိမြင်ခြင်း ပါဝင်ပေမည်။ (ယော. ၁၆:၁၂) အချို့သောကိစ္စရပ်များတွင် မိမိတမန်တော်များကို ယေရှုဖော်ပြခဲ့သကဲ့သို့ လူတစ်ယောက်သည် သူသိပိုင်ခွင့်မရှိသောသတင်းအချက်အလက် သို့မဟုတ် သူ့ကိုအမှန်အကျိုးမရှိစေသည့်အရာကို မေးပေမည်။—တ. ၁:၆၊ ၇။
ကျမ်းစာက ကျွန်ုပ်တို့ကိုဤသို့အကြံဉာဏ်ပေးသည်– “လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကော. ၄:၆) ထို့ကြောင့် ကျွန်ုပ်တို့အဖြေမပေးခင် ကျွန်ုပ်တို့ပြောဆိုမည့်အရာကိုသာမကဘဲ မည်သို့ပြောဆိုကြမည်ကိုလည်း သုံးသပ်ဖို့လိုအပ်သည်။
မေးမြန်းသူ၏ရှုမြင်ပုံကို ပိုင်းခြားသိမြင်ပါ
ဇဒ္ဒုကဲတို့သည် အကြိမ်ကြိမ်လက်ထပ်ခဲ့သည့် အမျိုးသမီးတစ်ယောက်၏ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သည့်မေးခွန်းတစ်ခုဖြင့် ယေရှုအား ချောင်ပိတ်ရန်ကြိုးစားခဲ့ကြသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းကို သူတို့အမှန်တကယ်မယုံကြည်ကြသည်ကို ယေရှုသိတော်မူသည်။ ထို့ကြောင့် ကိုယ်တော်ပြန်ချေပရာတွင် ထိုမေးခွန်းအတွက် အောက်ခြေအရင်းခံဖြစ်သည့် လွဲမှားနေသောရှုမြင်ပုံကို ကိုင်တွယ်ဖြေရှင်းပေးလိုက်သည့်နည်းဖြင့် သူတို့၏မေးခွန်းကို ဖြေဆိုခဲ့သည်။ ကျွမ်းကျင်ပိုင်နိုင်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် အကျွမ်းတဝင်ရှိသည့်ကျမ်းစာမှတ်တမ်းကို အသုံးပြုကာ ယခင်က သူတို့မစဉ်းစားမဆင်ခြင်ခဲ့ဖူးသည့်အရာတစ်ခု—သေသူကို ဘုရားသခင်သည်အမှန်ပင် ထမြောက်စေမည့် ပီပြင်သောအထောက်အထားကို ယေရှုထောက်ပြခဲ့သည်။ ကိုယ်တော်၏အဖြေသည် ဆန့်ကျင်သူများကို အလွန်အံ့အားသင့်စေခဲ့ရာ သူတို့သည် ကိုယ်တော်အား ထပ်မံ၍မေးခွန်းမမေးရဲတော့ချေ။—လု. ၂၀:၂၇-၄၀။
သင်မည်သို့အဖြေပေးသင့်ကြောင်းသိရှိရန်အတွက် သင့်မေးမြန်းသူများ၏ အမြင်များနှင့် စိတ်ဝင်စားရာများကို ထိုနည်းထပ်တူ ပိုင်းခြားသိမြင်ရမည်။ ဥပမာ၊ အတန်းဖော်တစ်ယောက် သို့မဟုတ် လုပ်ဖော်ဆောင်ဖက်တစ်ယောက်က သင် အဘယ်ကြောင့်ခရစ္စမတ်မကျင်းပကြောင်း မေးမြန်းပေမည်။ သူအဘယ်ကြောင့်မေးမြန်းသနည်း။ အကြောင်းရင်းကို သူအမှန်ပင်စိတ်ဝင်စား၍လော သို့မဟုတ် သင့်တွင် ပျော်ရွှင်မြူးထူးရန်အချိန် ထားမထားသိလိုခြင်းကြောင့်လော။ ယင်းကိုဖော်ထုတ်ရန် ဤမေးခွန်း အဘယ်ကြောင့်မေးရကြောင်း သင်မေးမြန်းဖို့လိုပေမည်။ ထို့နောက် လိုအပ်သလို အဖြေပေးပါ။ သမ္မာကျမ်းစာ၏ညွှန်ကြားချက်ကို လိုက်နာခြင်းက လူတို့အားစိတ်ပျက်စရာဖြစ်လာစေသော ဝန်ဖြစ်စေသည့် အားလပ်ရက်အသွင်အပြင်များမှ ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးကြောင်းပြရန် အခွင့်အလမ်းကိုလည်း အသုံးပြုနိုင်သည်။
သင်သည် ကျောင်းသားတစ်စုကို ယေဟောဝါသက်သေများအကြောင်းပြောဆိုရန် ဖိတ်ခေါ်ခံရသည်ဆိုကြပါစို့။ သင့်တင်ဆက်မှုကိုပြောဆိုပြီးသည့်နောက် မေးခွန်းများ သူတို့မေးမြန်းပေမည်။ မေးခွန်းများသည် စိတ်ရင်းမှန်နှင့် ရိုးရိုးဖြောင့်ဖြောင့်ဖြစ်ပုံပေါက်ပါက ရိုးရှင်းပြီးတိကျသည့်အဖြေများသည် အကောင်းဆုံးဖြစ်ပေမည်။ အကယ်၍ မေးခွန်းများသည် အသိုင်းအဝိုင်းစိတ်စွန်းကွက်မှုများကို ရောင်ပြန်ဟပ်ပါက အဆိုပါကိစ္စရပ်များအပေါ် အများစုအမြင်ကို အဘယ်အရာက ပုံသွင်းနိုင်ကြောင်းနှင့် ယေဟောဝါသက်သေတို့သည် မိမိတို့အတွက်စံနှုန်းကို သမ္မာကျမ်းစာက သတ်မှတ်ပေးစေရန် အဘယ်ကြောင့် ရွေးချယ်ရကြောင်းတို့နှင့်ပတ်သက်သော အတိုချုပ်တင်ပြချက်များကို သင့်အဖြေများမပေးမီရှင်းပြခြင်းဖြင့် ပို၍ကောင်းကျိုးဖြစ်စေနိုင်သည်။ ထိုသို့သောမေးခွန်းများကို စိန်ခေါ်ချက်ပုံစံဖြင့်မေးဖွယ်ရှိလျှင်ပင် စိန်ခေါ်ချက်ဟုမမြင်ဘဲ စိတ်ဝင်စားဖွယ်ရာအကြောင်းများအဖြစ် ရှုမြင်ခြင်းသည် အကျိုးဖြစ်ထွန်းစေလေ့ရှိသည်။ ထိုအခါ သင့်အဖြေသည် ပရိသတ်ကို အမြင်ကျယ်စေပြီး တိကျမှန်ကန်သောသတင်းအချက်အလက်ကို သူတို့အား တင်ပြပေးကာ ကျွန်ုပ်တို့၏ယုံကြည်ချက်များအတွက် ကျမ်းစာဆိုင်ရာအခြေခံကိုရှင်းပြပေးသည်။
စည်းဝေးကြီးတစ်ခုကိုတက်ရောက်ရန် အလုပ်မှလစ်ဟင်းခွင့်မပေးလိုသည့် အလုပ်ရှင်တစ်ဦးအား သင်မည်သို့တုံ့ပြန်မည်နည်း။ ပထမဦးဆုံး ကိစ္စရပ်များကို သူ၏ရှုထောင့်မှ သုံးသပ်ပါ။ အခြားအချိန်တွင် အချိန်ပိုဆင်းမည်ဟု သင်ပြောကြည့်လျှင် အဆင်ပြေနိုင်ဖွယ်ရှိမည်လော။ စည်းဝေးကြီးများ၌ပေးသည့်သွန်သင်ချက်သည် ကျွန်ုပ်တို့အား ရိုးသားရန်၊ ယုံကြည်စိတ်ချရသောအလုပ်သမားများဖြစ်ရန် ကူညီပေးကြောင်း သူ့ကိုရှင်းပြလျှင် ထူးခြားသွားစေနိုင်မည်လော။ အကယ်၍ သင်သည် သူ၏အကျိုးစီးပွားများကို ထည့်တွက်စဉ်းစားပေးနေကြောင်းပြသပါက သူ့ဘက်မှလည်း သင့်ဘဝအသက်တာတွင် အဘယ်အရာအရေးကြီးကြောင်း သူနားလည်လာသည့်အရာကို သင့်အတွက် စဉ်းစားပေးလိမ့်မည်။ သို့သော် သူသည် သင့်အား မရိုးသားမှုတစ်ခုခုကို ပြုလုပ်စေလိုလျှင်ကော အသို့နည်း။ ကျမ်းစာမှသဘောထားတစ်ခုနှင့်တွဲဖက်၍ ရှင်းလင်းစွာငြင်းပယ်ချက်သည် သင့်အနေအထားကို ထုတ်ဖော်ပေမည်။ သို့သော် အလုပ်ရှင်အတွက်လိမ်ညာ၊ ခိုးဝှက်ပေးဖို့ အသင့်ရှိသူသည် အလုပ်ရှင်ကိုလည်းလိမ်ညာရန် သို့မဟုတ် အလုပ်ရှင်ထံမှခိုးဝှက်ရန်လည်း အသင့်ရှိနိုင်ကြောင်းကို သူနှင့်အတူ ဦးဆုံးကျိုးကြောင်းဆင်ခြင်ပါက ပို၍ကောင်းကျိုးဖြစ်စေနိုင်မည်လော။
အခြားတစ်ဖက်တွင်မူ သင်သည် ကျောင်း၌ ကျမ်းစာနှင့်မကိုက်ညီသောလှုပ်ရှားမှုအချို့တွင် မပါဝင်လိုသောကျောင်းသားတစ်ဦး ဖြစ်ကောင်းဖြစ်မည်။ ဆရာဖြစ်သူသည် သင်နှင့်အမြင်တူမည်မဟုတ်ကြောင်းနှင့် ကျောင်းစည်းကမ်းကိုစောင့်ထိန်းရန်မှာ သူ့တာဝန်ဖြစ်ကြောင်း သတိရပါ။ သင်ရင်ဆိုင်ရသည့်စိန်ခေါ်ချက်များမှာ (၁) ဆရာအတွက် စိုးရိမ်စရာဖြစ်စေသည့်အရာများအတွက် ထည့်စဉ်းစားပေးကြောင်းပြရန်၊ (၂) သင့်ရပ်တည်ချက်ကို ရိုရိုသေသေရှင်းပြရန်နှင့် (၃) ယေဟောဝါ၏စိတ်တော်နှင့်တွေ့စေမည့် သင်သိရှိသောအရာအတွက် ခိုင်မာစွာရပ်တည်ရန်တို့ဖြစ်သည်။ အကောင်းဆုံးရလဒ်များအတွက် သင်ယုံကြည်သည့်အရာကို ရိုးရိုးလေးတိုက်ရိုက်ဖော်ပြသည်ထက် ပိုမိုလိုအပ်ပေမည်။ (သု. ၁၅:၂၈) သင်သည် ငယ်ရွယ်သောသူဖြစ်လျှင် သင်၏ဖခင် သို့မဟုတ် မိခင်သည် တစ်စုံတစ်ရာပြောဆိုဖို့ သင့်အားပြင်ဆင်ပေးမည်မှာ မုချဧကန်ပင်။
တစ်ခါတစ်ရံ အခွင့်အာဏာရှိသူတစ်ယောက်က သင့်အပေါ်တင်ထားသည့် စွဲချက်တင်မှုများကို ထုချေရန် တောင်းဆိုခံရပေမည်။ ရဲအရာရှိတစ်ဦး၊ အစိုးရအာဏာပိုင်တစ်ဦး သို့မဟုတ် တရားသူကြီးတစ်ဦးက ဥပဒေတစ်ရပ်ကိုလိုက်နာမှု၊ သင့်ခရစ်ယာန်ကြားနေမှုဆိုင်ရာ သင့်ရပ်တည်ချက် သို့မဟုတ် အမျိုးသားရေးအခမ်းအနားများပါဝင်မှု၌ သင့်သဘောထား အစရှိသည်တို့နှင့်ပတ်သက်သည့် မေးခွန်းများကိုဖြေဆိုရန် သင့်အား တောင်းဆိုနိုင်သည်။ သင်မည်သို့ပြန်ဖြေသင့်သနည်း။ “နူးညံ့သိမ်မွေ့ ပြီး အလွန်ရိုသေလေးစားစွာဖြင့်” ဟုသမ္မာကျမ်းစာက သွန်သင်ပေးထားသည်။ (၁ ပေ. ၃:၁၅၊ ကဘ) ယင်းကိစ္စများသည် အဘယ်ကြောင့်အလေးထားအပ်ရာများဖြစ်ကြောင်း မိမိကိုယ်ကိုမေးကာ ယင်းသို့အလေးထားအပ်ကြောင်းကို လေးလေးစားစားအသိအမှတ်ပြုပါ။ ပြီးနောက်ကော။ တမန်တော်ပေါလုသည် ရောမဥပဒေအရ လုပ်ပိုင်ခွင့်များကို တင်ပြခဲ့သည်၊ ထို့ကြောင့် သင့်ကိစ္စနှင့်သက်ဆိုင်သည့် တရားဥပဒေအရလုပ်ပိုင်ခွင့်များကို သင်ထောက်ပြနိုင်ပေသည်။ (တ. ၂၂:၂၅-၂၉) အစောပိုင်းခရစ်ယာန်များနှင့် ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ၏ ရပ်တည်ချက်နှင့်ပတ်သက်သော အချက်အလက်များသည် အရာရှိဖြစ်သူကို အမြင်ကျယ်သွားစေပေမည်။ သို့မဟုတ် ဘုရားသခင်၏အခွင့်အာဏာကို အသိအမှတ်ပြုမှုသည် လျော်ကန်သည့် လူ့ဥပဒေများကို တစိုက်မတ်မတ်နာခံသွားစေရန် အမှန်ပင် လူတို့အားမည်သို့လှုံ့ဆော်ပေးကြောင်း ထောက်ပြနိုင်သည်။ (ရော. ၁၃:၁-၁၄) ထိုသို့သောနောက်ခံအခြေအနေတွင် သင့်ရပ်တည်မှုအတွက် ကျမ်းစာဆိုင်ရာအကြောင်းရင်းများတင်ပြချက်ကို လိုလိုလားလားလက်ခံပေမည်။
ကျမ်းစာအပေါ် မေးခွန်းမေးသူ၏အမြင်
သင်သည် မည်သို့ဖြေဆိုရမည်ကိုဆုံးဖြတ်သောအခါ သမ္မာကျမ်းစာအပေါ် သင့်အားမေးခွန်းမေးသူ၏ အမြင်ကိုလည်း သုံးသပ်ရန် လိုပေမည်။ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဇဒ္ဒုကဲများ၏မေးခွန်းကိုဖြေဆိုရာ၌ ယေရှု ယင်းသို့ပြုခဲ့သည်။ မောရှေရေးသားချက်များကိုသာ သူတို့လက်ခံကြောင်းသိရှိကာ ယေရှုသည် ပင်တကျွတ်ကျမ်းတွင်ပါရှိသည့် မှတ်တမ်းတစ်ခုကို ကျိုးကြောင်းဆင်ခြင်ကာ မိမိ၏ကောက်ချက်များကို ဤသို့နိဒါန်းပျိုးသည်– “သေလွန်သောသူတို့သည်ထမြောက်ခဲ့ကြောင်းကို မောရှေပင်ဖော်ပြခဲ့ပြီ။” (လု. ၂၀:၃၇) သင်လည်း ထိုနည်းထပ်တူ သင့်နားထောင်သူလက်ခံပြီး သူနှင့်ရင်းနှီးသည့် ကျမ်းစာအပိုင်းအချို့ကိုကိုးကားလျှင် အကျိုးဖြစ်ထွန်းကြောင်းတွေ့ရှိနိုင်မည်။
သမ္မာကျမ်းစာကို ခိုင်လုံယုံကြည်ထိုက်သောကျမ်းအဖြစ် သင့်နားထောင်သူက မရှုမြင်လျှင်ကော အသို့နည်း။ တမန်တော်ဝတ္ထု ၁၇:၂၂-၃၁ တွင်မှတ်တမ်းတင်ထားခဲ့သည့်အတိုင်း အာရေတောင်ပေါ်တွင်ဟောပြောရာ၌ တမန်တော်ပေါလုပြုလုပ်ခဲ့သည့်အရာကို မှတ်သားပါ။ သူသည် ကျမ်းစာပါအမှန်တရားများကို ကျမ်းစာမှတိုက်ရိုက်ကိုးကားခြင်းမပြုဘဲ ဝေမျှခဲ့သည်။ ထိုသို့လိုအပ်သည့်အခါတွင် သင်လည်းထို့အတူပြုနိုင်သည်။ အချို့သောနေရာများတွင် သင်သည် ကျမ်းစာကိုတိုက်ရိုက်ရည်ညွှန်းခြင်းမပြုမီ လူတစ်ယောက်နှင့် အကြိမ်ကြိမ်ဆွေးနွေးခြင်းပြုရပေမည်။ ကျမ်းစာကို စ၍မိတ်ဆက်ပေးသောအခါ ရှေးဦးစွာ ယင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်ကြောင်း အခိုင်အမာပြောဆိုမည့်အစား ယင်းသည် အဘယ်ကြောင့်စဉ်းစားသုံးသပ်ထိုက်ကြောင်း အကြောင်းရင်းအချို့ကို တင်ပြရုံတင်ပြပေးခြင်းသည် ပညာရှိရာကျပေမည်။ သို့သော် သင့်ဦးတည်ချက်သည် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်း ရှင်းလင်းစွာသက်သေခံရန်နှင့် အချိန်တန်သော် သင့်နားထောင်သူကိုယ်တိုင် ကျမ်းစာပြောသည့်အရာကို တွေ့မြင်လာစေရန်ဖြစ်သင့်သည်။ ကျွန်ုပ်တို့ကိုယ်စီပြောနိုင်ကြသည့် အဘယ်အရာထက်မဆို ကျမ်းစာကပို၍သွေးဆောင်နိုင်ပါသည်။—ဟေဗြဲ ၄:၁၂။
“အစဉ်ယဉ်ကျေးသိမ်မွေ့ မှုရှိပါ”
ကိုယ်တော်တိုင် သနားညှာတာတတ်တော်မူသောအရှင် ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား အပြောအဆိုတွင် “ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက်၊ အစဉ်ယဉ်ကျေးသိမ်မွေ့မှုရှိ” ရန်မိန့်မှာခြင်းမှာ အလွန်လျောက်ပတ်လှပေသည်! (ကော. ၄:၆၊ ကဘ; ထွ. ၃၄:၆) ယင်းသည် ကြင်နာမှုနှင့်မတန်ဟု ယူမှတ်ရသည့်အချိန်တွင်ပင် ကျွန်ုပ်တို့ကြင်နာစွာပြောဆိုဖို့သင့်ကြောင်း ဆိုလိုပါသည်။ ကျွန်ုပ်တို့၏စကားသည် ကြမ်းတမ်းခက်ထန် သို့မဟုတ် လိမ္မာပါးနပ်မှုကင်းမဲ့ခြင်းမရှိသင့်ဘဲ ရည်ရည်မွန်မွန်ရှိသင့်သည်။
လူများစွာတို့သည် ပြင်းထန်သည့် ဖိအားပေးမှုအောက်၌ရှိနေကြပြီး နေ့စဉ် သူတို့သည် မတော်မလျော်ပြောဆိုမှုခံကြရသည်။ ထိုသို့သောလူတို့ထံ ကျွန်ုပ်တို့လည်ပတ်သောအခါ သူတို့သည် ကြမ်းတမ်းခက်ထန်စွာပြောဆိုကြပေမည်။ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။ ကျမ်းစာကဤသို့ဆိုသည်– “ဖြည်းညင်းသောစကားနှင့်ပြန်ဖြေသောအခါ အမျက်ကိုပြေစေ၏။” ထိုကဲ့သို့သောအဖြေတစ်ခုက ဆန့်ကျင်သည့်အမြင်ရှိသူတစ်ယောက်ကိုလည်း ပျော့ပျောင်းလာစေနိုင်သည်။ (သု. ၁၅:၁၊ ကဘ; ၂၅:၁၅) နေ့စဉ်နှင့်အမျှ ကြမ်းတမ်းခက်ထန်မှုကို တွေ့ ကြုံနေရသည့်လူတို့အဖို့ ကြင်နာမှုပြသည့်အပြုအမူနှင့်လေသံတို့က ကျွန်ုပ်တို့ယူဆောင်လာသည့်သတင်းကောင်းကို သူတို့နားထောင်ချင်စိတ်ရှိလာစေနိုင်ပေသည်။
အမှန်တရားကိုလေးစားမှုမပြသည့် လူတို့နှင့်ငြင်းခုံခြင်းကို ကျွန်ုပ်တို့စိတ်မဝင်စားကြပါ။ သို့အစား ကျွန်ုပ်တို့၏ဆန္ဒမှာ ကျမ်းစာမှကျိုးကြောင်းဆင်ခြင်ရန် ခွင့်ပြုမည့်လူတို့နှင့် ကျိုးကြောင်းဆင်ခြင်ရန်ဖြစ်သည်။ မည်သည့်အခြေအနေကိုမဆို ကျွန်ုပ်တို့တွေ့ ကြုံရပါစေ ဘုရားသခင်၏အဖိုးထိုက်သောကတိတော်များသည် ယုံကြည်စိတ်ချရကြောင်းကို ကြင်နာစွာနှင့် ယုံကြည်မှုအပြည့်ဖြင့် ဖြေဆိုသင့်သည်ကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားကြသည်။—၁ သက်. ၁:၅။
ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ပတ်သက်သောကိစ္စရပ်များ
သတ်သတ်မှတ်မှတ်အခြေအနေတစ်ခုတွင် ကျမ်းစာသင်သားတစ်ဦး သို့မဟုတ် ယုံကြည်သူချင်းတစ်ယောက်က သူဘာလုပ်သင့်ကြောင်းမေးမြန်းသည့်အခါ သင်မည်သို့ဖြေဆိုသင့်သနည်း။ သင်သာဆိုလျှင် မည်သို့ပြုလုပ်မည်ကို သင်သိပေမည်။ သို့သော် တစ်ဦးစီအနေနှင့် အသက်တာတွင် မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်များအတွက် ကိုယ့်တာဝန်ကိုယ်ယူရမည်။ (ဂလ. ၆:၅) တမန်တော်ပေါလုသည် သူဟောပြောသွန်သင်ခဲ့သည့်လူများအား “ယုံကြည်၍လိုက်နာ” ဖို့ သူအားပေးခဲ့ကြောင်း ရှင်းပြခဲ့သည်။ (ရော. ၁၆:၂၆) ယင်းသည် ကျွန်ုပ်တို့လိုက်နာရန် ပုံသက်သေကောင်းတစ်ခုဖြစ်သည်။ အဓိကအားဖြင့် မိမိကိုကျမ်းစာသင်ပေးသူ သို့မဟုတ် အခြားသူတစ်ယောက်၏အကြိုက်လိုက်၍ ဆုံးဖြတ်ချက်များချသူတစ်ယောက်သည် ယုံကြည်ခြင်းဖြင့်အသက်ရှင်သူမဟုတ်ဘဲ လူ၏အမှုဆောင်နေခြင်းဖြစ်သည်။ (ဂလ. ၁:၁၀) ထို့ကြောင့် ရိုးရှင်းသောတိုက်ရိုက်အဖြေတစ်ခုသည် မေးခွန်းမေးမြန်းလာသူ၏အကောင်းဆုံးအကျိုး ဖြစ်ချင်မှဖြစ်မည်။
သို့ဖြစ်လျှင် ကျမ်းစာလမ်းညွှန်ချက်များနှင့်ကိုက်ညီသည့်နည်းဖြင့် သင်မည်သို့တုံ့ပြန်ဖြေဆိုနိုင်မည်နည်း။ သမ္မာကျမ်းစာမှတ်တမ်းတွင်ပါဝင်သည့် သက်ဆိုင်ရာကျမ်းစာမူများနှင့် နမူနာများကို သင်ကြည့်နိုင်ပေသည်။ အချို့ကိစ္စများ၌ ထိုမူများကို သူကိုယ်တိုင်ရှာဖွေရန်အလို့ငှာ မည်သို့သုတေသနပြုပုံကို သူ့အား သင်ပြသနိုင်ပေသည်။ သင်သည် မူများနှင့် တန်ဖိုးရှိနမူနာများကိုပင် ဆွေးနွေးနိုင်သော်လည်း ယင်းတို့ကို လက်ရှိအခြေအနေတွင်ကျင့်သုံးရန် မဆိုရချေ။ ပညာရှိဆုံးဖြတ်ချက်တစ်ခုချရန် သူ့အားကူညီနိုင်သည့်တစ်ခုခုကို ယင်းတို့အထဲတွင် တွေ့ရပါသလောဟု ထိုသူအားမေးမြန်းပါ။ အဘယ်လမ်းစဉ်က ယေဟောဝါ၏စိတ်တော်ကိုရွှင်လန်းစေမည်ကို ယင်းမူများနှင့် နမူနာများ၏ထွန်းလင်းမှုတွင် သုံးသပ်ရန် သူ့ကိုအားပေးပါ။ သို့ဖြစ်၍ သင်သည် ‘သူ၏ပိုင်းခြားသိမြင်နိုင်စွမ်းကို အမှားအမှန်ခွဲခြားတတ်စေရန် လေ့ကျင့်ပေး’ ဖို့သူ့ကိုကူညီနေခြင်းဖြစ်သည်။—ဟေဗြဲ ၅:၁၄၊ ကဘ။
အသင်းတော်အစည်းအဝေးများ၌ မှတ်ချက်ပေးခြင်း
ခရစ်ယာန်အသင်းတော်စည်းဝေးများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လူထုရှေ့ကြေညာရန် အခွင့်အရေးများကို ကျွန်ုပ်တို့အတွက်ပြင်ဆင်ပေးလေ့ရှိသည်။ ကျွန်ုပ်တို့ထိုသို့ပြုလုပ်ရန်နည်းတစ်နည်းမှာ မေးခွန်းများကို တုံ့ပြန်မှတ်ချက်ပေးခြင်းအားဖြင့်ဖြစ်သည်။ ကျွန်ုပ်တို့မည်သို့မှတ်ချက်ပေးသင့်သနည်း။ ယေဟောဝါအားကောင်းချီးပေးရန် သို့မဟုတ် ချီးမွမ်းစကားပြောဆိုလိုသည့်ဆန္ဒနှင့်ဖြစ်သည်။ ထိုအရာသည် “စုဝေးသည့်ပရိသတ်အလယ်မှာ” ရှိစဉ်အခါ ဆာလံဆရာဒါဝိဒ်ပြုလုပ်ခဲ့ရာဖြစ်သည်။ (ဆာ. ၂၆:၁၂၊ ကဘ) ကျွန်ုပ်တို့သည် တမန်တော်ပေါလုတိုက်တွန်းခဲ့သည့်အတိုင်း “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း” သူတို့ကိုတိုက်တွန်းနှိုးဆော်ဖို့ ယုံကြည်သူချင်းများကို အားပေးသည့်နည်းဖြင့်လည်း မှတ်ချက်ပေးသင့်သည်။ (ဟေဗြဲ ၁၀:၂၃-၂၅) သင်ခန်းစာများကို ကြိုတင်လေ့လာထားခြင်းက ယင်းကိုပြီးမြောက်စေရန် ကျွန်ုပ်တို့အားကူညီပေးနိုင်ပါသည်။
မှတ်ချက်ပေးရန်တောင်းဆိုခံရသည့်အခါ သင့်မှတ်ချက်များကို ရိုးရိုးရှင်းရှင်းနှင့် တိုတိုတုတ်တုတ်ဖြစ်စေပါ။ စာပိုဒ်တစ်ခုလုံးကို သိမ်းကျုံးအဖြေမပေးပါနှင့်; အချက်တစ်ချက်ကိုသာတင်ပြပါ။ အကယ်၍ သင်သည် အဖြေတစ်စိတ်တစ်ပိုင်းကိုသာပေးလျှင် ယင်းက အခြားသူများ ထပ်ဆင့်မှတ်ချက်များပေးခွင့်ရစေမည်။ အကြောင်းအရာတွင်ပါရှိသည့် ကိုးကားထားသည့်ကျမ်းချက်များကို ပေါ်လွင်ထင်ရှားစေခြင်းသည် အထူးအကျိုးကျေးဇူးရရှိစေသည်။ ထိုသို့ပြုလုပ်ရာတွင် ဆင်ခြင်သုံးသပ်လျက်ရှိသည့် အချက်နှင့်သက်ဆိုင်သည့် ကျမ်းချက်၏အပိုင်းကဏ္ဍကို အာရုံစူးစိုက်ရန် ကြိုးပမ်းပါ။ စာပိုဒ်မှတိုက်ရိုက်ဖတ်ပြမည့်အစား သင့်ကိုယ်ပိုင်စကားဖြင့်မှတ်ချက်ပေးရန် သင်ယူပါ။ သင်ပေးသည့်မှတ်ချက်တစ်ခုသည် တိတိကျကျ မှန်ကန်မှုမရှိလျှင် စိတ်အနှောင့်အယှက်ဖြစ်မသွားပါနှင့်။ မှတ်ချက်များပေးသူတိုင်း အခါအားလျော်စွာ ထိုသို့ဖြစ်တတ်ကြသည်။
ကျွန်ုပ်တို့မည်သို့ဖြေဆိုသင့်ကြောင်း သိရှိခြင်းတွင် အဖြေကိုသိရှိခြင်းထက်မက ပါဝင်ကြောင်း ထင်ရှားနေပါသည်။ ယင်းသည် ပိုင်းခြားသိမြင်မှုလိုသည်။ သို့သော် သင့်နှလုံးမှနေ၍လာသည့်အဖြေကိုပေးပြီး ထိုအရာက အခြားသူများ၏နှလုံးကိုထိမိစေသည့်အခါ ယင်းသည် မည်မျှကျေနပ်အားရဖွယ်ပါတကား!—သု. ၁၅:၂၃။