အခန်း ၁၆
စစ်မှန်တဲ့ ၀တ်ပြုရေးအတွက် ယေရှု စိတ်ထက်သန်
ယေရှု ဗိမာန်တော်ကို ရှင်းလင်း
ကာနမြို့က မင်္ဂလာပွဲပြီးသွားတဲ့နောက် ယေရှုဟာ အမေ၊ မိတူဖကွဲညီတွေဖြစ်တဲ့ ယာကုပ်၊ ယောသပ်၊ ရှိမုန်၊ ယုဒတို့နဲ့အတူ ကပေရနောင်မြို့ကို သွားတယ်။
ကပေရနောင်မြို့ကို ယေရှု ဘာလို့ သွားတာလဲ။ အဲဒီမြို့ဟာ နာဇရက်မြို့နဲ့ ကာနမြို့ထက် ပိုအချက်အချာကျတဲ့မြို့ကြီး ဖြစ်တယ်။ ယေရှုရဲ့ တပည့်သစ်တွေလည်း ကပေရနောင်မြို့မှာ ဒါမှမဟုတ် အနီးအနားမှာ နေကြတယ်။ ဒါကြောင့် ယေရှုက သူတို့ရဲ့ဇာတိမြို့မှာပဲ လေ့ကျင့်ပေးနိုင်တယ်။
ကပေရနောင်မြို့မှာ ယေရှုရှိနေတုန်း အံ့ဖွယ်အမှုတွေ လုပ်ခဲ့တယ်။ ဒါကြောင့် မြို့သားတွေနဲ့ အနီးအနားက လူတွေဟာ ယေရှုလုပ်တာတွေကို ကြားမှာပဲ။ ဒါပေမဲ့ ယေရှုနဲ့ တပည့်တွေဟာ ဘုရားတရားကိုင်းရှိုင်းတဲ့ ဂျူးလူမျိုးတွေ ဖြစ်လို့ မကြာခင်မှာပဲ အေဒီ ၃၀၊ ပသခါပွဲတက်ဖို့ ဂျေရုဆလင်မြို့ကို သွားကြတော့မယ်။
ဂျေရုဆလင်မြို့ ဗိမာန်တော်မှာ တပည့်တွေဟာ ယေရှုနဲ့ပတ်သက်ပြီး သူတို့မြင်နေကျမဟုတ်တဲ့ အထူးခြားဆုံး အရာတစ်ခုကို မြင်လိုက်ရတယ်။
အစ္စရေးလူမျိုးကိုပေးတဲ့ ဘုရားပညတ်အရ ဗိမာန်တော်မှာ တိရစ္ဆာန်တွေ ပူဇော်ရတယ်။ ဧည့်သည်တွေဟာ တည်းခိုနေချိန်အတွင်း စားဖို့သောက်ဖို့လည်း လိုတယ်။ ဒါကြောင့် ရပ်ဝေးကနေ ဂျေရုဆလင်မြို့ကို လာတဲ့သူတွေဟာ ‘သိုး၊ နွား၊ ဆိတ်တွေ၊’ တည်းခိုချိန်အတွင်း လိုအပ်တာတွေ ၀ယ်နိုင်အောင် ပိုက်ဆံယူလာဖို့ ပညတ်တရားက ခွင့်ပြုထားတယ်။ (တရားဟောရာ ၁၄:၂၄-၂၆) အဲဒါကို အခွင့်ကောင်းယူပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ ကုန်သည်တွေဟာ တိရစ္ဆာန်တွေနဲ့ ငှက်တွေကို ဗိမာန်တော်ရင်ပြင်မှာ ရောင်းချကြတယ်။ တချို့ကုန်သည်တွေဟာ မတန်တဆစျေးတင်ပြီး လူတွေကို အမြတ်ထုတ်ကြတယ်။
ယေရှုက ဒေါသထွက်ပြီး ငွေလဲလှယ်ပေးသူတွေရဲ့ ငွေကို သွန်ချပစ်တယ်၊ စားပွဲတွေကို မှောက်လှန်ပစ်တယ်၊ လူတွေကိုလည်း နှင်ထုတ်တယ်။ ပြီးတော့ “ဒါတွေကို ယူသွားကြ။ ကျွန်တော့်အဖရဲ့ အိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့” လို့ပြောလိုက်တယ်။—ယောဟန် ၂:၁၆။
ဒါကို တပည့်တွေမြင်တဲ့အခါ “အိမ်တော်အတွက် စိတ်ထက်သန်မှုဟာ ကျွန်တော့်ရင်ထဲမှာ တောက်လောင်နေတယ်” ဆိုတဲ့ ဘုရားရဲ့သားနဲ့ ပတ်သက်တဲ့ ကြိုဟောချက်ကို သတိရကြတယ်။ ဒါပေမဲ့ ဂျူးတွေက “ခင်ဗျားမှာ ဒီလိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ သက်သေပြဖို့ အံ့ဖွယ်အမှုတစ်ခုလောက် လုပ်ပြစမ်းပါ” လို့တောင်းဆိုတယ်။ ယေရှုကလည်း “ဒီဗိမာန်တော်ကို ဖြိုဖျက်လိုက်ပါ။ သုံးရက်အတွင်း ကျွန်တော် ပြန်ဆောက်မယ်” ဆိုပြီးပြောတယ်။—ယောဟန် ၂:၁၇-၁၉။ ဆာလံ ၆၉:၉။
ဂျူးတွေက ဂျေရုဆလင်မှာရှိတဲ့ ဗိမာန်တော်ကို ယေရှု ရည်ညွှန်းနေတာလို့ ထင်ပြီး “ဒီဗိမာန်တော်ကိုဆောက်တာ ၄၆ နှစ်တောင် ကြာခဲ့တယ်။ ခင်ဗျားက သုံးရက်အတွင်း ဆောက်မလို့လား” ဆိုပြီး ပြောကြတယ်။ (ယောဟန် ၂:၂၀) တကယ်တော့ ယေရှုပြောနေတဲ့ ဗိမာန်တော်ဟာ သူ့ရဲ့ကိုယ်ခန္ဓာကို ဆိုလိုတယ်။ နောက်သုံးနှစ်အကြာမှာ ယေရှု ရှင်ပြန်ထမြောက်လာတဲ့အခါ အဲဒီစကားတွေကို တပည့်တွေ သတိရကြတယ်။