အခန်း ၂၂
လိမ်မပြောသင့်တဲ့ အကြောင်းရင်း
မိန်းကလေးတစ်ယောက်က သူ့မေမေကို “ဟုတ်ကဲ့၊ ကျောင်းဆင်းဆင်းချင်း အိမ်ကို တန်းပြန်လာပါ့မယ်” ဆိုပြီး ကတိပေးတယ် ဆိုပါတော့။ ဒါပေမဲ့ ကျောင်းဆင်းတော့ သူငယ်ချင်းတွေနဲ့ ကစားဖို့ နေခဲ့ပြီးမှ “ကျောင်းဆင်းတော့ ဆရာမက ခေါ်ထားလို့ပါ” ဆိုပြီး သူ့မေမေကို ပြန်ပြောတယ်။ ဒီလိုပြောတာ ကောင်းပါ့မလား။—
ဒီကောင်လေး ဘာအမှား လုပ်မိသလဲ
ယောက်ျားလေးတစ်ယောက်က သူ့ဖေဖေကို “အိမ်ထဲမှာ ဘောလုံး မကစားပါဘူး” ဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကစားမိတယ်ဆိုရင်ကော။ မကစားပါဘူးလို့ ပြောတာ မှားတယ် မဟုတ်လား။—
ကြီးမြတ်တဲ့ဆရာက လုပ်သင့်လုပ်ထိုက်တာကို ပြသွားခဲ့တယ်။ “ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး၊ ဒါပဲ ပြောပါ။ ဒီထက်ပိုတဲ့စကားဟာ ဆိုးညစ်သူဆီက လာတာပဲ” ဆိုပြီး ပြောခဲ့တယ်။ (မဿဲ ၅:၃၇) ယေရှု ဘာကို ဆိုလိုသလဲ။— တို့တစ်တွေ ပြောရင် ပြောတဲ့အတိုင်း လုပ်ရမယ်လို့ ဆိုလိုတာ။
မှန်တဲ့စကား ပြောဖို့ ဘယ်လောက် အရေးကြီးမှန်း ဖော်ပြတဲ့ ပုံပြင်တစ်ပုဒ် ကျမ်းစာမှာ ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယေရှုရဲ့ တပည့်လို့ဆိုတဲ့ လူနှစ်ယောက်အကြောင်းပဲ။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ကြည့်ကြရအောင်။
ယေရှု သေဆုံးပြီး နှစ်လ မပြည့်ခင်မှာ ပင်တေကုတ္တေလို့ခေါ်တဲ့ ဂျူးတွေရဲ့ အရေးကြီးတဲ့ပွဲ တက်ရောက်ဖို့ ဂျေရုဆလင်မြို့ကို အဝေးကြီးကနေ လူအများကြီး ရောက်လာကြတယ်။ တမန်တော်ပေတရုက ထူးခြားတဲ့ ဟောပြောချက်တစ်ခု ဟောတယ်။ အဲဒီဟောပြောချက်ထဲမှာ ယေရှုကို သေရာကနေ ယေဟောဝါ ရှင်ပြန်ထမြောက်စေခဲ့တဲ့အကြောင်း ပရိသတ်ကို ပြောပြတယ်။ ဂျေရုဆလင်မြို့ကို ရောက်လာတဲ့ လူအများစုအနေနဲ့ ယေရှုအကြောင်း ပထမဆုံးအကြိမ် သိလိုက်ရတာပါ။ ဒီတော့ ပိုသိချင်ကြတယ်။ ဒါနဲ့ ဘာလုပ်ကြသလဲ။
သူတို့ဟာ မှန်းထားတာထက် ဂျေရုဆလင်မြို့မှာ ပိုကြာကြာ နေရကြတယ်။ နည်းနည်းကြာတော့ တချို့ ငွေကုန်သွားတယ်။ အဲဒီတော့ အစားအစာ ဝယ်ဖို့ အကူအညီ လိုအပ်လာတယ်။ ဂျေရုဆလင်မြို့မှာရှိတဲ့ တပည့်တွေက အဲဒီ ဧည့်သည်တွေကို ကူညီပေးချင်ကြတယ်။ ဒါကြောင့် သူတို့ပိုင်တဲ့ ဥစ္စာတွေကို ရောင်းချပြီး ရတဲ့ငွေကို ယေရှုရဲ့ တမန်တော်တွေဆီ ယူလာကြတယ်။ တမန်တော်တွေကလည်း လိုအပ်တဲ့လူတွေကို ငွေတွေ ဝေပေး ကြတယ်။
ဂျေရုဆလင်မြို့မှာရှိတဲ့ ခရစ်ယာန်အသင်းသား အာနနိနဲ့ ရှဖိရေတို့ ဇနီးမောင်နှံလည်း ကိုယ်ပိုင်လယ်တစ်ကွက်ကို ရောင်းလိုက်ကြတယ်။ ဘယ်သူကမှ ရောင်းခိုင်းတာ မဟုတ်ဘူး။ သူတို့သဘောနဲ့ သူတို့ ရောင်းလိုက်တာ။ ဒါပေမဲ့ ယေရှုရဲ့ တပည့်သစ်တွေကို ချစ်လို့ အဲဒီလိုရောင်းလိုက်တာ မဟုတ်ဘူး။ တကယ်တော့ အာနနိနဲ့ ရှဖိရေတို့ဟာ လူတွေ အထင်ကြီးတာကို လိုချင်ကြတာ။ ဒါနဲ့ လူတွေကို ကူညီပေးဖို့ ရောင်းရငွေအားလုံး ပေးပါတယ်လို့ ပြောဖို့ ဆုံးဖြတ်ကြတယ်။ တချို့လောက်ပဲ ပေးပြီး အားလုံးပေးတယ်လို့ သွားပြောမလို့လေ။ ကလေးတို့ ဘယ်လို ယူဆသလဲ။—
အာနနိက တမန်တော်တွေကို လာတွေ့ပြီး သူတို့ကို ငွေတွေပေးတယ်။ ငွေအားလုံး မပေးဘူးဆိုတာ ဘုရားသခင်က သိတာပေါ့။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အာနနိ မရိုးသားဘူးဆိုတာကို တမန်တော် ပေတရုကို ဘုရားသခင် အသိပေးလိုက်တယ်။
အာနနိက ပေတရုကို ဘာလိမ်ပြောနေသလဲ
ဒါနဲ့ ပေတရုက ‘အာနနိ၊ စာတန် လွှမ်းမိုးတာကို ခံပြီး ဘာလို့ လှည့်စားတာလဲ။ အဲဒီမြေဟာ ခင်ဗျားပိုင်တဲ့မြေပဲ မဟုတ်လား။ ရောင်းချဖို့ မလိုဘူး။ ရောင်းလိုက်ပြီဆိုရင်လည်း ငွေကို ဘယ်လို သုံးမယ်ဆိုတာ ခင်ဗျားသဘောပဲ။ ငွေတချို့ပဲ ပေးပြီး ဘာကြောင့် အကုန်လုံး ပေးတယ်လို့ ဟန်ဆောင်သလဲ။ ဒါ ကျွန်တော်တို့ကိုပဲ လိမ်တာ မဟုတ်ဘူး။ ဘုရားသခင်ကို လိမ်တာပဲ’ ဆိုပြီး ပြောလိုက်တယ်။
ဒီကိစ္စ သိပ်အရေးကြီးတယ်။ အာနနိ လိမ်ပြောနေတာ။ ပြောတဲ့အတိုင်း မလုပ်ဘူး။ သက်သက်ဟန်ဆောင်နေတာ။ နောက်ဘာဆက်ဖြစ်သလဲဆိုတာ ကျမ်းစာက ပြောပြတယ်။ ‘ပေတရုရဲ့ စကားကိုလည်း ကြားရော အာနနိ လဲကျပြီး သေဆုံးသွားတယ်။’ အာနနိကို ဘုရားသခင်က သေဒဏ်ပေးလိုက်တယ်လေ။ နောက်တော့ သူ့အလောင်းကို အပြင်ထုတ်ပြီး သင်္ဂြိုဟ်လိုက်ကြတယ်။
လိမ်ပြောတဲ့အတွက် အာနနိ ဘာဖြစ်သွားသလဲ
သုံးနာရီလောက် ကြာပြီးတဲ့နောက် ရှဖိရေ ရောက်လာတယ်။ သူ့ယောက်ျား ဘာဖြစ်သွားမှန်း မသိသေးဘူး။ ဒါနဲ့ ပေတရုက “ပြောပါဦး။ ခင်ဗျားတို့လင်မယား မြေကွက်ရောင်းတာ ငွေဒီလောက်ပဲ ရတာလား” ဆိုပြီး မေးတယ်။
ရှဖိရေက ‘ဟုတ်ပါတယ်။ ဒီလောက်ပါပဲ’ လို့ ဖြေလိုက်တယ်။ ဒါ လိမ်ပြောနေတာ။ လယ်ရောင်းလို့ရတဲ့ ငွေတချို့တစ်ဝက်ကို ဖယ်ထားပြီးသား။ ဒါနဲ့ ဘုရားသခင်က ရှဖိရေကိုလည်း သေဒဏ်ပေးလိုက်တယ်။—တမန်တော် ၅:၁-၁၁။
အာနနိနဲ့ ရှဖိရေတို့ရဲ့ ဖြစ်ရပ်ကနေ တို့တစ်တွေ ဘာသင်ခန်းစာ ယူနိုင်သလဲ။— ဘုရားသခင်ဟာ လိမ်ပြောတာကို မကြိုက်ဘူး ဆိုတာပါပဲ။ အမြဲတမ်း မှန်တဲ့စကားကိုပဲ ပြောစေချင်တယ်။ ဒါပေမဲ့ လူအတော်များများက လိမ်ပြောတာကို အဆိုးလို့ မမြင်ကြဘူး။ ဒီလူတွေ မှန်တယ်လို့ ကလေးတို့ ထင်သလား။— ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ဖျားခြင်း၊ နာခြင်း၊ သေခြင်း အားလုံးဟာ လိမ်ပြောတဲ့စကား တစ်ခွန်းကြောင့် ဖြစ်လာတယ်ဆိုတာ ကလေးတို့ သိကြသလား။—
ပထမဆုံး လိမ်လည်တဲ့စကားကို ဘယ်သူ ပြောခဲ့တယ်လို့ ယေရှု ပြောသလဲ။ ဘာအကျိုးဆက်တွေ ဖြစ်လာသလဲ
ပထမ လူမိန်းမ ဧဝကို မာရ်နတ် လိမ်ပြောခဲ့တာ သတိရကြနော်။ ဘုရားသခင့်စကားနားမထောင်ဘဲ မစားနဲ့လို့ ဘုရားသခင် ပြောထားတဲ့အသီးကို စားမယ်ဆိုရင် ဧဝ သေမှာမဟုတ်ဘူးလို့ မာရ်နတ် ပြောခဲ့တယ်လေ။ ဧဝက မာရ်နတ်ကို ယုံပြီး အသီး စားလိုက်တယ်။ ဧဝက အာဒံကိုလည်း စားအောင် လုပ်နိုင်ခဲ့တယ်။ ဒီတော့ သူတို့ဟာ အပြစ်သားတွေ ဖြစ်သွားကြတယ်။ အာဒံရဲ့ သားသမီးအားလုံးလည်း ဒုက္ခရောက်ပြီး သေကြရတယ်။ ဒီဆင်းရဲဒုက္ခအားလုံး ဘယ်လို စခဲ့သလဲ။— လိမ်ပြောတဲ့စကား တစ်ခွန်းက စခဲ့တာပဲ။
ဒါကြောင့်မို့လို့ ယေရှုက မာရ်နတ်ကို “မုသားပြောသူ၊ မုသားရဲ့အဖ” လို့ပြောခဲ့တာကိုး။ မာရ်နတ်ဟာ ပထမဦးဆုံး လိမ်လည်ပြောဆိုသူ ဖြစ်တယ်။ တစ်ယောက်ယောက်က လိမ်လည်ပြောရင် အဲဒီလူဟာ မာရ်နတ် ဦးဆုံး လုပ်ခဲ့တဲ့အတိုင်း လိုက်လုပ်နေတာပဲ။ တို့တစ်တွေလည်း လိမ်ပြောချင်တဲ့စိတ် ပေါ်လာပြီဆိုရင် ဒီအကြောင်းကို သတိရသင့်တယ်။—ယောဟန် ၈:၄၄။
ကလေးတို့ လိမ်ပြောချင်တဲ့စိတ် ဘယ်အချိန်မှာ ပေါ်လာတတ်သလဲ။— အမှားတစ်ခုခု လုပ်မိတဲ့အခါမျိုးမှာ မဟုတ်လား။— ကလေးတို့က မရည်ရွယ်ဘဲ ပစ္စည်းတစ်ခုခု ခွဲလိုက်မိတယ် ဆိုပါတော့။ အမေးခံရတဲ့အခါမှာ ညီလေး လုပ်တာ၊ ညီမလေး လုပ်တာလို့ ပြောသင့်သလား။ ဒါမှမဟုတ် မသိသလိုလို ဟန်ဆောင်နေသင့်သလား။—
ဘယ်လိုအခါမျိုးမှာ ကလေးတို့ လိမ်ပြောချင်စိတ် ဖြစ်လာနိုင်သလဲ
ကလေးတို့ရဲ့ အိမ်စာကို တချို့တစ်ဝက်လောက်ပဲ လုပ်ပြီးတယ်ဆိုရင်ကော။ အားလုံးမပြီးဘဲ ပြီးတယ်လို့ ပြောသင့်သလား။— အာနနိနဲ့ ရှဖိရေတို့ကို သတိရသင့်တယ်။ သူတို့က မှန်တဲ့စကား အကုန်လုံး မပြောဘူး။ အဲဒါ ဘယ်လောက် ဆိုးတယ်ဆိုတာ ပြတဲ့အနေနဲ့ ဘုရားသခင်က သူတို့ကို သေဒဏ်ပေးခဲ့တယ်။
ဒါကြောင့် တို့တစ်တွေ ဘာပဲလုပ်လုပ်၊ လိမ်ပြောမယ်ဆိုရင် အခြေအနေ ပိုဆိုးသွားစေမယ်။ ပြီးတော့ မမှန်တစ်ဝက် မှန်တစ်ဝက် စကားမျိုးလည်း မပြောသင့်ဘူး။ ကျမ်းစာက “မှန်တဲ့စကားကိုပဲ ပြောကြပါ” လို့ ဆိုထားတယ်။ ပြီးတော့ “အချင်းချင်း မလိမ်ကြနဲ့” လို့လည်း ဆိုထားသေးတယ်။ ယေဟောဝါက အမြဲတမ်း မှန်တဲ့စကားကို ပြောတဲ့အတွက် တို့တစ်တွေကိုလည်း အမြဲတမ်း မှန်တဲ့စကားပဲ ပြောစေချင်တယ်။—ဧဖက် ၄:၂၅။ ကောလောသဲ ၃:၉။
မှန်တဲ့စကားကို တို့တစ်တွေ အမြဲပြောသင့်တယ်။ ထွက်မြောက်ရာ ၂၀:၁၆။ ပညာအလိမ္မာ ၆:၁၆-၁၉။ ၁၂:၁၉။ ၁၄:၅။ ၁၆:၆။ ဟီဘရူး ၄:၁၃ တို့မှာ ဒီအချက်ကို အလေးအနက် ဖော်ပြထားတယ်။