အခန်း ၁၄
တပည့်တွေကို စတင်ရွေးချယ်
ယေရှုရဲ့ ဦးဆုံးတပည့် ဖြစ်လာသူများ
ယေရှုဟာ တောထဲမှာ ရက် ၄၀ နေပြီးနောက် ဂါလိလဲနယ်ကို မပြန်ခင် နှစ်ခြင်းပေးသူယောဟန်ဆီ ရောက်လာတယ်။ ယေရှုလာတာကို တွေ့တော့ ယောဟန် အခုလိုပြောတယ်– “ကြည့်ပါ။ ဒီလောကရဲ့အပြစ်ကို ဖယ်ရှားပေးမယ့် ဘုရားသခင်ရဲ့သိုးသငယ်ဟာ သူပဲ။ ‘ကျွန်တော့်နောက်မှာ လာတဲ့သူဟာ ကျွန်တော် မရှိခင်ကတည်းက တည်ရှိခဲ့သူဖြစ်လို့ ရှေ့ကိုရောက်နှင့်နေပြီ’ လို့ ကျွန်တော်ပြောတာ သူပဲပေါ့။” (ယောဟန် ၁:၂၉၊ ၃၀) ယောဟန်က ယေရှုထက် အသက်ပိုကြီးပေမဲ့ သူမရှိခင်ကတည်းက ကောင်းကင်မှာ ဝိညာဉ်ပုဂ္ဂိုလ်အဖြစ် ယေရှုရှိခဲ့မှန်း သိတယ်။
အစောပိုင်းတုန်းက ယေရှုနှစ်ခြင်းခံဖို့ လာချိန်မှာ ယေရှုဟာ မေရှိယဖြစ်မှန်း ယောဟန် အတိအကျ မသိခဲ့ဘူး။ “ကျွန်တော်တောင် သူ့ကို မသိခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော် ရေနဲ့နှစ်ခြင်းပေးရတဲ့ အကြောင်းရင်းက သူ့ကို အစ္စရေးတွေ သိလာစေဖို့ပဲ” လို့ ယောဟန်ပြောတယ်။—ယောဟန် ၁:၃၁။
ယေရှုကို နှစ်ခြင်းပေးတဲ့ အချိန်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ နားထောင်နေသူတွေကို ယောဟန် အခုလို ပြောပြတယ်– “စွမ်းအားတော်က ကောင်းကင်ကနေ ချိုးငှက်သဏ္ဌာန်နဲ့ ဆင်းလာပြီး သူ့အပေါ် နားနေတာကို ကျွန်တော်မြင်တယ်။ သူ့ကို ကျွန်တော် မသိပေမဲ့ ရေနဲ့နှစ်ခြင်းပေးဖို့ ကျွန်တော့်ကို စေလွှတ်တဲ့အရှင်က ‘လူတစ်ယောက်အပေါ် စွမ်းအားတော်ဆင်းလာပြီး နားနေတာကို မြင်ရင် အဲဒီလူဟာ သန့်ရှင်းသော စွမ်းအားတော်နဲ့ နှစ်ခြင်းပေးမယ့်သူပဲ’ လို့ ကျွန်တော့်ကို မှာထားတယ်။ အဲဒီအတိုင်း ဖြစ်လာတာကို ကျွန်တော် မြင်ရတယ်။ ဒါကြောင့် သူဟာ ဘုရားသခင်ရဲ့သားပဲဆိုတာ ကျွန်တော် သက်သေခံတယ်။”—ယောဟန် ၁:၃၂-၃၄။
နောက်တစ်နေ့ ယေရှုထပ်သွားတဲ့အခါ ယောဟန်နဲ့အတူ တပည့်နှစ်ယောက် ရှိနေတယ်။ ယောဟန်က “ကြည့်ပါ။ သူဟာ ဘုရားသခင်ရဲ့ သိုးသငယ်ပဲ” လို့ပြောတယ်။ (ယောဟန် ၁:၃၆) ဒါနဲ့ နှစ်ခြင်းပေးသူ ယောဟန်ရဲ့ တပည့်နှစ်ယောက်ဟာ ယေရှုနောက် လိုက်သွားတယ်။ တစ်ယောက်ရဲ့နာမည်က အန္ဒြေ။ နောက်တစ်ယောက်ကတော့ ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်တဲ့သူဖြစ်ပြီး သူ့နာမည်လည်း ယောဟန်ပဲ။ သူက မာရိရဲ့ညီမ ရှာလုံရဲ့သားဖြစ်ပြီး ယေရှုနဲ့ ဝမ်းကွဲတော်တယ်။ ရှာလုံရဲ့ယောက်ျားက ဇေဗေဒဲ။
အန္ဒြေနဲ့ ယောဟန် လိုက်လာတာကို ယေရှုမြင်တဲ့အခါ “ဘာအလိုရှိသလဲ” လို့မေးတယ်။
သူတို့က “ရဗ္ဗိ၊ ဘယ်မှာနေသလဲ” လို့မေးကြတယ်။
“လိုက်ပြီး ကြည့်လေ” လို့ ယေရှု ပြန်ပြောတယ်။—ယောဟန် ၁:၃၇-၃၉။
ညနေ ၄ နာရီလောက် ရှိနေပြီ။ အန္ဒြေနဲ့ ယောဟန်က အဲဒီနေ့မှာ ယေရှုနဲ့ပဲ နေလိုက်တယ်။ အန္ဒြေက စိတ်လှုပ်ရှားလွန်းလို့ သူ့အစ်ကို ရှိမုန်ပေတရုကို တွေ့တော့ “ငါတို့ မေရှိယကိုတွေ့ပြီ” လို့ပြောတယ်။ (ယောဟန် ၁:၄၁) အန္ဒြေက ပေတရုကို ယေရှုဆီ ခေါ်လာတယ်။ ယောဟန်လည်း သူ့အစ်ကို ယာကုပ်ကို ယေရှုဆီ ခေါ်လာတယ်။ ဒါပေမဲ့ ယောဟန်က အဲဒီအကြောင်းကို မှတ်တမ်းထဲမှာ အသေးစိတ် မဖော်ပြထားဘူး။
နောက်တစ်နေ့မှာ ယေရှုက ဗက်ဇဲဒမြို့သား ဖိလိပ္ပုကိုတွေ့တယ်။ ဗက်ဇဲဒမြို့ဟာ ဂါလိလဲအိုင်ရဲ့ မြောက်ဘက်ကမ်းခြေနားမှာ တည်ရှိပြီး အန္ဒြေနဲ့ ပေတရုတို့ရဲ့ ဇာတိမြို့ပဲ။ ယေရှုက ဖိလိပ္ပုကို “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုပြီးခေါ်တယ်။—ယောဟန် ၁:၄၃။
ဖိလိပ္ပုက ဗာသောလမဲလို့ခေါ်တဲ့ နာသနေလကို တွေ့တော့ “မောရှေပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းတွေမှာ ရေးထားတဲ့သူကို ကျွန်တော်တို့ တွေ့ပြီ။ သူဟာ ယောသပ်ရဲ့သား၊ နာဇရက်မြို့သား ယေရှုပဲ” လို့ပြောတယ်။ နာသနေလက မယုံဘဲ “နာဇရက်မြို့ကနေ ကောင်းတာတစ်ခုခု ထွက်နိုင်လို့လား” လို့ပြောတယ်။
ဖိလိပ္ပုက “ကိုယ်တိုင် လိုက်ကြည့်လေ” လို့ခေါ်တယ်။ နာသနေလ လာနေတာကို မြင်တော့ ယေရှုက “ကြည့်ပါ။ သူဟာ လှည့်စားခြင်းကင်းတဲ့သူ၊ အစ္စရေးပီသတဲ့သူပဲ” လို့ပြောတယ်။
နာသနေလက “ကျွန်တော့်ကို ဘယ်လိုလုပ် သိတာလဲ” လို့မေးတယ်။
ယေရှုက “ဖိလိပ္ပု မခေါ်ခင်တုန်းက သဖန်းပင်အောက်မှာ ခင်ဗျားရှိနေတာ ကျွန်တော်မြင်တယ်” လို့ဖြေတယ်။
ဒါနဲ့ နာသနေလက “ရဗ္ဗိ၊ ရဗ္ဗိဟာ ဘုရားသခင်ရဲ့သား၊ အစ္စရေးဘုရင်ပဲ” လို့ပြောတယ်။
ယေရှုက “သဖန်းပင်အောက်မှာ ခင်ဗျား ရှိနေတာကို မြင်တယ်ဆိုပြီး ပြောလိုက်လို့ ကျွန်တော့်ကို ယုံသွားတာလား။ ဒီထက် အံ့သြစရာကောင်းတာတွေ ခင်ဗျားမြင်ရဦးမယ်” လို့ပြောတယ်။ ပြီးတော့ “ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကောင်းကင်ပွင့်ပြီး ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ လူသားဆီ ဆင်းလာလိုက်၊ တက်သွားလိုက် လုပ်နေတာ ခင်ဗျားတို့ မြင်ရလိမ့်မယ်” လို့ကတိပေးတယ်။—ယောဟန် ၁:၄၅-၅၁။
အဲဒီနောက် မကြာခင်မှာ ယေရှုဟာ တပည့်သစ်တွေနဲ့အတူ ဂျော်ဒန်ချိုင့်ဝှမ်းကနေထွက်ပြီး ဂါလိလဲနယ်ကို သွားတယ်။