အခန်း လေး
ပရောဖက် အပေါင်းတို့ သက်သေခံကြသော အရှင်
၁။ ယေရှုသည် လူသားဘဝမတိုင်မီက အသက်ရှင်ခဲ့သည် ဟူသောအချက်များက ယေဟောဝါနှင့် ကိုယ်တော်၏ ဆက်ဆံရေးအကြောင်း အဘယ်အရာဖော်ပြသနည်း။
“ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏။” (ယောဟန် ၅:၂၀) သားတော်နှင့် ခမည်းတော် ယေဟောဝါတို့စပ်ကြား နွေးထွေးလှသော ဆက်ဆံရေးပါတကား! ကိုယ်တော် ဖန်ဆင်းခံရချိန်၊ လူ့ဇာတိ မခံယူမီ အတိုင်းမသိ အလွန်ရှည်ကြာသော ကာလမှစ၍ အဆိုပါ ရင်းနှီးသည့် ဆက်ဆံရေး စတင်ခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်၊ ယေဟောဝါ ကိုယ်တော်တိုင် တိုက်ရိုက် ဖန်ဆင်းခံရသည့် တစ်ပါးတည်းသော အရှင်ဖြစ်တော်မူ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ကျန်အရာခပ်သိမ်းသည် အလွန်ချစ်အပ်သော ထိုသားဦးအားဖြင့် ဖန်ဆင်းခြင်းခံရကြ၏။ (ကောလောသဲ ၁:၁၅၊ ၁၆) ကိုယ်တော်သည် ဘုရားသခင့် နှုတ်ကပါဌ်တော်၊ သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်း အမှုတော်ထမ်းဆောင်၏။ ကိုယ်တော်မှတစ်ဆင့် ဘုရားသခင့် အလိုတော်ကို အခြားသူတို့အား အသိပေး၏။ ဘုရားသခင် အထူး မြတ်နိုးစုံမက်သော ဤသားတော်သည် လူသား ယေရှုခရစ် ဖြစ်လာတော်မူ၏။—သု. ၈:၂၂-၃၀; ယောဟန် ၁:၁၄၊ ၁၈; ၁၂:၄၉၊ ၅၀။
၂။ ကျမ်းစာ ပရောဖက်ပြုချက်များက ယေရှုအကြောင်းကို မည်သည့် အတိုင်းအတာအထိ ရည်ညွှန်းဖော်ပြထားသနည်း။
၂ ဘုရားသခင့်သားဦး လူသားတစ်ဦးအဖြစ် အံ့ဖွယ်နည်းဖြင့် သန္ဓေမတည်မီကတည်းက ကိုယ်တော်နှင့်ပတ်သက်၍ မှုတ်သွင်းခံ ပရောဖက်ပြုချက် အမြောက်အမြား မှတ်တမ်းတင်ခဲ့ကြသည်။ “ပရောဖက် အပေါင်းတို့သည် ထိုအရှင်အကြောင်းကို သက်သေခံကြသည်” ဟုတမန်တော် ပေတရုက ကော်နေလိအား အထောက်အထား ပြခဲ့သည်။ (တမန်တော် ၁၀:၄၃၊ ကဘ) “ယေရှုအကြောင်း သက်သေခံခြင်းသည် ပရောဖက်ပြုရန် လှုံ့ဆော်ပေးသည်” ဟူ၍ တမန်တော်ယောဟန်အား ကောင်းကင်တမန်တစ်ပါး ပြောစမှတ်ပြုလောက်သည့်အထိ ယေရှုပါဝင်ရသည့် အခန်းကဏ္ဍအကြောင်းကို သမ္မာကျမ်းစာတွင် ထူးခြားထင်ရှားစွာ ဖော်ပြထားသည်။ (ဗျာဒိတ် ၁၉:၁၀၊ ကဘ) ထိုပရောဖက်ပြုချက်များက ကိုယ်တော်သည် မေရှိယဖြစ်ကြောင်း ရှင်းလင်းစွာ ပြဆို၏။ ဘုရားသခင့် ရည်ရွယ်ချက်များ ပြည့်စုံစေရာတွင် ကိုယ်တော်ပါဝင်ရသည့် အခန်းကဏ္ဍ အသီးသီးကို ၎င်းတို့က အာရုံပြုစေ၏။ ဤအရာအားလုံးကို ယနေ့ ကျွန်ုပ်တို့ အထူး စိတ်ပါဝင်စားသင့်ပေသည်။
ပရောဖက်ပြုချက်များ ဖွင့်ပြရာများ
၃။ (က) ကမ္ဘာဦး ၃:၁၅ မှ ပရောဖက်ပြုချက်တွင် မြွေ၊ “မိန်းမ” နှင့် ‘မြွေ၏ အမျိုးအနွယ်’ တို့သည် မည်သူတို့ကို အသီးသီး ကိုယ်စားပြုကြသနည်း။ (ခ) ‘မြွေ၏ခေါင်းကို ကြိတ်ခြင်း’ အကြောင်းကို ယေဟောဝါ၏ အမှုတော်ထမ်းများ အဘယ်ကြောင့် အထူး စိတ်ဝင်စားကြသနည်း။
၃ ထိုသို့သော ပရောဖက်ပြုချက်များမှ ပထမဆုံးသော ပရောဖက်ပြုချက်ကို ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှု ဖြစ်ပြီးနောက်၌ မိန့်ကြားခဲ့သည်။ မြွေအား ယေဟောဝါက “သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏ အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၃:၁၅) စင်စစ်အားဖြင့် ထိုပရောဖက်ပြုချက်ကို မြွေကိုယ်စားပြုသည့် စာတန်အား မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ထို “မိန်းမ” မှာ ယေဟောဝါ၏ သစ္စာစောင့်သိသော ကောင်းကင် အဖွဲ့အစည်းတော်ဖြစ်၏။ ၎င်းသည် ကိုယ်တော်၏ သစ္စာရှိသော မိန်းမနှင့်တူ၏။ ‘မြွေ၏အမျိုးအနွယ်’ တွင် ယေဟောဝါနှင့် ကိုယ်တော့် လူမျိုးတော်ကို ဆန့်ကျင်သူများ၊ စာတန်၏စိတ်ဓာတ်မျိုး ရှိကြသည့် ကောင်းကင်တမန်များနှင့် လူသားများ ပါဝင်ကြသည်။ ‘မြွေ၏ခေါင်းကို ကြိတ်ခြင်း’ ဆိုသည်မှာ ယေဟောဝါအကြောင်း သွားပုပ်လေလွင့်ပြောပြီး လူသားများအား ကြီးစွာ ပူဆွေးသောက ရောက်စေခဲ့သည့် သူပုန်စာတန်ကို နောက်ဆုံးတွင် ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ သို့သော် မြွေ၏ခေါင်းကိုကြိတ်မည့် “အမျိုးအနွယ်” မှ အဓိကပုဂ္ဂိုလ်ကား မည်သူမည်ဝါ ဖြစ်သနည်း။ ၎င်းသည် ရာစုနှစ်ပေါင်းများစွာကြာအောင် “မြင့်မြတ်သော လျှို့ဝှက်ချက်” အဖြစ် တည်ရှိခဲ့သည်။—ရောမ ၁၆:၂၀၊ ၂၅၊ ၂၆၊ ကဘ။
၄။ ယေရှု၏မျိုးရိုးက ကိုယ်တော်သည် ကတိထားရာ အမျိုးအနွယ်ဖြစ်ကြောင်း မည်သို့ သိသာထင်ရှားစေသနည်း။
၄ လူ့သမိုင်း နှစ်ပေါင်း ၂,၀၀၀ ခန့်ကြာပြီးနောက် နောက်ထပ် အသေးစိတ် အချက်အလက်များကို ယေဟောဝါ ဖွင့်ပြတော်မူ၏။ ထိုအမျိုးအနွယ်သည် အာဗြဟံ၏ မျိုးရိုးမှ ပေါ်ထွန်းမည်ဟု ဖော်ပြတော်မူ၏။ (ကမ္ဘာဦး ၂၂:၁၅-၁၈) သို့ရာတွင် အမျိုးအနွယ် ပေါ်ထွန်းမည့် မျိုးရိုးစဉ်ဆက်မှာ ဇာတိမျိုးရိုးပေါ် မမူတည်ဘဲ ဘုရားသခင့် ရွေးချယ်မှုပေါ် မူတည်သည်။ ဟာဂရမှ မွေးဖွားသည့်သား ဣရှမေလကို အာဗြဟံ ချစ်ပင်ချစ်သော်ငြားလည်း ယေဟောဝါက “သင့်အား စာရာ ဖွားလတ္တံ့သောသား ဣဇာက်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၁၇:၁၈-၂၁၊ ကဘ) နောက်ပိုင်းတွင် ထိုပဋိညာဉ်ကို ဣဇာက်၏သားဦး ဧသောအား မဟုတ်ဘဲ ယာကုပ်အားသာ အတည်ပြုပြောကြားခဲ့သည်။ ယာကုပ်မှတစ်ဆင့် ဣသရေလ ၁၂ နွယ် ဆင်းသက်ခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၀-၁၄) အချိန်တန်သော် ယုဒအနွယ် ဒါဝိဒ်၏မျိုးရိုးမှ ထိုအမျိုးအနွယ် မွေးဖွားမည့်အကြောင်း သိသာစေခဲ့သည်။—ကမ္ဘာဦး ၄၉:၁၀; ၁ ရာဇဝင်ချုပ် ၁၇:၃၊ ၄၊ ၁၁-၁၄။
၅။ ယေရှု မြေကြီးပေါ် ဓမ္မအမှုတော် စတင်ဆောင်ရွက်ချိန်၌ ကိုယ်တော်သည် မေရှိယဖြစ်ကြောင်း အဘယ်အချက်များက ထင်ရှားစေသနည်း။
၅ အမျိုးအနွယ်သည် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ပြသည့် အခြား အဘယ် သဲလွန်စများ ပေးထားသေးသနည်း။ နှစ်ပေါင်း ၇၀၀ ကျော်ကြို၍ ကျမ်းစာက ကတိထားရာ အမျိုးအနွယ် လူသားအဖြစ် မွေးဖွားမည့်နေရာမှာ ဗက်လင်မြို့ဖြစ်မည့်အကြောင်း ဖော်ပြခဲ့သည်။ ၎င်းပြင် ထိုအမျိုးအနွယ်သည် ကောင်းကင်ဘုံတွင် ဖန်ဆင်းခံရသည့်အချိန် “ရှေးကပ်ကမ္ဘာမှစ၍” တည်ရှိခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။ (မိက္ခာ ၅:၂) မေရှိယအဖြစ် မြေကြီးပေါ်တွင် ပေါ်ထွန်းမည့်အချိန် အတိအကျကိုလည်း ပရောဖက် ဒံယေလအားဖြင့် ကြိုဟောခဲ့သည်။ (ဒံယေလ ၉:၂၄-၂၆) သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ယေရှု ဘိသိက်ပေးခံရ၍ ယေဟောဝါ၏ ဘိသိက်တော်ခံသူ စင်စစ်ဖြစ်လာသည့်အခါ၌ ကောင်းကင်မှ ဘုရားသခင် ကိုယ်တော်တိုင်၏ အသံတော်က ယေရှုသည် မိမိ၏သားတော်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ (မဿဲ ၃:၁၆၊ ၁၇) အမျိုးအနွယ် ပေါ်ထွန်းခဲ့ပြီတကား! ထို့ကြောင့် ဖိလိပ္ပုက “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည် သူတို့ကျမ်း၌လည်းကောင်း အကြောင်းပြု၍ ရေးထားသောသူ၊ . . . ယေရှုကို ငါတို့သည် တွေ့ကြပြီ” ဟုယုံကြည်ခြင်းအပြည့်ဖြင့် ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။—ယောဟန် ၁:၄၅။
၆။ (က) လုကာ ၂၄:၂၇ အရ နောက်တော်လိုက်များက အဘယ်အကြောင်းကို သဘောပေါက်လာကြသနည်း။ (ခ) ‘မိန်းမ၏ အမျိုးအနွယ်’ မှ အဓိက ပုဂ္ဂိုလ်ကား မည်သူနည်း။ မြွေ၏ခေါင်းကို ကြိတ်ခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။
၆ နောက်ပိုင်းတွင် ယေရှုအား ရည်ညွှန်းထားသည့် ပရောဖက်ပြုချက် အမြောက်အမြားသည် မှုတ်သွင်းခံကျမ်းစာ၏ အစိတ်အပိုင်းအဖြစ် ရောယှက်ပါဝင်လျက်ရှိသည်ကို ကိုယ်တော်၏ နောက်တော်လိုက်များ သဘောပေါက်လာကြသည်။ (လုကာ ၂၄:၂၇) ယေရှုသည် ‘မိန်းမ၏ အမျိုးအနွယ်’ မှ အဓိကပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မြွေ၏ခေါင်းကိုကြိတ်၍ စာတန်အား ချုပ်ငြိမ်းအောင် ချေမှုန်းပစ်မည့် အရှင်ဖြစ်ကြောင်း ပို၍ ရှင်းလင်းပီပြင်လာသည်။ လူသတ္တဝါတို့အား ဘုရားသခင် ပေးခဲ့သည့် ကတိတော်ရှိသမျှ၊ ကျွန်ုပ်တို့ ဆန္ဒပြင်းပြစွာ တောင့်တသည့် အရာရှိသမျှတို့သည် ယေရှုအားဖြင့် ပြည့်စုံလာမည်ဖြစ်သည်။—၂ ကောရိန္သု ၁:၂၀။
၇။ ပရောဖက်ပြုချက်များ၌ ရည်ညွှန်းထားသည့် အရှင်သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိခြင်းအပြင် အခြားအဘယ်အကြောင်းကိုလည်း သဘောပေါက်လျှင် အကျိုးရှိသနည်း။
၇ ဤအကြောင်းကို သိရှိခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုး သက်ရောက်သင့်သနည်း။ ကြွလာလတ္တံ့သော ကယ်တင်ရှင်၊ မေရှိယနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်အချို့ကို ဖတ်ရှုခဲ့သည့် အဲသယောပိအမတ် တစ်ဦးအကြောင်းကို ကျမ်းစာက ဖော်ပြထားသည်။ သူသည် စဉ်းစားရကျပ်သဖြင့် ဧဝံဂေလိတရားဟောဆရာ ဖိလိပ္ပုအား “ပရောဖက်သည် အဘယ်သူကိုရည်မှတ်၍ ဤသို့ဆိုပါသနည်း” ဟုမေးခဲ့၏။ ထိုအမတ်သည် အဖြေရသည်နှင့် ထိုကိစ္စ ပြီးပြတ်သွားပြီဟု မယူမှတ်ခဲ့ချေ။ ဖိလိပ္ပု၏ ရှင်းပြချက်ကို အသေအချာ နားထောင်ပြီးနောက် ပြည့်စုံပြီးသည့် ၎င်းပရောဖက်ပြုချက်ကို နားလည်သိရှိလာသဖြင့် သူ့ဘက်မှ လုပ်ဆောင်စရာရှိလာသည်ကို သဘောပေါက်လာသည်။ နှစ်ခြင်းခံရန်လိုအပ်ကြောင်း သူနားလည်လာသည်။ (တမန်တော် ၈:၃၂-၃၈; ဟေရှာယ ၅၃:၃-၉) ကျွန်ုပ်တို့လည်း အလားတူစွာ တုံ့ပြန်ကြသလော။
၈။ (က) ဣဇာက်ကိုပူဇော်ရန် အာဗြဟံ ကြိုးပမ်းခြင်းအကြောင်းသည် အဘယ်အရာကို ကြို၍ညွှန်ပြသနည်း။ (ခ) လူမျိုးအပေါင်းတို့သည် အမျိုးအနွယ်အားဖြင့် မိမိတို့ကိုယ်ကို ကောင်းချီးပေးကြလိမ့်မည်ဟု အာဗြဟံအား ယေဟောဝါက အဘယ်ကြောင့် မိန့်တော်မူခဲ့သနည်း။ ဤအချက်သည် ယနေ့ ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။
၈ စာရာအားဖြင့်ရသော တစ်ဦးတည်းသောသား ဣဇာက်ကို ပူဇော်ရန် အာဗြဟံ ကြိုးပမ်းခြင်းနှင့်ပတ်သက်သည့် ရင်နင့်စဖွယ် ဇာတ်လမ်းကိုလည်း စဉ်းစားသုံးသပ်ကြည့်ပါ။ (ကမ္ဘာဦး ၂၂:၁-၁၈) ၎င်းအဖြစ်အပျက်သည် ယေဟောဝါ ပြုတော်မူမည့်အမှု—မိမိ၏ တစ်ပါးတည်းသော သားတော်ကို ပူဇော်ခြင်း—ကို ကြို၍ညွှန်ပြသည်– “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ယေဟောဝါသည် မိမိ၏ ရည်ရွယ်ချက် ဖြစ်မြောက်စေရန် တစ်ပါးတည်းသော သားတော်ကို ပေးအပ်သကဲ့သို့ “ခပ်သိမ်းသောအရာတို့ကို ငါတို့အား” ကြင်နာစွာ ပေးသနားတော်မူမည်အကြောင်း ယုံကြည်စိတ်ချစေသည်။ (ရောမ ၈:၃၂) ကျွန်ုပ်တို့ဘက်မှ အဘယ်အရာ ပြုလုပ်ရမည်နည်း။ ကမ္ဘာဦး ၂၂:၁၈ တွင်ရေးမှတ်ထားသည့်အတိုင်း “[ဘုရားသခင်] ၏စကားကို [အာဗြဟံ] နားထောင်သောကြောင့်” လူမျိုးအပေါင်းတို့သည် ထိုအမျိုးအနွယ်အားဖြင့် မိမိတို့ကိုယ်ကို ကောင်းချီးပေးကြလိမ့်မည်ဟု အာဗြဟံအား ယေဟောဝါ မိန့်တော်မူ၏။ ကျွန်ုပ်တို့လည်း ယေဟောဝါနှင့် သားတော်တို့၏စကားကို နားထောင်ရန်လိုသည်– “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်အား မလိုက်မနာသူမူကား ထာဝရအသက်ကို တွေ့မြင်ခွင့်မရဘဲ ဘုရားသခင့် အမျက်တော်ဒဏ် တည်သူဖြစ်သတည်း။”—ယောဟန် ၃:၃၆၊ သမ။
၉။ ယေရှု၏ ပူဇော်သကာအားဖြင့် ဖြစ်မြောက်စေသည့် ထာဝရအသက် မျှော်လင့်ချက်ကို တန်ဖိုးထားလေးမြတ်မည်ဆိုပါက ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ကြမည်နည်း။
၉ ယေရှု၏ ပူဇော်သကာအားဖြင့် ဖြစ်မြောက်စေသည့် ထာဝရအသက် မျှော်လင့်ချက်ကို တန်ဖိုးထားလေးမြတ်မည်ဆိုပါက ယေရှုမှတစ်ဆင့် ယေဟောဝါ မိန့်တော်မူသော အရာများကို ကျွန်ုပ်တို့ လုပ်ဆောင်လိုကြမည်ဖြစ်သည်။ ဤအမိန့်တော်များသည် ဘုရားသခင်နှင့် အိမ်နီးချင်းတို့အပေါ် ထားရှိသည့် ကျွန်ုပ်တို့၏မေတ္တာနှင့် အနီးကပ် ဆက်နွှယ်လျက်ရှိသည်။ (မဿဲ ၂၂:၃၇-၃၉) ယေဟောဝါအား ချစ်သောမေတ္တာက အခြားသူတို့ကို “[ကျွန်ုပ်တို့] အား [ယေရှု] ပညတ်သမျှကို စောင့်ရှောက်စေရန် သွန်သင်” ပေးဖို့ ကျွန်ုပ်တို့ကို တွန်းအားပေးမည်ဟု ယေရှု ပြသတော်မူ၏။ (မဿဲ ၂၈:၁၉၊ ၂၀၊ သမ) ယေဟောဝါ၏ အစေခံချင်းတို့နှင့် ပုံမှန် “အချင်းချင်း တွေ့ဆုံစည်းဝေး” ခြင်းအားဖြင့် ထိုမေတ္တာကို ကျွန်ုပ်တို့ မျှဝေလိုကြသည်။ (ဟေဗြဲ ၁၀:၂၅၊ ကဘ; ဂလာတိ ၆:၁၀) ဘုရားသခင်နှင့် သားတော်တို့၏စကားကို နားထောင်ရာ၌လည်း ကျွန်ုပ်တို့ထံမှ စုံလင်ခြင်းကို တောင်းဆိုနေသည်ဟု မယူဆသင့်ပေ။ ယေရှုသည် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းအနေနှင့် ‘ငါတို့၏ အားနည်းချက်များအတွက် စာနာထောက်ထား’ နိုင်သူဖြစ်ကြောင်း ဟေဗြဲ ၄:၁၅ ကဆို၏။ အထူးသဖြင့် ကျွန်ုပ်တို့၏ အားနည်းချက်များကို အောင်နိုင်ရေးအတွက် ကူညီမစမှုရယူရန် ခရစ်တော်မှတစ်ဆင့် ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သည့်အခါမျိုး၌ မည်မျှ စိတ်ချမ်းမြေ့ဖွယ်ရာ ပါတကား!—မဿဲ ၆:၁၂။
ခရစ်တော်ကို ယုံကြည်ကြောင်း ပြကြလော့
၁၀။ ယေရှုခရစ်မှတစ်ပါး အဘယ်ကြောင့် ကယ်တင်ခြင်း မရှိသနည်း။
၁၀ ယေရုရှလင်မြို့ရှိ ဂျူးတရားလွှတ်တော်အား ယေရှု၌ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံခဲ့ပုံအကြောင်း ရှင်းပြပြီးနောက် တမန်တော် ပေတရုက “အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သောနာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ဟု အားမာန်အပြည့်ဖြင့် နိဂုံးချုပ်လိုက်သည်။ (တမန်တော် ၄:၁၂) အာဒံ၏ သားမြေးအားလုံးသည် အပြစ်သားများ ဖြစ်ကြသောကြောင့် သူတို့၏သေခြင်းသည် မည်သူ တစ်ဦးတစ်ယောက်အတွက်မျှ ရွေးနုတ်ဖိုးအဖြစ် အသုံးမဝင်ချေ။ သို့သော် ယေရှုမူကား စုံလင်သူ ဖြစ်သောကြောင့် ကိုယ်တော်၏အသက်သည် ယဇ်ပူဇော်ခြင်းအတွက် တန်ဖိုးရှိ၏။ (ဆာလံ ၄၉:၆-၉; ဟေဗြဲ ၂:၉) ကိုယ်တော်သည် အာဒံ ဆုံးရှုံးခဲ့သည့် စုံလင်သောအသက်နှင့် တန်ဖိုးချင်း ထပ်တူထပ်မျှ တူညီသည့် ရွေးနုတ်ဖိုးကို ဘုရားသခင်အား ဆက်သပူဇော်ခဲ့သည်။ (၁ တိမောသေ ၂:၅၊ ၆) ဤသို့ဖြင့် ကျွန်ုပ်တို့အဖို့ ဘုရားသခင့် ကမ္ဘာသစ်တွင် ထာဝရအသက် ရရှိနိုင်သည့်လမ်း ပွင့်လာခဲ့သည်။
၁၁။ ယေရှု၏ ပူဇော်သကာသည် ကျွန်ုပ်တို့အား ကြီးစွာ အကျိုးပြုနိုင်ကြောင်း ရှင်းပြပါ။
၁၁ ယခုအချိန်၌ပင် အခြားအခြားသော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်အောင်လည်း ရွေးနုတ်ဖိုးက လမ်းဖွင့်ပေးခဲ့သည်။ သာဓကအားဖြင့် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြသော်လည်း အပြစ်လွှတ်ခြင်း ခံရခြင်းကြောင့် ယေရှု၏ ရွေးနုတ်ဖိုးက ကျွန်ုပ်တို့အား ကြည်လင်သော ဩတ္တပ္ပစိတ် ရရှိစေသည်။ ဤကား မောရှေပညတ် တောင်းဆိုသည့် တိရစ္ဆာန် ပူဇော်သကာအားဖြင့် ဣသရေလလူမျိုး ရရှိခဲ့သည့်အကျိုးထက် များစွာသာလွန်ပေသည်။ (တမန်တော် ၁၃:၃၈၊ ၃၉; ဟေဗြဲ ၉:၁၃၊ ၁၄; ၁၀:၂၂) သို့သော် ထိုကဲ့သို့သော အပြစ်လွှတ်ခြင်း ရရှိရေးသည် ခရစ်တော်၏ ပူဇော်သကာကို ကျွန်ုပ်တို့ မည်မျှလိုအပ်ကြောင်း ရိုးသားစွာ အသိအမှတ်ပြုရန် လိုအပ်သည်– “‘ကိုယ်အပြစ်မရှိ’ ဟု ငါတို့သည် ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။”—၁ ယောဟန် ၁:၈၊ ၉။
၁၂။ ဘုရားသခင့် ရှေ့တော်မှောက်တွင် စင်ကြယ်သော ဩတ္တပ္ပစိတ် ရရှိရေးအတွက် ရေနှစ်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသောအချက် ဖြစ်သနည်း။
၁၂ အပြစ်သားများအနေဖြင့် ခရစ်တော်နှင့် ကိုယ်တော့် ပူဇော်သကာကို ယုံကြည်ကြောင်း မည်သို့ ဖော်ပြနိုင်သနည်း။ ပထမရာစုမှ လူတို့သည် ယုံကြည်သူများ ဖြစ်လာကြသည့်အခါ ၎င်းကို လူသိရှင်ကြား ထုတ်ဖော်ပြသကြသည်။ အဘယ်သို့အားဖြင့်နည်း။ သူတို့ နှစ်ခြင်းခံခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ယေရှုက မိမိ တပည့်တော်အားလုံး နှစ်ခြင်းခံရမည်ဟု ပညတ်ထားခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၈:၁၂; ၁၈:၈) ယေရှုမှတစ်ဆင့် မေတ္တာရှိစွာဖြင့် ယေဟောဝါ စီစဉ်ပေးရာများကြောင့် စိတ်နှလုံး တကယ် လှုံ့ဆော်ခံရသည့်အခါ လူတစ်ဦးသည် တွန့်ဆုတ်မည်မဟုတ်ပါ။ သူ၏အသက်တာတွင် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ဆုတောင်းခြင်းဖြင့် မိမိကိုယ်ကို ဘုရားသခင်ထံ အပ်နှံကာ ရေနှစ်ခြင်းအားဖြင့် မိမိ၏ အပ်နှံခြင်းကို အမှတ်သင်္ကေတ ပြပေမည်။ ယုံကြည်ခြင်းကို ဤနည်းဖြင့် တင်ပြမှသာ ‘ဘုရားသခင်ထံ ကြည်လင်သော ဩတ္တပ္ပစိတ် တောင်းလျှောက်’ ရာကျပေမည်။—၁ ပေတရု ၃:၂၁။
၁၃။ အပြစ်တစ်ခု ကျူးလွန်မိကြောင်း သိရှိပါက အဘယ်အရာ ပြုလုပ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၁၃ နှစ်ခြင်းခံပြီးနောက်၌ပင် အပြစ်ရှိသော စရိုက်ညဉ်ဆိုးများ ဆက်၍ရှိနေဦးမည်မှာ ဆိုဖွယ်မရှိပေ။ သို့ဖြစ်လျှင် မည်သို့ပြုမည်နည်း။ တမန်တော် ယောဟန်က ဤသို့ဆို၏– “ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ် . . . ဖြေစရာအကြောင်း ဖြစ်တော်မူ၏။” (၁ ယောဟန် ၂:၁၊ ၂) ကျွန်ုပ်တို့ မည်သည့်အပြစ် လုပ်မိလုပ်မိ အပြစ်လွှတ်ရန် ဘုရားသခင်ထံ ဆုတောင်းလိုက်လျှင် အားလုံးပြေလည်သွားမည်ဟု အဓိပ္ပာယ် သက်ရောက်သလော။ မသက်ရောက်ပါ။ အပြစ်လွှတ်ခြင်းအတွက် အဓိကသော့ချက်မှာ စစ်မှန်သောနောင်တဖြစ်သည်။ ခရစ်ယာန် အသင်းတော်မှ အသက်ပိုကြီးသော၊ အတွေ့အကြုံ ပိုရှိသော သူတို့ထံမှ အကူအညီလည်း လိုကောင်းလိုမည်။ ပြုမိသည့် ဒုစရိုက်ကို သိမှတ်ဝန်ခံ၍ စိတ်ရင်းမှန်ဖြင့် ယူကျုံးမရဖြစ်ပါမှ နောက်ထပ် မမှားရအောင် အမှန်တကယ် ကြိုးစား၍ ရှောင်ကြဉ်မည်ဖြစ်သည်။ (တမန်တော် ၃:၁၉; ယာကုပ် ၅:၁၃-၁၆) ဤသို့ပြုပါက ယေရှု၏ ကူညီမစမှုနှင့် ယေဟောဝါ၏ မျက်နှာသာတော်ကို ပြန်လည်ရရှိရန် စိတ်ချနိုင်ပေသည်။
၁၄။ (က) ယေရှု၏ ပူဇော်သကာက ကျွန်ုပ်တို့အား အကျိုးပြုသည့် အရေးပါသော နည်းတစ်နည်းအကြောင်းကို ရှင်းပြပါ။ (ခ) ယုံကြည်ခြင်း တကယ်ရှိပါက ကျွန်ုပ်တို့ အဘယ်အရာပြု လုပ်ကြမည်နည်း။
၁၄ ယေရှု၏ ပူဇော်သကာသည် ကမ္ဘာဦး ၃:၁၅ မှအမျိုးအနွယ်၏ တစ်ဆင့်ခံဖြစ်သည့် “သိုးစုငယ်” အတွက် ကောင်းကင်ဘုံတွင် ထာဝရအသက်ရှင်ခြင်း အခွင့်အလမ်း ဖွင့်ပေးခဲ့သည်။ (လုကာ ၁၂:၃၂; ဂလာတိ ၃:၂၆-၂၉) ကုဋေကုဋာများစွာသော အခြားလူသားများအတွက်လည်း ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်ရှင်ခြင်း အခွင့်အလမ်း ဖွင့်ပေးခဲ့သည်။ (ဆာလံ ၃၇:၂၉; ဗျာဒိတ် ၂၀:၁၁၊ ၁၂; ၂၁:၃၊ ၄) ထာဝရအသက်ဆိုသည်မှာ ‘ငါတို့အရှင် ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင် ပေးသနားတော်မူသော ဆုကျေးဇူးတော်’ ဖြစ်ပေသည်။ (ရောမ ၆:၂၃; ဧဖက် ၂:၈-၁၀) ထိုဆုကျေးဇူးကို ကျွန်ုပ်တို့ ယုံကြည်၍ ပေးပုံပေးနည်းအတွက် ကျေးဇူးတင်လေးမြတ်မည်ဆိုပါက သိသာထင်ရှားအောင် ပြကြမည်ဖြစ်သည်။ အလိုတော်ကို ဖော်ဆောင်ရာ၌ ယေရှုကို ယေဟောဝါ မည်မျှ အံ့ဖွယ်ကောင်းစွာ အသုံးချခဲ့ကြောင်း၊ ကျွန်ုပ်တို့အားလုံး ယေရှု၏ ခြေတော်ရာကို ထက်ကြပ်မကွာလိုက်ရန် မည်မျှ အရေးကြီးကြောင်း သိမြင်သည်ဆိုလျှင် ကျွန်ုပ်တို့သည် ခရစ်ယာန် ဓမ္မအမှုတော်ကို ဘဝတွင် အရေးအကြီးဆုံးသော လုပ်ဆောင်မှုတစ်ခုအဖြစ် ထားရှိကြမည်ဖြစ်သည်။ ဘုရားသခင်ထံမှ ရရှိသည့် ဤရက်ရောသော ဆုကျေးဇူးအကြောင်းကို အခြားသူတို့အား ခံယူချက်အပြည့်နှင့် ပြောပြပုံမှ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ထင်ရှားပေါ်လွင်ပါလိမ့်မည်။—တမန်တော် ၂၀:၂၄။
၁၅။ ယေရှုခရစ်ကို ယုံကြည်ခြင်းသည် မည်သို့ စည်းလုံးခြင်းအကျိုးအာနိသင် ရှိသနည်း။
၁၅ ထိုသို့သောယုံကြည်ခြင်း၌ ကောင်းမြတ်၍ စည်းလုံးခြင်းအကျိုးအာနိသင်ရှိ၏! ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့်လည်းကောင်း၊ သားတော်နှင့်လည်းကောင်း၊ ခရစ်ယာန် အသင်းတော်ထဲမှ တစ်ဦးချင်းနှင့်လည်းကောင်း ပို၍ခင်မင်ရင်းနှီးလာကြသည်။ (၁ ယောဟန် ၃:၂၃၊ ၂၄) ယေဟောဝါသည် သားတော်အား “[မိမိ နာမတော်မှလွဲ၍] ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေ” ခြင်းအတွက်ကြောင့် ကျွန်ုပ်တို့ ရွှင်လန်းဝမ်းမြောက် ကြရပေသည်။—ဖိလိပ္ပိ ၂:၉-၁၁။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• မေရှိယ ပေါ်ထွန်းသည့်အခါ ဘုရားသခင့် နှုတ်ကပါဌ်တော်ကို အပြည့်အဝ ယုံကြည်သူတို့အနေဖြင့် ကိုယ်တော်သည် မည်သူမည်ဝါဖြစ်ကြောင်း အဘယ်ကြောင့် ရှင်းလင်းစွာ သိရှိခဲ့ကြသနည်း။
• ယေရှု၏ ပူဇော်သကာအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြသရန် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်အရာ အချို့ကား အဘယ်နည်း။
• ယေရှု၏ ပူဇော်သကာသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့အား အကျိုးပြုလျက် ရှိနှင့်ပြီနည်း။ အပြစ်လွှတ်ခြင်းအတွက် ယေဟောဝါထံ ဆုတောင်းရာတွင် ၎င်းသည် ကျွန်ုပ်တို့ကို မည်သို့ အထောက်အကူ ပြုသနည်း။