အပိုင်း ၁၅
ပြည်နှင်ခံပရောဖက်တစ်ဦး အနာဂတ်နှင့် ပတ်သက်သော စိတ်အာရုံများရရှိ
ဒံယေလသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မေရှိယကြွလာမည့်အကြောင်း ကြိုဟောသည်။ ဗာဗုလုန်နိုင်ငံ ပြိုလဲသွားသည်
ထူးခြားသည့်သမာဓိရှိသော လူငယ်တစ်ဦးဖြစ်သူ ဒံယေလသည် ဂျေရုဆလင်မြို့ဖျက်ဆီးမခံရမီတွင် ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ခံခဲ့ရသည်။ စစ်ရှုံးသွားသော ယုဒနိုင်ငံမှ သုံ့ပန်းများဖြစ်သည့် သူနှင့်အခြားဂျူးအချို့သည် မိမိတို့ကိုဖမ်းဆီးခေါ်ဆောင်လာသည့်နိုင်ငံတွင် အတော်အသင့်လွတ်လပ်မှုရရှိကြ၏။ ဗာဗုလုန်တွင်နေခဲ့ရသည့် ရှည်လျားသောကာလတစ်လျှောက် ဒံယေလသည် ဘုရားသခင်၏ကောင်းချီးအလျှံပယ် ရရှိခဲ့သည်။ ခြင်္သေ့တွင်းထဲတွင် သေဆုံးသွားမည့်အဖြစ်မှပင် ကယ်တင်ခံရကာ အနာဂတ်ကို သိမြင်ခွင့်ရစေသည့် စိတ်အာရုံများကို ရရှိခဲ့သည်။ ဒံယေလ၏အရေးကြီးဆုံး ပရောဖက်ပြုချက်များမှာ မေရှိယနှင့် ကိုယ်တော့်အုပ်ချုပ်မှုအကြောင်းဖြစ်သည်။
မေရှိယကြွလာမည့်အချိန်ကို ဒံယေလသိရှိ။ အဘယ်အချိန်လောက်တွင် “မေရှိယသခင်” ကြွလာမည်ဟု မျှော်လင့်နိုင်မည့်အကြောင်း ဒံယေလကြိုဟောခဲ့၏။ ယင်းမှာ ဂျေရုဆလင်မြို့ရိုးကို ပြန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည့်နေ့မှစ၍ ၆၉ သီတင်းနှစ်အကြာတွင်ဖြစ်သည်။ ပုံမှန်သီတင်းပတ်တစ်ပတ်တွင် ခုနစ်ရက်ရှိပြီး သီတင်းနှစ်တစ်နှစ်တွင် ခုနစ်နှစ်ရှိသည်။ ထိုအမိန့်ကို ဒံယေလခေတ်နောက်ပိုင်း နှစ်များစွာကြာသော ဘီစီအီး ၄၅၅ တွင် ချမှတ်ခဲ့သည်။ ၆၉ “သီတင်း” တွင် ၄၈၃ နှစ်ရှိရာ ဘီစီအီး ၄၅၅ မှစရေတွက်လျှင် စီအီး ၂၉ တွင်အဆုံးတိုင်သည်။ ထိုခုနှစ်တွင် အဘယ်အရာဖြစ်ပျက်ကြောင်း ဤစာစောင်၏ နောက်အပိုင်းတွင် ကျွန်ုပ်တို့တွေ့ရမည်။ မေရှိယသည် အပြစ်ကိုဖြေရှင်းရန် “အသေသတ်ခြင်းကိုခံရ” မည့်အကြောင်းကိုပါ ဒံယေလကြိုမြင်ခဲ့သည်။—ဒံယေလ ၉:၂၄-၂၆။
မေရှိယသည် ကောင်းကင်တွင် ဘုရင်ဖြစ်လာမည်။ ဒံယေလမြင်ရသော ထူးခြားလှသည့် ကောင်းကင်စိတ်အာရုံတစ်ခုတွင် “လူသားနှင့်တူသောသူတစ်ဦး” ဟုခေါ်ဆိုထားသောမေရှိယသည် ယေဟောဝါ၏ပလ္လင် သို့ရောက်လာသည်။ ယေဟောဝါသည် ကိုယ်တော်အား “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုး” ကိုပေး၏။ ထိုနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။ ဒံယေလသည် မေရှိယနိုင်ငံနှင့်ပတ်သက်သော စိတ်လှုပ်ရှားဖွယ်အသေးစိတ်အချက် နောက်တစ်ချက်ကို သိခဲ့ရသည်။ ယင်းမှာ မေရှိယဘုရင်သည် ‘အမြင့်ဆုံးသောဘုရားသခင်၏ သန့်ရှင်းသောအမျိုးသားတို့’ ဟုရည်ညွှန်းထားသော အုပ်စုတစ်စုနှင့်အတူ အုပ်စိုးမည်ဟူသောအချက်ဖြစ်သည်။—ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇။
ထိုနိုင်ငံသည် ဤလောကအစိုးရများကို ဖျက်ဆီးပစ်မည်။ ဘုရားသခင်သည် ဒံယေလအား ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာကို စိတ်ရှုပ်စေသည့် အိပ်မက်တစ်ခုကို အနက်ပြန်နိုင်စွမ်း ပေးသနားခဲ့သည်။ ဘုရင်သည် ရုပ်တုကြီးတစ်ခုကို မြင်တွေ့သည်။ ထိုရုပ်တု၏ဦးခေါင်းမှာ ရွှေ၊ ရင်ဘတ်နှင့်လက်နှစ်ဖက်မှာ ငွေ၊ ဝမ်းဗိုက်နှင့်ပေါင်နှစ်ဖက်မှာ ကြေးဝါ၊ ခြေထောက်နှစ်ဖက်မှာ သံ၊ ခြေဖဝါးနှင့်ဖမိုးမှာ သံတစ်ပိုင်း၊ သရွတ်တစ်ပိုင်းဖြစ်၏။ တောင်ပေါ်မှ ပဲ့ကွာလာသောကျောက်တုံးတစ်တုံးသည် ကျိုးပဲ့လွယ်သောခြေဖမိုးကို တိုက်မိပြီး ရုပ်တုမှာ တစ်စစီကျိုးပဲ့ကြေမွသွားသည်။ ရုပ်တု၏အပိုင်းများသည် ရွှေဦးခေါင်းအဖြစ် ဗာဗုလုန်မှအစပြုသည့် ရှည်လျားလှသည့် ကမ္ဘာ့အာဏာစက် အဆက်ဆက်ကို ပုံဆောင်ကြောင်း ဒံယေလရှင်းပြခဲ့သည်။ ဤဆိုးယုတ်သောလောကကို နောက်ဆုံးအာဏာစက် အုပ်စိုးချိန်တွင် ဘုရားသခင့်နိုင်ငံတော် အရေးယူဆောင်ရွက်မည့်အကြောင်းကိုလည်း ဒံယေလ ကြိုမြင်ခဲ့သည်။ ထိုဘုရားသခင့်နိုင်ငံတော်သည် ဤလောကရှိ အစိုးရအားလုံးကို ဖျက်ဆီးပစ်ပါလိမ့်မည်။ ပြီးနောက် ထာဝစဉ်အုပ်စိုးသွားပါလိမ့်မည်။—ဒံယေလအခန်းကြီး ၂။
ဒံယေလသည် အလွန်အသက်ကြီးနေပြီဖြစ်သောကြောင့် ဗာဗုလုန်၏ကျဆုံးခန်းကိုသာ တွေ့မြင်လိုက်ရသည်။ ပရောဖက်များကြိုဟောသည့်အတိုင်း ဘုရင်ကုရုသည် မြို့ကိုဖျက်ဆီးလိုက်သည်။ ယင်းနောက် များမကြာမီ ဂျူးတို့ကို သုံ့ပန်းဘဝမှ လွတ်လပ်ခွင့်ပေးလိုက်သည်။ ကြိုဟောထားသည့်အတိုင်း သူတို့၏နေရင်းပြည်မှာ နှစ်ပေါင်း ၇၀ လူဆိတ်ညံပြီးနောက် အချိန်ကိုက်တွင် ထိုသို့ဖြစ်ပျက်ခဲ့သည်။ ဂျူးတို့သည် သစ္စာရှိဘုရင်ခံများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၏လမ်းညွှန်မှုအောက်တွင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်ကို ပြန်ပြုပြင်ခဲ့ကြသည်။ သို့သော် နှစ်ပေါင်း ၄၈၃ နှစ်ကုန်လွန်ပြီးနောက် ဘာဆက်ဖြစ်သနည်း။
—ဒံယေလကျမ်းကို အခြေခံသည်။