ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp1 အခန်း ၃၆ စာ. ၂၅၉-၂၆၄
  • အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို ငါစွဲနေပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို ငါစွဲနေပြီလား
  • လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ပါ—‘ငါ စွဲနေပြီလား’
  • မျှမျှတတအသုံးပြုနိုင်ပုံ
  • လူမှုမီဒီယာက ငါ့ကို ဘယ်လိုထိခိုက်နေသလဲ
    လူငယ်များအမေး
  • မိဘတွေ လူမှုမီဒီယာ ပေးမသုံးရင်ကော
    လူငယ်များအမေး
  • အားလပ်ချိန်
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • အီလက်ထရောနစ် ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
yp1 အခန်း ၃၆ စာ. ၂၅၉-၂၆၄

အခန်း ၃၆

အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို ငါစွဲနေပြီလား

“မက်ဆေ့ချ်ပို့တာက အကောင်းဆုံးနည်းစနစ်ပဲလို့ထင်တယ်။ ကျွန်တော် သိပ်ကြိုက်တာပဲ။ အဲဒါက ကျွန်တော့်ဘဝကို စိုးမိုးထား လိုက်ပြီ။”—အာလန်။

သင့်မိဘတွေ ငယ်ငယ်တုန်းက အီလက်ထရွန်နစ်ပစ္စည်းဆိုလို့ တီဗွီ၊ ရေဒီယိုလောက်ပဲ ရှိတယ်။ ဖုန်းဆိုလည်း စကားပဲပြောလို့ရတယ်၊ နံရံမှာရှိတဲ့ ဖုန်းပလတ်ပေါက်နဲ့ ဆက်ထားရတယ်။ ဒါကြောင့် တော်တော်ခေတ်နောက်ကျတယ်ဆိုပြီး ပြောမလား။ အန်နာဆိုတဲ့မိန်းကလေး အဲဒီလိုပဲပြောတယ်။ “ကျွန်မတို့ မိဘတွေခေတ်တုန်းက နည်းပညာ မတိုးတက်သေးဘူး။ အခုတောင်မှ သူတို့ကိုင်တဲ့ဆဲလ်ဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဘူး။”

ဒီနေ့အချိန်မှာတော့ အိတ်ထဲထည့်ပြီး သယ်သွားလို့ရတဲ့ ဖုန်းတစ်ခုထဲနဲ့ သီချင်းနားထောင်တာ၊ ရှိုးပွဲကြည့်တာ၊ ဂိမ်းကစားတာ၊ အီးမေးလ်ပို့တာ၊ ဓာတ်ပုံရိုက်တာ၊ အင်တာနက်သုံးတာ၊ ဖုန်းပြောတာ အားလုံးလုပ်နိုင်တယ်။ သင်က ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ တီဗွီ၊ အင်တာနက်တို့ကို ငယ်ငယ်ကတည်းက သုံးလာတာဆိုတော့ အဲဒါတွေ တစ်ချိန်လုံးသုံးလည်း ဘာမှမဖြစ်ဘူးလို့ ထင်မှာပဲ။ ဒါပေမဲ့ မိဘတွေကတော့ သင် အဲဒါတွေကိုစွဲနေပြီလို့ ထင်လိမ့်မယ်။ သူတို့စိတ်ပူလို့ သတိပေးလာတဲ့အခါ လက်တွေ့မကျဘူးဆိုပြီး နားမထောင်ဘဲ မနေပါနဲ့။ ‘အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲသူဖြစ်တယ်’ လို့ ဘုရင်ရှောလမုန်ပြောတယ်။—သုတ္တံ ၁၈:၁၃၊ ကဘ။

မိဘတွေ ဘာလို့စိတ်ပူတာလဲဆိုတာ သင်သိချင်မှာပဲ။ အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို စွဲနေတဲ့လက္ခဏာရှိမရှိ အောက်ပါအတိုင်း စစ်ဆေးကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ပါ—‘ငါ စွဲနေပြီလား’

တစ်စုံတစ်ခုကို စွဲနေတယ်ဆိုတာ “ထပ်တလဲလဲလုပ်မိနေတဲ့၊ လွန်ကဲတဲ့အပြုအမူဖြစ်ပြီး ဆိုးကျိုးတွေ ခံစားရရင်တောင် မရပ်နိုင်တာ၊ မရပ်ချင်တာ ဖြစ်တယ်” လို့ စွယ်စုံကျမ်းတစ်အုပ်က အဓိပ္ပာယ်ဖွင့်ဆိုတယ်။ အဲဒီအဓိပ္ပာယ်ကို အောက်မှာအပိုင်းခွဲပြီး ဆွေးနွေးထားတယ်။ လူငယ်လေးတွေပြောတဲ့စကားကို ဖတ်ပြီး သင်ရော အဲဒီလိုပြောမိ၊ လုပ်မိသလားဆိုတာ စစ်ဆေးကြည့်ပါ။ ပြီးရင် အဖြေကိုရေးပါ။

လွန်ကဲတဲ့အပြုအမူ။ “ကျွန်တော်က အချိန်အကြာကြီး ဂိမ်းကစားတတ်တယ်။ အိပ်ချိန်မရှိသလောက်ပဲ။ စကားပြောလိုက်ရင်လည်း ဂိမ်းအကြောင်းချည်းပဲ။ မိသားစုနဲ့မပေါင်းသင်းတော့ဘဲ တစ်ယောက်တည်းနေတယ်။ စိတ်ကူးယဉ် ဂိမ်းကမ္ဘာထဲမှာပဲ လုံးလုံးနစ်မြုပ်နေတယ်။”—အန်ဒရူး။

အီလက်ထရွန်နစ်ပစ္စည်းတွေကို တစ်ရက်မှာ ဘယ်နှနာရီလောက် သုံးသင့်တယ်လို့ သင်ထင်သလဲ။ ✎ ................

မိဘတွေကကော သင် ဘယ်နှနာရီလောက် သုံးသင့်တယ်လို့ ထင်သလဲ။ ✎ .....................

မက်ဆေ့ချ်ပို့ဖို့၊ တီဗွီကြည့်ဖို့၊ ဝက်ဘ်ဆိုက်ပေါ်မှာ ဓာတ်ပုံတင်ပြီး ထင်မြင်ချက်တွေရေးဖို့၊ ဂိမ်းကစားဖို့ စတာတွေအတွက် တစ်နေ့မှာ သင် အချိန်ဘယ်လောက်သုံးနေသလဲ။ .....................

အထက်မှာဖြေခဲ့တဲ့ အဖြေတွေအရ သင်ဟာ အီလက်ထရွန်နစ်မီဒီယာကို လွန်လွန်ကဲကဲသုံးနေတယ်လို့ ထင်သလား။

□ မှန် □ မှား

မရပ်နိုင်တာ၊ မရပ်ချင်တာ။ “မိဘတွေက ‘တစ်ချိန်လုံး မက်ဆေ့ချ်ပို့နေတာပဲ၊ အရမ်းလွန်နေပြီ’ လို့ကျွန်တော့်ကိုပြောတယ်။ တခြားကလေးတွေနဲ့ယှဉ်ရင် ခဏလေးပဲ သုံးတာပါ။ မိဘတွေနဲ့ယှဉ်ရင်တော့ အကြာကြီးသုံးသလို ဖြစ်နေတာပေါ့။ ဒါပေမဲ့ သူတို့က အသက် ၄၀၊ ကျွန်တော်က ၁၅ နှစ်လေ။ ပန်းသီးကို လိမ္မော်သီးနဲ့နှိုင်းယှဉ်လို့တော့ ဘယ်ဖြစ်ပါ့မလဲ။”—အာလန်။

အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးအတွက် အချိန်အများကြီးသုံးနေတယ်လို့ မိဘတွေ၊ သူငယ်ချင်းတွေ ပြောနေပြီလား။

□ မှန် □ မှား

အဲဒီအတွက်သုံးတဲ့အချိန်ကို မကန့်သတ်နိုင်တာ၊ မကန့်သတ်ချင်တာမျိုး ဖြစ်နေသလား။

□ မှန် □ မှား

ဆိုးကျိုး။ “သူငယ်ချင်းတွေက တစ်ချိန်လုံး မက်ဆေ့ချ်ပို့နေတာ။ ကားမောင်းနေရင်းနဲ့လည်း ပို့တာပဲ။ ဘယ်လောက်အန္တရာယ်များလဲ။”—ဂျူလီ။

“ကျွန်မ ဆဲလ်ဖုန်းစသုံးတုန်းက တစ်ချိန်လုံး ဖုန်းခေါ်၊ မက်ဆေ့ချ်ပို့နဲ့ အလုပ်ကိုရှုပ်နေတာပဲ။ အဲဒါကြောင့် မိသားစုကို အချိန်မပေးနိုင်ဘူး၊ သူငယ်ချင်းတချို့နဲ့တောင် အခင်အမင်ပျက်ခဲ့ရတယ်။ အခုလည်း သူငယ်ချင်းတွေနဲ့ ကျွန်မစကားပြောနေတုန်း သူတို့က ‘ခဏလေးနော်၊ မက်ဆေ့ချ်ပို့လိုက်အုံးမယ်’ ဆိုပြီး ခဏခဏ စကားဖြတ်လိုက်တယ်။ အဲဒါကြောင့် သူတို့နဲ့ သိပ်ခင်ခင်မင်မင် မရှိတော့ဘူး။”—ရှယ်လီ။

သင်ကော ကားမောင်းနေချိန်၊ စာသင်နေချိန်၊ ခရစ်ယာန်စည်းဝေးတက်နေချိန်မှာ မက်ဆေ့ချ်ဖတ်လိုက်၊ ပြန်ပို့လိုက် လုပ်တတ်သလား။

□ မှန် □ မှား

မိဘတွေ၊ သူငယ်ချင်းတွေနဲ့ စကားပြောချိန်မှာ ခဏခဏစကားဖြတ်ပြီး အီမေးလ်ပြန်ပို့တာ၊ ဖုန်းပြောတာ၊ မက်ဆေ့ချ်ပို့တာ လုပ်လေ့ရှိသလား။

□ မှန် □ မှား

အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးသုံးလို့ သင့်အတွက် အိပ်ချိန်အလုံအလောက် မရှိတာ၊ စာဖတ်ချိန် နည်းသွားတာ ဖြစ်သလား။

□ မှန် □ မှား

သင့်မှာ ပြုပြင်ပြောင်းလဲရမယ့်အရာတွေ ရှိသလား။ ဒါဆိုရင် အောက်ပါအကြံပြုချက်တွေကို လေ့လာကြည့်ပါ။

မျှမျှတတအသုံးပြုနိုင်ပုံ

ကွန်ပျူတာ၊ ဆဲလ်ဖုန်း ဒါမှမဟုတ် တခြားအီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို သုံးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အောက်ပါမေးခွန်းလေးခု မေးကြည့်ပါ။ ဆောင်ရန်ရှောင်ရန် လမ်းညွှန်ချက်တွေ၊ ကျမ်းစာဆုံးမစကားတွေကို လိုက်လျှောက်မယ်ဆိုရင် အန္တရာယ်ကင်းမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။

● ဘာအကြောင်းတွေပြောနေသလဲ။ “ကောင်းမြတ်သောအရာ၊ ချီးမွမ်းဖွယ်သောအရာ၊ မှန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေရှိသောအရာတို့ကို သင့်စိတ်ထဲမှာ အပြည့်ထည့်ထားပါ။”—ဖိလိပ္ပိ ၄:၈၊ Today’s English Version.

✔ ဆောင်ရန် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အမြဲဆက်သွယ်ပြီး ကောင်းတဲ့သတင်းအချက်အလက်တွေ ဝေမျှပေးပါ။—သုတ္တံ ၂၅:၂၅; ဧဖက် ၄:၂၉။

✘ ရှောင်ရန် ထိခိုက်စေတဲ့ အတင်းအဖျင်းတွေ၊ ညစ်ညမ်းတဲ့စာသားတွေနဲ့ ဓာတ်ပုံတွေကို မဖြန့်ပါနဲ့။ ညစ်ညမ်းဗီဒီယိုပြကွက်တွေနဲ့ပရိုဂရမ်တွေ မကြည့်ပါနဲ့။—ကောလောသဲ ၃:၅; ၁ ပေတရု ၄:၁၅။

● ဘယ်အချိန်မှာသုံးနေသလဲ။ ‘အရာအားလုံးအတွက် အချိန်အခါဆိုတာ ရှိတယ်။’—ဒေသနာ ၃:၁၊ ကဘ။

✔ ဆောင်ရန် ဖုန်းခေါ်တာ၊ ဖုန်းပြောတာ၊ မက်ဆေ့ချ်ပို့တာ၊ ပရိုဂရမ်တွေကြည့်တာ၊ ဂိမ်းကစားတာတွေအတွက် အချိန်ဘယ်လောက်သုံးမယ်ဆိုတာ ကန့်သတ်ထားပါ။

✘ ရှောင်ရန် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ပေါင်းသင်းဖို့၊ စာဖတ်ဖို့၊ ဘုရားတရားအလုပ်တွေလုပ်ဖို့ ဖယ်ထားတဲ့အချိန်ကို အီလက်ထရွန်နစ်ပစ္စည်းတွေကြောင့် အထိခိုက်မခံပါနဲ့။—ဧဖက် ၅:၁၅-၁၇; ဖိလိပ္ပိ ၂:၄။

● ဘယ်သူတွေနဲ့ပေါင်းနေသလဲ။ “လှည့်ဖြားခြင်းကို မခံကြနှင့်။ မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။”—၁ ကောရိန္သု ၁၅:၃၃။

✔ ဆောင်ရန် အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို သုံးတဲ့အခါ အကျင့်ကောင်းတွေကျင့်ဖို့ အားပေးတတ်သူတွေနဲ့ပဲ မိတ်ဖွဲ့ပါ။—သုတ္တံ ၂၂:၁၇။

✘ ရှောင်ရန် အီးမေးလ်၊ မက်ဆေ့ချ်၊ တီဗွီ၊ ဗီဒီယို၊ အင်တာနက်ကနေတစ်ဆင့် သင်ပေါင်းသင်းနေသူတွေရဲ့ စံနှုန်းတွေ၊ အတွေးအခေါ်တွေကို လက်မခံပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါနဲ့။—သုတ္တံ ၁၃:၂၀။

● အချိန်ဘယ်လောက်သုံးနေသလဲ။ ‘သာ၍အရေးကြီးသောအရာများကို သေချာစွာသိပါ။’—ဖိလိပ္ပိ ၁:၁၀။

✔ ဆောင်ရန် အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးအတွက် အချိန်ဘယ်လောက် သုံးနေတယ်ဆိုတာ မှတ်တမ်းလုပ်ထားပါ။

✘ ရှောင်ရန် တစ်မျိုးမျိုးကို အချိန်အများကြီးသုံးနေတယ်လို့ မိဘတွေ၊ သူငယ်ချင်းတွေ ပြောလာတဲ့အခါ ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။—သုတ္တံ ၂၆:၁၂။

အီလက်ထရွန်နစ်မီဒီယာကို မျှမျှတတသုံးတာနဲ့ပတ်သက်ပြီး အစပိုင်းမှာဖော်ပြခဲ့တဲ့ အန်ဒရူး အခုလိုပြောတယ်– “အဲဒါတွေက ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ခဏတဖြုတ်သုံးတာပဲ ကောင်းတယ်။ အဲဒါတွေကြောင့် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ စိမ်းကားသွားတာမျိုး အဖြစ်မခံသင့်ဘူးဆိုတာ ကျွန်တော်နားလည်ပြီ။”

နောက်အခန်းမှာဖတ်ကြည့်ပါ

မိဘတွေက သင့်ကို ပျော်ခွင့်လေးတောင်မပေးချင်ဘူးလို့ ခံစားနေရသလား။ ဒါဆိုရင် ဘာလုပ်နိုင်သလဲ။

အဓိကကျမ်းချက်

‘ကိုယ့်ကိုယ်ကိုယ် ပညာရှိတယ်လို့ မထင်နဲ့။ ယေဟောဝါကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ပါ။’ —သုတ္တံ ၃:၇၊ ကဘ။

အကြံပြုချက်

ဖုန်းအသုံးပြုတာကို ထိန်းချုပ်နိုင်ဖို့ဆိုရင် မက်ဆေ့ချ်ပြန်ပို့တာ၊ အီးမေးလ်ပို့တာ၊ ဖုန်းပြန်ဖြေတာကို ဘယ်အချိန်တွေမှာ ချက်ချင်းမလုပ်နိုင်တဲ့အကြောင်း သူငယ်ချင်းတွေကို အသိပေး ထားပါ။

သင်သိပါသလား . . . ?

ဝက်ဘ်ဆိုက်ပေါ် ဒီနေ့တင်လိုက်တဲ့ သင့်ဓာတ်ပုံတွေ၊ လုပ်ဆောင်မှုတွေကို နောက်နှစ်များစွာအထိ ဘယ်သူမဆို ဝင်ကြည့်နိုင်တယ်။

လက်တွေ့လုပ်ကြည့်ပါ

အသုံးပြုတာကို ထိန်းချုပ်ဖို့ အခက်တွေ့နေရင် တစ်ပတ်မှာ အချိန် ပဲသုံးဖို့ ငါဆုံးဖြတ်မယ် ․․․․․

ဒီကိစ္စနဲ့ပတ်သက်ပြီး မိဘတွေကို ငါမေးချင်တာက ․․․․․

သင်ဘယ်လိုထင်သလဲ

● အီလက်ထရွန်နစ်မီဒီယာ တစ်မျိုးမျိုးကို စွဲနေပြီဆိုတာ သိနိုင်ဖို့ ဘာကြောင့်ခက်သလဲ။

● အီလက်ထရွန်နစ်မီဒီယာ အသုံးပြုတာကို မထိန်းချုပ်ဘူးဆိုရင် ဘာတွေဖြစ်နိုင်သလဲ။

[စာမျက်နှာ ပါ အကျဉ်းဖော်ပြချက်]

‘‘တီဗွီစွဲတဲ့အကျင့်ကို ဖျောက်နိုင်ဖို့ ကျွန်မကိုကူညီပေးတဲ့အရာ တချို့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ်ကြပ်မတ်ပြီး အချိန်ကန့်သတ်ထားတာ၊ အဲဒီပြဿနာအကြောင်း အမေနဲ့ အမြဲပြောဆိုဆွေးနွေးတာ၊ ခဏခဏဆုတောင်းတာမျိုးပေါ့။’’—ခေသ်လန်

[စာမျက်နှာ ၂၆၃ ပါ ရုပ်ပုံ]

သင်က အီလက်ထရွန်နစ်ပစ္စည်းတွေကို ထိန်းချုပ်နေတာလား ဒါမှမဟုတ် အဲဒါတွေက သင့်ကို ထိန်းချုပ် နေတာလား

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ