အမှန်တရားကို သင်သိလိုပါသလော
မည်သည့်အရာနှင့်ပတ်သက်သော အမှန်တရားနည်း။ လူသားတို့ မေးမြန်းခဲ့ဖူးသည့် အရေးကြီးဆုံး မေးခွန်းတချို့နှင့်ပတ်သက်၏။ ဤကဲ့သို့သောမေးခွန်းများကို သင်မေးကောင်း မေးခဲ့ပေမည်–
ကျွန်ုပ်တို့ကို ဘုရားသခင် အမှန်တကယ် ဂရုစိုက်ပါသလော။
စစ်နှင့်ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်ပါမည်လော။
ကျွန်ုပ်တို့သေဆုံးသောအခါ ဘာဖြစ်သွားသနည်း။
သေလွန်သူတို့အတွက် မျှော်လင့်ချက်ရှိပါသလော။
ဘုရားသခင်၏နားညောင်းမှုကိုခံရရန် မည်သို့ဆုတောင်းနိုင်သနည်း။
ပျော်ရွှင်သောဘဝအသက်တာကို မည်သို့ရှာတွေ့နိုင်သနည်း။
အဆိုပါမေးခွန်းများ၏ အဖြေများကို မည်သည့်နေရာတွင် သင်ရှာဖွေမည်နည်း။ စာကြည့်တိုက်များ သို့မဟုတ် စာအုပ်ဆိုင်များသို့ သင် သွားခဲ့သည်ဆိုလျှင် အဖြေများပါရှိသည်ဟုဆိုသောစာအုပ် ထောင်ပေါင်းများစွာကို သင်တွေ့ရပေမည်။ သို့သော် စာအုပ်တစ်အုပ်နှင့်တစ်အုပ်မှာ ဆန့်ကျင်ကွဲလွဲလေ့ရှိ၏။ အချို့သောစာအုပ်များသည် လောလောဆယ်တွင် ကျိုးကြောင်းညီညွတ်ပုံပေါက်သော်လည်း မကြာမီအတွင်း ခေတ်နောက်ကျသွားပြီး ပြင်ဆင်တည်းဖြတ်ခံလိုက်ရ သို့မဟုတ် အစားထိုးခံလိုက်ရသည်။
သို့သော် ယုံကြည်စိတ်ချရသော အဖြေများပါရှိသည့် စာအုပ်တစ်အုပ်ရှိပါသည်။ ယင်းသည် အမှန်တရားနှင့်ဆိုင်သည့် စာအုပ်တစ်အုပ်ဖြစ်၏။ ဘုရားသခင်ထံ ယေရှုခရစ်ဆုတောင်းရာတွင် “အဖရဲ့ တရားစကားဟာ အမှန်တရားဖြစ်ပါတယ်” ဟူ၍ မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၇:၁၇) ယနေ့ ၎င်းတရားစကားကို သမ္မာကျမ်းစာအဖြစ် ကျွန်ုပ်တို့သိထားကြ၏။ နောက်စာမျက်နှာများတွင် အထက်ပါမေးခွန်းများအတွက် ရှင်းလင်း၍ မှန်ကန်သော ကျမ်းစာအဖြေအချို့ကို သင်ရရှိပါလိမ့်မည်။
ကျွန်ုပ်တို့ကို ဘုရားသခင် အမှန်တကယ် ဂရုစိုက်ပါသလော။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– ကျွန်ုပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုတို့ ပြည့်နှက်နေသည့်လောကတွင် အသက်ရှင်နေထိုင်ကြရသည်။ ဘာသာတရားအချို့က ကျွန်ုပ်တို့ ကြုံတွေ့ခံစားနေရသော ဆင်းရဲခက်ခဲမှုများသည် ဘုရားသခင့်အလိုတော်ကြောင့်ဖြစ်သည်ဟု သွန်သင်ကြ၏။
သမ္မာကျမ်းစာသွန်သင်ရာ– ဘုရားသခင်သည် ဆိုးသွမ်းမှုကို မည်သည့်အခါကမျှ ဖြစ်ပေါ်စေတော်မမူခဲ့ချေ။ “စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး” ဟုယောဘ ၃၄:၁၀ တွင်ဆို၏။ ဘုရားသခင်၌ လူသားတို့အတွက် မေတ္တာပါသောရည်ရွယ်ချက်တစ်ခုရှိတော်မူ၏။ ထို့ကြောင့်လည်း ယေရှုက “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ . . . အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဟုဆုတောင်းကြရန် ကျွန်ုပ်တို့ကို သွန်သင်ခဲ့၏။ (မဿဲ ၆:၉၊ ၁၀) ဘုရားသခင်သည် ကျွန်ုပ်တို့ကို အလွန်ဂရုစိုက်တော်မူသည်ဖြစ်ရာ မိမိ၏ရည်ရွယ်တော်မူချက် သေချာပေါက် ပြည့်စုံရန် အစွမ်းကုန် လုပ်ဆောင်တော်မူခဲ့ပြီ။—ယောဟန် ၃:၁၆။
ကမ္ဘာဦး ၁:၂၆-၂၈; ယာကုပ် ၁:၁၃; နှင့် ၁ ပေတရု ၅:၆၊ ၇ တို့ကိုလည်းရှု။
စစ်နှင့်ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်ပါမည်လော။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– စစ်သည် မရေမတွက်နိုင်အောင် များပြားလှသည့် လူတို့၏အသက်ကို ဆက်လက်တောင်းဆိုနေသည်။ ဆင်းရဲခက်ခဲမှုများကြောင့် ကျွန်ုပ်တို့အားလုံး ထိခိုက်နာကျင်ခဲ့ကြရပြီ။
သမ္မာကျမ်းစာသွန်သင်ရာ– ကမ္ဘာမြေကြီးတစ်ခွင်လုံး ငြိမ်းချမ်းလာမည့်အချိန်တစ်ချိန်ကို ဘုရားသခင် တင်ကူးမိန့်တော်မူခဲ့၏။ ကမ္ဘာမြေကြီးကို ဘုရားသခင် စတင်အုပ်ချုပ်သည့်အခါ လူတို့သည် “စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး။” ယင်းအစား သူတို့သည် “ဓားကို ထယ်သွားဖြစ်အောင် ထုလုပ်” ကြပါလိမ့်မည်။ (ဟေရှာယ ၂:၄) ဘုရားသခင်သည် မတရားမှုနှင့် ဆင်းရဲခက်ခဲမှုအားလုံးကို အဆုံးတိုင်စေတော်မူမည်။ သမ္မာကျမ်းစာက ဤသို့ကတိပြု၏– “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းတာ၊ အော်ဟစ်တာ၊ နာကျင်တာတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ [ယနေ့ခေတ် မတရားမှုများနှင့် ဆင်းရဲခက်ခဲမှုများအပါအဝင်] အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၃၊ ၄။
ဆာလံ ၃၇:၁၀၊ ၁၁; ၄၆:၉ နှင့် မိက္ခာ ၄:၁-၄ တို့ကိုလည်းရှု။
ကျွန်ုပ်တို့ သေဆုံးသောအခါ ဘာဖြစ်သွားသနည်း။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– ကမ္ဘာ့ဘာသာတရားအများစုက လူသေပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ တစ်စုံတစ်ရာသည် ဆက်လက်အသက်ရှင်နေသည်ဟု သွန်သင်ကြသည်။ အချို့သောသူတို့က သေလွန်သူတို့သည် အသက်ရှင်နေသူတို့ကို အန္တရာယ်ပြုနိုင်ကြောင်း၊ ဘုရားသခင်သည် လူဆိုးများကို မီးငရဲထဲတွင် ထာဝစဉ်ညှဉ်းဆဲခြင်းဖြင့် ပြစ်ဒဏ်ပေးကြောင်း ယုံကြည်ကြသည်။
သမ္မာကျမ်းစာသွန်သင်ရာ– လူသားတို့ သေဆုံးသွားသောအခါ မတည်ရှိတော့ချေ။ “သေလွန်သူကတော့ ဘာမှမသိဘူး” ဟုဒေသနာ ၉:၅ ကဆို၏။ သေလွန်သူတို့သည် အဘယ်အရာကိုမျှ သိရှိခံစားခြင်း၊ တွေ့ကြုံခြင်း မပြုနိုင်သည်ဖြစ်ရာ သူတို့သည် အသက်ရှင်နေသူတို့ကို အန္တရာယ်လည်းမပြုနိုင်၊ အကူအညီလည်းမပေးနိုင်ကြချေ။—ဆာလံ ၁၄၆:၃၊ ၄။
ကမ္ဘာဦး ၃:၁၉ နှင့် ဒေသနာ ၉:၆၊ ၁၀ ကိုလည်းရှု။
သေလွန်သူတို့အတွက် မျှော်လင့်ချက်ရှိပါသလော။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– ကျွန်ုပ်တို့သည် အသက်ရှင်လိုကြသည်၊ ကျွန်ုပ်တို့ ချစ်မြတ်နိုးရသူများနှင့်အတူ ဘဝကို ပျော်မွေ့လိုကြ၏။ သေလွန်သွားသော ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများကို ပြန်တွေ့လိုခြင်းသည် သဘာဝပင်ဖြစ်၏။
သမ္မာကျမ်းစာသွန်သင်ရာ– သေလွန်သောသူ အများစုသည် ရှင်ပြန်ထမြောက်လာကြလိမ့်မည်။ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး . . . ထွက်လာ” ကြလိမ့်မည်ဟု ယေရှုကတိပြုတော်မူခဲ့၏။ (ယောဟန် ၅:၂၈၊ ၂၉) ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့်အညီ လူသားများအဖြစ် ရှင်ပြန်ထမြောက်လာကြသူတို့သည် သာယာလှပသည့် ကမ္ဘာမြေကြီးပေါ် အသက်ရှင်နေထိုင်ခွင့် ရကြပါလိမ့်မည်။ (လုကာ ၂၃:၄၃) ကတိပြုထားသော ဤအနာဂတ်တွင် နာခံမှုရှိသည့်လူသားများအတွက် ကျန်းမာရေးဒေါင်ဒေါင်မြည်ခြင်းနှင့် ထာဝစဉ်အသက်ရှင်ခြင်းတို့ပါဝင်သည်။ သမ္မာကျမ်းစာက “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီး ထာဝစဉ် နေထိုင်ရလိမ့်မယ်” ဟုဆို၏။—ဆာလံ ၃၇:၂၉။
ယောဘ ၁၄:၁၄၊ ၁၅; လုကာ ၇:၁၁-၁၇; နှင့် တမန်တော် ၂၄:၁၅ တို့ကိုလည်းရှု။
ဘုရားသခင်၏နားညောင်းမှုကိုခံရရန် မည်သို့ဆုတောင်းနိုင်သနည်း။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– ဘာသာတရားအားလုံးမှ လူတိုင်းနီးပါး ဆုတောင်းကြသည်။ သို့သော် လူများစွာက မိမိတို့၏ဆုတောင်းချက်များ ဖြေကြားမခံရဟု ခံစားကြရသည်။
သမ္မာကျမ်းစာသွန်သင်ရာ– ကျွန်ုပ်တို့ဆုတောင်းရာတွင် ပုံသေသတ်မှတ်ထားသော စကားလုံးများကို ထပ်ခါတလဲ မရွတ်ဆိုရန် ယေရှု သွန်သင်ပေးခဲ့၏။ “ဆုတောင်းတဲ့အခါ . . . အကြောင်းအရာ တစ်မျိုးတည်းကို အထပ်ထပ် မရွတ်ပါနဲ့” ဟုကိုယ်တော် မိန့်ဆိုခဲ့သည်။ (မဿဲ ၆:၇) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဘုရားသခင်အား နားထောင်စေလိုလျှင် ကိုယ်တော်နှစ်သက်လက်ခံသည့်နည်းဖြင့် ဆုတောင်းရမည်။ ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်မှာ အဘယ်အရာဖြစ်ကြောင်း သိဖို့လိုပြီး ယင်းနှင့်အညီ ဆုတောင်းရမည်။ ယောဟန် ပထမစောင် ၅:၁၄ က ဤသို့ရှင်းပြသည်– “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်။”
ဆာလံ ၆၅:၂; ယောဟန် ၁၄:၆၊ ၁၄; နှင့် ၁ ယောဟန် ၃:၂၂ တို့ကိုလည်းရှု။
ပျော်ရွှင်သောဘဝအသက်တာကို မည်သို့ရှာတွေ့နိုင်သနည်း။
ယင်းမေးခွန်း ပေါ်ပေါက်ရသည့်အကြောင်း– လူများစွာက ငွေ၊ အောင်မြင်ကျော်ကြားမှု သို့မဟုတ် လှပမှုသည် မိမိတို့အား ပျော်ရွှင်စေမည်ဟု ယူမှတ်ကြသည်။ သို့နှင့် သူတို့မရရှိသည့် ပျော်ရွှင်မှုကို ရှာတွေ့ရန်အလို့ငှာ ယင်းအရာများနောက် တကောက်ကောက်လိုက်ကြ၏။
သမ္မာကျမ်းစာသွန်သင်ရာ– ပျော်ရွှင်မှုအတွက် အဓိကကျသောအရာကို ယေရှု ဤသို့ခွဲခြားဖော်ပြခဲ့သည်– “ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။” (မဿဲ ၅:၃) ကျွန်ုပ်တို့အတွက် အလိုအပ်ဆုံးအရာဖြစ်သည့် ဘုရားသခင်နှင့် ကျွန်ုပ်တို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို သိရှိလိုသောဆန္ဒအား ဖြည့်ဆည်းရန် အစပြုလုပ်ဆောင်မည်ဆိုလျှင် စစ်မှန်သောပျော်ရွှင်မှုကို တွေ့ရှိနိုင်ပါသည်။ ယင်းအမှန်တရားကို သမ္မာကျမ်းစာ၌ တွေ့ရှိနိုင်၏။ ယင်းအမှန်တရားကို သိရှိထားခြင်းက အမှန်တကယ် အရေးကြီးသောအရာနှင့် အရေးမကြီးသောအရာတို့ကို ပိုင်းခြားသိမြင်ရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များကို သမ္မာကျမ်းစာအား လမ်းညွှန်စေခွင့်ပြုခြင်းက သာ၍အဓိပ္ပာယ်ပြည့်ဝသော ဘဝအသက်တာကို ရရှိစေသည်။—လုကာ ၁၁:၂၈။
သုတ္တံ ၃:၅၊ ၆၊ ၁၃-၁၈ နှင့် ၁ တိမောသေ ၆:၉၊ ၁၀ တို့ကိုလည်းရှု။
ဖော်ပြထားရာများသည် မေးခွန်းခြောက်ခုအတွက် ကျမ်းစာအဖြေများကို အတိုချုပ်လေ့လာကြည့်ခြင်းမျှသာဖြစ်၏။ ယင်းထက်မက သင်ပိုမိုသိလိုပါသလော။ သင်သည် “ဘုရားသခင်ကို မှီခိုဖို့လိုအပ်မှန်း သိမြင်သူတွေ” အဝင်ဖြစ်ပါက သိလိုမည်မှာ သေချာပါသည်။ ‘ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်သည်ဆိုလျှင် သမိုင်းတစ်လျှောက် ဤမျှများပြားသော ဆိုးသွမ်းမှုနှင့် ဆင်းရဲခက်ခဲမှုကို ကိုယ်တော် အဘယ်ကြောင့် ဖြစ်ခွင့်ပြုထားရသနည်း။ ကျွန်ုပ်၏မိသားစုဘဝ အရည်အသွေးကို မည်သို့တိုးတက်စေနိုင်သနည်း’ အစရှိသည့် အခြားမေးခွန်းများနှင့်ပတ်သက်၍လည်း သင် သိလိုပေမည်။ ယင်းမေးခွန်းများနှင့် အခြားမေးခွန်းများစွာအတွက် ပြည့်စုံ၍ စိတ်ကျေနပ်ဖွယ်ကောင်းသောအဖြေများကို သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
သို့သော် ယနေ့ခေတ် လူများစွာသည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာရန် တွန့်ဆုတ်ကြ၏။ သမ္မာကျမ်းစာသည် ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခါတစ်ရံ နားလည်ရခက်သည်ဟု သူတို့ရှုမြင်ကြ၏။ သင်သည် ကျမ်းစာအဖြေများကို တွေ့ရှိရန် အကူအညီလိုပါသလော။ ယေဟောဝါသက်သေများသည် သင့်အား ကူညီပေးနိုင်သော ကိရိယာနှစ်ခုကို ပြင်ဆင်ပေးထားပါသည်။
အရေးကြီးသောမေးခွန်းများအတွက် သမ္မာကျမ်းစာ၏ ရှင်းလင်းသောအဖြေများကို ဆန်းစစ်ရန် ပထမကိရိယာဖြစ်သော သမ္မာကျမ်းစာ သွန်သင်ရာများ ဟူသည့်စာအုပ်ကို အလုပ်များသူတို့အတွက် ပြင်ဆင်ပေးထားသည်။ ဒုတိယကိရိယာမှာ အခမဲ့အစီအစဉ်ဖြစ်သော အိမ်တွင်းကျမ်းစာသင်အံမှုဖြစ်သည်။ အခမဲ့ကျမ်းစာသင်ပေးနိုင်သော အရည်အချင်းရှိ ယေဟောဝါသက်သေတစ်ဦးသည် သင့်အိမ် သို့မဟုတ် အဆင်ပြေသော တစ်နေရာရာသို့ ရောက်လာကာ သင်နှင့်အတူ ကျမ်းစာဆွေးနွေးရန် အပတ်စဉ် အချိန်အနည်းငယ် အသုံးပြုနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် ဤအစီအစဉ်မှ အကျိုးရရှိခဲ့ကြပြီ။ ယင်းတို့အထဲမှ များစွာသောသူတို့က “အမှန်တရားကို ရှာတွေ့ပြီ” ဟူ၍ ကျေနပ်အားရစွာ ကောက်ချက်ချခဲ့ကြပြီ။
ရှာတွေ့နိုင်သည့် အဖိုးထိုက်သော အခြားဘဏ္ဍာမရှိပါ။ ကျမ်းစာအမှန်တရားသည် ကျွန်ုပ်တို့အား အယူသီးမှု၊ စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ထိတ်လန့်မှုတို့မှ လွတ်မြောက်စေသည်။ ယင်းသည် ကျွန်ုပ်တို့အား မျှော်လင့်ချက်ပေးသည်၊ ရည်ရွယ်ချက်ရှိစေသည်၊ ရွှင်လန်းဝမ်းမြောက်စေသည်။ ‘အမှန်တရားကို သိရလိမ့်မယ်။ အဲဒီအမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်’ ဟု ယေရှုမိန့်ဆိုခဲ့သည်။—ယောဟန် ၈:၃၂။