ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • kr အခန်း ၁၂ စာ. ၁၁၈-၁၃၁
  • ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း
  • ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ငြိမ်သက်ခြင်းကို သင့်ရဲ့ကြီးကြပ်မှူးတွေအဖြစ် ငါခန့်အပ်မယ်’
  • အသင်းတော်ကို ခရစ်တော်ဦးဆောင်နေပုံ
  • “သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့”
  • ဒီနေ့အချိန်မှာ ဘုရားသခင့်သိုးတော်စုကို အကြီးအကဲတွေ ထိန်းကျောင်းပုံ
  • ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာခြင်းက ဘုရားသခင့်လူမျိုးတော်ရဲ့စည်းလုံးမှုကို ခိုင်မာစေ
  • သိုးတော်စုကို ထိန်းကျောင်းတဲ့ ကြီးကြပ်မှူးများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ဦးဆောင်သူတို့၏စကားကို နားထောင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အသင်းတော်ကို စီစဉ်ဖွဲ့စည်းထားပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
kr အခန်း ၁၂ စာ. ၁၁၈-၁၃၁

အခန်း ၁၂

‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ ဖွဲ့စည်းခြင်း

အဓိကအကြောင်းအရာ

လူမျိုးတော်ကို ယေဟောဝါ အဆင့်ဆင့်ဖွဲ့စည်းပေး

၁၊ ၂။ ၁၈၉၅၊ ဇန်နဝါရီလထုတ် ဇိအုန်ကင်းမျှော်စင်မှာ ဘယ်ပြောင်းလဲမှုကို တွေ့ရသလဲ။ ညီအစ်ကိုတွေ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

ဇွဲထက်သန်တဲ့ ကျမ်းစာကျောင်းသား ဂျွန် အေ ဘိုးနက်ဟာ ၁၈၉၅၊ ဇန်နဝါရီလထုတ် ဇိအုန်ကင်းမျှော်စင်ကို ရတဲ့အခါ သူတွေ့လိုက်တာကို အတော်လေးသဘောကျသွားတယ်။ မဂ္ဂဇင်းရဲ့မျက်နှာဖုံးအသစ်ပေါ်မှာ မီးပြတိုက်ကြီးက ထင်းနေတာပဲ။ လှိုင်းလေထန်နေတဲ့ပင်လယ်ပြင်မှာ မြင့်မားထည်ဝါတဲ့မီးပြတိုက်ရဲ့ အလင်းတန်းတွေဟာ မည်းမှောင်နေတဲ့ကောင်းကင်တစ်ခွင် ဖြာထွက်နေတယ်။ မဂ္ဂဇင်းထဲမှာ အဲဒီ,ဒီဇိုင်းအသစ်နဲ့ပတ်သက်တဲ့ ကြေညာချက်ကို “အဆင်တန်ဆာအသစ်” လို့ခေါင်းစဉ်တပ်ထားတယ်။

၂ ညီအစ်ကိုဘိုးနက်က မျက်နှာဖုံးကို သိပ်သဘောကျသွားလို့ “ကင်းမျှော်စင်မျက်နှာဖုံးက လှလိုက်တာ။ ကျွန်တော်သိပ်ကြိုက်တာပဲ” ဆိုပြီး ညီအစ်ကိုရပ်စယ်လ်ဆီ စာရေးပြောပြခဲ့တယ်။ သစ္စာရှိကျမ်းစာကျောင်းသား ဂျွန် အိပ်ချ် ဘရောင်းကလည်း “မျက်နှာဖုံးက အရမ်းကိုဆွဲဆောင်မှုရှိတာပဲ။ မီးပြတိုက်ရဲ့အုတ်မြစ်ကလည်း ခိုင်ခံ့လိုက်တာ။ မုန်တိုင်းနဲ့လှိုင်းလုံးကြီးတွေရဲ့ဒဏ်ကို မှုတောင်မမှုဘူး” ဆိုပြီးရေးခဲ့တယ်။ မျက်နှာဖုံးအသစ်က အဲဒီနှစ်မှာ ညီအစ်ကိုတွေတွေ့ရတဲ့ ဦးဆုံးပြောင်းလဲမှုပါပဲ။ ဒါပေမဲ့ နောက်ဆုံးပြောင်းလဲမှုတော့ မဟုတ်ဘူး။ နိုဝင်ဘာလမှာ ပြောင်းလဲမှုကြီးနောက်တစ်ခုကို သူတို့တွေ့ကြုံခဲ့ရတယ်။ စိတ်ဝင်စားစရာက အဲဒီမှာလည်း လှိုင်းလေထန်တဲ့ပင်လယ်ကြီး ထပ်ပါလာပြန်တယ်။

၃၊ ၄။ ၁၈၉၅၊ နိုဝင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ဘယ်ပြဿနာအကြောင်း ဆွေးနွေးထားသလဲ။ ကြီးမားတဲ့ ဘယ်အပြောင်းအလဲတစ်ခုကို ကြေညာခဲ့သလဲ။

၃ ၁၈၉၅၊ နိုဝင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှာ ပြဿနာတစ်ရပ်အကြောင်း အကျယ်တဝင့်ဆွေးနွေးထားတယ်။ ပြဿနာလှိုင်းလုံးကြီးက ကျမ်းစာကျောင်းသားများအသင်းရဲ့ ငြိမ်သက်ခြင်းကို ရိုက်ခတ်ဖျက်ဆီးနေတယ်။ အသင်းတော်မှာ ဘယ်သူဦးဆောင်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး ညီအစ်ကိုတွေကြားမှာ ငြင်းခုံမှုတွေပိုများလာတယ်။ စိတ်၀မ်းကွဲစေတဲ့ အပြိုင်အဆိုင်စိတ်ဓာတ်မရှိဖို့ ဘာလုပ်ရမယ်ဆိုတာ ညီအစ်ကိုတွေသိနိုင်အောင် ဆောင်းပါးမှာ အဖွဲ့အစည်းကို သင်္ဘောတစ်စီးနဲ့နှိုင်းယှဉ်ထားတယ်။ ဦးဆောင်နေသူတွေဟာ သင်္ဘောနဲ့တူတဲ့အဖွဲ့အစည်းကို လှိုင်းလေထန်တဲ့ရာသီဥတုမှာ ကြံ့ကြံ့ခံနိုင်အောင် မပြင်ဆင်ပေးထားဘူးဆိုပြီး ဆောင်းပါးမှာ ပွင့်ပွင့်လင်းလင်း ၀န်ခံထားတယ်။ ဒါဆိုရင် ဘာလုပ်ရမလဲ။

၄ အတွေ့အကြုံရှိတဲ့ကပ္ပတိန်က သင်္ဘောထဲမှာ အသက်ကယ်ပစ္စည်းကိရိယာတွေ အစုံအလင်ပါအောင် သေချာစီစဉ်တယ်၊ မုန်တိုင်းမလာခင်မှာ ကုန်ပေါက်တွေကို ရေလုံအောင်ပိတ်ထားဖို့ သင်္ဘောသားတွေကို သေချာညွှန်ကြားထားတယ်ဆိုပြီး ဆောင်းပါးမှာဖော်ပြတယ်။ အလားတူပဲ၊ အဖွဲ့အစည်းကို ဦးဆောင်နေသူတွေကလည်း မုန်တိုင်းနဲ့တူတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် အသင်းတော်အားလုံးကို အသင့်ပြင်ထားပေးဖို့လိုတယ်။ အဲဒီလိုအသင့်ပြင်ပေးနိုင်ဖို့ ကြီးမားတဲ့အပြောင်းအလဲဖြစ်တဲ့ အကြီးအကဲစတင်ခန့်အပ်ခြင်းအစီအစဉ်ကို ဆောင်းပါးမှာကြေညာခဲ့တယ်။ “သိုးတော်စုကို ထိန်းကျောင်းဖို့” “အသင်းတော်တိုင်းမှာ အကြီးအကဲတွေကို” အခုချက်ချင်းစတင် “ရွေးချယ်ပါ” လို့ညွှန်ကြားခဲ့တယ်။—တ. ၂၀:၂၈။

၅။ (က) အကြီးအကဲစတင်ခန့်အပ်တဲ့အစီအစဉ်က ဘာကြောင့် အချိန်ကိုက်ခြေလှမ်းဖြစ်သလဲ။ (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၅ အဲဒီလိုအကြီးအကဲစတင်ခန့်အပ်တဲ့ အစီအစဉ်က အသင်းတော်တွေ ခိုင်ခံ့အောင် တည်ဆောက်ရာမှာ အချိန်ကိုက်ခြေလှမ်းပါပဲ။ အဲဒါက ပထမကမ္ဘာစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေကြားမှာ လမ်းကြောင်းမှန်အတိုင်းသွားနိုင်ဖို့ ညီအစ်ကိုတွေကို ကူညီပေးခဲ့တယ်။ နောက်ပိုင်းဆယ်စုနှစ်တွေမှာ အဖွဲ့အစည်းရဲ့ ထပ်ဆင့်တိုးတက်မှုတွေက ယေဟောဝါအမှုတော်ဆောင်ဖို့ လူမျိုးတော်ကို ကောင်းကောင်းပြင်ဆင်ပေးခဲ့တယ်။ အဲဒီတိုးတက်မှုအကြောင်းကို ဘယ်ကျမ်းစာပရောဖက်ပြုချက်က ကြိုဟောထားသလဲ။ အဖွဲ့အစည်းပိုင်းဆိုင်ရာ ဘယ်ပြုပြင်ပြောင်းလဲမှုတွေကို သင်မြင်ခဲ့ရသလဲ။ အဲဒါတွေကနေ သင် ဘယ်လိုအကျိုးခံစားရသလဲ။

‘ငြိမ်သက်ခြင်းကို သင့်ရဲ့ကြီးကြပ်မှူးတွေအဖြစ် ငါခန့်အပ်မယ်’

၆၊ ၇။ (က) ဟေရှာယ ၆၀:၁၇ က ဘာကိုဆိုလိုသလဲ။ (ခ) ‘ကြီးကြပ်မှူးတွေ၊’ ‘အလုပ်တာ၀န်ပေးသူတွေ’ ဆိုတဲ့အသုံးအနှုန်းတွေက ဘာကိုဖော်ပြသလဲ။

၆ အခန်း ၉ မှာလေ့လာခဲ့တဲ့အတိုင်း ယေဟောဝါက သူ့လူမျိုးကို အရေအတွက်တိုးပွားစေခြင်းအားဖြင့် ကောင်းချီးပေးမယ်လို့ ဟေရှာယကြိုဟောခဲ့တယ်။ (ဟေရှာ. ၆၀:၂၂) ဒါပေမဲ့ အဲဒါထက်မက လုပ်ဆောင်ပေးမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။ အဲဒီပရောဖက်ပြုချက်မှာပဲ ကိုယ်တော် အခုလိုပြောတယ်– ‘ကြေးနီအစား ရွှေ၊ သံအစား ငွေ၊ သစ်သားအစား ကြေးနီ၊ ကျောက်အစား သံကို ငါယူဆောင်လာမယ်။ ငြိမ်သက်ခြင်းကို သင့်ရဲ့ကြီးကြပ်မှူးတွေအဖြစ်၊ ဖြောင့်မတ်ခြင်းကို သင့်ရဲ့အလုပ်တာဝန်ပေးသူတွေအဖြစ် ငါခန့်အပ်မယ်။’ (ဟေရှာ. ၆၀:၁၇၊ ကဘ) အဲဒီပရောဖက်ပြုချက်က ဘာကိုဆိုလိုသလဲ။ ဒီနေ့ ကျွန်တော်တို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ။

အစားထိုးမှုတွေက ညံ့ဖျင်းတဲ့အခြေအနေကနေ ကောင်းတဲ့အခြေအနေဘက် ပြောင်းလဲသွားတာမဟုတ်ဘဲ ကောင်းသထက်ကောင်းအောင် ပြောင်းလဲသွားတာဖြစ်တယ်

၇ ဟေရှာယပရောဖက်ပြုချက်မှာ ပစ္စည်းတစ်ခုကို နောက်တစ်ခုနဲ့အစားထိုးမယ်ဆိုပြီး ဖော်ပြထားတယ်။ အစားထိုးမှုတွေက ညံ့ဖျင်းတဲ့အခြေအနေကနေ ကောင်းတဲ့အခြေအနေဘက် ပြောင်းလဲသွားတာမဟုတ်ဘဲ ကောင်းသထက်ကောင်းအောင် ပြောင်းလဲသွားတာဖြစ်တယ်။ ကြေးနီကို ရွှေနဲ့အစားထိုးတာက တိုးတက်မှုတစ်ခုဖြစ်သလို တခြားပစ္စည်းတွေကို အစားထိုးတာကလည်း တိုးတက်မှုပါပဲ။ ဒါကြောင့် ယေဟောဝါက သူ့လူမျိုးရဲ့အခြေအနေ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာမယ်ဆိုတာကို ဒီသရုပ်ဖော်ချက်နဲ့ ကြိုတင်ဖော်ပြခဲ့တယ်။ ပရောဖက်ပြုချက်က ဘယ်လိုတိုးတက်မှုအကြောင်းကို ပြောနေတာလဲ။ ‘ကြီးကြပ်မှူးတွေ၊’ ‘အလုပ်တာ၀န်ပေးသူတွေ’ လို့ပြောခြင်းအားဖြင့် လူမျိုးတော်ကို ဂရုစိုက်စောင့်ရှောက်တဲ့နည်းလမ်းနဲ့ ဖွဲ့စည်းတဲ့နည်းလမ်းမှာ အဆင့်ဆင့်တိုးတက်လာမယ်ဆိုတာ ယေဟောဝါဖော်ပြခဲ့တယ်။

၈။ (က) ဟေရှာယပရောဖက်ပြုချက်မှာပါတဲ့ တိုးတက်မှုတွေကို ဘယ်သူ လုပ်ဆောင်သလဲ။ (ခ) တိုးတက်ပြောင်းလဲမှုတွေကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးခံစားရသလဲ။ (“ပဲ့ပြင်တည့်မတ်ပေးတာကို နှိမ့်ချစွာလက်ခံခဲ့သူ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၈ အဖွဲ့အစည်းပိုင်းဆိုင်ရာ ဒီတိုးတက်မှုတွေကို ဘယ်သူလုပ်ဆောင်မှာလဲ။ ယေဟောဝါက ‘ရွှေ၊ ငွေ . . . ကို ငါယူဆောင်လာမယ်။ ငြိမ်သက်ခြင်းကို . . . ငါခန့်အပ်မယ်’ လို့ပြောတယ်။ မှန်ပါတယ်၊ အသင်းတော်ဖွဲ့စည်းပုံဆိုင်ရာ တိုးတက်မှုတွေဟာ လူ့ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ ယေဟောဝါကိုယ်တိုင်ရဲ့ လုပ်ဆောင်မှုကြောင့်ဖြစ်တယ်။ ယေဟောဝါက သားတော်ယေရှုကို ဘုရင်အဖြစ်နန်းတင်ပြီးကတည်းက ယေရှုကိုသုံးပြီး အဲဒီတိုးတက်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတယ်။ ဒီတိုးတက်ပြောင်းလဲမှုတွေကနေ ဘာအကျိုးခံစားရသလဲ။ တိုးတက်မှုတွေက ‘ငြိမ်သက်ခြင်း’ နဲ့ ‘ဖြောင့်မတ်ခြင်း’ ကို ဖြစ်ပေါ်စေမယ်လို့ အဲဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ ဘုရားသခင့်လမ်းညွှန်ချက်ကိုလက်ခံပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာနဲ့အမျှ ကျွန်တော်တို့ဆီမှာ ငြိမ်သက်ခြင်းလွှမ်းမိုးနေပါလိမ့်မယ်။ ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးတာကလည်း “ငြိမ်သက်ခြင်း၏ဘုရားသခင်” ဆိုပြီး တမန်တော်ပေါလု ဖော်ပြထားတဲ့အရှင် ယေဟောဝါရဲ့အမှုတော်ဆောင်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးပါလိမ့်မယ်။—ဖိ. ၄:၉။

၉။ အသင်းတော်စည်းလုံးမှုနဲ့ စည်းစနစ် ကျနမှုအတွက် မှန်ကန်တဲ့အုတ်မြစ်က ဘာလဲ။ ဘာကြောင့်လဲ။

၉ တမန်တော်ပေါလုက ယေဟောဝါနဲ့ပတ်သက်ပြီး “ဘုရားသခင်သည် စည်းစနစ်မရှိသောဘုရား မဟုတ်။ သင့်တင့်ငြိမ်သက်ခြင်းရှိသောဘုရား ဖြစ်တော်မူ၏” ဆိုပြီးတော့လည်း ရေးသားခဲ့တယ်။ (၁ ကော. ၁၄:၃၃) ပေါလုက စည်းစနစ်မရှိတာကို စည်းစနစ်ရှိတာနဲ့ မနှိုင်းယှဉ်ဘဲ ငြိမ်သက်ခြင်းနဲ့နှိုင်းယှဉ်ထားတယ်ဆိုတာ သတိပြုပါ။ ဘာကြောင့်လဲ။ စဉ်းစားကြည့်ပါ။ စည်းစနစ်ရှိရုံနဲ့ ငြိမ်သက်တဲ့အခြေအနေ ဖြစ်မလာဘူး။ ဥပမာအနေနဲ့၊ စစ်သားတွေဟာ ရှေ့တန်းကို စည်းစနစ်တကျ ချီတက်သွားပေမဲ့ အဲဒီလိုစည်းစနစ်ကျတာက ငြိမ်သက်ခြင်းကို မဖြစ်စေဘဲ စစ်ပွဲကို ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ခရစ်ယာန်တွေအနေနဲ့ ကျွန်တော်တို့မှတ်ထားရမယ့် အဓိကအချက်ကတော့ စည်းစနစ်ကျနမှုဆိုတဲ့ အဆောက်အအုံမှာ ငြိမ်သက်ခြင်းဆိုတဲ့ အုတ်မြစ်မရှိရင် အနှေးနဲ့အမြန် ပြိုလဲသွားမယ်ဆိုတာပဲ။ ဘုရားပေးငြိမ်သက်ခြင်းကတော့ တည်မြဲတဲ့စည်းစနစ်ကျနမှုကို ဖြစ်ပေါ်စေတယ်။ “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” က အဖွဲ့အစည်းကို လမ်းညွှန်ပေးပြီး သန့်စင်ပေးနေတဲ့အတွက် ဘယ်လောက်တောင် ကျေးဇူးတင်ဖို့ကောင်းလိုက်သလဲ။ (ရော. ၁၅:၃၃) ဘုရားပေးငြိမ်သက်ခြင်းက ကမ္ဘာတစ်ဝန်း အသင်းတော်တွေမှာခံစားနေရတဲ့ အကျိုးဖြစ်ထွန်းတဲ့စည်းစနစ်ကျနမှုနဲ့ စည်းလုံးမှုအတွက် အုတ်မြစ်ကောင်းပါပဲ။—ဆာ. ၂၉:၁၁။

၁၀။ (က) အစောပိုင်းနှစ်တွေအတွင်း အဖွဲ့အစည်းမှာ ဘယ်တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့သလဲ။ (“ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာ” လေးထောင့်ကွက်ကို ကြည့်ပါ။) (ခ) အခု ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

၁၀ အစောပိုင်းနှစ်တွေအတွင်း အဖွဲ့အစည်းမှာဖြစ်ပေါ်ခဲ့တဲ့ အကျိုးဖြစ်ထွန်းပြီး စည်းစနစ်ကျနတဲ့ ပြောင်းလဲမှုတွေအကြောင်းကို “ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာ” ဆိုတဲ့လေးထောင့်ကွက်မှာ အကျဉ်းချုပ်ဖော်ပြထားတယ်။ ဒါပေမဲ့ ‘ကြေးနီအစား ရွှေ’ ကိုယူဆောင်လာမယ်ဆိုတဲ့ စကားအတိုင်း မကြာသေးခင်နှစ်တွေမှာ ယေဟောဝါက ကျွန်တော်တို့ရဲ့ဘုရင်ကို အသုံးပြုပြီး ဘယ်လိုပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သလဲ။ ကြီးကြပ်ကွပ်ကဲပုံဆိုင်ရာ အဲဒီပြောင်းလဲမှုတွေက ကမ္ဘာတစ်ဝန်း အသင်းတော်တွေရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှုကို ဘယ်လိုနည်းနဲ့ခိုင်မာစေခဲ့သလဲ။ အဲဒါတွေက ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ သင့်ကို ဘယ်လိုကူညီပေးသလဲ။

အသင်းတော်ကို ခရစ်တော်ဦးဆောင်နေပုံ

၁၁။ (က) ကျမ်းစာလေ့လာမှုကနေ ဘာကိုသိလာသလဲ။ (ခ) အဖွဲ့အစည်းကို ဦးဆောင်တဲ့ညီအစ်ကိုတွေ ဘာလုပ်ဖို့ ဆုံးဖြတ်ခဲ့သလဲ။

၁၁ အဖွဲ့အစည်းကိုဦးဆောင်တဲ့ ညီအစ်ကိုတွေဟာ ၁၉၆၄ ကနေ ၁၉၇၁ ခုနှစ်အတွင်း ကျမ်းစာကိုနှံ့နှံ့စပ်စပ်လေ့လာတဲ့ စီမံကိန်းတစ်ခုကို ကြီးကြပ်ပေးခဲ့တယ်။ အဲဒီမှာလေ့လာတဲ့ အကြောင်းအရာများစွာထဲက တစ်ခုကတော့ ပထမရာစုခရစ်ယာန်အသင်းတော် ဖွဲ့စည်းလုပ်ဆောင်ပုံဖြစ်တယ်။a ပထမရာစုအသင်းတော်တွေကို အကြီးအကဲတစ်ယောက် ဒါမှမဟုတ် ကြီးကြပ်မှူးတစ်ယောက်က မဟုတ်ဘဲ အကြီးအကဲအဖွဲ့က ကြီးကြပ်ပေးတယ်ဆိုတာ သိလာကြတယ်။ (ဖိလိပ္ပိ ၁:၁; ၁ တိမောသေ ၄:၁၄ ကိုဖတ်ပါ။) ဒီအချက်ကို ပိုနားလည်လာတာကြောင့် ဦးဆောင်တဲ့ညီအစ်ကိုတွေက အဖွဲ့အစည်းတည်ဆောက်ပုံဆိုင်ရာ ပြောင်းလဲမှုတွေလုပ်ဖို့ သူတို့ကို ဘုရင်ယေရှုလမ်းညွှန်နေမှန်း သဘောပေါက်လာတယ်။ ဒါနဲ့ ဘုရင့်လမ်းညွှန်မှုကိုလိုက်နာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမ်းစာမှာပါတဲ့ အကြီးအကဲခန့်အပ်မှုအစီအစဉ်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေကို ချက်ချင်းလုပ်ဆောင်ကြတယ်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတချို့က ဘာတွေလဲ။

ပဲ့ပြင်တည့်မတ်ပေးတာကို နှိမ့်ချစွာလက်ခံခဲ့သူ

၁၉၁၆၊ ဧပြီ ၁ ရက် ဖင်လန်စကားနဲ့ထုတ်ဝေတဲ့ ကင်းမျှော်စင်မှာ ညီအစ်ကိုကာလို ဟာတဲဗာအပါအ၀င် စကင်ဒီနေးဗီးယားဒေသက ညီအစ်ကိုတချို့ဆီ ညီအစ်ကိုရပ်စယ်လ်ရေးတဲ့စာ ပါလာတယ်။ ညီအစ်ကိုရပ်စယ်လ် အခုလိုရေးခဲ့တယ်– “ယုံကြည်ခြင်းတူတဲ့ ချစ်လှစွာသောညီအစ်ကိုများကို အမှန်တရားဘက် ပြန်လှည့်လာဖို့၊ အခုအချိန်မှာ လုပ်ဆောင်ရမယ့်လုပ်ငန်းကို အာရုံစိုက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။” ညီအစ်ကိုရပ်စယ်လ် ဘာကြောင့် ဒီလို တိုက်တွန်းခဲ့တာလဲ။

ကာလို ဟာတဲဗာ

ကာလို ဟာတဲဗာ

၁၈၈၂ ခုနှစ်မှာမွေးဖွားတဲ့ ညီအစ်ကိုဟာတဲဗာဟာ ဖင်လန်နိုင်ငံမှာ ကျမ်းစာကျောင်းသား ဦးဆုံးဖြစ်လာသူတွေထဲက တစ်ယောက်ဖြစ်တယ်။ ၁၉၁၀၊ ဧပြီလမှာ နှစ်ခြင်းခံပြီး ၁၉၁၂၊ ဩဂုတ်လမှာ ညီအစ်ကိုရပ်စယ်လ်က ဖင်လန်ဘာသာစကားနဲ့ ကင်းမျှော်စင်ထုတ်ဝေဖို့ သူ့ကို တာဝန်ပေးလိုက်တယ်။ ပထမကမ္ဘာစစ်ဖြစ်တဲ့အချိန်အထိ အစစအရာရာအဆင်ပြေခဲ့တယ်။ ၁၉၁၄၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှာတော့ ညီအစ်ကိုဟာတဲဗာ အခုလိုရေးခဲ့တယ်– “စီးပွားရေးအကျပ်အတည်းကြောင့် . . . ဒီနှစ်မှာ ကင်းမျှော်စင်ကို အရင်ကထုတ်ဝေခဲ့သလောက်၊ အရင်က စာမျက်နှာအရေအတွက်လောက် ထုတ်ဝေနိုင်မယ်လို့ ကျွန်တော်တို့ ကတိမပေးနိုင်ဘူး။” ဒါပေမဲ့ ၁၉၁၅ ခုနှစ်မှာ ညီအစ်ကိုဟာတဲဗာနဲ့တခြားသူတွေဟာ ရန်ပုံငွေမြှင့်တင်ဖို့ အာရရတ်လို့ခေါ်တဲ့ အသင်းအဖွဲ့တစ်ခုတည်ထောင်ခဲ့ပြီး အဲဒီနာမည်နဲ့ မဂ္ဂဇင်းတစ်စောင် စတင်ထုတ်ဝေခဲ့တယ်။

ညီအစ်ကိုဟာတဲဗာက အဲဒီအဖွဲ့နဲ့မဂ္ဂဇင်းအသစ်ကိုပဲ အာရုံစိုက်နေတဲ့အတွက် နောက်ညီအစ်ကိုတစ်ယောက်က ဖင်လန်စကားနဲ့ထုတ်ဝေတဲ့ ကင်းမျှော်စင်အယ်ဒီတာအဖြစ် စတင်တာဝန်ယူခဲ့ရတယ်။ အာရရတ်မဂ္ဂဇင်းမှာ ကျမ်းစာအခြေပြုဆောင်းပါးတွေပါဝင်ပေမဲ့ သဘာဝကုထုံးတွေအကြောင်း၊ အသစ်တီထွင်ထားတဲ့ အက်စ်ပရင်တို ဘာသာစကားအကြောင်း စတဲ့ဆောင်းပါးတွေလည်း ပါဝင် လာတယ်။ မကြာခင်မှာ ဒီမဂ္ဂဇင်းအသစ်က ညီအစ်ကိုတွေကို ရှင်းလင်းတဲ့ အမှန်တရားသွန်သင်ချက်တွေကနေ အာရုံပြောင်းသွားစေတယ်။ ဒီအခါ ညီအစ်ကိုရပ်စယ်လ်က ညီအစ်ကိုဟာတဲဗာနဲ့တခြားသူတွေ ဘုရားနဲ့ကောင်းတဲ့ဆက်ဆံရေးပြတ်တောက်မှာ စိုးရိမ်လာပြီး သူတို့ကို “အမှန်တရားဘက် ပြန်လှည့်လာဖို့” တိုက်တွန်းခဲ့တယ်။

ညီအစ်ကိုဟာတဲဗာ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။ သူ့ရဲ့ပြန်စာနဲ့အတူ ညီအစ်ကိုရပ်စယ်လ်ရဲ့စာကို အာရရတ်မဂ္ဂဇင်းမှာ ဖော်ပြ ခဲ့တယ်။ ညီအစ်ကိုဟာတဲဗာက သူ့ရဲ့အပြုအမူအတွက် တောင်းပန်ပြီး “ဒီအမှားကို ပြုပြင်နိုင်ဖို့ ကျွန်တော်အတတ်နိုင်ဆုံးကြိုးစား ပါ့မယ်” လို့ပြောခဲ့တယ်။ သိပ်မကြာခင်၊ နောက်ဆုံးထုတ်ဝေတဲ့ အာရရတ်မဂ္ဂဇင်းမှာ သူ့ကြောင့်ဖြစ်ခဲ့ရတဲ့ ရှုပ်ထွေးမှုတွေအတွက် ထပ်တောင်းပန်ခဲ့ပြီး “လက်ရှိသိထားတဲ့အမှန်တရားရဲ့ ကဏ္ဍတိုင်းနဲ့ပတ်သက်ပြီး အရင်ကထက် ပိုဂရုစိုက်ဖို့ ကြိုးစားသွားပါ့မယ်” လို့ပြောခဲ့တယ်။ အဲဒီတုန်းက မဲပေးရွေးချယ်ခံထားရတဲ့ အကြီးအကဲ တချို့ဟာ မာနထောင်လွှားတဲ့သဘောထားရှိပေမဲ့ ကာလို ဟာတဲဗာကတော့ သူတို့နဲ့မတူဘဲ ပဲ့ပြင်တည့်မတ်ပေးတာကို နှိမ့်ချစွာလက်ခံခဲ့တယ်။

နောက်ပိုင်းမှာ ညီအစ်ကိုဟာတဲဗာကို ဖင်လန်စကားနဲ့ထုတ်ဝေတဲ့ ကင်းမျှော်စင်အယ်ဒီတာအဖြစ်၊ ဌာနခွဲကြီးကြပ်မှူးအဖြစ် ပြန်ခန့်အပ်ခဲ့တယ်။ ၁၉၅၀ အထိ အဲဒီတာ၀န်တွေကို ထမ်းဆောင်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့မြေကြီးအသက်တာ ကုန်ဆုံးခဲ့တယ်။ သူဟာ ယေဟောဝါနဲ့အမှန်တရားအပေါ် သစ္စာရှိသူဖြစ်တယ်။ မှန်ပါတယ်၊ ဘုရင်ယေရှုဆီကလာတဲ့ ပဲ့ပြင်တည့်မတ်မှုကို နှိမ့်ချစွာလက်ခံသူတွေဟာ သန့်စင်ခံရပြီး ယေဟောဝါရဲ့ကောင်းချီးကိုလည်း ခံစားရတယ်။

၁၂။ (က) အဖွဲ့အစည်းကိုဦးဆောင်တဲ့ ညီအစ်ကိုအုပ်စုမှာ ဘာတွေပြောင်းလဲခဲ့သလဲ။ (ခ) အခုအချိန်မှာ အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လိုဖွဲ့စည်းထားသလဲ။ (စာမျက်နှာ ၁၃၀ မှာပါတဲ့ “အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်လုပ်ငန်းတိုးတက်ရေးကို ကြီးကြပ်ကွပ်ကဲပေးပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၂ ဦးဆုံးပြုပြင်ပြောင်းလဲမှုက အဖွဲ့အစည်းကိုဦးဆောင်နေတဲ့ ဘိသိက်ခံညီအစ်ကိုအုပ်စုနဲ့ သက်ဆိုင်တယ်။ အဲဒီအချိန်အထိ သူတို့အုပ်စုကို ပဲင်စီလ်ဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင်ခုနစ်ယောက်နဲ့ ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ်မှာ အဖွဲ့ဝင် ၇ ယောက်ကနေ ၁၁ ယောက်အထိ တိုးလာတဲ့အပြင် အဲဒီအချိန်ကစပြီး သူတို့ဟာ ဒါရိုက်တာအဖွဲ့ဝင်တွေ မဟုတ်ကြတော့ဘူး။ သူတို့အားလုံးက တစ်ယောက်နဲ့တစ်ယောက် တန်းတူပဲလို့ သဘောထားကြတယ်။ သဘာပတိတာဝန်ကို နာမည်အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျထမ်းဆောင်ကြတယ်။

၁၃။ (က) အနှစ်လေးဆယ်ကြာကာလအတွင်း ဘယ်အစီအစဉ်ကို အသုံးပြုခဲ့သလဲ။ (ခ) ၁၉၇၂ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ခဲ့သလဲ။

၁၃ နောက်ပြောင်းလဲမှုကတော့ အသင်းတော်တိုင်းနဲ့ သက်ဆိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ၁၉၃၂ ကနေ ၁၉၇၂ ခုနှစ်အထိ အသင်းတော်ကို ညီအစ်ကိုတစ်ယောက်တည်းက ကြီးကြပ်ကွပ်ကဲတယ်။ အဲဒီလိုခန့်အပ်ခံရတဲ့ညီအစ်ကို,ကို ၁၉၃၆ ခုနှစ်အထိ လုပ်ငန်းတော်ဒါရိုက်တာလို့ခေါ်တယ်။ နောက်ပိုင်းမှာ အသင်းတော်အမှုထမ်းလို့ခေါ်ပြီး နောက်ဆုံး အသင်းတော်ကြီးကြပ်မှူးလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ အဲဒီညီအစ်ကိုတွေဟာ သိုးတော်စုကို ယေဟောဝါနဲ့ဆက်ဆံရေးကောင်းရှိစေဖို့ ဂရုစိုက်စောင့်ရှောက်ပေးရာမှာ ဇွဲထက်သန်ကြတယ်။ အသင်းတော်ကြီးကြပ်မှူးက အသင်းတော်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါ တခြားအမှုထမ်းတွေနဲ့တိုင်ပင်လေ့မရှိဘူး။ ဒါပေမဲ့ ၁၉၇၂ ခုနှစ်အတွင်း အုပ်ချုပ်ရေးအဖွဲ့က သမိုင်းတွင်တဲ့ပြောင်းလဲမှုတစ်ခုလုပ်ဖို့ ပြင်ဆင်ခဲ့တယ်။ အဲဒီပြောင်းလဲမှုမှာ ဘာတွေပါဝင်သလဲ။

၁၄။ (က) ၁၉၇၂၊ အောက်တိုဘာလ ၁ ရက်ကစပြီး ဘယ်အစီအစဉ်သစ် အကျိုးသက်ရောက်ခဲ့သလဲ။ (ခ) အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူးက ဖိလိပ္ပိ ၂:၃ မှာပါတဲ့ အကြံဉာဏ်ကို ဘယ်လိုကျင့်သုံးသလဲ။

၁၄ အသင်းတော်တိုင်းမှာ ညီအစ်ကိုတစ်ယောက်တည်းကိုပဲ အသင်းတော်ကြီးကြပ်မှူးအဖြစ် ခန့်အပ်မယ့်အစား ကျမ်းစာတောင်းဆိုချက်တွေပြည့်မီတဲ့ တခြားညီအစ်ကိုတွေကိုလည်း ခရစ်ယာန်အကြီးအကဲအဖြစ် ခန့်အပ်မှာဖြစ်တယ်။ သူတို့အားလုံးက အကြီးအကဲအဖွဲ့အဖြစ် အသင်းတော်ကို အတူတကွကြီးကြပ်ကွပ်ကဲကြမယ်။ အဲဒီအကြီးအကဲခန့်အပ်မှုအစီအစဉ်သစ်ဟာ ၁၉၇၂၊ အောက်တိုဘာလ ၁ ရက်ကစပြီး အကျိုးသက်ရောက်တယ်။ ဒီနေ့အချိန်မှာ အကြီးအကဲအဖွဲ့ညှိနှိုင်းရေးမှူးဟာ သူ့ကိုယ်သူ ကျန်တဲ့အကြီးအကဲတွေထက် အရေးပါအရာရောက်တယ်လို့ သဘောမထားဘဲ “အငယ်ဆုံးသောသူကဲ့သို့” ကျင့်ကြံတယ်။ (လု. ၉:၄၈) ကမ္ဘာချီညီအစ်ကိုအသင်းအပင်းမှာ အဲဒီလို နှိမ့်ချတဲ့ညီအစ်ကိုတွေရှိနေတာ တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။—ဖိ. ၂:၃။

အမှန်ပါပဲ၊ ဉာဏ်အမြော်အမြင် ကြီးတဲ့ ဘုရင်ယေရှုက သူ့နောက်လိုက်တွေ လိုအပ်တဲ့ သိုးထိန်း တွေကို အချိန်ကိုက် ပြင်ဆင်ပေးခဲ့တယ်

၁၅။ (က) အသင်းတော်တွေမှာ အကြီးအကဲအဖွဲ့ ရှိလာတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိသလဲ။ (ခ) ဘုရင်ယေရှုက ဉာဏ်အမြော်အမြင် ရှိရှိလုပ်ဆောင်တယ်ဆိုတာ ဘာက ဖော်ပြသလဲ။

၁၅ အသင်းတော်တာဝန်တွေကို အကြီးအကဲအဖွဲ့ဝင်တွေ ခွဲဝေထမ်းဆောင်တဲ့အစီအစဉ်က ကြီးမားတဲ့တိုးတက်မှုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ရရှိလာတဲ့အကျိုးကျေးဇူးသုံးခုကို သုံးသပ်ကြည့်ပါ။ ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က အသင်းတော်မှာ သူတို့ရရှိတဲ့တာဝန်တွေ ဘယ်လောက်ပဲကြီးမားပါစေ အသင်းတော်ရဲ့ဦးခေါင်းက ယေရှုဖြစ်တယ်ဆိုတာ အမြဲသတိရနေဖို့ အဲဒီအစီအစဉ်က အကြီးအကဲအားလုံးကို ကူညီပေးတယ်။ (ဧ. ၅:၂၃) ဒုတိယ၊ ‘အကြံပေးသူများရင်တော့ အောင်မြင်တတ်တယ်’ လို့ သုတ္တံ ၁၁:၁၄ (ကဘ) မှာပြောတယ်။ အသင်းတော်ရဲ့ကောင်းကျိုးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို အကြီးအကဲတွေ အတူတူဆွေးနွေးတိုင်ပင်ပြီး တစ်ဦးစီရဲ့အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားတဲ့အခါ ကျမ်းစာမူတွေနဲ့ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြတယ်။ (သု. ၂၇:၁၇) အဲဒီလိုဆုံးဖြတ်ချက်တွေကို ယေဟောဝါ ကောင်းချီးပေးတာကြောင့် အောင်မြင်မှုရရှိတယ်။ တတိယ၊ အရည်အချင်းရှိညီအစ်ကိုတွေကို အကြီးအကဲတွေအဖြစ် ခန့်အပ်တဲ့အတွက် အသင်းတော်တွေမှာ ပိုလိုအပ်နေတဲ့ ကြီးကြပ်ကွပ်ကဲခြင်းတာဝန်နဲ့ သိုးထိန်းခြင်းတာဝန်ကို ဖြည့်ဆည်းပေးနိုင်တယ်။ (ဟေရှာ. ၆၀:၃-၅) ကမ္ဘာတစ်ဝန်း အသင်းတော်အရေအတွက်ဟာ ၁၉၇၁ ခုနှစ်မှာ ၂၇,၀၀၀ ရှိရာကနေ ၂၀၁၃ ခုနှစ်မှာ ၁၁၃,၀၀၀ ကျော်အထိ တိုးများလာတာကို စဉ်းစားကြည့်ပါ။ အမှန်ပါပဲ၊ ဉာဏ်အမြော်အမြင်ကြီးတဲ့ ဘုရင်ယေရှုက သူ့နောက်လိုက်တွေလိုအပ်တဲ့ သိုးထိန်းတွေကို အချိန်ကိုက်ပြင်ဆင်ပေးခဲ့တယ်။—မိ. ၅:၅။

ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာ

  • ၁၈၈၁—ဒေသတစ်ခုတည်းမှာ နေထိုင်တဲ့ ကျမ်းစာကျောင်းသားတွေ အချင်းချင်းဆက်သွယ်နိုင်ဖို့ ညီအစ်ကိုရပ်စယ်လ်က ပုံမှန်စည်းဝေးကျင်းပနေသူတွေကို သူတို့ ဘယ်နေရာမှာ စုဝေးကြောင်း ကင်းမျှော်စင်အသင်းရုံးဆီ အကြောင်းကြားခိုင်းတယ်။

  • ၁၈၉၅—အကြီးအကဲအဖြစ် အမှုဆောင် နိုင်တဲ့ ညီအစ်ကိုတွေကို ရွေးချယ်ဖို့ အသင်းတော်အားလုံးကို ညွှန်ကြားခဲ့တယ်။

  • ၁၉၁၉—အသင်းတော်တိုင်းမှာ လုပ်ငန်းတော်ဒါရိုက်တာတစ်ယောက်ကို ဌာနခွဲရုံးက ခန့်အပ်ပေးတယ်။ သူ့တာဝန်တချို့က ဟောပြောခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းဖို့၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်အောင်အားပေးဖို့ ဖြစ်တယ်။ အကြီးအကဲတချို့ကတော့ လုပ်ငန်းတော်ဒါရိုက်တာခန့်အပ်တဲ့ အစီအစဉ်ကို မထောက်ခံကြဘူး။

  • ၁၉၃၂—အကြီးအကဲတွေကို အသင်းတော်ကမဲပေးပြီး နှစ်စဉ်ရွေးကောက်တဲ့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်။ အဲဒီအစား အသင်းတော်က လုပ်ငန်းတော်ကော်မတီကို မဲပေးရွေးချယ်တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန်ပါဝင်တဲ့၊ ယေဟောဝါသက်သေဆိုတဲ့ နာမည်အသစ်နဲ့အညီ နေထိုင်တဲ့ ညီအစ်ကိုတွေနဲ့ အဲဒီကော်မတီကို ဖွဲ့စည်းထားတယ်။ သူတို့ထဲကနေ အသင်းတော်ကအဆိုပြုတဲ့သူတစ်ယောက်ကို ဌာနခွဲရုံးက လုပ်ငန်းတော်ဒါရိုက်တာအဖြစ် ခန့်အပ်တယ်။

  • ၁၉၃၇—လူအုပ်ကြီးအဝင်ညီအစ်ကိုတွေဟာ ဘိသိက်ခံညီအစ်ကိုတွေနဲ့အတူ လုပ်ငန်းတော်ကော်မတီတွေမှာ အမှုဆောင်ခွင့်ရတယ်။

  • ၁၉၃၈—အသင်းတော်အမှုထမ်းအားလုံးကို ဘရွတ်ကလင်ဌာနချုပ်မှာရှိတဲ့ ညီအစ်ကိုတွေက ခန့်အပ်ပေးပါဆိုပြီး အသင်းတော်တွေရဲ့အဓိဋ္ဌာန်ပြုချက်မှာ တောင်းဆိုခဲ့တယ်။ ဒါက အသင်းတော်တွေမှာ မဲပေးစနစ်နဲ့ရွေးချယ်တာကို အဆုံးသတ်လိုက်ခြင်းဖြစ်တယ်။

အဖွဲ့အစည်းတည်ဆောက်ပုံဆိုင်ရာ သမိုင်းဝင်တိုးတက်မှုတွေအကြောင်း ပိုသိနိုင်ဖို့ ယေဟောဝါသက်သေများ—ဘုရားသခင့် နိုင်ငံတော် ကြွေးကြော်သူများ [အင်္ဂလိပ်]၊ စာမျက်နှာ ၂၀၄-၂၃၅ ကို ကြည့်ပါ။

၁၉၂၀ ပြည့်လွန်နှစ်တွေမှာ အကြီးအကဲတွေကို အသင်းတော်ကမဲပေးပြီး နှစ်စရွေးကောက်

“ကျွန်မတို့က အကြီးအကဲတွေကို မဲပေးတဲ့အခါ ညာဘက်လက်ကို ထောင်ထားရတယ်။ အဲဒီနောက် ညီအစ်ကိုတစ်ယောက်က မဲပေးသူတွေကို ရေတွက်တယ်။”—ညီအစ်မရို့စ် စွင်ဂယ်လ်၊ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့။

“သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့”

၁၆။ (က) အကြီးအကဲတွေမှာ ဘာတာဝန်ရှိသလဲ။ (ခ) ‘သိုးတို့ကို ထိန်းပါ’ ဆိုတဲ့ ယေရှုရဲ့တိုက်တွန်းချက်ကို ကျမ်းစာကျောင်းသားတွေ ဘယ်လိုသဘောထားခဲ့သလဲ။

၁၆ အစောပိုင်းကျမ်းစာကျောင်းသားတွေခေတ်တုန်းက အကြီးအကဲတွေဟာ ယုံကြည်သူချင်းတွေကို ဘုရားသခင့်ကျေးကျွန်တွေ ဆက်ဖြစ်နိုင်အောင် ကူညီပေးဖို့တာဝန်ရှိမှန်း နားလည်ထားကြတယ်။ (ဂလာတိ ၆:၁၀ ကိုဖတ်ပါ။) ၁၉၀၈ ခုနှစ်ထုတ် ကင်းမျှော်စင်ဆောင်းပါးမှာ “ငါ၏သိုးသငယ်တို့ကို ထိန်းလော့” ဆိုတဲ့ ယေရှုရဲ့တိုက်တွန်းချက်ကို ဆွေးနွေးထားတယ်။ (ယော. ၂၁:၁၅-၁၇) ဆောင်းပါးမှာ အကြီးအကဲတွေကို အခုလိုပြောတယ်– “သိုးတော်စုနဲ့ပတ်သက်ပြီး သခင်ပေးအပ်တဲ့တာဝန်ကို လေးလေးနက်နက်သဘောထားဖို့၊ သခင့်နောက်လိုက်တွေကို ကျွေးမွေးထိန်းကျောင်းရတာကို အခွင့်ထူးကြီးအဖြစ်ယူမှတ်ဖို့ သိပ်အရေးကြီးတယ်။” ၁၉၂၅ ခုနှစ်ထုတ် ကင်းမျှော်စင်မှာ သိုးထိန်းတာ၀န်က အရေးကြီးတယ်ဆိုတာ ထပ်အလေးပေးတဲ့အနေနဲ့ အကြီးအကဲတွေကို အခုလိုသတိပေးထားတယ်– “ဘုရားသခင့်အသင်းတော်က ဘုရားသခင်ရဲ့ပိုင်ဆိုင်ရာဖြစ်တယ်။ . . . ညီအစ်ကိုညီအစ်မတွေအတွက် အမှုဆောင်ခွင့်ရထားတဲ့ တာဝန်ရှိသူအားလုံးကို ကိုယ်တော် အရေးယူစာရင်းရှင်းမှာဖြစ်တယ်။”

၁၇။ အရည်အချင်းရှိတဲ့သိုးထိန်းတွေ ဖြစ်လာအောင် ကြီးကြပ်မှူးတွေကို ဘယ်လိုကူညီပေးခဲ့သလဲ။

၁၇ ယေဟောဝါရဲ့အဖွဲ့အစည်းက အကြီးအကဲတွေရဲ့ သိုးထိန်းခြင်းအရည်အသွေးကို ‘သံအစား ငွေ’ အဖြစ် ပြောင်းလဲနိုင်အောင် ဘယ်လိုကူညီပေးခဲ့သလဲ။ လေ့ကျင့်မှုတွေပေးခြင်းအားဖြင့် ဖြစ်တယ်။ ၁၉၅၉ ခုနှစ်မှာ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်းကို ဦးဆုံးအကြိမ် ကျင်းပခဲ့တယ်။ သင်တန်းမှာဆွေးနွေးတဲ့ အကြောင်းအရာတစ်ခုက “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်း” ဖြစ်တယ်။ “ကြေညာသူတွေရဲ့အိမ်ကို လည်ပတ်ဖို့ ဇယားဆွဲပါ” ဆိုပြီး တာဝန်ရှိညီအစ်ကိုတွေကို အားပေးခဲ့တယ်။ အဲဒီလိုလည်ပတ်တဲ့အခါ တည်ဆောက်မှုဖြစ်အောင်လုပ်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကိုလည်း ဆွေးနွေးတယ်။ ၁၉၆၆ ခုနှစ်မှာ အကြီးအကဲနဲ့အမှုထမ်းများအတွက် မွမ်းမံသင်တန်းကို စတင်ကျင်းပခဲ့တယ်။ အဲဒီမှာ “သိုးထိန်းခြင်းလုပ်ငန်းရဲ့ အရေးပါမှု” အကြောင်းကို ဆွေးနွေးတယ်။ အကြောင်းအရာရဲ့ အဓိကအချက်က ဘာလဲ။ ဦးဆောင်နေသူတွေဟာ “ဘုရားသခင့်သိုးတော်စုကို မေတ္တာပါပါ ဂရုစိုက်စောင့်ရှောက်ရမယ်။ တစ်ချိန်တည်းမှာ မိသားစုတာဝန်နဲ့ အမှုဆောင်လုပ်ငန်းတာဝန်ကိုလည်း မလစ်ဟင်းစေဖို့ ဂရုစိုက်ရမယ်။” မကြာသေးမီနှစ်တွေအတွင်း အကြီးအကဲတွေအတွက် နောက်ထပ်သင်တန်းတွေ ကျင်းပပေးခဲ့တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းက ဒီလိုဆက်တိုက်လေ့ကျင့်ပေးတာကြောင့် ဘာရလဒ်ရခဲ့သလဲ။ အခုဆိုရင် အသင်းတော်တွေမှာ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုထောင်ပေါင်းများစွာက သိုးထိန်းတွေအဖြစ် အမှုဆောင်နေကြပြီ။

၁၉၆၆ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်း

၁၉၆၆ ခုနှစ်၊ ဖိလစ်ပိုင် နိုင်ငံမှာကျင်းပတဲ့ အကြီးအကဲနဲ့အမှုထမ်းများအတွက်သင်တန်း

၁၈။ (က) အကြီးအကဲတွေကို ဘယ် ကြီးမားတဲ့တာဝန် အပ်နှင်းထားသလဲ။ (ခ) အလုပ်ကြိုးစားတဲ့အကြီးအကဲတွေကို ယေဟောဝါနဲ့ယေရှု ဘာကြောင့်သိပ်ချစ်တာလဲ။

၁၈ ယေဟောဝါက ဘုရင်ယေရှုကိုအသုံးပြုပြီး အကြီးအကဲတွေကို ကြီးမားတဲ့တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်ခဲ့တယ်။ ဘယ်တာဝန်ကို ထမ်းဆောင်ဖို့လဲ။ လူ့သမိုင်းရဲ့ အခက်ခဲဆုံးအချိန်တစ်လျှောက်မှာ ဘုရားသခင့်သိုးတော်စုကို ဦးဆောင်ပေးဖို့ဖြစ်တယ်။ (ဧ. ၄:၁၁၊ ၁၂; ၂ တိ. ၃:၁) အလုပ်ကြိုးစားတဲ့အကြီးအကဲတွေကို ယေဟောဝါနဲ့ယေရှု သိပ်ချစ်တယ်။ အကြောင်းကတော့ အဲဒီညီအစ်ကိုတွေဟာ “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို . . . စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ . . . စေတနာစိတ်နှင့် ပြုကြလော့။ . . . သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့” ဆိုတဲ့တိုက်တွန်းချက်ကို နာခံကြလို့ပဲ။ (၁ ပေ. ၅:၂၊ ၃) ခရစ်ယာန်သိုးထိန်းတွေဟာ နည်းအမျိုးမျိုးနဲ့ သိုးတော်စုရှေ့ ပုံသက်သေကောင်းပြပြီး အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ပျော်ရွှင်မှုကို တိုးပွားစေတယ်။ အဲဒီထဲက နည်းနှစ်နည်းကို သုံးသပ်ကြည့်ရအောင်။

“မယုံနိုင်လောက်အောင်ပါပဲ”

အာရှက သာသနာပြုမောင်နှံတစ်စုံဟာ နှစ်နဲ့ချီ တိုးတက်မှုမရှိတဲ့ အသင်းတော်တစ်ခုမှာ တာဝန်ကျတယ်။ ဒေသခံညီအစ်ကိုတွေဟာ ချစ်ချစ်ခင်ခင်ရှိကြပေမဲ့ အဖွဲ့အစည်းရဲ့ညွှန်ကြားချက်တွေကိုတော့ မလိုက်လျှောက်မှန်း သူတို့သတိထားမိလာတယ်။ ကြေညာသူတွေနဲ့ ခင်မင်ရင်းနှီးလာပြီးနောက်ပိုင်း သာသနာပြုညီအစ်ကိုက အသင်းတော်ဖွဲ့စည်းပုံကို ကမ္ဘာတစ်ဝန်းက ယေဟောဝါလူမျိုးတွေဖွဲ့စည်းပုံနဲ့ ကိုက်ညီအောင် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ခဲ့တယ်။ ဘာရလဒ်ရခဲ့သလဲ။ နှစ်နှစ်အတွင်း စည်းဝေးတက်ရောက်သူ အရေအတွက် နှစ်ဆတိုးလာပြီး လူသစ်တွေလည်း ဟောပြောခြင်းလုပ်ငန်းမှာ စတင်ပါဝင်လာတဲ့အပြင် အယောက် ၂၀ ကျော် နှစ်ခြင်းခံခဲ့တယ်။ သူတို့ဇနီးမောင်နှံ အခုလိုပြောပြတယ်– “မယုံနိုင်လောက်အောင်ပါပဲ။ ယေဟောဝါက ကျွန်တော်တို့ကို အလျှံပယ်ကောင်းချီးပေးခဲ့တယ်။ ဘုရားသခင့်အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို လိုက်နာလို့ ရလဒ်ကောင်းတွေရတာကို မြင်ရတဲ့အခါ အသင်းတော်မှာရှိသူအားလုံး ဝမ်းသာလို့မဆုံးကြဘူး။”

ဒီနေ့အချိန်မှာ ဘုရားသခင့်သိုးတော်စုကို အကြီးအကဲတွေ ထိန်းကျောင်းပုံ

၁၉။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့နဲ့အတူလုပ်ဆောင်တဲ့ အကြီးအကဲတွေကို ဘယ်လိုသဘောထားကြသလဲ။

၁၉ ဦးဆုံး၊ အကြီးအကဲတွေက အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ အတူတကွလုပ်ဆောင်ကြတယ်။ ခရစ်ဝင်ကျမ်းရေးသူ လုကာက ယေရှုနဲ့ပတ်သက်ပြီး အခုလိုပြောတယ်– “ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးတို့သည်လည်း [ကိုယ်တော်နှင့်အတူလိုက်ပါလာ၊ ခမ] ကြ၏။” (လု. ၈:၁) ယေရှုက တမန်တော်တွေနဲ့အတူ ဟောပြောခဲ့သလို ဒီနေ့အချိန်မှာလည်း ပုံသက်သေကောင်းတဲ့အကြီးအကဲတွေက ဟောပြောခြင်းလုပ်ငန်းမှာ ယုံကြည်သူချင်းတွေနဲ့အတူ အမှုဆောင်ကြတယ်။ ဒီလိုလုပ်တာက အသင်းတော်မှာ ကောင်းတဲ့စိတ်သဘောထားရှိစေဖို့ အများကြီးအထောက်အကူပြုမှန်း သူတို့နားလည်တယ်။ အဲဒီလိုအကြီးအကဲတွေကို ညီအစ်ကိုညီအစ်မတွေ ဘယ်လိုသဘောထားကြသလဲ။ အသက် ၉၀ ဝန်းကျင်ရှိတဲ့ ညီအစ်မဇာနီးက “အကြီးအကဲတစ်ယောက်နဲ့အတူ အမှုဆောင်တွဲထွက်တဲ့အခါ သူနဲ့စကားပြောခွင့်ရပြီး သူ့အကြောင်းပိုသိလာတယ်” လို့ပြောပြတယ်။ အသက် ၃၅ နှစ်လောက်ရှိတဲ့ ညီအစ်ကိုစတီဗင်က “တစ်အိမ်တက်ဆင်းမှာ အကြီးအကဲတစ်ယောက်နဲ့တွဲတဲ့အခါ သူ ကျွန်တော့်ကို ကူညီပေးချင်မှန်း သိလာတယ်။ အဲဒီလိုမျိုးအကူအညီရလို့ ကျွန်တော် အရမ်းပျော်တယ်” လို့ပြောပြတယ်။

မုန်တိုင်းထန်တဲ့ညတစ်ညမှာ လမ်းပျောက်ပြီး တစ်ကောင်တည်းဖြစ်နေတဲ့ သိုးလေးကို သိုးထိန်းရှာတွေ့သွား

သိုးထိန်းက ပျောက်သွားတဲ့သိုးလေး တစ်ကောင်ကို လိုက်ရှာသလို အကြီးအကဲတွေကလည်း အသင်းတော်နဲ့အဆက်ပြတ်သွားသူတွေကို ကြိုးစားရှာဖွေကြ

၂၀၊ ၂၁။ ယေရှုရဲ့ပုံဥပမာမှာပါတဲ့ သိုးထိန်းကို အကြီးအကဲတွေ ဘယ်လို တုပနိုင်သလဲ။ တွေ့ကြုံမှုတစ်ခု ပြောပြပါ။ (“အကျိုးဖြစ်ထွန်းတဲ့ ပတ်စဉ်လည်ပတ်မှု” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂၀ ဒုတိယ၊ အသင်းတော်နဲ့ အဆက်ပြတ်နေသူတွေကို ဂရုစိုက်ပြီး စိတ်ဝင်စားမှုပြဖို့ ယေဟောဝါအဖွဲ့အစည်းက အကြီးအကဲတွေကို လေ့ကျင့်ပေးတယ်။ (ဟေဗြဲ ၁၂:၁၂) ဝတ်ပြုရေးမှာအားနည်းနေသူတွေကို အကြီးအကဲတွေ ဘာကြောင့်ကူညီပေးသင့်သလဲ။ ဘယ်လိုကူညီပေးသင့်သလဲ။ ယေရှုပြောခဲ့တဲ့ သိုးထိန်းနဲ့ပျောက်တဲ့သိုးပုံဥပမာမှာ အဖြေတွေ့နိုင်တယ်။ (လုကာ ၁၅:၄–၇ ကိုဖတ်ပါ။) သိုးထိန်းက သိုးတစ်ကောင်ပျောက်သွားမှန်းသိတဲ့အခါ သူ့မှာ အဲဒီသိုးတစ်ကောင်တည်းရှိသလိုမျိုး ပျောက်တဲ့သိုးကို အသည်းအသန် လိုက်ရှာတော့တယ်။ ဒီနေ့ ခရစ်ယာန်အကြီးအကဲတွေက အဲဒီသိုးထိန်းကို ဘယ်လိုတုပနိုင်မလဲ။ ပျောက်တဲ့သိုးလေးက သိုးထိန်းအတွက် အရမ်းတန်ဖိုးရှိသလို ဘုရားသခင့်လူမျိုးတော်နဲ့ အဆက်ပြတ်နေသူတွေကလည်း အကြီးအကဲတွေအတွက် တန်ဖိုးရှိနေတုန်းပဲ။ အကြီးအကဲတွေက ဝတ်ပြုရေးမှာအားနည်းနေသူတွေကို အဖတ်ဆယ်မရသူအဖြစ်မဟုတ်ဘဲ ပျောက်နေတဲ့သိုးအဖြစ် သဘောထားကြတယ်။ ဒါ့အပြင် သိုးထိန်းက “ပျောက်သောသိုးတစ်ကောင်ကို မတွေ့မချင်းလိုက်ရှာ” သလို အကြီးအကဲတွေကလည်း အားနည်းသူတွေကိုလိုက်ရှာပြီး ကူညီပေးဖို့ အစပြုလုပ်ဆောင်ကြတယ်။

၂၁ သိုးထိန်းက သိုးကိုတွေ့တဲ့အခါ ဘာလုပ်သလဲ။ သိုးလေးကို ညင်ညင်သာသာပွေ့ချီပြီး “ပခုံးပေါ်မှာတင်” လိုက်ပြီးနောက် သိုးအုပ်ဆီပြန်ခေါ်သွားတယ်။ အလားတူပဲ၊ အကြီးအကဲတစ်ယောက်က ဝတ်ပြုရေးမှာအားနည်းနေသူကို ဂရုစိုက်ကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ဖော်ပြခြင်းအားဖြင့် သူ့ကို ညင်ညင်သာသာချီမပြီး အသင်းတော်ထဲပြန်လာအောင် ကူညီပေးတယ်။ အာဖရိက,က ညီအစ်ကိုဗစ်တာရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူက အသင်းတော်နဲ့မပူးပေါင်းတာကြာပြီ။ “အသင်းတော်နဲ့မပူးပေါင်းတဲ့ ရှစ်နှစ်တာကာလအတွင်း အကြီးအကဲတွေက ကျွန်တော့်ကို အမြဲတမ်း ကြိုးစားကူညီပေးခဲ့ကြတယ်” လို့သူပြောပြတယ်။ အထူးသဖြင့် ဘယ်အရာကြောင့် သူစိတ်စွဲမှတ်သွားတာလဲ။ သူ အခုလိုရှင်းပြတယ်– “တစ်နေ့မှာ အကြီးအကဲညီအစ်ကိုဂျွန် ကျွန်တော့်ဆီ လာလည်တယ်။ သူနဲ့ ကျွန်တော်က ရှေ့ဆောင်သင်တန်း အတူတူတက်ခဲ့တာ။ သင်တန်းတုန်းကရိုက်ခဲ့တဲ့ ဓာတ်ပုံတချို့ကို သူယူလာပြတော့ အမှတ်တရအဖြစ်အပျက်လေးတွေကို ပြန်သတိရမိတာပေါ့။ ဒီလိုနဲ့ ယေဟောဝါရဲ့အမှုတော်ဆောင်တုန်းက ခံစားခဲ့ရတဲ့ပျော်ရွှင်မှုကို ပြန်လိုချင်လာမိတယ်။” ညီအစ်ကိုဂျွန် လည်ပတ်ပြီးနောက် သိပ်မကြာပါဘူး၊ ဗစ်တာတစ်ယောက် အသင်းတော်ဆီ ပြန်လှည့်လာတယ်။ အခုဆိုရင် ရှေ့ဆောင်ပြန်လုပ်နေပြီ။ မှန်ပါတယ်၊ မေတ္တာရှိတဲ့အကြီးအကဲတွေရဲ့ ကူညီပေးမှုကြောင့် ကျွန်တော်တို့ တကယ်ပဲဝမ်းမြောက်ရွှင်လန်းရတယ်။—၂ ကော. ၁:၂၄။b

ခရစ်ယာန်ညီအစ်ကိုနှစ်ယောက်က မလှုပ်မရှားဖြစ်နေတဲ့ သက်ကြီးညီအစ်ကိုဆီကို လည်ပတ်အားပေးနေ

အကျိုးဖြစ်ထွန်းတဲ့ ပတ်စဉ်လည်ပတ်မှု

အမေရိကန်ပြည်ထောင်စု အသင်းတော်တစ်ခုက အကြီးအကဲတွေဟာ ပျောက်နေတဲ့သိုးတွေကို ကူညီပေးဖို့ ဘာတွေလုပ်နိုင်သလဲဆိုတာ စဉ်းစားခဲ့ကြတယ်။ ယေဟောဝါရဲ့အမှုတော်ကို ဆယ်စုနှစ်ချီ မထမ်းဆောင်တော့တဲ့သူ အယောက် ၃၀ လောက်ဟာ အသင်းတော်နယ်မြေအတွင်းမှာ နေထိုင်တုန်းပဲ။ အများစုက အသက်ကြီးနေကြပြီ။

အဲလ်ဖရယ်ဒို ဆိုတဲ့အကြီးအကဲတစ်ယောက်က နာမည်စာရင်းရတာနဲ့ သူတို့ဆီ စတင်လည်ပတ်ခဲ့တယ်။ “မလှုပ်ရှားသူတစ်ယောက်ရဲ့အိမ်ကို သောကြာနေ့မနက်တိုင်း ကျွန်တော် သွားတယ်” လို့သူပြောပြတယ်။ အိမ်ထဲရောက်တဲ့အခါ အဲလ်ဖရယ်ဒိုက သက်သောင့်သက်သာဖြစ်အောင် စကားစမြည်ပြောပြီး သူ့အတွက်စိုးရိမ်မကင်းဖြစ်ကြောင်း လှိုက်လှိုက်လှဲလှဲပြောပြတယ်။ ယေဟောဝါရဲ့နိုင်ငံတော်အတွက် သူလုပ်ဆောင်ခဲ့တဲ့ ကောင်းတဲ့လုပ်ရပ်တွေကို အသင်းတော်က ညီအစ်ကို ညီအစ်မတွေ မမေ့သေးဘူးဆိုတာလည်း ပြောပြတယ်။ အဲလ်ဖရယ်ဒို အခုလိုပြောတယ်– “မလှုပ်ရှားတဲ့သက်ကြီး ညီအစ်ကိုတစ်ယောက်ကို ၁၉၇၆ ခုနှစ်တုန်းက သူနောက်ဆုံးအကြိမ် မှတ်တမ်းပေးခဲ့တဲ့လမှာ ဘယ်နှစ်နာရီ ဟောပြောခဲ့တယ်၊ မဂ္ဂဇင်းဘယ်လောက် ဝေငှခဲ့တယ်ဆိုတာ ပြောပြတဲ့အခါ သူ မျက်ရည်ကျလာတယ်။” အဲလ်ဖရယ်ဒိုက မလှုပ်ရှားသူတွေဆီ လည်ပတ်တဲ့အခါ လုကာ ၁၅:၄-၇၊ ၁၀ ကိုဖတ်ပြပြီး “ပျောက်သွားတဲ့သိုးတစ်ကောင် အသင်းတော်ထဲပြန်လာတဲ့အခါ ဘာဖြစ်သလဲ။ ယေဟောဝါ၊ ယေရှုနဲ့ ကောင်းကင်တမန်တွေ ဝမ်းမြောက်ကြတယ်။ အဲဒီအချက်ကို စဉ်းစားကြည့်ပါ” လို့ အားပေးတတ်တယ်။

လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အဲလ်ဖရယ်ဒိုဟာ မလှုပ်ရှားသူတွေကို ကူညီပေးခဲ့တယ်။ စိတ်ရှည်ရှည်နဲ့ ကြိုးစားလုပ်ဆောင်တဲ့အတွက် ဘာရလဒ်ရခဲ့သလဲ။ ညီအစ်ကိုနှစ်ယောက် အသင်းတော်နဲ့ ပြန်ပူးပေါင်းတာကိုတွေ့ရလို့ သူသိပ်ပျော်ရွှင်ခဲ့တယ်။ အခုဆိုရင် တနင်္ဂနွေနေ့အစည်းအဝေးတွေကို ပုံမှန်တက်နေကြပြီ။ အဲလ်ဖရယ်ဒိုက အပြုံးလေးနဲ့ အခုလိုပြောတယ်– “နိုင်ငံတော်ခန်းမထဲ သူတို့ဝင်လာတာကိုတွေ့တဲ့အခါ ကျွန်တော် မျက်ရည်ကျရတဲ့ အလှည့်ပေါ့။ သူတို့က စည်းဝေးတွေ စတက်နေပြီဆိုပေမဲ့ ကျွန်တော်ကတော့ သောကြာနေ့တိုင်း သူတို့ဆီ လည်ပတ်နေတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုပတ်စဉ်လည်ပတ်မယ့်အချိန်ကို စောင့်မျှော်နေတယ်လို့ သူတို့ပြောကြလို့ပါ။ ကျွန်တော်လည်း ထပ်တူပါပဲ။”

ကြီးကြပ်ကွပ်ကဲပုံ တိုးတက်လာခြင်းက ဘုရားသခင့်လူမျိုးတော်ရဲ့စည်းလုံးမှုကို ခိုင်မာစေ

၂၂။ ဖြောင့်မတ်ခြင်းနဲ့ငြိမ်သက်ခြင်းက အသင်းတော်ရဲ့စည်းလုံးမှုကို ဘယ်လိုနည်းနဲ့ ခိုင်မာစေသလဲ။ (“မယုံနိုင်လောက်အောင်ပါပဲ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၂၂ အစပိုင်းမှာဆွေးနွေးခဲ့သလို ယေဟောဝါက သူ့လူမျိုးအလယ်မှာ ဖြောင့်မတ်ခြင်းနဲ့ငြိမ်သက်ခြင်း တစ်စထက်တစ်စ တိုးများလာမယ်လို့ ကြိုပြောခဲ့တယ်။ (ဟေရှာ. ၆၀:၁၇) အဲဒီအရည်အသွေးနှစ်ခုစလုံးက အသင်းတော်တွေရဲ့ စည်းလုံးမှုကို ခိုင်မာစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖြောင့်မတ်ခြင်းနဲ့ပတ်သက်လာရင် ‘ဘုရားသခင်ဟာ တစ်ဆူတည်းသော ယေဟောဝါ’ ဖြစ်တယ်။ (တရား. ၆:၄၊ ကဘ) ကိုယ်တော်ရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ အသင်းတော်တစ်ခုနဲ့တစ်ခု ကွဲပြားသွားတာမျိုးမရှိဘူး။ အမှားအမှန်နဲ့ပတ်သက်တဲ့ ကိုယ်တော့်စံနှုန်းတွေဟာ တစ်မျိုးတည်းပဲ။ “သန့်ရှင်းသူတို့၏အသင်းတော်အားလုံး” မှာ အတူတူပါပဲ။ (၁ ကော. ၁၄:၃၃) ဒါကြောင့် အသင်းတော်တစ်ခုဟာ ဘုရားသခင့်စံနှုန်းတွေအတိုင်း လိုက်နာကျင့်သုံးမှသာ တိုးတက်ဖြစ်ထွန်းပါလိမ့်မယ်။ ငြိမ်သက်ခြင်းနဲ့ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ဘုရင်က အသင်းတော်မှာ ငြိမ်သက်မှုရှိစေချင်တဲ့အပြင် ကျွန်တော်တို့ကိုလည်း “ငြိမ်သက်စေသူ” တွေ ဖြစ်စေချင်တယ်။ (မ. ၅:၉) ဒါကြောင့် ကျွန်တော်တို့ဟာ ‘ငြိမ်သက်ခြင်းရှိစေသောအမှုများကို လုပ်ဆောင်ရန် အစဉ်ကြိုးစားအားထုတ်ကြတယ်။’ ပေါ်ပေါက်လာတတ်တဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းရာမှာ အစပြုလုပ်ဆောင်ကြတယ်။ (ရော. ၁၄:၁၉) ဒီလိုနည်းနဲ့ အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှုကို တိုးပွားစေကြတယ်။—ဟေရှာ. ၆၀:၁၈။

၂၃။ ယေဟောဝါရဲ့ကျေးကျွန်တွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ အခုအချိန်မှာ ဘယ်အရာကို ခံစားနေရသလဲ။

၂၃ ၁၈၉၅၊ နိုဝင်ဘာလထုတ် ကင်းမျှော်စင်မှာ အကြီးအကဲစတင်ခန့်အပ်တဲ့ အစီအစဉ်အကြောင်း ကြေညာတဲ့အခါ တာဝန်ရှိညီအစ်ကိုတွေကလည်း သူတို့ရဲ့သဘောထားမှန်ကို ဖော်ပြခဲ့ကြတယ်။ အဲဒါက ဘာဖြစ်မလဲ။ အဖွဲ့အစည်းဆိုင်ရာ ဒီအစီအစဉ်သစ်ကြောင့် ဘုရားသခင့်လူမျိုးတွေ “ယုံကြည်ခြင်းမှာ တစ်စည်းတစ်လုံးတည်းအဖြစ်ကို မြန်မြန်ဆန်ဆန်ရောက်ရှိစေဖို့” ဆန္ဒပြုဆုတောင်းခဲ့ကြတယ်။ ကုန်လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ယေဟောဝါက ဘုရင်ယေရှုကိုအသုံးပြုပြီး ကြီးကြပ်ကွပ်ကဲမှုပိုင်းကို တဖြည်းဖြည်းသန့်စင်ပေးခဲ့တာကြောင့် ဝတ်ပြုရေးမှာ ကျွန်တော်တို့ရဲ့စည်းလုံးမှု ခိုင်ခံ့မြဲမြံလာတယ်။ (ဆာ. ၉၉:၄) ဒါကြောင့် အခုအချိန်မှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့လူမျိုးအားလုံးဟာ ‘တူညီတဲ့စိတ်သဘောထား’ နဲ့ ‘တစ်လမ်းတည်းလျှောက်’ လှမ်းပြီး ‘ငြိမ်သက်ခြင်းအရှင် ဘုရားသခင်’ ရဲ့အမှုတော်ကို ပျော်ရွှင်စွာ “တညီတညွတ်တည်း” ထမ်းဆောင်နေကြတယ်။—၂ ကော. ၁၂:၁၈; ဇေဖနိ ၃:၉ ကိုဖတ်ပါ။

a အဲဒီလိုနှံ့နှံ့စပ်စပ်လေ့လာပြီး သိရှိလာတာကို သမ္မာကျမ်းစာကို နားလည်စေရန် အထောက်အကူ ဆိုတဲ့စာအုပ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။

b ၂၀၁၃၊ ဇန်နဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၁ မှာပါတဲ့ “ခရစ်ယာန်အကြီးအကဲများ—‘ဝမ်းမြောက်ခြင်းအတွက် လုပ်ဖော်ဆောင်ဖက်များ’” ဆောင်းပါးကို ကြည့်ပါ။

နိုင်ငံတော် တကယ်တည်ရှိကြောင်း ဘယ်လောက်ထိ သင်ယုံကြည်စိတ်ချသလဲ

  • နိုင်ငံတော်က အဖွဲ့အစည်းပိုင်းဆိုင်ရာ ဘယ်တိုးတက်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေခဲ့သလဲ။

  • အသင်းတော်ကြီးကြပ်ကွပ်ကဲပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေက ‘ငြိမ်သက်ခြင်းအရှင်ဘုရားသခင်’ ရဲ့အမှုတော်ဆောင်ဖို့ သင့်ကို ဘယ်လိုကူညီပေးသလဲ။

  • အကြီးအကဲတစ်ယောက်ရဲ့ ဘယ်လုပ်ရပ်နဲ့အပြောအဆိုက သင့်ကိုရွှင်လန်းစေခဲ့သလဲ။

  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့စည်းလုံးမှု တိုးပွားအောင် သင်ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ စည်းဝေးလုပ်နေ

ဘယ်မှညာ– ဂဲရစ် လော့ရှ်၊ ဂျက်ဖရီ ဂျက်ဆင်၊ ဆမ်မြူအယ်လ် ဟာ့ဒ်၊ ဂိုင် ပီယပ်စ်၊ မာ့ခ် ဆန်ဒါစန်၊ ဒေးဗစ် စပလန်၊ အန်တိုနီ မောရစ္စ ၃၊ စတီဗင် လက်တ်

အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်လုပ်ငန်းတိုးတက်ရေးကို ကြီးကြပ်ကွပ်ကဲပေးပုံ

ယေဟောဝါသက်သေတွေရဲ့အုပ်ချုပ်ရေးအဖွဲ့ကို ယေဟောဝါဘုရားသခင်ရဲ့ ဘိသိက်ခံကျေးကျွန်ညီအစ်ကိုတွေနဲ့ ဖွဲ့စည်းထားတယ်။ အုပ်စုတစ်စုအနေနဲ့ သူတို့ဟာ ‘သစ္စာနဲ့သတိပညာရှိကျွန်’ ဖြစ်တယ်။ ပုံဆောင်အစာကို ပြင်ဆင်ပေးဖို့၊ ကမ္ဘာတစ်ဝန်း နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားပေးပြီး အရှိန်မြှင့်တင်ပေးဖို့ တာဝန်ရှိကြတယ်။—မ. ၂၄:၁၄၊ ၄၅-၄၇။

အုပ်ချုပ်ရေးအဖွဲ့က ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့မှာ ပတ်စဉ်စည်းဝေးတယ်။ ဒါကြောင့် စည်းစည်းလုံးလုံးနဲ့ အတူတကွလုပ်ဆောင်နိုင်ကြတယ်။ (ဆာ. ၁၃၃:၁) အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ကော်မတီအသီးသီးမှာလည်း တာဝန်ထမ်းဆောင်ကြတယ်။ နိုင်ငံတော်လုပ်ငန်းတိုးတက်ရေးအတွက် ကော်မတီတစ်ခုစီမှာ ကြီးကြပ်ကွပ်ကဲရတဲ့ ကဏ္ဍကိုယ်စီရှိတယ်။ သူတို့ရဲ့တာဝန်တွေကို အောက်မှာအကျဉ်းချုံးဖော်ပြထားတယ်။

  • ညီအစ်ကိုအသင်းအပင်းကို ဂရုစိုက်ကြည့်ရှုပေးဖို့ ညီအစ်ကိုတွေကြိုးစားလုပ်ဆောင်နေ

    ညှိနှိုင်းရေးမှူးများကော်မတီ

    ဒီကော်မတီမှာ အမှုဆောင်တဲ့ညီအစ်ကိုတွေက ဥပဒေရေးရာကိစ္စတွေကို ကြီးကြပ်ပေးပြီး ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေကို တိကျမှန်ကန်စွာဖော်ပြဖို့လိုအပ်လာတဲ့အခါ သတင်းမီဒီယာအသုံးပြုတာကို ကြီးကြပ်ပေးတယ်။ ကမ္ဘာ့ဘယ်ဒေသမှာမဆို ညီအစ်ကိုအသင်းအပင်းကိုထိခိုက်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ တခြားအရေးပေါ်ကိစ္စတွေကိုလည်း တာဝန်ယူဆောင်ရွက်ပေးတယ်။

  • တာဝန်အမျိုးမျိုး လုပ်ဆောင်နေကြတဲ့ ဗေသလမိသားစုတွေ

    ဝန်ထမ်းရေးရာကော်မတီ

    ဒီကော်မတီက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဗေသလမိသားစုဝင်တွေရဲ့ ကာယရေး၊ ဝတ်ပြုရေးနဲ့ဆိုင်တဲ့အစီအစဉ်တွေအပြင် တခြားလိုအပ်ရာတွေကို ကြီးကြပ်ပေးတယ်။ ဗေသလအိမ်သားအသစ်တွေ ရွေးချယ်တာ၊ ဖိတ်ခေါ်တာကို ကြီးကြပ်ပြီး ဗေသလလုပ်ငန်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေရှင်းပေးတယ်။

  • ကျမ်းစာစာပေတွေ ပုံနှပ်တင်ပို့ရေးမှာ ကူညီပေးနေတဲ့ ဗေသလအိမ်သားတစ်ယောက်

    ပုံနှိပ်ထုတ်ဝေရေးကော်မတီ

    ဒီကော်မတီမှာ တာဝန်ထမ်းဆောင်သူတွေက ကမ္ဘာတစ်ဝန်းမှာ ကျမ်းစာ,စာပေတွေ ပုံနှိပ်တာ၊ တင်ပို့တာကို ကြီးကြပ်ပေးတယ်။ ယေဟောဝါသက်သေတွေရဲ့ ကော်ပိုရေးရှင်းအသီးသီး ပိုင်ဆိုင်အသုံးပြုနေတဲ့ ပုံနှိပ်တိုက်တွေနဲ့ မြေရာအဆောက်အအုံတွေကို ကြီးကြပ်ပေးတယ်။ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် ကမ္ဘာတစ်ဝန်းဆောက်လုပ်ရေးလုပ်ငန်းအားလုံးကိုလည်း ကြီးကြပ်ပေးတယ်။ နိုင်ငံတော်လုပ်ငန်းအတွက် ထည့်ဝင်တဲ့အလှူငွေတွေကို အကောင်းဆုံးအသုံးပြုဖို့ စီစဉ်ပေးတယ်။

  • ညီအစ်ကိုတစ်ယောက် စားပွဲမှာထိုင်ပြီး ပြင်ဆင်၊ ရှာဖွေလေ့လာနေ

    လုပ်ငန်းတော်ကော်မတီ

    ဒီကော်မတီမှာပါဝင်တဲ့ ညီအစ်ကိုတွေက ဟောပြောခြင်းလုပ်ငန်းရဲ့ ကဏ္ဍအားလုံးအပြင် အသင်းတော်တွေ၊ ကြေညာသူတွေ၊ ရှေ့ဆောင်တွေ၊ အကြီးအကဲတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ သာသနာပြုတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ကြီးကြပ်ပေးတယ်။ သူတို့ ကြီးကြပ်ပေးတဲ့ တခြားအရာတွေထဲမှာ ဆေးရုံဆက်သွယ်ရေးကော်မတီတွေရဲ့ လုပ်ဆောင်မှုတွေလည်းပါတယ်။

  • စင်မြင့်ပေါ်မှာ ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးနေ

    သွန်သင်ခြင်းကော်မတီ

    ဒီကော်မတီက စည်းဝေးပွဲတွေ၊ စည်းဝေးကြီးတွေနဲ့ အသင်းတော်အစည်းအဝေးတွေမှာ တင်ဆက်တဲ့အကြောင်းအရာတွေကို ကြီးကြပ်ပေးတယ်။ ရှေ့ဆောင်လုပ်ငန်းကျောင်း၊ သတင်းကောင်းဟောပြောသူများအတွက်သင်တန်းနဲ့ တခြားသင်တန်းတွေကိုလည်း ကြီးကြပ်ပေးတယ်။ ဒါ့အပြင် ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်တွေ၊ အော်ဒီယိုနဲ့ ဗီဒီယိုအစီအစဉ်တွေကို ကြီးကြပ်ပေးတယ်။

  • ဝက်ဘ်ဆိုက်အပါအဝင် စာပေစာတမ်းအမျိုးမျိုး

    စာပေပြုစုရေးကော်မတီ

    ဒီကော်မတီမှာရှိတဲ့ညီအစ်ကိုတွေက ယုံကြည်သူချင်းတွေနဲ့ အများပြည်သူတွေအတွက် အရေးအသားပုံစံနဲ့ရော၊ အီလက် ထရွန်နစ်ပုံစံနဲ့ပါ အချိန်တန်အစာ ပြင်ဆင်ပေးတာကို ကြီးကြပ်တယ်။ အဖွဲ့အစည်း ဝက်ဘ်ဆိုက်ကို တာဝန်ယူပေးပြီး ကမ္ဘာ တစ်ဝန်းက ဘာသာပြန်လုပ်ငန်းကိုလည်း ကြီးကြပ်ပေးတယ်။ ဒါ့အပြင် စာပေတွေမှာပါတဲ့ အချက်တချို့၊ ကျမ်းချက်တချို့ရဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီး မေးလာတဲ့မေးခွန်းတွေကို ဖြေဆိုပေးတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ