ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၀ စာ. ၄၉-၅၄
  • “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်နိုင်ငံတော်၏ အုပ်ချုပ်သူများ
  • နိုင်ငံတော်၏ ရည်မှန်းချက်များ —ဖြစ်မြောက်အောင်မြင်မည့်နည်းလမ်း
  • ယခုပင် ထင်ရှားပေါ်လွင်လျက်ရှိသည့် ပြီးမြောက်အောင်မြင်မှုများ
  • အနှစ်တစ်ထောင်တည်တံ့မည့် နိုင်ငံတော်
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ဘုရားသခင့်နိုင်ငံတော်—မြေကြီး၏အုပ်ချုပ်ရေးသစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၀ စာ. ၄၉-၅၄

အခန်း တစ်ဆယ်

“ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”

၁။ လူ့သမိုင်းတစ်လျှောက် ကမ္ဘာ့ဖြစ်ရပ်များက အဘယ်အချက်ကို အလေးအနက် ဖော်ပြနေသနည်း။

လူသားတို့သည် ယေဟောဝါ၏ အချုပ်အခြာ အာဏာတော်ကို ငြင်းပယ်ကာ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်ရန် အားထုတ်ခဲ့ကြသည့်အတွက် ပျော်ရွှင်မှုကို မတွေ့ရှိရကြောင်း ကမ္ဘာ့ဖြစ်ရပ်များက နေ့စဉ်နှင့်အမျှ အလေးအနက် ဖော်ပြနေသည်။ လူ့အုပ်ချုပ်ရေး စနစ်တစ်ခုကမျှ လူသားတို့အား သာတူညီမျှသောအကျိုး မပေးနိုင်ခဲ့ချေ။ လူသည် သိပ္ပံအသိပညာဘက်တွင် ရှေးအခါက မရှိခဲ့သည့် အတိုင်းအတာအထိ တိုးတက်ခဲ့ပြီဖြစ်သော်လည်း ဖျားနာမှုကို အောင်နိုင်ခြင်း မရှိသကဲ့သို့ သေခြင်းကို ချုပ်ငြိမ်းအောင်လည်း မစွမ်းဆောင်နိုင်ချေ။ တစ်ယောက်တလေ အတွက်မျှပင် မလုပ်ဆောင်ပေးနိုင်ချေ။ လူ့အုပ်ချုပ်ရေးသည် စစ်မှု၊ အဓမ္မမှု ရာဇဝတ်မှု ယိုယွင်းမှု သို့မဟုတ် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ခြင်း မရှိချေ။ နိုင်ငံများစွာ၌ ဖိနှိပ်ချုပ်ချယ်သည့် အစိုးရများက ပြည်သူတို့ကို ဆက်လက်၍ စိုးမိုးခြယ်လှယ်လျက်ရှိသည်။ (ဒေသနာ ၈:၉) နည်းပညာ၊ လောဘနှင့် မောဟတို့သည် ရေထု၊ လေထု၊ မြေထုတို့ကို ညစ်ညမ်းအောင် တက်ညီလက်ညီ ပူးပေါင်းလုပ်ဆောင်နေကြသည်။ စီးပွားရေးလောကမှ တာဝန်ရှိပုဂ္ဂိုလ်များ၏ အလွဲလွဲအမှားမှား စီမံခန့်ခွဲမှုကြောင့် လူအမြောက်အမြားသည် အသက်ရှင်ရေးအတွက် အခြေခံလိုအပ်သောအရာများ ရရှိရန်အတွက်ပင် အခက်အခဲ တွေ့နေကြရသည်။ နှစ်ပေါင်း ထောင်နှင့်ချီ၍ သက်ဆိုးရှည်ခဲ့သည့် လူ့အုပ်ချုပ်ရေးက ဤအချက်ကို ထင်ရှားပေါ်လွင်စေခဲ့ပြီ– “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။”—ယေရမိ ၁၀:၂၃။

၂။ လူသားတို့၏ ပြဿနာများအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းကား အဘယ်နည်း။

၂ ဖြေရှင်းချက်ကား အဘယ်နည်း။ “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဟူ၍ နောက်တော်လိုက်များအား ဆုတောင်းရန် ယေရှု သင်ကြားပေးခဲ့သည့် ဘုရားသခင့် နိုင်ငံတော်ပင်ဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့် ကောင်းကင်နိုင်ငံတော်ကို ၂ ပေတရု ၃:၁၃ တွင် “ကောင်းကင်သစ်” အဖြစ် ဖော်ပြထားပြီး ၎င်းသည် “မြေကြီးသစ်” တည်းဟူသော ဖြောင့်မတ်သည့် လူဘောင်အဖွဲ့အစည်းကို အုပ်ချုပ်လိမ့်မည်။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်သည် အလွန့်အလွန် အရေးကြီးသောကြောင့် ၎င်းကို ယေရှုက မိမိ ဟောပြောခြင်း၏ အဓိကလိုရင်းချက်အဖြစ် ထားရှိခဲ့သည်။ (မဿဲ ၄:၁၇) “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့” ဟူ၍တိုက်တွန်းခြင်းဖြင့် ကျွန်ုပ်တို့၏ အသက်တာတွင် ၎င်းနိုင်ငံတော် ရှိသင့်သည့်နေရာကို ကိုယ်တော် ပြသတော်မူခဲ့၏။—မဿဲ ၆:၃၃။

၃။ ယခုအချိန်သည် ဘုရားသခင့် နိုင်ငံတော်အကြောင်း သင်ယူရန် အဘယ်ကြောင့် အရေးတကြီး လိုအပ်သနည်း။

၃ များမကြာမီ ထိုနိုင်ငံတော်သည် ဤကမ္ဘာ၏ အုပ်စိုးခွင့်အာဏာကို ထာဝစဉ် ပြောင်းလဲပစ်ရန် အရေးယူ လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ယခုအချိန်သည် ဘုရားသခင့် နိုင်ငံတော်အကြောင်း အရေးတကြီး သင်ယူရမည့်အချိန်ဖြစ်သည်။ “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများ [ယခု အုပ်ချုပ်လျက်ရှိသည့် အစိုးရများ] လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် [ကောင်းကင်ဘုံတွင်] တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ရ [ကမ္ဘာမြေကြီးကို လူသားများ နောက်တစ်ဖန် မအုပ်ချုပ်ရ] ဘဲ အထက်ဆိုခဲ့ပြီးသော [ယခုလက်ရှိ] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲ တည်လိမ့်မည်” ဟူ၍ ဒံယေလ ၂:၄၄၊ ၄၅ ၌ ကြိုဟောထားသည်။ ဤသို့ဖြင့် ၎င်းနိုင်ငံတော်သည် လက်ရှိ ဆိုးယုတ်သည့် အစီအစဉ်စနစ် တစ်ရပ်လုံးကို ဖျက်ဆီးခြင်းအားဖြင့် ဤနောက်ဆုံးသော နေ့ရက်များကို အဆုံးသတ်လိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးကို အုပ်ချုပ်သည့် ကောင်းကင်နိုင်ငံတော်၏ အုပ်စိုးခွင့်အာဏာသည် အငြင်းပွားစရာ ရှိတော့မည်မဟုတ်။ ဤနည်းဖြင့်ရရှိမည့် လွတ်ငြိမ်းချမ်းသာမှုသည် အလွန်တရာ နီးနေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့ မည်မျှ ကျေးဇူးတင်ထိုက်ပါသည်တကား!

၄။ ဤနိုင်ငံတော်နှင့်ဆက်စပ်၍ ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။ ၎င်းသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အရေးကြီးသနည်း။

၄ ၁၉၁၄ ခုနှစ်တွင် ခရစ်တော်ယေရှုသည် ရှင်ဘုရင်အဖြစ် ရာထူးအပ်နှင်းခံရသည့်အပြင် “[ကိုယ်တော့်] ရန်သူတို့၏အလယ်၌ သွားရောက်နှိမ်နင်း” ရန်ပါ အာဏာအပ်နှင်းခံခဲ့ရသည်။ (ဆာလံ ၁၁၀:၁၊ ၂၊ ကဘ) ထိုနှစ်တွင် လက်ရှိဆိုးယုတ်သည့် အစီအစဉ်စနစ်၏ “နောက်ဆုံးသော နေ့ရက်များ” လည်း အစပြုခဲ့သည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) တစ်ချိန်တည်း၌ ပရောဖက်ပြုချက်ဆိုင်ရာ ရူပါရုံတွင် ဒံယေလ တွေ့မြင်ခဲ့ရသည့် ဖြစ်ရပ်များသည် ကောင်းကင်ဘုံတွင် အမှန်ပင် ဖြစ်ပျက်ခဲ့သည်။ “အသက်ကြီးရင့်သူ” ဖြစ်သည့် ယေဟောဝါ ဘုရားသခင်က “လူအမျိုးမျိုး၊ တိုင်းနိုင်ငံအစုစု၊ ဘာသာစကားအသီးသီးတို့သည် ကိုယ်တော် [လူသားဖြစ်သည့် ယေရှုခရစ်] ကို အလုပ်အကျွေးပြုစေခြင်းငှာ အုပ်စိုးခွင့်အာဏာနှင့်တကွ ဂုဏ်သိက္ခာ၊ နိုင်ငံတော်တို့ကို” အပ်နှင်းတော်မူ၏။ ရူပါရုံနှင့်ပတ်သက်၍ ဒံယေလ ဤသို့ရေးသားခဲ့သည်– “အုပ်စိုးခွင့်အာဏာတော်သည် မပမပျောက်ဘဲ နိစ္စထာဝရတည်လျက် နိုင်ငံတော်လည်း ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။” (ဒံယေလ ၇:၁၃၊ ၁၄၊ ကဘ) ကနဦး လူသားမိဘနှစ်ပါးအား ပရဒိသုဘုံ၌ နေရာချပေးခဲ့စဉ်က ရည်ရွယ်ခဲ့သည့်အတိုင်း မရေမတွက်နိုင်သော ကောင်းနိုးရာရာများကို ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူတို့အား ခံစားစေရန် ဘုရားသခင်သည် ခရစ်တော်ယေရှု လက်ဝယ်ရှိ ဤကောင်းကင်နိုင်ငံတော်အားဖြင့် လုပ်ဆောင်ပေးတော်မူမည်။

၅။ နိုင်ငံတော်နှင့်ပတ်သက်သည့် အဘယ်အသေးစိတ် အချက်အလက်များကို ကျွန်ုပ်တို့ အလွန်စိတ်ဝင်စားကြသနည်း။ အဘယ်ကြောင့်နည်း။

၅ ၎င်းနိုင်ငံတော်၏ သစ္စာစောင့်သိသော နိုင်ငံသားတစ်ဦး ဖြစ်လိုသည့်ဆန္ဒ ရှိသလော။ ရှိပါက ဤကောင်းကင်နိုင်ငံတော်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ငန်းဆောင်ရွက်ပုံကို သင်အထူး စိတ်ဝင်စားပေလိမ့်မည်။ နိုင်ငံတော်သည် ယခုအချိန်၌ အဘယ်အရာ ပြုလုပ်နေကြောင်း၊ အနာဂတ်တွင် အဘယ်အရာများကို ဖော်ဆောင်မည်ဖြစ်ကြောင်း၊ သင့်ထံမှ အဘယ်အရာများ တောင်းဆိုကြောင်းတို့ကို သင်သိလိုပေမည်။ နိုင်ငံတော်အကြောင်းကို စေ့စေ့စပ်စပ် ဆန်းစစ်လေ့လာလေလေ ကျေးဇူးတင်လေးမြတ်သည့်စိတ် တိုးပွားလေလေဖြစ်မည်။ သင့်အနေဖြင့် ၎င်း၏ အုပ်စိုးခွင့်အာဏာကို နာခံလိုက်လျှောက်ပါက နာခံမှုရှိသည့် လူသားများအတွက် ဘုရားသခင့် နိုင်ငံတော် လုပ်ဆောင်ပေးမည့် အံ့ချီးဖွယ်အရာများအကြောင်းကို အခြားသူတို့အား တစ်ဆင့်ပြောပြရန် အရည်အချင်း ပိုမိုပြည့်စုံလာပေမည်။—ဆာလံ ၄၈:၁၂၊ ၁၃။

ဘုရားသခင့်နိုင်ငံတော်၏ အုပ်ချုပ်သူများ

၆။ (က) မေရှိယနိုင်ငံတော်အားဖြင့် အဘယ်သူ၏ အချုပ်အခြာအာဏာ ထင်ရှားပေါ်လွင်ကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) နိုင်ငံတော်အကြောင်း သိရှိရသမျှသည် ကျွန်ုပ်တို့အပေါ် အဘယ်သို့ အကျိုးသက်ရောက်သင့်သနည်း။

၆ ထိုသို့လေ့လာဆန်းစစ်ရာမှ ပထမဦးဆုံး ပေါ်လာသည့်အရာမှာ ဤမေရှိယ နိုင်ငံတော်သည် ယေဟောဝါ ကိုယ်တော်တိုင်၏ အချုပ်အခြာအာဏာတော်၏ ထင်ရှားသောပြယုဂ် တစ်ခုဖြစ်သည်။ သားတော်အား “အုပ်စိုးခွင့်အာဏာနှင့်တကွ ဂုဏ်သိက္ခာ၊ နိုင်ငံတော်တို့ကို” အပ်နှင်းသောအရှင်မှာ ယေဟောဝါပင်ဖြစ်၏။ ရှင်ဘုရင်အဖြစ် ဘုရားသခင့်သားတော် စတင်စိုးစံရန် အာဏာအပ်နှင်းခံရပြီးနောက် ကောင်းကင်ဘုံမှ အသံများက ဤသို့ လျောက်ပတ်စွာ ကြွေးကြော်ကြ၏– “လောကီနိုင်ငံသည် ငါတို့သခင် [ယေဟောဝါ ဘုရားသခင်] ၏နိုင်ငံတော်၊ ထိုသခင်၏ ခရစ်တော့်နိုင်ငံတော် ဖြစ်လေပြီ။ ကိုယ်တော် [ယေဟောဝါ] သည် ဘုရင်အဖြစ် နိစ္စထာဝရ အုပ်စိုးတော်မူလတ္တံ့။” (ဗျာဒိတ် ၁၁:၁၅၊ ကဘ) ထို့ကြောင့် ဤနိုင်ငံတော်နှင့် ၎င်းဖြစ်မြောက်စေသည့် အရာများအကြောင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ လေ့လာသိရှိရသမျှသည် ကျွန်ုပ်တို့အား ယေဟောဝါ ကိုယ်တော်တိုင်နှင့် ပိုမိုရင်းနှီးစေနိုင်သည်။ ကျွန်ုပ်တို့ သိရှိလာသမျှသည် ကျွန်ုပ်တို့၌ ကိုယ်တော်၏ အချုပ်အခြာအာဏာတော်ကို ထာဝစဉ် လက်အောက်ခံလိုသည့်ဆန္ဒ ဖြစ်ပေါ်စေသင့်သည်။

၇။ ယေရှုခရစ်သည် ယေဟောဝါ၏ လက်ထောက်မင်းဖြစ်သည် ဟူသောအချက်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် အထူးစိတ်ဝင်စားသနည်း။

၇ ယေဟောဝါသည် ယေရှုခရစ်အား မိမိ၏ လက်ထောက်မင်းအဖြစ် နန်းတင်ခဲ့သည့်အချက်ကိုလည်း ဆင်ခြင်သုံးသပ်ပါလေ။ ကမ္ဘာမြေကြီးနှင့် လူသားများကို ဖန်ဆင်းရာ၌ လုပ်သားချုပ်အနေနှင့် ဘုရားသခင့် အသုံးတော်ခံရသည့် ယေရှုသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ကျွန်ုပ်တို့ကိုယ်တိုင်ထက် သိတော်မူ၏။ ၎င်းအပြင် လူ့သမိုင်းဦးမှစ၍ ကိုယ်တော်သည် ‘လူ့သားတို့ကို ချစ်ခင်မြတ်နိုး’ ခဲ့သည်။ (သုတ္တံ ၈:၃၀၊ ၃၁၊ ကဘ; ကောလောသဲ ၁:၁၅-၁၇) လူသားတို့အပေါ် ထားရှိသည့်မေတ္တာသည် ကြီးမားလှသဖြင့် ကိုယ်တော်တိုင် ကမ္ဘာမြေကြီးသို့ ကြွလာကာ ကျွန်ုပ်တို့အတွက် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ် ပေးအပ်ခဲ့သည်။ (ယောဟန် ၃:၁၆) ဤသို့ဖြင့် အပြစ်နှင့်သေခြင်းမှ လွတ်မြောက်ရာလမ်းနှင့် ထာဝစဉ်အသက်ရှင်မည့် အခွင့်အလမ်းတို့ကို ဖွင့်ပေးတော်မူခဲ့သည်။—မဿဲ ၂၀:၂၈။

၈။ (က) လူ့အုပ်စိုးခွင့်အာဏာနှင့် မတူဘဲ ဘုရားသခင့်အစိုးရသည် အဘယ်ကြောင့် တည်တံ့ခိုင်မြဲမည်နည်း။ (ခ) “သစ္စာနှင့် သတိပညာရှိသောကျွန်” သည် ကောင်းကင်အစိုးရနှင့် မည်သို့သောဆက်ဆံရေး ရှိသနည်း။

၈ ဘုရားသခင့် နိုင်ငံတော်သည် တည်ငြိမ်ခိုင်မြဲသော အစိုးရဖြစ်သည်။ ယေဟောဝါ ကိုယ်တော်တိုင်သည် သေခြင်းနှင့် ကင်းလွတ်တော်မူသည့်အချက်က ၎င်းအစိုးရ၏ တည်တံ့ခိုင်မြဲမှုကို အာမခံထားသည်။ (ဟဗက္ကုတ် ၁:၁၂) ရှင်ဘုရင်အရိုက်အရာ အပ်နှင်းခံရသူ ယေရှုခရစ်သည်လည်း လူသားရှင်ဘုရင်တို့နှင့် မတူဘဲ ဖောက်ပြန်ပျက်စီးခြင်း ကင်းလွတ်တော်မူ၏။ (ရောမ ၆:၉; ၁ တိမောသေ ၆:၁၅၊ ၁၆) ကောင်းကင်ပလ္လင်များပေါ် ခရစ်တော်နှင့်အတူ စံမြန်းမည့် အခြားသူ ၁၄၄,၀၀၀ ရှိပါသည်။ ဤသူတို့သည် “လူအနွယ်၊ ဘာသာစကား၊ လူမျိုး၊ တိုင်းနိုင်ငံအသီးသီးမှ” ဘုရားသခင်၏ သစ္စာစောင့်သိသော အစေခံများဖြစ်ကြသည်။ ၎င်းတို့သည်လည်း မဖောက်ပြန် မပျက်စီးနိုင်သောအသက် ပေးအပ်ခံရကြမည်။ (ဗျာဒိတ် ၅:၉၊ ၁၀၊ ကဘ; ၁၄:၁-၄; ၁ ကောရိန္သု ၁၅:၄၂-၄၄၊ ၅၃) ၎င်းတို့ထဲမှ အများစုသည် ယခုအခါတွင် ကောင်းကင်ဘုံသို့ ရောက်ရှိနေကြပြီးဖြစ်သည်။ မြေကြီးပေါ် ကျန်ကြွင်းသူတို့သည် မျက်မှောက်ခေတ် “သစ္စာနှင့် သတိပညာရှိသောကျွန်” အဖြစ် ဖွဲ့စည်းလျက် ဤကမ္ဘာပေါ်တွင် ထိုနိုင်ငံတော်၏ အကျိုးစီးပွား တိုးပွားရေးအတွက် သစ္စာရှိရှိ လုပ်ဆောင်လျက်ရှိကြသည်။—မဿဲ ၂၄:၄၅-၄၇၊ သမ။

၉၊ ၁၀။ (က) အဘယ် သွေးကွဲစေသော ယုတ်ညံ့သည့်သြဇာကို နိုင်ငံတော်က ဖယ်ရှားပစ်မည်နည်း။ (ခ) ဘုရားသခင့် နိုင်ငံတော်၏ ရန်သူများမဖြစ်လိုပါက အဘယ်ငြိတွယ်မှုများကို ရှောင်ကြဉ်သင့်သနည်း။

၉ များမကြာမီ၊ ယေဟောဝါသည် သတ်မှတ်သည့်အချိန်တွင် မိမိ၏ လက်မရွံ့အာဏာသား တပ်ဖွဲ့တို့ကို ကမ္ဘာမြေကြီး သုတ်သင်သန့်စင်ရေးလုပ်ငန်း လုပ်ဆောင်ရန် စေလွှတ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏ အချုပ်အခြာအာဏာတော်ကို စိတ်လိုကိုယ်လျောက် ငြင်းပယ်သည့် လူသားများနှင့် ယေရှုခရစ်မှတစ်ဆင့် ပြင်ဆင်ပေးသည့် မေတ္တာပြည့်ဝသည့် အစီအမံများကို မထီလေးစားပြုသည့် လူသားများကို ထာဝစဉ် ဖျက်ဆီးပစ်လိမ့်မည်။ (၂ သက်သာလောနိတ် ၁:၆-၉) ထိုနေ့သည် စကြဝဠာ အချုပ်အခြာအာဏာပိုင်အဖြစ် ကိုယ်တော်အား သင်္ကာယန ကင်းရှင်းစေမည့် ကြာမြင့်စွာ စောင့်မျှော်ခဲ့သည့် ယေဟောဝါ၏နေ့တော်ကြီး ဖြစ်ပေလိမ့်မည်။ “အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ ထာဝရဘုရား၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသအမျက်ထွက်လျက် လာလိမ့်မည်။” (ဟေရှာယ ၁၃:၉) “ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက် ဖုံးလွှမ်းသောနေ့” ဖြစ်၏။—ဇေဖနိ ၁:၁၅။

၁၀ ဤလောက၏ မျက်မြင်မရသော ဆိုးယုတ်သည့်မင်း၏ ကြိုးကိုင်ခြယ်လှယ်ခြင်းခံရသော မိစ္ဆာဘာသာမှစ၍ လူ့အစိုးရများနှင့် ၎င်းတို့၏ စစ်သည်ဗိုလ်ခြေ မှန်သမျှတို့သည် ထာဝစဉ် သုတ်သင်ပယ်ရှင်း ခံရလိမ့်မည်။ အတ္တဆန်သော၊ မရိုးသားသော၊ အကျင့်ပျက်သော ဘဝပုံစံကို လိုက်စားခြင်းအားဖြင့် မိမိတို့ကိုယ်ကို ဤလောကနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်စေသူအားလုံးသည် ပယ်ရှင်းခံရလိမ့်မည်။ စာတန်နှင့် သူ၏နတ်ဆိုးတို့သည် ကမ္ဘာသူကမ္ဘာသားများနှင့် မဆက်သွယ်နိုင်အောင် ဖယ်ရှားခံရပြီး အနှစ်တစ်ထောင် လုံခြုံစွာ ချုပ်နှောင်ခံရကြလိမ့်မည်။ ထိုအခါ ဘုရားသခင့် နိုင်ငံတော်သည် ကမ္ဘာ့ရေးရာများကို အပြည့်အဝ ကိုင်တွယ်နိုင်ပေလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား မြတ်နိုးသူအပေါင်းအတွက် အမှန် စိတ်ချမ်းသာစရာ ဖြစ်ပေလိမ့်မည်တကား!—ဗျာဒိတ် ၁၈:၂၁၊ ၂၄; ၁၉:၁၁-၁၆၊ ၁၉-၂၁; ၂၀:၁၊ ၂။

နိုင်ငံတော်၏ ရည်မှန်းချက်များ —ဖြစ်မြောက်အောင်မြင်မည့်နည်းလမ်း

၁၁။ (က) ကမ္ဘာမြေကြီးအတွက် ယေဟောဝါ၏ ရည်ရွယ်ချက်ကို မေရှိယနိုင်ငံတော်က မည်သို့ ဖော်ဆောင်မည်နည်း။ (ခ) ထိုအခါ ကမ္ဘာပေါ် နေထိုင်သူတို့အတွက် နိုင်ငံတော်အုပ်ချုပ်မှုသည် အဘယ်အဓိပ္ပာယ် ရှိမည်နည်း။

၁၁ မေရှိယနိုင်ငံတော်သည် ကမ္ဘာမြေကြီးအတွက် ဘုရားသခင့် မူလရည်ရွယ်ချက်ကို အပြည့်အဝ ဖော်ဆောင်လိမ့်မည်။ (ကမ္ဘာဦး ၁:၂၈; ၂:၈၊ ၉၊ ၁၅) ယနေ့တိုင်အောင် လူသားတို့သည် ထိုရည်ရွယ်ချက်ကို ထောက်ခံရန် ပျက်ကွက်ခဲ့ကြသည်။ သို့သော် “နောင်ကပ်ကမ္ဘာ” မူကား လူ့သားဖြစ်သည့် ယေရှုခရစ်၏ လက်အောက်တွင် ချထားခံရမည်ဖြစ်သည်။ ဤစနစ်ဟောင်းအပေါ် ယေဟောဝါ၏ တရားစီရင်ခြင်းကို ကပ်ကျော်သူအပေါင်းတို့သည် တစ်ကမ္ဘာလုံးကို ပရဒိသု ဖြစ်လာစေရန် ဘုရင်မင်းမြတ် ခရစ်တော်၏ လက်အောက်တွင် စည်းလုံးစွာဖြင့် လုပ်ကိုင်ကြမည့်အပြင် ညွှန်ကြားသမျှအတိုင်း ဝမ်းမြောက်စွာ လုပ်ဆောင်ကြပေမည်။ (ဟေဗြဲ ၂:၅-၉) လူသားအပေါင်းတို့သည် မိမိတို့လုပ်ဆောင်မှု၏ အသီးအပွင့်များနှင့် မြေကြီးမှရွှေသီးကို အပြည့်အဝ ရယူခံစားကြမည်ဖြစ်သည်။—ဆာလံ ၇၂:၁၊ ၇၊ ၈၊ ၁၆-၁၉; ဟေရှာယ ၆၅:၂၁၊ ၂၂။

၁၂။ နိုင်ငံတော်၏ နိုင်ငံသားများအတွက် ကိုယ်စိတ်နှစ်ဖြာ စုံလင်ခြင်းအဖြစ် မည်သို့ ရရှိလာမည်နည်း။

၁၂ အာဒံနှင့်ဧဝ ဖန်ဆင်းခံရစဉ်က သူတို့သည် စုံလင်ကြသည့်အပြင် တစ်ကမ္ဘာလုံးကိုလည်း သူတို့၏ သားသမီးများနှင့် ပြည့်စေ၍ အားလုံး ကိုယ်စိတ်နှစ်ဖြာ စုံလင်ပြည့်ဝစေရန် ဘုရားသခင် ရည်ရွယ်တော်မူခဲ့၏။ ၎င်းရည်ရွယ်ချက်သည် နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် ထည်ဝါသောအသရေဖြင့် ပြည့်ဝလာလိမ့်မည်။ ဤသို့ပြည့်ဝလာရန် အပြစ်၏အကျိုးဆက် မှန်သမျှကို ဖယ်ရှားပစ်ရမည်ဖြစ်သောကြောင့် ခရစ်တော်သည် ရှင်ဘုရင်အနေနှင့်သာမက ယဇ်ပုရောဟိတ်မင်းကြီး အနေနှင့်ပါ ဆောင်ရွက်ရသည်။ ကိုယ်တော်သည် နာခံမှုရှိသည့် လက်အောက်ခံပြည်သူများအား မိမိ၏လူသားအသက် ပူဇော်သကာ၏ အပြစ်ဖြေလွှတ်ခြင်းအာနိသင်မှ အကျိုးကျေးဇူး ခံစားနိုင်အောင် စိတ်ရှည်စွာဖြင့် ဖေးမကူညီသွားလိမ့်မည်။

၁၃။ နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် အဘယ် ကာယဆိုင်ရာ အကျိုးကျေးဇူးများ အကောင်အထည် ပေါ်လာမည်နည်း။

၁၃ နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် ကမ္ဘာသူကမ္ဘာသားတို့သည် အံ့ချီးဖွယ်ကောင်းသော ကာယဆိုင်ရာ အကျိုးကျေးဇူးများကို ခံစားရကြမည်။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) အိုမင်းခြင်း၊ သို့မဟုတ် ရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် အသားအရေသည် သူငယ်၏ အသားအရေထက် နုဖပ်၍ နာတာရှည် ချည့်နဲ့အားနည်းခြင်းအစား အားမာန်ပြည့်ဝ ကျန်းမာသန်စွမ်းလာမည်။ “ထိုသူ၏ အသားအရေသည် သူငယ်ထက် နုဖပ်၍ ပျိုရွယ်သော နေ့ရက်များကဲ့သို့ ဖြစ်ပြန်လိမ့်မည်။” (ယောဘ ၃၃:၂၅၊ သမ) ‘ကျုပ်ဖျားနေတယ်ဗျာ’ ဟု မည်သူတစ်ဦးမျှ ပြောစရာအကြောင်း မရှိတော့သည့်တစ်နေ့ ဆိုက်ရောက်လာမည်။ အဘယ်ကြောင့်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခန့်ညားသော လူသားတို့သည် အပြစ်တရားနှင့် ယင်း၏ပြင်းထန်ဆိုးရွားသော အကျိုးဆက် ဝန်ထုပ်ဝန်ပိုးမှ လွတ်ငြိမ်းချမ်းသာရာ ရရှိသွားကြမည် ဖြစ်သောကြောင့်တည်း။ (ဟေရှာယ ၃၃:၂၄; လုကာ ၁၃:၁၁-၁၃) ဘုရားသခင်သည် “သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းလည်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ရှေးဟောင်းနှောင်းဖြစ်များသည် လွန်သွားလေပြီ။”—ဗျာဒိတ် ၂၁:၄၊ ကဘ။

၁၄။ လူ့စုံလင်ခြင်း ရယူပိုင်ဆိုင်သည်ဆိုရာ၌ အဘယ်အရာလည်း ပါဝင်သနည်း။

၁၄ သို့ရာတွင်၊ စုံလင်ခြင်းကို ရယူပိုင်ဆိုင်သည်ဆိုရာမှာ ကိုယ်စိတ် ကျန်းမာကြံ့ခိုင်ရုံလောက်နှင့် မပြည့်စုံပါ။ ကျွန်ုပ်တို့သည် “ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်း” ခံရသောကြောင့် ယေဟောဝါ၏ ဂုဏ်ရည်တော်များကို လျောက်ပတ်စွာ ရောင်ပြန်ဟပ်ရန်လည်း လိုပါသည်။ (ကမ္ဘာဦး ၁:၂၆) ဤသို့ပြုနိုင်ရန် ပညာပေးရေးအစီအစဉ် များစွာလိုအပ်သည်။ ကမ္ဘာသစ်တွင် “ဖြောင့်မတ်ခြင်းတရား တည်” မည်ဖြစ်ရာ ဟေရှာယ ကြိုဟောထားသည့်အတိုင်း “လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကို သင်ရကြ” လိမ့်မည်။ (၂ ပေတရု ၃:၁၃; ဟေရှာယ ၂၆:၉၊ သမ) ဤအရည်အသွေးသည် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမည်။ လူမျိုးအချင်းချင်း၊ ရင်းနှီးသော အပေါင်းအဖော်အချင်းချင်းနှင့် မိသားစုအတွင်း၌သာမက အရေးအကြီးဆုံးမှာ ဘုရားသခင်နှင့်ပင် ငြိမ်းချမ်းရေး ရရှိစေမည်ဖြစ်သည်။ (ဆာလံ ၈၅:၁၀-၁၃; ဟေရှာယ ၃၂:၁၇) ဖြောင့်မတ်ခြင်းတရားကို သင်ယူသူတို့သည် သူတို့အဖို့ ဘုရားသခင် ထားရှိသည့် အလိုတော်အကြောင်းကို တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပို့ချခြင်း ခံရကြမည်။ သူတို့၏ စိတ်နှလုံးထဲ၌ ယေဟောဝါကို ချစ်မြတ်နိုးသည့်မေတ္တာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာသည်နှင့်အမျှ သူတို့၏အသက်တာ ကဏ္ဍတိုင်းတွင် ကိုယ်တော်၏ နည်းလမ်းတော်များအတိုင်း လိုက်လျှောက်လာကြမည်ဖြစ်သည်။ ‘ခမည်းတော် နှစ်သက်တော်မူသော အမှုကို အခါခပ်သိမ်း ငါလုပ်ဆောင်သည်’ ဟုမိန့်တော်မူသည့် ယေရှုနည်းတူ သူတို့လည်း ပြောနိုင်ကြပေမည်။ (ယောဟန် ၈:၂၉) လူသတ္တဝါခပ်သိမ်း ထိုအတိုင်း ပြောလာနိုင်သည့်အချိန်တွင် ဘဝသည် မည်မျှပျော်စရာ ကောင်းလိုက်မည်ဖြစ်ခြင်း!

ယခုပင် ထင်ရှားပေါ်လွင်လျက်ရှိသည့် ပြီးမြောက်အောင်မြင်မှုများ

၁၅။ ဤအပိုဒ်မှ မေးခွန်းများကို အသုံးပြုလျက် နိုင်ငံတော်၏ ပြီးမြောက်အောင်မြင်မှုများကို အလေးပေးဖော်ပြ၍ ကျွန်ုပ်တို့ ယခု လုပ်သင့်လုပ်ထိုက်သော အရာများကိုဖော်ပြပါ။

၁၅ ဘုရားသခင့် နိုင်ငံတော်နှင့် ယင်းနိုင်ငံသားတို့၏ ပြောင်မြောက်လှသော ပြီးမြောက်အောင်မြင်မှုများကို အထင်းသား တွေ့မြင်နေရပါပြီ။ အောက်ပါမေးခွန်းများနှင့် ကျမ်းချက်များက ၎င်းပြီးမြောက်အောင်မြင်မှုများအနက်မှ အချို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ နိုင်ငံသားအားလုံး လုပ်သင့်လုပ်ထိုက် လုပ်နိုင်သောအရာများကိုလည်းကောင်း သတိရစေပါလိမ့်မည်–

နိုင်ငံတော်သည် ပထမဦးစွာ မည်သူ့ကို အရေးယူခဲ့သနည်း။ အဘယ်ရလဒ် ရရှိခဲ့သနည်း။ (ဗျာဒိတ် ၁၂:၇-၁၀၊ ၁၂)

ခရစ်တော် နန်းတက်သည့်အချိန်မှစ၍ အဘယ်အုပ်စု၏ ကျန်ကြွင်းသည့် အဖွဲ့ဝင်များအား စုသိမ်းခြင်းကို အာရုံစိုက်ခဲ့သနည်း။ (ဗျာဒိတ် ၁၄:၁-၃)

မဿဲ ၂၅:၃၁-၃၃ ၌ဖော်ပြထားသည့်အတိုင်း ကြီးစွာသောဒုက္ခ စတင်ပြီးနောက် အဘယ်အလုပ်ကို လုပ်ဆောင်မည်ဟု ယေရှု ကြိုဟောခဲ့သနည်း။

ယနေ့ အဘယ် ပဏာမလုပ်ငန်း ပြီးမြောက်လျက်ရှိသနည်း။ ယင်းလုပ်ငန်းတွင် မည်သူတို့ ပါဝင်နေကြသနည်း။ (ဆာလံ ၁၁၀:၃; မဿဲ ၂၄:၁၄; ဗျာဒိတ် ၁၄:၆၊ ၇)

နိုင်ငံရေးနှင့် ဘာသာရေး အတိုက်အခံများက ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်အောင် အဘယ်ကြောင့် မတတ်စွမ်းနိုင်ကြသနည်း။ (ဇာခရိ ၄:၆; တမန်တော် ၅:၃၈၊ ၃၉)

နိုင်ငံတော် အုပ်ချုပ်မှုကို လက်အောက်ခံသူတို့၏ အသက်တာတွင် အဘယ်ပြောင်းလဲမှုများ ဖြစ်ပွားခဲ့ပြီနည်း။ (ဟေရှာယ ၂:၄; ၁ ကောရိန္သု ၆:၉-၁၁)

အနှစ်တစ်ထောင်တည်တံ့မည့် နိုင်ငံတော်

၁၆။ (က) ခရစ်တော် မည်မျှကြာကြာ အုပ်ချုပ်တော်မူမည်နည်း။ (ခ) ထိုကာလအတွင်းနှင့် နောက်ပိုင်းတွင် အဘယ် အံ့ချီးဖွယ်ရာများ ဖြစ်မြောက်မည်နည်း။

၁၆ စာတန်နှင့် သူ၏နတ်ဆိုးများကို တွင်းနက်ကြီးထဲ၌ လှောင်ပိတ်ပြီးနောက် ယေရှုခရစ်နှင့် ကိုယ်တော်၏ ၁၄၄,၀၀၀ သော အမွေခံဖက်တို့သည် ရှင်ဘုရင်များအဖြစ်၊ ယဇ်ပုရောဟိတ်များအဖြစ် အနှစ်တစ်ထောင် စိုးစံကြလိမ့်မည်။ (ဗျာဒိတ် ၂၀:၆) ထိုကာလအတွင်း အပြစ်တရားနှင့် အာဒံ့သေခြင်းတို့ ထာဝစဉ် ပယ်ရှားခြင်း ခံရပြီဖြစ်သောကြောင့် လူသားတို့သည် စုံလင်လာကြပေမည်။ အနှစ်တစ်ထောင် စိုးစံခြင်းကာလ ကုန်ဆုံးချိန်၌ ယေရှုသည် မေရှိယ ရှင်ဘုရင်-ယဇ်ပုရောဟိတ် အနေနှင့် အပ်နှင်းထားသည့်တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် “ဘုရားသခင်သည် အလုံးစုံ၌ အလုံးစုံ ဖြစ်တော်မူမည်အကြောင်း” ‘နိုင်ငံတော်ကို ခမည်းတော်ထံ ပေးအပ်တော်မူမည်။’ (၁ ကောရိန္သု ၁၅:၂၄-၂၈၊ သမ္မာ) ထိုအချိန်တွင် ယေဟောဝါ၏ စကြဝဠာ အချုပ်အခြာအာဏာတော်ကို ထောက်ခံခြင်းနှင့်စပ်လျဉ်း၍ ကယ်တင်ခံရသည့် လူသတ္တဝါများကို စမ်းသပ်ရန်အတွက် စာတန်ကို ခေတ္တခဏ လွှတ်လိမ့်မည်။ ထိုနောက်ဆုံးစမ်းသပ်မှု ပြီးစီးသည့်နောက် ယေဟောဝါသည် စာတန်နှင့် သူ၏ဘက်တော်သား သူပုန်များကို ဖျက်ဆီးတော်မူမည်။ (ဗျာဒိတ် ၂၀:၇-၁၀) ယေဟောဝါ၏ အချုပ်အခြာအာဏာတော်—ကိုယ်တော်၏ အုပ်ချုပ်ပိုင်ခွင့်—ကို ထောက်ခံအားပေးသူတို့သည် မယိမ်းယိုင် မသွေဖည်သော သစ္စာစောင့်သိမှု အပြည့်အဝ ပြသကြပြီးဖြစ်လိမ့်မည်။ ထိုအခါ ဘုရားသခင်၏ သားသမီးများအဖြစ်၊ ထာဝရအသက် ရထိုက်သူများအဖြစ် လက်သင့်ခံခြင်း ခံရပြီဖြစ်ရာ သူတို့သည် ယေဟောဝါနှင့် တော်လျော်သောဆက်ဆံရေး ထူထောင်နိုင်ကြမည်ဖြစ်သည်။—ရောမ ၈:၂၁။

၁၇။ (က) အနှစ်တစ်ထောင်အဆုံး၌ နိုင်ငံတော် မည်သို့ဖြစ်သွားမည်နည်း။ (ခ) အဘယ်သဘောဖြင့် နိုင်ငံတော်သည် ဘယ်တော့မျှ “ပျက်စီးခြင်းသို့ မရောက်” သနည်း။

၁၇ ထို့ကြောင့် ကမ္ဘာမြေကြီးနှင့် ပတ်သက်၍ ယေရှုကိုယ်တော်တိုင်၏ အခန်းကဏ္ဍနှင့် ၁၄၄,၀၀၀ တို့၏ အခန်းကဏ္ဍတို့သည် ပြောင်းလဲသွားပေမည်။ ၎င်းနောက် အနာဂတ်တွင် သူတို့ အဘယ်အရာများ လုပ်ဆောင်ကြမည်နည်း။ သမ္မာကျမ်းစာက လုံးဝပြောမထားချေ။ သို့ရာတွင် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ကျွန်ုပ်တို့ သစ္စာရှိစွာ ထောက်ခံကြမည်ဆိုလျှင် အနှစ်တစ်ထောင် အုပ်စိုးခြင်းအချိန် ကုန်ဆုံးချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြမည်ဖြစ်ရာ သူတို့အတွက်သာမက စိုးရွံ့ဖွယ်ကောင်းသော စကြဝဠာကြီးအတွက်ပါ ယေဟောဝါ အဘယ်ရည်ရွယ်ချက် ထားရှိသည်ကို သိရှိရပါလိမ့်မည်။ သို့သော် ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးခွင့်အာဏာတော်သည် “နိစ္စထာဝရတည်လျက် နိုင်ငံတော်လည်း ပျက်စီးခြင်းသို့” ရောက်မည်မဟုတ်။ (ဒံယေလ ၇:၁၄၊ ကဘ) အဘယ်သဘောဖြင့်နည်း။ တစ်ချက်အနေနှင့် ယေဟောဝါသည် မင်းအဖြစ် ဆက်လက်အုပ်ချုပ်မည်ဖြစ်သောကြောင့် အုပ်ချုပ်ရေးအာဏာသည် ခြားနားသော ဦးတည်ချက်ရှိသည့် အခြားလူတို့၏လက်သို့ ရောက်ရှိသွားမည်မဟုတ်။ ၎င်းပြင်၊ နိုင်ငံတော်၏ အောင်မြင်ဖြစ်မြောက်မှုများသည် ထာဝစဉ် တည်တံ့သွားမည်ဖြစ်သောကြောင့် နိုင်ငံတော်သည် မည်သည့်အခါမျှ “ပျက်စီးခြင်းသို့ မရောက်” ရခြင်းဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) မေရှိယ ဘုရင်-ယဇ်ပုရောဟိတ်နှင့် အပေါင်းပါ ဘုရင်-ယဇ်ပုရောဟိတ်တို့သည် ယေဟောဝါ၏ အမှုတော်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့ခြင်းအတွက် ထာဝစဉ် ဂုဏ်ပြုချီးမွမ်းခြင်း ခံရကြလတ္တံ့။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ဘုရားသခင့် နိုင်ငံတော်သည် လူသားတို့၏ ပြဿနာအတွက် တစ်ခုတည်းသော ဖြေရှင်းနည်း အဘယ်ကြောင့်ဖြစ်သနည်း။ ဘုရားသခင့် နိုင်ငံတော်၏ ရှင်ဘုရင်သည် အဘယ်အချိန်၌ စတင် အုပ်ချုပ်ခဲ့သနည်း။

• ဘုရားသခင့် နိုင်ငံတော်နှင့်စပ်လျဉ်းသည့် အဘယ်အရာသည် သင့်အတွက် အထူးနှစ်သက်စရာ ဖြစ်သနည်း။ ၎င်းသည် အဘယ်အရာကို အထမြောက်အောင်မြင် စေမည်နည်း။

• နိုင်ငံတော်၏ အဘယ် ဖြစ်မြောက်အောင်မြင်မှုများကို ယခုပင် တွေ့မြင်နေရပြီနည်း။ ၎င်းတို့တွင် ကျွန်ုပ်တို့ အဘယ်အပိုင်း၌ ပါဝင်ကြသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ